အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း ၆၀၇ - အနှစ်သာရဖိနှိပ်ခြင်း... ဖုချန်လိ မင်းအလှည့်ပဲ
ကောင်းကင်ပိုင်းဖြတ်ခြင်းဓားသိုင်း၏ စတုတ္ထသိုင်းကွက်ဖြစ်သော မိုးကြိုးသံကို အောင်မြင်စွာ ပေါင်းစပ်ပြီးနောက် လော့ချန်၏ မိုးကြိုးအနှစ်သာရအပေါ် နားလည်မှုသည် အဆင့်အတန်းများစွာ မြင့်တက်လာခဲ့ပြီး လေအနှစ်သာရ၊ တိမ်အနှစ်သာရတို့နှင့် ရင်ပေါင်တန်းနိုင်လာခဲ့သည်။ ဓားစွမ်းအင်အတွင်း ပေါင်းစပ်လိုက်သောအခါ ဓားအလင်းတန်းမှာ တောက်ပလွန်းလှပြီး ပတ်ဝန်းကျင်၌ လျှပ်စီးစွမ်းအင်များ ဝင်းလက်ကာ ပြင်းထန်လှသော အငွေ့အသက်မှာ စစ်မှန်သော မိုးကြိုးနတ်မင်း ဆင်းသက်လာသည့်အလား ရှိနေတော့သည်။
“ဘုန်း...”
မိုးကြိုးအလင်းတန်းမှာ ပြင်းထန်စွာ ကျရောက်သွားပြီး ယွီယီယောင် ထိုးနှက်လိုက်သော ဓားစွမ်းအင်လှိုင်းလုံးကြီးအား တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။ လက်မောင်းလုံးခန့် တုတ်ခိုင်သော လျှပ်စီးတန်းများမှာ ပေါက်ကွဲထွက်ပေါ်လာပြီး မြွေတစ်ကောင်အလား သို့မဟုတ် လှံတစ်လက်အလား တောက်ပဝင်းလက်နေတော့သည်။
လူတိုင်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြစဉ်မှာပင် ဓားစွမ်းအင်လှိုင်းလုံးကြီးမှာ အလွှာလိုက် ကျိုးကြေသွားခဲ့ပြီး မိုးကြိုးဓားစွမ်းအင်မှာ အရှိန်မပျက်ဘဲ ယွီယီယောင်အား တိုက်ရိုက် ထိမှန်သွားတော့သည်။
“ဖူး...”
သွေးတစ်ချက် အန်ထုတ်လိုက်ရပြီး ယွီယီယောင်သည် မီတာ ရာနှင့်ချီ၍ လွင့်ထွက်သွားခဲ့သည်။ သူမ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးစွမ်းအင်များ စီးဆင်းနေပြီး ဝတ်စုံပေါ်၌လည်း မည်းနက်နေသော အက်ကွဲရာများ ဖြစ်ပေါ်သွားကာ သူမကိုယ်တိုင်မှာမူ ထိုနေရာ၌ပင် မှင်တက်မိသွားတော့သည်။
သူမ၏ အားကောင်းလှသော ဓားချက်မှာ လော့ချန်၏ ရှေ့မှောက်တွင် မည်သို့မျှ အသုံးမဝင်ဘဲ တစ်ခဏချင်းမှာပင် အနိုင်ယူခံလိုက်ရသည်ကို သူမ မယုံကြည်နိုင် ဖြစ်နေတော့သည်။ ဤသည်က သူမအတွက် လက်ခံနိုင်စရာ မရှိသော အမှန်တရားပင် ဖြစ်၏။
လော့ချန်ကမူ စိတ်ထဲမှ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူ၏ စောစောက ဓားချက်မှာ အတော်လေး သန်မာလှပေရာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦး ဆိုလျှင် တောင့်ခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ နှစ်ဦးစလုံးမှာ ဓားသမားများ ဖြစ်ကြပြီး တစ်ဖက်လူ၏ ဓားဆန္ဒအဆင့်မှာ သူ့ထက် များစွာ နိမ့်ကျနေသဖြင့် လုံးဝ ဖိနှိပ်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။ သူမ၏ ဓားဆန္ဒအစပျိုးအဆင့် စွမ်းအားမှာ ၆၀ သို့မဟုတ် ၇၀ ရာခိုင်နှုန်းခန့်သာ ထွက်ပေါ်နိုင်သဖြင့် သူ၏ ရှေ့မှောက်တွင် တစ်ခဏချင်းမှာပင် ပျက်စီးသွားရခြင်း ဖြစ်သည်။
ဤသည်က ဓားဆန္ဒရှိသော ဓားသမားတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းမှုပင်။
လော့ချန်၏ အခြေခံအစွမ်းမှာ ယွီယီယောင်ထက် သာလွန်နေသည်ကို မဆိုထားနှင့်... အကယ်၍ အခြေခံအစွမ်းချင်း တူနေလျှင်ပင် ဓားဆန္ဒ၏ ထက်မြက်မှုအပေါ် အားကိုး၍ အားကြီးသူက အားနည်းသူကို အနိုင်ယူနိုင်စွမ်း ရှိသည်မဟုတ်ပါလော။
“ငါ မရှုံးသေးဘူး...”
၆၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားသဖြင့် ယွီယီယောင်၏ စိတ်ဓာတ်မှာ အလွန်ပင် ခိုင်မာလှပေသည်။ သူမသည် ဤမျှလွယ်လွယ်နှင့် ရှုံးနိမ့်သွားလိမ့်မည်ဟု မယုံကြည်နိုင်သဖြင့် သွားကို တင်းတင်းကြိတ်ကာ သူမ၏ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။ ကြယ်ခုနစ်ပွင့်အဆင့်ရှိသော တောက်ပလှသည့် အပြာရောင် လေစီးကြောင်း သိုင်းဝိညာဉ်မှာ လေထဲ၌ ဝေ့ဝဲလာခဲ့ပြီး ချီစွမ်းအင်များကို အစွမ်းကုန် နှိုးဆွလျက် ဆန်းကြယ်လှသော လမ်းကြောင်းများအတိုင်း လက်ထဲရှိ ဓားတိုနှစ်လက်ထံသို့ စီးဝင်သွားတော့သည်။
“တိမ်ယံဝဲပျံ ကောင်းကင်လွှမ်းမိုးခြင်း...”
“ဝှစ်...”
ဓားတိုနှစ်လက်ကို ဝေ့ယမ်းလိုက်သည်နှင့် လေဟာနယ်အတွင်း၌ အလွန်ပင် ထက်မြက်လှသော အပြာရောင် ဓားအလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်များမှာ အရပ်မျက်နှာအနှံ့သို့ ဖြတ်ပြေးလျက် ကောင်းကင်ယံကို ဖုံးလွှမ်းထားသော တိမ်တိုက်ကြီးတစ်ခုအလား လော့ချန်ထံသို့ တိုးဝင်သွားတော့သည်။
“တိမ်အနှစ်သာရလား... ဒါဆိုရင်လည်း ငါ့ရဲ့ တိမ်အနှစ်သာရက ဘယ်လိုလဲဆိုတာ မင်းကို ပြရသေးတာပေါ့...”
လော့ချန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရာ သူ၏ အငွေ့အသက်မှာ တစ်ခဏချင်းမှာပင် ပြောင်းလဲသွားခဲ့ပြီး တိမ်တိုက်ကြီးတစ်ခုအလား သို့မဟုတ် လေညင်းတစ်ခုအလား ဝေဝါးသွားကာ လက်ညှိုးဖြင့် တစ်ချက် ထောက်လိုက်တော့သည်။
“ရှူး...”
ထက်မြက်လှသော ဓားအလင်းတန်းတစ်ခု ထိုးထွက်သွားတော့သည်။ သေချာစွာ ကြည့်လိုက်မည်ဆိုလျှင် ထိုဓားအလင်းတန်းမှာ အလွှာလိုက် ပေါင်းစပ်ထားခြင်းဖြစ်ပြီး အလွန်သေးငယ်လှသော ဓားစွမ်းအင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားကာ တိုးဝင်လာသော ပြင်းထန်လှသော ဓားစွမ်းအင်များအား တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့သည်။
“ရှူး...”
