← Chapters

မျိုးမစစ်မင်းသား၏ မြည်တမ်းသံ

Vol. 23 Ch. 340

မျိုးမစစ်မင်းသား၏ မြည်တမ်းသံ

Vol. 23 Ch. 340

"သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ"

ပိုင်ကျီဟန်က မေးလိုက်သည်။

သူ့အတွက်မူ အကြီးအကဲ ရှူဟိုင်သည် အင်မော်တယ် အဆင့်ဖြစ်စေ၊ ထိုထက်မြင့်သည်ဖြစ်စေ အရေးမကြီးပေ။ ပိုင်မျိုးနွယ်စုတွင်လည်း ထိုသို့သော ပုဂ္ဂိုလ်များစွာ ရှိပြီးသားဖြစ်သည်။

ဒုတိယမင်းသား ပြောပုံအရဆိုလျှင် အကြီးအကဲ ရှူဟိုင်မှာ ထွက်ပြေးသွားလောက်ပြီ ဖြစ်သည်။

မင်းသားက ခေါင်းခါပြ၏

"ကျွန်တော်မသိဘူး။ သူက အဲဒီအကြောင်းကို တိုက်ရိုက်မပြောဖူးဘူး။ ဒါပေမဲ့... သူက ကျွန်တော့်ကို ကူညီခဲ့တာဆိုတော့ ကြယ်ကြွေအင်ပါယာရဲ့ ထီးနန်းအတွက်ပဲ ဖြစ်မှာပါ"

သူ၏ဆရာသည် သူ့ကို အကန့်အသတ်မရှိ ကူညီပေးနေခြင်းမှာ သူ့ကို အသုံးချနေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

သို့သော်လည်း ဘာမှမလုပ်နိုင်ဘဲ သေဆုံးသွားမည့်အစား အသုံးချခံရသည်ကိုပင် သူက ဝမ်းသာနေခဲ့သည်။ အနည်းဆုံးတော့ သူသည် တစ်စုံတစ်ခုအတွက် အသုံးဝင်နေသေးသည် မဟုတ်ပါလော

ပိုင်ကျီဟန်သည် နားထောင်ရင်း အဖြေရှာရန် ကြိုးစားနေသည်။

အကြီးအကဲ ရှူဟိုင်နှင့် နောက်ကွယ်မှ အဖွဲ့အစည်းသည် တစ်ခုခု ထူးထူးခြားခြား ရှိမနေလျှင် ဤအင်ပါယာကို တကယ်အလိုရှိလိမ့်မည်ဟု သူ မထင်ပေ။ သို့မဟုတ်လျှင် သူတို့၏ ပစ်မှတ်မှာ ဤအင်ပါယာ မဟုတ်ဘဲ အခြားတစ်ခုခု ဖြစ်နေနိုင်သည်။

မင်းသားသည် သူ့ကို ပြန်မော့ကြည့်ပြီး သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားကာ ထူးဆန်းသော လက်ခံမှုတစ်ခုက အစားထိုးဝင်ရောက်လာသည်။

ပိုင်ကျီဟန်သည် ဒုတိယမင်းသား၏ မျက်နှာပေါ်ရှိ အမူအရာတိုင်းကို ဓားဖြင့် ခွဲစိတ်ကြည့်ရှုနေသကဲ့သို့ စေ့စေ့စပ်စပ် လေ့လာနေသည်။

သူ၏ ဇာတ်လမ်းထဲတွင် တစ်ခုခု လိုအပ်နေသည်။

"ဒါပဲလား..." ပိုင်ကျီဟန်က သံသယဖြင့် အေးအေးဆေးဆေး မေးလိုက်သည်။ "ရှူဟိုင်လို လူမျိုးက မင်းကို အင်ပါယာရဲ့ ဧကရာဇ်ဖြစ်အောင် လုပ်ပေးဖို့အတွက် ဒီလောက်ထိ အပင်ပန်းခံလိမ့်မယ်လို့ မင်းက ငါ့ကို ယုံစေချင်တာလား"

