← Chapters

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း (၁၃၇၈-၁၃၈၀)

Vol. 92 Ch. 1378-1380

အခန်း (၁၃၇၈ )

ကောလာဟလ

ရှန်ဝူဧကရာဇ်သည် လုယွမ်ကျန်းရှိရာကို သိနိုင်ရန် သွေးမျိုးဆက်စွမ်းအားကို အသုံးပြု၍ စမ်းသပ်ရှာဖွေလိုက်၏။ သို့သော် ထိုသို့ ရှာဖွေပြီးနောက် သူ၏ မျက်နှာ ပို၍ပင် တင်းမာသွားသည်။

သွေးမျိုးဆက်စွမ်းအားကို အသုံးပြုသော်လည်း သူသည် လုယွမ်ကျန်းကို မည်သို့မျှ ခြေရာမခံနိုင်ကြောင်း တွေ့ရှိခဲ့ရ၏။ ပုံမှန်အားဖြင့် လုယွမ်ကျန်းသည် အသက်ရှင်နေပြီး ဤစကြဝဠာအတွင်း ရှိနေသရွေ့ သွေးမျိုးဆက်စွမ်းအားဖြင့် ရှာဖွေရ၍ ရသင့်သည်။

“လုယွမ်ကျန်း အသတ်ခံလိုက်ရတာလား”

ဟု သူ တွေးလိုက်မိသည်။

သို့သော် မဟုတ်သေးပေ။

ထိုသို့ မဖြစ်နိုင်ပေ။

နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိနေသေးသည်။

လုယွမ်ကျန်း၏ လက်ဝယ်တွင် ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်သော မှော်ရတနာတစ်ခု ရှိနေခြင်းကြောင့် ဖြစ်နိုင်သလို တစ်စုံတစ်ယောက်က သူ့ကို ဖုံးကွယ်ရန် ကူညီပေးထားခြင်းလည်း ဖြစ်နိုင်သည်။

ဧကရာဇ်တစ်ပါး၏ သွေးမျိုးဆက်အာရုံခံမှုကို ပိတ်ဆို့ရန်အတွက် ကူညီပေးသောသူမှာ အထူးသဖြင့် အနာဂါတ် ဟောကိန်းထုတ်ခြင်း အတတ်ပညာတွင် အလွန် စွမ်းအားကြီးမားသူ ဖြစ်ရမည်။ ထိုသို့တွေးတောရင်း ခရမ်းရောင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး၏ ပုံရိပ် ရှန်ဝူဧကရာဇ်၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာ

တော့သည်။

သူမပင် ဖြစ်ရမည်။

သို့သော် သူမက ဘာကြောင့် ထိုသို့ လုပ်ရသနည်း။

သူသည် ကပ်ဘေးကို အတူတူ တိုက်ထုတ်ရန် သူမကို သူ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ဖူးသည့်အပြင် သူတို့သည် ရန်သူများလည်း မဟုတ်ကြပေ။ သူတော်စင်အဆင့်သို့ပင် မရောက်သေးသော မင်းသားတစ်ပါးကြောင့် သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်စိုးထားသော ဧကရာဇ်တစ်ပါးကို ရန်စရန် သူမတွင် အကြောင်းပြချက် မရှိပေ။

ရှန်ဝူဧကရာဇ်က

“သူ့ကို ရှာစမ်း။ အခုချက်ချင်း ရှာကြ။ သူ သေသေ ရှင်ရှင် ကျုပ်ဆီ ခေါ်လာရမယ်။ သူ ပြာဖြစ်နေရင်တောင် မင်းတို့ သူ့ကို ကျုပ်အတွက် ရှာပေးရမယ်”

ဟု အမိန့်ပေးလိုက်သည်။

ရှန်ဝူဧကရာဇ် ဒေါသထွက်နေသည်ကို မြင်လျှင် အရိပ်ကိုယ်ရံတော်များလည်း ကြောက်ရွံ့တုန်လှုပ်လျက်

“ဟုတ်ကဲ့ပါ မင်းကြီး”

ဟု အလျင်အမြန် တုံ့ပြန်လိုက်ကြသည်။

ဧကရာဇ် ဒေါသထွက်လျှင် အလောင်း သန်းပေါင်းများစွာ စုပုံသွားတတ်၏။ လုယွမ်ကျန်း ထွက်ပြေးသွားခြင်းကြောင့် သူနှင့်ဆက်စပ်သူများ တစ်ယောက်မကျန် အသတ်ခံထဲ့ရသည်။ သူ စမ်းသပ်ခံခဲ့ရသော ကမ္ဘာအတွင်းရှိ သူနှင့်ပတ်သတ်သူများပါ အပါအဝင် ဖြစ်သည်။

သံသယများ ရှိနေသော်လည်း ရှန်ဝူဧကရာဇ်သည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် ရင်ဆိုင်ရန် ထျန်းကျိရဲတိုက်သို့ ချက်ချင်း မသွားခဲ့ပေ။ လုယွမ်ကျန်း၏ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးခဲ့သူမှာ တကယ်ပင် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ဖြစ်နေခဲ့လျှင်လည်း သူ၏ နောက်လာမည့် လုပ်ရပ်များကြောင့် သူမကိုယ်တိုင် အမှန်တရားကို ထုတ်ပြောလာလိမ့်မည်ဟု သူ ယုံကြည်နေသည်။

……..

လဝက်ခန့် ကြာပြီးနောက်။

ရှန်ယွဲ့နိုင်ငံ။

ချူးယွမ်ကျိ၏ အဆောင်။

ရှန်ဝူဧကရာဇ်သည် သူ့ရှေ့ရှိ ချူးယွမ်ကျိကို အေးစက်စွာ စိုက်ကြည့်လျက်

“မင်းရဲ့ လုပ်ရပ်တွေကို ကျုပ်မသိဘူးလို့ တကယ်ပဲ ထင်နေတာလား”

ဟု မေးမြန်းလိုက်သည်။

ရှန်ဝူဧကရာဇ်၏ စကားကို ကြားလျှင် ချူးယွမ်ကျိ၏ ကိုယ်ပေါ်တွင် ချွေးစေးများ ထွက်လာ၏။ သို့သော် သူမကိုယ်သူမ တည်ငြိမ်နေအောင် အတင်းအကျပ် ကြိုးစားလျက်

“မင်းကြီး… ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ နားမလည်ပါဘူး”

ရှန်ဝူဧကရာဇ်က အေးစက်စွာ တုံ့ပြန်လိုက်၏။

“လုချန်းကို ဒုက္ခပေးဖို့ ကောင်းကင်ပြောင်းလဲခြင်းကျောက်တုံးရဲ့ စွမ်းအားကို မင်း သုံးခဲ့တာကို ကျုပ် လျစ်လျူရှုပေးနိုင်တယ်။ ဒါပေမဲ့ တခြားမင်းသားတွေအပေါ်မှာတော့ မင်း ဒီလိုစိတ်ကူးမရှိသင့်ဘူး။”

