← Chapters

ကလေးသရဲတွေကို ဘဝကူးပေးခြင်း

Vol. 1-5 Ch. 56

ကလေးသရဲတွေကို ဘဝကူးပေးခြင်း

Vol. 1-5 Ch. 56

အခန်း (၅၆) : ကလေးသရဲတွေကို ဘဝကူးပေးခြင်း

ကွေ့ကုန်းကုန်း စကားဆုံးသည်နှင့် မိုးကြိုးဖြင့် ထပ်မံ အပစ်ခံလိုက်ရပြန်သည်။

ဂျိန်း…

ကျန်းယွင်ရှီး၏ တိုက်ခိုက်ခြင်းကို ထပ်ခံလိုက်ရသော ကွေ့ကုန်းကုန်းခမျာ မေ့လဲသွားသည်ကို ရှန်ထျန်းက ဆွံ့အစွာဖြင့် ကြောင်ကြည့်နေသည်။

ဦးလေးကွေ့ရယ်… သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မလေ… ဘာလို့ စကားကို မဆင်မခြင် ပြောရတာလဲ…

ကျန်းယွင်ရှီးက ရွှေရောင် ရောင်ဝါစက်ဝန်းရှိတဲ့ စွမ်းအားကြီးသူတစ်ယောက်လေဗျာ…

အဲဒါတောင် သူမရှေ့မှာ သူမရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမဲ့ စကားတွေကို ပြောရဲတာလား…

ဟင်း… ဦးလေး တကယ်ပဲ သေချင်နေတာလားဗျာ…

ရှန်ထျန်းက တွေးနေရင်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်မိသည်။

“အာ… နတ်မိမယ်ကျန်းရယ်… ဦးလေးကွေ့မှာ မကောင်းတဲ့စိတ် မရှိပါဘူးဗျာ”

ကျန်းယွင်ရှီးက အေးစက်စွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ကျွန်မမှာလည်း မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီလို မိုးကြိုးနည်းနည်းလေးက သူ့ကို မထိခိုက်စေပါဘူး။ ဒီလူက ဟရူးဂါနတ်ဆိုးကျမ်းက ကျင့်စဉ်ကို ကျင့်တဲ့အချိန်မှာ မြန်မြန် အဆင့်တက်အောင် လုပ်ခဲ့လို့ သူ့ရဲ့ စွမ်းအားတွေ အတော်လေး ကုန်ခမ်းသွားတယ်။

ကျွန်မ အခုသုံးလိုက်တဲ့ မိုးကြိုးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ မိုးကြိုးကျင့်စဉ် ငါးခုထဲက ကျားမူ နတ်မိုးကြိုးပဲ။ မိုးကြိုးနောက်ထပ် နည်းနည်းလောက် ထပ်ပြီး အပစ်ခံရမယ်ဆိုရင်တောင် သူ့ကို ဘာမှထိခိုက်မှာ မဟုတ်ဘူး”

သူမ စကားပြောလို့ ပြီးသွားသည်နှင့် ကွေ့ကုန်းကုန်းကို မိုးကြိုး ထပ်မှန်ပြန်သည်။ ကွေ့ကုန်းကုန်း၏ အိုနေသော မျက်နှာသည်လည်း ပိုပြီးတော့ မည်းနက်လာရသည်။

သူမ ရှန်ထျန်းကို ဘာဖြစ်လို့ ရှင်းပြမိနေတာလည်း ဆိုတာကို ကျန်းယွင်ရှီး စဉ်းစားလို့ မရတော့ပေ။

အရင်တုန်းကလို သူမ၏ ဒေါသထွက်လွယ်သော အကျင့်စရိုက်နှင့်သာဆိုလျှင် ထိုအဖိုးကြီး လှုပ်လိုက်သည်နှင့် သူမ အကျွမ်းကျင်ဆုံးဖြစ်သည့် ကျားဖြူ ကန်ကျင်းနတ်မိုးကြိုးကို အရင်ဆုံး ထုတ်သုံးမိလိမ့်မည်။