ဒုတိယမင်းသား၏ မျက်နှာမှာ ခေတ္တမျှ တောင့်တင်းသွားပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ” သူကဆို၏။ "တခြား အကြောင်းရင်းတွေ ရှိဦးတော့၊ ကျွန်တော်လည်း မသိဘူး”

“သူ ဘာကို လိုချင်လဲဆိုတာ သိဖို့ မလိုဘူး။ အရေးကြီးတာက ဆရာ့အကူအညီနဲ့ ကျွန်တော် ဧကရာဇ် ဖြစ်လာနိုင်ဖို့ပဲ”

ဆီထဲကျသွားသည့် မီးပွါးလို သူ့စကားများက တိတ်ဆိတ်သွားစေသည်။

ထိုစကားကြောင့် ပဉ္စမမင်းသားမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။

"မင်း... မယားငယ်ရဲ့ သားက ဒီလောက်အထိ အိပ်မက်ကြီးဝံ့တယ်ပေါ့”

သူ၏အသံသည် မနည်းထိန်းချုပ်ထားရသော ဒေါသများကြောင့် တုန်ရီနေခဲ့သည်။

သူသည် စစ်မှန်သော အထက်တန်းစား မြင့်မြတ်သူတစ်ဦး ဖြစ်သည် — သူ၏ခမည်းတော်မှာ ဧကရာဇ်ဖြစ်ပြီး မယ်တော်မှာ မိဖုရားခေါင်ကြီး ဖြစ်သည့်အတွက်ကြောင့် သူသည် ထီးနန်းကို ဆက်ခံရန် တရားဝင် အခွင့်အရေးရှိသော အမွေခံမင်းသားပင် ဖြစ်သည်။

သူသည် နန်းတွင်းသူမှ မွေးဖွားလာသော မင်းသားကို ဧကရာဇ်ဖြစ်လာမည်ဆိုသည့် အချက်အား ဘယ်သောအခါမှ လက်မခံနိုင်ပေ။

ဧကရာဇ်ကိုယ်တိုင်လည်း ဒုတိယမင်းသား၏ စကားကြောင့် အလွန်အမင်း ဒေါသထွက်နေသည်။

သူ ရှိနေပါလျက်နှင့် ထိုသို့ပြောခြင်းသည် သူ့ကို သေပြီဟု သတ်မှတ်လိုက်ခြင်းပင် မဟုတ်ပါလော

အမှန်စင်စစ် ဧကရာဇ်သေဆုံးမှသာ အခြားတစ်ယောက်မှာ ဧကရာဇ် ဖြစ်လာနိုင်မည် မဟုတ်ပါလော။

"ဧကရာဇ် ဖြစ်လာမယ် ဟုတ်လား? မင်းရဲ့ လောဘက ငါတို့ အင်ပါယာကို ပျက်စီးခြင်းဆီ ဖိတ်ခေါ်နေတာတောင်မှ မင်းက ကံကြမ္မာအကြောင်းကို ပြောဝံ့သေးတယ်ပေါ့လေ"

သို့သော် ဒုတိယမင်းသားက နောက်မဆုတ်ပေ။ သူ၏မျက်လုံးများသည် သွေးရောင် နီမြန်းနေပြီး သူ၏စိတ်အစဉ်မှာလည်း အရှက်ရမှုနှင့် ရူးသွပ်မှုတို့ကြားတွင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေခဲ့သည်။

"ကျွန်တော်က ခမည်းတော် ဧကရာဇ် လောင်ကျီ ဘယ်တော့မှ မလုပ်နိုင်တာကို လုပ်ခဲ့တာပဲ”

သူက ခါးသီးစွာပြောသည်

" ကျွန်တော် အင်ပါယာကို ပျက်စီးအောင် လုပ်ခဲ့ရင်ရော ဘာဖြစ်လဲ။ ဒီအင်ပါယာက ကျွန်တော်ကို တစ်ခါမှ ထူးထူးခြားခြား ဆက်ဆံခဲ့တာမှ မဟုတ်တာ”

