အကန့်အသတ်မဲ့ ပြန်လည်ရှင်သန်ခြင်း၊ အဆုံးမဲ့ချီနှင့် မကုန်ဆုံးနိုင်သော တိုက်ပွဲ
Vol. 23 Ch. 338
ဒဏ်ရာများ တစ်ခုပြီးတစ်ခု များပြားလာသည်နှင့်အမျှ ပိုင်ကျီဟန် ရှုံးနိမ့်တော့မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။
သို့သော်လည်း ဗလာသန့်စင်ခြင်းကျင့်ကြံသူတစ်ဦးသည် သူမြင်လိုက်ရသည့် အရာကြောင့် ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။
"ဘာ... အသေအချာကို သူ့ညာဘက်ပခုံးကို ဒဏ်ရာရအောင် လုပ်လိုက်နိုင်တာ။ ဘယ်လိုဖြစ်ပြီး အခုချက်ချင်း ပြန်ကောင်းသွားရတာလဲ"
မှန်ပေသည်။ ပို၍ပို၍ များပြားလာသင့်သော ဒဏ်ရာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားနေခြင်းပင်။
အမှန်စင်စစ် ပိုင်ကျီဟန်တွင် ထိပ်တန်းအဆင့် တာအိုအရိုးရှိနေပြီး ၎င်းမှာ ချီပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းသာမက ကုသနိုင်စွမ်းကိုပါ ပေးစွမ်းထားခြင်းဖြစ်သည်။
ထိုအချက်ကို သိရှိသွားသည့်အခါ မလွဲမသွေဖြစ်လာတော့မည်ဟု ထင်မှတ်ထားခဲ့သည့် အရာများမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဒဏ်ရာများသည် အလိုအလျောက် ပြန်လည်ပျောက်ကင်းနေလျှင် ဘာကို ဆက်စောင့်နေရတော့မည်နည်း။
အစောပိုင်းကတည်းက ပိုင်ကျီဟန်ကို ဒဏ်ရာရအောင်လုပ်ရန်မှာ အလွန်ခက်ခဲသောအရာဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည် အလွယ်တကူ ဒဏ်ရာမရနိုင်သလို၊ အစွမ်းထက်သော တိုက်ခိုက်မှုများကိုပင် သတိမလွတ်ဘဲ ရှောင်တိမ်းနိုင်ခြင်း သို့မဟုတ် ခုခံနိုင်ခြင်းများ ပြုလုပ်နိုင်ခဲ့သည်။
ယခုအခါတွင်မူ သူတို့၏ ပင်ပန်းဆင်းရဲစွာ ကြိုးစားအားထုတ်မှုများသည် အလဟဿဖြစ်သွားခဲ့မှန်း သူတို့ သိလိုက်ကြရပြီဖြစ်သည်။
တိုက်ပွဲ ပြင်းထန်လာလေလေ ပိုင်ကျီဟန်သည် ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်နေသည်မှာ အံ့သြစရာမဟုတ်တော့ပေ။
၎င်းမှာ ဟန်ဆောင်နေခြင်းမဟုတ်ဘဲ ထိုဒဏ်ရာများသည် သူ့အတွက် အစကတည်းက ဘာမှမဟုတ်ခဲ့သောကြောင့်ပင်။
သူတို့သည် ပိုင်ကျီဟန်ကို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သတ်ဖြတ်ရန် ကြံစည်ခဲ့သော်လည်း ထိုတိုက်ခိုက်မှုများသည် အချိန်တန်လျှင် ပြန်လည်ပျောက်ကင်းသွားမည့် ဒဏ်ရာအချို့ကိုသာ ပေးနိုင်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ ထိုခြောက်ယောက်စလုံး၏ ခန္ဓာကိုယ်များမှာ ဒဏ်ရာများဖြင့် ဗြောင်းဆန်နေခဲ့ချေပြီ။
