အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း ၆၁၃ - မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း၏ ဦးဦးဖျားဖျားအစွမ်းနှင့် မီးလျှံကျောက်စိမ်းရတနာဓား
“ဖုချန်လိက ကြယ်ကိုးပွင့်သိုင်းဝိညာဉ်ကို ထုတ်သုံးပြီး တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်လိုက်တာတောင် လော့ချန်ရဲ့ဓားတစ်ချက်ကို မတားနိုင်သေးဘူးပဲ...”
“မဆန်းပါဘူး... ဓားဆန္ဒက ဓားဆန္ဒအစပျိုးအဆင့်ရဲ့အထက်ပိုင်းနယ်ပယ်ကို ရောက်သွားပြီဆိုရင် အဓိပ္ပါယ်က သိပ်ကို နက်ရှိုင်းသွားပြီလေ... အဆင့်ငယ်လေးတစ်ခု တိုးတက်လာတိုင်း အရှိန်အဟုန်က သိသိသာသာ ကွာခြားသွားတာ... လော့ချန်ရဲ့ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်က ဖုချန်လိရဲ့ ၇၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ထက် အများကြီး သန်မာလွန်းတယ်... နှစ်ခုစလုံးက လုံးဝ နှိုင်းယှဉ်လို့ မရဘူး...”
“ငါ အရင်က ကြားဖူးတာတော့... ဓားဆန္ဒတစ်ခု ထွက်ပေါ်လာရင် ဟင်းလင်းပြင်ထဲက အတွေးတွေကိုတောင် ဖြတ်တောက်နိုင်တယ်၊ မကောင်းဆိုးဝါးတွေကို သတ်ဖြတ်နိုင်တယ်၊ အတတ်ပညာအားလုံးကို ချေမှုန်းနိုင်တယ် ဆိုတာပဲ... ဒီနေ့ မြင်လိုက်ရမှ အဲဒီစကားက အမှန်ပဲဆိုတာ သိလိုက်ရတော့တယ်...”
“ဟူး... လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာဆိုတော့ ဘာအောင်မြင်မှုမှ ရှိလာမှာ မဟုတ်ဘူးလို့ ထင်ထားတာ... သူရဲ့ဓားလမ်းစဉ်နယ်ပယ်က ဒီလောက်အထိ မြင့်မားနေတာကတော့ တကယ်ကို နားလည်ရ ခက်ခဲလွန်းတယ်...”
ဖုချန်လိသည် လော့ချန်၏ ဓားတစ်ချက်ကြောင့် လွင့်ထွက်သွားသည်ကို မြင်ရသည့်အခါ သိုင်းပြိုင်ကွင်းတစ်ခုလုံးတွင် ဆွေးနွေးသံများ ဆူညံသွားတော့သည်။
ရှေ့မှောက်တွင် ဖြစ်ပျက်နေသည်များကို လူတိုင်းက မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။
ဤသည်က သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည့်အတွက် လော့ချန်သည် လက်လျှော့ရန် အစီအစဉ် မရှိပေ။ သူသည် အရာအားလုံးကို အဆုံးသတ်ရန် တိုက်ခိုက်တော့မည့်အချိန်မှာပင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။
နောက်သို့ လွင့်ထွက်နေသော ဖုချန်လိသည် သူ၏ရင်ဘတ်ကို ပြင်းထန်စွာ တစ်ချက် ထိုးနှက်လိုက်ရာ ဖူးခနဲ အသံနှင့်အတူ သွေးအမြောက်အမြား အန်ထုတ်လိုက်တော့သည်။
ထိုအန်ထုတ်လိုက်သော သွေးများမှာ ပြန့်ကျဲသွားခြင်း မရှိဘဲ သူ၏ဓားသွားပေါ်တွင် စုစည်းသွားခဲ့ပြီး သွေးစွမ်းအင်လှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ တောက်လောင်နေသော ချီစွမ်းအင်များနှင့် ပေါင်းစပ်သွားတော့သည်။ တစ်ခဏချင်းမှာပင် သူ၏အရှိန်အဟုန်မှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး မီတာအနည်းငယ်ခန့် မြင့်မားသော သွေးရောင်မီးလျှံများ ပေါက်ကွဲထွက်ပေါ်လာကာ အဆက်မပြတ် ပေါက်ကွဲသံများလည်း ထွက်ပေါ်လာတော့သည်။
“ဟင်... ဖုချန်လိမှာ တိုက်စစ်ကွက် ကျန်သေးတာလား...”
ဤအခိုက်အတန့်တွင် လူတိုင်းမှာ မျက်နှာသို့ တိုးဝင်လာသော ပူပြင်းလှသော အငွေ့အသက်များကို ခံစားလိုက်ကြရသည်။
ဖုချန်လိ၏ အနှစ်သာရသွေးများနှင့် ပေါင်းစပ်ထားသော ထိုသွေးရောင်မီးလျှံများမှာ သာမန်မဟုတ်ကြောင်း လူတိုင်းက တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ကြရသည်။ ၎င်းတွင် ပေါက်ကွဲနိုင်စွမ်းရှိသော ထူးခြားသည့်စွမ်းအားများ ပါဝင်နေသဖြင့် အနည်းငယ်မျှ ထိတွေ့မိသည်နှင့် တစ်စစီ ကြေမွသွားနိုင်ပေသည်။
“ငါ မရှုံးသေးဘူး... လော့ချန်... ငါ့ရဲ့ ဒီတိုက်စစ်ကွက်ကို ခံစားကြည့်စမ်း... သွေးမီးလျှံပေါက်ကွဲခြင်း...”
သူသည် ဟိန်းဟောက်လိုက်ပြီးနောက် လော့ချန်ထံသို့ ဓားတစ်ချက်ကို ဝေ့ယမ်းလိုက်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ဓားကိုယ်ထည်ပေါ်ရှိ သွေးရောင်ချီစွမ်းအင်များမှာ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး မီတာ ၁၀၀ ခန့် ကြီးမားသော လေဆင်နှာမောင်းလှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ လော့ချန်ထံသို့ တိုးဝင်သွားတော့သည်။ လမ်းကြောင်းပေါ်ရှိ လေထုမှာလည်း မီးလောင်ကျွမ်းသွားခဲ့ပြီး အဆက်မပြတ် ပေါက်ကွဲမှုများ ဖြစ်ပေါ်ကာ မည်းနက်နေသော အစင်းကြောင်းများ ပေါ်ထွက်လာသဖြင့် မိုးမြေပြိုကျတော့မည့်အလား ရှိနေတော့သည်။
“ဒါက မင်းရဲ့ အားအကောင်းဆုံး တိုက်ကွက်လား... ဒါဆိုရင်လည်း ငါ့ရဲ့ တိုက်ကွက်ကို မင်းကို ပြသပေးရမှာပေါ့...”
လော့ချန်သည် လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ သူ၏မျက်ဝန်းထဲ၌ အပြာရောင်အလင်းတန်းများ ဝင်းလက်လာတော့သည်။ ၎င်းမှာ မိုးကြိုး၏ အရောင်ပင် ဖြစ်၏။ သူ၏လက်ထဲမှ မိုးကြိုးလျှပ်စီးဓားပေါ်တွင် မိုးကြိုးလျှပ်စီးများ အဆက်မပြတ် ခုန်ပေါက်နေခဲ့ပြီး သူ၏ဝတ်ရုံနှင့် ဆံပင်များပေါ်တွင်ပင် လျှပ်စီးလှိုင်းများ ပေါ်ထွက်လာကာ တဗျင်းဗျင်း အသံများ ထွက်ပေါ်လာတော့သည်။
“မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်း...”
သူ၏မျက်ဝန်းထဲမှ လျှပ်စီးလှိုင်းများ ပျောက်ကွယ်သွားသည်နှင့်အတူ လော့ချန်သည် ဓားဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။
“ဂျိန်း...”
ဤသည်က မိုးကြိုးပစ်ခွင်း ပိုင်းဖြတ်ခြင်းကို နားလည်ခဲ့ပြီးနောက် လော့ချန်သည် တိုက်ပွဲတွင် ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်း ဖြစ်၏။
ဓားတစ်ချက် ထွက်ပေါ်လာသည်နှင့်အတူ ဖျက်ဆီးလိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးမှာ မှောင်မိုက်သွားသည့်အလား ရှိနေတော့သည်။ ထို့နောက် စူးရှလှသော လျှပ်စီးတန်းတစ်ခုသည် လေထုကို ဖောက်ထွက်လျက် လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ပေါ်လာတော့သည်။
အနီးအနားမှ ကြည့်ရှုနေကြသော အတွင်းစည်းတပည့်များအားလုံးမှာ ပါးစပ်များဖွင့်ဟလျက်၊ မျက်လုံးများပင် ပြူးကျယ်ကုန်ကာ မှင်တက်မိနေကြတော့သည်။ သူတို့၏ စိတ်ဝိညာဉ်အားလုံးမှာ ဤဓားတစ်ချက်၏ ဆွဲဆောင်မှုကို ခံလိုက်ရသဖြင့် မည်သို့မျှ မရုန်းထွက်နိုင်ကြပေ။
မိုးကြိုးဓားချီ ထွက်ပေါ်လာသည့် အခိုက်အတန့်မှာပင် တောက်လောင်နေသော မီးလျှံလေဆင်နှာမောင်းလှိုင်းမှာ ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရပြီး မီးလျှံများမှာ အဆက်မပြတ် ကျုံ့ဝင်သွားကာ နောက်ဆုံးတွင် လက်မအနည်းငယ်ခန့်သာ ကျန်ရှိတော့သည်။
နောက်တစ်ခဏတွင်...
