← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း ၆၀၁ - မည်သို့မျှ မခုခံနိုင်ခြင်း

အတွင်းစည်း ကွင်းပြင်တွင် လူအုပ်ကြီးမှာ တိုးမပေါက်နိုင်အောင် စည်ကားနေပြီး မင်းသားတန်းတပည့် ရာနှင့်ချီ၍ စုဝေးရောက်ရှိနေကြကာ လော့ချန်ကို အလွှာလိုက် ဝိုင်းရံထားကြသည်။

လော့ချန်က ရွှယ်ဖျင်ကို အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်ကို မြင်ရသည့်အခါ ထိုသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး ဆူညံသံများ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

“ဒီလော့ချန်က တကယ်ကို ရဲတင်းလွန်းတယ်... စီနီယာအစ်ကို ရွှယ်ဖျင်ကိုတောင် လျစ်လျူရှုရဲတယ်ပေါ့...”

“ဟဲဟဲ... ရွှမ်ဟယ်စာရင်းဝင် ဖြစ်ရတာက ဘာကို ဆိုလိုသလဲဆိုတာကို သူ သိပုံမရဘူး... ရွှမ်ဟယ်စာရင်းထဲ ပါနိုင်ပြီဆိုရင် ကျင့်ကြံဆင့်တူသူတွေထဲမှာ ပြိုင်ဘက်မရှိသလောက်ပဲလေ... စီနီယာအစ်ကို ရွှယ်ဖျင်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အလယ်အလတ်အဆင့် ရှိတဲ့ သန်မာသူတစ်ဦး ဖြစ်ရုံတင်မကဘဲ ရွှမ်ဟယ်စာရင်း အဆင့် ၄၇၃မှာ ရှိတာဆိုတော့ သူ့ကို အနိုင်ယူဖို့က လက်တစ်ဖက်နဲ့တင် လုံလောက်တယ်...”

“မှန်တယ်... အသုံးမကျတဲ့သူ တစ်ယောက်က ဒီလောက်အထိ မောက်မာပြနေတာဆိုတော့ ဒီတစ်ခါတော့ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်တဲ့ သင်ခန်းစာတစ်ခု သေချာပေါက် ပေးရမယ်...”

“စီနီယာအစ်ကို ရွှယ်ဖျင်... ဒီမောက်မာလှတဲ့ကောင်ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါ... ငါတို့ မင်းသားတန်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးလိုက်ပါဦး...”

ဒေါသများ ပြည့်နှက်နေသော မင်းသားတန်းတပည့်များစွာမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လျက် ရွှယ်ဖျင်အား အားပေးနေကြတော့သည်။

“ဟမ့်... သေချင်နေတဲ့ကောင်ပဲ...”

လော့ချန်က အရင်ဆုံး စတင်တိုက်ခိုက်လာသည်ကို မြင်ရသည့်အခါ ရွှယ်ဖျင်၏ မျက်ဝန်းထဲ၌ မထီမဲ့မြင် ပြုသော အကြည့်များ ဖြတ်ပြေးသွားခဲ့ပြီး မိမိကိုယ်ကိုယ် သေတွင်းတူးနေသည့် ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသည့်အလား ရှိနေတော့သည်။

သူသည် ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ ချီစွမ်းအင်များကို အနည်းငယ် နှိုးဆွလျက် လက်ဖဝါးဖြင့်သာ တားဆီးလိုက်ပြီး လော့ချန်ကို သုံးကွက် အရင်ပေးကာ တစ်ဆင့်ချင်း နှိပ်စက်ရန် ကြံစည်နေတော့သည်။

တစ်ဖက်လူ၏ လုပ်ရပ်ကို မြင်ရသည့်အခါ လော့ချန်က အေးစက်စွာ ပြုံးလိုက်ပြီး လက်ဖဝါးဖြင့် တိုက်ရိုက် ရိုက်ချလိုက်တော့သည်။

ချက်ချင်းပင်...

လက်ဖဝါးစွမ်းအင်နှစ်ခုမှာ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။

“ဘုန်း...”

မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်လှသော အသံကြီးမှာ ကွင်းပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။

ရွှယ်ဖျင်၏ မျက်နှာမှာ တစ်ခဏချင်းမှာပင် ပျက်ယွင်းသွား၏။ လော့ချန်၏ လက်ဖဝါးမှ တိုးဝင်လာသော အင်အားမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှပြီး ဟိန်းဟောက်နေသော ပင်လယ်လှိုင်းလုံးကြီးများ သို့မဟုတ် ပေါက်ကွဲထွက်ပေါ်လာသော မီးတောင်တစ်ခုအလား မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။

အရိုးကျိုးသံများနှင့်အတူ သူ၏ ညာဘက်လက်တစ်ခုလုံးမှာ တစ်ခဏချင်းမှာပင် ပေါက်ကွဲသွားခဲ့ပြီး အရိုးများနှင့် သွေးသားများမှာ ပြင်းထန်လှသော အင်အားကြောင့် အစအနမကျန် ကြေမွသွားတော့သည်။

“အား... တောက်...”

ရွှယ်ဖျင်သည် နာကျင်မှုကို အောင့်အီးလျက် အော်ဟစ်လိုက်ပြီး သူ၏ ချီစွမ်းအင်များကို ရူးသွပ်စွာ နှိုးဆွလိုက်ရာ သူ၏ နောက်ကျောတွင် ကြယ်ခြောက်ပွင့်အဆင့်ရှိသော အပြာရောင်လင်းယုန် ဧရာမသိုင်းဝိညာဉ်တစ်ခု ပေါ်ထွက်လာတော့သည်။

လင်းယုန်ဧရာမသိုင်းဝိညာဉ်မှာ ကောင်းကင်ယံသို့ ဟိန်းဟောက်လိုက်သဖြင့် ရွှယ်ဖျင်၏ အရှိန်အဟုန်မှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး အပြာရောင် ချီစွမ်းအင်များမှာ လေဆင်နှာမောင်းတစ်ခုအလား သူ၏ ဘယ်ဘက်လက်ဖဝါးသို့ စုစည်းသွားကာ ကြမ်းတမ်းသော အရှိန်အဝါများနှင့်အတူ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။

သို့သော်လည်း လော့ချန်မှာမူ သူ့အား ထိုအခွင့်အရေးကို လုံးဝ ပေးလိမ့်မည် မဟုတ်ပေ။

“လဲနေလိုက်တော့...”

လော့ချန်၏ လက်ဖဝါးမှာ တောင်ကြီးတစ်လုံးအလား အပေါ်မှ ဖိနှိပ်ကျဆင်းလာတော့သည်။

“ဖန်း...”

ရွှယ်ဖျင်၏ အကာအကွယ် ချီစွမ်းအင်မှာ တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ရင်ဘတ်မှာ လက်ဖဝါးချက်ကို တည့်တည့်မတ်မတ် ခံလိုက်ရတော့သည်။

“ကြွပ်...”

အရိုးများ ကျိုးကြေသွားသည့် အသံနှင့်အတူ ရွှယ်ဖျင်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားခဲ့ပြီး သွေးများလည်း အဆက်မပြတ် အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ အရှိန်အဟုန်ဖြင့် နောက်သို့ လွင့်ထွက်သွားပြီး ကွင်းပြင်အပြင်ဘက်ရှိ ကျောက်တောင်အတု တစ်ခုကို ပြင်းထန်စွာ တိုက်မိကာ အပိုင်းပိုင်း ဖြစ်သွားစေပြီး သူသည်လည်း ထိုအပျက်အစီးများကြားတွင် နစ်မြုပ်သွားတော့သည်။

“ကြည့်ရတာ မင်း သုံးကွက်ပေးဖို့ အခွင့်အရေး မရှိတော့ဘူး ထင်တယ်...”