"မင်း...ငါ အသက်ရှိနေသရွေ့ မင်း ဘယ်တော့မှ ထီးနန်းကို ရမှာမဟုတ်ဘူး”

ဧကရာဇ်က ဆိုလိုက်သည်။

"ဟွန့်! ကျွန်တော် မသိတာကျလို့"ဒုတိယမင်းသားသည် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ ထိုစကားလုံးများ၏ နောက်ကွယ်တွင် လေးနက်သော အဓိပ္ပာယ်များ ကပ်ပါနေသည်။ “ပိုင်ကျီဟန်သာ မရှိရင် ကျွန်တော် ထီးနန်းကို အသေအချာ ရမှာပဲ"

ဒုတိယမင်းသားသည် အားမပါဘဲ ရယ်မောလိုက်ပြီး သူ၏အသံမှာ လောင်ကျွမ်းနေသော လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

"မင်းက ဒီပြင်ပလူရဲ့ ကြားဖြတ်မှုမပါရင် ဘာမှမဟုတ်ဘူး"

ပဉ္စမမင်းသားက ဒေါသတကြီး ပြောလိုက်သည်။

"ဘာမှမဟုတ်ဘူး ဟုတ်လား?" သူက ဆိုလိုက်ရင်း မျက်နှာမှာ မဲ့ရွဲ့သွားသည်။ "အဲဒါ အမှန်ပဲ ဆိုဦးတော့၊ ကျွန်တော်က အားလုံးထက် ထီးနန်းနဲ့ ပိုနီးစပ်ခဲ့တာပဲ။ အဲဒါကပဲ အရေးကြီးဆုံးပဲ"

သူစကားပြောနေစဉ် သူ၏အကြည့်သည် မသိစိတ်အရ မင်းသမီး စွန်းယောင်ချင်းဆီသို့ ရောက်သွားသည်။

ပိုင်ကျီဟန်က ၎င်းကို ချက်ချင်းပင် သတိပြုမိလိုက်သည်။

သူ၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး စူးစမ်းလိုစိတ်အချို့ ဖြစ်ပေါ်လာသည်။

"ထူးဆန်းသားပဲ" သူက အငြင်းအခုံများကြားမှ တိုးညှင်းစွာ ဖြတ်ပြောလိုက်သည်။ "မင်းက တကယ်ပဲ ထီးနန်းနဲ့ အဲဒီလောက်အထိ နီးစပ်တယ်ဆိုရင် သူမကို ဘာလို့ လျစ်လျူရှုထားတာလဲ"

"သူမ...?"

"မင်းသမီး စွန်းယောင်ချင်း"

ပိုင်ကျီဟန်၏ လေသံမှာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေသကဲ့သို့ ရှိသော်လည်း စကားလုံးတိုင်းသည် အန္တရာယ်ရှိသော အငွေ့အသက်များ ပါဝင်နေသည်။

"ပါရမီ တစ်ခုတည်းနဲ့တင် သူမက မင်းရော ပဉ္စမမင်းသားထက်ပါ သာလွန်တယ်။ ဒါတင်မကဘူး..သူမမှာ အဆက်အသွယ်တွေရော၊ သွေးမျိုးဆက်ရော လိုနေတယ်လို့ ငါမထင်ဘူး။ မင်းတို့နှစ်ယောက်နဲ့ မတူတာက သူမမှာ အရာအားလုံး ရှိပြီးသားပဲ"

ဤလောကသည် ခေါင်းဆောင်မှုကဏ္ဍတွင် အမျိုးသားများကို ဦးစားပေးသော လောကဖြစ်ကြောင်း ပိုင်ကျီဟန် သိသော်လည်း လူတစ်ဦး၏ ပါရမီနှင့် စွမ်းအားသည် ပြိုင်ဘက်များကို သိသိသာသာ သာလွန်နေသည့် အခြေအနေတွင် မင်းသမီး စွန်းယောင်ချင်း ဧကရီ ဖြစ်လာခြင်းမှာ ထူးဆန်းသောအရာ မဟုတ်ပေ။