“ရွှီ...”
မီးလျှံလေဆင်နှာမောင်းလှိုင်းမှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး ကောင်းကင်ယံတွင် မှိုပွင့်သဏ္ဌာန် ဧရာမမီးလျှံတိမ်ကြီးနှစ်ခုအဖြစ် ပေါက်ကွဲသွားတော့သည်။
၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် ပါဝင်နေသော မိုးကြိုးဓားချီ၏ အစွမ်းမှာ လျော့ကျသွားခြင်း မရှိဘဲ မီးလျှံများကြားတွင် ထက်မြက်လှသော မိုးကြိုးလမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်စေကာ ဖုချန်လိထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။
“ဖူး...”
မိုးကြိုးဓားချီ မရောက်လာသေးမီမှာပင် ၎င်းတွင် ပါဝင်သော ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဟုန်ကြောင့် ဒဏ်ရာပြင်းထန်နေသော ဖုချန်လိမှာ တောင့်မခံနိုင်တော့ဘဲ သွေးများ ထပ်မံ အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း စက္ကူတစ်ချပ်အလား ဖြူလျော်သွားတော့သည်။ သူ၏မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ၊ မျှော်လင့်ချက်မဲ့မှုများ၊ မကျေနပ်မှုများနှင့် နောင်တရမှုများ ပြည့်နှက်နေတော့သည်။
သူသည် အထွတ်အထိပ်အခြေအနေမှာ ရှိနေလျှင်တောင် ဤဓားချက်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။ ယခုမူ သူသည် သွေးမီးလျှံပေါက်ကွဲခြင်းကို ထုတ်ဖော်လိုက်သဖြင့် အင်အားများစွာ ဆုံးရှုံးနေပြီး သူ၏အစွမ်းမှာ ၅၀ ရာနှုန်းအောက်သို့ပင် ကျဆင်းနေပြီ ဖြစ်သည်မဟုတ်ပါလော။
ဖုချန်လိသည် သေခြင်းတရား၏ အငွေ့အသက်များကို ခံစားလိုက်ရပြီး စိတ်ထဲတွင် နောင်တများစွာ ဖြစ်ပေါ်နေသလို လုံးဝ နားမလည်နိုင်အောင်လည်း ဖြစ်နေတော့သည်။
‘အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားသော အသုံးမကျသူ တစ်ဦးက ဘာကြောင့် ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ကို နားလည်နိုင်ရသလဲ၊ ပြီးတော့ ဒီလောက်အထိ ပြင်းထန်တဲ့ တိုက်ခိုက်မှုစွမ်းအား ရှိနေရသလဲ’ဆိုသည်ကို သူ မည်သို့မျှ တွေးမရ ဖြစ်နေတော့သည်။
လူတိုင်းက ဖုချန်လိသည် ဤနေရာမှာပင် အဆုံးသတ်သွားတော့မည်ဟု ထင်နေကြချိန်မှာပင်...
ရုတ်တရက်ဆိုသလို...
“ဘုန်း...”
ကောင်းကင်ယံမှ မီးလျှံလက်ဖဝါးတစ်ခု ကျဆင်းလာတော့သည်။
ဤမီးလျှံလက်ဖဝါးမှာ အရှိန်အဟုန် အလွန်ပြင်းထန်ခြင်း မရှိသော်လည်း အသာအယာ ဖိနှိပ်လိုက်ရုံဖြင့် မိုးကြိုးဓားချီကို ချေဖျက်လိုက်ပြီးနောက် အသက်ငင်နေသော ဖုချန်လိကို ဖမ်းယူလျက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
“ဟင်...”
လော့ချန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည်။
တိုက်ခိုက်လိုက်သူမှာ မဟာအကြီးအကဲ ရှီဟွမ်ပင် ဖြစ်၏။
မိမိ၏ တပည့်ရင်း သေဆုံးတော့မည်ကို မြင်ရသည့်အခါ မဟာအကြီးအကဲ ရှီဟွမ်သည် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ဝင်ရောက် ကယ်ဆယ်လိုက်ခြင်း ဖြစ်၏။
ဤသည်ကို မြင်ရသည့်အခါ မဟာအကြီးအကဲ မင်ကျုံးက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
“ရှီဟွမ်... မင်း ဒါ ဘာလုပ်တာလဲ... တပည့်အချင်းချင်း တိုက်ခိုက်နေတာကို မင်းက ဝင်စွက်ဖက်တာလား...”
မဟာအကြီးအကဲ ရှီဟွမ်က ပြန်လည် ဖြေကြားခြင်း မရှိဘဲ လော့ချန်ကို ငုံ့ကြည့်လျက် ဆိုလိုက်သည်။
“လော့ချန်... မင်းက ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားပြီး ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား ဖြစ်လာတာကတော့ တကယ်ကို ရှားပါးလှတယ်... ဒါက ငါတို့ရွှမ်ယွမ်ဂိုဏ်းအတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခုပဲ...”
“ဖုချန်လိနဲ့ ပတ်သက်ရင်တော့... ရန်ငြိုးဆိုတာက ဖွဲ့ဖို့ လွယ်ပေမဲ့ ဖြေဖို့ကျတော့ ခက်ခဲတယ်... မင်းတို့က ဂိုဏ်းတူတပည့်တွေပဲလေ... အာဃာတ အနည်းငယ်လောက်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲအထိ ဆင်နွှဲဖို့ မလိုအပ်ပါဘူး... ဒီနေ့တော့ သူ့ကို ငါ ခေါ်သွားမယ်... သူ နောင်မှာ မင်းကို ပြဿနာ ထပ်မရှာစေရပါဘူး... မင်းအနေနဲ့လည်း စိတ်ထားကြီးမြတ် နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်...”
လော့ချန် စကားမပြောရသေးမီမှာပင် မဟာအကြီးအကဲ မင်၏ လှောင်ရယ်သံ ထွက်ပေါ်လာတော့သည်။
“ရှီဟွမ်... စောစောက မင်းရဲ့တပည့်က လော့ချန်ကို သတ်ဖို့ ကြိုးစားနေတုန်းကတော့ မင်းက ဘာမှမပြောဘဲ အခုကျမှ လော့ချန်ကို စိတ်ထားကြီးမြတ်ခိုင်းတာလား... မင်းရဲ့ ဘက်လိုက်မှုကတော့ အတော်ကို သိသာပြီး ရုပ်ဆိုးလွန်းတယ်...”
မဟာအကြီးအကဲ ရှီဟွမ်၏ မျက်နှာမှာ တစ်ချက် တုန်ခါသွားခဲ့ပြီး မဟာအကြီးအကဲ မင်ကို ထိုနေရာမှာပင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်နေတော့သည်။
သို့သော်လည်း အခြေအနေအရ သူသည် စိတ်ထဲမှ ဒေါသများကိုသာ ဖိနှိပ်ထားလိုက်ရပြီး ခဏမျှ စဉ်းစားပြီးနောက် လက်ချောင်းကို အသာအယာ လှုပ်ရှားလိုက်ရာ မီးလျှံအလင်းတန်းတစ်ခုသည် သူ၏လက်ထဲမှ လွင့်ထွက်သွားခဲ့ပြီး ဘုန်းခနဲ အသံနှင့်အတူ လော့ချန်၏ ရှေ့မှောက်ရှိ သိုင်းပြိုင်ပွဲ စင်မြင့်ပေါ်သို့ စိုက်ဝင်သွားတော့သည်။
၎င်းမှာ ဓားအိမ်နှင့်တကွသော ရတနာဓားတစ်လက်ပင် ဖြစ်၏။
ဓားအိမ်ပေါ်တွင် မီးလျှံတိမ်ပုံအမှတ်အသားများ ရှိနေပြီး အတွင်း၌ ကြယ်ငါးပွင့်အဆင့်ရှိသော စွမ်းအားများ ကိန်းဝပ်နေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် ဓားတစ်ကိုယ်လုံးမှာ တောက်လောင်နေသည့်အလား ရှိနေကာ ထူးခြားလှသော အရှိန်အဝါများလည်း ထွက်ပေါ်နေတော့သည်။
“ကြယ်ငါးပွင့်အဆင့် ရတနာဓားပါလား...”
