အခန်း (၁၃၆၆-၁၃၆၈)
Vol. 92 Ch. 1366-1368
အခန်း( ၁၃၆၆) ချင်းယွမ်နိုင်ငံ၏ စိုးရိမ်မှု
လုချန်း၏ ပင်မခန္ဓာသည် ချူးယုချင်၏ အခန်းထဲ၌ ကိစ္စရပ်များကို ကိုင်တွယ်နေ၏။ လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားကတော့ ထျန်းဟုန်ဧကရီ၏ အိပ်ဆောင်တွင် သူမအား ကျင့်စဉ်ကျင့်ရန် ကူညီပေးနေသည်။ တစ်ချိန်တည်းမှာပင် လုချန်း၏ ဧကရာဇ်လောင်းကိုယ်ပွား နှစ်ခုမှာလည်း အားမနေကြပေ။
လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်လေးခုလုံးသည် အလွန်အလုပ်ရှုပ်နေသော အခြေအနေ၌ ရှိနေကြ၏။ သို့သော်လည်း ဧကရာဇ်အဆင့် ကိုယ်ပွားကတော့ အေးအေးဆေးဆေး အရှိဆုံးဖြစ်ပြီး မျက်လုံးမှိတ်ကာ လဲလျောင်းရင်း အခြေအနေများကို တိတ်ဆိတ်စွာ ခံစားနေပေသည်။
……….
ချင်းယွမ်နိုင်ငံ။
ထျန်းဟုန်ဧကရီ၏ အိပ်ဆောင်။
ခမ်းနားထည်ဝါသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု ထျန်းဟုန်ဧကရီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုလှိုင်းသည် ခဏချင်းအတွင်းမှာပဲ ချင်းယွမ်နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိလျှင် ချင်းယွမ်နိုင်ငံ၏ ကျင့်ကြံသူများ မတုန်လှုပ်ပဲ မနေနိုင်ကြတော့ပေ။
“မိုးနတ်မင်း... ဒါ ဘယ်လို စွမ်းအားမျိုးလဲ။ ဘာလို့ ငါ့ကို ဘာလို့ ဒီလောက် စိတ်မသက်မသာ ဖြစ်စေပြီး တုန်လှုပ်စေရတာလဲ။”
“ဒါ... ဒါက သတ်ဖြတ်ခြင်းစွမ်းအားပဲ။”
“ဒါက သတ်ဖြတ်ခြင်းစွမ်းအားကို ကျွမ်းကျင်တဲ့ ရှနိုင်ငံရဲ့ ဧကရာဇ် အဆင့်တက်သွားတာပဲ ဖြစ်ရမယ်။”
“သွားပြီ ...သွားပြီ။ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ အဲ့ဒီဧကရာဇ်က အဆင့်တက်ပြီးရင် သူ့ကျင့်စဉ်အတွက် ချင်းယွမ်နိုင်ငံက လူတွေကို သတ်တော့မှာလား။”
ခဏအတွင်းမှာပင် ချင်းယွမ်နိုင်ငံတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။ လွန်ခဲ့သည့် နှစ်များအတွင်း ရှနိုင်ငံသည် ချင်းယွမ်နိုင်ငံမှ လူများကို ဒုက္ခမပေးခဲ့သော်လည်း သူတို့ စိုးရိမ်သည်က ရှနိုင်ငံ၏ ဧကရာဇ် မဟုတ်ပေ။ သူတို့၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသည်ဟု သတင်းကြီးသော ဧကရာဇ်အဆင့်ပင် ဖြစ်သည်။
သတ်ဖြတ်ခြင်းစွမ်းအားကို ကျွမ်းကျင်သော ဧကရာဇ်တစ်ဦးသည် အလွန်ရူးသွပ်နေလိမ့်မည်။ ချင်းယွမ်နိုင်ငံသည် ရှနိုင်ငံနှင့် တရားဝင် မပူးပေါင်းရသေးသလို သူတို့သည် ရှနိုင်ငံသားများလည်း မဟုတ်သေးပေ။ ထို့ပြင် ရှနိုင်ငံ၏ ကံစွမ်းအား အကာအကွယ်ကိုလည်း မရရှိသေးပေ။ ထို့ကြောင့် ထိုဧကရာဇ်သည် သူမ၏ စွမ်းအားကို မြှင့်တင်ရန် သူတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခြေ ရှိသည်။
တကယ်တော့ ဒါက ချင်းယွမ်နိုင်ငံ၏ အချို့သော လူများ၏ ယုံကြည်ချက်သာ ဖြစ်၏။ သူတို့၏ အတွေးများသည် လုချန်းက ချင်းယွမ်နိုင်ငံကို ရှနိုင်ငံ၏ အုပ်ချုပ်မှုအောက်သို့ သွင်းရန် အချိန်ဆွဲနေတာကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် လုချန်းသည် ဧကရာဇ်ကြယ်ကို သိမ်းပိုက်လိုက်သည့် အချိန်မှစ၍ ချင်းယွမ်နိုင်ငံ၏ ကံစွမ်းအားကို စုပ်ယူနိုင်စွမ်း ရှိသော်လည်း သူက မလုပ်သေးပေ။ ၎င်းက လူများကို အမျိုးမျိုး ထင်ကြေးပေးစေခဲ့သည်။
နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်နိုင်သော်လည်း မသိမ်းပိုက်သေးခြင်းမှာ ရှနိုင်ငံအနေနှင့် ဤနိုင်ငံကို အချို့သော ရည်ရွယ်ချက်များအတွက် လိုအပ်နေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြ၏။ ထိုကိစ္စများသည် ရှနိုင်ငံအတွင်း လုပ်ဆောင်၍ မရသော ကိစ္စများ ဖြစ်နိုင်ပြီး လုပ်ဆောင်ပါက ရှနိုင်ငံ၏ ကံစွမ်းအားကို ထိခိုက်နိုင်ခြင်းကြောင့် ဖြစ်လိမ့်မည်။
