အခန်း (၁၃၆၉-၁၃၇၁)
Vol. 92 Ch. 1369-1371
အခန်း (၁၃၆၉ )
ဘဝသံသရာ ကျောက်တုံး
မိခင်ဖြစ်သူက သူမကို ဆူပူလိုက်သည်ကို မြင်လျှင် ချီချင်းဟန် ခဏခန့် မှင်တက်သွားသည်။ ငယ်စဉ်ကတည်းက သူမ၏မိခင်သည် သူမအပေါ် ထိုကဲ့သို့ ပြင်းထန်သောလေသံမျိုးဖြင့် တစ်ခါမှ မပြောဖူးခဲ့ချေ။ ဤတကြိမ်က သူမ၏မိခင် သူမကို ပထမဆုံးအကြိမ် ဆူပူခြင်း ဖြစ်၏။
ချီချင်းဟန်၏ စိတ်ထဲ ဝမ်းနည်းစိတ်များ ချက်ချင်း ပေါ်ပေါက်လာတော့သည်။ ချီချင်းဟန်၏ မျက်နှာပေါ်မှ ဝမ်းနည်းနေသော အမူအရာကို လုချန်း မြင်လျှင်
“ကလေးက ငယ်သေးတာပဲ။ ဘာလို့ ဆူနေရတာလဲ”
ဟု မော်ယုလန်ကို လှမ်း၍ ပြောလိုက်သည်။
မော်ယုလန် နောက်တစ်ကြိမ် မှင်တက်သွားပြန်သည်။ ကောင်းကင်ဧကရာဇ်က သူမ၏သမီးအတွက် တကယ်ပဲ ရှေ့နေလိုက်ပေးနေတာလားဟု တွေးမိနေ၏။ ထိုအခိုက်အတန့်တွင် လုချန်းက ချီချင်းဟန်ကို ပြုံး၍ ကြည့်လိုက်ကာ
“ချင်းဟန်လေး... သမီး ထျန်းချန်ကမ္ဘာကို သွားချင်တယ်ဆိုရင် အခမ်းအနားပြီးတာနဲ့ သမီးကို အဲ့ဒီကို ခေါ်သွားဖို့ လူတစ်ယောက် လွှတ်ပေးမယ်။”
ထိုအရာကို ကြားလျှင် ချီချင်းဟန်၏ မျက်လုံးများ တောက်ပသွားပြီး
“ကောင်းကင်ဧကရာဇ် အစ်ကို... မင်းကြီး... တကယ်လား”
ဟု ချက်ချင်း မေးလိုက်လေသည်။
လုချန်းက
“တကယ်ပေါ့။ ကောင်းကင်ဧကရာဇ်က ဘယ်တော့မှ လိမ်မပြောဘူး။”
ချီချင်းဟန်ကလည်း
“ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်ကြီးရှင်”
ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် မော်ယုလန်လည်း သတိဝင်လာသည်။ ထျန်းချန်ကမ္ဘာသို့ သူတို့ကို သွားခွင့်ပြုခြင်းက သူတို့၏ အသက်ကို ရန်မရှာတော့ဟု ဆိုလိုခြင်း ဖြစ်သည်။ ချင်းယွမ်နိုင်ငံ၏ အကြွင်းအကျန်များ ဖြစ်သည့်အတွက် ထျန်းချန်ကမ္ဘာတွင် လွတ်လပ်ခွင့် ရှိလိမ့်မည် မဟုတ်သော်လည်း သေရခြင်းထက်စာလျှင် ပိုကောင်းသေးသည်ဟု တွေးမိ၏။ ထိုသို့တွေးမိပြီး မော်ယုလန်က အလျင်အမြန် ဦးချကာ
“ကျေးဇူးတင်ပါတယ် ကောင်းကင်ဧကရာဇ်ရှင်”
လုချန်းက
“ကဲ... တခြားကိစ္စ မရှိတော့ဘူးဆိုရင် အခမ်းအနားအတွက် သွားပြင်ဆင်ပါတော့။”
“ဟုတ်ကဲ့ပါ။ ကျွန်မ သွားလိုက်ပါဦးမယ်”
ထိုစကားများနှင့်အတူ မော်ယုလန် ထရပ်ကာ ချီချင်းဟန်၏လက်ကို ကိုင်ပြီး စာကြည့်ခန်းအတွင်းမှ ထွက်ခွာရန် ပြင်လိုက်သည်။
ထွက်သွားစဉ်တွင် ချီချင်းဟန်က သူမ၏ ခေါင်းလေးကို အနည်းငယ်လှည့်ကာ လုချန်းကို ချီတုံချတုံဖြစ်စွာ ကြည့်သွားသည်။ ချီချင်းဟန်က သူ့ကို လှည့်ကြည့်နေသည်ကို လုချန်း မြင်လျှင် သူမကို နွေးထွေး၍ တောက်ပသော အပြုံးဖြင့် နောက်တစ်ကြိမ် ပြုံးပြလိုက်၏။
နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ပေါင်းစည်းခြင်း အခမ်းအနားအတွက် ဆွေးနွေးရန် ချင်းယွမ်နိုင်ငံ၏ အမတ်များနှင့် နယ်ပယ်သခင်များ မော်ယုလန်က ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ချင်းယွမ်နိုင်ငံကို ရှနိုင်ငံတော်အတွင်း ပေါင်းစည်းရန် လုချန်းက သဘောတူလိုက်ပြီဖြစ်ကြောင်း မော်ယုလန် ပြောသည်ကို အမတ်များ ကြားလျှင် သူတို့၏ စိတ်ထဲမှ စိုးရိမ်မှုများ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်ဧကရာဇ်က ပေါင်းစည်းမှုကို သဘောတူခြင်းမှာ ချင်းယွမ်နိုင်ငံမှ ပြည်သူများကို သတ်ဖြတ်ခြင်း ဧကရီအတွက် ကျင့်စဉ်ကျင့်ကြံစရာ ပစ္စည်းများအဖြစ် အသုံးမပြုတော့ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ ထို့ကြောင့် ချင်းယွမ်နိုင်ငံကို ရှနိုင်ငံတော်အတွင်း ပေါင်းစည်းရန် သူတို့က အမြန်ဆုံး စီစဉ်ကြတော့သည်။
……..
