← Chapters

အခန်း (၁၈၃၄-၁၈၃၆)

Vol. 98 Ch. 1834-1836

အခန်း (၁၈၃၄-၁၈၃၆)

Vol. 98 Ch. 1834-1836

အခန်း (၁၈၃၄) - ရှင် ကျွန်မကို နောက်နေတာလား

~ဒီဗွန်ရှိုင်းယားအိမ်တော်၏ မြေအောက်လျှို့ဝှက်ခန်းမဆိုသည်မှာ တကယ့်ကို တားမြစ်နယ်မြေတစ်ခုပင် ဖြစ်လေ၏။

အဓိကမိသားစုဝင်များ၏ တိုက်ရိုက်ခွင့်ပြုချက် မရှိဘဲ သားသမီးအရင်းများပင် ဝင်ရောက်ခွင့် မရှိချေ။ အကယ်၍ ကျူးကျော်ဝင်ရောက်ခဲ့ပါကလည်း နေရာ၌ပင် ကွပ်မျက်ခြင်းခံရနိုင်သည့် နေရာမျိုး ဖြစ်ပေသည်။

အိမ်တော်ထိန်း အဘိုးကြီးက မြေအောက်ခန်း ဝင်ပေါက်မှာ ရပ်ကျန်ခဲ့ပြီး၊ အောက်ကို လှမ်းကြည့်နေလိုက်သည်။ ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေသော်လည်း..

သူ့စိတ်ထဲမှာ သံသယ တချို့တော့ ရှိနေသေးသည်။

*(သခင်လေး ဟွတ်ခ်က ဘယ်တုန်းက ပြန်ရောက်လာတာလဲ)*

*(သူ့ကားကိုလည်း မတွေ့မိပါလား)*

*(ဒါမှမဟုတ်... သခင်လေး ပြန်ရောက်ပြီ ဆိုပြီး တစ်ယောက်ယောက်က လာသတင်းပို့ခဲ့သေးလား)*

...

အခြားတစ်ဖက်တွင်... မြေအောက် လျှို့ဝှက်ခန်းမ အတွင်း၌...

ချန်းဖေးအယ် သက်ပြင်းချလိုက်မိသည်။

"ရှင် လူတိုင်းကို လှည့်စားနိုင်ခဲ့လိမ့်မယ်လို့ ထင်မထားမိဘူး"

"ခုနက နိုင်ငံခြားသားကြီးဆီကနေ အန္တရာယ် အငွေ့အသက်တွေ ထွက်နေတာ...ကျွန်မတောင် ကြောက်သွားမိတယ်။ ကြည့်ရတာ ဒီဗွန်ရှိုင်းယား မိသားစုထဲမှာ ရာထူးမငယ်တဲ့ ပုံပဲ။ အဲ့လိုလူတောင် ရှင့်ကို မရိပ်မိဘူး ဆိုတော့..."

"ရှင့်ရဲ့ သရုပ်ဆောင် စွမ်းရည်က တော်တော် မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီပဲ"

ယဲ့ဖန်ကတော့ ဘာမှ ပြန်မပြော။ အပြုံးလေး တစ်ချက်နှင့်သာ မြေအောက်လှေကားအတိုင်း ဆင်းလာခဲ့သည်။

ချန်းဖေးအယ် လည်း ဆက်မပြောတော့။ မေးခွန်းထုတ်လိုက်သည်။

"ဒါနဲ့...ကျွန်မတို့ ဒီမှာ ဘာလာလုပ်ကြတာလဲ"

"အရင်ရထားတဲ့ သတင်းအရ ဆိုရင်... ချန်လုံခေတ် 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး' က ဧည့်ခန်းနဲ့ ထမင်းစားခန်း ကြားက စင်္ကြံမှာ ရှိနေတာ မဟုတ်ဘူးလား"

"ဒီနေရာက ဘာကြီးလဲ"

ယဲ့ဖန် ခေါင်းခါလိုက်ပြီး အသံနှိမ့်ကာ ဖြေလိုက်သည်။

"အိမ်တော်ထဲ ဝင်တုန်းက ကိုယ် စစ်ဆေးပြီးပြီ... အဲ့ဒီ ပန်းအိုး အဲ့ဒီမှာ မရှိတော့ဘူး"

"ရှေးဟောင်းပစ္စည်း အနံ့အသက် တချို့ ကျန်နေသေးပေမယ့်... ပစ္စည်းကို ရွှေ့သွားကြပြီ"

"ရွှေ့ပြောင်းသွားတဲ့ လမ်းကြောင်းအတိုင်း ရှေးဟောင်းပစ္စည်း အနံ့ခံပြီး လိုက်လာတာ... ဒီလျှို့ဝှက်ခန်းမဆီ ဦးတည်နေလို့လေ"

"အဲ့လောက်တောင် ဆန်းကြယ်သလား..."