စုံစမ်းစစ်ဆေးမှုများအတွင်း မင်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များကို လိုက်လံစုံစမ်းနေသည့် အခြားအင်အားစုတစ်ခုကို အရိပ်ကိုယ်ရံတော်များ တွေ့ရှိ၏။ ရှန်ဝူဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များသည် ပို၍ အင်အားကြီးမားသဖြင့် ထိုအင်အားစုကို နန်းတော်အထိ အလျင်အမြန် ခြေရာခံနိုင်ခဲ့ပြီး ထိုအင်အားစုအား ဧကရီကိုယ်တိုင် ထိန်းချုပ်ထားခြင်း ဖြစ်ကြောင်းကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြသည်။

အရိပ်ကိုယ်ရံတော်များသည် ထိုအကြောင်းကို ရှန်ဝူဧကရာဇ်ထံ ချက်ချင်း အစီရင်ခံခဲ့ကြသည်။ တခြားမင်းသားများ သူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း ရှိမရှိ ချူးယွမ်ကျိက စုံစမ်းနေကြောင်း ကြားလျှင် သူမ တစ်ခုခုကို သိနေပြီး သူ့ကို နှောင့်ယှက်ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်ဟု ရှန်ဝူဧကရာဇ်ချက်ချင်း သဘောပေါက်သွားသည်။

ထင်ရှားသည်မှာ ချူးယွမ်ကျိသည် ရှန်ဝူဧကရာဇ်၏ အမျက်ဒေါသကို ဆွပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤအချိန်တွင် သူ၏ ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ်ကို ဖျက်ဆီးရန် ကြိုးစားသူ မည်သူမဆို သူ၏ ရန်သူ ဖြစ်လာလိမ့်မည်သာ ဖြစ်သည်။

ထို့နောက် ရှန်ဝူဧကရာဇ်က ဧကရာဇ်အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ချူးယွမ်ကျိ၏ ခန္ဓာကိုယ်လည်း ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ပြောစမ်း။ မင်း မင်းသားတွေရဲ့ အဆင့်ကို ဘာလို့ စုံစမ်းနေတာလဲ။ မင်း တစ်ခုခု သိနေတာလား။”

ချူးယွမ်ကျိ ရှန်ဝူဧကရာဇ်ကို မဆန့်ကျင်ဝံ့ပေ။ အကယ်၍ သူမ ယခု လိမ်ပြောလိုက်ပါက သံသယများ ပို၍ ကြီးထွားလာနိုင်ပြီး ရှန်ဝူဧကရာဇ်က သူမအပေါ် ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လာနိုင်ကြောင်း သူမ သိ၏။ ရှန်ဝူဧကရာဇ်က ဝိညာဉ်ရှာဖွေခြင်းပြုပြီး သူမနှင့် လုချန်းကြားမှ ကိစ္စများကိုပါ သိသွားပါက အခြေအနေ အလွန် ဆိုးရွားသွားပေလိမ့်မည်။

ချူးယွမ်ကျိက အလွန်နာကျင်သော အမူအရာကို ပြသလျက် အလျင်အမြန်ပင်

“မင်းကြီး… ကျေးဇူးပြုပြီး သနားညှာတာပေးပါ။ ကျွန်မ အမှားကို သိပါပြီ။ လတ်တလောမှာ မင်းကြီးက မင်းသားတွေကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အမြန်ဆုံး အဆင့်တက်ခိုင်းနေတယ်ဆိုတဲ့ ကောလာဟလအချို့ကို ကျွန်မ ကြားခဲ့ရလို့ သူတို့ရဲ့ ကျင့်စဉ်တွေကို စုံစမ်းဖို့ လူလွှတ်ခဲ့မိတာပါ။”

“ဟင်… ကောလာဟလတွေ ဟုတ်လား။ အဲ့ဒီကောလာဟလတွေကို ကျုပ် ဘာလို့ မကြားခဲ့ရတာလဲ။”

ထူးဆန်းသည်ဟု ရှန်ဝူဧကရာဇ် ခံစားနေရသော်လည်း ချူးယွမ်ကျိ၏ စိတ်ဝိညာဉ် ထိခိုက်မည် စိုးသောကြောင့် ထိုအခိုက်အတန့်တွင် ဝိညာဉ်ရှာဖွေခြင်းကို သူမအပေါ် အသုံးမပြုချင်ပေ။

ထို့နောက် ရှန်ဝူဧကရာဇ်က အမှောင်ထုထဲတွင် ပုန်းကွယ်နေသော အရိပ်ကိုယ်ရံတော်ကို မေးမြန်းလိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ။ အဲ့ဒီကောလာဟလတွေကို ကျုပ် ဘာလို့ မကြားခဲ့ရတာလဲ။”

အရိပ်ကိုယ်ရံတော်က အမှောင်ထဲမှ အလျင်အမြန် ထွက်လာပြီး ရှန်ဝူဧကရာဇ်၏ ရှေ့တွင် ဒူးထောက်ကာ

“မင်းကြီး… ခွင့်လွှတ်ပေးပါ။ အဲ့ဒီကောလာဟလတွေက နံပါတ်တစ် မင်းသားအပိုင် ကြယ်နယ်မြေအတွင်းမှာပဲ ရှိခဲ့တာပါ။ ကျွန်တော်က အဲဒီကြယ်နယ်မြေကို အကုန်အစင် ဖျက်ဆီးပစ်ခဲ့လို့ အစီရင်ခံစာ မတင်ခဲ့တာပါ။”

ရှန်ဝူဧကရာဇ်က မျက်မှောင်ကြုတ်လျက်

“ဘာကောလာဟလလဲ။ ပြောစမ်း”

အရိပ်ကိုယ်ရံတော် ဆွံ့အသွား၏။ ထိုအချိန်တွင် ရှန်ဝူဧကရာဇ်၏ ဖိအားသည် ပို၍ ပြင်းထန်လာပြီး အရိပ်ကိုယ်ရံတော်အား ကြမ်းပြင်နှင့် မျက်နှာ ကပ်သွားစေပြီး သူ၏ ပါးစပ်မှ သွေးများပင် စီးကျလာသော်လည်း သူက ဘာမှ မပြောဝံ့သေးပေ။

“ကျွန်… ကျွန်တော် မပြောဝံ့ပါဘူး…”

အရိပ်ကိုယ်ရံတော် ကြောက်ရွံ့နေသည်ကို မြင်လျှင် သူ၏ ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ် ပေါက်ကြားသွားခြင်း ဖြစ်နိုင်သည်ဟု ရှန်ဝူဧကရာဇ် ချက်ချင်းပင် သဘောပေါက်သွားသည်။ ထို့နောက် ရှန်ဝူဧကရာဇ်၏ အကြည့်က ချူးယွမ်ကျိထံသို့ ကျရောက်သွား၏။

“ဧကရီ… မင်း ကျုပ်ကို ပြောစမ်း”

ဟု အမိန့်ပေးလိုက်သည်။

ချူးယွမ်ကျိလည်း မတတ်သာတော့ပဲ

“မင်းကြီးက မင်းသားတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်စားနိုင်ဖို့အတွက် သူတို့ကို အမြန်ဆုံး သူတော်စင်အဆင့် ရောက်အောင် လုပ်ချင်နေတယ်လို့ ကောလာဟလက ဆိုပါတယ်။”