နှစ်ရက်ကြာပြီးနောက်။
ချင်းယွမ်နိုင်ငံ။
နန်းတော်။
ကျောက်စိမ်းတံဆိပ်တုံး တင်ထားသော သစ်သားလင်ဗန်းကို ချီချင်းဟန်က သယ်ဆောင်လာပြီး လုချန်း၏ရှေ့သို့ လျှောက်လာသည်။ လွန်ခဲ့သော နှစ်ရက်အတွင်း မော်ယုလန် သင်ပေးထားသည့်အတိုင်း သူမက ဒူးထောက်ကာ ရှနိုင်ငံတော်အပေါ် သစ္စာစောင့်သိမည့် ကျိန်ဆိုချက်ကို ရွတ်ဆိုလိုက်သည်။
ချီချင်းဟန်၏ စကားအဆုံးတွင် ချင်းယွမ်နိုင်ငံမှ မရေမတွက်နိုင်သော မင်းဆက်ကံစွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာရာ သူ အလွန်ပင် နေသာထိုင်သာ ရှိသွားသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ လုချန်း၏ ပင်မကိုယ်သည် ပြီးခဲ့သောတစ်ကြိမ်ကကဲ့သို့ အဆင့်တက်မသွားခဲ့ချေ။ အနည်းငယ် လိုအပ်နေသေးသည်ဟု ခံစားရသော်လည်း ငါးနှစ်အတွင်း သူ၏ပင်မခန္ဓာ ဧကရာဇ်အဆင့်လေးသို့ တက်လှမ်းနိုင်မည်ဟု လုချန်း ကြိုတင် သိမြင်နေသည်။
ပင်မခန္ဓာ၏ ကျင့်စဉ်အဆင့် မလှုပ်ရှားသော်လည်း သူ၏စိတ်ဝိညာဉ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာသော မင်းဆက်ကံစွမ်းအားများကြောင့် သူ၏ဧကရာဇ်လောင်း ကိုယ်ပွားနှစ်ခုကတော့ အဆင့်တက်ရန် အလားအလာများ ပြသလာသည်။ ထိုအရာကို လုချန်းက မမျှော်လင့်ထားခဲ့ချေ။
ထိုအခိုက်အတန့်တွင် သူ၏ဧကရာဇ်လောင်း ကိုယ်ပွားနှစ်ခုသည် မိဖုရားများနှင့်အတူ စုံတွဲကျင့်စဉ် ကျင့်ကြံနေဆဲဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများ အမြောက်အမြား စုစည်းနေသည်ကို ခံစားနေ ရသည်။ ထို့နောက် လုချန်းက ကိုယ်ပွားများ၏ ကျင့်စဉ်ကို စတင်အရှိန်မြှင့်လိုက်သည်။
ဧကရာဇ်လောင်း ကိုယ်ပွားနှစ်ခုသာ အဆင့်တက်သွားလျှင် သူ၏အင်အား နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားပေလိမ့်မည်။ လုချန်းက ထိုသို့ တွေးနေစဉ်မှာပင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာ၏။
“သခင့်ရဲ့ ကိုယ်ပွားတွေရဲ့ အင်အားက သူတို့နဲ့ မသက်ဆိုင်ပါဘူး။ သခင့်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အဆင့်တစ်ခုကို ရောက်တဲ့အခါမှသာ ကိုယ်ပွားတွေရဲ့ ကျင့်စဉ်အဆင့်က ပိုမြင့်တဲ့ နယ်ပယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။”
စနစ်၏ သတိပေးချက်ကို ကြားလျှင် ဤကိစ္စကို သူ လုံးဝမေ့လုနီးပါး ဖြစ်သွားကြောင်း လုချန်း ချက်ချင်း သတိပြုမိသွားသည်။ လုံလောက်သော စိတ်ဝိညာဉ်စွမ်းအား မရှိပဲနှင့် အင်အားကြီးမားသော ခန္ဓာကိုယ် အမြောက်အမြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်ပေ။
သူ၏စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာမှသာ ခန္ဓာကိုယ်ခွဲများ၏ အင်အားကလည်း သဘာဝအတိုင်း မြင့်တက်လာပေလိမ့်မည်။ ထိုသို့ တွေးမိပြီးနောက် လုချန်းလည်း ဧကရာဇ်လောင်း ကိုယ်ပွားများ၏ ကျင့်စဉ်ကို ဆက်လက်၍ အာရုံမစိုက်တော့ပေ။
အခမ်းအနားပြီးနောက် လူအားလုံး၏ အကြည့်များ လုချန်းထံသို့ ရောက်ရှိနေကြသည်။ မော်ယုလန်နှင့် သူမ၏သမီးကို လုချန်း မည်သို့ ကိုင်တွယ်မည်ကို ချင်းယွမ်နိုင်ငံမှ လူအားလုံး သိလိုနေကြသည်။ ချင်းယွမ်နိုင်ငံ၏ ကျောက်စိမ်းတံဆိပ်တုံးကို သိမ်းဆည်းပြီးနောက် လုချန်းက ချီချင်းဟန်ကို ပြုံးပြကာ
“ချင်းဟန်... သမီးကို ထျန်းချန်ကမ္ဘာကို ခေါ်သွားဖို့ အခုပဲ ဦးလေး လူတစ်ယောက် စီစဉ်ပေးမယ်။ ဟုတ်ပြီလား။”
လုချန်းက ချီချင်းဟန်ကို ထိုမျှ ကြင်ကြင်နာနာ ပြောသည်ကို မြင်လျှင် အနီးနားရှိ လူအားလုံး မှင်တက်သွားကြသည်။ ကောင်းကင်ဧကရာဇ်က ချီချင်းဟန်ကို စကားပြောရာတွင် ကိုယ့်ကိုကိုယ် “ဦး” ဟု သုံးနှုန်းခြင်းက သူ ချီချင်းဟန်အပေါ် မည်မျှ ဂရုစိုက်ကြောင်း ဖော်ပြနေသည်။ ကောင်းကင်ဧကရာဇ်က ချင်းယွမ်နိုင်ငံ၏ အကြွင်းအကျန်များကို ဘာကြောင့် ဤမျှ မျက်နှာသာပေးနေရသနည်းဟု လူအများ တွေးတောနေကြ၏။
ထိုအခိုက်အတန့်တွင် လူများ၏ အကြည့်များက မော်ယုလန်ထံသို့ ရုတ်တရက် ကျရောက်သွားသည်။ သူမ၏ ရင့်ကျက်၍ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို မြင်သောအခါ သူတို့ ချက်ချင်းပင် နားလည်သွားကြ၏။ တစ်ဦးတည်းသော သမီးဖြစ်သူအား ကာကွယ်ရန် မော်ယုလန်က မည်သည့်အရာမဆို လုပ်ပေလိမ့်မည်။
ဒါက အံ့သြစရာ မဟုတ်ပေ။
မော်ယုလန်နှင့် လုချန်းတို့၏ ဆက်ဆံရေးကို ခန့်မှန်းပြီးနောက် သစ္စာရှိမှုကို ပြသရန်အတွက် မော်ယုလန်နှင့် သူမ၏သမီးကို သတ်ရန် ကြံစည်နေသူများလည်း သူတို့၏ အကြံအစည်များကို စွန့်လွှတ်လိုက်ကြ တော့သည်။ အကယ်၍ မော်ယုလန်သာ ကောင်းကင်ဧကရာဇ်၏ ကုတင်ပေါ်သို့ ရောက်ရှိနေပြီဆိုလျှင် သူမနှင့် ချီချင်းဟန်ကို ရန်မူခြင်းက မိုက်မဲရာ ရောက်ပေလိမ့်မည်။
သူ၏ ပေါ့ပေါ့ပါးပါး စကားများကြောင့် မော်ယုလန်နှင့် သူ၏ဆက်ဆံရေးအပေါ် လူများက ထိုကဲ့သို့ အထင်မှားသွားကြောင်း လုချန်း သိမထားခဲ့ချေ။ သို့သော် ထိုကဲ့သို့ အထင်လွဲခြင်းက သူ့ကို မည်သည့်ဆိုးကျိုးမှ မပေးနိုင်ပေ။
