အစေခံတစ်ယောက်၏ တန်ဖိုး
Vol. 23 Ch. 333
"...ငါ... ငါ မှားသွားပါတယ်။ တောင်းပန်ပါတယ်။ အခြေအနေကို မှားယွင်းနားလည်မိတာ ငါ့အမှားပါပဲ။"
ဧကရာဇ်မင်းမြတ်၏နောက်မှ လိုက်ပါလာသော မင်းသမီး စွန်းယောင်ချင်းသည် သူမ၏နောင်တော်ဖြစ်သူမှ အစေခံတစ်ယောက်အား တောင်းပန်နေသည့် ထိုစကားများကို ကြားလိုက်ရချိန်တွင်
သူမ အံ့ဩလွန်း၍ မျက်လုံးများ ပြူးကျယ်သွားရသည်။ သာမန်မှူးမတ်ထက်ပင် သာလွန်သည့် မင်းသားတစ်ပါးသည် အရပ်သားတစ်ယောက်ကို တောင်းပန်သည်ဟူသော သာဓကမျိုး ယခင်က တစ်ခါမျှ မရှိခဲ့ဖူးချေ။
ပဉ္စမမင်းသား၏ တစ်ကိုယ်လုံးတွင် ဗူးသီးအမှည့်ကဲ့သို့ ညိုမည်းစွဲအောင် အရိုက်ခံထားရသည်ထက် ထိုသို့တောင်းပန်နေခြင်းက သူမအတွက် ပို၍ပင် တုန်လှုပ်စရာ ကောင်းနေသေးသည်။
မျက်မြင်တွေ့ရှိနေရသည့် မြင်ကွင်းကြောင့် ဧကရာဇ်မင်းမြတ် ကိုယ်တိုင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
သတင်းပို့ချက်ကို ကြားသိရစဉ်က ပိုင်ကျီဟန်သည် ဒေါသအလျောက် မင်းသားကို တစ်ချက်နှစ်ချက် ရိုက်နှက်မိရုံလောက်သာ ဖြစ်မည်ဟု သူ ယူဆခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပဉ္စမမင်းသား၏ အခြေအနေနှင့် အစေခံတစ်ဦးကို တောင်းပန်နေပုံမှာ ထိတ်လန့်ဖွယ်ရာ အဆင့်သို့ ရောက်နေလေပြီ။
မူလက ဧကရာဇ်သည် ပိုင်မျိုးနွယ်စုနှင့် ပဋိပက္ခမဖြစ်စေရန်အတွက် ပဉ္စမမင်းသားကို ပိုင်ကျီဟန်အား တောင်းပန်ခိုင်းရမည်ဟု စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူ၏သားဖြစ်သူ ခံစားထားရသည့် ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် မင်းသား မည်သို့ပင် အမှားလုပ်ခဲ့ပါစေ၊ ဤမျှအထိ အပြစ်ပေးခံရရန်
မထိုက်တန်ကြောင်းမှာ ရှင်းလင်းနေသည်။
ပိုင်ကျီဟန်သည် နန်းတော်သခင်တစ်ဦးကဲ့သို့ ထိုင်ခုံပေါ်တွင် အေးအေးလူလူ ထိုင်နေပြီး သူ့ကို မည်သို့မျှ ကြောက်ရွံ့ခြင်းမရှိဘဲ စောင့်ဆိုင်းနေသော ပိုင်ကျီဟန်ထံသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။
"သခင်လေးပိုင်... ဒါက ဘာအဓိပ္ပာယ်လဲ။"
ဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
ပိုင်ကျီဟန်သည် ဧကရာဇ်ထံသို့ အကြည့်ကို ဖြည်းညှင်းစွာ လွှဲလိုက်သော်လည်း သူ၏မျက်နှာထားမှာ စိုးစဉ်းမျှ ပူပန်ခြင်းမရှိပေ။
"မြင်တဲ့အတိုင်းပါပဲ" သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူ၏အသံမှာ ခန်းမကြီးအတွင်း သံခေါင်းလောင်းသံကဲ့သို့ တည်ငြိမ်လှပြီး မည်သူ့ကိုမျှ ဂရုမစိုက်သည့် အရှိန်အဝါမျိုး လွှမ်းမိုးနေသည်။