လော့ချန်၏ အကြည့်မှာ လှုပ်ရှားသွားတော့သည်။
မဟာအကြီးအကဲ ရှီဟွမ်က ဆိုလိုက်သည်။
“မင်းရဲ့ဓားက ကြယ်လေးပွင့်အဆင့် အဆင့်မြင့်ရတနာဓားပဲ ရှိသေးတာ မဟုတ်လား... မင်းက ၉၀ ရာနှုန်းသော ဓားဆန္ဒအစပျိုးအဆင့်ကို နားလည်ထားတာဆိုတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ကို ရောက်သွားတဲ့အခါ အဲဒီဓားက မင်းရဲ့ဓားဆန္ဒအရှိန်အဟုန်ကို အပြည့်အဝ ထုတ်ဖော်နိုင်လိမ့်မှာ မဟုတ်ဘူး... ဒီမီးလျှံကျောက်စိမ်းရတနာဓားက ကြယ်ငါးပွင့်အဆင့် ရတနာလက်နက် ဖြစ်သလို မင်းနဲ့လည်း တော်တော်လိုက်ဖက်တယ်... မင်း စတုတ္ထနယ်ပယ်အထိ အသုံးပြုဖို့ လုံလောက်ပါတယ်...”
လော့ချန်သည် မနေနိုင်တော့ဘဲ ရှေ့သို့ လှောက်လှမ်းသွားကာ မီးလျှံကျောက်စိမ်းရတနာဓားကို ဆွဲထုတ်လိုက်တော့သည်။
“ချင်း...”
ဓားကို အိမ်မှ ဆွဲထုတ်လိုက်သည့် အခိုက်အတန့်မှာပင် မီးလျှံဓားချီများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထက်မြက်လှသော ပူပြင်းသည့် အငွေ့အသက်များ ဖုံးလွှမ်းသွားကာ ဓားကိုယ်ထည်မှ ထွက်ပေါ်လာသော အလင်းတန်းများမှာလည်း လူတိုင်းကို မျက်စိကျိန်းစေတော့သည်။
ဤအခိုက်အတန့်တွင် လူတိုင်းမှာ ဒီရေလှိုင်းတစ်ခုအလား တိုးဝင်လာသော ဓားချီများကို ခံစားလိုက်ကြရပြီး ထိုဓားချီများအောက်တွင် သူတို့ကိုယ်သူတို့ မီးလျှံများအတွင်း ရောက်ရှိနေသည့်အလား ခံစားလိုက်ကြရတော့သည်။
“ဓားကောင်းတစ်လက်ပဲ...”
လော့ချန်သည် စိတ်ထဲမှပင် ချီးကျူးမိတော့သည်။ ဤ မီးလျှံကျောက်စိမ်းရတနာဓားသည် ကြယ်ငါးပွင့်အဆင့် ရတနာလက်နက်များထဲတွင်ပင် အဆင့်မြင့်ဆုံးဖြစ်မှာ သေချာလှပေသည်။
မဟာအကြီးအကဲ ရှီဟွမ်ကမူ စိတ်ထဲမှ သက်ပြင်းချမိတော့သည်။ ဤဓားက ဖုချန်လိ သွေးကြောနိုးကြားမှုနယ်ပယ်အားလုံးကို ဖြတ်ကျော်ပြီးနောက်တွင် ပေးအပ်ရန် ပြင်ဆင်ထားသော လက်ဆောင်ဖြစ်သော်လည်း ယခုမူ လော့ချန်အတွက် ဖြစ်သွားခဲ့ရလေပြီ။
အခန်း ၆၁၃ ပြီးပါပြီ။
အခန်း ၆၁၄ - ရွှမ်ဟယ်စာရင်း အဆင့် ၁၀ နှင့် လျှို့ဝှက်ဆန်းကြယ်သော အကြီးအကဲလီ
မီးလျှံကျောက်စိမ်းရတနာဓားကို ပြန်သိမ်းလိုက်ပြီးနောက် လော့ချန်သည် လေသံပြောင်းလျက် ဆိုလိုက်သည်။
“မဟာအကြီးအကဲ ရှီဟွမ် ပြောတာ မှန်ပါတယ်... အားလုံးက ဂိုဏ်းတူတပည့်တွေပဲလေ... ညီလေးဖုကသာ အေးအေးဆေးဆေး နေမယ်ဆိုရင် ကျွန်တော်လည်း သူ့ကို အရေးလုပ်နေမှာ မဟုတ်ပါဘူး...”
တစ်ဖက်လူသည် မဟာအကြီးအကဲတစ်ဦးဖြစ်သလို လူသားအမြုတေနယ်ပယ် သန်မာသူလည်း ဖြစ်ရာ ဖုချန်လိကို အတင်းအကျပ် ကာကွယ်ပေးမည်ဆိုလျှင် သူလည်း ဘာမှမတတ်နိုင်ပေ။
ကြယ်ငါးပွင့်အဆင့် ရတနာလက်နက်ဖြစ်သည့် မီးလျှံကျောက်စိမ်းရတနာဓားနှင့် နှိုင်းယှဉ်လျှင် ဖုချန်လိ၏အသက်မှာ အရေးမပါလှပေ။
သို့သော်လည်း လော့ချန်၏စကားမှာ ဝေဝါးလှပေသည်။
ဖုချန်လိသည် နောင်တွင် အခြေအနေသိလျှင် တော်သေး၏။ အကယ်၍ အခြေအနေမသိဘဲ သေတွင်းထဲ ထပ်တိုးလာမည်ဆိုလျှင်မူ သူ၏ရက်စက်မှုကို အပြစ်တင်၍ ရမည်မဟုတ်ပေ။
မဟာအကြီးအကဲ ရှီဟွမ်သည် လော့ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏နောက်ကွယ်တွင် မီးလျှံဝဲဂယက်တစ်ခု ပေါ်ထွက်လာကာ သူနှင့် ဖုချန်လိကို ဆွဲယူသွားတော့မည့်အလား ရှိနေတော့သည်။
“ရှီဟွမ်... မင်း ဒီအတိုင်းပဲ ထွက်သွားတော့မလို့လား...”
မဟာအကြီးအကဲ မင်ကျုံးက အချိန်ကိုက် ပြောလိုက်သည်။
ထိုစကားကြောင့် မဟာအကြီးအကဲ ရှီဟွမ်၏နှုတ်ခမ်းမှာ တွန့်သွားခဲ့ပြီး မျက်နှာမှာလည်း အတော်လေး ကြည့်မကောင်း ဖြစ်သွားတော့သည်။
မီးလျှံကျောက်စိမ်းရတနာဓားကို ပေးလိုက်ရသည်မှာ ကိစ္စမရှိပေ။ မည်သို့ပင်ဆိုစေ သူလည်း အသုံးပြု၍ရသည်မဟုတ်။ သို့သော်လည်း မိုးကြိုးမီးလျှံရွှေကျောက်မှာမူ သူ့အတွက် အလွန်အသုံးဝင်လှပေသည်။ ယခုမူ ၎င်းကို အခြားသူထံ ပေးအပ်လိုက်ရရုံတင်မကဘဲ တစ်ဖက်လူမှာ သူ၏ရန်ဘက်ဖြစ်သော မဟာအကြီးအကဲ မင်ကျုံး ဖြစ်နေသဖြင့် ပို၍ပင် စိတ်ပျက်မိတော့သည်။
“ဟွန့်... မင်... သိပ်ပြီးတော့ ဝမ်းသာမနေနဲ့ဦး... မင်းက လော့ချန်ကို တပည့်အဖြစ် လက်ခံမယ်ဆိုတော့ သူတို့ စတုတ္ထနယ်ပယ်ကို ရောက်တဲ့အခါ နောက်တစ်ပွဲ ပြန်နွှဲကြတာပေါ့...”
သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်ရာ မီးလျှံအလင်းတန်းတစ်ခုသည် မဟာအကြီးအကဲ မင်ကျုံးထံသို့ လွင့်ထွက်သွားခဲ့ပြီး သူကိုယ်တိုင်လည်း ဖုချန်လိကို ခေါ်ဆောင်လျက် မီးလျှံဝဲဂယက်အတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
“ဘုန်း...”
မဟာအကြီးအကဲ မင်ကျုံးသည် ထိုမီးလျှံအလင်းတန်းကို ဖမ်းယူလိုက်ရာ လက်သီးဆုပ်ခန့်ရှိပြီး ဖန်သားပြင်အလား ပြောင်လက်နေသော ကျောက်စိမ်းတုံးတစ်ခု ဖြစ်နေတော့သည်။ ၎င်း၏အတွင်း၌ မီးလျှံများနှင့် မိုးကြိုးလျှပ်စီးများ ရောယှက်နေခဲ့ပြီး ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများကြောင့် သူကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားမိသည်။
“ကောင်းတယ်...”
မဟာအကြီးအကဲ မင်ကျုံး၏မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်ထွက်လာတော့သည်။ မိုးကြိုးမီးလျှံရွှေကျောက်ကို ရရှိခြင်းက ဒုတိယဖြစ်ပြီး မဟာအကြီးအကဲ ရှီဟွမ်ကို အသာစီးရလိုက်ခြင်းကသာ သူ၏ဂုဏ်သိက္ခာအတွက် ပို၍အရေးပါပေသည်။
“ဒေါင်... ဒေါင်... ဒေါင်...”