ထို့နောက် ချီရှီကို လုချန်းက ခေါ်ယူကာ မော်ယုလန်နှင့် သူမ၏သမီးကို ထျန်းချန်ကမ္ဘာသို့ ကိုယ်တိုင် လိုက်လံပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။ အရာအားလုံး ပြီးဆုံးသွားပြီးနောက် လုချန်း၏ ပင်မခန္ဓာလည်း တံခါးပိတ်ကျင့်စဉ် စတင်ဝင်ရောက်လိုက် တော့သည်။
သူ မရသေးသော အတိတ်ဘဝ မှတ်ဉာဏ်များကို သိနိုင်ရန် ဘဝသံသရာကျောက်တုံး၏ ချိပ်ပိတ်မှုကို ဖြိုခွဲရန် သူ စဉ်းစားထားသည်။
………
ကျင့်စဉ်ခန်းမအတွင်း၌။
အပြာရောင်အလင်းများ ထွက်ပေါ်နေသော ဘဝသံသရာကျောက်တုံးသည် လုချန်း၏ရှေ့တွင် လွင့်မျောနေ၏။
ဘဝသံသရာကျောက်တုံးကို ကြည့်ရင်း ထိုအရာကို သူ ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့် အရာကို လုချန်း ပြန်လည်အမှတ်ရလိုက်မိသည်။ ထိုစဉ်က သူသည် ပန်းပင်လယ်တစ်ခုထဲသို့ ရောက်သွားပြီး အရှက်မရှိသော ချစ်သူစုံတွဲကို မြင်တွေ့ခဲ့ရသည်။ ထိုပန်းပင်လယ်ထဲမှ ထွက်ခွာရန် သူ့အတွက် အနည်းဆုံး နှစ်တစ်ရာခန့် ကြာမြင့်ခဲ့သည်။ လက်တွေ့ကမ္ဘာတွင် ထိုနှစ်တစ်ရာသည် ခဏခန့်သာ ဖြစ်သော်လည်း လုချန်း၏ စိတ်အခြေအနေအား သိသိသာသာ ထိခိုက်စေခဲ့သည်။
ထိုအကြောင်းကြောင့်ပင် သံသရာကျောက်တုံး၏ ချိပ်ပိတ်မှုကို ဖြိုခွဲရန် သူ ချီတုံချတုံ ဖြစ်နေခြင်း ဖြစ်သည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် ဘဝသံသရာကျောက်တုံး၏ ချိပ်ပိတ်မှု တစ်လွှာကို ဖယ်ရှားနိုင်စွမ်း သူ ရရှိခဲ့သော်လည်း ယခုအချိန်အထိ သူ မလုပ်ဆောင်ရသေးပေ။
“ဒီတစ်ကြိမ်တော့ ချိပ်ပိတ်မှုကို တစ်ခါတည်း ဖြိုခွဲနိုင်ဖို့ မျှော်လင့်ရတာပဲ။ ချိပ်ပိတ်မှုတစ်ခု ဖြိုခွဲတိုင်း နှစ်တစ်ရာလောက် ပိတ်လှောင်မခံချင်တော့ဘူး”
ဟု သက်ပြင်းကာ သု့ဘာသူ ပြောလိုက်၏။
ထိုသို့ပြောပြီးနောက် လုချန်းသည် ဘဝသံသရာကျောက်တုံးအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအားများ စတင်ထည့်သွင်းလိုက်သည်။ နောက်တစ်ခဏတွင် သံသရာကျောက်တုံး၏ အပြာရောင်အလင်းများ ပျောက်ကွယ်သွားပြီး အစိမ်းရောင်အလင်းများဖြင့် အစားထိုးသွားသည်။
ဘဝသံသရာကျောက်တုံး၏ တည်ဆောက်ပုံကို သူ၏စိတ်အာရုံဖြင့် စူးစမ်းရန် လုချန်း ကြိုးစားလိုက်စဉ်မှာပင် သူ၏ မြင်ကွင်းတစ်ခုလုံး မှောင်အတိ ကျသွားတော့သည်။ သူ မျက်လုံးပြန်ဖွင့်လိုက်လျှင် စစ်မြေပြင်တစ်ခုပေါ်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဒါက..
သူသည် စိတ်ကူးယဉ်နယ်ပယ်တစ်ခုထဲသို့ ရောက်နေခြင်းလား သို့မဟုတ် အခြားကမ္ဘာတစ်ခုသို့ တကယ် ရောက်သွားခြင်းလားဆိုတာကို သိရန် လုချန်း သူ၏စိတ်အာရုံကို ချက်ချင်း လွှတ်ထုတ်လိုက်၏။ စူးစမ်းကြည့်ပြီးနောက် ဤကမ္ဘာ၏ နိယာမများသည် ပြည့်စုံနေပြီး စိတ်ကူးယဉ်နယ်ပယ် မဟုတ်ပဲ စစ်မှန်သော ကမ္ဘာတစ်ခုဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရတော့သည်။
………….
အခန်း( ၁၃၇၀)
အတိတ်ကမ္ဘာ
ဒါက တကယ်ပဲ ကမ္ဘာအစစ်တစ်ခုလား။
လုချန်းလည်း အံ့သြလွန်းသဖြင့် ဆွံ့အကာ မှင်တက်လျက် ရပ်နေမိတော့၏။ သူ ပထမဆုံးအကြိမ် ချိပ်ပိတ်မှုကို ဖြိုခွဲစဉ်က တွေ့ကြုံခဲ့ရသော ပန်းပင်လယ် သည်လည်း စစ်မှန်သော ကမ္ဘာတစ်ခု ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းလားဟု တွေးတောမိသည်။
လုချန်း အတွေးနက်နေစဉ်မှာပင် အမျိုးသမီးတစ်ဦးသည် သူ၏ ဘေးမှ ရုတ်တရက် ခုန်ထွက်သွားသည်။ ထိုအမျိုးသမီးသည် အနီရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင့်မြင့် စည်းနှောင်ထား၏။ သူမ၏ လက်ထဲ၌ လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ မလှမ်းမကမ်းရှိ ကြီးမားသော ဦးခေါင်းခွံကြီးဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ထိုအခိုက်အတန့်၌ ကောင်းကင်တွင် လွင့်မျောနေသော မရေမတွက်နိုင်သည့် မိစ္ဆာများသည် ထိုအမျိုးသမီးထံသို့ အရှိန်အဟုန်နှင့် ပြေးဝင်လာကြသည်။ ၎င်းကို မြင်လျှင် လုချန်းလည်း ကူညီရန် လှုပ်ရှားလိုက်၏။
သို့သော် သူ လှုပ်ရှားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အား မိစ္ဆာတစ်ကောင်ကို ဖြတ်သန်းသွားသည်ကို သတိပြုမိလိုက်သည်။ သူသည် ဤကမ္ဘာရှိ မည်သည့်အရာ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိတွေ့ကိုင်တွယ်၍ မရနိုင်ပေ။
ထိုအရာက ဤကမ္ဘာ၏ နိယာမများကြောင့် ဖြစ်နိုင်သလားဟု လုချန်း စဉ်းစားမိလိုက်သည်။ အပြင်လူတစ်ဦး အနေနှင့် သူသည် ဤနေရာမှ လူများနှင့် ဖြစ်ရပ်များကို စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး ဝင်ရောက် စွက်ဖက်၍ မရနိုင်ခြင်းလားဟု တွေးမိလိုက်သည်။
လုချန်း အတွေးများနေစဉ်မှာပင် အနက်ရောင်နှင့် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး မြို့ရိုးပေါ်တွင် ပေါ်လာ၏။ ထိုအမျိုးသား ပေါ်လာသည်နှင့် မြို့ရိုးပေါ်ရှိ စစ်သည်များ ကျယ်လောင်စွာ ကြွေးကြော်ကြ၏။
“စစ်သူကြီးပဲဟေ့။ စစ်သူကြီး ရောက်လာပြီ”
“ကောင်းလိုက်တာ။
စစ်သူကြီး နောက်ဆုံးတော့ ရောက်လာပြီ”
“တိုက်ပွဲ အောင်ရမယ်”
ဒါက......