ဧကရာဇ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး ပလ္လင်၏ လက်တင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ ခဏတာမျှ ခန်းမတစ်ခုလုံး မွန်းကြပ်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်သွားရသည်။
"သခင်လေးပိုင်..." ဧကရာဇ်သည် ဒေါသကို ထိန်းချုပ်ကာ အသံကို တည်ငြိမ်အောင် ထိန်းပြောနေသော်လည်း အနည်းငယ် တုန်ယင်နေဆဲပင်။ "မင်း ဘာတွေလုပ်လိုက်တယ်ဆိုတာကိုရော သိရဲ့လား။"
ပိုင်ကျီဟန်ကမူ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော သင်ခန်းစာတစ်ခုကို နားထောင်နေရသည့်အလား ခြေထောက်ကို တစ်ဖက်ပေါ်တစ်ဖက် ချိတ်ကာ နောက်သို့ မှီလိုက်လေသည်။
ဧကရာဇ်သည် မိမိကိုယ်ကို စိတ်အေးအေးထားရန် အတင်းအကြပ် ကြိုးစားလိုက်ရသည်။ သူသည် ပိုင်မျိုးနွယ်စုကို ရုတ်တရက် ရန်မစနိုင်သေးပေ—အနည်းဆုံးတော့ ယခုအချိန်တွင် မဟုတ်သေးချေ။
ဧကရာဇ်၏ အကြည့်သည် ခန်းမအလယ်တွင် ဒဏ်ရာဗရပွနှင့် သနားစဖွယ် လဲလျောင်းနေသော သူ၏သားတော်ထံသို့ ရောက်ရှိသွားသည်။ "ရှင်းပြစမ်း" သူက အမိန့်ပေးလိုက်သည်။
ပဉ္စမမင်းသားသည် ရေနစ်နေသူတစ်ဦး လေကို အတင်းအဖျတ် ရှူသွင်းလိုက်ရသကဲ့သို့ ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
သူသည် အပြင်းအထန် တုန်ယင်နေပြီး ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော အသက်ရှူသံများကြားမှ စကားလုံးများကို အတင်းညှစ်ထုတ်ပြောဆိုရသည်။
"ခ... ခမည်းတော်... ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုး လုပ်ကြံခံရတာပါ”
ပဉ္စမမင်းသားသည် ဗြောင်ကျကျ မလိမ်ရဲသဖြင့် ဇာတ်လမ်းကို သူအသာစီးရမည့်ဘက်သို့ လှည့်ဖျားပြောဆိုလိုက်သည်— လောင်ချင်းသည် သူမဘာသာ သူမ၏ အခန်းထဲသို့ ရောက်လာခြင်းဖြစ်ကြောင်းနှင့် သူက အတင်းအဓမ္မ စေခိုင်းခဲ့ခြင်း မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုလေသည်။
ထို့နောက် ပိုင်ကျီဟန်သည် ရုတ်တရက် အခန်းထဲသို့ အတင်းဝင်ရောက်လာကာ ပြန်ပေးဆွဲမှုဖြင့် စွပ်စွဲပြီး အစေခံမိန်းကလေးကို တောင်းပန်သည့်အထိ ရိုက်နှက်ခဲ့ကြောင်း ပြောပြသည်။
သူ တုံ့ဆိုင်းနေသည့်အခါတွင်လည်း ပိုင်ကျီဟန်က သူ၏လူများကို ဆက်လက်ရိုက်နှက်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် နောက်ဆုံးတွင် မသေလိုပါက တောင်းပန်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြောင်း တင်ပြလေသည်။
