← Chapters

သားရဲဒီရေများ တုန်လှုပ်ခြင်း

Vol. 23 Ch. 344

သားရဲဒီရေများ တုန်လှုပ်ခြင်း

Vol. 23 Ch. 344

ကူရီမင်သည် သူ၏မျက်လုံးများကို တင်းတင်းပိတ်ထားလိုက်သည်။

ဝေါင်းးးးး

အဆင့် (၄) သားရဲကြီး၏ ဟိန်းဟောက်သံက သူ၏နားစည်ထဲတွင် ဟိန်းထွက်နေပြီး သံထည်ပစ္စည်းများ ပျက်စီးသွားသည့်အသံနှင့် လူများ၏ အသည်းယားဖွယ် အော်ဟစ်သံများမှာ အသက်ရှူ ရကျပ်လောက်အောင်ပင် ရောထွေးနေတော့သည်။

မီးခိုးနံ့နှင့် သွေးညှီနံ့များသည် သူ၏ အဆုတ်ထဲသို့ တိုးဝင်လာသည်။

သူသည် ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထားမိပြီး နာကျင်လာသည်အထိ ခုန်ပေါက်နေသော နှလုံးခုန်သံကို ခံစားနေရသည်။

သူ ဆက်မပြေးနိုင်တော့ပေ။ ပြေးနိုင်ခဲ့လျှင်ပင် ပြေးစရာနေရာ မရှိတော့ချေ။

ထို့ကြောင့် သူသည် မျက်လုံးများကို မှိတ်ထားလျက်ဖြင့်သာ အဆုံးသတ်ကို စောင့်ဆိုင်းနေတော့သည်။

သူ၏ခြေထောက်အောက်ရှိ မြေပြင်သည် သိမ့်သိမ့်တုန်နေသည်။ ခိုလှုံရာစခန်း၏ တံခါးကြီး ဆုတ်ဖြဲခံလိုက်ရသည့် သံချေးတက်သံကို သူကြားလိုက်ရ၏။

"ငါ... ငါတို့ သေပြီ”

"ဘုရားသခင်... သနားတော်မူပါ။ ကျေးဇူးပြုပြီး ငါတို့ကို ကယ်တင်ပေးပါ”

အချို့က အော်ဟစ်နေကြပြီး အချို့က ဆုတောင်းနေကြသည်။ သို့သော် လူတိုင်း၏ စိတ်ထဲတွင်မူ သူတို့၏ ကံကြမ္မာကို လက်ခံထားပြီးသား ဖြစ်သည်။

ထိုစဉ်—

တိတ်ဆိတ်သွားသည်။

ထိုတိတ်ဆိတ်မှုအတွင်း ထူးဆန်းသော အနံ့တစ်ခု ရရှိလာသည်။ ၎င်းမှာ မီးခိုးနံ့လည်းမဟုတ်၊ မီးလောင်နံ့လည်းမဟုတ်ဘဲ လတ်ဆတ်သော်လည်း ရွံရှာဖွယ်ကောင်းသော သွေးနံ့ကြီး ဖြစ်သည်။

သူသည် ရောက်လာတော့မည့် နာကျင်မှုကို စောင့်နေသော်လည်း ဘာမှဖြစ်မလာခဲ့ပေ။စက္ကန့်အနည်းငယ် ကြာသွားသည်။ ထို့နောက် ပို၍ကြာလာသည်။

ကူရီမင်၏ မျက်မှောင်များ တွန့်ချိုးသွားပြီး အသက်ရှူသံများ တုန်ယင်လာသည်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူ ဆွံ့အသွားတော့သည်။

သူတို့ကို နင်းခြေတော့မည့် အဆင့် (၄) မိစ္ဆာသားရဲကြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ပျောက်ကွယ်သွားခြင်း မဟုတ်ပေ

၎င်းမှာ ထိုနေရာတွင်ပင် ရှိနေသေးသော်လည်း သေဆုံးနေပြီ ဖြစ်သည်။

၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးသည် ခိုလှုံရာစခန်းတံခါးရှေ့တွင် လဲလျောင်းနေပြီး ခေါင်းမှာမူ သဘာဝမကျသော ပုံစံဖြင့် လိမ်ဖယ်သွားကာ မျက်လုံးများမှာ ပြူးကျယ်နေဆဲပင်။

သားရဲကြီး၏ ဦးချိုသည် မြေပြင်ထဲသို့ တည့်တည့်မတ်မတ် စိုက်ဝင်နေပြီး ၎င်းမှာ လွန်ကဲသော အင်အားတစ်ခုခုဖြင့် အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည့်ပုံစံမျိုး ဖြစ်နေသည်။

ကူရီမင်သည် သူမြင်နေရသည့် မြင်ကွင်းကို နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။

"ဘာ... ဘာဖြစ်သွားတာလဲ?"

သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ အသံကျယ်သွားပါက နောက်ထပ် မိစ္ဆာသားရဲတစ်ကောင်ကို ဆွဲဆောင်မိမည်ကို သူ စိုးရိမ်နေမိသည်။

သူသည် မိမိနောက်ကွယ်တွင် စုပြုံနေကြသော ဖြူဖျော့သည့် မျက်နှာများ၊ တုန်ယင်နေသော လက်များနှင့် လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်နှာများပေါ်တွင်လည်း ဘာဖြစ်သွားသည်ကို မသိနားမလည်နိုင်သည့် ဝေခွဲမရသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"ဘာဖြစ်သွားလဲဆိုတာ တစ်ယောက်ယောက် မြင်လိုက်လား?"

အချိန်အတော်ကြာသည်အထိ မည်သူမျှ ပြန်မဖြေကြချေ။ သူတို့အားလုံး ခေါင်းများကိုသာ ခါယမ်းနေကြသည်။

ထို့နောက် လူအုပ်နောက်နားမှ တိုးညှင်းပြီး ဝေခွဲမရသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်တော်... ကျွန်တော် ထင်တာတော့... တစ်ယောက်ယောက်ကို မြင်လိုက်သလိုပဲ။"

ကူရီမင်၏ အကြည့်သည် ပြောသူထံသို့ ချက်ချင်း ရောက်သွားသည်။ ဒူးတွင် သွေးထွက်နေပြီး မျက်လုံးများ ကြောင်အမ်းနေသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။

"လူတစ်ယောက်လား?"

ကူရီမင် မေးလိုက်သည်။ "တစ်ယောက်ယောက်က ငါတို့ကို ကယ်သွားတာလို့ မင်းပြောချင်တာလား?"

ထိုကောင်လေးသည် တံထွေးကို ခက်ခဲစွာ မျိုချလိုက်သည်။

"ကျွန်တော် မျက်စိမှားတာလို့ပဲ ထင်နေခဲ့တာ... ဒါပေမဲ့ သားရဲကြီး မသေခင်မှာ... ကျွန်တော် အရိပ်တစ်ခုကို မြင်လိုက်တယ်။ ခဏလေးပဲ။ အဲဒီနောက်မှာ သားရဲကြီးရဲ့ခေါင်းက အလိုလို ပြုတ်ကျသွားတာပဲ။"

ကူရီမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

(ဒါ... စစ်ကူတွေ ဖြစ်နိုင်မလား?)

အဆင့် (၄) သားရဲတစ်ကောင်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်သော ကျင့်ကြံသူဆိုသည်မှာ အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့် သို့မဟုတ် ထို့ထက်ပင် မြင့်မားနိုင်သည်။

အကယ်၍ ထိုသို့သာဆိုလျှင် သာမန်လူများနှင့် အဆင့်နိမ့်ကျင့်ကြံသူများက ထိုသူကို မမြင်လိုက်ရသည်မှာ ဖြစ်နိုင်ချေရှိပေသည်။

ပျော့ညံ့ပြီး တုန်လှုပ်နေသော မျှော်လင့်ချက် ဟူသည့်အရာသည် သူ၏ရင်ထဲတွင် တစ်ဖန် ပြန်လည်တောက်လောင်လာသည်။ "စစ်ကူတွေပဲ" သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "စစ်ကူတွေ ရောက်လာတာ သေချာပြီ”

သူသည် ကျန်ရှိနေသောသူများဘက်သို့ လှည့်လိုက်ပြီး တုန်ယင်သော်လည်း ပိုမိုကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။ "ငါတို့ လွတ်ပြီ”

အချို့က စတင်ငိုကြွေးကြပြီး အချို့ကမူ မယုံနိုင်လောက်အောင် ဖြစ်နေသည့်အတွက် အားပျော့စွာ ရယ်မောနေကြသည်။