လုချန်းသည် သူ၏ဘေးတွင်ရှိသော အနက်ရောင်နှင့် ရွှေရောင်ချပ်ဝတ် ဝတ်ထားသည့် အမျိုးသားကို လှည့်ကြည့်လိုက်ရာ ထိုသူသည် သူနှင့် တစ်ပုံစံတည်း တူနေသည်ကို တွေ့လိုက်ရသည်။ ထို့ပြင် ထိုအမျိုးသား၏ အင်အားကို သူ ခန့်မှန်း၍ပင် မရနိုင်ပေ။ ထိုသူ ဤမျှအထိ အစွမ်းထက်နေသလားဟု တွေးမိလိုက်ပြန်သည်။
သူကိုယ်တိုင်က ဧကရာဇ်အဆင့်သုံးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုသူ၏ ကျင့်စဉ်အဆင့်ကို မမြင်နိုင်ပေ။ ထိုသို့ဆိုလျှင် ဤအမျိုးသား မည်မျှအထိ အစွမ်းထက်နေမည်နည်းဟု အံ့ဩမိ၏။
သို့သော် သူက ထိုသူ၏ ကျင့်စဉ်ကို မခံစားနိုင်လျှင်ပင် ထိုသူက သူ၏ ကျင့်စဉ်ကို ခံစားနိုင်ပေလိမ့်မည်။ လုချန်း ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအမျိုးသားက သူဘက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ သူတို့၏ အကြည့်များ ဆုံသွားကြသည်။
လုချန်းကို အနည်းငယ် ပြုံးပြပြီးနောက် ထိုအမျိုးသားသည် ဓားတစ်လက်ကို ကိုင်ဆောင်ကာ ကောင်းကင်သို့ ဖြည်းညင်းစွာ ပျံတက်သွားသည်။ ထို့နောက် ထိုသူက ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ တစ်ကမ္ဘာလုံး တုန့်ခနဲ အေးခဲသွားသလို ခံစားလိုက်ရသည်။ တစ်ဆက်တည်း ဆိုသလိုပင် အဝေးတွင် ဓားအလင်းတန်း ရှစ်ခုသည် ဖျတ်ခနဲ ပေါ်ထွက်လာ၏။
လုချန်း၏ မျက်လုံး သူငယ်အိမ်များ ကျုံ့သွားပြီး ဦးနှောက်ထဲ ခဏခန့် ဗလာဖြစ်သွားရ၏။
ဒါက ရေခဲရှစ်ဆင့်ဓားကွက် မဟုတ်လား။
တစ်ဖက်လူကလည်း ရေခဲရှစ်ဆင့်ဓားကွက်ကို တတ်မြောက်ထားတာလား။
သူနှင့် တစ်ပုံစံတည်း တူရုံတင်မကပဲ သူ၏ ဓားပညာကိုပါ တတ်မြောက်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် လုချန်း၏ ဦးရေပြားများပင် စိမ့်တက်သွား၏။
အဓိကအချက်မှာ ဤအရာသည် တကယ့် ကမ္ဘာအစစ်တစ်ခု ဖြစ်နေခြင်းပင် ဖြစ်သည်။
ဘတသံသရာကျောက်တုံး၏ ရည်ရွယ်ချက်က သူ၏ မှတ်ဉာဏ်များကို ချိပ်ပိတ်ထားရန် မဟုတ်ပါလား။
ချိပ်ပိတ်မှုကို ဖြိုခွဲလိုက်တိုင်း သူ့ကို ဘာကြောင့် အခြားကမ္ဘာတစ်ခုဆီသို့ ခေါ်ဆောင်သွားရသနည်းဟု လုချန်း စဉ်းစားမရ ဖြစ်သွားသည်။
ထိုအမျိုးသားက ဓားဖြင့် ခုတ်ပိုင်းလိုက်ပြီးနောက် အဝေးမှ မိစ္ဆာများလည်း ချက်ချင်း အေးခဲသွား၏။ ဓားအလင်းတန်း ရှစ်ခု ဖြတ်သန်းသွားသည်နှင့် မိစ္ဆာအားလုံး ပေါက်ကွဲထွက်သွားပြီး နှင်းပွင့်များအဖြစ် ပြောင်းလဲသွားကာ နေရောင်အောက်တွင် အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မိစ္ဆာများကို တစ်ချက်တည်းနှင့် ဖြေရှင်းလိုက်သည်ကို မြင်သောအခါ အနီရောင်ဝတ် အမျိုးသမီးက သူမ၏ လှံကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ထိုအမျိုးသား၏ ဘေးမှ အေးစက်စွာ ဖြတ်ကျော်ကာ ထွက်ခွာသွားသည်။ စစ်သည်များကလည်း စစ်မြေပြင်ကို စတင် ရှင်းလင်းရန် ပြင်လိုက်ကြသည်။
လုချန်းကတော့ သူတို့ကို ဂရုမစိုက်ပေ။ သူသည် သူနှင့် တစ်ပုံစံတည်း တူသော ထိုအမျိုးသားနောက်သို့ လိုက်ကာ စစ်သူကြီးအိမ်တော်သို့ ရောက်သွားခဲ့သည်။
အိမ်တော်သို့ ပြန်ရောက်သောအခါ ထိုအမျိုးသားက အစေခံများကို အရက်နှင့် အစားအစာများ ပြင်ဆင်ခိုင်းပြီး တစ်ဦးတည်း သောက်စားနေ၏။ အချိန်မည်မျှ ကြာသွားသည်ကို မသိ အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ထိုအမျိုးသား၏ အခန်းအတွင်းသို့ ဝင်လာသည်။ ထိုအခါ လုချန်း သူမကို ချက်ချင်း မှတ်မိလိုက်သည်။
သူမသည် စောစောက မြို့ပြင်၌ လှံဖြင့် မိစ္ဆာများကို တိုက်ခိုက်ခဲ့သော အမျိုးသမီးပင် ဖြစ်သည်။ အဖြူရောင် ဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်ထားသော်လည်း သူမ၏ အသွင်အပြင်က အမြဲတမ်း အေးစက်နေဆဲ ဖြစ်သည်။ သူမသည် ချပ်ဝတ်တန်ဆာ ဝတ်ထားသော ထိုအမျိုးသားထံသို့ သွားကာ သူ၏ ပေါင်ပေါ်တွင် တိုက်ရိုက် ထိုင်လိုက်၏။
ဤမြင်ကွင်းကို စောင့်ကြည့်နေရင်း ဤအခြေအနေကို အလွန် ရင်းနှီးနေသလို လုချန်း ခံစားလိုက်ရ၏။ သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသလို ဖြစ်နေသည်။ ထိုအမျိုးသမီးသည် ပိုင်ချင်းချင်းနှင့် အနည်းငယ် ဆင်တူသည်ဟုလည်း သူ တွေးမိသည်။ ပိုင်ချင်းချင်းသည် သူ့နောက်သို့ အမြဲ လိုက်ပါလေ့ရှိပြီး လိုအပ်လျှင် သူ၏ ဆန္ဒများကိုပင် ဖြည့်ဆည်းပေးလေ့ ရှိသည်။
သို့သော် ပိုင်ချင်းချင်းသည် လှံကို အသုံးမပြုပေ။ လှံအသုံးပြုသူနှင့် ဆက်စပ်ကြည့်လျှင် ဤအမျိုးသမီးသည် လှံကို အဓိက အသုံးပြုသော ရွှမ်ယွမ်ယွမ်ချီနှင့် ပိုတူသည်။ ထိုအခိုက်အတန့်တွင် ထိုအမျိုးသားသည် အရက်သောက်နေရင်း သူ၏ လက်များက လှုပ်ရှားလာသည်။ သူ၏ လက်တစ်ဖက်က အမျိုးသမီး၏ ဝတ်စုံရှည်ကို ထိတွေ့ကာလှည့်လည်နေသည်။
ဒါက...