တိုက်ဆိုင်စွာပင် ရှနိုင်ငံတွင် သတ်ဖြတ်ခြင်းစွမ်းအားရှိသော ဧကရာဇ်တစ်ဦး ရှိနေ၏။ ထိုသို့သော ဧကရာဇ်အဆင့်တစ်ဦးအတွက် နိုင်ငံတစ်ခုလုံးကို အစုလိုက်သတ်ဖြတ်ခြင်းသည် ထိုဧကရာဇ်၏ အင်အားကို အဆမတန် တိုးတက်စေမည်မှာ မုချ ဖြစ်သည်။
ဤဖြစ်နိုင်ခြေကို တွေးမိလျှင် ချင်းယွမ်နိုင်ငံ၏ ကျင့်ကြံသူများ တုန်လှုပ်သွားကြ၏။ ထိုဘေးအန္တရာယ်ကို တားဆီးရန်အတွက် ချင်းယွမ်နိုင်ငံ၏ နယ်ပယ်သခင်မျနှင့် အရာရှိများ စတင် လှုပ်ရှားလာကြသည်။
………
တစ်ချိန်တည်းမှာပင်။
ထျန်းဟုန်ဧကရီ၏ အိပ်ဆောင်အတွင်း၌။
လုချန်းသည် မျက်လုံးများကို ဖွင့်ကာ ထျန်းဟုန်ဧကရီ၏ အေးစက်လှပသော ကျောက်စိမ်းကဲ့သို့ မျက်နှာကို ကြည့်လိုက်၏။ ထျန်းဟုန်ဧကရီသည် သူမ၏ ကျင့်စဉ်အဆင့်ကို တည်ငြိမ်အောင် ပြုလုပ်နေဆဲ ဖြစ်သည်။ ခဏအကြာတွင် ထျန်းဟုန်ဧကရီသည် သူမ၏ ဖီးနစ်မျက်လုံးများကို ဖွင့်လိုက်ပြီး လုချန်းကို ငုံ့ကြည့်လိုက်ရာ သူတို့၏ အကြည့်များ ဆုံသွားကြသည်။
လုချန်းက ပြုံးလျက်
“ဂုဏ်ယူပါတယ်”
ထျန်းဟုန်ဧကရီက ဘာမှမပြောပဲ လုချန်းကို တိတ်တဆိတ် ကြည့်နေသည်။
လုချန်းက
“ဆက်ပြီး ကျင့်စဉ်ကျင့်ချင်သေးလား”
လက်ရှိတွင် သူ၏ ခန္ဓာကိုယ်လေးခုလုံး အလွန်အလုပ်များနေသဖြင့် အရေးကြီးသော ကိစ္စများအတွက် ခန္ဓာကိုယ်တစ်ခုကို အားလပ်အောင် လုပ်ရန် လိုအပ်နေသည်။ နောက်ထပ် ငါးနှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ချင်းယွမ်နိုင်ငံ၏ ကြီးမားသော ကံစွမ်းအားနှင့် မွေးဖွားလာသည့် ကလေးလည်း ယခုအခါ စကားပြောနိုင်သော အရွယ်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုကလေးထံမှ ချင်းယွမ်နိုင်ငံ၏ ကံစွမ်းအားကို လွှဲပြောင်းရယူရန် အချိန်တန်ပြီ ဖြစ်သည်။
ထျန်းဟုန်ဧကရီက
“မလိုတော့ဘူး”
ဟု အေးစက်စွာ တုံ့ပြန်၏။
လုချန်းနှင့်အတူ ကျင့်စဉ်ကျင့်ခြင်းက အင်အားကို လျင်မြန်စွာ တိုးတက်စေနိုင်သော်လည်း ဧကရာဇ်အဆင့် တစ်ဦးအတွက်ပင် နှစ်ပေါင်းများစွာ ဆက်တိုက် ကျင့်စဉ်ကျင့်ရခြင်းမှာ အနည်းငယ် ပင်ပန်းလှသည်။ ထိုအခိုက်အတန့်တွင် လုချန်း တစ်ခုခုကို သတိရသွားပြီး
“ကိုယ်က မင်းရဲ့ ကျင့်စဉ်အဆင့် တိုးတက်အောင် ကူညီပေးခဲ့တယ်။ အဲ့ဒီတော့ ကိုယ့်ကို ပြန်ပြီး ကျေးဇူးဆပ်သင့်တယ် မဟုတ်လား။”
ထျန်းဟုန်ဧကရီ၏ မျက်ခုံးများ အနည်းငယ် တွန့် သွားပြီးနောက်
“ရှင် ဘာလုပ်ချင်လို့လဲ”
လုချန်းက
“ကိုယ်က ဦးဆောင်ရတာကို ပိုသဘောကျတယ်။”
ထိုစကားကို ကြားလျှင် ပန်းနီရထားနှင့် သူမအား ဖိနှိပ်ထားစဉ်က လုချန်း၏ လုပ်ရပ်များ၊ အထူးသဖြင့် တိရစ္ဆာန်တစ်ကောင်လို ပြုမူခဲ့သည့် မြင်ကွင်းများ ထျန်းဟုန်ဧကရီ၏ စိတ်ထဲ ချက်ချင်း ပေါ်လာသည်။ ထိုမြင်ကွင်းကို သတိရသွားသည်နှင့် သတ်ဖြတ်ခြင်းစွမ်းအားများသည် ထျန်းဟုန်ဧကရီထံမှ ထိန်းချုပ်မရပဲ ထွက်ပေါ်လာပြီး အိပ်ဆောင်တစ်ခုလုံးကို ခဏချင်းအတွင်း ပြည့်သွားစေသည်။
ထျန်းဟုန်ဧကရီ၏ အမျက်ဒေါသကို မြင်လျှင် လုချန်းက
“မင်း မလုပ်ချင်ရင်လည်း ထားလိုက်ပါတော့”
ဟု အလျင်အမြန် ပြောလိုက်ရ၏။
ထျန်းဟုန်ဧကရီ သဘောတူလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။ ထျန်းဟုန်ဧကရီ၏ စရိုက်သည် အခြားဇနီးများနှင့် မတူပဲ အလွန်အေးစက်ကြောင်း သူ သိသည်။ အခြား ဇနီးမယားများသည် အစပိုင်းတွင် သူ့အပေါ် အေးစက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ ဂရုစိုက်မှုကြောင့် နွေးထွေးလာကြ၏။ သူတို့၏ အပြင်ပန်း အေးစက်မှုမှာလည်း သူ၏ နွေးထွေးမှုကြောင့် အရည်ပျော်သွားတတ်ကြသည်။
သို့သော် ထျန်းဟုန်ဧကရီကတော့ မတူပေ။ သူ ဘာပဲလုပ်လုပ် သူမ၏ နှလုံးသားက နွေးထွေးမလာပေ။ သတ်ဖြတ်ခြင်းစွမ်းအားကို ကိုင်စွဲထားသူဖြစ်သည့်အတိုင်း သူမ၏ အတွင်းစိတ်တွင် သတ်ဖြတ်ခြင်းသာ ရှိပြီး အချစ်ရေး ခံစားချက်များအပေါ် ဂရုမစိုက်ပေ။ သူ့အပေါ် ထားရှိသော ထျန်းဟုန်ဧကရီ၏ နှစ်သက်မှုသည် ကိုးဆယ်အထိ ရောက်နေသော်လည်း ထိုခံစားချက်အား အချစ်ဟု ပြောရန် ခက်ခဲလှသည်။