လော့ချန်သည် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး သူ၏ အကြည့်မှာ တည်ငြိမ်နေတော့သည်။

ယခုအချိန်တွင် ရွှယ်ဖျင်ကို အနိုင်ယူရန်မှာ လော့ချန်အတွက် လက်ဖျောက်တစ်ချက် တီးရုံမျှသာ ဖြစ်ပြီး ချီစွမ်းအင်များကိုပင် အသုံးပြုရန် မလိုအပ်လှပေ။

ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်တွင် ကျင့်ကြံခဲ့မှုနှင့်အတူ ယင်းလီ၏ နှင်းခဲချီစွမ်းအင်များဖြင့် ခန္ဓာကိုယ်ကို သန့်စင်ထားသဖြင့် သူ၏ ခန္ဓာကိုယ်အင်အားမှာ သွေးကြောနိုးကြားမှုနယ်ပယ်မှ ထိပ်သီး သန်မာသူများနှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်ရာ ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းရှိ သန်မာသူများကိုပင် အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိနေပြီဖြစ်သဖြင့် ရွှယ်ဖျင်မှာမူ ပြောနေစရာပင် မလိုတော့ပေ။

လော့ချန်က ထိုသို့ ယူဆသော်လည်း အခြားသူများမှာမူ ထိုသို့ မယူဆကြပေ။

ပတ်ဝန်းကျင်ရှိ တိုက်ပွဲကို ကြည့်နေကြသူများသည် အပျက်အစီးများကြားတွင် လဲကျနေသော ရွှယ်ဖျင်ကို ကြည့်လျက် မှင်တက်မိနေကြပြီး သူတို့၏ စိတ်ခံစားမှုကို မည်သို့ ဖော်ပြရမည်ကိုပင် မသိတော့ပေ။ အထူးသဖြင့် စောစောက ရွှယ်ဖျင်အား အားပေးနေကြသော မင်းသားတန်းတပည့်များမှာမူ တစ်ဦးစီတိုင်း ပါးစပ်များကိုပင် ပြန်မပိတ်နိုင်ကြတော့ပေ။

ရွှယ်ဖျင်မှာ သာမန်လူ မဟုတ်ဘဲ ရွှမ်ဟယ်စာရင်းဝင် သန်မာသူတစ်ဦး ဖြစ်ပြီး သူ၏ အစွမ်းမှာ ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတွင် အဆင့်အတန်းတစ်ခု ရှိသူ ဖြစ်သည်မဟုတ်ပါလော။ လော့ချန်နှင့် ရင်ဆိုင်ရသည့်အခါ ရွှယ်ဖျင်သည် ဤမျှလောက်အထိ သနားစရာကောင်းအောင် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့သလို မည်သည့် ပြန်လည်ခုခံမှုမျှပင် မပြုလုပ်နိုင်ခဲ့သည်မှာ အံ့သြစရာပင်။

“ဒါ အိပ်မက် မဟုတ်ဘူးမလား...”

ယွမ်ချီလန်မှာ လော့ချန်ကို ကြည့်လျက် မှင်တက်မိနေတော့သည်။

လော့ချန်၏ အစွမ်းမှာ သူမ ထင်ထားသည်ထက် များစွာ သာလွန်နေသဖြင့် အိပ်မက်မက်နေသည်ဟုပင် ခံစားနေရတော့သည်။

“သူဟာ ဒီတစ်ကြိမ် တိုက်ပွဲနဲ့တင် နာမည်ကျော်သွားတော့မှာပဲ...”

ကူးလင်ဖန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အလိုလျောက်ပင် အတွင်းစည်း ကွင်းပြင်တွင် လူပေါင်း ထောင်နှင့်ချီ၍ စုဝေးရောက်ရှိနေကြချေပြီ။

ဝေးကွာသော ကောင်းကင်ယံတွင်လည်း ပုံရိပ်များစွာ ရှိနေကြပြီး ထိုအထဲတွင် အဓိကတပည့်များသာမက အဆင့်အတန်း မြင့်မားလှသော ဂိုဏ်း၏ အကြီးအကဲများပင် ပါဝင်နေကြသည်။

ယနေ့ ပြီးသွားလျှင် လော့ချန်၏ အမည်မှာ အတွင်းစည်းတွင် အမှန်တကယ်ပင် ကျော်ကြားသွားတော့မည်ဖြစ်ပြီး မသိသူ မရှိသလောက် ဖြစ်သွားမှာ သေချာလှပေသည်။

ရွှယ်ဖျင်ကို အနိုင်ယူပြီးနောက် လော့ချန်သည် ပတ်ဝန်းကျင်ရှိ မင်းသားတန်းတပည့်များကို တစ်ချက် ဝေ့ကြည့်လိုက်ကာ မောက်မာစွာ ဆိုလိုက်သည်။

“နောက်ထပ် ဘယ်သူ ငါနဲ့ တိုက်ချင်သေးလဲ...”

လော့ချန်၏ စိန်ခေါ်စကားကို ကြားရသည့်အခါ ပတ်ဝန်းကျင်ရှိ မင်းသားတန်းတပည့်များမှာ တစ်ဦးစီတိုင်း မျက်နှာများ နီမြန်းနေကြပြီး ဒေါသများ ပြည့်နှက်နေသော်လည်း အရှက်ရနေကြတော့သည်။ ဤကဲ့သို့သော ထိပ်တိုက် စိန်ခေါ်မှုကို သူတို့ ဘယ်တုန်းကမှ မကြုံဖူးခဲ့ကြပေ။

အကယ်၍ တစ်ဖက်လူကို သင်ခန်းစာ မပေးနိုင်ဘူးဆိုလျှင် သူတို့မှာ အပေါ်ယံ ဂုဏ်သိက္ခာများ ဆုံးရှုံးရမှာဖြစ်ပြီး မင်းသားတန်းတစ်ခုလုံး၏ အရှိန်အဝါမှာလည်း မြေစာပင် ဖြစ်သွားမှာ သေချာလှပေသည်။

သို့သော်လည်း ရွှမ်ဟယ်စာရင်း အဆင့် ၄၇၃ တွင် ရှိသော ရွှယ်ဖျင်ပင် ရှုံးနိမ့်သွားမှတော့ သူတို့မှာ ပြိုင်ဘက် မဟုတ်သည်မှာ သေချာသဖြင့် ကွင်းပြင်ရှိ မင်းသားတန်းမှ ရွှမ်ဟယ်စာရင်းဝင် သန်မာသူများကိုသာ အကြည့်ဖြင့် အကူအညီ တောင်းနေကြတော့သည်။

“ကောင်လေး... မင်း တကယ်ပဲ မောက်မာလွန်းတယ်...”

နောက်ဆုံးတွင်မူ လှံရှည်တစ်လက်ကိုင်ဆောင်ထားသော အေးစက်လှသော လူငယ်တစ်ဦးသည် လူအုပ်ကြားမှ အလင်းတန်းတစ်ခုအလား ထွက်ပေါ်လာခဲ့သည်။

“စီနီယာအစ်ကို စုရှောင်...”

“စီနီယာအစ်ကို စုရှောင်သာ လက်ပါလိုက်မယ်ဆိုရင်တော့ ဒီကောင်လေးကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ...”

ထိုအေးစက်သော လူငယ်ကို မြင်ရသည့်အခါ မင်းသားတန်းတပည့်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

စုရှောင်သည် ရွှမ်ဟယ်စာရင်း အဆင့် ၄၁၂ တွင် ရှိပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ နှောင်းပိုင်း အဆင့်ရှိ သန်မာသူတစ်ဦး ဖြစ်သဖြင့် သူ၏ အစွမ်းမှာ ရွှယ်ဖျင်ထက် များစွာ သာလွန်လှပေသည်။

“ဝှစ်...”

စုရှောင်သည် လှံရှည်ကို တစ်ချက် ဝေ့ယမ်းလိုက်ပြီး လှံဦးကို လော့ချန်ထံသို့ ချိန်ရွယ်ကာ အေးစက်စွာ ဆိုလိုက်သည်။

“ကောင်လေး... ရွှယ်ဖျင်ကို အနိုင်ယူလိုက်ရုံနဲ့ မင်းကိုယ်မင်း အစွမ်းထက်လှပြီလို့ မထင်လိုက်နဲ့... ငါတို့ မင်းသားတန်းက ဘယ်သူပဲ ထွက်လာထွက်လာ မင်းကို အေးအေးဆေးဆေးပဲ ဆုံးမနိုင်တယ်...”

လော့ချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် ဆိုလိုက်သည်။

“ဟုတ်လို့လား... ဒါဆိုရင်လည်း မင်းမှာ ဘယ်လောက် အစွမ်းရှိလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့... ငါ့ရဲ့ တစ်ကွက်ကို တောင့်ခံနိုင်မလားဆိုတာ ကြည့်ရအောင်...”

“မောက်မာလှချည်လား... ငါ့ရဲ့ တစ်ကွက်တည်းနဲ့တင် မင်းကို အရှုံးပေးစေရမယ်...”