ကောင်းကင်ယံကို ဖုံးလွှမ်းထားသော ဓားစွမ်းအင်များမှာ တစ်ခဏချင်းမှာပင် ဆုတ်ဖြဲခံလိုက်ရပြီး နောက်သို့ပင် ပြန်လည် လွင့်ထွက်သွားတော့သည်။
ယွီယီယောင်၏ သတ်ဖြတ်ကွက်တွင် တိမ်အနှစ်သာရ ပါဝင်နေပြီး သူမ၏ နားလည်မှုမှာလည်း မနိမ့်ကျလှပေ။
နှမြောစရာကောင်းသည်မှာ လော့ချန်သည် ကောင်းကင်ယံဓားစွမ်းရည်ကို ပေါင်းစပ်ရန်အတွက် တိမ်အနှစ်သာရနှင့် လေအနှစ်သာရတို့ကို အလွန်ပင် မြင့်မားလှသော အဆင့်အထိ နားလည်ထားပြီး ဖြစ်၏။ တိမ်အနှစ်သာရ တစ်ခုတည်းဖြင့်ပင် တစ်ဖက်လူအား ဖိနှိပ်နိုင်စွမ်း ရှိနေပြီး လေအနှစ်သာရနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါ နှစ်ခုစလုံးမှာ တစ်ခုနှင့်တစ်ခု အထောက်အကူပြုလျက် စွမ်းအားမှာ ပိုမို မြင့်မားလာတော့သည်။
သူ၏ ရှေ့မှောက်တွင် တိမ်အနှစ်သာရကို ပြသခြင်းမှာ တကယ်ကို မထိုက်တန်လှပေ။
“ရှူး...”
ယွီယီယောင်မှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားစွမ်းအင်၏ ထိမှန်ခြင်းကို ခံလိုက်ရတော့သည်။ ဧရာမ ဓားစွမ်းအင်ကြီးမှာ သူမအား တွန်းထုတ်သွားခဲ့ပြီး လေထဲတွင် မီတာ ထောင်နှင့်ချီ၍ လွင့်ထွက်သွားစေကာ သွေးများလည်း အဆက်မပြတ် အန်ထုတ်လျက် ကွင်းပြင်၏ အပြင်ဘက်သို့ ပြင်းထန်စွာ လွင့်ထွက်သွားတော့သည်။
“စီနီယာအစ်မ ယွီ...”
မင်းသားတန်းတပည့် အချို့မှာ အလျင်အမြန်ပင် နောက်သို့ လိုက်သွားကြတော့သည်။
“ဒါ... စီနီယာအစ်မ ယွီ ရှုံးသွားတာလား... ငါ... ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား...”
“တကယ်ကို လွန်လွန်းတယ်... စီနီယာအစ်မ ယွီယီယောင်က ၆၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတဲ့ ရွှမ်ဟယ်စာရင်း အဆင့် ၁၈ မှာ ရှိတဲ့ ပါရမီရှင် ဓားသမားတစ်ဦးလေ...”
“နှစ်ကွက်တည်းနဲ့ စီနီယာအစ်မကို အနိုင်ယူလိုက်တာဆိုတော့... ဒီလိုရလဒ်မျိုးက ရွှမ်ဟယ်စာရင်းရဲ့ ထိပ်ဆုံး အဆင့် ၁၀ အတွင်းက လူတွေပဲ လုပ်နိုင်မှာ မဟုတ်ဘူးလား...”
“ဒါဆိုရင် လော့ချန်ရဲ့ အစွမ်းက ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးနဲ့ ရင်ပေါင်တန်းနိုင်နေပြီပေါ့...”
ကွင်းပြင်ရှိ အတွင်းစည်းတပည့်များမှာ တစ်ဦးကိုတစ်ဦး မှင်တက်မိစွာ ကြည့်လိုက်ကြပြီး မိမိတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေကြရသည်။
“ယွီယီယောင် ရှုံးသွားတာက အစွမ်းကြောင့် မဟုတ်ဘဲ အနှစ်သာရ နားလည်မှုကြောင့်ပဲ...”
“အင်း... အလွန် မြင့်မားလှတဲ့ တိမ်အနှစ်သာရပဲ... လေအနှစ်သာရနဲ့လည်း ပေါင်းစပ်ထားသေးတယ်... စောစောက ဓားချက်မှာ ပါတဲ့ မိုးကြိုးအနှစ်သာရကလည်း မရိုးရှင်းဘူးနော်...”
“ထူးဆန်းတယ်... စတုတ္ထနယ်ပယ်ကို မရောက်သေးဘဲ မဟာသန်မာသူ မဖြစ်သေးခင်မှာ သိုင်းပညာတွေက အရှိန်အဟုန်ကိုပဲ အလေးထားကြတာလေ... အနှစ်သာရဆိုတာ ရှားပါးလှတာ... ဒီကောင်လေးက သွေးကြောနိုးကြားမှုနယ်ပယ်ကို ရောက်တာ ဘယ်လောက်မှ မရှိသေးဘဲ အနှစ်သာရပိုင်းမှာ ဘာလို့ ဒီလောက်အထိ နှံ့စပ်နေရတာလဲ... သာမန် မဟာသန်မာသူတွေတောင် ဒီလိုမျိုး မလုပ်နိုင်ကြဘူး မဟုတ်လား... သူ ဘယ်လိုများ ကျင့်ကြံထားတာလဲ...”
ကွင်းပြင်ရှိ အတွင်းစည်းတပည့်များသာမက အတွင်းစည်းအကြီးအကဲများပါ မှင်တက်မိနေကြရသည်။
သူတို့ အံ့သြနေရခြင်းမှာ ဤတိုက်ပွဲ၏ ရလဒ်ကြောင့်သာမက လော့ချန် ပြသလိုက်သော အနှစ်သာရ နားလည်မှုများကြောင့်လည်း ဖြစ်၏။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ တပည့်တစ်ဦးမှာ အနှစ်သာရ ကျင့်ကြံမှုအပိုင်း၌ ဤမျှအထိ မြင့်မားလှသော အောင်မြင်မှု ရှိနေသည်ကို သူတို့ မယုံကြည်နိုင် ဖြစ်နေကြရသည်။
ဒါဟာ မဟာသန်မာသူ အဆင့်မြင့် သန်မာသူ အတော်များများထက်ပင် သာလွန်နေသည်မဟုတ်ပါလော။
လေဟာနယ်၏ အထက်တွင် မဟာအကြီးအကဲ မင်၏ မျက်ဝန်းများမှာ တောက်ပနေပြီး ပြုံးလျက် ဆိုလိုက်သည်။
“တကယ်ကို ထူးချွန်ထက်မြက်လှတဲ့ ပါရမီပဲ... သိုင်းဝိညာဉ်ကို ထားဦး... ဒီကောင်လေးရဲ့ ဉာဏ်အလင်းပွင့်မှု ပါရမီကတော့ တကယ်ကို သာမန်မဟုတ်ဘူး... တကယ်လို့ သူသာ အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာ မဟုတ်ရင် သူဟာ တာယွဲ့မင်းဆက်ကနေ ထွက်ခွာပြီး ယွမ်လန်နယ်မြေအုပ်စုရဲ့ ပါရမီရှင်တွေနဲ့ ရင်ပေါင်တန်းနိုင်မှာ သေချာတယ်... နယ်မြေစာရင်း ဝင်ဖို့တောင် မျှော်လင့်ချက် ရှိမှာပဲ...”
မဟာအကြီးအကဲ ချင်ကွေ့က အသာအယာ ပြုံးလိုက်သည်။
“မဟာအကြီးအကဲ မင်က သူ့ရဲ့ သိုင်းဝိညာဉ်က အားနည်းလွန်းတယ်လို့ ထင်နေတယ်ဆိုရင်တော့ သူ့ကို ငါ့ဆီပဲ ပေးလိုက်ပါလား...”
မဟာအကြီးအကဲ မင်က မုတ်ဆိတ်ကို အသာအယာ လှုပ်ယမ်းလျက် အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
“မင်းရဲ့ ကျင့်စဉ်က မဆိုးပေမဲ့ လော့ချန် နဲ့တော့ မကိုက်ညီဘူး... သူက ခန္ဓာသန့်စင်မှုအထွတ်အထိပ်အဆင့်ကို ရောက်နေသလို မိုးကြိုးအနှစ်သာရကိုလည်း ဒီလောက်အထိ နားလည်ထားမှတော့ ငါ့ရဲ့ မိုးကြိုးကျင့်စဉ်ကသာ အသင့်တော်ဆုံးပဲ... ဒါဟာ သူ့ရဲ့ သိုင်းဝိညာဉ် အားနည်းချက်ကို ကျော်လွှားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နိုင်တယ်... ခန္ဓာကိုယ်ကျင့်စဉ်လမ်းကို လျှောက်လှမ်းပြီး ပြိုင်ဘက်ကင်း သန်မာသူတစ်ဦး ဖြစ်လာမှာပေါ့...”
မဟာအကြီးအကဲ ချင်ကွေ့ကမူ ပြုံးနေရုံမှလွဲ၍ ဘာမှ ပြန်မပြောတော့ပေ။
“ဒီကောင်ကတော့...”