ထျန်းဟုန်ဧကရီက လုချန်း၏ မျက်လုံးများကို အကြာကြီး စိုက်ကြည့်နေပြီးနောက်
“ကောင်းပြီ”
ဟု ဖြည်းဖြည်းချင်း ပြောလိုက်၏။
ထျန်းဟုန်ဧကရီ သဘောတူလိုက်သောအခါ လုချန်း မယုံကြည်နိုင် ဖြစ်သွားသည်။ ဧကရာဇ်တစ်ဦးကို အရှက်ခွဲ၍ မရသော်လည်း ထျန်းဟုန်ဧကရီက သဘောတူခဲ့တာလား။ လုချန်းက
“မင်း တကယ်ပဲ သဘောတူတာလား”
စကားအပိုမပြောပဲ ထျန်းဟုန်ဧကရီ ထရပ်လိုက်သည်။ သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် သူမ ထ၍မရကြောင်း သိလိုက်ရသည်။ သူတို့သည် ဤအခြေအနေတွင် အချိန်အတော်ကြာ နေခဲ့ကြသဖြင့် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေပြီး ကျင့်စဉ်များကလည်း အလိုအလျောက် လည်ပတ်နေကြခြင်း ဖြစ်သည်။
ထို့နောက် သူမ၏ ကျင့်စဉ်ကို ရပ်တန့်လိုက်ပြီးနောက် လုချန်းနှင့် အဆက်အသွယ်ကို ဖြတ်တောက်ကာ ပုံစံပြောင်း၍ လဲလျောင်းလိုက်၏။ ထျန်းဟုန်ဧကရီ လဲလျောင်းသွားသည်ကို မြင်လျှင် လုချန်းလည်း ထပ်မံ၍ တုံ့ဆိုင်းမနေတော့ပဲ ချက်ချင်း ဦးဆောင်ရန် ပြင်ဆင်လိုက်သည်။
ထျန်းဟုန်ဧကရီ၏ အမူအရာသည် အေးစက်မြဲ အေးစက်ဆဲ ဖြစ်ပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုကို စောင့်ဆိုင်းနေသကဲ့သို့ လုချန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူမထံမှ မည်သည့် တုံ့ပြန်မှုမှ မရှိသည်ကို မြင်လျှင် လုချန်း တုံ့ဆိုင်းမနေပဲ စတင် လှုပ်ရှားလိုက်တော့၏။
သူ၏ ရည်ရွယ်ချက်က ကျေနပ်အားရမှုကို ခံစားရန်သာ ဖြစ်ပြီး ဤကိစ္စအတွက် အချိန်အများကြီး ပေးရန် မရည်ရွယ်ပေ။ အထူးသဖြင့် ထျန်းဟုန်ဧကရီနှင့် ကျင့်စဉ်ကျင့်ခြင်းက သူ့ကို အမြဲတမ်း အားမရ ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်။ ထို့နောက်တွင် လုချန်းသည် မည်သည့် ကျင့်စဉ်ကိုမှ အသုံးမပြုပဲ လုပ်ဆောင်ရမည့် အလုပ်ကိုသာ အာရုံစိုက်လိုက်၏။ လုချန်းက သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို အသုံးမပြုသဖြင့် သူ၏ စိတ်ဆန္ဒကို ထျန်းဟုန်ဧကရီ နားလည်သွားသည်။
သူမ အဆင့်တက်ခဲ့ခြင်းတွင် လုချန်း၏ အကူအညီ ပါဝင်မှုကို တွေးမိပြီး အနာဂတ်တွင်လည်း ကျင့်စဉ်အတွက် သူ့ကို အားကိုးရဦးမည် ဖြစ်ရာ ဤစတေးမှုက သူမအတွက် အရေးမကြီးလှပေ။ ထျန်းဟုန်ဧကရီ စဉ်းစားနေစဉ်မှာပဲ လုချန်းက ရုတ်တရက်
“မင်း ဒူးထောက်လိုက်ရင်ရော ဘယ်လိုလဲ”
ထျန်းဟုန်ဧကရီ၏ ဦးနှောက် ခဏရပ်သွားပြီး ပန်းနီရထားနှင့် ဖိနှိပ်ခံထားရသည့် မြင်ကွင်းကို တစ်ဖန် ပြန်လည် မြင်ယောင်လာသည်။ ထို့နောက် သူမ၏ အရှိန်အဝါများ ပြင်းထန်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားများကို ထပ်မံ ထုတ်လွှတ်လိုက်ပြန်သည်။ လုချန်းက ရယ်မောရင်း
“ကိုယ်တို့ အရာအားလုံး လုပ်ပြီးသားပဲလေ။ ဒီအသေးအမွှားလေးတွေကို ဘာလို့ ဂရုစိုက်နေမှာလဲ။”
ထျန်းဟုန်ဧကရီက အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။
“ရှင် ကျွန်မကို ဘာမှတ်နေတာလဲ”
လုချန်းက တည်ငြိမ်စွာ တုံ့ပြန်သည်။
“ကိုယ့်ရဲ့ မိန်းမပေါ့”
ထျန်းဟုန်ဧကရီက
“ကျွန်မက ရှင့်ရဲ့ ကစားစရာ မဟုတ်ဘူး”
လုချန်းက
“ဒါက လူသားတွေ လုပ်နေကျ ပုံမှန်ကိစ္စပဲလေ။ ကစားစရာ ဖြစ်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ထားလိုက်ပါတော့။ မင်း မလုပ်ချင်ရင်လည်း ရပါတယ်။”
လုချန်းက ထိုအကြောင်းကို ဆက်မပြောတော့ပဲ သူ၏ အလုပ်ကိုသာ ဆက်လုပ်နေလိုက်သည်။ ရုတ်တရက် ထျန်းဟုန်ဧကရီက
“ထလိုက်”
လုချန်း ခဏခန့် တုံ့ခနဲ ဖြစ်သွားပြီးနောက် ထရပ်လိုက်သည်။ ထိုအခါ ထျန်းဟုန်ဧကရီသည် အံ့ဩစရာကောင်းစွာပင် သူ၏ တောင်းဆိုချက်ကို လိုက်လျောပေးလိုက်လေတော့သည်။
……………..