ချန်းဖေးအယ် မယုံနိုင်။ သူမ လေကို တဝကြီး ရှူရှိုက်ကြည့်လိုက်သည်။

"ကျွန်မကတော့ ဘာအနံ့မှ မရပါလား"

"ရှင်..လာနောက်နေတာလား"

"ကိုယ့်ခေါင်းဆောင်ကို ယုံကြည်မှုလေး ရှိပါဦး..."

ယဲ့ဖန်ကတော့ ခေါင်းခါလိုက်သည်။

သူ၏ "နက်ရှိုင်းသော ရတနာ လမ်းညွှန်" အရ ဆိုလျှင်... ပန်းအိုးက ဒီအထဲမှာ ရှိနေတာ သေချာသည်။

"ဒီနေရာက ဘာကြီးလဲ..."

ချန်းဖေးအယ် သည် လျှို့ဝှက်စင်္ကြံလမ်း အောက်ခြေရှိ တောက်ပသော မီးရောင်များနှင့် နည်းပညာမြင့် ပစ္စည်းကိရိယာများကို မြင်လိုက်ရသောအခါ၊ မျက်နှာထား ပြောင်းလဲသွားသည်။

"ကြည့်ရတာ... လျှို့ဝှက် စစ်စခန်း တစ်ခုလိုပဲ"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

"အသေးစိတ်တော့ မသိဘူး... ဒါပေမဲ့ ဒီဗွန်ရှိုင်းယား မိသားစုရဲ့ အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ပုံရတယ်"

သူ၏ လေ့လာချက်နှင့် စနစ်၏ စကင်ဖတ်ချက်များအရ ဤမြေအောက်ခန်းမကြီးမှာ အတိုင်းအထက်အလွန် ကျယ်ဝန်းလှပေသည်။

ဒီဗွန်ရှိုင်းယား မြို့စားကြီးအနေဖြင့် မိမိ၏ အိမ်တော်အောက်၌ ဤမျှ ကြီးမားသော မြေအောက်နေရာတစ်ခုကို တည်ဆောက်ထားခြင်းမှာ ပန်းအိုး တစ်လုံးတည်းကို သိမ်းဆည်းရန်အတွက်မူ မဖြစ်နိုင်ပေ။

သို့သော်လည်း... ဤအရာများမှာ သူတို့နှင့် မသက်ဆိုင်လှချေ။

သူတို့၏ အဓိကရည်ရွယ်ချက်မှာ "ပန်းအိုး" သာ ဖြစ်လေ၏။

ခေတ်မီနည်းပညာများ ပြည့်နှက်နေသော မြေအောက်ခန်းမထဲသို့ ရောက်ရှိချိန်တွင် ယဲ့ဖန်သည် လမ်းညွှန်စနစ်အတိုင်း လိုက်ပါသွားပြီး ထောင့်ချိုးဧရိယာတစ်ခုသို့ ရောက်ရှိသွားလေသည်။

ထိုနေရာမှာ ဖန်သားပြင်နံရံတစ်ခုနှင့်ပင် တူလှပေ၏။

ထိုနေရာနှင့် စင်္ကြံလမ်းကြားတွင် ကဒ်စနစ်ဖြင့် ဖွင့်ရသော ပေါက်ကွဲမှုဒဏ်ခံ ဖန်တံခါးတစ်ချပ် ရှိနေလေသည်။

ဖန်တံခါးမှတစ်ဆင့် လှမ်းကြည့်လိုက်လျှင် ကျဉ်းမြောင်းသော လမ်းကြားလေး တစ်ခုကို မြင်တွေ့နေရ၏။

လမ်းကြား၏ ဘေးတစ်ဖက်တစ်ချက်စီ၌ စောင့်ကြည့်ကင်မရာများစွာနှင့်အတူ ယဲ့ဖန် နားမလည်နိုင်သော ကိရိယာတချို့ကိုလည်း တပ်ဆင်ထားလေသည်။

အရှေ့ဘက် ခပ်လှမ်းလှမ်းတွင်မူ ပြခန်းစင်မြင့်ကဲ့သို့ နေရာလေး တစ်ခု ရှိနေပြီး ထိုအပေါ်၌ သေသပ်လှပသော ပန်းအိုးလေးတစ်လုံးကို တင်ထားသည်ကို တွေ့လိုက်ရလေသည်။

ဒါသည်ပင် သူတို့ အပူတပြင်း ရှာဖွေနေကြသော ပန်းအိုးပင် ဖြစ်ပါတော့၏။

ချန်လုံခေတ် 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး'...