ချူးယွမ်ကျိ၏ စကားကြောင့် ရှန်ဝူဧကရာဇ်၏ အရှိန်အဝါမှာ မြင့်တက်လာပြီး အဆောင်အတွင်းရှိ အရာအားလုံး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။ ထိုခဏတွင် ရှန်ဝူဧကရာဇ် အလွန်ပင် ဒေါသထွက်သွား၏။

ခဏအကြာတွင် သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး အရိပ်ကိုယ်ရံတော်ကို ကြည့်ကာ

“ဧကရီ ပြောတဲ့ အဲဒီကောလာဟလပဲလား။”

အရိပ်ကိုယ်ရံတော်က တုန်တုန်ရီရီဖြင့်

“ဟုတ်… ဟုတ်ပါတယ်”

ရှန်ဝူဧကရာဇ်က ချူးယွမ်ကျိကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

“ဒါဆို မင်းက မင်းသားတွေထဲက တစ်ယောက်ယောက် သူတော်စင်အဆင့် ရောက်မရောက်ဆိုတာကို သိချင်နေတာပေါ့။ အကယ်၍ ရောက်နေတဲ့သူ ရှိခဲ့ရင် မင်းက သူတို့ကို သတ်ပြီး ကျုပ်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးမှာပေါ့ ဟုတ်လား။”

ချူးယွမ်ကျိက အလျင်အမြန်ပင်

“မင်းကြီး… ကျွန်မ အဲ့ဒီလိုမျိုး မတွေးဝံ့ပါဘူး”

ရှန်ဝူဧကရာဇ်က ချူးယွမ်ကျိကို လွင့်ထွက်သွားစေသော စွမ်းအားတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ သူမ၏ ခန္ဓာကိုယ်သည် ဆောင်အတွင်းရှိ သက်ဝင်ရွှေတိုင်နှင့် ရိုက်မိပြီး သွေးများ အန်လာလေတော့သည်။

“မင်း အဲ့ဒီလို တွေးခဲ့တာ ဟုတ်မဟုတ်ဆိုတာ မင်းကိုယ်တိုင် သိပါတယ်။”

ထို့နောက် ရှန်ဝူဧကရာဇ်သည် သူ၏ ဝတ်ရုံစကို ခါယမ်းကာ ဆောင်အတွင်းမှ ထွက်သွားရင်း

“ဒီနေ့ကစပြီး ဧကရီကို အကျဉ်းချထားလိုက်။ ဘယ်သူမှ သူ့ဆီကို မလာရဘူး။”

ထိုစကားကို ကြားမှ ချူးယွမ်ကျိ သက်ပြင်းချလိုက်နိုင်လိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ လိမ်လည်ဖြေဆိုနိုင်ခဲ့ပြီး ရှန်ဝူဧကရာဇ်ကလည်း ဝိညာဉ်ရှာဖွေခြင်းကို အသုံးမပြုခဲ့ပေ။ သို့သော်လည်း ထိုကောလာဟလကို မည်သူက ဖြန့်ခဲ့သည်၊ အဘယ်ကြောင့် ရှန်ဝူဧကရာဇ်၏ လူဝင်စားခြင်း အစီအစဉ်ကို သိသူများ ရှိနေသနည်းဆိုသည်ကိုမူ သူမ မသိသေးပေ။

ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်လည်း ထိုအကြောင်းကို သိချင်နေ၏။ ကောင်းကင်ပေါ်ရှိ နန်းတော်သို့ ပြန်ရောက်ပြီးနောက် ကောလာဟလ ဖြန့်နေသူကို ရှာရန်အတွက် နောက်ထပ် စစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း ဘာမှ မတွေ့ရှိခဲ့ရပေ။

ထျန်းကျိရဲတိုက် တည်ရှိရာ ကြယ်နယ်မြေကို ခက်ထန်သော မျက်လုံးများဖြင့် ရှန်ဝူဧကရာဇ်သည် ကြည့်လိုက်၏။ ထို့နောက်

“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို။ မင်းဘာလုပ်ချင်နေတာလဲ။”

“မင်းကစပြီး ကျူးလွန်တယ်ဆိုတော့ ကျုပ်ကိုလည်း ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့”

ဟုရေရွတ်လိုက်၏။

ကောင်းကင်လျှို့ဝှက်ချက်များကို ဤမျှအထိ ဖုံးကွယ်နိုင်ခြင်းက ထျန်းကျိရဲတိုက်နှင့်သာ ပတ်သက်နိုင်သည်ဟု ရှန်ဝူဧကရာဇ် မြင်၏။ ထို့ပြင် သူ၏ ဝိညာဉ်ကူပြောင်းခြင်း အစီအစဉ်သည် ဟောကိန်းထုတ်ခြင်း အတတ်ပညာတွင် ထူးချွန်သော ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုမှလွဲ၍ လူတိုင်း သိနိုင်သောအရာ မဟုတ်ပေ။ သူသည် သူ၏ အစီအစဉ်ကို သူမအား ထုတ်ဖော်မပြောခဲ့သော်လည်း သူမ၏ စွမ်းရည်ဖြင့်ဆိုလျှင် သူ၏ အစီအစဉ် စတင်စဉ်ကတည်းက သူမ သိနေနိုင်ပေသည်။

……………..

အခန်း (၁၃၇၉ )

ချူးယွမ်ကျိနှင့် အဆက်အသွယ် ပြုလုပ်ခြင်း

ရှန်ဝူဧကရာဇ်၏ အကျဉ်းချခြင်းကို ခံရပြီးနောက် ချူးယွမ်ကျိအဖို့ ထွက်ပြေးရန် ပို ခက်ခဲသွားသည်။ အစက သူမသည် ပြင်ပမှ လူများနှင့် ဆက်သွယ်နိုင်ခဲ့ပြီး ပြင်ပတွင် ဖြစ်ပျက်နေသည့် အရာများကိုလည်း သိနိုင်ခဲ့သည်။

သို့သော် အကျဉ်းချခံရပြီးနောက် ရှန်ဝူဧကရာဇ်က သူမ၏ နန်းဆောင်တွင် ဝိညာဉ်တားမြစ်ခြင်း နည်းဗျူဟာပုံစံတစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် စိတ်အာရုံ အသုံးပြု၍ပင် ပြင်ပသို့ မဆက်သွယ်နိုင်တော့ပေ။ ထို့ကြောင့် ချူးယုချင်နှင့် စိတ်ချင်းဆက်နွှယ်မှုမှာလည်း ပြတ်တောက်သွားရတော့သည်။

ချူးယွမ်ကျိနှင့် စိတ်ချင်းဆက်နွှယ်မှု ပြတ်တောက်သွားလျှင် ချူးယွမ်ကျိ တစ်ခုခု ဖြစ်သွားပြီဟု တွေးကာ ချူးယုချင် အလွန် စိုးရိမ်သွား၏။ ထို့ကြောင့် သူမက လုချန်းထံသို့ ချက်ချင်း သတင်းပို့လိုက်သည်။

“ချန်းလေး… ဒီကို လာခဲ့ဦး…တစ်ခုခု ဖြစ်နေပြီ”