အခန်း (၁၃၆၇ )
ထျန်းချန်ကမ္ဘာကို သွားချင်တယ်
ကျင်းလွမ်ခန်းမအတွင်း။
ခြောက်နှစ်အရွယ်ခန့် မိန်းကလေးငယ်တစ်ဦးသည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေ၏။ တောက်ပသော မျက်ဝန်းများနှင့် ဖြူစင်သော သွားများရှိသည့် ချစ်စရာကောင်း၍ နုနယ်လှပသော ထိုမိန်းကလေးသည် အလွန်ပင် ချစ်စဖွယ်ကောင်းလှ၏။
ရင့်ကျက်၍ လှပသော အမျိုးသမီးတစ်ဦးကတော့ နဂါးပလ္လင်၏ ဘေးတွင် ထိုင်နေသည်။ ဖီးနစ်သရဖူနှင့် ကျော့ရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးထံမှ မြင့်မြတ်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။
ခန်းမအတွင်းသို့ ထိုလှပသော အမျိုးသမီးက ဝေ့ကြည့်လိုက်၏။ ထို့နောက် သက်ပြင်းကို ခပ်ရှည်ရှည်ချကာ မတတ်သာသည့် အမူအရာနှင့်
“ဒီနေ့ကို တကယ်ရောက်လာပြီပေါ့”
ထိုအချိန်တွင် မိန်းကလေးငယ်က ဘေးရှိ အမျိုးသမီးကို ကြည့်ကာ
“မေမေ... သမီး ဧကရီ မဖြစ်ချင်ပါဘူး။ အဲ့ဒါက ဘာမှလည်း ပျော်ဖို့မကောင်းဘူး။”
ထိုစဉ် ခန်းမအတွင်းရှိ နယ်ပယ်သခင်တစ်ဦးက ထရပ်လိုက်ကာ
“ဧကရီမယ်တော်ကြီး... ချင်းယွမ်နိုင်ငံက ပြည်သူတွေအတွက် ရှနိုင်ငံတော်ထဲကို ကျွန်တော်တို့ ကိုယ့်သဘောနဲ့ကိုယ် ဝင်သင့်ပါတယ်။”
အခြားအရာရှိတစ်ဦးကလည်း ထရပ်၍ “ဟုတ်ပါတယ်။ အခုဆို သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်က နောက်တစ်ဆင့် တက်သွားပြန်ပြီဆိုတော့ သူ နောက်ထပ် ဘာတွေလုပ်ဦးမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။”
မော်ယုလန်ကို အာဏာစွန့်လွှတ်ရန် တိုက်တွန်းသည့် အရာရှိများနှင့် နယ်ပယ်သခင်များ၏ အသံများက ခန်းမအတွင်း၌ ပြည့်နှက်သွားသည်။
မော်ယုလန်က ဘာမှမပြောပဲ တိတ်ဆိတ်စွာသာ နားထောင်နေသည်။
ထိုနေ့ ရောက်လာလိမ့်မည်ကို သူမ ကြိုတင် သိထားပြီးဖြစ်သလို လက်ထဲရှိ အာဏာအပေါ်တွင်လည်း သူမ မက်မောခြင်းမရှိပေ။ ရှနိုင်ငံတော်က ချင်းယွမ်နိုင်ငံကို တရားဝင် သိမ်းပိုက်လိုက်လျှင် သူမ၏သမီးသည် အသုံးမဝင်တော့သဖြင့် ရှနိုင်ငံတော်က သူမတို့သားအမိကို သတ်ပစ်နိုင်တာကိုသာ သူမက စိုးရိမ်နေခြင်း ဖြစ်သည်။ အကြောင်းမှာ သူမတို့သည် မင်းဆက်ဟောင်း၏ အကြွင်းအကျန်များ ဖြစ်နေသောကြောင့်ပင်။
သူမ၏ အသက်ကို သူမ ဂရုမစိုက်သော်လည်း သူမ၏ကလေးကိုတော့ ထိုမျှငယ်ရွယ်သည့် အရွယ်နှင့် မသေစေလိုပေ။ သို့သော်လည်း ဤအရာအားလုံးက သူမ ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်ချေ။
ရှနိုင်ငံတော်၏ ဧကရာဇ်အဆင့် အမျိုးသမီးက အဆင့်တက်သွားပြီး သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိလိုက်သည့်အခါ ချင်းယွမ်နိုင်ငံတစ်ဝန်းလုံး ထိတ်လန့်သွားခဲ့ကြသည်။ ထိုဧကရာဇ်က နိုင်ငံတစ်နိုင်ငံလုံးကို သတ်ဖြတ်ပစ်မှာကို စိုးရိမ်ကာ တုန်လှုပ်နေကြခြင်း ဖြစ်၏။
ထို့နောက် လုချန်း၏ သဘောထားကို စမ်းသပ်ရန်နှင့် ရှနိုင်ငံတော်သို့ ဝင်ရောက်ရန် လုချန်းနှင့် ကိုယ်တိုင်ဆွေးနွေးဖို့ ချင်းယွမ်နိုင်ငံ၏ အရာရှိများနှင့် နယ်ပယ်သခင်များ နန်းတော်သို့ လာရောက်ကြကာ မော်ယုလန်ကို တိုက်တွန်းနေကြခြင်း ဖြစ်သည်။
ဧကရီငယ်လေးသည် စကားပြောတတ်နေပြီဖြစ်သလို ချင်းယွမ်နိုင်ငံသည်လည်း ပြည်သူ့ထောက်ခံမှုကို ဆုံးရှုံးနေတာ အစောကတည်းက ဖြစ်သည်။ ထို့ကြောင့် မင်းဆက်ကံစွမ်းအားများကို ရှနိုင်ငံတော်သို့ အလွယ်တကူ လွှဲပြောင်းပေးနိုင်သည်။
ယခုလို အချိန်တွင် ရှနိုင်ငံတော်၏ အုပ်ချုပ်သူက ရှနိုင်ငံတော်သို့ ဝင်ရောက်ခြင်းအား သဘောမတူခဲ့လျှင် ရှနိုင်ငံတော်သည် ချင်းယွမ်နိုင်ငံကို သတ်ဖြတ်ခြင်းစွမ်းအားပိုင်ရှင် ဧကရာဇ်အတွက် ကျင့်စဉ်ကျင့်ကြံစရာပစ္စည်းအဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားသည်။
အချိန်အတော်ကြာပြီးနောက် ခန်းမအတွင်းရှိ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားရာ မော်ယုလန်က နောက်ဆုံးတွင်
“ရှင်တို့ ထပ်မပြောပါနဲ့တော့။ ဘာလုပ်ရမလဲဆိုတာ ကျွန်မသိပါတယ်။”
ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ စကားသံများ ရပ်တန့်သွားပြီး လူအားလုံး၏ အကြည့်များ သူမထံသို့ ကျရောက်လာ၏။
မော်ယုလန်က ဆက်လက်၍
“မနက်ဖြန်မှာ ကျွန်မ ဧကရီကို ကောင်းကင်ဧကရာဇ်ရဲ့ အိပ်ဆောင်ဆီ ခေါ်သွားပါမယ်။ ကောင်းကင်ဧကရာဇ်က သဘောတူမယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာပဲ အခမ်းအနားကို ကျင်းပသွားပါမယ်။”