"ခမည်းတော်၊ ကျွန်တော်က ခမည်းတော်ရဲ့သား ..ကြယ်ကြွေ အင်ပါယာရဲ့ မင်းသားတစ်ပါးပါ! တိုင်းတစ်ပါးက မျိုးနွယ်စုရဲ့ အမွေခံတစ်ယောက်က ကျွန်တော့်ကို ကိုယ်ပိုင်အခန်းထဲမှာ ခွေးတစ်ကောင်လို ဘယ်လိုလုပ် ဒီလိုဆက်ဆံနိုင်ရတာလဲ?ကျွန်တော့်အတွက် တရားမျှတမှုကို ဖော်
ဆောင်ပေးဖို့ အသနားခံပါတယ်”
ဧကရာဇ်၏ မျက်နှာထားမှာ ပို၍ပင် မဲမှောင်
ဖြစ်သွားသည်။
သူ၏သားဖြစ်သူသည် မောက်မာပြီး မိန်းမလိုက်စားတတ်သည်ကို အမြဲသိထားသော်လည်း ယခုကဲ့သို့ အရိုက်ခံရပြီး သွေးသံရဲရဲဖြစ်ကာ အရှက်တကွဲ ဖြစ်နေသည်ကို မြင်လိုက်ရခြင်းက သူ၏ကျိုးကြောင်းဆင်ခြင်တုံတရားဖြင့် မငြှိမ်းသတ်နိုင်သော ဒေါသကို မီးမွှေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူသည် မတ်တပ်ရပ်လိုက်ရာ ဧကရာဇ်၏ အရှိန်အဝါက ခန်းမအတွင်းရှိ လူတိုင်းအပေါ် ဖိနှိပ်ကျရောက်လာသည်။
"ငါ့သားမှာ အမှားရှိရင်တောင်မှ" ဧကရာဇ်က ထစ်ချုန်းနေသော မိုးသံကဲ့သို့ အေးစက်သောအသံဖြင့် ဆိုသည်။ "ဒီလောက်အထိ ရက်စက်စရာ မလိုဘူး။"
သူသည် လက်ညှိုးကို ပိုင်ကျီဟန်ထံသို့ ချိန်ရွယ်လိုက်သည်။
"မင်း လွန်သွားပြီ သခင်လေးပိုင်။ ဒီလုပ်ရပ်က တော်ဝင်မိသားစုကို အရှက်ခွဲလိုက်တာတင် မဟုတ်ဘူး—မင်းအနေနဲ့ ကြယ်ကြွေအင်ပါယာရဲ့ အာဏာစက်ကို ဘယ်လောက်တောင် အလေးမထားဘူးဆိုတာကို ပြသနေတာပဲ။"
အခန်းတစ်ခုလုံး လုံးဝဥဿုံ တိတ်ဆိတ်သွားသည်။
"ငါ့ကို ခိုင်လုံတဲ့ ရှင်းပြချက်တစ်ခု ပေးစမ်း" ဧကရာဇ်က ပြောလိုက်ရာ သူ၏ ထိန်းချုပ်ထားသည့်ကြားမှ လူသတ်လိုသော အငွေ့အသက်များသည် အနည်းငယ် ယိုစိမ့်ထွက်ပေါ်လာသည်။
"ဒါမှမဟုတ်ရင်... မင်းရဲ့ ပိုင်မျိုးနွယ်စုက ကောင်းကင်အင်ပါယာမှာ အင်အားကြီးမားနေရင်တောင်မှ ငါကတော့ မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး”
လေထုသည် လေးလံထိုင်းမှိုင်းလာသည်။ ခဏတာမျှ မည်သူမျှ အသက်ရှူရန်ပင် မဝံ့ရဲကြချေ။
ထိုအချိန်တွင်
ပိုင်ကျီဟန်က ခပ်တိုးတိုး ရယ်မောလိုက်လေသည်။
အစပိုင်းတွင် ထိုရယ်သံမှာ တိုးညင်းလှသော်လည်း မကြာမီမှာပင် ခန်းမကြီးတစ်ခုလုံး၏ ထောင့်စုံသို့ ပဲ့တင်ထပ်သွားသည်အထိ ကျယ်လောင်လာပြီး လှောင်ပြောင်ရယ်မောသံအဖြစ် ပြောင်းလဲသွားသည်။
သူသည် ဧကရာဇ်ကို ကြည့်ရာတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ရိုသေခြင်းမျိုး အလျှင်းမရှိဘဲ ရယ်မောချင်စဖွယ် တစ်ခုကို ကြည့်နေသည့်
အလား သဘောထားနေသည်။
ဧကရာဇ်မင်းမြတ်၏ ရှေ့မှောက်တွင် ပိုင်ကျီဟန် ထိုသို့ ရယ်မောနေခြင်းကြောင့် စစ်သေနာပတိသည် ဒေါသထွက်သွားရသည်။