တိုက်ပွဲအလယ်တွင် ဆေးလုံးများ သောက်သုံးနေသော်လည်း သူတို့၏ ကုသနှုန်းသည် ပိုင်ကျီဟန်၏ သဘာဝအလျောက် ကုသနိုင်စွမ်းကို မမှီပေ။
အခြေခံအားဖြင့် ဆေးလုံးများသည် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ကုသပေးနိုင်သည်မဟုတ်ပေ။အဆင့်မြင့်ဆေးလုံးများက ကုသပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်ဖြစ်သော်လည်း သူတို့သောက်သုံးနေသည့် အဆင့် ၂ဆေးလုံးများမှာမူ ထိုသို့မဟုတ်ပေ။
ထို့အပြင် ဆေးလုံးများကို မကြာခဏ သောက်သုံးလေလေ ၎င်းတို့၏ အာနိသင်မှာ လျော့ပါးလာလေလေ ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲကြာလာသည်နှင့်အမျှ ပိုင်ကျီဟန်ထက် ထိုခြောက်ယောက်တွင် ဒဏ်ရာများ ပိုမိုများပြားလာခဲ့သည်။
"ဒါ ဘယ်လို ခန္ဓာကိုယ်ကြီးလဲ။ သူ့ဒဏ်ရာတွေက ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်ကူကူ ပြန်ပျောက်နေရတာလဲ"
ထိုခြောက်ယောက်သည် စတင်၍ အသည်းအသန် ဖြစ်လာကြကာ ပိုင်ကျီဟန်ကို သတ်ဖြတ်ရန်ထက် တိုက်ပွဲတွင် အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရသည့် တိုက်ပွဲအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
၎င်းအပြင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည့် အချက်တစ်ခု ကျန်ရှိနေသေးသည်။
"ပြီးတော့ သူ့ရဲ့ ချီတွေက ဘာလို့ ခုထိ မကုန်သေးတာလဲ"
သူတို့ခြောက်ယောက်သညခ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြပြီးနောက် ချီများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။
သူတို့တောင် ထိုသို့ဖြစ်နေလျှင် အဆင့်မြင့် နည်းဗျူဟာများကို မရပ်မနား အသုံးပြုနေသည့် ပိုင်ကျီဟန်သည် ပို၍ပင် နွမ်းလျနေသင့်ပြီဖြစ်သည်။
သို့သော် လက်တွေ့တွင်မူ သူသည် သူ၏ ချီပမာဏကို ဂရုမစိုက်သကဲ့သို့ပင် ဆက်လက်၍ အားအင်အပြည့်ဖြင့် တိုက်ခိုက်နေဆဲဖြစ်သည်။
အမှန်စင်စစ် ထိပ်တန်းအဆင့် တာအိုအရိုးရှိနေသရွေ့ သူသည် ချီအတွက် စိုးရိမ်စရာ မလိုပေ။ ထို့အပြင် အနန္တအသက်ရှူခြင်း နည်းစနစ် ကြောင့် သူ၏ ချီမှာ ပိုမိုသန့်စင်ပြီး အစွမ်းထက်လှသည်။
"ဟူး... ဟူး..."