လုချန်း မတွေးပဲ မနေနိုင်တော့ပေ။ ဤအမျိုးသားသည် သူနှင့် ရုပ်ချင်းတူရုံတင်မကပဲ အပြုအမူများကလည်း ဆင်တူနေပေသည်။ အကယ်၍ ဤနေရာသည် နိယာမများ ပြည့်စုံသော စစ်မှန်သည့် ကမ္ဘာတစ်ခုဟု သူ မခံစားရပါက ၎င်းသည် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်တစ်ခုဟု သူ ယူဆမိလိမ့်မည်။
လုချန်း၏ အတွေးများ ခဏခန့် ရပ်တန့်သွား၏။ ဘဝသံသရာကျောက်တုံးက သူ့ကို ဤနေရာသို့ ခေါ်လာရခြင်းက သူနှင့် ရုပ်ချင်းတူသော ဤအမျိုးသား၏ ကာမဂုဏ် ခံစားနေမှုကို စောင့်ကြည့်ရန်သက်သက်လား။
ထိုသို့တော့ မဖြစ်နိုင်ပေ။
သံသရာကျောက်တုံးသည် သူ၏ မှတ်ဉာဏ်များကို ချိပ်ပိတ်ထား၏။
သူ့ကို ဤနေရာသို့ ခေါ်လာခြင်းက သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိရပေမည်။ သို့သော် ယခု ကြည့်ရသည်မှာ သူနှင့် ရုပ်ချင်းတူနေသည်မှလွဲ၍ ဤကမ္ဘာရှိ ဖြစ်ရပ်များသည် သူ၏ အတိတ်ဘဝ မှတ်ဉာဏ်များနှင့် မည်သို့မှ မသက်ဆိုင်သလို ဖြစ်နေ၏။
လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထိုအမျိုးသားသည် သူ၏ ချပ်ဝတ်တန်ဆာကို ချွတ်လိုက်ပြီး အနီရောင်ဝတ် အမျိုးသမီးနှင့်အတူ ကုတင်ပေါ်သို့ ရောက်ရှိသွားသည်။ သူ၏ ပထမဆုံး မှတ်ဉာဏ် ပြန်လည်ရရှိစဉ်က ပန်းပင်လယ်ထဲ၌ ထိုစုံတွဲ၏ ကာမစပ်ယှက်မှုကို နှစ်တစ်ရာကြာ စောင့်ကြည့်ခဲ့ရသည်ကို ပြန်လည် တွေးမိကာ လုချန်း ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။
ဤစုံတွဲသည်လည်း ပန်းပင်လယ်ထဲမှ စုံတွဲနှင့် အတူတူပင် ဖြစ်နိုင်သလားဟု တွေးမိလိုက်သည်။ လုချန်း အလျင်အမြန် ဝင်ပြောလိုက်၏။
“နေဦး”
“ခင်ဗျား တို့ကို မေးစရာ ရှိတယ်”
စောစောက မြို့ရိုးပေါ်တွင် ရှိနေစဉ် ထိုအမျိုးသားသည် သူဘက်သို့ လှည့်ကြည့်ခဲ့သဖြင့် သူ့ကို မြင်နိုင်ရမည်ဟု လုချန်း ယူဆသည်။ ထိုသို့ဆိုလျှင် ဤလုပ်ရပ်ကို လုပ်ဆောင်နေခြင်းမှ သူ့ကို တားဆီးနိုင်ရမည်။ သို့သော် ထိုအမျိုးသားသည် လုချန်း၏ စကားကို လုံးဝ လျစ်လျူရှုပြီး အမျိုးသမီးနှင့် ဆက်လက် ရင်းနှီးနေခဲ့သည်။
မကြာမီ အခန်းအတွင်း၌ သူတို့၏ ပြင်းရှသော အသက်ရှူသံများဖြင့် ပြည့်နှက်သွား တော့သည်။ ထို့အတူ လုချန်း၏ မျက်နှာလည်း မည်းမှောင်သွားတော့သည်။ ထိုအမျိုးသားက သူ၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သာမန်အားဖြင့် အမျိုးသားများသည် ထိုကဲ့သို့ ကိစ္စများ လုပ်ဆောင်နေစဉ် အခြားအမျိုးသားတစ်ဦးက စောင့်ကြည့်နေသည်ကို မလိုလားကြပေ။
အကြောင်းမှာ သူတို့၏ အမျိုးသမီးအပေါ် ပိုင်စိုးလိုစိတ် ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ဤလူသည် လုချန်း၏ ရှေ့မှောက်တွင်ပင် ဘာမှ ဂရုမစိုက်ပဲ ဆက်လက်လုပ်ဆောင်နေသည်။
“ခင်ဗျား ကျုပ်ကို မြင်နိုင်တယ် မဟုတ်လား။ ခင်ဗျား တို့က ဘယ်သူတွေလဲ”
သို့သော်လည်း ထိုစုံတွဲသည် လုချန်းကို လျစ်လျူရှုနေပြီး သူတို့၏ အလုပ်ကိုသာ ဆက်လုပ်နေကြ၏။ မကြာမီ ထိုအေးစက်သော အမျိုးသမီး၏ မျက်နှာ နီမြန်းလာပြီး မျက်လုံးများလည်း ဝေဝါးလာသည်။
“ချစ်သူ... နောက်ဘဝမှာလည်း... ရှင့်ရဲ့မိန်းမပဲ ဖြစ်ပါရစေ”
ထိုအမျိုးသမီးကို လုချန်း ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူမက သူ့ကို ပြောနေခြင်းလားဟု တွေးမိ သွားသောကြောင့်ဖြစ်သည်။ သူမ၏ မျက်လုံးများသည် ဝေဝါးနေသော်လည်း သူမ၏ အကြည့်က သူ့ထံသို့ တည့်တည့် ကျရောက်နေသည်ကို လုချန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဤနှစ်ယောက်သည် သူ့ကို တကယ်ပင် မမြင်ကြခြင်းလား သို့မဟုတ် သူ မရှိသလို ဟန်ဆောင်နေကြခြင်းလား။
လုချန်း ရှုပ်ထွေးသွား၏။ ဘဝသံသရာကျောက်တုံး၏ ချိပ်ပိတ်ဖွင့်တိုင်း ဘာတွေ ဖြစ်နေရသနည်းဟု စဉ်းစား၍မရနိုင်လည်း ဖြစ်နေသည်။
သူ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အမျိုးသမီးက ထပ်ပြောလိုက်သည်။