မော်ယုလန် သဘောတူသည်ကို မြင်လျှင် ခန်းမအတွင်းရှိ လူအားလုံး စိတ်သက်သာရာရသွားကြသည်။ မော်ယုလန်က အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ပဲ ဧကရီမယ်တော်ကြီးအဖြစ် သူမ၏အာဏာကို မက်မောနေမည်ကို သူတို့ အကြောက်ဆုံး ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နယ်ပယ်သခင်တစ်ဦးက
“ဧကရီမယ်တော်ကြီးက ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ကျွန်တော်တို့ ဧကရာဇ်ကြယ်မှာပဲ သတင်းကောင်းကို စောင့်နေပါ့မယ်။”
မော်ယုလန်က မျက်နှာသေနှင့် ထရပ်ကာ
“ဒီနေ့တော့ ဒီလောက်ပါပဲ”
ထို့နောက် ဧကရီငယ် ချီချင်းဟန်ကို မော်ယုလန်က ကျင်းလွမ်ခန်းမထဲမှ ခေါ်ဆောင်သွားသည်။
နန်းဆောင်သို့ ပြန်ရောက်သည့်အခါ မော်ယုလန်စိတ်ထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။ မိခင်ဖြစ်သူ စိတ်ပူနေသည်ကို မြင်လျှင် ချီချင်းဟန်က
“မေမေ... ဘာဖြစ်လို့လဲဟင်”
မော်ယုလန်က ခေါင်းခါယမ်းလိုက်ပြီး ချီချင်းဟန်၏ ဖောင်းအိနေသော ပါးလေးကို ပွတ်သပ်ကာ
“မေမေ ဘာမှမဖြစ်ပါဘူး။ မကောင်းတဲ့ အတိတ်တချို့ကို ပြန်တွေးမိလို့ပါ။”
ချီချင်းဟန်က
“ဘာတွေက မကောင်းတာလဲဟင်”
ဟု အပြစ်ကင်းစွာ မေးပြန်၏။
မော်ယုလန်က အတင်းပြုံးလိုက်ပြီး
“ကဲပါ... ဒီအကြောင်းတွေ မပြောကြရအောင်”
“ချင်းဟန်... သမီး ဧကရီ မဟုတ်တော့ဘူးဆိုရင် ဘာလုပ်ချင်လဲ။”
ချီချင်းဟန်က လက်ကလေးမြှောက်ကာ နှုတ်ခမ်းပေါ်တင်၍ ခေါင်းလေးစောင်းကာ စဉ်းစားပြီးမှ
“သမီး အရသာရှိတဲ့ အစားအစာတွေ အများကြီး အများကြီး စားချင်တယ်။”
ချီချင်းဟန်၏ အဖြေကို ကြားလျှင် မော်ယုလန် အံ့သြသွားသည်။ ချီချင်းဟန်သည် ရုပ်သေးဧကရီမျှသာ ဖြစ်သော်လည်း ဧကရီတစ်ဦး ဖြစ်နေဆဲပင်။
နန်းတော်အတွင်း၌ ချီချင်းဟန်အနေနှင့် သူမစားချင်သည့် မည်သည့်အရသာရှိသော အစားအစာကိုမဆို စားနိုင်သည်။ ချီချင်းဟန်က အစားအစာအပေါ် စိတ်ဝင်စားနေဆဲဖြစ်မည်ဟု မော်ယုလန် မထင်ထားခဲ့ပေ။
မော်ယုလန်က
“ချင်းဟန်... သမီးမှာ တခြားစိတ်ဝင်စားတာမျိုး မရှိဘူးလား”
ချီချင်းဟန်က
“မရှိပါဘူး”
ဟု တုံ့ပြန်၏။
“သမီးသွားချင်တဲ့နေရာ ရှိလား”
ဟု မော်ယုလန်က ထပ်မေးလိုက်ပြန်သည်။
ရှနိုင်ငံတော်က ချင်းယွမ်နိုင်ငံကို သိမ်းပိုက်ပြီးနောက် ချီချင်းဟန်ကို ဧကရာဇ်ကြယ်မှ ခေါ်ထုတ်သွားကာ အခြားနိုင်ငံ သို့မဟုတ် အခြားကြယ်နယ်မြေတစ်ခုသို့ သွားရန် မော်ယုလန် တွေးတောနေခြင်း ဖြစ်သည်။
ထိုအခါ ချီချင်းဟန်က
“သမီး ထျန်းချန်ကမ္ဘာကို သွားချင်တယ်”
မော်ယုလန် ဘာပြောရမှန်းမသိပဲ မှင်တက်သွားတော့သည်။
ထျန်းချန်ကမ္ဘာသည် ရှနိုင်ငံတော်၏ ဧကရာဇ်ကြယ် ဖြစ်၏။ ချီချင်းဟန်က ထျန်းချန်ကမ္ဘာကို စိတ်ဝင်စားလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။
“သမီးက ဘာလို့ ထျန်းချန်ကမ္ဘာကို သွားချင်တာလဲ”
ချီချင်းဟန်က
“အစ်မရွန်က ပြောတယ်။ ထျန်းချန်ကမ္ဘာမှာ အရသာရှိတာတွေနဲ့ ပျော်စရာကောင်းတာတွေ အများကြီး ရှိတယ်တဲ့။”
ဤအဖြေကို ကြားရလျှင် မော်ယုလန်၏ စိတ်အစဉ် ရှုပ်ထွေးသွား၏။ ချီချင်းဟန် ပြောလိုက်သော အစ်မရွန်ဆိုသူမှာ ရှနိုင်ငံတော်မှ ဖြစ်၏။
ဧကရာဇ်ကြယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ရှနိုင်ငံတော်က ချင်းယွမ် နန်းတွင်းရှိ အစေခံအားလုံးကို လူစုခွဲကာ ရှနိုင်ငံတော်မှလူများဖြင့် အစားထိုးခဲ့သည်။
သူတို့အားလုံး အလွန်ဖော်ရွေဟန်ပြသော်လည်း သူတို့က သူမနှင့် သူမ၏သမီးကို စောင့်ကြည့်နေခြင်းသာဖြစ်ကြောင်း မော်ယုလန် ကောင်းစွာသိသည်။
ထိုအစေခံများ၏ လွှမ်းမိုးမှုအောက်တွင် ချီချင်းဟန်သည် ရှနိုင်ငံတော်အပေါ် ကောင်းသော အမြင်ရှိလာပြီး ထျန်းချန်ကမ္ဘာကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။
ရှနိုင်ငံတော်အကြောင်းကို ချီချင်းဟန်အား မော်ယုလန် အများကြီးမပြောရဲပေ။ ရှနိုင်ငံတော်မှ အစေခံများစွာ စောင့်ကြည့်နေသဖြင့် စကားကို ပေါ့ပေါ့ဆဆ ပြောမိပါက သူမ၏အသက် ဆုံးရှုံးသွားနိုင်သည်။
သူမ၏သမီးကို ထိုအစေခံများက ဝါဒဖြန့်သိမ်းသွင်းနေသည်ကို မော်ယုလန်အနေနှင့် ကြည့်နေရုံမှတစ်ပါး အခြားမရှိပေ။