ထိုခြောက်ယောက်သည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုများကြောင့် အသက်ကို ပြင်းပြင်းရှူနေကြရသည်။
တိုက်ပွဲဝင်နေကြသည့် အခြားသူများအတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။သို့သော် တစ်ဦးတည်းသောသူမှာမူ တိုက်ပွဲမှာ အခုမှ စတင်နေသကဲ့သို့ပင် ရှိနေသေးသည်။
"ဘာဖြစ်တာလဲ... အစကထက်စာရင် မင်းတို့ တော်တော်လေး နှေးသွားပါလား" ပိုင်ကျီဟန်က လှမ်းအော်ပြောလိုက်သည်။
သူသည် သူ၏ နည်းစနစ်များကို စမ်းသပ်နေခဲ့ခြင်းဖြစ်ပြီး ကောင်းကောင်း တိုက်ခိုက်နိုင်ခဲ့သည့်အပြင် သူ မည်မျှအထိ အစွမ်းထက်လာသည်ကိုလည်း သဘောပေါက်သွားခဲ့သည်။
အမှန်တကယ်ပင် သူ၏ ခံနိုင်ရည်နှင့် ခုခံနိုင်စွမ်းသည် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်။ ချီအင်အားမှာလည်း လိုလေသေးမရှိပေ။
တစ်ခုတည်းသော ပြဿနာမှာ သူ၏ တိုက်ခိုက်မှု စွမ်းအားပင်။
(ငါသာ ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကို နားလည်သဘောပေါက်သွားရင် အဲဒီပြဿနာလည်း ပြေလည်သွားမှာပဲ)
သူသည် သူ၏ လက်ရှိ အစွမ်းအစအပေါ် အလွန်ကျေနပ်နေမိသည်။
ထိုခြောက်ယောက်မှာမူ သူတို့၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြပုံရသည်။
သူတို့သည် ဤတိုက်ပွဲကို အနိုင်ရလိမ့်မည်မဟုတ်ဘဲ ဤနေရာမှ ထွက်ခွာသွားရန် လိုအပ်နေပြီဖြစ်သည်။
သူတို့ထဲမှ တစ်ဦးသည် သွားကို တင်းတင်းကြိတ်ကာ ဒုတိယမင်းသားထံသို့ လှည့်ကြည့်၍ ရုန်းရင်းဆန်ခတ် ဖြစ်နေသည့်ကြားမှ အော်ပြောလိုက်သည်။
"အရှင်မင်းသား! ဒီတိုက်ပွဲက... အနိုင်ရဖို့ မဖြစ်နိုင်တော့ဘူး။ ကျွန်တော်တို့ ဆုတ်ခွါပါတော့မယ်”
ဒုတိယမင်းသား၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။
"မင်း အခု ဘာပြောလိုက်တာလဲ”
သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး အသံကို မြှင့်ကာ
"မင်းတို့က အရှုံးပေးတော့မလို့လား?ဗလာသန့်စင်ခြင်း နယ်ပယ်က ကျင့်ကြံသူတွေအနေနဲ့ မင်းတို့ရဲ့ ဂုဏ်သိက္ခာတွေက ဘယ်ရောက်
ကုန်ပြီလဲ”
စကားပြောလိုက်သော လုပ်ကြံသတ်ဖြတ်သူမှာ မေးရိုးကို တင်းတင်းစေ့ထားပြီး နဖူးပေါ်တွင် အကြောများ ထောင်ထွက်လာသည်။
သူ၏ စိတ်ရှည်နိုင်စွမ်းသည် ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။
"ဂုဏ်သိက္ခာ ဟုတ်လား?"