လူတိုင်း မှင်တက်မိနေကြစဉ်မှာပင် အတွင်းစည်းရင်ပြင်မှ ခေါင်းလောင်းသံ သုံးချက်သည် ဝေးကွာသော နေရာအထိ ပျံ့လွင့်သွားတော့သည်။
ဤသည်က အတွင်းစည်းတွင် ကြီးမားသောကိစ္စတစ်ခု ဖြစ်ပေါ်လာသည့်အတွက် အသိပေးခြင်းပင်။
လူတိုင်းက တစ်စုံတစ်ခုကို တွေးမိသွားကြပြီး အတွင်းစည်းရင်ပြင်ရှိ ရွှမ်ဟယ်စာရင်းကို လှမ်းကြည့်လိုက်ကြသည်။ ဧရာမရွှမ်ဟယ်စာရင်းကြီးမှာ ယခုအခါ တောက်ပနေခဲ့ပြီး မူလက အဆင့် ၁၀ တွင် ရှိသော ဖုချန်လိ၏အမည်မှာ ဒုတိယတန်းရှိ အဆင့် ၁၁ သို့ အလိုအလျောက် ကျဆင်းသွားလေသည်။
လစ်လပ်သွားသော အဆင့် ၁၀ နေရာတွင်မူ တောက်ပလှသော စာလုံးကြီးနှစ်လုံး ပေါ်ထွက်လာတော့သည်။
“လော့ချန်”
ဤသည်ကို မြင်ရသည့်အခါ လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် မှင်တက်မိနေကြတော့သည်။
“ရွှမ်ဟယ်စာရင်း အဆင့် ၁၀... ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးထဲက တစ်ယောက်ပဲ...”
“လော့ချန်က အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတာလေ... အတွင်းစည်းကို ရောက်တာလည်း တစ်နှစ်တောင် မပြည့်သေးဘူး... အခုတော့ ထိပ်သီးမျိုးဆက်တပည့် ဖြစ်သွားပြီ... ဒါက တကယ်ကို လွန်လွန်းတယ်... အရင်ကလည်း မရှိဖူးသလို နောင်မှာလည်း ရှိလာမှာ မဟုတ်တော့ဘူး...”
“ကြည့်စမ်း... အကြီးအကဲတွေတောင် ကြောင်ကြည့်နေကြပြီ...”
ရွှမ်ဟယ်စာရင်းပေါ်ရှိ လော့ချန်၏အမည်ကို ကြည့်လျက် လူတိုင်းမှာ ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရတော့သည်။
ဤတိုက်ပွဲ မစမီက ဤကဲ့သို့သော ရလဒ်ထွက်ပေါ်လာလိမ့်မည်ဟု မည်သူမျှ မတွေးခဲ့ဖူးပေ။ မည်သို့ပင်ဆိုစေ သူတို့နှစ်ဦး၏ ကွာခြားချက်မှာ အလွန်ကြီးမားလွန်းသည် မဟုတ်ပါလော။
ဖုချန်လိမှာ ကြယ်ကိုးပွင့်အဆင့် သိုင်းဝိညာဉ်ကို နိုးကြားထားသူ၊ ထိပ်သီးမျိုးဆက်တပည့် တစ်ဦး၊ မဟာအကြီးအကဲ၏ တပည့်ရင်း တစ်ဦး ဖြစ်သဖြင့် အလွန်ပင် အင်အားကြီးမားပြီး တားဆီး၍မရနိုင်သောသူ ဖြစ်၏။
၎င်းနှင့် နှိုင်းယှဉ်လျှင်မူ အဆင့်မြှင့်တင်ထားသော အဓိကတပည့်သစ် တစ်ဦးမျှသာ ဖြစ်ပြီး အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားထားကာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ်တွင်သာ ရှိသော လော့ချန်မှာ လမင်းကြီးဘေးက မထင်မရှား ကြယ်ပွင့်လေးတစ်ပွင့်အလားသာ ရှိနေခဲ့သည်။
သို့သော်လည်း ယခုအခါ ထိုမထင်မရှား ကြယ်ပွင့်လေးသည် နေမင်းကြီးအလား တောက်ပသော အလင်းတန်းများကို ထုတ်ဖော်လိုက်ပြီး လမင်းကြီးကိုပင် လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်၏။
ဤကဲ့သို့သော ကိစ္စရပ်မှာ မျက်စိရှေ့မှာပင် ဖြစ်ပျက်နေသော်လည်း လူတိုင်းမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြရဆဲဖြစ်ပြီး အိပ်မက်တစ်ခုမက်နေသကဲ့သို့ အချိန်အတော်ကြာသည့်တိုင်အောင် သတိမဝင်နိုင်ဘဲ ရှိနေကြတော့သည်။
“ဒါက ယွမ်မန်လီ ကိုယ်တိုင် ထောက်ခံထားတဲ့သူလား...”
ကောင်းကင်ယံထက်တွင် ယွမ်ချင်းရင်သည် လော့ချန်ကို စိုက်ကြည့်လျက် မျက်ခုံးကို အနည်းငယ် ကြုတ်လိုက်ရာ သူ၏ထက်မြက်လှသော အကြည့်များကြောင့် လေထုမှာပင် လှိုင်းများ ထွက်ပေါ်နေတော့သည်။
ဘေးနားရှိ ယွမ်ချန်းယွီမှာမူ လက်သီးကို တင်းတင်းဆုပ်ထားခဲ့ပြီး မျက်နှာမှာလည်း ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေတော့သည်။ “တောက်... ဒီအသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် ဒီလောက်အထိ တော်နေရတာလဲ...”
ယွမ်ချင်းရင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ဆိုလိုက်သည်။
“စိတ်မပူပါနဲ့... သူက ဒီလောက်အထိ ထင်ပေါ်နေတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် သေတွင်းတူးနေတာနဲ့ အတူတူပဲ... တခြားသူတွေကို ထားဦး... ကျင်းမင်ကတော့ သူ့ကို ဒီကမ္ဘာပေါ်မှာ ဆက်ပြီး အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူး...”
ထိုစကားကြောင့် ယွမ်ချန်းယွီက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“ကျင်းမင်က သူ့ကို အနိုင်ယူနိုင်ပါ့မလား...”
ယွမ်ချင်းရင်က ခေါင်းညိတ်လျက် ဆိုလိုက်သည်။
“ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးရဲ့ အဆင့်သတ်မှတ်ချက်က ကလေးကစားစရာ မဟုတ်ဘူး... တစ်ယောက်နဲ့တစ်ယောက်ရဲ့ အင်အားက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာ... အထူးသဖြင့် ပထမသုံးယောက်ကတော့ လုံးဝကို မမှီနိုင်တဲ့သူတွေပဲ...”
“ကျင်းမင်မှာ တော်ဝင်မိသားစုနဲ့ မင်းသားတန်းတစ်ခုလုံးရဲ့ ထောက်ခံမှု ရှိနေတာဆိုတော့ သူ့ရဲ့ အခြေခံအင်အားက သိပ်ကိုနက်ရှိုင်းတယ်... သူ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေထဲက တော်ဝင်မိသားစုရဲ့ နယ်ပယ်ခုနစ်ခု လျှို့ဝှက်စွမ်းရည်ကတင် ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့်ရဲ့ ရိုက်ခတ်မှုကို ချေဖျက်ဖို့ လုံလောက်တယ်... လော့ချန်က ဖုချန်လိကို အလွယ်တကူ အနိုင်ယူနိုင်ပေမဲ့ ကျင်းမင်နဲ့ ယှဉ်ပြိုင်ဖို့ကတော့ အများကြီး လိုသေးတယ်... တစ်ချက်တည်းနဲ့ အသတ်ခံရဖို့ပဲ ရှိတာ...”
“ဟဲဟဲ... ကျင်းမင်သာ လော့ချန်က ဒီလောက်အထိ ထောင်လွှားနေပြီး ဖုချန်လိကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့် ဖြစ်သွားတာကို သိရင် သူ့ကို အခုချက်ချင်း အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်မှာ သေချာတယ်...”
ယွမ်ချန်းယွီသည် အော်ဟစ်ရယ်မောလိုက်ပြီး သိုင်းကွင်းပေါ်ရှိ လော့ချန်ကို လှမ်းကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။
“မင်း ကြိုက်သလောက် ထောင်လွှားနေစမ်းပါ... ဘယ်လောက်အထိ ကြာကြာခံမလဲ ကြည့်ကြသေးတာပေါ့...”
ထိုအချိန်မှာပင် ကောင်းကင်ယံထက်မှ တည်ကြည်လှသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“လော့ချန်... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တိုက်ရိုက်တပည့်ပဲ... ခဏနေရင် ငါ့ရဲ့ မိုးကြိုးတောင်ကုန်းကို လာခဲ့ဦး...”
စကားပြောလိုက်သူမှာ မဟာအကြီးအကဲမင်ကျုံး ဖြစ်၏။
“ဟုတ်ကဲ့ပါ... ဆရာ...”