စုရှောင်မှာ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး သူ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ သူ၏ တစ်ကိုယ်လုံးမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ပြင်းထန်လှသော မီးလျှံများ တောက်လောင်လာတော့သည်။ သူ၏ လက်ထဲရှိ လှံရှည်ကို မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြင့် ထိုးနှက်လိုက်ရာ တစ်ခဏချင်းမှာပင် လှံအလင်းတန်း ရာနှင့်ချီ၍ ထွက်ပေါ်လာခဲ့ပြီး လူတစ်ယောက်အား ထွက်ပြေးရန် လမ်းစမရှိအောင် လွှမ်းမိုးထားသော ကောင်းကင်ယံ ပိုက်ကွန်တစ်ခု ဖြစ်ပေါ်သွားတော့သည်။

လော့ချန်မှာမူ ထိုမြင်ကွင်းကို အရေးပင်မစိုက်ဘဲ ချီစွမ်းအင်များကို အိုးကြီးတစ်လုံးအလား စုစည်းလျက် လက်သီးတစ်ချက် ထိုးနှက်လိုက်တော့သည်။

“ဖြောက်... ဖြောက်...”

အိုးပုံစံ လက်သီးအရှိန်အဟုန်မှာ လေပြင်းများကြားတွင် ပိုမို ကြီးမားလာခဲ့ပြီး ဝါးပင်များကို ခုတ်ထစ်သည့်အလား လမ်းကြောင်းပေါ်ရှိ လှံအလင်းတန်း ရာနှင့်ချီကို တစ်ခဏချင်းမှာပင် အစအနမကျန် ချေမှုန်းလိုက်တော့သည်။

“ဘာ... ဒီလောက်တောင် ပြင်းထန်တာလား...”

စုရှောင်မှာ ထိတ်လန့်သွားခဲ့ပြီး ပြန်လည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ လှံရှည်ဖြင့် အမြန် ကာကွယ်လိုက်ရတော့သည်။

“ဘုန်း...”

လူတိုင်း၏ အမြင်အာရုံထဲတွင် စုရှောင်သည် သူ၏ လှံရှည်နှင့်အတူ တိုက်ရိုက်ပင် လွင့်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်တွင် မီတာ ရာကျော် ရှည်လျားသော အက်ကွဲရာကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။ သူ၏ ပါးစပ်မှလည်း သွေးများမှာ ရေပန်းတစ်ခုအလား အဆက်မပြတ် ပန်းထွက်နေတော့သည်။

“နောက်ထပ် တစ်ချက်တည်းနဲ့ တိုက်ထုတ်လိုက်ပြန်ပြီ...”

တိုက်ပွဲကို ကြည့်နေကြသူများမှာ တစ်ဦးစီတိုင်း အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကြရသည်။ ရွှယ်ဖျင်ကို အနိုင်ယူလိုက်ခြင်းမှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း ရွှမ်ဟယ်စာရင်းဝင် သန်မာသူ နှစ်ဦးစလုံးကို ဆက်တိုက် အနိုင်ယူလိုက်ခြင်းမှာမူ တိုက်ဆိုင်မှု လုံးဝ မဟုတ်သည်မှာ သေချာလှပေသည်။

လော့ချန်က အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ရှိ မင်းသားတန်းတပည့်များကို တည်ငြိမ်စွာ ဆိုလိုက်သည်။

“နောက်ထပ် ဘယ်သူ တိုက်ချင်သေးလဲ... အချိန်မဖြုန်းရအောင် အားလုံး အတူတူ တက်ခဲ့ကြစမ်းပါ... ငါ တစ်ခါတည်း ရှင်းပစ်မယ်...”

“ဘုန်း...”

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ မင်းသားတန်းတပည့်များမှာ လုံးဝ ဒေါသထွက်သွားခဲ့ကြပြီး တစ်ဦးစီတိုင်း၏ မျက်ဝန်းထဲ၌ သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာတော့သည်။

လော့ချန်သည် မည်မျှပင် သန်မာပါစေ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးသည် မဟုတ်ပါလော။ သူတို့ မင်းသားတန်းမှ သန်မာသူ အားလုံးကို စိန်ခေါ်ခြင်းမှာ တကယ်ကို မောက်မာလွန်းလှပေသည်။

ဒါဟာ သူတို့ မင်းသားတန်းကို လုံးဝ မျက်စိထဲ မထည့်ခြင်းပင်။

“အသုံးမကျတဲ့ကောင်... မင်းမှာ မောက်မာဖို့ အရည်အချင်း မရှိသေးဘူး... ငါ မင်းနဲ့ တိုက်မယ်...”

“ဟမ့်... မင်းကို မဆုံးမနိုင်ဘူးလို့ ထင်နေတာလား...”

“သူ့ကို ခြေလက်တွေ ချိုးပစ်ကြစမ်း...”

ပြင်းထန်လှသော ဒေါသများနှင့်အတူ မင်းသားတန်းတပည့် သုံးဦးမှာ ချက်ချင်းပင် ထွက်လာကြတော့သည်။ ထိုသူများအားလုံးမှာ ရွှမ်ဟယ်စာရင်းတွင် အမည်စာရင်း ပါရှိသော သန်မာသူများ ဖြစ်ကြပြီး အဆင့် ၃၀၀ ပတ်ဝန်းကျင်တွင် ရှိကြသူများ ဖြစ်ကြသည်။ အစွမ်းအထက်ဆုံး လူမှာ ရွှမ်ဟယ်စာရင်း အဆင့် ၃၀၃ တွင် ရှိနေသဖြင့် အတွင်းစည်း တစ်ခုလုံးတွင် အလွန်ပင် ကျော်ကြားလှသူ ဖြစ်ပေသည်။

ထိုသုံးဦးကို ရင်ဆိုင်ရသော်လည်း လော့ချန်၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ ကျယ်လောင်စွာ ဆိုလိုက်သည်။

“သုံးယောက်တည်းလား... နည်းလွန်းသေးတယ်... မင်းတို့တွေက တကယ်ကို ပျင်းစရာကောင်းတဲ့ကောင်တွေပဲ...”

“သေစမ်း...”

ထိုသုံးဦးမှာ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လော့ချန်ကို ဝိုင်းရံလျက် တိုက်ခိုက်လိုက်ကြတော့သည်။

“သတ်ကြစမ်း...”

လော့ချန်သည်လည်း ဤမျှနှင့် ရပ်နားရန် အစီအစဉ် မရှိသဖြင့် ဟိန်းဟောက်လိုက်ကာ ထိုသုံးဦးထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

အခန်း ၆၀၁ ပြီးပါပြီ။

အခန်း ၆၀၂ - အသုံးမကျသူများအဖွဲ့... စစ်ပွဲစတင်ခြင်း...

“ဝှစ်...”

ကွင်းပြင်အလယ်တွင် ချီစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ ဖြတ်ပြေးနေပြီး လော့ချန်သည် ပုံရိပ်ယောင်တစ်ခုအလား ပြောင်းလဲသွားကာ မင်းသားတန်းတပည့် သုံးဦးထံသို့ တစ်ခဏချင်း ချဉ်းကပ်သွားပြီးနောက် လေထုကို အလွှာလိုက် ချေမှုန်းလျက် လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။

ထိုမင်းသားတန်းတပည့် သုံးဦးစလုံးမှာ ရွှမ်ဟယ်စာရင်း အဆင့် ၃၀၀ ကျော်တွင် ရှိကြသူများ ဖြစ်ကြပြီး အတွင်းစည်းတွင် ထိပ်တန်းသန်မာသူများဟု သတ်မှတ်နိုင်သလို အဆင့်အတန်း မြင့်မားကာ မောက်မာလှသူများလည်း ဖြစ်ကြရာ ယခုကဲ့သို့ ယခင်ကထက် ပိုမို အောင်မြင်လာသော လူငယ်တစ်ဦး၏ အထင်သေးမှုကို ခံလိုက်ရသည့်အခါ တစ်ဦးစီတိုင်းမှာ ဒေါသများ အလိပ်လိုက် ထွက်ပေါ်လာတော့သည်။

“အစွမ်းကုန် တိုက်ကြစမ်း... သတ်...”

ဒေါသများ ပေါက်ကွဲထွက်ပေါ်လာမှုနှင့်အတူ ထိုသုံးဦးမှာ သူတို့၏ သိုင်းဝိညာဉ်များကို တိုက်ရိုက် ထုတ်ဖော်လိုက်ကြပြီး တစ်ကိုယ်လုံးမှ ချီစွမ်းအင်များ ဆူဝေလာကာ လော့ချန်ထံသို့ သူတို့၏ အကောင်းဆုံးသော သတ်ဖြတ်ကွက်များကို ထုတ်ဖော်လိုက်ကြတော့သည်။

တစ်ခဏချင်းမှာပင် ကွင်းပြင်တစ်ခုလုံးတွင် လေနှင့်တိမ်များ ဝေ့ဝဲလာခဲ့ပြီး မြေပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ရာ အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားတော့သည်။ ပြင်းထန်လှသော ချီစွမ်းအင် လှုပ်ခတ်မှုများကြောင့် တိုက်ပွဲ၏ ဗဟိုချက်ရှိ မြင်ကွင်းမှာ ဝေဝါးသွားခဲ့ပြီး ပုံရိပ်သုံးခုမှာ လော့ချန်နှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်ကိုသာ ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။

“ဘုန်း...”