ချူးယုချင်သည် သူမက အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူမ၏ မျက်နှာတွင် အလွန် စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များ ရှိနေသည်။

ထိုအရာကို ကြားလျှင် လုချန်း၏ ဧကရာဇ်လောင်း ကိုယ်ပွားက သူမ၏ ဘေးနား၌ ချက်ချင်း ပေါ်လာသည်။

“ဒေါ်လေးချူး… ဘာဖြစ်လို့လဲ”

ချူးယုချင်က ချက်ချင်းပင်

“ ဒေါ်လေးနဲ့ ယွမ်ကျိရဲ့ စိတ်ချင်းဆက်နွှယ်မှု ပြတ်သွားပြီ။ သူ ဒုက္ခရောက်နေတာ ဖြစ်နိုင်တယ်။”

ထိုအရာကို ကြားလျှင် လုချန်း အံ့အားသင့်သွား၏။

အရာအားလုံးက ဤမျှ မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့တာလား။

ရှန်ဝူဧကရာဇ် ဝိညာဉ်ကူးပြောင်းခြင်း အောင်မြင်သွားပြီလား။

လုချန်း ခဏခန့် တိတ်ဆိတ်သွားပြီးနောက် သူမကို နှစ်သိမ့်လိုက်သည်။

“ဒေါ်လေးချူး… စိတ်မပူပါနဲ့။ ကျွန်တော်ရဲ့ ဧကရာဇ်အဆင့် ကိုယ်ပွားက ရှန်ယွဲ့နိုင်ငံကို အမြန်ဆုံးနှုန်းနဲ့ သွားနေပြီ။ ယွမ်ကျိရဲ့ အခြေအနေကို မကြာခင် သိရမှာပါ။”

လုချန်းက ထိုသို့ ပြောလိုက်သော်လည်း သူ မသေချာပေ။ ရှန်ယွဲ့နိုင်ငံမှ ထျန်းချန်ကမ္ဘာသို့ နတ်လှေဖြင့် ခရီးသွားပါက ဆယ်နှစ်နီးပါး ကြာမြင့်မည် ဖြစ်၏။

သူ့၏ ဧကရာဇ်အဆင့် ကိုယ်ပွားက ရှန်ယွဲ့နိုင်ငံသို့ အမြန်ဆုံး အရှိန်ဖြင့် သွားလျှင်ပင် တစ်နှစ်ခန့် ကြာဦးမည် ဖြစ်သည်။ ကိုယ်ပွား ရောက်သွားချိန်တွင် ချူးယွမ်ကျိ အသက်ရှင်နေပါဦးမလားဟု လုချန်း စိုးရိမ်မိသည်။

လုချန်းက ဆက်လက်၍

“ဆက်သွယ်မှုက ရုတ်တရက် ပြတ်သွားတာဆိုတော့ ရှန်ဝူဧကရာဇ်က ဒေါ်လေး ‌တို့ရဲ့ ဆက်နွှယ်မှုကို သိသွားမှာ စိုးလို့ ယွမ်ကျိက သူ့ဘာသာသူ ဖြတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ…”

“ခဏလေး…”

ရုတ်တရက် လုချန်းက တစ်ခုခုကို တွေးမိသွားပြီး သူ၏ စိတ်အာရုံကို ချူးယုချင်၏ ရင်သွေးကမ္ဘာထဲသို့ ထည့်သွင်းလိုက်သည်။

လုချန်း၏ စိတ်အာရုံက သူမ၏ ရင်သွေးကမ္ဘာထဲသို့ ဝင်သွားသည်ကို မြင်လျှင် လုချန်း ဘာလုပ်နေတာလဲဟု တွေးရင်း ချူးယုချင် ဇဝေဇဝါ ဖြစ်သွား၏။

ထိုအချိန်တွင် လုချန်းက ရင်သွေးကမ္ဘာ၏ ကောင်းကင်ဘုံ လမ်းစဉ်နှင့် ဆက်သွယ်လိုက်သည်။

“မင်းရဲ့ နောက်ထပ် မိခင်တစ်ယောက်ကို ဆက်သွယ်လို့ ရမလား”

အစက ချူးယွမ်ကျိသည် ချူးယုချင်နှင့် အဆက်အသွယ် ပြတ်တောက်သွားသော်လည်း ရင်သွေးကမ္ဘာမှတစ်ဆင့် ဆက်သွယ်နိုင်ခဲ့၏။ ရင်သွေးကမ္ဘာသည် ကံတရားဆက်နွယ်မှုထက် သာလွန်သည့် အရာတစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ် အနှောင့်အယှက်မရှိသည့် ကံတရား ဆက်နွှယ်မှုမျိုး ဖြစ်နိုင်သည်ဟု လုချန်းက ယူဆသည်။

ရင်သွေးကမ္ဘာမှတစ်ဆင့် ချူးယွမ်ကျိကို ဆက်သွယ်နိုင်ပါက သူမ ဘာဖြစ်နေသည်ကို သိနိုင်မည် ဖြစ်၏။

လုချန်း ပြောပြီးသည်နှင့် ချူးယုချင်၏ ရင်သွေးကမ္ဘာမှ ကောင်းကင်ဘုံ လမ်းစဉ်က ၎င်း၏ စွမ်းအားကို ချက်ချင်း အသုံးပြုကာ ချူးယွမ်ကျိကို ဆက်သွယ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချူးယွမ်ကျိသည် သူမ၏ နန်းဆောင်ရှိ ကုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေ၏။ သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ကင်းမဲ့နေသည်။

ထျန်းချန်ကမ္ဘာမှ ရှန်ယွဲ့နိုင်ငံသို့ အကွာအဝေးကို သူမ တွက်ချက်ကြည့်လိုက်သည်။ လုချန်းသည် ဧကရာဇ်အဆင့် ဖြစ်လျှင်ပင် ရှန်ယွဲ့နိုင်ငံသို့ ရောက်ရှိရန် တစ်နှစ်ခန့် ကြာနိုင်၏။

ယခု သူ၏ ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ် ပေါက်ကြားသွားကြောင်း ရှန်ဝူဧကရာဇ် သိသွားပြီ ဖြစ်၏။ ထို့ကြောင့် မင်းသားများထဲမှ တစ်ဦးကို အဆင့်တက်စေပြီး ဝိညာဉ်ကူးပြောင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားပေလိမ့်မည်။

လုချန်းက ရှန်ယွဲ့နိုင်ငံသို့ ရောက်ရန် တကယ် တစ်နှစ် ကြာမြင့်မည်ဆိုပါက အချိန်နှောင်းသွားနိုင်သည်။

သူမသည် ရှန်ဝူဧကရာဇ်၏ ကျင့်စဉ်မီးဖို ဖြစ်လာရန် ကံပါလာခဲ့ပြီလား။

သေဆုံးခြင်းကသာ သူမအတွက် အကောင်းဆုံး ရလဒ် ဖြစ်ပေလိမ့်မည်။

ချူးယွမ်ကျိ မျှော်လင့်ချက်မဲ့နေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်ထဲသို့ ထူးဆန်းသော စွမ်းအားတစ်ခု စီးဝင်လာသည်ကို ခံစားလိုက်ရ၏။ ထိုအရာက သူမကို အလွန် နေသာထိုင်သာ ရှိစေသည်။ အဆင့်တက်ခါနီး အခြေအနေသို့ပင် ရောက်ရှိသွား စေသည်။