လော့ချန်သည် လက်အုပ်ချီလျက် အရိုအသေ ပေးလိုက်သည်။ သူသည် မဟာအကြီးအကဲတစ်ဦး၏ စေတနာကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။
၎င်းအပြင် သူသည် မဟာအကြီးအကဲ မင်ကျုံး အပေါ်တွင် အမြင်ကောင်းရှိပေသည်။ ထိုအကြီးအကဲမှာ ယွမ်မန်လီကို ထောက်ခံသူဖြစ်သလို သူ့ကိုလည်း အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်မဟုတ်ပါလော။
မဟာအကြီးအကဲ မင်က ခေါင်းညိတ်လိုက်ပြီးနောက် တစ်ကိုယ်လုံးတွင် မိုးကြိုးလျှပ်စီးများ ဝင်းလက်လာခဲ့ကာ အကြီးအကဲချင်းချိုင်နှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
“ဟင်...”
အကြီးအကဲချင်းချိုင်သည် ရုတ်တရက်ဆိုသလို ရပ်တန့်သွားခဲ့ပြီး အနောက်တောင်ဘက်ရှိ ကောင်းကင်ယံသို့ အံ့အားသင့်စွာ လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...”
မဟာအကြီးအကဲ မင်က ထူးဆန်းစွာ မေးမြန်းလိုက်သည်။
“အဲဒီမှာ ဘယ်သူလဲဆိုတာ ကြည့်လိုက်ဦး...”
အကြီးအကဲချင်းချိုင်သည် အနောက်တောင်ဘက်သို့ အသာအယာ ညွှန်ပြလိုက်သည်။
ထိုနေရာတွင် မထင်မရှားသော တိမ်ဖြူတစ်လုံး လွင့်မျောနေသည်။ မဟာအကြီးအကဲ မင်သည် မျက်လုံးကို ကျဉ်းမြောင်းလိုက်ရာ သူ၏မျက်ဝန်းထဲတွင် မိုးကြိုးလျှပ်စီးများ ဝင်းလက်လာခဲ့ပြီးနောက် အံ့အားသင့်စွာ ဆိုလိုက်သည်။
“အကြီးအကဲလီလား... သူတောင် ရောက်လာတာလား...”
တိမ်တိုက်နောက်ကွယ်ရှိ လေဟာနယ်အတွင်း၌ ခါးကုန်းနေပြီး ဆံပင်ဖြူကာ အလွန်ပင် အိုမင်းရင့်ရော်နေသော အဘွားအိုတစ်ဦး ရပ်နေသည်။ ထိုသူနှစ်ဦးသည် လူသားအမြုတေနယ်ပယ်သို့ ရောက်ရှိနေပြီး ဝိညာဉ်စွမ်းအားမှာ အားကောင်းလှသဖြင့် အစစ်အမှန်ကို မြင်နိုင်ခြင်း မရှိလျှင် တစ်ဖက်လူ၏ ခြေရာလက်ရာကို ရှာတွေ့ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
အကြီးအကဲချင်းချိုင်သည်လည်း အလွန်ပင် အံ့အားသင့်နေတော့သည်။
“ဒီနှစ်တစ်ရာအတွင်းမှာ အကြီးအကဲလီက မြစိမ်းရောင်တောင်ကုန်းကနေ ထွက်လာတာကို ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ... သူက လော့ချန်ကို ကြည့်နေတာဆိုတော့ လော့ချန်အတွက်နဲ့ ရောက်လာတာလား...”
အကြီးအကဲလီ၏အကြည့်မှာ လော့ချန်အပေါ်တွင် အချိန်အတော်ကြာသည့်တိုင်အောင် ရပ်တန့်နေသည်ကို အကြီးအကဲချင်းချိုင် သတိပြုမိလိုက်သည်။
မဟာအကြီးအကဲ မင်က ခေါင်းခါယမ်းလိုက်သည်။
“သူ့ရဲ့ စိတ်ကူးကို ငါတို့တွေ ခန့်မှန်းမနေပါနဲ့တော့...”
သူသည် မဟာအကြီးအကဲတစ်ဦး ဖြစ်သော်လည်း အကြီးအကဲလီနှင့် ပတ်သက်လာလျှင်မူ သူ၏လေသံမှာ အလွန်ပင် ရိုသေလေးစားမှု ရှိလှပေသည်။ ဤအကြီးအကဲလီ၏ နောက်ခံမှာ သူကိုယ်တိုင်ပင် ဘာမှမသိရလောက်အောင် လျှို့ဝှက်ဆန်းကြယ်လှပေသည်။
မဟာအကြီးအကဲမင် မှတ်မိသလောက်ဆိုလျှင် သူ ရွှမ်ယွမ်ဂိုဏ်းသို့ စတင်ဝင်ရောက်လာချိန်ကပင် တစ်ဖက်လူမှာ မြစိမ်းရောင်တောင်ကုန်းကို စောင့်ကြပ်နေခဲ့ပြီ ဖြစ်၏။
နှစ်ပေါင်းနှစ်ရာကျော် ကုန်လွန်သွားခဲ့ပြီး သူသည် တပည့်ဘဝမှ မဟာအကြီးအကဲဘဝသို့ ရောက်ရှိလာသော်လည်း တစ်ဖက်လူမှာမူ မြစိမ်းရောင်တောင်ကုန်းမှာပင် ရှိနေဆဲ ဖြစ်၏။
ထိုသူနှစ်ဦး၏ သတိထားမှုကို ခံစားလိုက်ရသကဲ့သို့ အကြီးအကဲလီသည် တစ်ကိုယ်လုံးကို ခရမ်းရောင်ချီစွမ်းအင်များဖြင့် ဖုံးလွှမ်းလိုက်ပြီး တစ်ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့သည်။
“သွားကြစို့...”
မဟာအကြီးအကဲ မင်သည် ထပ်မံ၍ စူးစမ်းမနေတော့ပေ။ တစ်ဖက်လူမှာ အစဉ်အမြဲ လျှို့ဝှက်ဆန်းကြယ်လှသူ ဖြစ်ပြီး နာမည်မှာ လီ ဖြစ်သည်ဆိုသည်မှလွဲ၍ အခြား ဘာမှမသိရပေ။
“ဂျိန်း...”
မဟာအကြီးအကဲ မင်သည် မိုးကြိုးအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အတွင်းစည်း၏ အနက်ရှိုင်းဆုံးနေရာသို့ ပျံသန်းသွားတော့သည်။
အကြီးအကဲချင်းချိုင်သည် လော့ချန်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်သည်။ စောစောက အကြီးအကဲလီသည် လော့ချန်ကို ကြည့်လိုက်သော အကြည့်မှာ အနည်းငယ် ရှုပ်ထွေးနေပြီး ယခင်က သေလူတစ်ယောက်အလား အေးစက်လှသော အကြီးအကဲလီနှင့် အနည်းငယ် ကွာခြားနေသည်ဟု သူမ ခံစားလိုက်ရသည်။
“ဖြစ်နိုင်တာကတော့ ငါ အထင်မှားတာပဲ ဖြစ်မှာပါ...”
အကြီးအကဲချင်းချိုင်သည် ခေါင်းခါယမ်းလိုက်ပြီးနောက် ရှေ့သို့ လှမ်းတက်လိုက်ရာ တစ်ကိုယ်လုံးမှာ အလင်းရိပ်တစ်ခုအလား နေရာမှာပင် ပျောက်ကွယ်သွားတော့သည်။
အခန်း ၆၁၄ ပြီးပါပြီ။
အခန်း ၆၁၅ - ဆရာသခင်နှစ်ဦးနှင့် ဓားဆန္ဒအဆင့်ဓားသမား
မဟာအကြီးအကဲအချို့ ထွက်ခွာသွားသည်နှင့်အတူ ထိုနေရာရှိလူတိုင်းမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြတော့သည်။ မဟာအကြီးအကဲများအကြား အားပြိုင်မှုကြောင့် အတွင်းစည်းအကြီးအကဲများပင်လျှင် များစွာ ဖိအားပေးခြင်း ခံလိုက်ရသည်။
သိုင်းကွင်းပေါ်တွင် လော့ချန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူအုပ်ကြားမှ ကူးလင်ဖန်နှင့် ယွမ်ချီလန်ကို ရှာတွေ့သွားကာ ကျယ်လောင်စွာ ဆိုလိုက်သည်။
“ညီလေးကူး... ညီမလေးယွမ်... မင်းတို့ အရင်ဆုံး အပြင်စည်းကို ပြန်နှင့်ကြဦး... ငါ ဒီကိစ္စတွေကို ရှင်းပြီးမှ မင်းတို့ဆီ လာခဲ့မယ်...”