ပျက်သုဉ်းသွားသော နိုင်ငံတစ်ခု၏ နောက်ဆုံးဧကရီ ဖြစ်ပါလျက် မိမိနိုင်ငံကို ဖျက်ဆီးခဲ့သော နိုင်ငံအပေါ် ကောင်းသော အမြင်ရှိနေခြင်းမှာ မော်ယုလန်အတွက် အလွန် ရယ်စရာကောင်းလှသည်။
သူမ စကားကို ဆက်မပြောတော့ပေ။ ချင်းယွမ်နိုင်ငံမှ ထွက်ပြေးဖို့ထက် သူတို့ အသက်ရှင်နိုင်မလားဆိုတာက ပို၍ အရေးကြီးသော ကိစ္စဖြစ်သည်။
………
နောက်တစ်နေ့ နံနက်။
မနက်စောစောစီးစီးတွင် ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဧကရီငယ် ချီချင်းဟန်ကို လုချန်း၏ အိပ်ဆောင်ဆီသို့ မော်ယုလန်က ခေါ်ဆောင်သွားသည်။
ဧကရီ တစ်ဦးအနေနှင့် ချီချင်းဟန်သည် နဂါးဝတ်စုံကို ဝတ်ဆင်ရမည်ဖြစ်သော်လည်း ချင်းယွမ်နိုင်ငံကို ရှနိုင်ငံတော်က သိမ်းပိုက်ထားပြီးဖြစ်သလို ချီချင်းဟန်သည်လည်း ရုပ်သေးဧကရီမျှသာ ဖြစ်နေသောကြောင့် နဂါးဝတ်စုံကို ဝတ်ဆင်ခြင်းက ကောင်းကင်ဧကရာဇ်အပေါ် အလွန်ရိုင်းပျရာ ရောက်ပေလိမ့်မည်။
ဝင်ပေါက်တွင် ရပ်လျက် မော်ယုလန်က အစေခံကို
“ကျွန်မ မင်းကြီးကို တွေ့ချင်လို့ပါ”
အစေခံက မော်ယုလန်နှင့် ချီချင်းဟန်ကို ကြည့်ကာ
“မင်းကြီး ဒီမှာမရှိပါဘူး”
မော်ယုလန် အနည်းငယ် မှင်တက်သွားပြီး
“မရှိဘူး ဟုတ်လား”
သူ ဘယ်ကို သွားနိုင်မည်နည်း။
မော်ယုလန်က အစေခံကို ထပ်မံမေးမြန်းတော့မည့်ဆဲဆဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ကာ အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အေးစက်၍ ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး အဆောင်အတွင်းမှ ဖြတ်သွားသည်။
ထိုအမျိုးသမီးသည် ကောင်းကင်ဧကရာဇ်၏ ကိုံယ်ရံတော် ဖြစ်ကြောင်း မော်ယုလန် ချက်ချင်းမှတ်မိသွားပြီး
“ခဏလောက် စောင့်ပါဦး မိန်းကလေး”
ပိုင်ချင်းချင်းက ရပ်တန့်သွားကာ ဇဝေဇဝါဖြစ်ဟန်နှင့် မော်ယုလန်ကို ကြည့်ပြီး
“ဘာကိစ္စလဲ”
မော်ယုလန်က
“ကျွန်မ ကောင်းကင်ဧကရာဇ်ကို တွေ့ချင်လို့ပါ”
ပိုင်ချင်းချင်းက
“ကောင်းကင်ဧကရာဇ်က တံခါးပိတ်ကျင့်စဉ် စခန်း ဝင်နေပါတယ်။”
ဆယ်စုနှစ်နှင့်ချီ၍ ကြာနိုင်သော ဧကရာဇ်အဆင့်၏ တံခါးပိတ်ကျင့်စဉ်အကြောင်းကို တွေးမိကာ မော်ယုလန်က စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဒီနေ့တော့ ကောင်းကင်ဧကရာဇ်ကို တွေ့ဖို့ မဖြစ်နိုင်တော့ဟု သူမ ထင်လိုက်၏။
သူမ ထွက်ခွာတော့မည့်ဆဲဆဲတွင် ပိုင်ချင်းချင်းက
“ကျွန်မနောက်ကို လိုက်ခဲ့ပါ”
ဟု ရုတ်တရက် ပြောလိုက်သည်။
…………..
အခန်း (၁၃၆၈)
ကောင်းကင်ဧကရာဇ်အစ်ကို
မော်ယုလန်နှင့် စကားပြောနေစဉ် ပိုင်ချင်းချင်းထံသို့ လုချန်းဆီမှ အသံလွှင့်ချက်တစ်ခု ရုတ်တရက် ရောက်ရှိလာ၏။ မော်ယုလန်နှင့် ချီချင်းဟန်တို့ကို စာကြည့်ခန်းသို့ အရင်ခေါ်သွားရန်နှင့် သူကိုယ်တိုင် နောက်မှ လာခဲ့မည်ဟု လုချန်းက သူမကို မှာကြားလိုက်ခြင်း ဖြစ်သည်။
ဧကရာဇ်အဆင့်ဖြစ်သော လုချန်း၏ စိတ်အာရုံအောက်တွင် ဧကရာဇ်ကြယ်တစ်ခုလုံး ရှိနေသည်။ ထို့ကြောင့် ဧကရာဇ်ကြယ်ပေါ်တွင် လတ်တလော ဖြစ်ပျက်နေသည့် အရာများကို သူ ကောင်းကောင်း သိပြီး ဖြစ်သည်။
ချင်းယွမ်နိုင်ငံကို သိမ်းပိုက်ရန်နှင့် ဘဝသံသရာကျောက်တုံး၏ ချိပ်ပိတ်မှုကို အမြန်ဆုံး အပြီးသတ် ဖယ်ရှားရန် လုချန်း စဉ်စားထားသည်။
ပိုင်ချင်းချင်း၏ စကားကို ကြားလျှင် မော်ယုလန်က
“မင်းကြီးက တံခါးပိတ်ကျင့်စဉ် ဝင်နေတာ မဟုတ်ဘူးလား။”
ပိုင်ချင်းချင်းက
“မင်းကြီးက အသံလွှင့်ပြီး စာကြည့်ခန်းမှာ စောင့်နေဖို့ ပြောလိုက်ပါတယ်။”
ထိုအချက်ကို မော်ယုလန် သတိပြုမိသွားပြီး
“ကျေးဇူးတင်ပါတယ် မိန်းကလေး”
ပိုင်ချင်းချင်းက စကားအမြောက်အမြား မပြောတော့ပဲ မော်ယုလန်နှင့် သူမ၏ သမီးကို စာကြည့်ခန်းသို့ ခေါ်ဆောင်သွား၏။
သူတို့ သုံးယောက် စာကြည့်ခန်းသို့ ရောက်သောအခါ ထိုနေရာတွင် လုချန်း ရှိမနေသေးပေ။ ပိုင်ချင်းချင်းက
“ဒီမှာပဲ စောင့်နေလိုက်ပါ။ မင်းကြီး ခဏကြာရင် ရောက်လာပါလိမ့်မယ်။”
လုချန်း ဘာလုပ်နေမှန်း ပိုင်ချင်းချင်း သိထားသဖြင့် သူ ချက်ချင်းပြီးမည် မဟုတ်တာကို သူမ နားလည်ထားသည်။
မော်ယုလန်က
“ကျွန်မ နားလည်ပါပြီ”
ထို့ပြင် မော်ယုလန်က ချီချင်းဟန်၏ လက်ကို ကိုင်ကာ စာကြည့်ခန်းအတွင်း၌ စောင့်ဆိုင်းနေသည်။
ထိုအချိန်တွင် လုချန်းသည် ကြမ်းတမ်းစွာ ကျင့်ကြံနေပြီး ထျန်းဟုန်ဧကရီပင်လျှင် အသံအချို့ ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။