“ဒါက… မူလစွမ်းအားလား”

ချူးယွမ်ကျိ ချက်ချင်း သတိပြန်ဝင်လာသည်။ သူမရရှိနိုင်သည့် မူလစွမ်းအား၏ တစ်ခုတည်းသော ရင်းမြစ်မှာ ချူးယုချင်၏ ရင်သွေးကမ္ဘာသာ ဖြစ်၏။

ရင်သွေးကမ္ဘာ၏ မူလစွမ်းအားက သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်လျှင် သူမ၏ စိတ်အာရုံကလည်း ရင်သွေးကမ္ဘာထဲသို့ တိုက်ရိုက် ဝင်ရောက်နိုင်မှာလား။

ချီတုံချတုံ ဖြစ်မနေတော့ပဲ သူမ၏ စိတ်အာရုံကို ရင်သွေးကမ္ဘာထဲသို့ ထည့်သွင်းရန် ချူးယွမ်ကျိ ချက်ချင်း ကြိုးစားလိုက်၏။ ထိုအခါ ဝိညာဉ်တားမြစ်ခြင်း နည်းဗျူဟာပုံစံကို ကျော်ဖြတ်ကာ အလွယ်တကူပင် ဝင်ရောက်သွားနိုင်ကြောင်းတွေ့လိုက်ရသည်။

ချူးယွမ်ကျိ၏ စိတ်အာရုံ ရင်သွေးကမ္ဘာထဲသို့ ရောက်သည်နှင့် လုချန်း၏ စိတ်အာရုံကို သူမ ခံစားလိုက်ရ၏။ ချူးယွမ်ကျိ စကားမပြောရသေးခင်မှာပင် ချူးယုချင်နှင့် လုချန်းတို့၏ စိတ်အာရုံများ သူမ၏ ရှေ့တွင် ပေါ်လာသည်။

“ယွမ်ကျိ… ဘာဖြစ်တာလဲ။ နင်နဲ့ ငါရဲ့ စိတ်ချင်းဆက်နွှယ်မှုက ဘာလို့ ရုတ်တရက် ပြတ်သွားတာလဲ”

ချူးယွမ်ကျိက စိတ်ပျက်လက်ပျက်ဖြင့်

“ငါ မင်းသားတွေရဲ့ ကျင့်စဉ်အဆင့်ကို စုံစမ်းနေတာကို ရှန်ဝူဧကရာဇ် သိသွားတယ်။ ငါ ဘာလုပ်မလဲဆိုတာကို သူက ရိပ်မိသွားပြီး ဝိညာဉ်တားမြစ်ခြင်း နည်းဗျူဟာပုံစံနဲ့ ငါ့ကို အကျဉ်းချလိုက်တာပဲ။”

“ဝိညာဉ်တားမြစ်ခြင်း နည်းဗျူဟာပုံစံရဲ့ အရှိန်ကြောင့် အပြင်လောကကို လုံးဝ ဆက်သွယ်လို့ မရခဲ့ဘူး။ ငါတို့ရဲ့ စိတ်ချင်းဆက်နွှယ်မှုတောင် ပြတ်တောက်သွားခဲ့တယ်။”

ချူးယုချင် သက်ပြင်းတစ်ချက်ချလိုက်ကာ စိတ်အေးသွားပြီး

“ဒါကြောင့်ကိုး။ နင် တစ်ခုခု ဖြစ်သွားပြီလို့ ငါတို့ ထင်နေတာ”

ချူးယွမ်ကျိ တစ်ခုခု ဖြစ်ခဲ့တာ မှန်သော်လည်း သူမ အသက်ရှင်နေသရွေ့ ကြီးမားသည့် ပြဿနာဟု မယူဆနိုင်ပေ။

ချူးယုချင်၏ စိတ်အာရုံ ပုံရိပ်က လုချန်းကို ကြည့်လိုက်၏။ ယခု ချူးယွမ်ကျိသည် အကျဉ်းကျနေပြီ ဖြစ်ရာ သူမကို ကယ်တင်ရန် ပို၍ခက်ခဲသွားသည်။ ချူးယုချင်လည်း အစီအစဉ်ကောင်းတစ်ခုကို မစဉ်းစားနိုင်ပေ။ ယခု သူမ လုချန်းကိုသာ အားကိုးရတော့မည်ဖြစ်၏။

လုချန်းက ချူးယွမ်ကျိကို စိုက်ကြည့်ကာ

“မင်း အဲ့ဒီမင်းသားတွေကို လုပ်ကြံဖို့ ကြံစည်နေတာကို ဖခင်က ရိပ်မိသွားတာလား။”

“ဟုတ်တယ်… သူ သိသွားပြီ”

ဟု ချူးယွမ်ကျိက တုံ့ပြန်၏။

“ဒါတင်မကသေးဘူး။ ဝိညာဉ်ကူးပြောင်းခြင်း အစီအစဉ်ကလည်း ပေါက်ကြားသွားပုံရတယ်။ ကျွန်မ သိရသလောက်တော့ နံပါတ်တစ် မင်းသားရဲ့ ကြယ်နယ်မြေထဲမှာ ဧကရာဇ်တစ်ပါးက မင်းသားတစ်ပါးဆီကို ဝိညာဉ်ကူးပြောင်းဖို့ ကြံစည်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေပြီ။”

ဧကရာဇ်တစ်ပါး၏ အာရုံဖြန့်ကျက်နိုင်စွမ်းသည် အလွန် ကြီးမား၏။ သူ့အပေါ် တိုက်ရိုက် မရိုမသေပြောဆိုမှုမှန်သမျှကို ရှန်ဝူဧကရာဇ် သိနိုင်သော်လည်း ကောလာဟလ ဖြန့်သူများက သူ့အမည်ကို တိုက်ရိုက် မဖော်ပြပဲ ရှောင်လွှဲပြောဆိုကြသည်။ ထို့ကြောင့် ရှန်ဝူဧကရာဇ် မသိလိုက်ခင်မှာပင် ကောလာဟလအချို့က ကာလအတန်ကြာ ပျံ့နှံ့နေခဲ့သည်။

ချူးယွမ်ကျိက ဆက်လက်၍

“နောက်ပိုင်းကျရင် သူရဲ့ ဝိညာဉ်ကူးပြောင်းရေး အစီအစဉ်ကို အရှိန်မြှင့်နိုင်ဖို့အတွက် မင်းသားတစ်ပါးပါးရဲ့ ကျင့်စဉ်အဆင့်ကို မြှင့်တင်ဖို့ နည်းလမ်းမျိုးစုံ သုံးလာနိုင်တယ်။”