ပိုင်ကျီဟန်၏ ရယ်သံမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ သူသည် ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရာ သူ၏မျက်ဝန်းများသည် ဓားအိမ်မှထုတ်ထားသော ဓားသွားကဲ့သို့ စူးရှနေလေသည်။
"ရှင်းပြချက် ဟုတ်လား" သူက လှောင်ပြောင်မှုများ ပြည့်နှက်နေသော အသံဖြင့် ဆိုလိုက်သည်။ "ကျွန်တော့်ဆီကနေ အဲဒါကို တောင်းဆိုဖို့ ခင်ဗျားမှာ အရည်အချင်းရှိတယ်လို့ ကျွန်တော် မထင်ဘူး။"
ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသမီးများ တောက်လောင်လာသည်။
"ခင်ဗျားက ခင်ဗျားရဲ့ အခြေအနေကို ကိုယ်တိုင် နားမလည်သေးဘူး ထင်တယ်" ပိုင်ကျီဟန်က အေးစက်စွာ ဆက်ပြောလိုက်သည်။ "ကျွန်တော် တစ်ခုပြောပြမယ်—ကျွန်တော့်ကို ရှင်းပြချက်ပေးရမှာက ခင်ဗျားပဲ။"
"ဘာရှင်းပြချက်လဲ”
ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။
သူ၏သားဖြစ်သူမှာ သေလောက်အောင် အရိုက်ခံထားရပြီး ပိုင်မျိုးနွယ်စု၏ အစေခံတစ်ယောက်ကိုပါ တောင်းပန်ခိုင်းခြင်းအပေါ် ပိုင်ကျီဟန်သည် သူ့ထံမှ ရှင်းပြချက် တောင်းဝံ့သေးသည်လား။
သူ ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန် ကြိုးစားနေခြင်းမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
ပိုင်ကျီဟန်၏ အသံက ဓားတစ်လက်ကဲ့သို့ သူ၏ဒေါသများကို ဖြတ်တောက်လိုက်သည်။
"ခင်ဗျားရဲ့ နန်းတွင်းအစေခံတစ်ယောက်က ခင်ဗျားရဲ့ အမိန့်လို့ အကြောင်းပြပြီး လောင်ချင်းကို ခေါ်ဆောင်သွားခဲ့တယ်။ ပြီးတော့ ဒီကာမရမ္မက်ထန်တဲ့ အကောင်က သူမကို အတင်းအဓမ္မ ပြုကျင့်ဖို့ ကြိုးစားခဲ့တယ်။ ပြောစမ်းပါဦး ကြယ်ကြွေအင်ပါယာရဲ့ ဧကရာဇ်မင်းမြတ်”
ပိုင်ကျီဟန်၏ လေသံမှာ ဓားကဲ့သို့ ထက်ရှလာသည်"တခြားအင်ပါယာက လာတဲ့ ဧည့်သည်တွေကို ခင်ဗျားတို့ ဆက်ဆံပုံက ဒီလိုပဲလား။"
ပဉ္စမမင်းသားသည် အမှန်တရားကို လိုသလို လှည့်ဖျားပြောဆိုခြင်းဖြင့် သူကိုယ်သူ ပါးနပ်သည်ဟု ထင်နေပေလိမ့်မည်။
သို့သော် သူသည် လူတစ်ယောက်ကို သတ်ပြီးသည့်တိုင် ထိုအသတ်ခံရသူကပင် လူသတ်သမားဖြစ်သည်ဟု အခြားသူများ ယုံကြည်အောင် လုပ်နိုင်စွမ်းရှိသူ ပိုင်ကျီဟန်နှင့် တစ်ခါမျှ မဆုံဖူးသေးပေ
ဧကရာဇ်သည် စကားမပြောနိုင်ဘဲ မှင်သက်သွားရသည်။
သို့သော်လည်း သူ၏ရင်ထဲတွင် ဒေါသများက တလိပ်လိပ် တက်နေဆဲပင်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စအားလုံးသည် ပိုင်မျိုးနွယ်မှ အစေခံတစ်ယောက်ကြောင့်သာ ဖြစ်သည်ဟု သူယူဆနေသောကြောင့်ပင်