ဖုချန်လိသည် လော့ချန်ကို စိုက်ကြည့်လျက် ရှိနေပြီး ယခင်ကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့ဘဲ သူ၏ မျက်ဝန်းမှာ ကျုံ့သွားတော့သည်။
“တောက်... အသုံးမကျတဲ့သိုင်းဝိညာဉ် ရှိတဲ့ အသုံးမကျသူ တစ်ယောက်က ဘာလို့ ဒီလောက်အထိ သန်မာနေရတာလဲ... စီနီယာအစ်မ ယွီယီယောင်တောင် သူ့ကို မတားနိုင်ဘူးလား...”
ဘေးနားရှိ မင်းသားတန်းတပည့် အချို့၏ မျက်နှာပေါ်တွင်လည်း ယခင်ကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ထိတ်လန့်မှုနှင့် မယုံကြည်နိုင်မှုများက အစားထိုး ဝင်ရောက်လာတော့သည်။
ထိုစဉ် လော့ချန်က အကြည့်ကို လွှဲလိုက်ပြီး ဖုချန်လိ ထံသို့ ရောက်ရှိသွားတော့သည်။
“ဖုချန်လိ... မင်းအလှည့်ပဲ... ထွက်ခဲ့စမ်း...”
လော့ချန်၏ အသံမှာ တည်ငြိမ်နေသော်လည်း လူတိုင်း၏ နားထဲတွင်မူ မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်လှပေသည်။
ယွီယီယောင်အား နှစ်ကွက်တည်းနှင့် အနိုင်ယူပြီးနောက် လော့ချန်သည် ဖုချန်လိအား ထပ်မံ၍ တိုက်ရိုက် စိန်ခေါ်လိုက်ပြန်၏။
ဤသည်က လူတိုင်း၏ စိတ်ထဲ၌ တုန်လှုပ်မှုများကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေတော့သည်။
ဖုချန်လိမှာ မည်သို့သော ပုဂ္ဂိုလ်နည်း။ ရွှမ်ဟယ်စာရင်း အဆင့် ၁၀၊ အတွင်းစည်း ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် တစ်ဦး ဖြစ်ရုံတင်မကဘဲ မဟာအကြီးအကဲ ရှီဟွမ်၏ တပည့်ရင်းလည်း ဖြစ်ပေသည်။ သူ၏ အစွမ်းမှာ အလွန်ပင် သန်မာလှပြီး ယွီယီယောင် တို့နှင့် နှိုင်းယှဉ်၍ ရနိုင်သည် မဟုတ်ပေ။
ပြောရလျှင် ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် မည်သူမဆို ထွက်လာခဲ့လျှင် ရွှမ်ဟယ်စာရင်း၏ အဆင့် ၁၀ ပြင်ပရှိ တပည့်အားလုံးကို အေးအေးဆေးဆေး အပြတ်ရှင်းနိုင်စွမ်း ရှိကြသည်မဟုတ်ပါလော။
“ဟဲဟဲ...”
လော့ချန်၏ စိန်ခေါ်မှုကို ကြားရသည့်အခါ ဖုချန်လိ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး ကွင်းပြင်အလယ်တွင် တစ်ခဏချင်းမှာပင် ပေါ်ထွက်လာတော့သည်။
“လော့ချန်... မင်း ငါနဲ့ တိုက်ချင်တယ် ဆိုရင်တော့ ရပါတယ်...”
စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ဖုချန်လိသည် လော့ချန်ကို အထက်မှ ငုံ့ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။
“ဒါပေမဲ့ မင်းရဲ့ အသက်နဲ့တော့ လောင်းကြေးထပ်ရလိမ့်မယ်... ဒီနေ့ မင်းနဲ့ငါ တစ်ယောက်ပဲ ဒီကွင်းပြင်ကနေ အသက်ရှင်ပြီး ထွက်သွားနိုင်မယ်...”
ဖုချန်လိ၏ အသံထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေတော့သည်။
လော့ချန်သည် ယနေ့တွင် မင်းသားတန်းတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သဖြင့် အကယ်၍ သေချာစွာ သင်ခန်းစာ မပေးနိုင်ပါက မင်းသားတန်း၏ ဂုဏ်သိက္ခာမှာ ဘယ်မှာ ရှိတော့ပါမည်နည်း။
၎င်းအပြင် လော့ချန် ပြသလိုက်သော အစွမ်းများမှာ ဖုချန်လိကိုယ်တိုင်ပင် စိတ်ထဲမှ တုန်လှုပ်စေခဲ့သဖြင့် ဤဘေးဒုက္ခကို သူကိုယ်တိုင် အမြစ်ပြတ် ရှင်းလင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
အခန်း ၆၀၇ ပြီးပါပြီ။
အခန်း ၆၀၈ - မိုးကြိုးမီးလျှံရွှေကျောက်
“သေခြင်းရှင်ခြင်းတိုက်ပွဲ... မင်း ဝံ့ရဲရဲ့လား...”
ဖုချန်လိသည် လော့ချန်ကို စိုက်ကြည့်လျက် ရှိနေပြီး သူ၏အကြည့်မှာ အပ်တစ်ချောင်းအလား ထက်မြက်ကာ အေးစက်လှသော အသံမှာ အပြင်စည်းကွင်းပြင်တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားတော့သည်။
လော့ချန်သည် ဖုချန်လိကို စိုက်ကြည့်လျက် စကားပြောရန် ပြင်လိုက်စဉ်...
“ဝှစ်...”
ရုတ်တရက် မိုးကြိုးအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖောက်ထွက်လာခဲ့ပြီး လော့ချန်၏ ရှေ့မှောက်တွင် တစ်ခဏချင်းမှာပင် ပေါ်ထွက်လာကာ ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
ထိုသူမှာ မုတ်ဆိတ်နှင့် ဆံပင်များ ဖြူဖွေးနေသော သူအိုကြီးတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်မှာ အလွန်ပင် ထွားကျိုင်းလှကာ မျက်ခုံးမွှေးမှာလည်း တစ်ဆက်တည်း ရှိနေတော့သည်။ အဝါရောင်ဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး သူ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးစွမ်းအင်များ ဝင်းလက်နေကာ ထိုနေရာတွင် ရပ်နေရုံမျှဖြင့် စိတ်ဝိညာဉ်ကို ဖိနှိပ်ထားသည့်အလား ခံစားနေရတော့သည်။
“မဟာအကြီးအကဲ မင်...”
ရောက်ရှိလာသူကို မြင်ရသည့်အခါ ထိုနေရာရှိ အတွင်းစည်းအကြီးအကဲများမှာ အလျင်အမြန်ပင် ဦးညွှတ်ဂါရဝပြုကြတော့သည်။
မဟာအကြီးအကဲ မင်သည် လော့ချန်ကို တိုက်ရိုက် ကြည့်ကာ ဆိုလိုက်သည်။
“လော့ချန်... မင်းနဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်... ငါနဲ့ လိုက်ခဲ့စမ်း...”
လော့ချန်က ယွီယီယောင်ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းမှာ မဟာအကြီးအကဲမင် အတွက် အတော်လေး ကျေနပ်စရာ ကောင်းလှပေသည်။
သို့သော်လည်း ဖုချန်လိမှာ အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် တစ်ဦးဖြစ်ရုံတင်မကဘဲ မဟာအကြီးအကဲ ရှီဟွမ်၏ တပည့်ရင်းလည်း ဖြစ်ပေသည်။ သူသည် ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားရုံတင်မကဘဲ ရွှမ်ယွမ်ဂိုဏ်း၏ အဆင့်မြင့်ဆုံးသော ကျင့်စဉ်နှင့် သိုင်းပညာရပ်များကိုလည်း ကျင့်ကြံထားသဖြင့် သူ၏ တိုက်ခိုက်မှုစွမ်းအားမှာ သာမန်မဟုတ်ပေ။
လော့ချန်သည် ယွီယီယောင်ကို အနိုင်ယူနိုင်သော်လည်း ဖုချန်လိ နှင့် ရင်ဆိုင်ရန်မှာမူ မလွယ်ကူလှပေ။
ထို့ကြောင့် မဟာအကြီးအကဲ မင်သည် လော့ချန် အထိနာမည်စိုးသဖြင့် ကိုယ်တိုင် ထွက်ပေါ်လာပြီး လော့ချန်ကို ခေါ်ဆောင်သွားရန် ပြင်ဆင်ခြင်း ဖြစ်၏။
လော့ချန်ကို ခေါ်ဆောင်သွားတော့မည်ကို မြင်ရသည့်အခါ ဖုချန်လိ၏ မျက်နှာမှာ တစ်ခဏချင်းမှာပင် ကြည့်ရဆိုးသွားတော့သည်။ သူသည် ဤကိစ္စကို ဤမျှနှင့် လက်လျှော့ရန် အစီအစဉ် မရှိသဖြင့် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ဆိုလိုက်သည်။ “မဟာအကြီးအကဲ မင်...”