လုချန်း အတွေးထဲ နစ်မြောသွား၏။

ဒါက ပြဿနာပင်။

ရှန်ယွဲ့နိုင်ငံကို ရောက်ဖို့က အချိန်အများကြီး ကြာဦးမည်ဖြစ်၏။

သူ ရောက်သွားတဲ့အချိန်မှာ အရမ်း နောက်ကျသွားမလား။

ထိုအချိန်တွင် သူ၏ ကိုယ်ပွားမှတစ်ဆင့် ပေထျန်းလုကို လုချန်း ချက်ချင်း ဆင့်ခေါ်လိုက်သည်။ ပေထျန်းလုသည် ငယ်စဉ်က စကြဝဠာအနှံ့ ခရီးသွားခဲ့ပြီး ပြင်ပနယ်မြေများသို့လည်း ရောက်ဖူးသည်။ သူသည် စကြဝဠာအကြောင်းကို ကောင်းစွာ သိထားသူ ဖြစ်သဖြင့် တစ်နေရာမှ တစ်နေရာသို့ ပို၍မြန်မြန် သွားနိုင်မည့် နည်းလမ်းများကိုလည်း သိနိုင်ခြေရှိသည်။

လုချန်း၏ ကိုယ်ပွားထံမှ ဆင့်ခေါ်မှုကို လက်ခံရရှိလျှင် ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်ကြယ်မှတစ်ဆင့် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုကာ ပေထျန်းလု လုချန်း၏ စာကြည့်ခန်းသို့ ချက်ချင်း ပြန်ရောက်လာသည်။

စာကြည့်ခန်းထဲတွင် လုချန်း၏ ကိုယ်ပွားက နဂါးပလ္လင်ပေါ်၌ ထိုင်နေရင်း သူ၏ လက်နှစ်ဖက်ကို စုကာ နဖူးပေါ် တင်ထားသည်။ သူ တစ်ခုခုကို အလေးအနက် စဉ်းစားနေပုံရ၏။

စာကြည့်ခန်းထဲသို့ ဝင်လာပြီးနောက် ပေထျန်းလုက ချက်ချင်း မေးလိုက်သည်။

“မင်းကြီးမှာ ဘယ်လို အရေးကြီးတဲ့ ကိစ္စရှိလို့ပါလဲ”

လုချန်း၏ အရေးပေါ် ဆင့်ခေါ်မှုကြောင့် အလွန် အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်ကြောင်း ပေထျန်းလု ခန့်မှန်းမိသည်။

လုချန်း သတိပြန်ဝင်လာပြီး ပေထျန်းလုကို ကြည့်ကာ

“အကြီးအကဲပေ… သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံအပြင် ဒီစကြဝဠာထဲမှာ လူတစ်ယောက်ကို တစ်နေရာကနေ နောက်တစ်နေရာကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်တဲ့ တခြားနည်းလမ်းတွေ ရှိသေးလား။”

ထိုအရာကို ကြားလျှင် ပေထျန်းလု အံ့အားသင့်သွား၏။ ခဏခန့် စဉ်းစားပြီးနောက်

“မင်းကြီး… တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံအပြင် တစ်နေရာကနေ တစ်နေရာကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်တာဆိုလို့ အာကာသ လှိုင်းဂယက်ပဲ ရှိနိုင်ပါလိမ့်မယ်။”

“ဒါပေမဲ့ အာကာသ လှိုင်းဂယက်က မတည်ငြိမ်သလို သူ့ရဲ့ တည်နေရာကလည်း ပုံသေမရှိပါဘူး။ အာကာသ လှိုင်းဂယက်ထဲကို တစ်ခါ ဝင်သွားပြီးရင် နောက်ထပ် ဘယ်နေရာကို ရောက်သွားမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။”

…………….

အခန်း (၁၃၈၀ )

ထျန်းကျိရဲတိုက်သို့ နောက်တစ်ခေါက်

ပေထျန်းလု၏ အဖြေကို ကြားပြီးနောက် လုချန်း သက်ပြင်းကို ခပ်ရှည်ရှည် ချလိုက်သည်။

ယခု သူ ဘာဆက်လုပ်သင့်သနည်း။

သူသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း စကြဝဠာ၏ ကျယ်ပြောမှုအပေါ် စိုးရိမ်စိတ် ရှိနေဆဲ ဖြစ်၏။

ပုံမှန်အခြေအနေတွင် စကြဝဠာ၏ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားနေသည့် ဧကရာဇ်တစ်ပါးအဖို့ နှစ်တစ်ရာဆိုက ခဏခန့်သာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုတော့ မတူပေ။ လူတစ်ယောက်ကို ကယ်တင်ရန် သွားနေခြင်း ဖြစ်သောကြောင့် လုချန်းအဖို့ တစ်လဆိုသည့် အချိန်သည်ပင် အလွန် ရှည်လျားနေသည်။ သူသည် အကွာအဝေးနှင့် မဟုတ်ပဲ အချိန်နှင့် အပြိုင် လုနေရခြင်း ဖြစ်သည်။

လုချန်း၏ စိတ်ပျက်နေသည့် မျက်နှာအမူအရာကို မြင်လျှင် ပေထျန်းလုက ချီတုံချတုံဖြင့်

“မင်းကြီး… ဘယ်ကိုသွားဖို့ စိတ်ကူးထားလို့လဲ”

လုချန်းက တိုက်ရိုက်ပင်

“ကျွန်တော် ရှန်ယွဲ့နိုင်ငံက လူတစ်ယောက်ကို ကယ်ဖို့ လိုနေတယ်။ ဒါပေမဲ့ အခု ကျွန်‌တော့် ရဲ့ သွားနှုန်းနဲ့ဆိုရင် ရှန်ယွဲ့နိုင်ငံကို ရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် ကြာလိမ့်မယ်။”

ထိုအရာကို ကြားလျှင် ပေထျန်းလု အကြံတစ်ခုကို ချက်ချင်း ရသွားပြီး

“မင်းကြီး… ကျွန်တော့်မှာ အကြံကောင်းတစ်ခု ရှိတယ်”

လုချန်း စိတ်ဝင်စားသွားပြီး

“ဘာအကြံလဲ… ပြောပါဦး”

ပေထျန်းလုက

“တချို့ အင်အားကြီး အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတွေ ရှိပါတယ်။ အဲဒီ နည်းဗျူဟာပုံစံတွေက မင်းကြီးရဲ့ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတွေလောက် ခမ်းနားတာမျိုး မဟုတ်ပေမဲ့ အရေအတွက် အမြောက်အမြား ရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားလို့ ရပါတယ်။”

သူက ဆက်လက်၍

“ ရှန်ယွဲ့နိုင်ငံကို မရောက်မချင်း အဲ့ဒီအဖွဲ့အစည်းတွေဆီက နည်းဗျူဟာပုံစံတွေကို သုံးပြီး မင်းကြီး တစ်နေရာကနေ တစ်နေရာကို ကူးသွားလို့ ရနိုင်ပါတယ်။”

ပေထျန်းလု၏ စကားကို ကြားလျှင် အချို့သော အဖွဲ့အစည်းများတွင် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံများ ရှိသည်ကို မည်သို့ မေ့သွားရသနည်းဟု လုချန်း ရုတ်တရက် သတိဝင်သွား၏။ ခရီးလမ်းကြောင်းကို စနစ်တကျ စီစဉ်ပြီး ထိုနည်းဗျူဟာပုံစံများကို အသုံးပြုပါက ရှန်ယွဲ့နိုင်ငံသို့ သွားမည့် ခရီးကို တိုတောင်းစေနိုင်ပေလိမ့်မည်။