ထို့နောက် သူမ ဒုတိယ အကျွမ်းကျင်ဆုံးဖြစ်သည့် ဇာမဏီ လီ မီးမိုးကြိုးကို ထုတ်သုံးမည်။

ထိုအဖိုးကြီး၏ မျက်နှာလောင်ကျွမ်းသွားသည်အထိ လုပ်ပစ်မိမှာ သေချာလှသည်။

ထိုကဲ့သို့ လုပ်ပြီး သူတော်စင်မကို မထီမဲ့မြင် လုပ်လို့ မရကြောင်း ကောင်းကောင်း ပြသသွားမည်။

ကျန်းယွင်ရှီးက ယနေ့ တစ်ခုခုတော့ မှားနေကြောင်း တွေးနေမိသည်။

ဒီအဖိုးကြီး သူ့သခင်ကို ကာကွယ်ပေးဖို့ လုပ်တာကို ကြည့်ပြီး သူမ စိတ်ပျော့သွားတာနေမှာ…

“ရှင်နဲ့ အကြာကြီးစကားတွေ ပြောပြီးတာတောင် ရှင့်ရဲ့ နာမည်ကို အခုထိ ပြောမပြရသေးဘူးနော်”

ကျန်းယွင်ရှီးက တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားတာကြောင့် ရှန်ထျန်းကို မေးလိုက်ခြင်း ဖြစ်သည်။

ရှန်ထျန်းက ကြောင်အစွာဖြင့် ပြောလိုက်သည် “ကျွန်တော်က ရှန်အောင်းထျန်းပါ။ အနက်ရောင်ချိုင့်ဝှမ်း အထွတ်အထိပ်ရှင် ဖူတဲရဲ့ တပည့်…”

သူ စကားမဆုံးခင် ကျန်းယွင်ရှီးက ကြားဖြတ်ကာ ဝင်ပြောလိုက်သည်

“ကျွန်မကို အရူးလာလုပ်မနေနဲ့။ ကျွန်မ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ဆီ မလာခင် အကုန်လုံး သေချာစုံစမ်းထားပြီးပြီ။ အရှေ့ပိုင်းလွင်ပြင်ဆီက လူသိများတဲ့ ဂိုဏ်းတွေထဲက နီပွန်းတောင်တန်းမှာ အနက်ရောင်ချိုင့်ဝှမ်းဆိုတာ မရှိဘူး” ကျန်းယွင်ရှီးက စိတ်တိုစွာဖြင့် ပြောလိုက်သည် “ရှင်က ကျွန်မကို လှည့်စားရဲတယ်ပေါ့လေ ဟုတ်လား”

ကျန်းယွင်ရှီး၏ နောက်တွင် ကျားဖြူသဏ္ဌာန်မိုးကြိုး ပေါ်လာသည့်အတွက် ရှန်ထျန်း ကြက်သီးမွေးညင်းများပင် ထမိသည်။

“မျိုးရိုးနာမည်က ရှန်ပါ။ နာမည်အရင်းက ထျန်းပါ။ ကျင့်ကြံဘွဲ့အမည်က အောင်းထျန်းပါ။ တာအိုဘွဲ့အမည်ကတော့ ရွှင်းယွမ်ပါ…”

ကျန်းယွင်ရှီးက ခေါင်းညိတ်ကာ ပြောလိုက်သည်

“ဟုတ်ပါပြီ… ဒီလောက်ဆို လုံလောက်ပါပြီ။ ကျန်တဲ့နာမည်တွေ ပြောပြစရာ မလိုတော့ပါဘူး”

သူမက ပုတီးကို ကိုင်ထားကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်

“အရှေ့ပိုင်းလွင်ပြင်က ထူးချွန်တဲ့ ပညာရှင်တိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြတယ်လေ။ ရှင် ပြောတဲ့ အလိမ်အညာတွေ နားထောင်ရမှာထက်စာရင် မကြားရတာပဲ ကောင်းပါတယ်။ ရှင့်နာမည်က ရှန်ထျန်းဆိုတာ သိရရင်ကိုပဲ ရပါပြီ”