"ငါ သွားကြည့်လိုက်ဦးမယ်" ကူရီမင်သည် ပြောလိုက်ပြီး ဟန်ချက်ထိန်းရန် နံရံကို ကိုင်ကာ ထရပ်လိုက်သည်။

"ငါ သေချာအောင် သွားကြည့်မယ်။ တကယ်လို့ စစ်ကူတွေသာဆိုရင် ဒဏ်ရာရတဲ့သူတွေကို အပြင်ထုတ်လို့ရပြီ။" လူအနည်းငယ်သည် ကြောက်ရွံ့နေသော်လည်း အခြေအနေကို အတည်ပြုလိုသည့် စိတ်အားထက်သန်မှုဖြင့် သူ၏နောက်သို့ လိုက်လာကြသည်။

သူတို့သည် ပျက်စီးနေသော တံခါးကို ဘေးသို့တွန်းဖယ်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။

ညအမှောင်ထုထဲတွင် ပြာနံ့များ ဖုံးလွှမ်းနေသည်။ သူတို့ သိခဲ့ဖူးသော မြို့လေးမှာ ပျက်စီးလုနီးပါး ဖြစ်နေပြီး မီးလောင်နေသော အိမ်များနှင့် မိစ္ဆာသားရဲများ၏ အလောင်းများသာ ကျန်ရှိတော့သည်။

"တောက်!... ငါတို့ကို လာကယ်တဲ့သူက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ? သူက ဒီအနီးအနားက မိစ္ဆာသားရဲတွေ အားလုံးကို သတ်ပစ်လိုက်တာပဲ။"

နောက်တစ်ယောက်ကလည်း ပျက်စီးနေသော လမ်းမများကို လှည့်ပတ်ကြည့်ရင်း အားနည်းစွာ ပြောလိုက်သည်။

"ဒီလောက် အချိန်တိုတိုအတွင်းမှာ အားလုံးကို သတ်ပစ်လိုက်တာလား? ဒီလိုမျိုး လုပ်နိုင်တဲ့ ဂိုဏ်း ဒါမှမဟုတ် မိသားစုမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး။"

ထိုသူပြောနေသော ဂိုဏ်းများသည် သူတို့ကို ကူညီရန် စေလွှတ်လိုက်သည်ဟု ထင်ရသည့် အနီးနားရှိ အဖွဲ့အစည်းများကို ဆိုလိုခြင်းဖြစ်သည်။

အခြားသူများကလည်း စိုးရိမ်တကြီးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လမ်းမပေါ်တွင် မိစ္ဆာသားရဲကြီးများ၏ ဧရာမအလောင်းများ ပြန့်ကျဲနေပြီး တစ်ကောင်ချင်းစီသည် သပ်ရပ်စွာ အသတ်ခံထားရကာ အများစုမှာ တစ်ချက်တည်းဖြင့် ခေါင်းဖြတ်

ခံထားရခြင်း ဖြစ်သည်။

ကူရီမင်သည် သွေးအိုင်များကို ကျော်ဖြတ်ကာ သတိထား လျှောက်လှမ်းနေသည်။ လေထုထဲတွင် သွေးနံ့များ ဖုံးလွှမ်းနေတော့သည်။

လောင်ကျွမ်းနေသော မြို့လယ်ခေါင်ဆီသို့ ဦးတည်နေသည့် မြစ်တစ်စင်းကဲ့သို့ပင် အလောင်းတန်းကြီးသည် လမ်းမထက်တွင် အဝေးကြီးအထိ ရှည်လျားစွာ တည်ရှိနေသည်။

ဤအလောင်းတန်းကြီး၏ အဆုံး၌ သူတို့၏ ကယ်တင်ရှင် စစ်ကူရှိနေမည်ကို သူတို့ သိလိုက်ကြသည်။

တစ်ချိန်က သူတို့၏ အိမ်ဂေဟာများကို အမှိုက်ပုံဖြစ်အောင် ဖျက်ဆီးခဲ့သော သားရဲကြီးများ၏ အလောင်းများကို ကျော်ဖြတ်ကာ သတိကြီးစွာဖြင့် ရှေ့သို့ တိုးလာခဲ့ကြသည်။