"ပိုင်ကျီဟန်၊ သူက အစေခံတစ်ယောက်သက်သက်ပဲလေ! မင်းရဲ့ အစေခံတစ်ယောက်အတွက်နဲ့ ဒီလောက်အထိ ကိစ္စကြီးအောင် လုပ်ဖို့ တကယ်ပဲ လိုလို့လား။"
ဧကရာဇ်က ဒေါသတကြီးဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဟက်... အစေခံတစ်ယောက်သက်သက် ဟုတ်လား။"
ပိုင်ကျီဟန်၏ လေသံသည် ရေခဲကဲ့သို့ အေးစက်သွားသည်။
"လောင်ချင်းရဲ့ ဆံပင်တစ်ပင်က ခင်ဗျားမင်းသားရဲ့ အသက်ထက်တောင် ပိုတန်ဖိုးရှိတယ်။ ပိုင်မျိုးနွယ်စုဝင်တွေကို အကျိုးဆက်မရှိဘဲ စော်ကားလို့ရမယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား။"
သူ၏ စကားလုံးများမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ပြင်းထန်လှသည်။
နန်းတွင်းအစေခံများပင် ထိုစကားကြောင့် ရင်ထဲတွင် တုန်လှုပ်သွားရသည်။
သူတို့သည် လူသားတစ်ယောက်ကဲ့သို့ ဆက်ဆံခံရခြင်း မရှိသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့ သေဆုံးသွားလျှင်ပင် မည်သူကမျှ အရေးတယူ လုပ်လေ့မရှိကြချေ။
မှူးမတ်တစ်ယောက် စိတ်မကြည်လျှင်ပင် သူတို့ အသတ်ခံရနိုင်သည်။
အကယ်၍ အစေခံတစ်ယောက် အမှားလုပ်မိပါက အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ နှိပ်စက်ခံရခြင်းနှင့် အစာငတ်ခံရခြင်းဖြစ်ပြီး အဆိုးဆုံးမှာ အသက်သေဆုံးခြင်းပင် ဖြစ်သည်။
တခြားသူအတွက် အပြစ်တင်ခံရသည့် ဓားစာခံဖြစ်ရခြင်းမှာလည်း အဆန်းမဟုတ်တော့ပေ။
အကယ်၍ ပဉ္စမမင်းသားကဲ့သို့ လူမျိုးနှင့် တွေ့ပါက သူ အလိုရှိသည့်အချိန်တိုင်း အိပ်ရာထဲတွင် ရှိနေပေးရန် အသင့်ပြင်ထားရသည်။
သူတို့သည် လူသားတစ်ယောက်အဖြစ် ဘယ်သောအခါမှ ဆက်ဆံမခံခဲ့ရဖူးချေ။
သို့သော်လည်း ပိုင်ကျီဟန်၏ စကားများ—အစေခံတစ်ယောက်အတွက် ရပ်တည်ပေးရန် ဝံ့ရဲသည့် သူ၏ စိတ်ဓာတ်မှာ သူတို့၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိတွေ့သွားစေသည်။
မင်းသမီး စွန်းယောင်ချင်းပင်လျှင် သူမ၏ရင်ထဲတွင် လေးစားအားကျစိတ်များ ဖြစ်ပေါ်လာရသည်။
လူတိုင်းကို တန်းတူညီတူ ဆက်ဆံသည့် အင်ပါယာတစ်ခုဖြစ်ရန် သူမ အမြဲတမ်း အိပ်မက်မက်ခဲ့ဖူးသည်။
သို့သော် ယနေ့တွင် အရိုက်ခံရသူမှာ မင်းသားတစ်ပါးမဟုတ်ဘဲ သာမန်အရပ်သားတစ်ဦးသာ ဖြစ်ခဲ့ပါက ယခုကဲ့သို့ တုံ့ပြန်မိလိမ့်မည် မဟုတ်ကြောင်းကို သူမ၏ စိတ်ထဲတွင် သိနေသည်။
အင်ပါယာ၏ အတွေးအခေါ်များကို သူမ မပြောင်းလဲနိုင်မီ သူမကိုယ်တိုင်ကပင် အရင်ဆုံး ပြောင်းလဲရန် လိုအပ်ကြောင်း သူမ သဘောပေါက်သွားခဲ့သည်။