သူက အော်လိုက်သည်။
"အဲဒီလို လူမျိုးကို ကျွန်တော်တို့ကို ဆက်တိုက်စေချင်နေတာလား”
သူသည် သွေးများစွန်းပေနေသော်လည်း မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည့် ပိုင်ကျီဟန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ပြိုင်ဘက်က အကန့်အသတ်မဲ့ ချီတွေရှိပြီး မိစ္ဆာတစ်ကောင်လို ဒဏ်ရာတွေ ပြန်ကောင်းနေတာကို ကျွန်တော်တို့က ဘယ်လိုလုပ် အနိုင်ယူရမှာလဲ”
သူသည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်တော်တို့ တတ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပြီ။ သူ့ခန္ဓာကိုယ်က ပျက်စီးမသွားဘူး၊ သူ့ချီက ကုန်မသွားဘူး၊ ကျွန်တော်တို့ကတော့ အကုန်ကုန်နေပြီ။ အရှင်က ကျွန်တော်တို့ကို အရှင့်အတွက် အသေခံခိုင်းနေတာလား”
ဒုတိယမင်းသား၏ မျက်နှာသည် ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူသည် သွေးတစ်ချက်ထွေးလိုက်ပြီး အေးစက်ပြတ်သားသော လေသံဖြင့်
"သူ့ကို အသေလိုချင်တယ်ဆိုရင်တော့ အရှင်မင်းသားရဲ့ မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပညာရှင်တွေကိုပဲ ခိုင်းလိုက်ပါတော့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ထဲက ဘယ်သူမှ သူ့ကို မယှဉ်နိုင်လို့ပဲ"
သူပြောသည်မှာ မမှားပေ။ အကယ်၍ မဟာကောင်းကင်ဘုံ တက်လှမ်းခြင်း အဆင့် ပညာရှင်များသာဆိုလျှင် ပိုင်ကျီဟန်ကို ကိုင်တွယ်နိုင်ကောင်း ကိုင်တွယ်နိုင်လိမ့်မည်။
သို့သော်လည်း သူတို့ဘက်မှ မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ပညာရှင်များသည် ပိုင်မျိုးနွယ်စု၏ အကြီးအကဲများနှင့် တိုက်ပွဲပြင်းထန်နေပြီး တဖြည်းဖြည်း အရေးနိမ့်နေကြပြီဖြစ်သည်။
ရန်သူဘက်မှ အင်အားသာလွန်နေသော်လည်း ပိုင်မျိုးနွယ်စု အကြီးအကဲများသည် ခိုင်ခိုင်မာမာ တောင့်ခံထားနိုင်ကြပြီး အချို့သည် ပြိုင်ဘက်နှစ်ယောက်ကို တစ်ပြိုင်နက်တည်း ယှဉ်တိုက်ကာ ပြန်လည်ဖိအားပေးနေကြသည်။
ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးက ခါးသီးစွာ ရယ်မောလိုက်၏
"ဒီပိုင်မျိုးနွယ်စုကတော့... မိစ္ဆာတွေနဲ့ပဲ ပြည့်နေတာပဲ"
အခြားတစ်ဦးသည်လည်း ခေါင်းညိတ်ကာ "ငါတို့ ဒီမှာ ဆက်နေရင် အလကားနေရင်း အသေခံရုံပဲရှိမယ်။ ငါတို့ သွားတော့မယ်"
ဒုတိယမင်းသား၏ မျက်လုံးများ ပြူးကျယ်သွားပေ၏
"မင်းတို့ ရဲတင်းလှချည်လား”
သို့သော် နောက်ကျသွားပြီဖြစ်သည်။
အသက်အသေမခံလိုတော့သည့် လုပ်ကြံသတ်ဖြတ်သူ ခြောက်ဦးမှာ ထွက်ပြေးရန် အဆင်သင့်ဖြစ်နေကြချေပြီ။