ပေထျန်းလုက ဆက်လက်၍

“ဒါပေမဲ့ အဲဒီ အင်အားကြီး အဖွဲ့အစည်းတွေဆီက နည်းဗျူဟာပုံစံတွေကို ငှားသုံးဖို့ကတော့ မလွယ်ပါဘူး။”

အင်အားကြီး အဖွဲ့အစည်းများအတွင်းရှိ နည်းဗျူဟာပုံစံများကို များသောအားဖြင့် ပြင်ပလူများ အသုံးပြုခွင့် မရှိပေ။ ထိုနည်းဗျူဟာပုံစံများကို အသုံးပြုရန် လုချန်း စိတ်ကူးရှိပါက နည်းလမ်းတစ်ခုခုကို သူ စဉ်းစားရပေလိမ့်မည်။ လုချန်း ခဏခန့် စဉ်းစားပြီးနောက်

“အရင်ဆုံး စမ်းကြည့်ကြတာပေါ့”

နည်းဗျူဟာပုံစံများကို အခကြေးငွေဖြင့် ငှားရမ်းနိုင်ခြင်း ရှိ မရှိ သိနိုင်ရန် စုံစမ်းရမည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားသည် စကြဝဠာ ကြယ်မြေပုံကို ထုတ်ယူကာ မြေပုံပေါ်ရှိ ကြယ်နယ်မြေ အသီးသီးကို ရှာဖွေကြည့်လိုက်သည်။ မကြာမီမှာပင် နောက်ထပ် သွားမည့်နေရာကို လုချန်း သတ်မှတ်လိုက်သည်။

ဤစကြဝဠာသည် အခြေခံအားဖြင့် ကမ္ဘာများ၊ ကြယ်နယ်မြေများ၊ ကြယ်နယ်မြေအစုများနှင့် အင်အားကြီး ကြယ်နယ်မြေအစုများဟူ၍ အကြမ်းဖျင်း ခွဲခြားထား၏။ ရှနိုင်ငံကတော့ ကြယ်နယ်မြေပေါင်း သန်းနှင့်ချီပြီး နိုင်ငံပေါင်း ဆယ်ဂဏန်းခန့် ရှိသည့် ကင်းမြီးကောက်ဘုရင် ကြယ်နယ်မြေစုဟုခေါ်သော နယ်မြေ အတွင်း၌ တည်ရှိသည်။

ကြယ်နယ်မြေစုများကို ဖြတ်ကျော်နိုင်သည့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံများ ရှိသည့် အဖွဲ့အစည်းများသည် အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ရမည်ဟု လုချန်း တွေးမိသည်။ ထို့ကြောင့် ကင်းမြီးကောက်ဘုရင် ကြယ်နယ်မြေစုတွင် အကြီးဆုံးဖြစ်သော ငွေနှင်းနိုင်ငံသို့ သွားရန် လုချန်း ဆုံးဖြတ်လိုက်သည်။

ကြယ်နယ်မြေစုတစ်ခု၏ အကျယ်အဝန်းက မခန့်မှန်းနိုင်လောက်အောင် ကျယ်ပြောလှ၏။ လုချန်း၏ အမြန်ဆုံး နှုန်းဖြင့်ပင် ငွေနှင်းနိုင်ငံသို့ ရောက်ရှိရန် လဝက်ခန့် ကြာမြင့်ခဲ့လေသည်။

ထို့ပြင် ဤလဝက်အတွင်း လုချန်းသည် ကြယ်နယ်မြေများအကြား ချိတ်ဆက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ အချို့ကို အသုံးပြုခဲ့၏။ မဟုတ်ပါက ဤမျှ မြန်မြန် သူ ခရီးသွားနိုင်မည် မဟုတ်ပေ။ နည်းဗျူဟာပုံစံ အများစုမှာ စီးပွားရေးအရ အသုံးပြုရန် ဖြစ်သောကြောင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ဖြင့်ပင် ကြယ်နယ်မြေအကြား ခရီးသွားနိုင်ကြောင်း သိရပြီး လုချန်း အံ့အားသင့်နေသည်။

တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံများကို အသုံးပြုရခြင်းက သူ ထင်ထားသလောက် မခက်ခဲကြောင်း လုချန်း သိသွားသည်။ ငွေနှင်းနိုင်ငံတွင် အခြား ကြယ်နယ်မြေစုများသို့ တိုက်ရိုက်သွားနိုင်သည့် နည်းဗျူဟာပုံစံ ရှိမရှိကိုသာ သူ သိချင်နေသည်။ အကယ်၍ ကြယ်နယ်မြေ တစ်ခုပြီးတစ်ခု ကူးပြောင်းနေရမည်ဆိုပါက အချိန်များစွာ ကုန်ဆုံးနေဦးမည် ဖြစ်၏။ သို့သော် ကြယ်နယ်မြေစု တစ်ခုမှ တစ်ခုသို့ တိုက်ရိုက် ကူးပြောင်းနိုင်လျှင် အချိန်များစွာ သက်သာသွားပေလိမ့်မည်။

မကြာမီမှာပင် ငွေနှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်သို့ လုချန်း ရောက်ရှိလာသည်။ ငွေနှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်သည် အလွန် ကြီးမားပြီး ရှနိုင်ငံ၏ တောင်ဝင်တောင်တန်း နယ်မြေထက်ပင် ပိုကျယ်ဝန်း၏။

ဤသည်က လုချန်း၏ ခရီးစဉ်တစ်လျှောက် သူ မြင်ဖူးသမျှထဲ အကြီးဆုံး ကမ္ဘာ ဖြစ်သည်။ အကယ်၍ ဤကမ္ဘာ၏ နိယာမများနှင့် မြေကမ္ဘာရှိ ရူပဗေဒ နိယာမများသာ တူညီခဲ့ပါက ငွေနှင်းနိုင်ငံ ဧကရာဇ်ကြယ်ပေါ်ရှိ သက်ရှိများသည် ဆွဲငင်အားကြောင့် အနုမြူမှုန်များအဖြစ် ကြေမွသွားလိမ့်မည်ဟု သူက တွေးမိသည်။

စူးစမ်းလိုစိတ်ဖြင့် ဧကရာဇ်ကြယ်အတွင်းသို့ ဝင်ရောက်ရန် လုချန်း ပြင်ဆင်လိုက်၏။ သို့သော် သူ ချဉ်းကပ်သွားသည်နှင့် အသံတစ်ခု သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

“ဘယ်သူလဲ… ဘာကိစ္စနဲ့ လာတာလဲ”

ဧကရာဇ်တစ်ပါးဖြစ်သူ လုချန်းက ငွေနှင်းနိုင်ငံသို့ ပေါ်ပေါ်ထင်ထင် ဝင်ရောက်လာပြီး ဧကရာဇ်ကြယ်ထဲသို့ ဝင်ရန် ကြိုးစားခြင်းက ငွေနှင်းနိုင်ငံရှိ ဧကရာဇ်များ၏ အာရုံစိုက်မှုကို ရရှိစေမည်မှာ မလွဲပင်။ လုချန်းက သူလာသည့် အကြောင်းရင်းကို ချက်ချင်း အသိပေးလိုက်၏။