ပြင်းထန်လှသော အသံကြီးနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်သုံးခုမှာ ကြွေလွင့်သွားသော ကြယ်တာရာများအလား နောက်သို့ လွင့်စင်သွားခဲ့ပြီး မြေပြင်ပေါ်တွင် ကျင်းကြီးများ ဖြစ်ပေါ်သွားတော့သည်။

လူတိုင်း သေချာစွာ ကြည့်လိုက်သည့်အခါ အသက်ရှူရန်ပင် မေ့လျော့သွားကြရသည်။

ထိုသူများမှာ မင်းသားတန်းတပည့် သုံးဦးပင် ဖြစ်၏။

ယခုအချိန်တွင် ထိုသုံးဦးစလုံးမှာ သွေးများ အဆက်မပြတ် အန်ထုတ်နေကြရပြီး တစ်ကိုယ်လုံးရှိ အရိုးများမှာလည်း မည်မျှအထိ ကျိုးကြေသွားသည်ကို မသိရတော့ဘဲ လက်ခြေများမှာလည်း ထူးဆန်းသော ပုံစံများဖြင့် ကွေးညွှတ်နေကာ အလွန်ပင် ကြည့်မကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတော့သည်။

တစ်ဖက်တွင်မူ လော့ချန်သည် မူလနေရာမှာပင် ရပ်နေပြီး မျက်နှာမှာ နီမြန်းခြင်း မရှိသလို အသက်ရှူသံမှာလည်း တည်ငြိမ်နေဆဲ ဖြစ်၏။

“ဒါ... ဒါ မဖြစ်နိုင်တာ...”

ထိုသုံးဦးထဲတွင် ရွှမ်ဟယ်စာရင်း အဆင့် ၃၀၃ တွင် ရှိသော မင်းသားတန်းတပည့် ဖိန်ကျင်းဖုန်း တစ်ဦးတည်းသာ အားယူလျက် ခက်ခဲစွာ ထရပ်နိုင်တော့သည်။ သူသည် လော့ချန်ကို ကြည့်လျက် မျက်ဝန်းထဲ၌ ထိတ်လန့်မှုများနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေတော့သည်။

သူတို့သုံးဦး ပူးပေါင်းလိုက်လျှင် လော့ချန်၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ခြင်းမှာ သူ မည်သို့မျှ ထင်မှတ်မထားသော ရလဒ်ပင် ဖြစ်၏။ အကယ်၍ သူသာ နောက်ဘက်တွင် ရှိမနေဘဲ အချိန်မီ ကာကွယ်ခြင်း မပြုခဲ့လျှင် သူ၏ ရလဒ်မှာလည်း လက်တစ်ဖက် ကျိုးရုံမျှနှင့် ပြီးသွားလိမ့်မည် မဟုတ်ပေ။

လော့ချန်က မျက်လုံးပင့်ကာ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာပင် လှောင်ပြောင်လိုက်သည်။

“မင်းတို့ မင်းသားတန်း လူတွေက အမြဲတမ်းကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ပါရမီရှင်တွေလို့ သတ်မှတ်ထားကြတာ မဟုတ်ဘူးလား... ဘာလို့ ဒီလောက်အထိ အားနည်းနေရတာလဲ...”

ဖိန်ကျင်းဖုန်းသည် သွားကို တင်းတင်းကြိတ်လိုက်သဖြင့် မျက်နှာမှာ ပျက်ယွင်းသွားခဲ့ပြီး အေးစက်စွာ လှောင်ရယ်လိုက်သည်။

“လော့ချန်... မင်းရဲ့ အစွမ်းက သန်မာတယ်ဆိုတာတော့ ငါ ဝန်ခံပါတယ်... ဒါပေမဲ့ မင်းက အရမ်းလည်း မမောက်မာနဲ့ဦး... ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... ငါတို့ ဒီလောက်အများကြီးကို မင်း အနိုင်ယူနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား... ဒါ တကယ်ကို အိပ်မက်မက်နေတာပဲ...”

ရွှမ်ဟယ်စာရင်းဝင် တပည့် အတော်များများမှာ မင်းသားတန်းမှ လူများ ဖြစ်ကြသည်။

သွေးဝိညာဉ်ဂိုဏ်း၏ စခန်းများကို လိုက်လံ ရှာဖွေရန်အတွက် လူအတော်များများမှာ ဂိုဏ်းထဲတွင် မရှိကြသော်လည်း ယခုအချိန်တွင် ကွင်းပြင်၌ မင်းသားတန်းမှ ရွှမ်ဟယ်စာရင်းဝင် တပည့် ဆယ်ဂဏန်းခန့် ရှိနေသေးသလို ထိုအထဲတွင် ထိပ်ဆုံး အဆင့် ၃၀၀ သို့မဟုတ် အဆင့် ၂၀၀ အတွင်းရှိ သန်မာသူများပင် ပါဝင်နေသေးသည်မဟုတ်ပါလော။

ဤကဲ့သို့သော အင်အားစုအောက်တွင် သွေးကြောနိုးကြားမှုနယ်ပယ်မှ ထိပ်တန်းသန်မာသူ တစ်ဦးပင်လျှင် ဆုတ်ခွာရမှာ ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးသော လော့ချန်မှာမူ ပြောနေစရာပင် မလိုတော့ပေ။

ဖိန်ကျင်းဖုန်းက ဤသို့ ပြောဆိုခြင်းမှာ လော့ချန်ကို ရည်ရွယ်ချက်ရှိရှိ ဆွပေးခြင်း ဖြစ်ပြီး ကွင်းပြင်ရှိ မင်းသားတန်း သန်မာသူ အားလုံးနှင့် ရန်သူ ဖြစ်စေကာ လူအများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံစေလိုသောကြောင့် ဖြစ်၏။

လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ တစ်ဖက်လူ၏ လှည့်ကွက်ကို သူ မည်သို့ မရိပ်မိဘဲ နေမည်နည်း။ သူသည် ယနေ့ ကျင်းမင်ကို သတ်ရန် လာရောက်ခြင်း ဖြစ်သလို မင်းသားတန်းနှင့် ရန်ငြိုးများကိုပါ အပြတ်ရှင်းပြီး စိတ်ထဲမှ ဒေါသတစ်ခုကို ဖြေဖျောက်လိုနေခြင်း ဖြစ်၏။ တပြိုင်တည်းမှာပင် လော့မဟာမိတ်၏ အရှိန်အဝါကိုပါ ပြသလိုသဖြင့် မည်သူ့ကိုမျှ အော်ဟစ်ခွင့် ပေးရန် အစီအစဉ် မရှိပေ။

ဤလုပ်ရပ်မှာ သူ၏ ဆန္ဒနှင့်ပင် အတော်ပဲ ဖြစ်နေတော့သည်။

လော့ချန်သည် ပတ်ဝန်းကျင်ရှိ မင်းသားတန်းတပည့်များကို တစ်ချက် ဝေ့ကြည့်လိုက်ကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး မထီမဲ့မြင် ပြုလျက် လှောင်ပြောင်လိုက်သည်။

“ဒီလို အသုံးမကျတဲ့ လူတွေနဲ့ ငါ့ကို အနိုင်ယူမယ်တဲ့လား... တကယ်ကို ရယ်စရာပဲ... ငါ့အမြင်မှာတော့ မင်းတို့ မင်းသားတန်းကို ‘မင်းသားတန်း’ လို့ မခေါ်သင့်တော့ဘူး... ‘အသုံးမကျသူများအဖွဲ့’ လို့ပဲ နာမည်ပြောင်းလိုက်တော့...”

“ဘာ...”

“မောက်မာလှချည်လား...”

ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ တုန်လှုပ်သွားကြရပြီး ထိုနေရာရှိ မင်းသားတန်းတပည့်များမှာမူ မျက်နှာများ အလွန်အမင်း အုံ့မှိုင်းသွားကာ မျက်ဝန်းထဲ၌ ဒေါသများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

သေချင်နေတာပဲ...။

ဖိန်ကျင်းဖုန်းက အေးစက်စွာ ရယ်မောလိုက်ပြီး ပတ်ဝန်းကျင်သို့ လှမ်း၍ အော်ဟစ်လိုက်သည်။

“မင်းသားတန်းက ညီအစ်ကိုတို့... လော့ချန်က ဒီလောက်အထိ မောက်မာပြီး ငါတို့ကို စော်ကားနေတာလေ... ဒီနေ့သာ သူ့ကို သင်ခန်းစာ မပေးနိုင်ဘူးဆိုရင် ဒါဟာ ငါတို့ မင်းသားတန်းအတွက် အရှက်ရစရာပဲ... ငါတို့မှာလည်း ဂုဏ်သိက္ခာတွေ ကျန်မှာ မဟုတ်တော့ဘူး... ဒီကိစ္စသာ စီနီယာအစ်ကို နန်ကုန်းနဲ့ စီနီယာအစ်ကို ကျင်းမင် တို့ရဲ့ နားထဲကို ရောက်သွားရင် ငါတို့တွေလည်း အပြစ်ပေးတာကို ခံရမှာ သေချာတယ်...”

“မှန်တယ်... ငါတို့ မင်းသားတန်းကို ရန်စတဲ့ ရလဒ်က ဘာလဲဆိုတာကို လူတိုင်း သိအောင် လုပ်ပေးရမယ်...”

“မောက်မာလှချည်လား...”

“အားလုံး တူတူ တက်ကြစမ်း...”

မင်းသားတန်းတပည့်များစွာမှာ လော့ချန်၏ စကားကြောင့် ဒေါသများ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ယခုကဲ့သို့ ဆွပေးလိုက်သည့်အခါတွင်မူ မည်သို့မျှ သည်းမခံနိုင်တော့ပေ။

“ရှူး... ရှူး... ရှူး...”

ခဏချင်းမှာပင် မင်းသားတန်းတပည့်များမှာ လူအုပ်ကြားမှ အဆက်မပြတ် ထွက်ပေါ်လာကြပြီး လော့ချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြတော့သည်။

ထိုသူများအားလုံးမှာ ရွှမ်ဟယ်စာရင်းဝင် သန်မာသူများ ဖြစ်ကြပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အနောက်ပိုင်း အဆင့်ရှိ သန်မာသူများနှင့် အဆင့် ၉ အထွတ်အထိပ် အဆင့်ရှိ သန်မာသူများပင် ပါဝင်နေကြကာ ကြမ်းတမ်းသော အရှိန်အဟုန်များနှင့် ဒေါသများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လေနှင့်တိမ်များကိုပင် လှုပ်ခတ်သွားစေတော့သည်။

ထိုမြင်ကွင်းကို မြင်ရသည့်အခါ ဘေးမှ ကြည့်နေကြသော အတွင်းစည်းတပည့်များမှာ အလွန်ပင် တုန်လှုပ်သွားကြရသည်။

လော့ချန်သည် တစ်ဦးတည်းသော အင်အားဖြင့် အတွင်းစည်း မင်းသားတန်းတပည့် အားလုံးကို တိုက်ရိုက် စိန်ခေါ်နေသည်မဟုတ်ပါလော။

ဒါဟာ တကယ်ကို ရူးသွပ်လွန်းလှပေသည်။

‘လုံးဝကို ရူးသွားတာပဲ...’

“အကြီးအကဲတွေက မတားတော့ဘူးလား...”

တစ်စုံတစ်ဦးက တစ်ခုခု ထူးဆန်းနေသည်ကို သတိပြုမိသွားသည်။

ဤပဋိပက္ခမှာ ဤမျှလောက်အထိ ကြီးမားသွားပြီဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့် အကြီးအကဲမျှ ထွက်ပေါ်လာပြီး တားဆီးခြင်း မရှိသေးပေ။ အကြီးအကဲများမှာ အဝေးမှသာ ရပ်ကြည့်နေကြပြီး ဝင်ရောက် စွက်ဖက်မည့် အရိပ်အယောင် လုံးဝ မရှိကြပေ။

“စောစောက ငါသတင်းရတာတော့... မဟာအကြီးအကဲ တွေ ရောက်နေကြတယ်တဲ့... ကြည့်ရတာ ဒါက အထက်လူကြီးတွေရဲ့ ဆန္ဒ ဖြစ်လိမ့်မယ်...”

“ဒီလိုကိုး... ယွမ်မန်လီ ပျောက်ဆုံးသွားကတည်းက မင်းသားတန်းရဲ့ အရှိန်အဝါက ဂိုဏ်းထဲမှာ အရမ်းကို မြင့်တက်နေတာလေ... ယွမ်မန်လီစီနီယာကို ထောက်ခံတဲ့ မဟာအကြီးအကဲ တွေကတော့ ဒီအတိုင်း အရှုံးပေးချင်မှာ မဟုတ်ဘူးပေါ့...”

အချို့သော သူများက စတင်၍ ဝေဖန်ဆွေးနွေးလာကြသည်။

“လော့ချန်က ဒီတစ်ခေါက် ပြန်လာပြီး ကျင်းမင်ကို စိန်ခေါ်တာက အဲဒီ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အမိန့်လည်း ဖြစ်နိုင်တာပဲ... လော့ချန်ကို အသုံးချပြီး မင်းသားတန်းရဲ့ အရှိန်အဝါကို နှိမ်ချချင်တာ နေမှာပေါ့... မင်းသားတန်းကလည်း သေချာပေါက် အလျှော့ပေးမှာ မဟုတ်ဘူးလေ... ဒီတိုက်ပွဲက လော့ချန် နိုင်ခြင်း၊ ရှုံးခြင်း ကိစ္စထက်စာရင် အစုအဖွဲ့ နှစ်ခုကြားက အားပြိုင်မှုလို့တောင် ပြောလို့ ရတယ်...”

“ဟဲဟဲ... အဲဒါတွေကို ဂရုစိုက်နေစရာ မလိုပါဘူး... ငါကတော့ လော့ချန်ရဲ့ အစွမ်းက ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာကိုပဲ သိချင်တာ...”

“ရွှမ်ဟယ်စာရင်း အဆင့် ၃၀၃မှာ ရှိတဲ့ ဖိန်ကျင်းဖုန်း တောင်မှ သူ့ရဲ့ လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရတာဆိုတော့... ငါ့အထင်တော့ သူ့ရဲ့ အစွမ်းက အဆင့် ၁၀၀ ပတ်ဝန်းကျင်မှာ ရှိနေလောက်ပြီ...”

“အဆင့် ၁၀၀ ဟုတ်လား... မင်းကလည်း လွန်လွန်းနေပြီ... သူက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... ပြီးတော့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ကိုပဲ နိုးကြားထားတဲ့သူ မဟုတ်လား...”

လော့ချန်သည် အသုံးမကျသည့် သိုင်းဝိညာဉ်ကို နိုးကြားထားသဖြင့် လူတိုင်း၏ အမြင်တွင် အသုံးမကျသူ တစ်ဦးအဖြစ်သာ သတ်မှတ်ခြင်း ခံထားရသော်လည်း ယခုကဲ့သို့ ရုတ်တရက် အစွမ်းထက်စွာ ထွက်ပေါ်လာပြီး မင်းသားတန်းမှ ပါရမီရှင်များစွာကို တိုက်ရိုက် စိန်ခေါ်နေခြင်းမှာ လူတိုင်း၏ စိတ်ထဲ၌ လှိုင်းတံပိုးများ ထန်သွားစေတော့သည်။

ယခုအချိန်တွင် လော့ချန်၏ အစွမ်းမှာ မည်သို့သော အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို လူတိုင်းက သိလိုနေကြသည်။

အချို့က ရွှမ်ဟယ်စာရင်း အဆင့် ၂၀၀ ပတ်ဝန်းကျင်ဟု ခန့်မှန်းကြသည်။

အချို့ကမူ အဆင့် ၁၅၀ ဟု ယူဆကြသည်။

အချို့ကမူ အဆင့် ၁၀၀ ပတ်ဝန်းကျင်ဟု ထင်ကြသော်လည်း ထိုလူဦးရေမှာ အလွန်ပင် နည်းပါးလှပေသည်။

အဘယ်ကြောင့်ဆိုသော် ရွှမ်ဟယ်စာရင်း၏ ထိပ်ဆုံး အဆင့် ၁၀၀ ဆိုသည်မှာ သွေးကြောနိုးကြားမှုနယ်ပယ်မှ ထိပ်တန်း သန်မာသူများကိုကိုယ်စားပြုသောကြောင့် ဖြစ်၏။

ထိုအဆင့်ရှိ တပည့်များမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် အဆင့်တွင် ရှိကြပြီး နယ်ပယ်အသီးသီးတွင်လည်း ထူးချွန်ကြသူများ ဖြစ်ကြသည်။

လော့ချန်သည် တိုက်ခိုက်မှုစွမ်းအား သန်မာသော်လည်း ကျင့်ကြံမှုအဆင့်အရဆိုလျှင် နယ်ပယ်ကြီး တစ်ခုလုံး ကွာခြားနေသေးသလို အသုံးမကျသည့် သိုင်းဝိညာဉ် ဆိုသည့် အားနည်းချက်ကြီးလည်း ရှိနေသည်မဟုတ်ပါလော။

လူအများ ပြောဆိုနေကြစဉ်မှာပင် ကွင်းပြင်တွင် လေနှင့်တိမ်များမှာ ပိုမို ပြင်းထန်လာတော့သည်။

မင်းသားတန်းတပည့်များမှာ အရပ်မျက်နှာအနှံ့မှ နှံကောင်များအလား လော့ချန်ထံသို့ တိုးဝင်သွားကြတော့သည်။

“လာခဲ့လေ...”