ရိုးရှင်းလှသော ထိုစကားတစ်ခွန်းကြောင့် ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့သည် တစ်ခဏချင်းမှာပင် လူတိုင်း၏အာရုံစိုက်မှုကို ခံလိုက်ရတော့သည်။ ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့မှာ နေရာမှာပင် မှင်တက်မိနေကြပြီး သူတို့၏ခန္ဓာကိုယ်များမှာပင် ပေါ့ပါးနေသကဲ့သို့ ခံစားလိုက်ရသည်။
ယနေ့ ဖြစ်ပျက်သမျှအရာအားလုံးမှာ သူတို့အတွက် အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ လော့ချန်သည် ပထမဆုံးအဖြစ် မင်းသားတန်း သန်မာသူများစွာကို ဆက်တိုက်အနိုင်ယူခဲ့ပြီးနောက် ဖုချန်လိကိုပါ ထပ်မံအနိုင်ယူခဲ့ကာ ရွှမ်ဟယ်စာရင်းသို့ တက်လှမ်း၍ အတွင်းစည်း၏ ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် တစ်ဦး ဖြစ်လာခဲ့သည်မဟုတ်ပါလော။ ဤကိစ္စရပ်တိုင်းမှာ သူတို့အတွက် အိမ်မက်ပင် မမက်ဝံ့လောက်အောင် ကြီးမားလှသော ကိစ္စရပ်များ ဖြစ်ပေသည်။
“ဝှစ်...”
လော့ချန်သည် ထိုသူနှစ်ဦး၏ ပြန်လည်ဖြေကြားမှုကို မစောင့်ဆိုင်းတော့ဘဲ စကားတစ်ခွန်း ချန်ထားရစ်ကာ မဟာအကြီးအကဲ မင် ထွက်ခွာသွားသော လမ်းကြောင်းအတိုင်း လိုက်ပါသွားတော့သည်။
“ညီလေးနဲ့ ညီမလေးတို့... ငါ မင်းတို့ကို အပြင်စည်းအထိ ပို့ပေးမယ်လေ...”
“ညီလေး ညီမလေးတို့... ငါ့နာမည်က လင်းချန်းပါ... မင်းတို့ ငါ့ကို စီနီယာအစ်ကိုလင်းလို့ ခေါ်နိုင်ပါတယ်...”
“ဒါက စီနီယာအစ်ကိုပေးတဲ့ လက်ဆောင်အနည်းငယ်ပါ...”
လော့ချန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အတွင်းစည်းတပည့်များစွာမှာ ကူးလင်ဖန်တို့ထံသို့ အပြေးအလွှား လာရောက်နှုတ်ဆက်ကြတော့သည်။ အချို့မှာမူ ဝိညာဉ်ဆေးလုံးများနှင့် ဝိညာဉ်ဆေးပင်များကိုပါ တိုက်ရိုက်ပေးအပ်ကြပြီး ပုံမှန်အားဖြင့် အပြင်စည်းတပည့်များအပေါ် ထားရှိလေ့ရှိသော အထက်စီးဆန်သည့် အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။
မင်းသားတန်းတပည့်များပင်လျှင် လမ်းကို အလိုအလျောက် ဖယ်ပေးလိုက်ကြရသည်။ နောင်တွင် မည်သို့ဖြစ်မည်ကို မသိရသော်လည်း လက်ရှိတွင်မူ လော့ချန်မှာ တကယ့်ကို ထိပ်သီးမျိုးဆက်တပည့် ၁၀ ဦးအနက် တစ်ဦးဖြစ်သလို မဟာအကြီးအကဲတစ်ဦး၏ တိုက်ရိုက်တပည့်လည်း ဖြစ်နေသဖြင့် သူ၏အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှပေသည်။ အတိအကျ ပြောရလျှင် အဆင့်အတန်းအရဆိုလျှင် အဓိကတပည့် ၁၀ ဦးမှလွဲ၍ လော့ချန်မှာ သာမန်အဓိကတပည့်များထက်ပင် ပိုမိုမြင့်မားနေသဖြင့် အတွင်းစည်းတပည့်များမှာ လုံးဝ နှိုင်းယှဉ်၍ မရပေ။
စောစောက လော့ချန်နှင့် ဖုချန်လိတို့၏ တိုက်ပွဲတွင် ပြသခဲ့သော ပြင်းထန်လှသည့်အစွမ်းမှာ အတွင်းစည်းတပည့်များစွာကို လုံးဝ စိတ်ကျေနပ်သွားစေခဲ့သည်။ သူတို့နိုးကြားထားသော သိုင်းဝိညာဉ်များမှာ လော့ချန်ထက် ဆယ်ဆ၊ ရာဆမက သာလွန်သော်လည်း အကြွင်းမဲ့အစွမ်းရှေ့မှောက်တွင်မူ သူတို့ ခေါင်းငုံ့လိုက်ကြရခြင်း ဖြစ်၏။ ဤကမ္ဘာကြီးသည် သန်မာသူဦးစားပေးမှု ဖြစ်သဖြင့် အစွမ်းမရှိလျှင် သင် မည်သည့် သိုင်းဝိညာဉ်ကို နိုးကြားထားသလဲ၊ မည်သည်ကို နားလည်ထားသလဲဆိုသည်ကို မည်သူမျှ စိတ်ဝင်စားမည်မဟုတ်ပေ။
ကူးလင်ဖန်နှင့် ယွမ်ချီလန်တို့ အပြင်စည်းသို့ ပြန်ရောက်သည့်အခါ သူတို့၏လက်ထဲတွင် ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်ဆေးလုံးများစွာ ပါလာခဲ့ပြီ ဖြစ်၏။
“ဒါ... ငါ... ငါ အိမ်မက်မက်နေတာ မဟုတ်ဘူးမလား...”
ယွမ်ချီလန်သည် ဝါဂွမ်းပုံပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရပြီး အချိန်အတော်ကြာသည့်တိုင်အောင် သတိမဝင်နိုင်ဘဲ ရှိနေတော့သည်။
ကူးလင်ဖန်က ခေါင်းခါယမ်းလျက် လှောင်ပြုံးလိုက်သည်။
“အိမ်မက်လား... ငါ အိမ်မက်တောင် ဒီလောက်အထိ မမက်ဝံ့ဘူး... ဒီနေ့မှပဲ တကယ့် ပါရမီရှင်ဆိုတာ ဘာလဲဆိုတာ ငါ သိလိုက်ရတော့တယ်... ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ်... တစ်နေ့နေ့မှာ သူက တာယွဲ့မင်းဆက်ကနေ ထွက်ခွာသွားပြီး အသုံးမကျတဲ့ သိုင်းဝိညာဉ်နဲ့ ယွမ်လန်နယ်မြေအုပ်စုရဲ့ ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ငါ ခံစားနေရတယ်...”
ယွမ်ချီလန်က အသာအယာ ခေါင်းညိတ်လိုက်ရာ သူမ၏မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်နေတော့သည်။
မိုးကြိုးတောင်ကုန်း...
ဤသည်က မဟာအကြီးအကဲ မင်ကျုံး နေထိုင်သော တောင်ကုန်း ဖြစ်၏။ တောင်ကုန်းတစ်ခုလုံးမှာ တိမ်တိုက်များအတွင်း နက်ရှိုင်းစွာ တည်ရှိနေခဲ့ပြီး တိမ်တိုက်များကြားတွင် ရံဖန်ရံခါ မိုးကြိုးလျှပ်စီးများ ဝင်းလက်နေသဖြင့် ကောင်းကင်ဧကရာဇ်၏ဓားသည် ကောင်းကင်ယံကို ဆုတ်ဖြဲလိုက်သည့်အလား ရှိနေပြီး တည်ငြိမ်လှသော မိုးကြိုးသံများကြောင့် လူ၏စိတ်ကို များစွာ ဖိအားပေးနေတော့သည်။
“တကယ်ကို ပြင်းထန်တဲ့ အရှိန်အဝါပဲ...”
မိုးကြိုးတောင်ကုန်းကို ကြည့်လျက် လော့ချန်သည် စိတ်ထဲမှပင် မထင်မှတ်ဘဲ ထိတ်လန့်သွားမိသည်။
“ဘယ်သူလဲ... မိုးကြိုးတောင်ကုန်း အနီးအနားကို မချဉ်းကပ်ရဘူးဆိုတာ မသိဘူးလား...”
လော့ချန် လေထဲတွင် ပျံသန်းလျက် မိုးကြိုးတောင်ကုန်းသို့ ချဉ်းကပ်လိုက်သည့်အခါ တောင်စောင့်တပည့်အချို့မှာ ရုတ်တရက် ပျံသန်းလာကြပြီး ပြင်းထန်စွာ ဟန့်တားလိုက်ကြသည်။ ဤနှစ်များအတွင်း မဟာအကြီးအကဲ မင်သည် ပိတ်ဆို့ကျင့်ကြံနေသဖြင့် အတွင်းစည်းတပည့်များ မိုးကြိုးတောင်ကုန်းသို့ မဝင်ရောက်ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ ဤတပည့်အချို့မှာ ဂိုဏ်း၏ အကျိုးပြုမှုအမှတ်များ ရရှိရန်အတွက် ဤနေရာတွင် တာဝန်ထမ်းဆောင်နေကြသော သာမန်အတွင်းစည်းတပည့်များသာ ဖြစ်ကြသည်။
လော့ချန်က ပြုံးလျက် ဆိုလိုက်သည်။
“မဟာအကြီးအကဲ မင်က ငါ့ကို လာခိုင်းလို့ပါ...”