ဒုတိယမင်းသား၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသော အခြားသူများမှာလည်း စတင်တုံ့ဆိုင်းလာကြပြီး ထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့သည်လည်း ပိုင်မျိုးနွယ်စုဝင်များကို အနိုင်မရရုံသာမက အင်အားသုံး၍ ဝိုင်းဝန်းတိုက်ခိုက်နေသည့်တိုင် အကြိမ်ကြိမ် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ကြရသည်။
ပိုင်ကျီဟန်ကို ဖမ်းဆီးရန် မျှော်လင့်ချက်မှာလည်း ပျက်စီးသွားပြီဖြစ်ရာ နောက်ဆုံးတွင် အသတ်ခံရရန်အတွက် ဤနေရာတွင် ဘာကြောင့် ဆက်နေရတော့မည်နည်း။
လူအများအပြား ထွက်ပြေးရန် ပြင်နေကြပြီး အချို့မှာ ဝေခွဲမရဖြစ်နေသည်ကို ပိုင်ကျီဟန်က ကြည့်နေ၏
"မင်းတို့ ငါ့ဆီကို အချိန်မရွေး လာတိုက်လို့ရတယ်" ဆုတ်ခွာသွားသူများကို လှမ်းအော်ပြောလိုက်ပြီး "ဒါပေမဲ့ မင်းတို့ အလိုရှိတဲ့အချိန်တိုင်းမှာ လွတ်အောင်ပြေးနိုင်မယ်လို့တော့ မထင်လိုက်နဲ့"
"မဟာအကြီးအကဲ၊ သူတို့ကို အကုန်သတ်ပစ်လိုက်ပါ”
ပိုင်ကျီဟန်က ပြောလိုက်သည်။
"ဘာ...? မင်း... အရူးပဲ ။ ငါပြောပြီးပြီလေ... မင်းတို့ရဲ့ မဟာအကြီးအကဲကို ငါတို့ ကိုင်တွယ်ပြီးသားလို့-"
သို့သော် ဒုတိယမင်းသား ပြောလိုရာကို ဆုံးအောင်ပင် မပြောလိုက်ရမီမှာပင် ပိုင်ရမ်က ပိုင်ကျီဟန်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။
မဟာအကြီးအကဲ၏ ရှိရှိသမျှ အရှိန်အဝါများသည် လေထုတစ်ခုလုံးကို ဝါးမြိုသွားသည်။ ဆူညံမနေသော်လည်း တန်ခိုးအာဏာအပြည့်ဖြင့် လူသားပုံစံ ပြောင်းလဲထားသော ရှေးဟောင်း မုန်တိုင်းကြီးတစ်ခုအလားပင်။
"မင်း ဘယ်လိုလုပ် သိတာလဲ"
ပိုင်ရမ်သည် ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော်ဟိုဒုတိယမင်းသားလို လူအလို့ မင်းထင်နေတာလား"
သူက ဆိုလိုက်သည်။ ထိုစော်ကားမှုသည် ဒုတိယမင်းသားအဖို့ စိတ်ဆိုးရန်ပင် အချိန်မရလိုက်ဘဲ ပိုင်ရမ်ပေါ်လာခြင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေ၏
"အဲဒီလို အားနည်းတဲ့ ကောင်တွေက ငါ့ကို တစ်စက္ကန့်တောင် အာရုံလွှဲထားနိုင်ပါ့မလား"
ပိုင်ရမ်က ဆက်၍ ပြုံးနေခဲ့သည်။ အမှန်စင်စစ် ဒုတိယမင်းသား စေလွှတ်လိုက်သော ထိုလူများသည် သူ့ကို တစ်စက္ကန့်မျှပင် အဟန့်အတား မပြုနိုင်ခဲ့ပေ။ သူသည် တိုက်ပွဲမစတင်မီကတည်းက ဤနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။
ပိုင်မျိုးနွယ်စုဝင်များ အရေးနိမ့်နေချိန်တွင်ပင် သူသည် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့သည်။