“ချစ်သူ..... သူ ထွက်သွားပြီလား”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါ လုချန်း မှင်တက်သွားရပြန်၏။ ဤအမျိုးသမီးသည် သူ့ကို တကယ် မမြင်နိုင်သော်လည်း သူ လာမည်ကို သိနေခဲ့တာလား။
လုချန်းနှင့် တူသော ထိုအမျိုးသားက
“မသွားသေးဘူး ထင်တယ်”
ထိုစဉ် အမျိုးသမီးက လုချန်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူမ၏ လက်များကို အမျိုးသား၏ ပုခုံးပေါ်တွင် တင်ကာ
“အနာဂတ်ချစ်သူ... ရှင် အခု ကျွန်မကို ရှာတွေ့ပြီလား”
လုချန်း၏ ဦးနှောက်ထဲ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။
အနာဂတ်လို့ ပြောနေပါလား။
ဒါက လက်ရှိ ဖြစ်ပျက်နေတာ မဟုတ်ဘူးလား။
……………
အခန်း (၁၃၇၁ )
ယခင်ဘဝမှ မှတ်ဉာဏ်များ
ဖြစ်ပျက်နေသည့် အခြေအနေကို လုချန်းတစ်ယောက် နားမလည်နိုင်သေးပေ။ ဘဝသံသရာ ကျောက်တုံးက သူ့ကို ဤကမ္ဘာထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ထို့နောက် ဤနေရာသည် စိတ်ကူးယဉ် နယ်ပယ်လား သို့မဟုတ် လက်တွေ့လားဆိုတာကို သူ ချက်ချင်း ထပ်စစ်ဆေးလိုက်သည်။ စမ်းသပ်ကြည့်လိုက်လျှင် ထိုကမ္ဘာတွင် ပြည့်စုံသော နိယာမများ ရှိနေကြောင်း သူက တွေ့နေရသည်။ ၎င်းသည် တကယ့် ကမ္ဘာဖြစ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
ထိုသို့ဖြစ်ပါက ထိုမိန်းမက “အနာဂတ် ချစ်သူ” ဆိုသည့် စကားလုံးများကို အဘယ်ကြောင့် အသုံးပြုခဲ့သနည်း။ အနာဂတ်ချစ်သူဟု ရည်ညွှန်းပြောဆိုသူက သူ့ကို ဆိုလိုခြင်းဖြစ်သည်ဟု လုချန်း ယုံကြည်သည်။
ဤအရာမျိုးက လက်တွေ့ကမ္ဘာတွင် ရှိနိုင်လို့လား။
ဘဝသံသရာ ကျောက်တုံးက သူ့အာရုံကို လှည့်စားလိုက်သဖြင့် ဤအရာကို လက်တွေ့ဘဝဟု သူက ထင်မှတ်သွားခြင်းလား။
လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ထိုမိန်းမက သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ထို့နောက် သူမက နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းကို မော့လိုက်ပြီး စိတ်အခြေအနေ ပြန်တည်ငြိမ်သွားလျှင်
“ဟူး... အခုချိန်မှာ ရှင် ကျွန်မကို ရှာတွေ့နေပြီလို့ ယုံကြည်တယ်။ ကျွန်မက ရွှမ်ယွမ်ယွမ်ချီပါ။ ဒါပေမဲ့ ကျွန်မရဲ့ အနာဂတ်နာမည်က ဘာဖြစ်မလဲဆိုတာတော့ မသိဘူး”
လုချန်းက ဆွံ့အသွားပြန်သည်။
ရွှမ်ယွမ်ယွမ်ချီလား......
သူမကို မြင်ဖူးသလိုရှိပြီး ရွှမ်ယွမ်ယွမ်ချီနှင့် အနည်းငယ် ဆင်တူသည်ဟု သူက ထင်ခဲ့သော်လည်း သူမ အစစ်အမှန် ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင်
“အကယ်၍ ကျွန်တော့်ရဲ့ အနာဂတ်ကိုယ်က ဒီချိပ်ပိတ်မှုအလွှာကို ဖွင့်နိုင်ခဲ့မယ်ဆိုရင် ခင်ဗျားက ဧကရာဇ်လောင်းအဆင့်ကို ရောက်ရှိနေလောက်ပါပြီ”
ဟု ထိုလူကလည်း ဝင်ပြောလိုက်သည်။
“ဆက်ပြီး ကြိုးစားပါ။ ကျွန်တော်ရှိနေတဲ့ ကမ္ဘာရဲ့ စကြဝဠာကပ်ဘေးကြီးက နီးကပ်လာနေပြီဖြစ်လို့ ပြန်လည်ဝင်စားခြင်းအသစ်က စတင်တော့မှာပါ။”
“ဒီတစ်သက်မှာ ကျွန်တော် ယွမ်ချီကိုပဲ ရှာတွေ့ခဲ့တာက နှမြောဖို့ကောင်းပါတယ်။ ကျွန်တော် ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ခင်ဗျား ပြန်ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုလူ စကားပြောပြီးလျှင် အခန်းထဲတွင် လွင့်မျောနေသည့် ကျောက်တုံးတစ်တုံး ရုတ်တရက် ပေါ်လာသည်ကို လုချန်းက သတိပြုမိလိုက်သည်။ ထိုကျောက်တုံးသည် ဘဝသံသရာ ကျောက်တုံးနှင့် အလွန်တူ၏။ အထူးသဖြင့် ရွှေရောင်အင်းကွက်များသည် ဘဝသံသရာ ကျောက်တုံးပေါ်ရှိ အရာများနှင့် တစ်ထပ်တည်း တူညီနေသည်။ သို့သော် ဤကျောက်တုံးသည် ဘဝသံသရာ ကျောက်တုံးနှင့် အရွယ်အစား အနည်းငယ် ကွာခြားနေ၏။ ထိုကျောက်တုံးက အနည်းငယ် ပိုကြီးနေသည်။
ထိုစဉ် ရုတ်တရက် လုချန်း၏ မြင်ကွင်း မှောင်မိုက်သွားသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏ ကျင့်စဉ်ခန်းထဲသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဒါက...