သက်တောင့်သက်သာဖြစ်လိုက်တာ… ဒီအပေါက်ဆိုးတဲ့ မိန်းကလေးနဲ့ စကားပြောရတာ ကောင်းချက်…

အဟမ်း… နည်းနည်း စကားချော်သွားတယ်… ဒီသူတော်စင်မနဲ့ စကားပြောရတာ ကောင်းတယ်လို့ ပြောချင်တာပါ…

ရှန်ထျန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှ သန်မာသည့် မိန်းကလေးကို သဘောကျနေမိသည်။

သူ့ကျင့်ကြံဆင့်သာ သူမထက် မနိမ့်ခဲ့လျှင် သူနှင့်အတူ လိုက်ခဲ့ပြီး သွေးသောက်မောင်နှမဖြစ်ဖို့ ကျမ်းကျိန်ချင်လားဟု မေးမိမှာ အသေအချာပင် ဖြစ်သည်။

“ဒီကလေးသရဲတွေရဲ့ ဝိညာဉ်ကို လွှတ်ပေးနိုင်ဖို့အတွက် ကျွန်မ အချိန်နည်းနည်း ယူဖို့ လိုတယ်” ကျန်းယွင်ရှီးက ပုတီးကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း ပြောလိုက်သည် “အဲဒီအချိန်အတွင်း ရှင် ကျွန်မကို စောင့်ပေးဖို့ လိုအပ်တယ်”

ကျန်းယွင်ရှီးက ထိုစကားကို ပြောနေတုန်း သူမမျက်လုံးထဲမှာ မယုံကြည်မှုတို့ ထင်ဟပ်နေသည်။

သူမက ရှန်ထျန်းကို အပြည့်အဝ မယုံကြည်နိုင်သေးပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသည် အရှေ့ပိုင်းလွင်ပြင်ရှိ ထိပ်တန်း အထွတ်အမြတ်ဂိုဏ်း (၁၂)ခုထဲမှ တစ်ခု ဖြစ်သည်။ သူတို့က မိစ္ဆာဝိညာဉ်လိုမျိုး မိစ္ဆာဂိုဏ်းတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ပါက ဖိအားအများဆုံးသော ခုခံသူတွေ ဖြစ်သွားသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အတိတ်တုန်းက အောင်မြင်သူတွေက မိစ္ဆာကို ရှုံးနိမ့်အောင် တိုက်ခိုက်ပြီး ပစ္စည်းကို ကာကွယ်ခဲ့ကြသည်။

မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်သည့် နည်းလမ်းတွေနှင့် ပတ်သက်လျှင် အသာစီးရမည် မဟုတ်ပေ။

ကျန်းယွင်ရှီးက သူတော်စင်မ တစ်ယောက်အနေနဲ့ ငယ်ရွယ်သော်လည်း သူမက လွယ်လွယ်နှင့် ယုံတတ်သူ မဟုတ်ပေ။

ကလေးသရဲတွေကို လွှတ်ပေးသည့် အခွင့်အရေးကို အသုံးချရင်း ရှန်ထျန်းက မိစ္ဆာဝိညာဉ်၏ နောက်လိုက် ဟုတ် မဟုတ် စမ်းသပ်နိုင်သည်။

ကျန်းယွင်ရှီးက တွေးတောရင်း လျှို့ဝှက်စွာ ပြင်ဆင်ထားလျက် ကလေးသရဲတွေကို စတင် လွှတ်ပေးလိုက်လေတော့သည်။

သူမက သိုလှောင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး (၈)တုံးကို ထုတ်ကာ အဝိုင်းပုံသဏ္ဌာန် နေရာချထားလိုက်သည်။