သို့သော်လည်း ဒုတိယမင်းသားမှာ မင်းသမီး စွန်းယောင်ချင်းကို ပစ်မှတ်ထားပုံ မရခဲ့ပေ။

သို့သော် သူ လှမ်းကြည့်လိုက်ပုံအရ သူမကို အဟန့်အတားတစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပုံရသည်။

"ဟဲဟဲ... သခင်လေး ပိုင်ကျီဟန်ရဲ့ မျက်လုံးကို ဘာမှ ကျော်မသွားနိုင်ဘူးပဲ”

ဒုတိယမင်းသားက ဆိုလိုက်သည်။

"တကယ်တော့ ဒီဝက်တုံးကို ကျွန်တော် ဘယ်တုန်းကမှ အလေးမထားခဲ့ဘူး။ ဒါပေမဲ့ မင်းသမီးကတော့ မတူဘူး။ သူမက ကျွန်တော် ထီးနန်းရဖို့အတွက် အဖယ်ရှားချင်ဆုံး လူပဲ"

ဒုတိယမင်းသားက ဝန်ခံလိုက်သည်။

မင်းသမီး စွန်းယောင်ချင်းသည်မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။သူမ၏ ရာထူးအဆင့်အတန်းနှင့် ပါရမီတို့ကြောင့် အခြားသူများ—အထူးသဖြင့် ထီးနန်းကို ရည်မှန်းထားသူများက သူမအပေါ် သံသယမျက်လုံးများဖြင့် ကြည့်ကြသည်ကို သူမ ကောင်းကောင်းသိရှိထားသည်။

သူမအနေဖြင့် လုပ်ကြံသတ်ဖြတ်သူများကို ရင်ဆိုင်ခဲ့ရသည်မှာ တစ်ကြိမ်၊ နှစ်ကြိမ်မကတော့ပေ။

ယခုအခါ ဒုတိယမင်းသား၏ လျှို့ဝှက်အင်အားစုများနှင့် သူ၏ ထုတ်ဖော်ပြောဆိုချက်များကို ကြည့်ပြီးနောက် ထိုလုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ခဲ့သူမှာ သူသာလျှင် ဖြစ်ရမည်ဟု သူမ တွေးတောမိလိုက်သည်။

"ဒါဆို... ကျွန်မနောက်ကို လုပ်ကြံသတ်ဖြတ်သူတွေ လွှတ်ခဲ့တာ ရှင်ပေါ့?"

ဒုတိယမင်းသားက ခေါင်းခါပြသည်။

"မင်း ဘာလို့ အဲဒီလို ထင်လဲဆိုတာ ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မဟုတ်ဘူး။ ငါ လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်မှ မလွှတ်ခဲ့ဘူး"

သူ အခုတင် ပြောခဲ့သည့် စကားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သိသော်လည်း ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။

"ငါ့ဆရာက မင်းအတွက် စိုးရိမ်စရာမလိုဘူး၊ သူကိုယ်တိုင် ကိုင်တွယ်မယ်လို့ ပြောခဲ့တယ်။ သူက အဲဒီလို ပြောထားပြီးသားဆိုတော့ ငါ့အနေနဲ့ စိတ်ပူနေစရာ မလိုတော့ဘူးလေ"

ဒုတိယမင်းသားက ဖြေကြားခဲ့သည်။

"ဒါဆိုရင် အဲဒီ လုပ်ကြံသတ်ဖြတ်သူတွေက ဘယ်သူတွေလဲ"

မင်းသမီး စွန်းယောင်ချင်းသည် မယုံကြည်နိုင်သေးပေ။

"ဟဲဟဲ ပဉ္စမမင်းသားကိုသာ မေးကြည့်လိုက်ပါ”