လော့ချန်၏ မျက်ဝန်းထဲမှ ထက်မြက်သော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုလျက် သူ၏ ပုံရိပ်မှာ သရဲတစ်ကောင်အလား ဝေဝါးသွားကာ အနီးဆုံးရှိ မင်းသားတန်းတပည့် တစ်ဦးထံသို့ တစ်ခဏချင်းမှာပင် ရောက်ရှိသွားတော့သည်။

ထိုသူမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အနောက်ပိုင်း အဆင့်တွင် ရှိပြီး ရွှမ်ဟယ်စာရင်း အဆင့် ၂၈၂ တွင် ရှိကာ လက်ထဲ၌လည်း ဧရာမ လွှသွားပုံစံ ဓားရှည်တစ်လက်ကိုကိုင်ဆောင်ထားသည်။

“သေစမ်း... တောင်ခွင်းလက်သီး...”

ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက် ထိုမင်းသားတန်းတပည့်သည် သူ၏ ဓားရှည်ကို အထက်သို့ မြှောက်ကာ လော့ချန်ထံသို့ တောက်ပလှသော ဓားအလင်းတန်းများစွာကို ခုတ်ပိုင်းလိုက်တော့သည်။

လော့ချန်မှာမူ ထိုမြင်ကွင်းကို အရေးပင်မစိုက်ဘဲ လက်သီးတစ်ချက် တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။

“ဘုန်း...”

“ဖူး...”

ပုံရိပ်နှစ်ခု ဖြတ်ကျော်သွားသည့် ခဏမှာပင် ထိုမင်းသားတန်းတပည့်မှာ သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ရပြီး သူ၏ ဓားရှည်နှင့်အတူ နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။

“တောက်... သူ့ကို သတ်ကြစမ်း...”

ထိုအချိန်မှာပင် မင်းသားတန်းတပည့် အချို့မှာ လော့ချန်ကို ဝိုင်းရံထားကြပြီး ပြင်းထန်လှသော ချီစွမ်းအင်များဖြင့် လော့ချန်ထံသို့ တိုက်ခိုက်လိုက်ကြတော့သည်။

“သတ်ကြစမ်း...”

လော့ချန်၏ မျက်ဝန်းထဲ၌ တိုက်ပွဲစိတ်များ ပိုမို ပြင်းထန်လာခဲ့ပြီး ပုံရိပ်ယောင်များစွာ ချန်ထားလျက် လူအုပ်ကြီးကြားသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

အခန်း ၆၀၂ ပြီးပါပြီ။

အခန်း ၆၀၃ - လာသမျှအားလုံးကို အပြတ်ရှင်းမည်

“ရှူး...”

လော့ချန်သည် မြူခိုးရိပ်ခြေလှမ်းကို နှိုးဆွလိုက်ရာ သူ၏နောက်တွင် ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့ပြီး မင်းသားတန်းတပည့်များအကြားသို့ တိုးဝင်သွားကာ လက်သီးနှစ်ဖက်ဖြင့် ပြင်းထန်လှသော ချီလှိုင်းများကို ဖန်တီးလျက် အဆက်မပြတ် ထိုးနှက်လိုက်တော့သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

နာကျင်စွာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သွေးများလည်း အဆက်မပြတ် ပန်းထွက်နေတော့သည်။

လော့ချန်ကို ဗဟိုပြု၍ မင်းသားတန်းတပည့် တစ်ဦးပြီးတစ်ဦးမှာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်သမီးတစ်ပါး ကျဲဖြန့်လိုက်သော ပန်းများပမာ လွင့်စင်သွားကြပြီး မြေပြင်ပေါ်တွင် ကျကာ ညည်းတွားနေကြတော့သည်။

ဤမြင်ကွင်းကို မြင်ရသည့်အခါ ထိုနေရာရှိ လူတိုင်းမှာ မှင်တက်မိနေကြရသည်။

လဲကျနေသော မင်းသားတန်းတပည့်များမှာ ရွှမ်ဟယ်စာရင်းတွင် အမည်စာရင်း ပါရှိသော သန်မာသူများ ဖြစ်ကြပြီး ဂိုဏ်းအတွင်း၌လည်း ထင်ရှားကျော်ကြားသူများ ဖြစ်ကြသည်မဟုတ်ပါလော။ ယခုမူ လူအများ၏ အမြင်တွင် အတွင်းစည်း၏ ပါရမီရှင်များ ဖြစ်ကြသော ထိုသူများသည် လော့ချန်၏ ရှေ့မှောက်တွင် မည်သို့မျှ မခုခံနိုင်ဘဲ အားနည်းနေကြတော့သည်။

ရွှမ်ဟယ်စာရင်း အဆင့် ၄၀၀ အတွင်းရှိ တပည့်များ ဖြစ်စေ...

ရွှမ်ဟယ်စာရင်း အဆင့် ၃၀၀ အတွင်းရှိ တပည့်များ ဖြစ်စေ...

နောက်ဆုံးတွင် ရွှမ်ဟယ်စာရင်း အဆင့် ၂၀၀ အတွင်းရှိ တပည့်များပင်လျှင် လော့ချန်နှင့် ထိပ်တိုက်တွေ့ဆုံချိန်မှာပင် အပြတ်အသတ် အနိုင်ယူခံလိုက်ရတော့သည်။

လော့ချန်၏ လက်သီးတစ်ချက်ကိုပင် မည်သူမျှ မတားဆီးနိုင်ကြပေ။

ခဏချင်းမှာပင် မင်းသားတန်းတပည့် ဆယ်ဂဏန်းခန့်မှာ မြေပြင်ပေါ်၌ လဲကျနေကြချေပြီ။

“နယ်ပယ်ကြီး တစ်ခုလုံး ကွာခြားနေတာတောင် ရန်သူကို အေးအေးဆေးဆေးပဲ အပြတ်အသတ် အနိုင်ယူနိုင်တယ်... အနိုင်ယူခံလိုက်ရတဲ့သူတွေကလည်း ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်တွေလေ... ဒါ... ဒါ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်...”

တိုက်ပွဲကို ကြည့်နေကြသော အတွင်းစည်းတပည့်များမှာ တစ်ဦးကိုတစ်ဦး မှင်တက်မိစွာ ကြည့်လိုက်ကြပြီး လော့ချန် ပြသလိုက်သော အစွမ်းများကြောင့် အလွန်ပင် တုန်လှုပ်နေကြတော့သည်။

အတွင်းစည်းအကြီးအကဲ အချို့မှာလည်း မျက်နှာများမှာ လေးနက်နေကြပြီး မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်နေကာ မယုံကြည်နိုင် ဖြစ်နေကြရသည်။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်ပဲ ရှိသေးပြီး အသုံးမကျသည့် သိုင်းဝိညာဉ်ကိုသာ နိုးကြားထားသော လော့ချန်သည် မင်းသားတန်းမှ ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင်များစွာကို ဖိနှိပ်တိုက်ခိုက်နေခြင်းမှာ သဘာဝတရားကို လွန်ဆန်နေသကဲ့သို့ပင် ရှိနေတော့သည်။

“ကောင်လေး... ဒီမှာတင် ရပ်လိုက်တော့...”

ရုတ်တရက် ပြင်းထန်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

မျက်နှာ အေးစက်လှသော အနက်ရောင်ဝတ်ရုံဝတ် လူငယ်ဓားသမားတစ်ဦးသည် လူအုပ်ကြားမှ အလင်းတန်းတစ်ခုအလား ထွက်ပေါ်လာခဲ့ပြီး လော့ချန်ထံသို့ တိုက်ရိုက် ဦးတည်လာတော့သည်။

“စီနီယာအစ်ကို ယန်လင်ချန်း...”