ထို့နောက် ပုတီးကို အလယ်တည့်တည့်မှာ ထားလိုက်သည်။

ကျန်းယွင်ရှီးက ဝိညာဉ်ချီနှင့် ဓမ္မစွမ်းအားကို အသုံးပြုလိုက်သည့်အချိန်၌ ခင်းကျင်းထားသော အစီအရင်တို့က သက်ဝင် လှုပ်ရှားလာသည်။

ဝိညာဉ်ချီက ချက်ချင်း နိုးထလာကာ ပုတီးနားမှာ ရစ်ပတ်ဝေ့ဝဲနေသည်။

ကျန်းယွင်ရှီးက ဝိညာဉ် လွှတ်ပေးသည့် ဂါထာမန္တရားများကို ဆက်တိုက်ရွတ်ဆိုလိုက်သည်။

“နမော အမိတာဘာယ တထာဂတာယ၊  တဒ်ယထာ၊  အမ်ရ်တောဒ် ဘဗေ၊ အမ်ရ်တ သိဒ်ဓ ဘဗေ …

အမ်ရ်တ ဝိက်ရာန်တော၊  အမ်ရ်တ ဝိက်ရာန်တော၊  ဂါမိနေ ဂဂန၊  ကိရ်တ ကိရေ သဝါဟာ”

ကျန်းယွင်ရှီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပြန်လည်မွေးဖွားခြင်းဂါထာကို ဆက်လက် ရွတ်ဆိုသည့်အခါ သူမ၏ ဓမ္မစွမ်းအားတွေ ဖြည်းဖြည်းချင်း စုပေါင်းသွားရင်း ရွှေရောင်သင်္ကေတစာတန်းတွေ ပေါ်ထွက်လာလေသည်။

သင်္ကေတစာတန်းများထဲတွင် ဆန်းကြယ်သော တာအိုအမှတ် ပါဝင်နေပြီး ပြန်လည်ဝင်စားခြင်း၏ လျှို့ဝှက်ချက်များကို အသေးစိတ် ဖော်ပြနေသည်။

ထိုစာတန်းများထဲ၌  ဖော်ပြ၍ မရနိုင်သော ကြီးကျယ်သည့် တည်ရှိမှုတို့ ပါဝင်နေပုံပေါ်သည်။

ထိုရွှေရောင်စာတန်းတွေက ပုတီးထဲ ဝင်သွားပြီးနောက် ပုတီးထဲမှ ကလေးသရဲတွေ တစ်ကောင်ပြီး တစ်ကောင် ပျံထွက်လာလေ၏။

သူတို့၏ ခန္ဓာကိုယ်က အစကတည်းက အမည်းရောင် ဖြစ်သည့်အတွက် ရုပ်ဆိုးအကျည်းတန်ပြီး ကြောက်ဖို့ကောင်းလှသည်။

သို့သော် ရွှေရောင်အလင်းတန်းထဲ ဖြတ်သန်းပြီးသည့်နောက်မှာတော့ သူတို့၏ ဝိညာဉ်ကို သန့်စင်လိုက်သလိုမျိုး ဖြစ်သွားသည်။

အစတုန်းက ကြောက်စရာကောင်းပြီး နာကျင်မှုကို ခံစားနေရပုံပေါ်သည့် ကလေးသရဲတွေက အခုတော့ သက်တောင့်သက်သာ ဖြစ်သွားသည့်ပုံဖြင့် ပြုံးရယ်နေကြလေသည်။

သူတို့၏ ရိုးသာဖြူစင်သော ရယ်သံလေးတွေကလည်း အခန်းထဲမှာ ပဲ့တင်ထွက်လာသည်။

ကလေးလေးတွေ၏ အသံက ကြားနေရသောသူတွေအဖို့ မျက်ရည်ပင် ဝဲစေသည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျေးဇူးတင်ပါတယ် သူတော်စင်မ အစ်မကြီး”

“ဝိညာဉ်ကျောက်တုံးတွေ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ ကျွန်တော်တို့ကို လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော် အစ်မကြီး”

“ကျေးဇူးတင်ပါတယ်ရှင်”

“ကျေးဇူးတင်ပါတယ်ခင်ဗျာ”