ဒုတိယမင်းသား၏ စကားများ စိမ့်ဝင်သွားသည်နှင့်အမျှ မင်းသမီး စွန်းယောင်ချင်း၏ မျက်နှာမှာ မည်းမှောင်သွားခဲ့သည်။

သူမသည် သူမ၏ အကြည့်ကို ပဉ္စမမင်းသားထံသို့ လှည့်လိုက်သည်။

ပဉ္စမမင်းသားမှာ ချက်ချင်းပင် တောင့်တင်းသွား၏

"မင်း... မင်း ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ"

သူက စကားတွေ ထစ်အကုန်ကာ သူ၏ မျက်လုံးများသည် ခမည်းတော်ထံသို့ တစ်ချက်၊ သူမထံသို့ တစ်ချက် ပျာယာခတ်နေပြီး အသံမှာလည်း အနည်းငယ် တုန်ယင်နေသည်။

"သူ လိမ်နေတာ။ သူက ကျွန်တော်အပေါ် အပြစ်ပုံချဖို့ ကြိုးစားနေတာ”

သို့သော် ဒုတိယမင်းသားက ရယ်မောလိုက်သည်—မီးခိုးငွေ့များကြားတွင် ပဲ့တင်ထပ်သွားသော ထိုရယ်သံသည် ရက်စက်ပြီး ပျော်ရွှင်မှု အစအနပင် မပါရှိပေ။

"အပြစ်ပုံချတယ် ဟုတ်လား? မင်းအတွက် အလုပ်လုပ်ပေးနေတဲ့သူတိုင်းက သစ္စာရှိကြတယ်လို့ မင်း တကယ်ထင်နေတာလား" သူက လှောင်ပြောင်သည့်သဘောဖြင့် ခေါင်းကို အသာစောင်းလိုက်၏

"မှတ်မိလား ညီတော်... လွန်ခဲ့တဲ့ သုံးလက မင်းသမီး လရောင်ခန်းမလေလံပွဲကို သွားတုန်းကလေ။ သူမကို ဖယ်ရှားပစ်ဖို့ မင်း အတော်လေး အကုန်အကျခံခဲ့တယ် မလား”

ပဉ္စမမင်းသား၏ မျက်ဆန်များသည် ကျုံ့သွားခဲ့သည်။

ဒုတိယမင်းသားက စကားတစ်လုံးချင်းစီကို ပို၍ ထက်ရှသော လေသံဖြင့် ဆက်ပြောလေသည်။

"ဒါမှမဟုတ် ပြီးခဲ့တဲ့ ဆောင်းရာသီက သူမ သစ်ခွဥယျာဉ်ကို သွားဖို့ နန်းတော်က ထွက်သွားတုန်းကကော? အဲဒါလည်း နောက်ထပ် ခြုံခိုတိုက်ခိုက်မှုပဲ။ အော်... ပြီးတော့ သူမ တောင်ပိုင်းကျောင်းတော်ကအပြန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စလေးကိုလည်း မမေ့နဲ့ဦးလေ။ အဲဒါကိုလည်း ရှင်းပြချင်သေးလား”

မင်းသမီး စွန်းယောင်ချင်း၏ အကြည့်မှာ တုန်လှုပ်ခြင်းမရှိသော်လည်း သူမ၏ လက်ချောင်းများ အနည်းငယ် တုန်ရီသွားခြင်းသည် ထိုတိုက်ခိုက်မှု တစ်ခုချင်းစီကို သူမ မှတ်မိနေကြောင်း သက်သေပြနေသည်။

ထိုလုပ်ကြံသတ်ဖြတ်သူများသည် အလွန်လေ့ကျင့်ထားသော ပညာရှင်များဖြစ်ပြီး အကြိမ်တိုင်းတွင် သေစေရန် ရည်ရွယ်ကာ တိကျစွာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ကိုယ်ရံတော်အချို့၏ အသက်စွန့် ကာကွယ်ပေးမှုသာ မရှိခဲ့လျှင် သူမ အသတ်ခံရသည်မှာ ကြာပြီဖြစ်သည်။