မကြာသေးမီ နှစ်များအတွင်း လုချန်းနှင့် အတူတူ ကျင့်ကြံရာတွင် ထျန်းဟုန်ဧကရီအတွက် အခြေအနေများက အမြဲတမ်း တည်ငြိမ်အေးဆေးခဲ့၏။ ခံစားချက်များ ရှိခဲ့လျှင်ပင် ထိုအရာများက အလွန် နူးညံ့သိမ်မွေ့ခဲ့သည်။
သို့သော် ယခုမူ လုချန်းက ကွဲပြားနေသည်။ သူက စတင် ထိန်းချုပ်လိုက်သည်နှင့် အလွန် ကြမ်းတမ်းလာ၏။ ထို့ပြင် တစ်ဖက်လူက ထျန်းဟုန်ဧကရီ ဖြစ်နေခြင်းသည် လုချန်းကို ပို၍ စိတ်ရိုင်း ဝင်စေသည်။
ထျန်းဟုန်ဧကရီသည် အံကို တင်းတင်းကြိတ်ထားပြီး စိတ်ထဲမှ လုချန်းကို ကျိန်ဆဲနေမိ၏။
“ဒီလူယုတ်မာက ငါ့ကို ကစားစရာတစ်ခုလို တကယ် ဆက်ဆံနေတာပဲ”
ဟု သူမ စိတ်ထဲတွေးလိုက်သည်။
မကျေမနပ် ဖြစ်နေသော်လည်း ထျန်းဟုန်ဧကရီက လုချန်းကို တားဆီးခြင်း မပြုပေ။ အချိန်ကြာတော့မည် မဟုတ်တာကို သူမ သိ၏။ အပြင်ဘက်တွင် တစ်စုံတစ်ယောက်က လုချန်းကို လာရှာနေသည်ကို သူမ၏ စိတ်အာရုံဖြင့် သိထားပြီးသောကြောင့်ဖြစ်သည်။
အချိန်အတော်ကြာပြီးမှ လုချန်းက ကိစ္စရပ်များကို အဆုံးသတ်လိုက်၏။ ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ထျန်းဟုန်ဧကရီကို ကြည့်ကာ ပြုံးပြလိုက်သည်။
ထျန်းဟုန်ဧရီက လုချန်းကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူမထံမှ သတ်ဖြတ်ခြင်း စွမ်းအားများလည်း ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေသည်။
လုချန်းက ပြုံး၍
“စိတ်မရှိပါနဲ့။ ကိုယ် ခဏလောက် မထိန်းနိုင် ဖြစ်သွားလို့ပါ။”
ထျန်းဟုန်ဧကရီက ဘာမှမပြောသော်လည်း သူမလက်ထဲရှိ သတ်ဖြတ်ခြင်း စွမ်းအားများ ပို၍ ပြင်းထန်လာ၏။ လုချန်းက ချက်ချင်း နောက်ဆုတ်လိုက်ပြီး
“ဒီနေ့ ကိုယ် လုပ်စရာလေးတွေ ရှိနေလို့ပါ။ နောက်မှပဲ အတူတူ ပြန်ကျင့်ကြံကြတာပေါ့။”
ထိုသို့ ပြောပြီးနောက် လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကိုယ်ပေါ်ရှိ ချွေးများနှင့် အညစ်အကြေးများ ချက်ချင်း စင်ကြယ်သွားပြီး ရွှေရောင်အနားသတ်ပါသော အဖြူရောင် နဂါးဝတ်စုံကို ဝတ်ဆင်လိုက်သည်။
ထို့နောက် အလင်းအရိပ်ကို အသုံးပြုကာ စာကြည့်ခန်းအတွင်း၌ ပေါ်လာ၏။
မော်ယုလန်နှင့် ချီချင်းဟန်တို့ စကားပြောနေစဉ် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်တစ်ခုက သားအမိနှစ်ယောက်လုံးကို လန့်သွားစေသည်။
ထိုသူ လုချန်းဖြစ်ကြောင်း မြင်လျှင် မော်ယုလန်က အလျင်အမြန် ဂါရဝပြုကာ
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
“ထကြပါ”
ဟု လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
ထိုခဏတွင် ချီချင်းဟန်က ခေါင်းလေးစောင်းကာ လုချန်းကို စူးစမ်းစွာ ကြည့်နေ၏။ လုချန်းကလည်း ထိုမိန်းကလေးကို ငုံ့ကြည့်လိုက်သည်။
ဖောင်းအိသော ပါးပြင်များရှိ၍ အလွန် ချစ်စဖွယ်ကောင်းသော ထိုမိန်းကလေးကို မြင်လျှင် ငယ်စဉ်က ဟွမ်းဟွမ်းကို လုချန်း ချက်ချင်း သတိရသွား၏။
လုချန်းက ချီချင်းဟန်ကို စိုက်ကြည့်နေသည်ကို မြင်လျှင် မော်ယုလန်၏ ကျောချမ်းသွားပြီး ချွေးစေးများ ထွက်လာ၏။ သူမက ချီချင်းဟန်ကို
“ချင်းဟန်... အမြန် ဂါရဝပြုလိုက်လေ”
ဟု သတိပေးလိုက်သည်။
ချီချင်းဟန်က လုချန်းကို စိတ်ဆိုးအောင် လုပ်မိမည်ကို မော်ယုလန် ကြောက်ရွံ့နေသည်။ သူတို့၏ အသက်များမှာ လုချန်း၏ လက်ထဲတွင် ရှိနေသဖြင့် လုချန်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မိပါက သူတို့ အသက်ရှင်ဖို့ အခွင့်အလမ်း ပို၍ နည်းပါးသွားပေလိမ့်မည်။
“ရပါတယ်”
ဟု လုချန်းက ခပ်အေးအေး ဆို၏။
လုချန်း ထိုသို့ပြောလိုက်သော်လည်း ချီချင်းဟန်က လိမ်လိမ်မာမာဖြင့်
“ကျွန်မ ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
ဟု ပြောကာ ဂါရဝပြုလိုက်သည်။
လုချန်းက စာကြည့်ခန်းရှိ ထိုင်ခုံဆီသို့ လျှောက်သွားရင်း
“မင်းတို့ ထနိုင်ပါပြီ”
သူတို့ မော့ကြည့်လိုက်လျှင် လုချန်းက ထိုင်ခုံပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။
“ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ”
ဟု လုချန်းက မေးလိုက်၏။
သူတို့ လာရခြင်း အကြောင်းကို သိထားသော်လည်း သူတို့ စိတ်ထဲရှိသည်ကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ရန် လုချန်းက ဦးအောင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
မော်ယုလန်က