“ဟေ...”
မဟာအကြီးအကဲ မင်၏ မျက်မှောင်များမှာ ကြုတ်သွားခဲ့ပြီး ဖုချန်လိ ထံသို့ အကြည့်ကို လွှဲလိုက်ရာ သူ၏ မျက်ဝန်းထဲ၌ မိုးကြိုးများ ဝင်းလက်လာတော့သည်။ ပြင်းထန်လှသော အရှိန်အဟုန်ကြောင့် ဖုချန်လိ ပြောမည့် စကားများမှာ လည်ချောင်းဝမှာတင် တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။
“ဟမ်...”
ထိုစဉ် ကောင်းကင်ယံမှ နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ရှူး...”
လေဟာနယ်အတွင်း၌ မီးလျှံအလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့ပြီး ပြင်းထန်လှသော မီးလျှံများ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခုသည် ကွင်းပြင်၏ ကောင်းကင်ယံသို့ ဆင်းသက်လာတော့သည်။ နေမင်းကြီးအလား မြင့်မားသော နေရာတွင် ရှိနေပြီး ပြင်းထန်လှသော အငွေ့အသက်များကြောင့် ကွင်းပြင်တစ်ခုလုံး၏ အပူချိန်မှာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။
“မဟာအကြီးအကဲ ရှီဟွမ်...”
ထိုနေရာရှိ လူတိုင်းမှာ မျက်နှာများ ပျက်ယွင်းသွားကြရသည်။ နောက်ထပ် မဟာအကြီးအကဲတစ်ဦး ကိုယ်တိုင် ဆင်းသက်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားကြပေ။
အတွင်းစည်းအကြီးအကဲ အတော်များများ သိထားကြသည်မှာ မဟာအကြီးအကဲ ရှီဟွမ်သည် မင်းသားတန်းကို ထောက်ခံသူတစ်ဦး ဖြစ်ပြီး မဟာအကြီးအကဲမင် နှင့်လည်း အမြဲတမ်း မတည့်ကြသူများ ဖြစ်ကြရာ ယခုအချိန်တွင် ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု လုံးဝ မဟုတ်သည်မှာ သေချာလှပေသည်။
မဟာအကြီးအကဲ ရှီဟွမ်သည် လော့ချန်ကို တစ်ချက် ငုံ့ကြည့်လိုက်ရာ သူ၏ အကြည့်မှာ နေမင်းကြီး ပြိုလဲကျလာသည့်အလား ရှိနေသဖြင့် လူတစ်ဦးအား အလိုအလျောက် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်စေကာ ဒူးထောက်ချင်စိတ်များ ဖြစ်ပေါ်စေတော့သည်။
လော့ချန်မှာမူ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်း၌ ရွှေရောင်လှိုင်းတံပိုးများ ထန်သွားခဲ့သဖြင့် မျက်နှာမှာ ပြောင်းလဲခြင်း မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်၏။
“ဟဲဟဲ...”
မဟာအကြီးအကဲ ရှီဟွမ်သည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အေးစက်စွာ ရယ်မောလိုက်ကာ မဟာအကြီးအကဲ မင်ကို ကြည့်လျက် ဆိုလိုက်သည်။
“အကြီးအကဲ မင်... ဒါက တပည့်တွေကြားက ရန်ငြိုးပဲလေ... သူတို့ဘာသာသူတို့ ဖြေရှင်းကြတာက ပိုပြီး သင့်တော်တာပေါ့... မင်းက အခုလို ဝင်ပါနေတာကတော့ မကောင်းဘူး ထင်တယ်နော်...”
“ဘာက မကောင်းတာလဲ...”
မဟာအကြီးအကဲ မင်၏ စရိုက်မှာ ဒေါသကြီးသူဖြစ်သဖြင့် မဟာအကြီးအကဲ ရှီဟွမ်ကို လုံးဝ ဂရုမစိုက်ဘဲ လော့ချန်ကိုသာ လှမ်းပြောလိုက်သည်။
“လော့ချန်... သွားကြစို့...”
စကားအဆုံးတွင် မဟာအကြီးအကဲ မင်သည် လော့ချန်၏ လက်မောင်းကို ဆွဲကိုင်လျက် ထွက်ခွာရန် ပြင်လိုက်သည်။
ထိုမြင်ကွင်းကို မြင်ရသည့်အခါ ဖုချန်လိသည် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့ပြီး လက်အုပ်ချီလျက် ဆိုလိုက်သည်။ “မဟာအကြီးအကဲ... ကျွန်တော်နဲ့ လော့ချန်က အရင်ကတည်းက ကတိပေးထားပြီးသားပါ... ဒီတိုက်ပွဲက သေချာပေါက် ဖြစ်လာရမှာပါ... ကျေးဇူးပြုပြီး သူ့ကို ကျွန်တော်နဲ့ တိုက်ခိုက်ခွင့် အရင်ပေးပါဦး...”
“ပါးစပ်ပိတ်စမ်း... မင်းက အတွင်းစည်း ထိပ်သီးတပည့် ဆယ်ဦး အဆင့်အတန်းနဲ့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်ပဲ ရှိသေးတဲ့သူကို စိန်ခေါ်နေတာ မရှက်ဘူးလား...”
မဟာအကြီးအကဲ မင်က မျက်လုံးများကို ပြူးလျက် ဒေါသထွက်ရန် ပြင်လိုက်စဉ်...
လော့ချန်က စကားပြောလာတော့သည်။
“မဟာအကြီးအကဲ မင်... သူပြောတာ မှန်ပါတယ်... ဒီတိုက်ပွဲက သေချာပေါက် ဖြစ်လာရမှာပါ...”
ဤစကားကို ကြားရသည့်အခါ မဟာအကြီးအကဲ မင်သည် ပြင်းထန်စွာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲမှလည်း ဒေါသများ ထွက်ပေါ်လာတော့သည်။ လော့ချန်သည် အခြေအနေကို နားမလည်ဘဲ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦး ဆိုသည်မှာ အေးအေးဆေးဆေး နှိပ်စက်လို့ရသော လူများဟု ထင်နေသည်လားဟု သူ တွေးလိုက်မိသည်။
“လျှောက်မပြောနဲ့ဦး... ကောင်းပြီလေ... တိုက်ပွဲကိစ္စကိုတော့ နောက်မှ ပြောကြတာပေါ့...”
မဟာအကြီးအကဲ မင်သည် လော့ချန် တစ်ခုခုဖြစ်မှာကို မလိုလားသဖြင့် သူ့ကို အတင်းအကျပ် ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။
လော့ချန်မှာမူ ဘာမှမတတ်နိုင်တော့ပေ။ မဟာအကြီးအကဲ မင် ဘာကို စိုးရိမ်နေသလဲဆိုသည်ကို သူ သဘာဝကျကျ သိရှိသော်လည်း ထွက်ပေါ်လာသူမှာ မဟာအကြီးအကဲ ချင်ကွေ့ မဟုတ်ဘဲ တစ်ဖက်လူ ဖြစ်နေသဖြင့် သူ အံ့သြမိသွားသည်။
သူ မှတ်မိထားသည်မှာ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က မဟာအကြီးအကဲ မင်သည် သူ့အား စကားပင် မပြောချင်လောက်အောင် လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ သူ့အား ဤမျှအထိ အလေးထားနေပြီ ဖြစ်၏။
“တကယ်ပဲ အစွမ်းကသာ အရာအားလုံးပဲ... ထူးချွန်မှသာ သူများက အလေးထားတာကိုး...”
လော့ချန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး တစ်ဖက်လူအား နားဝင်အောင် ပြောရန် ခက်ခဲလိမ့်မည်ကို သိရှိသဖြင့် သူ၏ ဓားဆန္ဒကို နှိုးဆွလျက် သူ၏လက်မောင်းမှတစ်ဆင့် မဟာအကြီးအကဲ မင်၏ လက်ဖဝါးထံသို့ စီးဝင်စေလိုက်တော့သည်။
“ဟင်...”
ထွက်ခွာရန် ပြင်ဆင်နေသော မဟာအကြီးအကဲ မင်သည် တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး လော့ချန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲ၌ မိုးကြိုးသဖွယ် ဝင်းလက်နေတော့သည်။ သူသည် လော့ချန်ကို အသေအချာ စိုက်ကြည့်လျက် နှုတ်မှ စကားသံတချို့ ထွက်လာသည်။
“မင်း... မင်း...”