“ကျေးဇူးတင်ပါတယ်နော်”

“ကျေးဇူးပါနော်”

“ကျေးဇူးတင်ပါတယ်…”

ရွှေရောင်အလင်းတန်းထဲမှာ ကလေးသရဲတွေကို လွှတ်ပေးလိုက်ပြီး ပြန်ဝင်စားလို့ ရအောင် လုပ်ပေးထားသည်။

သူတို့၏ ရယ်သံလေးတွေနှင့် ကျေးဇူးတင်သံလေးတွေထဲတွင် အဖြူစင်ဆုံး ခံစားချက်လေးတွေ ပြည့်နှက်နေမှန်း ခံစားလို့ရသည်။

ကျန်းယွင်ရှီးအတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ပြန်လည်မွေးဖွားခြင်းဂါထာကို အရမ်းကြီး မကျွမ်းကျင်တာကြောင့် အတော်လေး ချွေးထွက်နေလေပြီ။

သူမရဲ့အစ်ကို ဒါမှမဟုတ် သူမရဲ့ ဂိုဏ်းတူ အစ်ကိုကြီးတို့က ကလေးသရဲတစ်ကောင်ကို လွှတ်ပေးဖို့အတွက် ဓမ္မစွမ်းအား တစ်ဆ ထုတ်လွှတ်ရမည်ဆိုပါက ကျန်းယွင်ရှီးအနေနဲ့ ဓမ္မစွမ်းအား ဆယ်ဆလောက် သုံးဖို့ လိုအပ်သည်။

ယခုလိုမျိုး ကလေးသရဲ ရာချီကျော်ကို တစ်ခါတည်းဖြင့် လွှတ်ပေးရသည့်အတွက် ကျန်းယွင်ရှီး ပင်ပန်းနေသည်မှာ မဆန်းပေ။

ရှန်ထျန်းက စိုးရိမ်စွာဖြင့် မေးလိုက်သည် “နတ်မိမယ်ကျန်း… အဆင်ပြေရဲ့လား။ နားဖို့ လိုသေးလားဟင်”

ကျန်းယွင်ရှီးက အေးစက်စွာဖြင့် လှောင်ရယ်ကာ ပြန်ဖြေလိုက်သည် “ဒီလောက် ရာကျော်လေးပဲဟာ ပင်ပန်းစရာအကြောင်း ရှိပါ့မလား”

ကျန်းယွင်ရှီး၏ ပုံစံက တကယ် ဘာမှမဖြစ်တော့သည့် ပုံစံပေါ်မှ ရှန်ထျန်းမှာ စိတ်အေးသွားနိုင်တော့သည်။

သူ ဘေးဖက်ကိုကြည့်လိုက်တော့ ကျိုးအာက ကလေးလေးတွေကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“မင်းရဲ့ကလေးတွေ လွတ်မြောက်သွားပြီနော်။ မင်း အားမကျဘူးလား… စိတ်ပြောင်းလို့လည်း ရသေးတယ်နော်”

ရှန်ထျန်းက စိတ်အားထက်သန်စွာဖြင့် ဖျောင်းဖျနေသည်။

“အခွင့်အရေးကို လက်လွတ်မခံနဲ့လေနော်။ အခုဆိုရင် နတ်မိမယ်ကျန်းအတွက် မင်းကို လွှတ်ပေးဖို့ ပိုပြီး လွယ်ကူသွားပြီ။ ကျိုးအာ… မင်း စိတ်ပြောင်းသွားရင် မင်းကိုလည်း လွှတ်ပေးဖို့ နတ်မိမယ်ကျန်းကို ပြောပေးမယ်လေ”

ရှန်ထျန်း၏  စကားတွေကို ကြားပြီးတော့ ကျိုးအာနှင့် ကျန်းယွင်ရှီးတို့ မျက်လုံးပြူးကျယ်သွားကြသည်။

ကျိုးအာ “ ….. ”

ကျန်းယွင်ရှီး “ ….. ”

All Chapters