ခြေလှမ်းတိုင်းတွင် ပျက်စီးမှုများက ပိုမိုဆိုးရွားလာသည်— နံရံများသည် လက်သည်းများဖြင့် အပိုင်းပိုင်း ဆုတ်ဖြဲခံထားရပြီး ကျောက်သားများမှာလည်း ဧရာမအရာတစ်ခုခုနှင့် အရှိန်ပြင်းစွာ ရိုက်မိထားသကဲ့သို့ အက်ကွဲနေသည်။ သွေးစက်များသည်လည်း ပျက်စီးနေသော အပျက်အစီးများပေါ်တွင် ဆေးသုတ်ထားသကဲ့သို့ ပျံ့နှံ့နေတော့သည်။

သို့သော်လည်း... သားရဲတစ်ကောင်တစ်လေမျှ အသက်ရှင်မနေတော့ပေ။

နောက်ဆုံးတစ်ကောင်အထိ အားလုံး သေဆုံးနေပြီ ဖြစ်သည်။

ထိုစဉ် သူတို့ ထိုသူကို မြင်လိုက်ရသည်။

လူငယ်တစ်ယောက်သည် လမ်းမလယ်တွင် ရပ်နေသည်။

တစ်ယောက်တည်းသာ

သူ၏ လက်များမှ သွေးများသည် တစ်စက်စက် စီးကျနေပြီး ခြေထောက်အောက်တွင် အိုင်ထွန်းနေသည်။ လေတိုးသည့်အခါ သူ၏ ဆံပင်များသည် လွင့်ပျံနေပြီး နှုတ်ခမ်းအစုံမှာမူ ပြုံးယောင်သန်းနေသည်။

သူ၏ ပတ်ပတ်လည်တွင် မိစ္ဆာသားရဲများ၏ အလောင်းများမှာ အသားပုံကြီးများကဲ့သို့ မြင့်မားစွာ ပုံနေတော့သည်။

ကူရီမင်မှာ အသက်ရှူပင် မှားသွားရသည်။

ထိုသူသည် သူတို့ကို သတိထားမိပုံမပေါ်ပေ။ သူသည် ခဏမျှ ငြိမ်သက်စွာ ရပ်နေပြီး ခေါင်းကို အနည်းငယ် စောင်းလျက် အဝေးတစ်နေရာမှ အသံတစ်ခုခုကို နားစွင့်နေသကဲ့သို့ ရှိနေသည်။

ထိုအချိန်တွင် လမ်း၏ အခြားတစ်ဖက်မှ အခြားသော သားရဲတစ်ကောင်ဖြစ်သည့် ဧရာမ အဆင့် (၄) ဝံပုလွေကြီးသည် သူ၏ထံသို့ ခုန်အုပ်လာသည်။

ထိုလူငယ်က ခေါင်းကို အနည်းငယ် လှည့်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ခပ်ယောင်ယောင် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် မျက်တောင်တစ်ခတ်အတွင်း—

ရွှမ်

ဝံပုလွေကြီး၏ ခေါင်းမှာ ခန္ဓာကိုယ်မှ သပ်ရပ်စွာ ပြတ်ထွက်သွားတော့သည်။

၎င်းမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။

မီးအလင်းရောင်အောက်တွင် သွေးများသည် နီရဲသော အကွေးအဝိုင်းတစ်ခုကဲ့သို့ ပန်းထွက်သွားသည်။

ထိုလူငယ်သည် ခပ်တိုးတိုး ရယ်မောလိုက်ပြီး ထိုအသံသည် လေထဲတွင် လွင့်ပါလာကာ အလွန်ပင် ပေါ့ပါးသော်လည်း ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေမည့် ရယ်သံမျိုးပင်။

ကျန်ရှိနေသော သားရဲများသည် သူတို့နားမလည်နိုင်သည့် အရာတစ်ခုကို အာရုံခံမိပြီး တုန်တုန်ရင်ရင်ဖြင့် နောက်သို့ ဆုတ်ခွာသွားကြတော့သည်။

မိုးမခအရိပ်မြို့ရှိ အရာအားလုံးကို ဖျက်ဆီးခဲ့သော ထိုမိစ္ဆာသားရဲကြီးများသည် ယခုအခါတွင်မူ ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။

ကူရီမင်နှင့် အခြားသူများသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။

(သူက ဘယ်သူလဲ? ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ရှိနေတာလား?)