လော့ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး အကြီးအကဲအား စိတ်ချရန် အကြည့်ဖြင့် ပြသလိုက်တော့သည်။
ထိုစဉ် မဟာအကြီးအကဲ ရှီဟွမ်သည် ဖုချန်လိ၏ ဘေးသို့ ဆင်းသက်လာခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ဆိုလိုက်သည်။
“အကြီးအကဲ မင်... သူတို့နှစ်ဦးစလုံးက ကိုယ့်ဆန္ဒအလျောက် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲချင်နေကြတာလေ... ဘယ်သူ့မှာမှ တားဆီးပိုင်ခွင့် မရှိဘူး... မင်းက အခု သူ့ကို ခေါ်သွားမယ်ဆိုရင်တော့ သူ့ကို ကြောက်လို့ ထွက်ပြေးတယ်ဆိုတဲ့ နာမည်ဆိုးကြီး ပေးလိုက်တာနဲ့ အတူတူပဲ... အဲဒီကျရင် သူက လူပုံအလယ်မှာ ခေါင်းမော့နိုင်မှာ မဟုတ်တော့ဘူး... မင်းလည်း ဘက်လိုက်တယ်ဆိုတဲ့ နာမည်ဆိုးကြီး ရသွားမှာပေါ့...”
သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း လုံးဝ ဖယ်ပေးမည့် အရိပ်အယောင် မရှိဘဲ မဟာအကြီးအကဲ မင် အား ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေခြင်း ဖြစ်၏။
သာမန်အချိန်ဆိုလျှင် မဟာအကြီးအကဲ မင်သည် သေချာပေါက် ဒေါသပေါက်ကွဲမှာ ဖြစ်သော်လည်း ယခုမူ ထူးဆန်းစွာ တည်ငြိမ်နေပြီး ခေါင်းညိတ်လျက် ဆိုလိုက်သည်။
“သူတို့နှစ်ဦးစလုံးက ကိုယ့်ဆန္ဒအလျောက် သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုရင်တော့ ငါတို့က ခွင့်ပြုရမှာပေါ့... ဒါပေမဲ့...”
စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး မဟာအကြီးအကဲ မင်က ဖုချန်လိကို လက်ညှိုးညွှန်ပြလျက် ဆိုလိုက်သည်။
“ရှီဟွမ်... မင်းက သူတို့ကို သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲစေချင်မှတော့ ဒီကောင်လေးက ဒီနေ့မှာ ရှုံးနိမ့်သွားမှာကို မကြောက်ဘူးလား... မဟာအကြီးအကဲ တစ်ဦးရဲ့ တပည့်ရင်းဖြစ်တဲ့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူတစ်ဦးက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ သန်မာသူတစ်ဦးရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်ဆိုရင် ဒီသတင်းသာ ပြန့်သွားရင်တော့ သိပ်ပြီး နားထောင်လို့ ကောင်းမှာ မဟုတ်ဘူးနော်...”
မဟာအကြီးအကဲ ရှီဟွမ်က အေးစက်စွာ ပြုံးလိုက်သည်။
“စိတ်ချပါ... အဲဒီလို ဖြစ်လာဖို့က လုံးဝ အခွင့်အရေး မရှိပါဘူး... ငါ ပြုစုပျိုးထောင်ထားတဲ့ တပည့်က မင်းရဲ့တပည့်လိုမျိုး အစွမ်းမရှိဘဲ သူများနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲပြီး မြေမြှုပ်ဖို့ အလောင်တောင် မကျန်ခဲ့တဲ့ အသုံးမကျတဲ့သူ မဟုတ်ဘူး...”
ဤစကားကို ကြားရသည့်အခါ ကွင်းပြင်တစ်ခုလုံး၏ အငွေ့အသက်မှာ တစ်ခဏချင်းမှာပင် အေးခဲသွားတော့သည်။
အတွင်းရေးကို သိရှိကြသူများမှာမူ အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်သွားကြရသည်။
လွန်ခဲ့သော ဆယ်နှစ်ခန့်က မဟာအကြီးအကဲ မင်သည် တပည့်ရင်းတစ်ဦးကို လက်ခံခဲ့ဖူးသည်။ ထိုသူ၏ ပါရမီမှာ အလွန်ပင် ထူးချွန်လှပြီး ဆယ်ကြယ်ပွင့်အဆင့် ဝိညာဉ်သိုင်းဝိညာဉ်ကို နိုးကြားထားကာ အသက် ၁၈ နှစ်ပင် မပြည့်သေးခင်မှာပင် စတုတ္ထနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး မဟာသန်မာသူ တစ်ဦး ဖြစ်လာခဲ့သဖြင့် နောင်တစ်ချိန်တွင် နယ်မြေစာရင်း ဝင်နိုင်မည့်သူဟုပင် အများက ယူဆခဲ့ကြသည်။
သို့သော်လည်း ထိုသူမှာ ငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုများ ရရှိခဲ့သဖြင့် အနည်းငယ် မောက်မာခဲ့ရာ ခရီးထွက်စဉ်တွင် မိမိထက် ကျင့်ကြံဆင့် မြင့်မားသော လျှပ်ယွမ်ဂိုဏ်း၏ အဓိကတပည့် တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲခဲ့ရာ နောက်ဆုံးတွင် မြေမြှုပ်စရာ အလောင်းပင် မကျန်ခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
ဤကိစ္စသည် မဟာအကြီးအကဲ မင်၏ စိတ်ထဲ၌ နာကျင်စရာ အချက်တစ်ခု ဖြစ်ခဲ့သဖြင့် လွန်ခဲ့သော ဆယ်နှစ်ကျော်အတွင်း သူသည် မည်သည့်တပည့်ကိုမျှ ထပ်မံ လက်မခံတော့ဘဲ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သော်လည်း ယနေ့တွင်မူ မဟာအကြီးအကဲ ရှီဟွမ်က ထိုကိစ္စကို ပြန်လည် ဖော်ထုတ်လိုက်ခြင်း ဖြစ်၏။
မဟာအကြီးအကဲ မင်၏ မျက်ခုံးများမှာ ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး သူ၏ တစ်ကိုယ်လုံးတွင် မိုးကြိုးလျှပ်စီးများ စီးဆင်းလာကာ လေဟာနယ်မှာပင် ပျက်ယွင်းသွားတော့သည်။ လူတိုင်းသည် မီးတောင်ပေါက်ကွဲတော့မည့်အလား အသက်ရှူကျပ်သော ခံစားချက်ကို ရရှိလိုက်ကြသည်။
လူတိုင်းက မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မည်ဟု ယူဆနေစဉ်မှာပင် မဟာအကြီးအကဲ မင်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး မဟာအကြီးအကဲ ရှီဟွမ်ကို စိုက်ကြည့်လျက် အေးစက်စွာ ဆိုလိုက်သည်။
“ရှီဟွမ်... မင်းက မင်းရဲ့တပည့်အပေါ်မှာ ဒီလောက်အထိ ယုံကြည်မှု ရှိနေပြီး ငါကလည်း လော့ချန်ကို သဘောကျနေမှတော့... ငါတို့ လောင်းကြေးထပ်ကြရအောင်လေ...”
“ဩော်... မင်းက ဘာကို လောင်းချင်တာလဲ...”
မဟာအကြီးအကဲ ရှီဟွမ်က အေးဆေးတည်ငြိမ်စွာပင် ပြန်မေးလိုက်သည်။
မဟာအကြီးအကဲ မင်က ဆိုလိုက်သည်။
“မင်း မကြာသေးခင်ကမှ မိုးကြိုးမီးလျှံရွှေကျောက် တစ်ခု ရထားတယ်လို့ ငါ ကြားတယ်...”
“မိုးကြိုးမီးလျှံရွှေကျောက် ဟုတ်လား...”
ဤစကားကို ကြားရသည့်အခါ မဟာအကြီးအကဲ ရှီဟွမ်၏ မျက်နှာမှာ အေးစက်သွားတော့သည်။
မိုးကြိုးမီးလျှံရွှေကျောက် ဆိုသည်မှာ မိုးကြိုးချီစွမ်းအင်နှင့် မီးလျှံချီစွမ်းအင်တို့ ပေါင်းစပ်လျက် နှစ်ပေါင်း သောင်းနှင့်ချီ၍ ဖြစ်ပေါ်လာသော ရတနာတစ်ခု ဖြစ်ပြီး တိုက်ဆိုင်မှုတစ်ခုကြောင့်သာ သူ၏ လက်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်၏။ ၎င်းမှာ သူ ကျင့်ကြံနေသော မီးလျှံကျင့်စဉ်အတွက် အလွန်ပင် အထောက်အကူပြုလှပေသည်။ မဟာအကြီးအကဲ မင်က စစချင်းမှာပင် ဤအရာကို လောင်းကြေးအဖြစ် တောင်းဆိုလိုက်ခြင်းမှာ တကယ်ကို အံ့အားသင့်စရာပင်။
“ဘာလဲ... မလောင်းရဲဘူးလား...”