နှစ်သန်းပေါင်းများစွာ ပိတ်မိနေနိုင်ခြေကို လုချန်း ပြင်ဆင်ထားသော်လည်း တစ်ရက်မပြည့်မီမှာပင် ချိပ်ပိတ်မှုကို ဖွင့်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤမျှ မြန်မြန် ပြန်ရောက်လာသည့်အတွက် လုချန်း ဝမ်းသာနေစဉ်မှာပင် မှတ်ဉာဏ်လှိုင်းလုံးကြီးတစ်ခု သူ၏ စိတ်ထဲသို့ တိုးဝင်လာတော့သည်။
မှတ်ဉာဏ်ပုံရိပ်များထဲ မရေမတွက်နိုင်သော နတ်ဆိုးများကို သူ တိုက်ခိုက်နေသည်ကို မြင်တွေ့ခဲ့ရပြီး နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ် ဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် စကြဝဠာကြီး ပျက်စီးနေသည်ကို မြင်တွေ့ရပြီး ကျောက်တုံးတစ်တုံးနှင့်အတူ အမှောင်ထုထဲတွင် သူက ပုန်းအောင်းနေခဲ့သည်။
ဘေးအန္တရာယ်များ ပြီးဆုံးသွားသောအခါ အသစ်ဖွဲ့စည်းထားသော စကြဝဠာသို့ သူ ရောက်ရှိသွားခဲ့သည်။ ထိုစကြဝဠာအသစ်တွင် စိတ်ဝိညာဉ်စွမ်းအားများသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် သိပ်သည်းနေပြီး အမျိုးမျိုးသော လမ်းစဉ်များ၏ ကျက်သရေများ ပျံ့နှံ့နေသည့် ကြယ်စုများစွာ ဖြစ်ပေါ်နေသော်လည်း ကမ္ဘာများကမူ ပုံသဏ္ဍန် ပေါ်နေဆဲ ကာလ၌သာ ရှိသေးသည်။ ထိုအတိတ်ဘဝ လုချန်းသည် သူ၏ အင်အားကို အသုံးပြု၍ ကြယ်စုများကို ကမ္ဘာသစ်တစ်ခုအဖြစ် စုစည်းရန် ကူညီပေးခဲ့ရာ သူ၏ အင်အားများ ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့သည်။
နောက်ပိုင်းတွင် သူက သူ၏ အင်အားကို ချိပ်ပိတ်ကာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သည်။ ထို့နောက် သူ၏ နောက်ဆုံးအချိန်သို့ ရောက်လာချိန်၌ စကြဝဠာကို လေ့လာရန် သူက ဆုံးဖြတ်လိုက်သည်။
ခရီးလှည့်လည်နေစဉ်အတွင်း ကောင်းကင်မီးမျိုးနွယ်စုကို သူ ကယ်တင်ခဲ့သည်။ နောက်ပိုင်းတွင် ဤစကြဝဠာသည် အခြားစကြဝဠာ တစ်ခုနှင့် တိုက်မိပြီး လောကသစ် တစ်ခု ဖြစ်ပေါ်လာကြောင်း သူက သိခဲ့ရသည်။ ထို့နောက် ပြင်ပနယ်မြေသို့ သူ သွားရောက်စွန့်စားခဲ့ပြီး နောက်ဆုံးတွင် ထိုနေရာ၌ပင် နောင်တများစွာနှင့် သေဆုံးသွားခဲ့ရသည်။
ဤမှတ်ဉာဏ်ကို ပြန်ရပြီးနောက် လုချန်း အံ့အားသင့်သွားသည်။ ဤခောတ်တွင် သူ့၌ ဘဝနှစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဖြစ် သေဆုံးပြီးနောက် ရှန်ဝူဧကရာဇ်၏ ကိုးယောက်မြောက်သားအဖြစ် သူ ပြန်လည်ဝင်စားခဲ့ခြင်း ဖြစ်သည်။ အမှန်တော့ သူသည် လွန်ခဲ့သော နှစ်ပေါင်းသိန်းသောင်းချီ ကတည်းကပင် ကောင်းကင်ဧကရာဇ်အဖြစ် သေဆုံးခဲ့ခြင်း ဖြစ်သည်။
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ ပတ်ဝန်းကျင်ရှိ ကြယ်နယ်မြေများသည် တကယ်တော့ ကောင်းကင်ဧကရာဇ်၏ ပင်မခန္ဓာအတွင်းရှိ ကမ္ဘာငယ်လေး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်ကမှ ထွက်ခွာသွားသည်ဟု ကောင်းကင်မီးမျိုးနွယ်စုက ယုံကြည်နေခြင်း ဖြစ်သည်။ ကောင်းကင်ဧကရာဇ်သည် သူ ထွက်ခွာသွားချိန်၌ သူ၏ ကိုယ်တွင်းကမ္ဘာငယ်ကို ပြင်ပစကြဝဠာနှင့် ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။
အစပိုင်းတွင် ဤကြယ်နယ်မြေ၏ အချိန်စီးဆင်းမှုနှုန်းသည် ပင်မ စကြဝဠာနှင့် ကွာခြား၏။ ပြင်ပတွင် နှစ်သိန်းပေါင်းများစွာ ကုန်လွန်သွားသော်လည်း ဤနေရာ၌ နှစ်ပေါင်းတစ်သောင်းသာ ကုန်လွန်သေးသည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကမှ ထွက်ခွာသွားသည်ဟု ကောင်းကင်မီးမျိုးနွယ်စုက ထင်မှတ်နေခြင်း ဖြစ်သည်။
ပြင်ပတွင် နှစ်သောင်းပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်နေချိန်တွင် ဤနေရာ၌ နှစ်ပေါင်းတစ်သောင်းသာ ကုန်လွန်ခဲ့ခြင်းဖြစ်သည်။ ထိုအရာက ကောင်းကင်မီးမျိုးနွယ်စုအတွက် မကောင်းသော်လည်း လုချန်းလည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
သူ၏ သက်တမ်းမှာ ကုန်ဆုံးတော့မည် ဖြစ်ပြီး သူ၏ ကိုယ်တွင်းကမ္ဘာငယ်ရှိ အချိန်နိယာမများကတော့ ရှေးခေတ်ကာလ၏ အရှိန်အတိုင်းသာ ရှိနေခြင်းဖြစ်သည်။ ပြင်ပစကြဝဠာနှင့် အပြည့်အဝ ပေါင်းစပ်ရန် အချိန်လိုအပ်သည်။
လုချန်းက သူ၏ ရှေ့ရှိ ဘဝသံသရာ ကျောက်တုံးကို ကြည့်ကာ
“ဒါဆို ထျန်းချန်ကမ္ဘာက ငါ့ကိုယ်တွင်းကမ္ဘာရဲ့ အကြွင်းအကျန်ပေါ့။ ဒါကြောင့် ငါအင်အားတိုးလာတာနဲ့အမျှ ထျန်းချန်က ပိုကြီးလာတာပဲ”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ၏ အရင်ဘဝများကို တွေးတောရင်း လုချန်း သက်ပြင်းမချပဲ မနေနိုင်ပေ။ ယခင်ဘဝများတွင် သူသည် ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ဘဝသံသရာ ကျောက်တုံး၏ ချိပ်ပိတ်မှုအားလုံးကို သူက မဖြေဖျောက်နိုင်ခဲ့ပေ။