“ကောင်းကင်ဧကရာဇ်... ချင်းဟန်က ချင်းယွမ်နိုင်ငံကို အုပ်ချုပ်ဖို့ အရမ်းငယ်ပါသေးတယ်။ ဒါကြောင့် ချင်းယွမ်နိုင်ငံကို ရှနိုင်ငံအတွင်း အလုံးစုံ ပေါင်းစည်းဖို့ ကျွန်မတို့ စဉ်းစားထားပါတယ်။ ကောင်းကင်ဧကရာဇ် သဘောတူပေးဖို့ မျှော်လင့်ပါတယ်။”
ထိုသို့ ပြောပြီး မော်ယုလန်က ထပ်မံ ဒူးထောက်လိုက်ရာ ချီချင်းဟန်ကလည်း သူမနောက်မှ လိုက်၍ ဒူးထောက်လိုက်သည်။
သို့သော်လည်း အစကတည်းက ချီချင်းဟန်၏ အကြည့်များက လုချန်း၏ မျက်နှာထံမှ လွှဲမသွားခဲ့ပေ။
ချီချင်းဟန်၏ စိတ်ထဲတွင်တော့ ထိုအစ်ကိုကြီးသည် အလွန် ချောမောပြီး ကြင်နာတတ်မည့်ပုံ ပေါက်နေသည်ဟုသာ တွေးနေသဖြင့် သူမ၏ မိခင်က ကောင်းကင်ဧကရာဇ်ကို ဘာကြောင့် ဤမျှ ကြောက်နေရကြောင်း သူမ နားမလည်နိုင် ဖြစ်နေသည်။
မော်ယုလန်၏ စကားကို ကြားပြီးနောက် လုချန်းက ချက်ချင်း ပြန်မဖြေပေ။ သူ့အကြည့်များက ချီချင်းဟန်ထံသို့ တစ်ဖန် ရောက်ရှိသွားပြီး သူမက သူ့ကို စိုက်ကြည့်နေတာကို သတိပြုမိသွားပြီး ပြုံးပြလိုက်၏။
လုချန်းက ပြုံးပြသည်ကို မြင်လျှင် ချီချင်းဟန်ကလည်း ပြန်ပြုံးပြ၏။
လုချန်းက
“မိန်းကလေး... မင်းနာမည် ဘယ်လိုခေါ်လဲ”
လုချန်းက သူမကို အဖြေမပေးပဲ သူမ၏ သမီးနာမည်ကို မေးနေသောကြောင့် လုချန်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်သွားကာ မော်ယုလန် ခဏခန့် မှင်တက်သွားသည်။
ချီချင်းဟန်က
“ကျွန်မနာမည် ချီချင်းဟန် ပါ”
“နာမည်လေးက လှသားပဲ”
ထိုသို့ ပြောပြီးနောက် သူ့အကြည့်များက မော်ယုလန်ထံသို့ ပြန်ရောက်သွား၏။
“ထကြပါ”
“ချင်းဟန်က စကားပြောတတ်နေပြီဆိုတော့ ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ကျွန်တော် သဘောတူပါတယ်။”
“ဒါပေမဲ့ ခင်ဗျားတို့ နားလည်ထားရမှာက အခုကစပြီး ခင်ဗျားတို့ဟာ တော်ဝင်မိသားစုဝင်တွေ မဟုတ်တော့ဘူး။ တော်ဝင်ခံစားခွင့်တွေလည်း ဘာမှ ရတော့မှာ မဟုတ်ဘူး။”
မော်ယုလန်က အမြန်ခေါင်းငြိမ့်ပြလျက်
“ကျွန်မ နားလည်ပါတယ်ရှင်”
ထို့နောက် လုချန်းက
“အခမ်းအနားပြီးရင် ချင်းဟန်ကို ခေါ်ပြီး ဘယ်ကို သွားဖို့ စီစဉ်ထားလဲ။”
မော်ယုလန် အံ့အားသင့်သွားသည်။ လုချန်းက ဤမေးခွန်းကို မေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ကောင်းကင်ဧကရာဇ်က သူတို့ ဘယ်သွားမည်ကို မေးနေခြင်းမှာ သူတို့ကို လွှတ်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်နိုင်သလား။
သူတို့ကို သတ်ချင်ပါက သူတို့ကို ဤမေးခွန်း မေးနေစရာ မလိုပေ။
အကြောင်းမှာ သေသွားပြီးလျှင် မည်သည့်နေရာမှ သွားနိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက်
“ကျွန်မ မဆုံးဖြတ်ရသေးပါဘူး”
ဟု မော်ယုလန်က တုံ့ပြန်လိုက်၏။
မော်ယုလန်၏ စကားအဆုံးတွင် ချီချင်းဟန်က
“ကောင်းကင်ဧကရာဇ် အစ်ကို... ကျွန်မ ထျန်းချန်ကမ္ဘာကို သွားချင်တယ်”
ဟု ရုတ်တရက် ပြောလိုက်သည်။
ချီချင်းဟန်၏ မမျှော်လင့်ထားသော စကားကြောင့် မော်ယုလန်နှင့် လုချန်းတို့ နှစ်ယောက်လုံး မှင်တက်သွားကြ၏။
မော်ယုလန် သတိပြန်ဝင်လာလျှင် သူမ၏ သမီးက လုချန်းကို “အစ်ကို” ဟု ခေါ်ဝံ့သည်အထိ ရဲတင်းနေသဖြင့် မျက်နှာမှာ ပျက်သွား တော့သည်။
မော်ယုလန်က
“ကောင်းကင်ဧကရာဇ်ရှင်... ချင်းဟန်ကို ခွင့်လွှတ်ပေးပါ။ သူက ငယ်သေးလို့ ဘာမှမသိပဲ မင်းကြီးကို ပြစ်မှားမိတာပါ”
ဟု အလျင်အမြန် ဦးချကာ တောင်းပန်လိုက်၏။
လုချန်းလည်း ခဏခန့် မှင်တက်သွား၏။ ဤမိန်းကလေးငယ်သည် ရဲတင်းရုံတင်မကပဲ သူ့ကို အစ်ကိုဟုပင် ခေါ်နေတာလား။
သူ သတိပြန်ဝင်လာချိန်တွင် လုချန်း ချက်ချင်း နားလည်သွား၏။ ချီချင်းဟန်သည် သူ့အစေခံများ၏ လွှမ်းမိုးမှုအောက်တွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် သူ့အပေါ် ကောင်းမွန်သော အမြင်ရှိနေခြင်းဖြစ်သည်။
ထို့ပြင် သူမသည် ငယ်ရွယ်ပြီး ဘာမှမသိသေးသူ ဖြစ်သလို အစကတည်းက သူက သူမကို ပြုံးပြခဲ့သဖြင့် သူ့ကို လူဆိုးမဟုတ်သည့် ကြင်နာတတ်သော အစ်ကိုကြီးတစ်ဦးဟု ထင်မှတ်သွားခြင်း ဖြစ်နိုင်သည်။
လုချန်းက ပြုံးလိုက်ပြီး
“ကိုယ့်ကို အစ်ကိုလို့ ခေါ်လို့ မရဘူး”
ချီချင်းဟန်က ခေါင်းလေးစောင်းကာ
“ဒါဆို ကျွန်မ ဘယ်လိုခေါ်ရမလဲ”
လုချန်း အဖြေမပေးနိုင်ခင်မှာပင် မော်ယုလန်က ချီချင်းဟန်ကို
“ချင်းဟန်... မရိုင်းစမ်းနဲ့။ ကောင်းကင်ဧကရာဇ်ကို အခုချက်ချင်း တောင်းပန်လိုက်” ဟု အမြန် ဝင်ပြောလိုက်သည်။