မဟာအကြီးအကဲ မင်က တစ်ဖက်လူ မဖြေကြားသေးသည်ကို မြင်ရသည့်အခါ အေးစက်စွာ လှောင်ရယ်လိုက်သည်။
“ဟမ့်... ငါက ဘာကို မလောင်းရဲရမှာလဲ... ငါ ရှီဟွမ်က ဘယ်သူ့ကိုမှ ရှုံးနိမ့်ဖူးတာ မဟုတ်ဘူး...”
မဟာအကြီးအကဲ ရှီဟွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆိုလိုက်သည်။ “ဒါပေမဲ့ မင်းက ငါ့ရဲ့ မိုးကြိုးမီးလျှံရွှေကျောက် အတွက် ဘာနဲ့ ပြန်ပြီး လောင်းမှာလဲ...”
“ဒါနဲ့ပေါ့...”
မဟာအကြီးအကဲ မင်က စကားအရှည်ကြီး မပြောတော့ဘဲ သူ၏ လက်ချောင်းကို အသာအယာ လှုပ်ယမ်းလိုက်ရာ တစ်ပေခန့် မြင့်မားပြီး တစ်ကိုယ်လုံး မီးနီရောင် တောက်ပနေကာ အရွက်ခုနစ်ရွက် ရှိသော အပင်တစ်ပင် သူ၏ လက်ဖဝါးပေါ်တွင် ပေါ်ထွက်လာတော့သည်။ ထိုအပင်ထံမှ အငွေ့အသက်များ ထွက်ပေါ်လာချိန်တွင် ကြယ်ခုနစ်ပွင့်မှာလည်း လိုက်ပါ၍ ဝင်းလက်နေသည့်အလား ရှိနေတော့သည်။
ထိုအပင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လော့ချန်သည် အလွန်ပင် ပြင်းထန်လှသော အငွေ့အသက်တစ်ခု သူ၏မျက်နှာထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။
တစ်ခဏချင်းမှာပင် သူသည် မည်သည့်အချိန်တွင်မဆို မီးလောင်သွားနိုင်သည်ဟုပင် ခံစားလိုက်ရသဖြင့် အကာအကွယ် ချီစွမ်းအင်များကို နှိုးဆွလိုက်မှသာ အနည်းငယ် သက်သာသွားတော့သည်။ စိတ်ထဲမှလည်း မဟာအကြီးအကဲ တစ်ဦး ဖြစ်သည့်အတိုင်း လက်တစ်ချက် လှုပ်ယမ်းလိုက်ရုံဖြင့် ကြယ်ခုနစ်ပွင့်အဆင့်ရှိသော ဝိညာဉ်ဆေးပင် ကဲ့သို့သော ရတနာများကို ထုတ်ပြနိုင်ခြင်းမှာ အံ့သြစရာပင်ဟု တွေးလိုက်မိသည်။
“ခုနစ်ရွက်မီးလျှံမြက်ပင် ပဲ...”
ထိုဝိညာဉ်မြက်ပင်ကို မြင်ရသည့်အခါ မဟာအကြီးအကဲ ရှီဟွမ်၏ မျက်ဝန်းမှာ တစ်ခဏချင်း တောက်ပသွားတော့သည်။ ဤ ခုနစ်ရွက်မီးလျှံမြက်ပင်၏ တန်ဖိုးမှာ သူ၏ မိုးကြိုးမီးလျှံရွှေကျောက်ထက် အနည်းငယ် နိမ့်ကျသော်လည်း မီးလျှံအခြေခံ ဝိညာဉ်မြက်ပင် ဖြစ်သဖြင့် သူ၏ ကျင့်စဉ်အတွက်ဆိုလျှင် မိုးကြိုးမီးလျှံရွှေကျောက် ထက်ပင် ပို၍ အသုံးဝင်လှပေသည်။
“ကောင်းပြီလေ... မင်းရဲ့ ဒီခုနစ်ရွက်မီးလျှံမြက်ပင်ကိုတော့ ငါ ယူလိုက်တော့မယ်... ဟားဟားဟား...”
မဟာအကြီးအကဲ ရှီဟွမ်က ဖုချန်လိ၏ ပုခုံးကို အသာအယာ ပုတ်လိုက်ပြီး လော့ချန်ကို တစ်ချက် ကြည့်ကာ အားရပါးရ ရယ်မောလိုက်တော့သည်။
အခန်း ၆၀၈ ပြီးပါပြီ။
အခန်း ၆၀၉ - ထိပ်သီးမျိုးဆက်တပည့်နှင့် တိုက်ပွဲ... ရွှမ်ဟော်ချီကျင့်စဉ်
“ငါ့ရဲ့ ခုနစ်ရွက်မီးလျှံမြက်ပင်ကို လိုချင်တယ်ဆိုရင်တော့... မင်းရဲ့ တပည့်မှာ အဲဒီလောက် အရည်အချင်း ရှိ၊ မရှိ အရင်ကြည့်ရသေးတာပေါ့...”
မဟာအကြီးအကဲ ရှီဟွမ်၏ စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင် မဟာအကြီးအကဲ မင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လော့ချန်ဘက်သို့ လှည့်ကာ ဆိုလိုက်သည်။
“လော့ချန်... ခဏနေရင် မင်း စိတ်ကြိုက်သာ တိုက်ခိုက်ပါ... ဘာကိုမှ အားနာနေစရာ မလိုဘူး...”
မဟာအကြီးအကဲ ရှီဟွမ် ရှိနေသဖြင့်လည်းကောင်း၊ ဖုချန်လိမှာ တစ်ဖက်လူ၏ တပည့်ရင်း ဖြစ်နေသဖြင့်လည်းကောင်း လော့ချန်အနေဖြင့် လက်တွန့်သွားမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်၏။
“ဟုတ်ကဲ့ပါ...”
လော့ချန်က လက်အုပ်ချီ၍ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ စိတ်ထဲတွင် မည်သည့် ဖိအားမျှ ရှိမနေပေ။
ယနေ့ သူ၏ ရည်ရွယ်ချက်မှာ သူ၏ အစွမ်းများကို အစွမ်းကုန် ထုတ်ဖော်ပြသရန်နှင့် အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအနက် တစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။
အကယ်၍ သူသာ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးအဆင့်သို့ တက်လှမ်းနိုင်ပါက ဂိုဏ်းအတွင်း၌ သူ၏ အဆင့်အတန်းမှာ လုံးဝ ပြောင်းလဲသွားမည်ဖြစ်ပြီး နောင်တစ်ချိန်တွင် မည်သူမျှ သူ့အား ပေါ်ပေါ်ထင်ထင် ရန်စရဲလိမ့်မည် မဟုတ်ပေ။
အနည်းဆုံးတော့ လူပုံအလယ်တွင် ဖြစ်သည်။
ဖုချန်လိ၏ အဆင့်အတန်း မြင့်မားလေ၊ အစွမ်း သန်မာလေလေ... လော့ချန်အတွက် ပို၍ပင် ကောင်းမွန်လေ ဖြစ်သည်။ သူသည် တစ်ဖက်လူကို နင်းခြေ၍ အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးစာရင်းဝင်အဖြစ် တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားစေရမည်။
“ဟဲဟဲ...”
မဟာအကြီးအကဲ ရှီဟွမ်သည် လော့ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဖုချန်လိ... မင်း ဒီလောက်ကြာအောင် တံခါးပိတ်ကျင့်ကြံထားတဲ့ ရလဒ်တွေကို ဆရာ့ကို ပြစမ်းပါဦး... တကယ်လို့ မင်းက ဆရာ့အတွက် ခုနစ်ရွက်မီးလျှံမြက်ပင်ကို နိုင်အောင် ယူပေးနိုင်မယ်ဆိုရင်... ငါက မိုးကြိုးမီးလျှံရွှေကျောက်ကို မင်းကို ဆုလာဘ်အဖြစ် ပေးမယ်...”
“ကျေးဇူးတင်ပါတယ် ဆရာ...”
ဖုချန်လိ၏ မျက်ဝန်းများမှာ တစ်ခဏချင်း တောက်ပသွားခဲ့ပြီး လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ထက်မြက်နေတော့သည်။
ဤ မိုးကြိုးမီးလျှံရွှေကျောက်သာ ရှိမည်ဆိုလျှင် သူ စတုတ္ထနယ်ပယ် သို့ တက်လှမ်းရန် ခြေတစ်လှမ်း ပိုမို နီးစပ်သွားမှာ သေချာလှပေသည်။
“ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့...”