“ဟင်... မင်းက... စီနီယာအစ်ကိုလော့ချန် ပဲ...”
အမျိုးသမီးတပည့်တစ်ဦးမှာ အနည်းငယ် အံ့သြသွားခဲ့ပြီးနောက် ချက်ချင်းပင် ရိုသေလေးစားစွာဖြင့် ဆိုလိုက်သည်။
“စီနီယာအစ်ကိုလော့ချန်... မဟာအကြီးအကဲ မင်နဲ့ အကြီးအကဲချင်းချိုင်တို့က တောင်ထိပ်ပေါ်က မိုးကြိုးဂေဟာမှာ စောင့်နေကြပါတယ်... အမြန် ဝင်သွားလိုက်ပါ...”
“ကောင်းပြီ... ကျေးဇူးတင်ပါတယ်...”
လော့ချန်က ခေါင်းညိတ်လိုက်ပြီးနောက် တိမ်တိုက်များအထက်သို့ ပျံသန်းသွားတော့သည်။
“လော့ချန်လား... ဖုချန်လိကို အနိုင်ယူပြီး ထိပ်သီးမျိုးဆက်တပည့်သစ် ဖြစ်လာတဲ့ လော့ချန်လား... ဘာလို့ ဒီလောက်အထိ ငယ်နေရတာလဲ... ကြည့်ရတာ အသက် ၁၆ နှစ်တောင် မပြည့်သေးဘူး ထင်တယ်...”
“စီနီယာအစ်ကိုလော့ချန်က ရွှမ်ယွမ်ဂိုဏ်းကို ရောက်တာ နှစ်နှစ်ပဲ ရှိသေးတာဆိုတော့ အသက်ငယ်တာ မဆန်းပါဘူး...”
“ဟူး... ဂိုဏ်းဝင်တာ နှစ်နှစ်တည်းနဲ့ ထိပ်သီးမျိုးဆက်တပည့် ဖြစ်လာတာလား... ဒါက တကယ်ကို လွန်လွန်းတယ်... ငါသိရသလောက်ဆိုရင် သူ နိုးကြားထားတာကလည်း အသုံးမကျတဲ့သိုင်းဝိညာဉ် လေ...”
ထိုသူအချို့မှာ မိုးကြိုးတောင်ကုန်းကို အစဉ်တစိုက် စောင့်ကြပ်နေကြသဖြင့် အတွင်းစည်းရင်ပြင်သို့ သွားရောက်ရန် အခွင့်အရေး မရှိကြပေ။ သူတို့သည် အခြားသူများ၏ ပြောဆိုချက်များမှတစ်ဆင့်သာ စောစောက ဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့ကြခြင်း ဖြစ်သဖြင့် ယခုအခါ လော့ချန်၏ကျောပြင်ကို ကြည့်လျက် အံ့အားသင့်နေကြတော့သည်။ သူတို့သည် ရှေ့မှောက်ရှိ သိမ်မွေ့သောလူငယ်လေးမှာ ဖုချန်လိကို အနိုင်ယူပြီး အတွင်းစည်းမင်းသားတန်းတစ်ခုလုံးကို ချေမှုန်းခဲ့သူဖြစ်သည်ဟု မည်သို့မျှ မထင်မှတ်ထားခဲ့ကြပေ။
မိုးကြိုးတောင်ကုန်းပေါ်သို့ ပို၍တက်လေလေ၊ သစ်ပင်များမှာ ပို၍နည်းပါးလာလေလေ ဖြစ်ပြီး နေရာအနှံ့တွင် မည်းနက်နေသော ကျောက်တုံးများသာ ရှိတော့သည်။
“ဂျိမ်း...”
ရုတ်တရက်ဆိုသလို လျှပ်စီးတန်းတစ်ခုသည် ကျဆင်းလာခဲ့ပြီး မည်းနက်နေသော ကျောက်တုံးကြီးတစ်ခုကို ထိမှန်သွားကာ မရေမတွက်နိုင်သော လျှပ်စီးလှိုင်းများကို ဖြစ်ပေါ်စေတော့သည်။
“ထူးဆန်းတယ်...”
လော့ချန်သည် စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့ပြီး ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လျက် အသေးစိတ် အာရုံခံကြည့်လိုက်ရာ ထိုမည်းနက်နေသော ကျောက်တုံးများထဲတွင် ထူးခြားလှသော စွမ်းအားများ ကိန်းဝပ်နေသည်ကို ရှာဖွေတွေ့ရှိသွားသည်။ တောင်ထိပ်သို့ ချဉ်းကပ်လေလေ၊ ထိုစွမ်းအားများမှာလည်း အဆက်မပြတ် တိုးပွားလာလေလေ ဖြစ်၏။ သို့သော်လည်း ထိုတိုးပွားမှုမှာ အလွန်ပင် သိမ်မွေ့လှသဖြင့် ထူးခြားလှသော အာရုံခံနိုင်စွမ်း မရှိလျှင် သိရှိရန်မှာ အလွန်ခက်ခဲလှပေသည်။
လော့ချန်သည် ထိုဝေဝါးလှသော စွမ်းအားများ တည်ရှိနေခြင်းကြောင့်သာ မိုးကြိုးတောင်ကုန်း၏ တိမ်တိုက်များမှာ တစ်နှစ်ပတ်လုံး မပျက်မပြယ် ရှိနေခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ မကြာမီမှာပင် လော့ချန်သည် တောင်ထိပ်သို့ ရောက်ရှိသွားသည်။ ဧရာမကြီးမားလှသော နန်းတော်ကြီးတစ်ခုမှာ တိမ်တိုက်များအတွင်း၌ တည်ရှိနေခဲ့ပြီး တိမ်တိုက်များကြားက နတ်ဘုရားမြို့တော်တစ်ခုအလား ရှိနေတော့သည်။
ထိုအချိန်တွင် နန်းတော်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“လော့ချန်... အမြန် ဝင်လာခဲ့...”
အကြီးအကဲချင်းချိုင်၏အသံပင် ဖြစ်၏။ လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် အတွင်းသို့ ဝင်ရောက်သွားတော့သည်။
နန်းတော်ကြီးမှာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။ အလယ်တွင် ခြေလေးချောင်းပါသော အိုးကြီးတစ်လုံး ရှိနေပြီး ထိုအိုးကြီးမှာ မီတာ ၃၀ ခန့် မြင့်မားကာ အနက်ရောင် ရှိနေပြီး အိုးကိုယ်ထည်ပေါ်တွင် တိမ်ဖြူများနှင့် ကြိုးကြာများအပြင် အမျိုးမျိုးသော ဝိညာဉ်သားရဲများကို ထွင်းထုထားသဖြင့် ထိုနေရာတွင် ရပ်နေသည့် ဧရာမ နတ်ဘုရားတစ်ပါးအလား နန်းတော်ကြီးတစ်ခုလုံးကို ထောက်မထားသကဲ့သို့ ရှိနေတော့သည်။
မဟာအကြီးအကဲ မင်နှင့် ထူးခြားလှသော အရှိန်အဝါများ ရှိနေသည့် အကြီးအကဲချင်းချိုင်တို့မှာ နန်းတော်အထက်တွင် ထိုင်နေကြသည်။
“လော့ချန်... နှုတ်ဆက်ပါတယ်...”
လော့ချန်သည် ရှေ့သို့ တက်၍ အရိုအသေပြုလိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရိုသေစွာ လက်အုပ်ချီလျက် ဆိုလိုက်သည်။
“လော့ချန်... ဆရာသခင်နှစ်ဦးကို နှုတ်ဆက်ပါတယ်...”
မဟာအကြီးအကဲ မင်က သူ့ကို တိုက်ရိုက်တပည့် အဖြစ် လက်ခံခဲ့သလို၊ အကြီးအကဲချင်းချိုင်ကလည်း ယခင်က သူ့ကို အစမ်းခန့် တပည့်အဖြစ် လက်ခံခဲ့ဖူးသဖြင့် နာမည်အရဆိုလျှင် သူတို့နှစ်ဦးစလုံးမှာ သူ၏ဆရာများ ဖြစ်ကြပေသည်။ ထို့ကြောင့် လော့ချန်သည် တစ်ခါတည်း ပေါင်း၍ နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ လူသားအမြုတေနယ်ပယ်သန်မာသူ ဆရာတစ်ဦး ပိုရှိခြင်းမှာ သူ့အတွက် မဆိုးလှပေ။
ထိုသို့ ခေါ်ဆိုလိုက်ခြင်းကြောင့် မဟာအကြီးအကဲ မင်နှင့် အကြီးအကဲချင်းချိုင်တို့မှာ ခဏမျှ မှင်တက်မိသွားကြရသည်။
“ဟားဟား...”
မဟာအကြီးအကဲ မင်က အော်ဟစ်ရယ်မောလိုက်ပြီး အကြီးအကဲချင်းချိုင်ကို ကြည့်ကာ ဆိုလိုက်သည်။
“ကြည့်ရတာ ငါတို့တွေ လုနေဖို့ မလိုတော့ဘူး ထင်တယ်...”