ထိုသို့ သွားရောက်သည့် ခရီးစဉ်များသည် အလွန်လျှို့ဝှက်ထားပြီး သူမ၏ မောင်နှမအရင်းအချို့သာ သိရှိနိုင်သော ကိစ္စများ ဖြစ်သည်။

ထို့ကြောင့် သူမ မယုံကြည်ချင်သော်လည်း သူမကို သေစေလိုသူမှာ သူမ၏ မောင်နှမများထဲမှ တစ်ဦးဦးဖြစ်နိုင်ကြောင်း သူမ သိနေခဲ့ပြီဖြစ်သည်။

သူမကို သတ်ချင်နေသူမှာ တစ်ယောက်တည်းလား သို့မဟုတ် အားလုံးလားဆိုသည်ကိုသာ သူမ မသေချာခဲ့ခြင်းဖြစ်သည်။

"မင်းကိုယ်မင်း လျှို့ဝှက်နိုင်လှပြီလို့ ထင်နေတာလား" ဒုတိယမင်းသားက ဆိုလိုက်ပြီး သူ၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။

"ဒါပေမဲ့ ငါက အကုန်သိပြီးသား။ ငါ့ဆရာရဲ့ သတင်းကွန်ရက်က မင်းထင်တာထက် အများကြီး ပိုနက်ရှိုင်းတယ်"

ပဉ္စမမင်းသား မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြူဖျော့သွားသည်။

"ငါ... မင်း... အဲဒါက မဟုတ်—"

သူသည် စကားလုံးများ လည်ချောင်းဝတွင် တစ်ဆို့နေပြီး အားကိုးရာမဲ့စွာ ထစ်အနေမိသည်။

"ဒါဆို မင်းသိနေရင် ဘာလို့ ငါ့ကို မတားခဲ့တာလဲ”

နောက်ဆုံးတွင် သူသည် ဒေါသနှင့် အသည်းအသန်ဖြစ်မှုတို့ကြောင့် အသံများ တုန်ရီလျက် ပေါက်ကွဲထွက်လာတော့သည်။

ဒုတိယမင်းသား၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏လေသံမှာ အေးစက်ကာ ထူးဆန်းစွာ တည်ငြိမ်သွားသည်။

"ငါက ဘာလို့ တားရမှာလဲ"

သူသည် ထိုစကားကို ကမ္ဘာပေါ်တွင် သဘာဝ အကျဆုံး အဖြေတစ်ခုအလား ရိုးရိုးရှင်းရှင်းပင် ဆိုလိုက်သည်။ "ငါက ငါ့ဆရာရဲ့ အဆုံးအဖြတ်ကို ယုံကြည်ပြီး သူခိုင်းတဲ့အတိုင်း လုပ်ခဲ့တာပဲ။ သူက စွန်းယောင်ချင်းကို ကာကွယ်ပေးဖို့ ငါ့ကို တစ်ခါမှ မခိုင်းခဲ့ဘူး။ အဲဒီတော့ ငါက ဘာလို့ အပိုအလုပ်တွေ လုပ်နေရမှာလဲ"

သူ၏ မျက်လုံးများသည် မင်းသမီးထံသို့ အေးစက်စွာ ရောက်ရှိသွားသည်။

"ရလဒ်က ငါ့အတွက် အကျိုးရှိတာပဲဥစ္စာ"

ထိုစကားလုံးများသည် လေထုထဲတွင် အဆိပ်အတောက်များကဲ့သို့ ပျံ့လွင့်သွားသည်။

မင်းသမီး စွန်းယောင်ချင်း၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့သွားပြီး သူမ၏ ချီများသည် စတင်လှုပ်ခတ်လာကာ ပူပြင်းသော စွမ်းအင်လှိုင်းအချို့ လေထုထဲတွင် ပျံ့နှံ့လာသည်။

ဧကရာဇ်သည် သူ၏လက်ဖြင့် စားပွဲကို အားပြင်းစွာ ရိုက်ချလိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"တော်စမ်း၊ မင်းတို့ ငါ့ရဲ့ သွေးမျိုးဆက်ကို အရှက်ခွဲနေကြပြီ”