မဟာအကြီးအကဲ မင်က စကားအရှည်ကြီး မပြောတော့ဘဲ သူ၏ ထက်မြက်လှသော အကြည့်ဖြင့် မဟာအကြီးအကဲ ရှီဟွမ်ကို လေထဲတွင် တစ်ချက် ဆိုင်လိုက်ရာ ပြင်းထန်လှသော ဖိအားများကြောင့် လေဟာနယ်မှာပင် တုန်ခါသွားတော့သည်။ ထို့နောက် သူ၏ ပုံရိပ်မှာ မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
လေဟာနယ်၏ အထက်တွင်...
မဟာအကြီးအကဲ ချင်ကွေ့က လေးနက်စွာ ဆိုလိုက်သည်။
“မင်း တကယ်ပဲ လော့ချန်နဲ့ ဖုချန်လိကို သေခြင်းရှင်ခြင်းတိုက်ပွဲ ဆင်နွှဲစေမှာလား... ဖုချန်လိက မရိုးရှင်းဘူးနော်... သူက ၇၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတာ ကြာပြီဖြစ်သလို အကြီးအကဲ ရှီဟွမ်ရဲ့ ရွှမ်ဟော်ချီကျင့်စဉ်ကိုလည်း ကျင့်ကြံထားတာလေ... သူ့ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်ပဲ ဖြစ်ဖြစ် တိုက်ခိုက်မှုစွမ်းအားကတော့ ထိပ်တန်းအဆင့်မှာ ရှိနေတာ...”
“လော့ချန်ရဲ့ တိုက်ခိုက်မှုစွမ်းအားက သန်မာတယ်ဆိုပေမဲ့ ကျင့်ကြံဆင့်က နိမ့်လွန်းနေသေးတယ်... သူကလည်း ဓားသမားတစ်ဦး ဖြစ်နေပြန်တော့ ဓားအရှိန်အဟုန်မှာ ဖိနှိပ်ခံရနိုင်ခြေ ရှိတယ်... ဒီအတိုင်းဆိုရင်တော့ ဖုချန်လိကို ယှဉ်ဖို့က ခက်လိမ့်မယ်...”
မဟာအကြီးအကဲ ချင်ကွေ့သည် အေးဆေးတည်ငြိမ်စွာပင် ဤတိုက်ပွဲ၏ အားသာချက်၊ အားနည်းချက်များကို ဝေဖန်သုံးသပ်လိုက်သည်။
မဟာအကြီးအကဲ မင်က ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးမှ ပြန်လည် ခါယမ်းလိုက်ကာ ပြုံးလျက် ဆိုလိုက်သည်။
“လော့ချန် ဖိနှိပ်ခံရမယ် ဆိုတာကတော့... မသေချာသေးပါဘူး...”
မဟာအကြီးအကဲ ချင်ကွေ့မှာ မှင်တက်မိသွားပြီး မဟာအကြီးအကဲ မင်ကို အံ့သြတကြီး ကြည့်လိုက်မိသည်။
“မင်း ဘာလို့ လော့ချန် အပေါ်မှာ ဒီလောက်အထိ ယုံကြည်မှု ရှိနေရတာလဲ... ခက်ခက်ခဲခဲ ရထားတဲ့ ခုနစ်ရွက်မီးလျှံမြက်ပင်ကိုတောင် လောင်းကြေးထပ်လိုက်တယ်ဆိုတော့... ဒါက မင်းရဲ့ စရိုက်မျိုး မဟုတ်ဘူးနော်... ဘာတွေ ဖြစ်ခဲ့တာလဲ... ရှီဟွမ်နဲ့ ပြိုင်ဆိုင်ချင်ရုံ သက်သက်ပဲလား...”
မဟာအကြီးအကဲ မင်က သူ၏ မုတ်ဆိတ်ရှည်ကို အသာအယာ သပ်လိုက်ပြီး နက်နဲလှသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“စောင့်ကြည့်နေလိုက်စမ်းပါ... မင်း သိလာပါလိမ့်မယ်... ဒါနဲ့ လော့ချန်ကို ငါ့ရဲ့ တပည့်အဖြစ် ယူမယ့်ကိစ္စကိုတော့ ငါတို့ကတိပေးထားပြီးသားနော်... မင်း ငါနဲ့ လာမလုနဲ့ဦး...”
မဟာအကြီးအကဲ မင် ဤမျှအထိ အေးဆေးတည်ငြိမ်နေသည်ကို မြင်ရသည့်အခါ မဟာအကြီးအကဲ ချင်ကွေ့၏ စိတ်ထဲတွင် ပိုမို သံသယများ ဖြစ်ပေါ်လာခဲ့ပြီး လော့ချန်ကို အသေအချာ ပြန်လည် အကဲခတ်လိုက်သော်လည်း မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့သေးပေ။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်ဖြင့် အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးကို စိန်ခေါ်ခြင်းမှာ အမှန်တကယ်ပင် ယုတ္တိမရှိသော ကိစ္စတစ်ခု ဖြစ်သည်မဟုတ်ပါလော။
“ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
မဟာအကြီးအကဲ ချင်ကွေ့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး သူမ၏ စူးစမ်းလိုစိတ်မှာလည်း မြင့်တက်လာတော့သည်။
“ဟဲဟဲ... လော့ချန်... ဒီနေရာက ငါတို့ တိုက်ခိုက်ဖို့အတွက် မသင့်တော်ဘူး... စင်မြင့်ပေါ်မှာပဲ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ကြရအောင်...”
ဖုချန်လိက အသာအယာ ရယ်မောလိုက်ပြီး သူ၏ ပုံရိပ်မှာ တစ်ခဏချင်း ဝေဝါးသွားကာ ကွင်းပြင်၏ ဘယ်ဘက်ရှိ အတွင်းစည်း သိုင်းပြိုင်ကွင်းရှိရာသို့ ပျံသန်းသွားတော့သည်။
လော့ချန်မှာမူ စကားအရှည်ကြီး မပြောတော့ဘဲ ထိုသူ၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားတော့သည်။
“မြန်မြန် လိုက်ကြမယ်...”
“ဟင်း... အဓိကတပည့် တစ်ဦးနဲ့ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးကြားက သေခြင်းရှင်ခြင်းတိုက်ပွဲ ဆိုတာမျိုးကို ငါ တစ်ခါမှ မကြားဖူးသေးဘူး... ဒါ တကယ်ကို အံ့သြစရာပဲ...”
“ဒါဟာ တကယ်ကို ရူးသွပ်လွန်းတာပဲ... ရူးသွပ်လွန်းတာပဲ... လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ပဲ ရှိသေးတာလေ... သူက ဘယ်လို သတ္တိမျိုးနဲ့ စိန်ခေါ်ရဲတာလဲ...”
ကွင်းပြင်ရှိ တပည့်များနှင့် အကြီးအကဲများမှာ စိတ်လှုပ်ရှားစွာဖြင့် သိုင်းပြိုင်ကွင်းရှိရာသို့ အပြေးအလွှား သွားကြတော့သည်။
ယခင်က နှစ်စဉ်နှစ်တိုင်းတွင် ပါရမီရှင်သစ်များက ဝါရင့်ပါရမီရှင်များကို လာရောက် စိန်ခေါ်လေ့ရှိသော်လည်း ယခုကဲ့သို့ တုန်လှုပ်စရာ ကောင်းသော တိုက်ပွဲမျိုးကိုမူ သူတို့ တစ်ခါမှ မကြုံဖူးခဲ့ကြပေ။
ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဖြစ်စေ... ထိပ်တန်းတိုက်ပွဲတစ်ခု ဖြစ်လာမည်ကတော့ သေချာလှပေသည်။
အတွင်းစည်း သိုင်းပြိုင်စင်မြင့်များမှာလည်း အပြင်စည်းနှင့် အတူတူပင်ဖြစ်ပြီး လေးထောင့်ပုံစံ စင်မြင့်များစွာ ရှိနေသော်လည်း ဤစင်မြင့်များမှာ ပိုမို ကျယ်ဝန်းလှပြီး မိုင်ပေါင်းများစွာ ရှည်လျားလှပေသည်။ ထို့ပြင် အကာအကွယ် စီရင်ထူးများ ရှိနေသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ်မှ ထိပ်တန်း သန်မာသူများ၏ တိုက်ပွဲကို ခုခံနိုင်စွမ်း ရှိကြပေသည်။
“ဝှစ်...”