“ကောင်းလိုက်တာ... စီနီယာအစ်ကိုယန်က ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ပါရမီရှင် ဓားသမားတစ်ဦးလေ... ဓားဆန္ဒအစပျိုးအဆင့်ရဲ့ ၆၀ ရာနှုန်းကို နားလည်ထားပြီး ရွှမ်ဟယ်စာရင်း အဆင့် ၁၃၃မှာ ရှိနေတာဆိုတော့ လော့ချန်ကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ...”

ထို အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို မြင်ရသည့်အခါ မင်းသားတန်းတပည့်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။ ရွှမ်ဟယ်စာရင်း၏ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၀၀ တိုင်းမှာ အစွမ်းပိုင်းအရ အလွန်ပင် ကွာခြားလှပေသည်။ အဆင့် ၁၀၀ ပတ်ဝန်းကျင်ရှိ တပည့်များ၏ အစွမ်းမှာ အလွန်ပင် သန်မာလှသဖြင့် အဆင့် ၂၀၀ ပြင်ပရှိ တပည့်များကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြသည်မဟုတ်ပါလော။

“ဖန်း...”

လော့ချန်သည် မင်းသားတန်းတပည့် တစ်ဦးကို ရိုက်ထုတ်လိုက်ပြီး အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို တည်ငြိမ်စွာ ကြည့်လျက် ဆိုလိုက်သည်။

“ဓားဆန္ဒအစပျိုးအဆင့်လား... နှမြောစရာကောင်းတာက အဆင့်က နိမ့်လွန်းနေတာပဲ...”

“ဟဲဟဲ... ငါ့ရှေ့မှာတောင် မောက်မာဝံ့သေးတယ်ပေါ့... ငါ့ရဲ့ ဓားတစ်ချက်ကို တောင့်ခံနိုင်မှ ငါနဲ့ စကားပြောဖို့ အရည်အချင်း ရှိမယ်...”

အနက်ရောင်ဝတ်ရုံဝတ် လူငယ်က အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ကိုယ်ပေါ်မှ ထက်မြက်သော အငွေ့အသက်များမှာ တုန်ခါလာကာ ပတ်ဝန်းကျင်ရှိ လေထုမှာ တိမ်ပင်လယ်တစ်ခုအလား လျင်မြန်စွာ ပျက်ယွင်းသွားတော့သည်။

“ကြောက်မက်ဖွယ်ရာ တိမ်ယံပိုင်းဖြတ်ခြင်း...”

ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီးနောက် အနက်ရောင်ဝတ်ရုံဝတ် လူငယ်သည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ပြင်းထန်လှသော ချီစွမ်းအင်များနှင့်အတူ လော့ချန်ထံသို့ တိုက်ခိုက်လိုက်ရာ ဓားအလင်းတန်းများမှာ လေထဲတွင် ကွဲထွက်သွားခဲ့ပြီး မည်းမှောင်နေသော တိမ်တိုက်ကြီးတစ်ခုအလား လော့ချန်ကို ဖိနှိပ်သွားတော့သည်။ ပြင်းထန်လှသော ဓားဖိအားကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာပင် ဝေဝါးသွားတော့သည်။

“တကယ် သန်မာတဲ့ ဓားတစ်ချက်ပဲ... ဓားအရှိန်အဟုန်ကတင် ငါ့ရဲ့ ဦးရေပြားကို ထုံကျင်သွားစေတယ်...”

“လော့ချန်ကတော့ ဒီဓားချက်ကို ဘယ်လိုမှ ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး...”

ဤဓားချက်၏ အရှိန်အဟုန်ကို ခံစားလိုက်ရသည့်အခါ မင်းသားတန်းတပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် လော့ချန် သွေးအိုင်ထဲ၌ လဲကျနေမည့် မြင်ကွင်းကို စောင့်ကြည့်နေကြတော့သည်။

“မလုံလောက်သေးဘူး...”

လော့ချန်၏ မျက်ဝန်းထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး သူ၏ကိုယ်ပေါ်မှ ချီစွမ်းအင်များမှာ ဧရာမ အိုးကြီးတစ်လုံးအလား ပြောင်းလဲသွားကာ လက်သီးတစ်ချက်ကို အနှေးနှင့်အမြန် ပုံစံဖြင့် ထိုးနှက်လိုက်ရာ ပြင်းထန်လှသော အင်အားကြောင့် လေထုမှာ ရေပြင်အလား အလွှာလိုက် လှုပ်ခတ်သွားတော့သည်။

“ဘုန်း...”

“ဖူး...”

အထပ်ထပ်သော ဓားအလင်းတန်းများနှင့် လက်သီးအရှိန်အဟုန်တို့ ထိတွေ့လိုက်သည့် ခဏမှာပင် ဖန်စီကျောက်တုံးများအလား တစ်ခဏချင်းမှာပင် အပိုင်းပိုင်း ကျိုးကြေသွားတော့သည်။ အနက်ရောင်ဝတ်ရုံဝတ် လူငယ်မှာလည်း သွေးတစ်ချက် အန်ထုတ်လိုက်ရပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် နောက်သို့ လွင့်ထွက်သွားတော့သည်။

“ဘာ... စီနီယာအစ်ကိုယန် ရှုံးသွားတာလား...”

“လက်သီးတစ်ချက်တည်းနဲ့ အပြတ်အသတ် အနိုင်ယူလိုက်ပြန်ပြီ... ဒီကောင်က တကယ်ကို ဘယ်လို သတ္တဝါမျိုးလဲ...”

အနက်ရောင်ဝတ်ရုံဝတ် လူငယ်မှာ အလွန်ပင် မြန်ဆန်စွာ ရှုံးနိမ့်သွားသဖြင့် လူအတော်များများမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြဘဲ မှင်တက်မိနေကြရကာ ဝိုင်းရံတိုက်ခိုက်နေကြသော မင်းသားတန်းတပည့်များပင်လျှင် ကြောင်အမ်းသွားကြတော့သည်။

လော့ချန်မှာမူ သူတို့ကို အချိန်ပေးရန် အစီအစဉ် မရှိဘဲ မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် နှိုးဆွလိုက်ရာ သူ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအလား ဝေဝါးသွားခဲ့ပြီး လက်သီးများဖြင့် အဆက်မပြတ် ထိုးနှက်လိုက်တော့သည်။

တစ်ခဏချင်းမှာပင် နာကျင်စွာ အော်ဟစ်သံများမှာ နေရာအနှံ့ ထွက်ပေါ်လာတော့သည်။

မင်းသားတန်းတပည့် တစ်ဦးပြီးတစ်ဦးမှာ ဆောင်းဦးလေပြင်းကြားမှ သစ်ရွက်ခြောက်များအလား အဆက်မပြတ် လွင့်ထွက်သွားကြတော့သည်။

“အရမ်း သန်မာလွန်းတယ်... ငါတို့က ပြိုင်ဘက် မဟုတ်ဘူး... မြန်မြန်... ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၁၀၀ အတွင်းမှာ ရှိတဲ့ စီနီယာတွေကို သွားခေါ်ကြစမ်း... အား...”

နောက်ဆုံးတွင်မူ တစ်စုံတစ်ယောက်က လက်တွေ့အခြေအနေကို သိရှိသွားခဲ့ပြီး တုန်ရီစွာဖြင့် အော်ဟစ်လိုက်သော်လည်း သူ၏ စကားပင် မဆုံးသေးမီမှာပင် လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားတော့သည်။

“စီနီယာတွေကို မြန်မြန် သွားခေါ်ကြစမ်း...”

“ထိပ်ဆုံး အဆင့် ၁၀၀က လူတွေကို ခေါ်ကြ... မဟုတ်ဘူး... ရွှမ်ဟယ်စာရင်း အဆင့် ၅၀ အတွင်းမှာ ရှိတဲ့ စီနီယာတွေကို သွားခေါ်ကြစမ်း...”

အခြားသူများလည်း သတိဝင်လာကြပြီး သူတို့၏ အသံထဲတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။

ယခင်ကတည်းက ရွှမ်ယွမ်ဂိုဏ်း တစ်ခုလုံးမှာ သူတို့ မင်းသားတန်း၏ လက်ခုပ်ထဲက ရေကဲ့သို့ပင် ရှိနေခဲ့ပြီး သူတို့ကသာ အခြားသူများကို နှိပ်စက်ခဲ့ကြသည်မဟုတ်ပါလော။ ယခုကဲ့သို့ သူတို့၏ ခေါင်းပေါ်သို့ လာရောက် စော်ကားဝံ့သူ မရှိဖူးခဲ့ပေ။

“ရှူး... ရှူး...”

အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသဖြင့် တစ်စုံတစ်ဦးသည် အတွင်းစည်း၏ နက်ရှိုင်းရာ နေရာသို့ အမြန်ဆုံး ပြေးထွက်သွားတော့သည်။

လော့ချန်သည်လည်း မတားဆီးဘဲ နေလိုက်သည်။ ယခုအချိန်တွင် အတွင်းစည်းတပည့် မည်မျှပင် လာပါစေ သူ၏အမြင်တွင် ထူးခြားမှု မရှိပေ။

လာသမျှအားလုံးကို သူ အပြတ်ရှင်းမည်။

“ဘုန်း...”

လက်သီးတစ်ချက်တည်းဖြင့်ပင် နောက်ထပ် မင်းသားတန်းတပည့် တစ်ဦး လွင့်ထွက်သွားပြန်သည်။

“တောက်... အားလုံး တူတူ တက်ကြစမ်း... သူ့ကို တစ်ယောက်ချင်းစီ တိုက်ခိုက်ဖို့ အခွင့်အရေး မပေးနဲ့... စီနီယာတွေ ရောက်လာတဲ့အထိ တောင့်ခံထားနိုင်ရင်တော့ ဒီအသုံးမကျတဲ့ကောင် ကျိန်းသေပေါက် သေရလိမ့်မယ်...”

“ကောင်းပြီ...”

“ငါလည်း မယုံဘူး... သူ တစ်ယောက်တည်းနဲ့ ငါတို့ အားလုံးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို တားနိုင်ပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့...”

မင်းသားတန်းတပည့်များစွာမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။

သူတို့သည် ရွှမ်ဟယ်စာရင်းဝင် တပည့်များ ဖြစ်ကြသည့်အတိုင်း ယခင်က မိမိကိုယ်ကိုယ် အဆင့်အတန်း မြင့်သည်ဟု ယူဆထားကြသဖြင့် လော့ချန်အား လူအင်အားဖြင့် ဝိုင်းရံတိုက်ခိုက်ပြီး ယခုမှ စတင်အောင်မြင်လာသော အသုံးမကျသူ တစ်ဦးအား နှိပ်စက်သည်ဟု အပြောခံရမှာကို စိုးရိမ်နေခဲ့ကြခြင်း ဖြစ်၏။

ယခုမူ အခြေအနေအရ သူတို့ ပူးပေါင်းတိုက်ခိုက်ရန် လိုအပ်နေချေပြီ။ မဟုတ်လျှင် စီနီယာများ မရောက်မီမှာပင် သူတို့အားလုံး အပြတ်ရှင်းခံရမှာ သေချာလှပေသည်။

“သတ်ကြစမ်း...”

စစ်မြေပြင်၏ အလယ်တွင် မင်းသားတန်းတပည့် ၂၀ ခန့် ကျန်ရှိနေသေးပြီး ထိုသူများအားလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အနောက်ပိုင်း သန်မာသူများနှင့် အဆင့် ၉ အထွတ်အထိပ် သန်မာသူများ ဖြစ်ကြရာ ယခုအခါ တစ်ပြိုင်တည်း ဟိန်းဟောက်လျက် လော့ချန်ထံသို့ တိုးဝင်သွားကြတော့သည်။

“ဘုန်း...”

ရွှမ်ဟယ်စာရင်းဝင် ပါရမီရှင် ၂၀ ခန့်၏ ပူးပေါင်းတိုက်ခိုက်မှု အရှိန်အဟုန်မှာကမ္ဘာပျက်မတတ် ပြင်းထန်လှပြီး အမျိုးမျိုးသော သတ်ဖြတ်ကွက်များမှာ လှိုင်းလုံးကြီးတစ်ခုအလား လော့ချန်ထံသို့ လွှမ်းမိုးသွားတော့သည်။

ထိုလှိုင်းလုံးကြီးအောက်တွင် အကာအကွယ် စီရင်ထူးများ ရှိနေသော အတွင်းစည်း ကွင်းပြင်ပင်လျှင် တုန်ခါသွားခဲ့ပြီး လေထုမှာ အလွှာလိုက် ပျက်ယွင်းသွားကာ လေဟာနယ်အတွင်း၌ လျှပ်စီးများနှင့် လေပြင်းများပင် ဖြစ်ပေါ်လာတော့သည်။

ဤမြင်ကွင်းကို မြင်ရသည့်အခါ အနားမှ ကြည့်နေကြသော အတွင်းစည်းတပည့်များမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပြီး စိတ်ထဲမှလည်း တုန်လှုပ်နေကြတော့သည်။

အဝေးမှ လှမ်းကြည့်နေရုံမျှဖြင့်ပင် ကောင်းကင်ယံ ပြိုလဲကျလာသကဲ့သို့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကို ခံစားနေကြရသဖြင့် အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။

ဤမျှလောက် ပြင်းထန်သော တိုက်ကွက်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူ မဆိုထားနှင့်... သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ မှ ထိပ်တန်း သန်မာသူ တစ်ဦးပင်လျှင် တောင့်ခံနိုင်ရန် မလွယ်ကူလှပေ။

“မြေသိမ့်တုန်လက်သီး...”

လော့ချန်မှာမူ မျက်နှာမပျက်ဘဲ တိုက်စစ်နှင့် ခံစစ် ပေါင်းစပ်ထားသော ကောင်းကင်အိုးလက်သီး၏ ပထမသိုင်းကွက်ကို တိုက်ရိုက် ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ တည်ငြိမ်သွားခဲ့ပြီးကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ ရူးသွပ်စွာ ဆူဝေလာကာ ကောင်းကင်နှင့် မြေကြီးကို ထောက်မထားသော သုံးချောင်းထောက် အိုးကြီးတစ်လုံးအလား ပြောင်းလဲသွားပြီး သူကိုယ်တိုင် ထိုအိုးကြီးအတွင်း၌ ရပ်လျက် အရပ်မျက်နှာအနှံ့ကို ကာကွယ်လိုက်တော့သည်။

“ဘုန်း...”

လက်သီးတစ်ချက် ထိုးနှက်လိုက်သည်နှင့် ထိုအိုးကြီးမှာ သတ္တုသံများနှင့်အတူ မြေပြင်မှ ထိုးတက်သွားခဲ့ပြီး ချီစွမ်းအင် လှိုင်းလုံးကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။ နှစ်ဦးစလုံးမှာ လေထဲတွင် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီး လေဟာနယ်အတွင်း၌ ထင်ရှားလှသော အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားကာ လေထဲတွင် ပွင့်အာလာသော ဧရာမ ပန်းတစ်ပွင့်အလား ရှိနေတော့သည်။

“တားလိုက်နိုင်တာလား...”

လူတိုင်းမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး လော့ချန်က ဤမျှလောက် ပြင်းထန်သော တိုက်ကွက်ကို အေးအေးဆေးဆေးပင် တားဆီးနိုင်လိမ့်မည်ဟု မထင်ထားကြပေ။

“တောင်ခွင်းလက်သီး...”

လော့ချန်၏ မျက်ဝန်းမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ဒုတိယ လက်သီးချက် ထပ်မံ ထိုးနှက်လိုက်ရာ သူ၏နောက်တွင် မြင့်မားလှသော တောင်ကြီး ငါးလုံး ပေါ်ထွက်လာတော့သည်။ လက်သီးအရှိန်နှင့်အတူ ထိုတောင်ကြီးများမှာ ဧရာမ အိုးကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး တစ်ဟုန်ထိုး ကြီးမားလာကာ ရှေ့မှောက်ရှိ မင်းသားတန်းတပည့်များစွာထံသို့ တိုးဝင်သွားတော့သည်။

“ဖူး... ဖူး... ဖူး... ဖူး... ဖူး... ဖူး... ဖူး...”

မင်းသားတန်းတပည့် တစ်ဦးပြီးတစ်ဦးမှာ အကာအကွယ် ချီစွမ်းအင်များ ကျိုးပျက်သွားခဲ့ပြီး သွေးများအန်ထုတ်လျက် ကြွေလွင့်သွားသော ကြယ်တာရာများအလား နောက်သို့ လွင့်ထွက်သွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မင်းသားတန်းမှ ပါရမီရှင် ၂၀ ခန့်အနက် အနည်းငယ်မျှသာ မတ်တပ်ရပ်နိုင်တော့သည်။

အခန်း ၆၀၃ ပြီးပါပြီ။

All Chapters