၎င်းမှာ ပိုင်ကျီဟန် မည်မျှအထိ တိုးတက်လာသည်ကို သိလိုသောကြောင့်ပင်။
မျှော်လင့်ထားသည့်အတိုင်း ပိုင်ကျီဟန်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။
မဟုတ်သေးချေ။
သူသည် မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ သာလွန်သွားခဲ့ပြီဖြစ်သည်။ အသက် (၁၈) နှစ်အရွယ်နှင့် ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူ ခုနစ်ယောက်ကို ယှဉ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ယူနိုင်စွမ်းရှိသူမှာ သူ့တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
ပိုင်ကျီဟန်သာ ဆက်လက်တိုးတက်နေမည်ဆိုပါက ပိုင်မျိုးနွယ်စုသည် တစ်နေ့တွင် မည်သူမျှ မယှဉ်နိုင်သော အင်အားစုကြီး ဖြစ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် မျှော်လင့်ချက်အပြည့်ဖြင့် တိုက်ပွဲကို ကြည့်ရှုပြီးသားဖြစ်သလို ရန်သူများလည်း မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်ရာ ယခုသည် သူလှုပ်ရှားရမည့်အချိန်ပင်။
"ပိုင်မျိုးနွယ်စုရဲ့ ဆက်ခံသူကို သတ်ဖို့ ကြံစည်တဲ့ ဘယ်သူမဆို လွတ်မြောက်သွားစေရမှာ မဟုတ်ဘူး" သူက သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ပြောလိုက်သည်။
"ဒီညတင်မကဘူး... ဘယ်တော့မှ လွတ်မှာမဟုတ်ဘူး”
ပိုင်ရမ်၏ တိုးသော်လည်း အေးစက်ပြီး ပြတ်သားလှသည် နောက်ဆုံးစကားလုံးများသည် တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် မြင့်မြတ်သော အမိန့်တော်တစ်ခုကဲ့သို့ ဟိန်းထွက်သွားသည်။
ထို့နောက် နောက်တစ်စက္ကန့်တွင် သူ ပျောက်ကွယ်သွားတော့သည်။
သူရှိနေခဲ့ကြောင်း ပြသသည့် တစ်ခုတည်းသော အမှတ်အသားသည် ဝိညာဉ်ရေးရာ ဖိအားလှိုင်းအနည်းငယ် ကျန်ရစ်ခဲ့တာပင်။
လေထုမှာ တုန်ခါသွားသည်။
နှလုံးခုန်သံ တစ်ချက်စာအတွင်းမှာပင် ကောင်းကင်ယံထက်တွင် သွေးစက်များ ပန်းထွက်လာခဲ့သည်။ ထွက်ပြေးရန် ကြိုးစားသူများသည် ခြေလှမ်းကျဲနေရင်းမှာပင် အံ့အားသင့်လျက် တောင့်တင်းသွားကြသည်။
သူတို့ တုံ့ပြန်ရန်အချိန်မရလိုက်မီမှာပင် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် နီရဲသော မျဉ်းကြောင်းလေးများ ပေါ်လာပြီးနောက် ပျက်စီးလွယ်သော ရွှံ့ရုပ်ကလေးများကဲ့သို့ ထိပ်ဆုံးမှ ခြေဖျားအထိ အပိုင်းပိုင်း ပြတ်
တောက်သွားကြသည်။
အသက်တစ်ချက်ရှူရုံမျှအတွင်း...
လူပေါင်း ဒါဇင်နှင့်ချီ၍ လဲကျသွားခဲ့သည်။