ဖုချန်လိသည် အလယ်ဗဟိုရှိ သိုင်းပြိုင်စင်မြင့်တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး လော့ချန်ကလည်း သူ၏နောက်မှ ဆင်းသက်လာကာ နှစ်ဦးသားမှာ မီတာ တစ်ရာခန့် အကွာတွင် ရပ်လိုက်ကြသည်။
“မဆိုးပါဘူး... မင်း ထွက်မပြေးတာကိုပဲ ချီးကျူးရမယ်... မင်းရဲ့ အစွမ်းကို ထားဦး... သတ္တိရှိတာကိုတော့ ငါ အသိအမှတ်ပြုပါတယ်...”
“ဒါပေမဲ့ နှမြောစရာကောင်းတာက သတ္တိပဲ ရှိပြီး အစွမ်းမရှိတာကတော့ သေချင်နေတဲ့ လူမိုက်တစ်ယောက်ပဲ ဖြစ်မှာပေါ့... မင်း သိုင်းပြိုင်စင်မြင့်ပေါ်ကို တက်လာတဲ့ အချိန်ကတည်းက မင်းရဲ့ အသက်ရှင်ဖို့ အခွင့်အရေးက ဆုံးရှုံးသွားခဲ့ပြီ...”
ဖုချန်လိသည် လော့ချန် လိုက်ပါလာသည်ကို မြင်ရသည့်အခါ လှောင်ပြုံးတစ်ခု ပြုံးလိုက်ပြီး မောက်မာစွာ ဆိုလိုက်သည်။
ထိုစကားကြောင့် လော့ချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းခါယမ်းလျက် ဆိုလိုက်သည်။
“အင်း... အမှန်အတိုင်း ပြောရရင်... ငါ ဒီနေ့ ကျင်းမင်ကိုပဲ သတ်ချင်တာပါ... ဒါပေမဲ့ မင်းတို့က တစ်ယောက်ပြီးတစ်ယောက် သေချင်နေကြမှတော့... ငါလည်း ဖြည့်ဆည်းပေးရမှာပေါ့...”
“ဟားဟား...”
ဖုချန်လိသည် မည်မျှပင် စိတ်ရှည်သူဖြစ်ပါစေ ဤမျှအထိ အထင်သေးခံရသည့်အခါ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ သူ၏ကိုယ်တွင်းမှ ပြင်းထန်လှသော ချီစွမ်းအင် လှုပ်ခတ်မှုများ ထွက်ပေါ်လာခဲ့ပြီး အေးစက်စွာ ဆိုလိုက်သည်။
“မင်းက လူမိုက်တစ်ယောက်ပဲလို့ ငါ ထင်ထားတာ... အခုတော့ မင်းက တကယ်ပဲ အသိဉာဏ်မရှိတဲ့ လူအ တစ်ယောက်ပဲကိုး... သေခါနီးတာတောင် စကားကြီး စကားကျယ် ပြောနေသေးတယ်ပေါ့... စီနီယာကျင်းမင်ကို သတ်မယ် ဟုတ်လား... မင်းမှာ အဲဒီလောက် အစွမ်းရှိလို့လား... မင်းက ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦး ဆိုတာကို ဘာထင်နေတာလဲ... မင်းကို သတ်ဖို့က ငါ့အတွက် လက်ဖျောက်တစ်ချက် တီးရုံပဲ လိုတယ်...”
“ဘုန်း...”
စကားအဆုံးတွင် ဖုချန်လိသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ သူ၏ကိုယ်တွင်းမှ ချီစွမ်းအင်များမှာ လုံးဝ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသော မီးလျှံလှိုင်းကြီးတစ်ခုအလား ပြောင်းလဲသွားတော့သည်။ ပြင်းထန်လှသော ဖိအားများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ပူပြင်းလှသော အပူရှိန်ကြောင့် တဖြောက်ဖြောက် မြည်ဟည်းနေကာ အရှိန်အဟုန်မှာ တုန်လှုပ်စရာ ကောင်းလှပေသည်။
“တကယ် သန်မာတဲ့ အရှိန်အဟုန်ပဲ...”
“ဒါက ရွှမ်ဟော်ချီကျင့်စဉ် ပဲ... အဆင့်မြင့်ကျင့်စဉ် တစ်ခုပေါ့... အဓိကတပည့်တွေနဲ့ ထိပ်သီးမျိုးဆက်တပည့် ဆယ်ဦးပဲ ကျင့်ကြံခွင့်ရှိတဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းလေ... ဖုချန်လိရဲ့ ချီစွမ်းအင်တွေထဲမှာ မီးလျှံအငွေ့အသက်တွေ ပါဝင်နေပြီဆိုတော့ သူ့ရဲ့ ရွှမ်ဟော်ချီကျင့်စဉ်က အခြေခံအဆင့်ကို ရောက်နေပြီထင်တယ်...”
“အဆင့်မြင့်ကျင့်စဉ်ကို ကျင့်ကြံထားမှတော့ ချီစွမ်းအင် ပမာဏရော၊ အရည်အသွေးပါ အလယ်အလတ်အဆင့် ကျင့်စဉ်တွေထက် များစွာ သာလွန်မှာပဲ... ဒီရွှမ်ဟော်ချီကျင့်စဉ်က ပြင်းထန်လှတဲ့ အရှိန်အဟုန်နဲ့ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုစွမ်းအားကို အခြေခံထားတာလေ... ကျင့်ကြံဆင့်တူတဲ့ သန်မာသူတွေရဲ့ အကာအကွယ် ချီစွမ်းအင်တွေကိုတောင် လောင်ကျွမ်းစေနိုင်တာ... လော့ချန်ကတော့ မျှော်လင့်ချက် မရှိတော့ဘူး...”
“မှန်တယ်... လော့ချန်သာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အထွတ်အထိပ် သန်မာသူ တစ်ဦး ဖြစ်နေဦးမယ်ဆိုရင်တော့ မျှော်လင့်ချက် အနည်းငယ် ရှိနိုင်သေးတယ်... အခုတော့ ကျင့်ကြံဆင့်က ဒီလောက်အထိ ကွာခြားနေမှတော့ သူ့ရဲ့ အကာအကွယ် ချီစွမ်းအင်က ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး... ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး...”
ဖုချန်လိ၏ ရွှမ်ဟော်ချီကျင့်စဉ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းမှာ ဆူညံသွားကြတော့သည်။
မဟာအကြီးအကဲ ချင်ကွေ့ ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိ မဟာအကြီးအကဲ မင်ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူမှာမူ အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
အခြားတစ်ဖက်တွင်မူ မဟာအကြီးအကဲ ရှီဟွမ်က အားရပါးရ ရယ်မောလိုက်သည်။
“အကြီးအကဲ မင်... မင်းရဲ့ ခုနစ်ရွက်မီးလျှံမြက်ပင်ကတော့ ငါ့အတွက်ပဲ ဖြစ်ရမယ်...”
မဟာအကြီးအကဲ မင်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“တိုက်ပွဲက အခုမှ စတာလေ... မင်း ဒီလောက်အထိ ကြိုပြီး မပြောနဲ့ဦး... တကယ်လို့ မင်းရဲ့ တပည့်သာ ရှုံးသွားခဲ့ရင်တော့ မင်းပဲ အရှက်ရလိမ့်မယ်...”
မဟာအကြီးအကဲ ရှီဟွမ်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် ကျင့်ကြံဆင့်နဲ့တော့ ရွှမ်ဟော်ချီကျင့်စဉ်ရဲ့ မီးလျှံအနှစ်သာရကို ဘယ်လိုမှ မတားနိုင်ပါဘူး... လော့ချန်မှာ မျှော်လင့်ချက် ရှိနေသေးတယ်လို့ မင်း တကယ်ပဲ ထင်နေတာလား...”
“သေစမ်း...”
ရုတ်တရက် ပြင်းထန်သော ဟိန်းဟောက်သံတစ်ခုက ထိုသူနှစ်ဦး၏ စကားဝိုင်းကို ဖြတ်တောက်လိုက်သည်။
ဖုချန်လိသည် ရွှမ်ဟော်ချီကျင့်စဉ်ကို နှိုးဆွလိုက်ရာ သူ၏ မျက်ဝန်းထဲ၌ လျှပ်စီးအလင်းတန်းများ ဝင်းလက်လာခဲ့ပြီး ခြေလှမ်းကို ရှေ့သို့ လှမ်းလိုက်ကာ သူ၏ ညာဘက်လက်မောင်းအား ပြင်းထန်လှသော မီးလျှံများဖြင့် ဖုံးလွှမ်းလျက် ချော်ရည်လက်မောင်းတစ်ခုအလား ပြောင်းလဲသွားပြီး ပြင်းထန်လှသော အရှိန်အဟုန်များဖြင့် လော့ချန်ထံသို့ တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
အခန်း ၆၀၉ ပြီးပါပြီ။