အကြီးအကဲချင်းချိုင်သည် စောစောကပင် မဟာအကြီးအကဲ မင်ကို လော့ချန်ကဲ့သို့သော ပါရမီရှင်ကို လက်မလွှတ်နိုင်ကြောင်း နောက်ပြောင်ပြောဆိုနေခဲ့၏။ ယခုမူ လော့ချန်၏ ဆရာသခင်နှစ်ဦး ဟူသော စကားကြောင့် ဤပြဿနာမှာ ပြေလည်သွားခဲ့ရပြီ ဖြစ်၏။
အကြီးအကဲချင်းချိုင်က အသာအယာ ပြုံးလျက် လော့ချန်ကို ကြည့်လိုက်သည်။
“လော့ချန်... ပြီးခဲ့တဲ့အကြိမ်က ငါ မင်းကို အစမ်းခန့်တပည့်အဖြစ် လက်ခံခဲ့တာက ပထမတစ်ခုက ယွမ်မန်လီ အတွက်ဖြစ်ပြီး ဒုတိယတစ်ခုကတော့ မင်းမှာ ကြီးမားတဲ့ သတ္တိနဲ့ စိတ်ဓာတ်ရှိတာကို ငါ မြင်ခဲ့လို့ပဲ...”
“မင်းက ငါ့ကို တကယ်ကို စိတ်မပျက်စေခဲ့ဘူး... အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ လှိုင်းကို ဆန်တက်ခဲ့ပြီး ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အထိ အောင်မြင်မှုတွေ ရရှိလာပြီး ထိပ်သီးမျိုးဆက်တပည့် ဖြစ်လာခဲ့တာပဲ... ငါ ကြည့်တာ မမှားဘူးဆိုရင် မင်းရဲ့ဓားဆန္ဒက ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် အလယ်အလတ်နယ်ပယ်ကို ရောက်နေပြီ မဟုတ်လား...”
“ဟုတ်ကဲ့... မကြာခင်မှာပဲ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားလိမ့်မည် လို့ ထင်ပါတယ်...”
လော့ချန်က ခေါင်းညိတ်လိုက်သည်။
ထိုစကားကြောင့် မဟာအကြီးအကဲ မင်နှင့် အကြီးအကဲချင်းချိုင်တို့၏ မျက်ဝန်းများမှာ တစ်ချက် တုန်ခါသွားကြရသည်။ ဓားဆန္ဒကို ကျင့်ကြံရန်မှာ အလွန်ခက်ခဲလှသည်ဟု လူတိုင်းက လက်ခံထားကြပေသည်။ သွေးကြောနိုးကြားမှုနယ်ပယ်တွင် ဓားဆန္ဒကို နားလည်နိုင်သော ဓားသမားမှာ ရာဂဏန်းတွင် တစ်ဦးပင် မရှိသလို ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား ဖြစ်လာရန်မှာမူ ပို၍ပင် နည်းပါးလှပေသည်။ လော့ချန်သည် ဓားဆန္ဒအစပျိုးအဆင့်မြင့်ဓားသမား ဖြစ်လာရုံတင်မကဘဲ ဂိုဏ်းဝင်ပြီး လူနှင့်သိုင်းပညာတစ်သားတည်းဖြစ်မှုကို နားလည်ခဲ့သည့်အချိန်မှ ယခုအထိ တစ်နှစ်ခန့်သာ ကြာမြင့်သေးသည်မဟုတ်ပါလော။ ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ အလွန်ပင် ထူးခြားလှပေသည်။
အကြီးအကဲချင်းချိုင်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
“မင်း ဘယ်လိုများ ကျင့်ကြံခဲ့တာလဲ...”
လော့ချန်သည် ကြိုတင်ပြင်ဆင်ထားသဖြင့် တိုက်ရိုက်ပင် ဆိုလိုက်သည်။
“ကျွန်တော် လော့ရှာဂိုဏ်းကို သွားခဲ့ပြီး လော့ရှာဂိုဏ်းရဲ့ စတုတ္ထနယ်မြေဖြစ်တဲ့ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်မှာ သွားပြီး ကျင့်ကြံခဲ့လို့ပါ...”
“ရောင်စဉ်ခုနစ်သွယ်စမ်းရေကန် လား...”
အကြီးအကဲချင်းချိုင်သည် ခဏမျှ ရပ်တန့်သွားခဲ့ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“လော့ရှာဂိုဏ်းရဲ့ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်က ရှေးဟောင်းစစ်မြေပြင် အကြွင်းအကျန်နေရာတစ်ခု ဖြစ်သလို စိတ်ဝိညာဉ်ကိုလည်း သန့်စင်ပေးနိုင်ပြီး စိတ်နှလုံးကိုလည်း ပြောင်းလဲစေနိုင်တယ်... ဓားဆန္ဒနဲ့ ဓားသမားရဲ့ စိတ်နှလုံးက တိုက်ရိုက်သက်ဆိုင်နေတာဆိုတော့ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်က ဓားဆန္ဒကျင့်ကြံမှုအတွက် တကယ်ကို အထောက်အကူ ဖြစ်စေမှာပါ...”
“ဒါပေမဲ့ ဒီအထောက်အကူက နည်းနည်းတော့ ကြီးမားလွန်းသလိုပဲ...”
အကြီးအကဲချင်းချိုင်၏ မျက်ဝန်းထဲ၌ သံသယရိပ်များ ပေါ်ထွက်လာကာ ဆိုလိုက်သည်။
“ငါ သိထားသလောက်ဆိုရင် လော့ရှာဂိုဏ်း အတွင်းစည်းတစ်ခုလုံးမှာ ဓားဆန္ဒအစပျိုးအဆင့်ရဲ့ အထက်ပိုင်းနယ်ပယ်ကို နားလည်ထားတဲ့ တပည့်က အနည်းငယ်ပဲ ရှိတာလေ... အတွင်းစည်းတပည့် ယွဲ့ယန် တောင်မှ သူရဲ့ဓားဆန္ဒက ၈၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် ပဲ ရှိသေးတာ...”
“ဟားဟား... ဒါက မရှင်းလင်းသေးဘူးလား...”
မဟာအကြီးအကဲ မင်က အော်ဟစ်ရယ်မောလျက် ဆိုလိုက်သည်။
“လော့ချန်ရဲ့ ဓားလမ်းစဉ်ပါရမီက ယွဲ့ယန်ထက် အများကြီး သာလွန်နေတာ သေချာတာပေါ့... ဖြစ်နိုင်တာကတော့ မကြာခင်မှာပဲ သူရဲ့ဓားလမ်းစဉ်အောင်မြင်မှုက လျှပ်ယွမ်ဂိုဏ်းရဲ့ ယွမ်ထျန်ယန်ကိုတောင် ကျော်လွန်သွားပြီး တကယ့် ဓားဆန္ဒကို ဦးဦးဖျားဖျား နားလည်သွားတဲ့သူ ဖြစ်လာမှာလည်း ဖြစ်နိုင်တာပဲ...”
သူ၏အကြည့်ကို လော့ချန်ထံသို့ လွှဲလိုက်ပြီးနောက် မဟာအကြီးအကဲ မင်က မေးမြန်းလိုက်သည်။
“ဘယ်လိုလဲ... လော့ချန်... မင်းမှာ ယုံကြည်မှု ရှိရဲ့လား...”
လော့ချန်၏ မျက်တောင်များမှာ အနည်းငယ် ပင့်တက်သွားခဲ့ပြီး သူ၏မျက်ဝန်းထဲ၌ အလင်းတန်းများ ဝင်းလက်လာကာ ဆိုလိုက်သည်။
“ဆရာက လော့ချန်အပေါ်မှာ ယုံကြည်မှု ရှိနေမှတော့ လော့ချန်အနေနဲ့လည်း သေချာပေါက် နောက်ဆုတ်မှာ မဟုတ်ပါဘူး...”
ထို ယွမ်ထျန်ယန်၏ ဓားဆန္ဒ မည်သည့်နယ်ပယ်သို့ ရောက်ရှိနေသည်ကို သူမသိသော်လည်း ဖုချန်လိနှင့် တိုက်ပွဲအပြီးတွင်မူ လော့ချန်သည် ထပ်မံ၍ နားလည်သဘောပေါက်မှုများ ရရှိခဲ့ပြီ ဖြစ်၏။ သူ ခန့်မှန်းရသလောက်ဆိုလျှင် အကြာဆုံး တစ်လ သို့မဟုတ် နှစ်လ၊ အမြန်ဆုံးဆိုလျှင် ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် သူ၏ဓားဆန္ဒမှာ ၉၀ ရာနှုန်းသောဓားဆန္ဒအစပျိုးအဆင့် အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားမှာ သေချာလှပေသည်။ ထို့နောက်တွင်မူ တကယ့် ဓားဆန္ဒကို နားလည်သွားပြီး လူတိုင်း လေးစားရသော ဓားဆန္ဒအဆင့်ဓားသမားတစ်ဦး ဖြစ်လာပေတော့မည်။
အခန်း ၆၁၅ ပြီးပါပြီ။