သံဓာတ်နံ့နှင့်တူသော သွေးနံ့များသည် လေထုထဲတွင် လွှမ်းမိုးသွားပြီး အသက်ရှူရသည်မှာ ပိတ်လှောင်မွန်းကျပ်လာသည်။ အဝေးရှိ လူများပင် တုန်လှုပ်နေကြသည်။ သူတို့သည် တိုက်ခိုက်သူကို မမြင်ရဘဲ တိုက်ခိုက်ပြီးနောက် ဖြစ်ပေါ်လာသည့် ရလဒ်ကိုသာ မြင်နေရသည်။ တံစဉ်ဖြင့် ရိတ်သိမ်းခံလိုက်ရသည့် ဂျုံပင်များကဲ့သို့ အလောင်းများမှာ တစ်ခုပြီးတစ်ခု လဲကျနေခဲ့သည်။
ထိုသတ်ဖြတ်မှုမှာ တိတ်ဆိတ်သည်၊
သိမ်မွေ့သည်၊ သို့သော် အလွန်ပင် ရက်စက်လှသည်။
မကြာမီကမှ အသက်လုထွက်ပြေးနေကြသော လုပ်ကြံသတ်ဖြတ်သူများသည် ယခုအခါ မြေပြင်ပေါ်တွင် ခန္ဓာကိုယ်နှစ်ပိုင်းစီ ပြတ်လျက် စီတန်းလျက်ရှိနေသည်။ ကျန်ရှိနေသော လူနည်းစုမှာမူ ကြောက်ရွံ့လွန်းသဖြင့် နေရာတွင်ပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေကြသည်။
ပိုင်ကျီဟန်သည် မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။ သူသည် တည်ငြိမ်နေသော်လည်း ပိုင်ရမ်၏ လောကတစ်ခုလုံးကို ဖိနှိပ်ထားသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားနေရသည်။
အဝေးမှ အခြားအော်ဟစ်သံတစ်ခု ထွက်ပေါ်လာစဉ်မှာပင် ပိုင်ကျီဟန် တစ်ခုခုကို သတိရသွားပြီး အော်ပြောလိုက်သည်။
"မဟာအကြီးအကဲ... အချို့ကို အရှင်ချန်ထားပေးပါဦး" ပိုင်ကျီဟန်က တည်ငြိမ်သော်လည်း အမိန့်ပေးသည့် ဖြင့် ဆက်ပြောလိုက်သည်။
"သူတို့ကို မေးစရာတွေ ရှိသေးတယ်"
ပိုင်ရမ်ကမူ သူ၏ သတ်ဖြတ်ပွဲကို ဆက်လက်ဆင်နွှဲနေသည်။ သူ ကြားသလား၊ မကြားဘူးလားဆိုသည်ကိုမူ ပိုင်ကျီဟန် နောက်မှသာ သိရပေလိမ့်မည်။
သူတို့ပတ်ဝန်းကျင်တွင် တိုက်ပွဲမြေပြင်၏ ရှုပ်ထွေးမှုများသည် စတင်ငြိမ်သက်လာခဲ့သည်။
ရန်သူ့တပ်၏ စိတ်ဓာတ်မှာ လုံးဝဥဿုံ ပြိုလဲသွားပြီဖြစ်သည်။
ဧကရာဇ်မင်းမြတ်ပင်လျှင် သူ၏လက်ကို တင်းတင်းဆုပ်ထားမိသည်ကို မဖုံးကွယ်နိုင်တော့ပေ။ ဤတစ်ကြိမ်တွင် ဒေါသကြောင့်မဟုတ်ဘဲ ကြောက်ရွံ့မှုကြောင့်
ဖြစ်သည်။
သူ့ဘေးရှိ ဒုတိယမင်းသားမှာမူ မျက်နှာသည် လုံးဝဖြူဖျော့နေပြီး နှုတ်ခမ်းများ တုန်ရီနေသည်။ သူ၏ မျက်လုံးများသည် လဲကျနေသော အလောင်းများနှင့် သွေးစွန်းနေသော အပျက်အစီးများကြား၌ သက်သောင့်သက်သာ ရပ်နေသော ပိုင်ကျီဟန်တို့ကြားတွင် ဟိုဟိုဒီဒီ ပြေးလွှားနေသည်။
ယခုအခါ အားလုံးအတွက် ရှင်းလင်းသွားခဲ့ပြီဖြစ်သည် - ပိုင်မျိုးနွယ်စု အနိုင်ရသွားခဲ့ချေပြီ။
ပိုင်ရမ်သည် ထွက်ပြေးသွားသူများကို လိုက်လံသတ်ဖြတ်နေသဖြင့် အနည်းဆုံးတော့ ကြယ်ကြွေအင်ပါယာ၏ စစ်သည်များနှင့် စစ်သေနာပတိသည် အသက်ရှင်လျက် ရှိနေသေးသည်။ သို့သော် သူတို့ ဆက်လက်အသက်ရှင်ခွင့် ရ၊ မရ ဆိုသည်မှာ ပိုင်ကျီဟန်၏ လက်ထဲတွင်သာ ရှိတော့သည်။