ကူရီမင်တစ်ယောက်တည်း တွေးတောနေမိသည်။

"ဟိုမှာကြည့်..ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်တဲ့ သင်္ဘောကြီးတစ်စင်းပဲ..အစွမ်းထက်တဲ့ မိသားစုကြီးတစ်ခုက ငါတို့ကို လာကယ်တာ ဖြစ်ရမယ်”

လူတစ်ယောက်သည် အပေါ်သို့ လက်ညှိုးထိုးပြရင်း အော်ဟစ်လိုက်သည်။

သူတို့အားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြရာ သက်ဆင်းလာနေသော ပျံသန်းရေးသင်္ဘောကြီးကို မြင်လိုက်ရသည်။ ၎င်း၏ အရွယ်အစားကို ကြည့်ရုံဖြင့် အစွမ်းထက်သော မျိုးနွယ်စုကြီးတစ်ခုမှ ဖြစ်ကြောင်း မည်သူမဆို သိနိုင်ပေသည်။

"အဲဒီ တံဆိပ်က... ပိုင်မိသားစု ပဲ။ ပိုင်မိသားစုက ငါတို့ကို ကယ်ဖို့ ရောက်လာပြီ။ ငါတို့ လွတ်ပြီဟေ့”

တစ်ယောက်က ထိုတံဆိပ်ကို မှတ်မိသွားသည်။

ပိုင်မိသားစု — ကောင်းကင် အင်ပါယာတစ်ခုလုံးတွင် ဤအမည်ကို မသိသူ မရှိသလောက်

ပင်။

အင်ပါယာအတွင်း အင်အားအကြီးဆုံး မိသားစု ဖြစ်သည်။ သူတို့သာ ပါဝင်ပတ်သက်လာပြီဆိုလျှင် ဤမျှအတိုင်းအတာရှိသော သားရဲဒီရေမျိုးကို အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။

သူတို့အားလုံး သက်ပြင်းချကာ စိတ်အေးသွားကြသည်။

အကယ်၍ စစ်ကူသည် အနီးနားရှိ ဂိုဏ်းငယ်လေးများ သို့မဟုတ် မိသားစုငယ်များသာ ဖြစ်ပါက သူတို့ စိုးရိမ်နေဦးမည် ဖြစ်သော်လည်း ယခုမှာမူ ပိုင်မိသားစု ဖြစ်နေသည်။

ထို့ကြောင့် ကြောက်ရွံ့နေစရာ မလိုတော့ပေ။

ကောင်းကင်ယံတွင် ပိုင်မိသားစုဝင်များသည် ပိုင်ကျီဟန် အောက်သို့ ခုန်ဆင်းသွားပြီး မိစ္ဆာသားရဲများကို အပြတ်အသတ် သတ်ဖြတ်

နေသည်ကို စောင့်ကြည့်နေကြသည်။

"သခင်လေးကို ကျွန်တော်တို့ ကူညီပေးသင့်သလား?"

တစ်ယောက်က မေးလိုက်သည်။ အောက်ရှိ သားရဲများသည် ပိုင်ကျီဟန်အတွက် အန္တရာယ်မရှိမှန်း သိသော်လည်း တာဝန်အရ မေးလိုက်ခြင်း ဖြစ်သည်။

အဆုံးတွင်တော့ သူတို့ ပြောနေသည်မှာ သူတို့၏ အမွေဆက်ခံသူအကြောင်း မဟုတ်ပါလား။ ပိုင်ကျီဟန်၏ လုံခြုံရေးမှာ အရေးကြီးဆုံး ဦးစားပေးပင် ဖြစ်သည်။

"သူ့ဘာသာသူ ထားလိုက်ပါ" ပိုင်ရမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ "ကြည့်ရတာ သူလည်း ပျင်းနေပုံရတယ်"

သူသည် အနီးနားရှိ အန္တရာယ်များကို အာရုံခံစစ်ဆေးပြီးသား ဖြစ်သည်။ လက်ရှိတွင် အင်အားအကြီးဆုံး မိစ္ဆာသားရဲမှာ အဆင့် (၅) မျှသာ ရှိသည်။

ထိုကဲ့သို့ အားနည်းသော အကောင်မျိုးကို သတ်ရန် သူ၏ အသက်ရှူသံတစ်ချက်ဖြင့်ပင် လုံလောက်သည်။

"ပိုင်ကျီဟန် ကို သူ့ဘာသာသူ အပျော်ကစားခွင့် ပေးလိုက်စမ်းပါ”

All Chapters