ဘဝသံသရာကျောက်တုံးသည် သူ၏ ယခင်ဘဝများမှ ကျန်ရစ်ခဲ့သောအရာ မဟုတ်ပဲ ဘဝတိုင်းတွင် သူ မွေးဖွားလာကတည်းက စိတ်ထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခင်ဘဝများတွင်လည်း ယခင့် ယခင် ဘဝများကို သိရန် ချိပ်ပိတ်မှုများ၏ အစိတ်အပိုင်းအချို့ကိုသာ သူက ဖြည်နိုင်ခဲ့သည်။
ဘဝသံသရာ ကျောက်တုံးသည် ဘဝတစ်ခုချင်းစီ၏ မှတ်ဉာဏ်များကို အတွင်း၌ ချိပ်ပိတ်ထားခြင်း ဖြစ်သည်။ ရုရှားပစ်တိုင်းထောင် အရုပ်များ အလုပ်လုပ်သကဲ့သို့ ဖြစ်သည်။ ဘဝတိုင်းတွင် ချိပ်ပိတ်မှုများကို ဖြေဖျောက်ရန် သူက ကြိုးစားခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ပေ။
အတိတ်ဘဝမှတ်ဉာဏ်များ ပြန်ရပြီးနောက် ရှန်ဝူဧကရာဇ်၏ သားဖြစ်ခဲ့သည့် မှတ်ဉာဏ်အချို့ကိုလည်း လုချန်းက ပြန်လည်ရရှိခဲ့သည်။
ယခင်ဘဝများကဲ့သို့ပင် သူသည် ဘဝသံသရာ ကျောက်တုံးနှင့်အတူ မွေးဖွားလာခဲ့သည်။ သို့သော် တစ်ရက်တွင် ရှန်ဝူဧကရာဇ်ကို သူက မတော်တဆ ပြသခဲ့ရာ ဧကရာဇ်က ထိုကျောက်တုံး၏ ထူးခြားမှုကို ချက်ချင်း သတိပြုမိသွားခဲ့သည်။ ၎င်း၏ ထူးခြားသော သဘာဝကို ရှန်ဝူဧကရာဇ်က သိသွားပြီး သူ့အားပေးရန် တောင်းဆိုခဲ့သော်လည်း လုချန်းက ငြင်းဆန်ခဲ့သဖြင့် ရှန်ဝူဧကရာဇ်က အတင်းအဓမ္မ လုယူခဲ့သည်။
ထိုအချိန်တွင် လုချန်းသည် ကျင့်စဉ်အဆင့် နိမ့်ပါး နေသေးသဖြင့် ရှန်ဝူဧကရာဇ်ကို မယှဉ်နိုင်ခဲ့ပဲ ဘဝသံသရာ ကျောက်တုံးကို လက်လွှတ်ခဲ့ရသည်။ သို့သော် ရှန်ဝူဧကရာဇ် မည်မျှပင် ကြိုးစားစေကာမူ ဘဝသံသရာ ကျောက်တုံး၏ ချိပ်ပိတ်မှုများကို သူ မဖွင့်နိုင်ခဲ့ပေ။ ဒေါသထွက်သွားသော ဧကရာဇ်သည် ၎င်းကို ဖျက်ဆီးရန် ကြိုးစားခဲ့သော်လည်း သူ၏ ရှိသမျှ အင်အားနှင့် အစွမ်းကုန် ကြိုးစားပြီးနောက်တွင် နှစ်ခြမ်းသာ ခွဲနိုင်ခဲ့သည်။
ရှန်ဝူဧကရာဇ်ကိုယ်တိုင် အံ့အားသင့်သွားရသည့် အချက်မှာ ကျောက်တုံးကို ခွဲလိုက်ပြီးနောက် တစ်ခြမ်းသည် ပျောက်ကွယ်သွားပြီး အခြားတစ်ခြမ်း၌ အရာအားလုံးကို ပြောင်းလဲနိုင်စွမ်းနှင့် လူတစ်ဦး၏ ကံကြမ္မာကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သည့် အစွမ်းများ ရှိနေကြောင်း တွေ့လိုက်ရ ဖြစ်သည်။ ထိုအပိုင်းကို ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးဟု ရှန်ဝူဧကရာဇ်က နာမည်ပေးခဲ့သည်။
ဤမှတ်ဉာဏ်ကို ပြန်လည်ရရှိလာသောအခါ လုချန်း အနည်းငယ် ဒေါသထွက်မိသည်။ ထိုအဖိုးကြီးက သူ၏ မိန်းမကိုသာမက သူ၏ ကျောက်တုံးကိုပါ လုယူခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုအချိန်တွင် သူ့၌ စနစ်ရှိခဲ့လျှင်ဘဝသံသရာ ကျောက်တုံး တစ်ခြမ်းကို သူက ဆုံးရှုံးရလိမ့်မည် မဟုတ်ပေ။ ထိုအခါ သူ၏ အတိတ်ဘဝမှတ်ဉာဏ်များကို ပြန်ရရန် ပိုနီးစပ်သွားလိမ့်မည်။
စနစ်အကြောင်း စဉ်းစားမိရင်း လုချန်း ဇဝေဇဝါ ဖြစ်သွားရပြန်သည်။ ကောင်းကင်ဧကရာဇ်ဘဝအပါအဝင် ယခင်ဘဝများ၏ မှတ်ဉာဏ်များအရ မည်သည့်ဘဝတွင်မှ သူ့၌ စနစ်မရှိခဲ့ပေ။ သို့ဆိုလျှင် စနစ်က မည်သည့်နေရာမှ ရောက်လာသနည်း။ ထိုအချက်က အလွန်ထူးဆန်းသည်။ ဘဝနှစ်ခုလုံးတွင် စနစ်မရှိခဲ့ပဲ ဤဘဝတွင်မှ စနစ်က ရုတ်တရက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဤစနစ်က ပို၍စောသော ဘဝများနှင့် ဆက်စပ်နေနိုင်လား။
စနစ်၏ မူလအစကို သိရန် ဘဝသံသရာ ကျောက်တုံး၏ ချိပ်ပိတ်မှုများကို သူ ဆက်လက်ဖွင့်ထုတ်ရမည်။ ယခု ကံမကောင်းသည့် အချက်က ချိတ်ပတ် ပွင့်သွားသော အပိုင်းတွင် ထိုဘဝများထက် ပို၍ရှေးကျသော ဘဝများ၏ မှတ်ဉာဏ်များ ရှိမနေခြင်းပင်။
လုချန်း အလွန်စိတ်ရှုပ်ထွေးသွား၏။
ယခု သူ အလွန် စိတ်ပင်ပန်းနေသလို ခံစားလိုက်ရသည်။ ဘဝသံသရာ ကျောက်တုံးကို သူက နားမလည်နိုင်ပေ။ အဘယ်ကြောင့် ချိပ်ပိတ်မှုများ ပွင့်သွားသော်လည်း ဆက်စပ်မှတ်ဉာဏ်များ မပေါ်လာရသနည်း။
အဘယ်ကြောင့် ဘဝတိုင်းတွင် အရာအားလုံးကို ပြန်လုပ်နေရပြီး ထိုဘဝ မတိုင်ခင် ယခင်ဘဝမှ မှတ်ဉာဏ်များကိုသာ ပြန်ရနေရသနည်း။ ပို၍နက်ရှိုင်းစွာ ချိပ်ပိတ်ထားသော မှတ်ဉာဏ်များကိုတော့ ဘဝတိုင်းတွင် လက်လှမ်းမမီနိုင်သလို ဖြစ်နေသည်။
နေပါဦး......
မျှော်လင့်ချက်အချို့ ရှိနေသေးလောက်၏။
လုချန်း သူ၏ ယခင်ဘဝကို ပြန်လည်တွေးတောလိုက်ဟ။ ယခင် စကြဝဠာခေတ်ကာလတုန်းက စနစ်၏ အကူအညီမပါပဲ ဧကရာဇ်အဆင့်သို့ ရောက်ရှိရန် နှစ်တစ်သောင်းခန့် ကြာမြင့်ခဲ့သည်။ သို့သော် ယခုဘဝတွင်တော့ စနစ်၏ အကူအညီဖြင့် နှစ်ငါးရာမပြည့်မီမှာပင် သူ ထိုအဆင့်ကို ရရှိခဲ့သည်။