သို့သော် ဒုတိယမင်းသားကမူ လှောင်ပြုံးသာ ပြုံးလိုက်ပြီး သူ၏မျက်လုံးများထဲတွင် အပြစ်ပေးခံရမည်ကို မကြောက်တော့သည့် ရူးသွပ်မှုများ တောက်လောင်နေသည်။

"အရှက်ခွဲတာ ဟုတ်လား? ခမည်းတော်... အရှက်ကွဲစရာတွေက ကျွန်တော့်ထက် စောပြီး မွေးဖွားလာခဲ့တာပါ။ ခမည်းတော်ကသာ အဲဒါကို မမြင်ချင်ယောင် ဆောင်နေခဲ့တာ။ ခမည်းတော်သာ ခမည်းတော်ရဲ့ ပေါင်ကြားက အရာကို ထိန်းချုပ်နိုင်ခဲ့ရင် ကျွန်တော့်လို မျိုးမစစ်တွေ ရှိလာမှာ မဟုတ်ဘူး"

ဧကရာဇ်၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသော်လည်း ဒုတိယမင်းသားသည် မျက်တောင်တစ်ချက်ပင် မခတ်ပေ။

"ကျွန်တော့်မှာ နောင်တရတာ တစ်ခုပဲရှိတယ်..." သူက အသံသြသြနှင့် တည်ငြိမ်စွာ ဆိုသည်။ "...အဲဒါက ခမည်းတော်ကို ကျွန်တော်ကိုယ်တိုင် မသတ်လိုက်နိုင်တာပဲ"

ထိုစကားမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ အမှန်တကယ်ပင် ဒုတိယမင်းသားသည် သူ၏ခမည်းတော်ကို အသက်ရှင်လျက်ထားရန် တစ်ခါမှ မစဉ်းစားခဲ့ချေ။

ဒုတိယမင်းသားသည် သူ၏ခေါင်းကို မော့လိုက်ပြီး သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော်လည်း ပုံစံမှာမူ အလွန်အေးချမ်းနေပုံရသည်။

"ခမည်းတော်နဲ့ ဒီအင်ပါယာလို့ ခေါ်တဲ့ အောက်က ပုပ်စပ်နေတဲ့ မှူးမတ်တွေအားလုံး..." သူက အေးစက်ထက်ရှသော လေသံဖြင့် ဆက်ပြောသည်။ "ကျွန်တော်သာဆိုရင် အားလုံးကို သတ်ပစ်ခဲ့မှာ"

သူသည် ခြောက်ကပ်ပြီး ပြတ်တောင်းနေသော အသံဖြင့် ရယ်မောလိုက်ရာ ပျက်စီးနေသော ခန်းမအတွင်း ခြောက်ခြားဖွယ် ပဲ့တင်ထပ်သွားသည်။

သူ၏ အကြည့်သည် ဧကရာဇ်၊ ပဉ္စမမင်းသားနှင့် စစ်သေနာပတိများထံသို့ တစ်လှည့်စီ ရောက်ရှိသွားသည်။

ထို့နောက် သူ၏ အာရုံမှာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

ပိုင်ကျီဟန်ဆီသို့

သူ၏ ရူးသွပ်မှုများသည် အနည်းငယ် လျော့ပါးသွားပြီး ထူးဆန်းသော တည်ငြိမ်မှု သို့မဟုတ် စိတ်သက်သာရာရမှုတစ်ခုက အစားထိုးဝင်ရောက်လာသည်။

"သခင်လေးပိုင်" သူက ဆိုသည်။ "ကျွန်တော် သိသမျှ အကုန်ပြောပြပြီးပြီ။ ကျွန်တော့်ကို သတ်မလား၊ မသတ်ဘူးလားဆိုတာ... ကျွန်တော် လုံးဝ ဂရုမစိုက်တော့ဘူး"

All Chapters