“ကျွန်တော်က ဗဟိုကြယ်နယ်မြေကို သွားဖို့ ပါ။ ငွေနှင်းနိုင်ငံမှာ ဗဟိုကြယ်နယ်မြေကို ဖြစ်ဖြစ်၊ တခြား ကြယ်နယ်မြေစုတွေကို ဖြစ်ဖြစ် တိုက်ရိုက်သွားလို့ ရမယ့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိသလားဆိုတာ သိချင်ပါတယ်။”

လုချန်း၏ အသိပေးမှုကို ကြားလျှင် ထိုအသံက တုံ့ပြန်သည်။

“ထျန်းကျိရဲတိုက်မှာ ဗဟိုကြယ်နယ်မြေကို တိုက်ရိုက်သွားနိုင်တဲ့ နည်းဗျူဟာပုံစံ ရှိတယ်”

လုချန်း ခဏခန့် အံ့အားသင့်သွားပြီးနောက် အလွန် ဝမ်းသာသွားသည်။

“ကျေးဇူးတင်ပါတယ်”

လုချန်း၏ စကားအဆုံးတွင် သူ့ကို တားဆီးထားသည့် စွမ်းအားများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။ ချီတုံချတုံ ဖြစ်မနေပဲ ငွေနှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်ထဲသို့ လုချန်း ဝင်လိုက်သည်။ ဧကရာဇ်ကြယ်အတွင်းသို့ ရောက်သည်နှင့် ကောင်းကင်ဘုံ လမ်းစဉ်၏ ကန့်သတ်ချက်များက သူ၏ စွမ်းအားများကို လုံးဝ ဖိနှိပ်ထားသည်ကို လုချန်း ခံစားလိုက်ရသည်။

ငွေနှင်းနိုင်ငံ ဧကရာဇ်ကြယ်ပေါ်တွင် လုချန်းသည် သူတော်စင် အဆင့် အင်အားကိုသာ ထုတ်ဖော်နိုင်သည်။ ကောင်းကင်ဘုံ လမ်းစဉ်၏ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုကြောင့် လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ ဘာမှ ထပ်မစဉ်းစားတော့ပဲ လမ်းမထက်တွင် လမ်းလျှောက်နေသည့် လမ်းသွားလမ်းလာ တစ်ဦးကို သူမေးလိုက်သည်။

“ခဏ‌လောက်….ထျန်းကျိရဲတိုက်က ဘယ်နားမှာလဲဆိုတာ သိပါသလား ခင်ဗျာ”

ထိုသူ ခဏခန့် ကြောင်သွားသည်။ ဧကရာဇ်ကြယ်ပေါ်ရှိ လူတစ်ယောက်က ထျန်းကျိရဲတိုက် ဘယ်နားမှာရှိသည်ကို မသိတာ ထိုသူအတွက် အလွန်ထူးဆန်းနေပုံရသည်။ အမှန်စင်စစ် လုချန်း၏ လက်ရှိ အာရုံခံနိုင်စွမ်းဖြင့် စိတ်အာရုံကို လွှတ်လိုက်ပါက ထျန်းကျိရဲတိုက်၏ တည်နေရာကို သူ အမြန် ရှာတွေ့နိုင်သည်။

သို့သော် သူသည် သူတစ်ပါး၏ နယ်မြေတွင် ရှိနေခြင်းကြောင့် စိတ်အာရုံကို ပေါ့ပေါ့ဆဆ လွှတ်လိုက်လျှင် ငွေနှင်းနိုင်ငံ၏ ဧကရာဇ်များနှင့် နားလည်မှု လွဲမှားနိုင်ပေသည်။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် လမ်းမေးခြင်းကိုသာ လုချန်း ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ စိတ်ပြန်တည်ငြိမ်သွားပြီးနောက် ထိုသူက အဝေးရှိ မြင့်မားသော မျှော်စင်တစ်ခုကို ညွှန်ပြလိုက်သည်။

“အဲဒီက မျှော်စင်ကြီးက ထျန်းကျိရဲတိုက် တည်ရှိတဲ့နေရာပဲ။”

ထိုသူ၏ အဖြေကို ကြားလျှင် သူ ညွှန်ပြသည့် အရပ်သို့ လုချန်း ကြည့်လိုက်၏။ တိမ်တိုက်များထဲအထိ ရောက်နေသည့် အလွန်မြင့်သော မျှော်စင်ကို မြင်လျှင် သူ အနည်းငယ် အံ့အားသင့်သွားရသည်။ ငွေနှင်းနိုင်ငံ၏ ဧကရာဇ်ကြယ်ပေါ်တွင် ထျန်းကျိရဲတိုက်က ဤမျှ မြင့်မားသော မျှော်စင်ကို တည်ဆောက်နိုင်ခြင်းမှာ ၎င်းရဲတိုက်သည် ငွေနှင်းနိုင်ငံတွင် အရေးပါသည့် အဆင့်အတန်းရှိကြောင်း ပြသနေသည်။

ထျန်းကျိရဲတိုက်အကြောင်း ပြောရလျှင် ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်ကို လုချန်း သတိရသွား၏။ ထိုထျန်းကျိရဲတိုက် နှစ်ခုအကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်သည်ဟု လုချန်း တွေးမိသည်။ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်တွင် သူ မြင်တွေ့ခဲ့ရသည့် စာအုပ်များကို ပြန်စဉ်းစားကြည့်လျှင် ၎င်းတို့နှစ်ခုအကြား ဆက်နွှယ်မှု ရှိနေသည်ဟု လုချန်း ပို၍ခံစားလာရသည်။

ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်ကို တည်ထောင်သူမှာ ထိုကမ္ဘာ၏ ဒေသံခံ မဟုတ်ပေ။ သူ ချန်ထားခဲ့သည့် စကြဝဠာနှင့် ပတ်သက်သော စာအုပ်များကို ကြည့်ခြင်းအားဖြင့် ထိုသူသည် ငွေနှင်းနိုင်ငံရှိ ဤထျန်းကျိရဲတိုက်မှ လာခြင်း ဖြစ်နိုင်သည်။

လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ အကယ်၍ ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်သာ ငွေနှင်းနိုင်ငံမှ ရဲတိုက်နှင့် ပတ်သက်နေပါက ကျိယန်ကမ္ဘာရှိ ထျန်းကျိရဲတိုက်ကို သူ ဖျက်သိမ်းခဲ့ခြင်းကြောင့် သူသည် ထျန်းကျိရဲတိုက်နှင့် ရန်သူ ဖြစ်သွားနိုင်သည်ဟု လုချန်း တွေးမိလိုက်သည်။

ငွေနှင်းနိုင်ငံရှိ ထျန်းကျိရဲတိုက်သာ ဤအကြောင်းကို သိသွားလျှင် သူ့ကို တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ အသုံးပြုခွင့် လုံးဝပြုမည် မဟုတ်ပေ။

All Chapters