ယဲ့ဖန်သည် ကဒ်ဖတ်စက်၏ ဖွဲ့စည်းပုံကို လေ့လာလိုက်သည်။

ကာစီနိုမှာတုန်းက သူခိုးဘုရင်ဆီက သင်ထားသော ပညာတွေ ဒီနေရာမှာ သုံးစားမရမှန်း သိလိုက်သည်။

ထို့ကြောင့်... ခွန်အားသုံးပြီး ဖျက်ဆီး ဝင်ရောက်ဖို့ ပြင်လိုက်စဉ်...

ချန်းဖေးအယ် က သူ့ကို အတင်း ဆွဲတား၏။

"နေဦး... သေချာ စဉ်းစားပါဦး"

"ဒီ ဖန်တံခါး နောက်ကွယ်မှာ... 'လှုပ်ရှားမှု ဖမ်းယူရေး စနစ်' နဲ့ 'လေဆာ ကာကွယ်ရေး စနစ်'တွေ ရှိနေတယ်"

"ကြည့်ရတာ... ဒီဗွန်ရှိုင်းယား မိသားစုဝင် အဓိက ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှု ပုံစံတွေကို မှတ်တမ်းတင်ထားပုံ ရတယ်"

"တကယ်လို့ ရှင် သရုပ်ဆောင်ထားတဲ့ 'ဟွတ်ခ်' ရဲ့ လှုပ်ရှားမှုက... သူတို့ စနစ်ထဲက ဒေတာနဲ့ မကိုက်ညီဘူး ဆိုရင်၊ အဲ့ဒီ လေဆာ လက်နက်တွေက ချက်ချင်း ပစ်ခတ်လိမ့်မယ်"

"လေဆာ လက်နက်တွေရဲ့ အမြန်နှုန်းက မျက်စိတစ်မှိတ် အတွင်းမှာ ရောက်လာမှာနော်... ရှင့်တုံ့ပြန်မှု ဘယ်လောက် မြန်မြန်၊ ရှောင်နိုင်မှာ မဟုတ်ဘူး”

အခန်း (၁၈၃၅) - ဖယ်စမ်း... ငါ ရှိုးထုတ်တော့မယ်

~"လှုပ်ရှားမှု ဖမ်းယူရေး စနစ် ဟုတ်လား..."

ယဲ့ဖန် ပြုံးလိုက်သည်။

ဒါက သူ့သေနတ်ပြောင်းဝတည့်တည့်ကို ဝင်တိုးတာနဲ့ အတူတူပဲ မဟုတ်လား။

သူက သရုပ်ဆောင် ပညာမှာ ကျွမ်းကျင်အဆင့် ရောက်နေပြီလေ။ လှုပ်ရှားမှုကို ဖမ်းယူတာလောက်ကတော့ အပျော့ပါ... မျက်နှာ အမူအရာကို ဖမ်းယူရင်တောင် သူက ဆရာကျပြီးသား။

ဒီလောက် ပြဿနာ သေးသေးလေးက သူ့ကို မတားဆီးနိုင်ပေ။

"ဖယ်စမ်း... ငါ ရှိုးထုတ်တော့မယ်"

ပေါက်ကွဲမှုဒဏ်ခံ ဖန်တံခါးအတွင်းဘက် အခြေအနေကို သေချာ အကဲခတ်ပြီးနောက်၊ ဒီတံခါးနဲ့ လေဆာလက်နက် စနစ်ကလွဲရင် တခြား အချက်ပေးစနစ်တွေ မရှိဘူး ဆိုတာ သေချာသွားသည်။

ယဲ့ဖန်က ချန်းဖေးအယ် ကို ဘေးဖယ်ခိုင်းလိုက်သည်။

"ယဲ့... အဲလေ၊ သခင်လေး ဟွတ်ခ်။ ဒါ နောက်စရာ မဟုတ်ဘူးနော်"

ချန်းဖေးအယ် က ယဲ့ဖန်လို့ ခေါ်မည် ပြင်လိုက်ပေမယ့်၊ အခြေအနေအရ "သခင်လေး ဟွတ်ခ်" ဟု ပြောင်းခေါ်လိုက်သည်။

ယဲ့ဖန်က သူမကို နောက်ဆုတ်ဖို့သာ လက်ပြသည်။

သူမ ဘေးဖယ်သွားတာနဲ့ သူ အနေအထား ပြင်လိုက်သည်။ လက်သီးကို မြှောက်၏။

အားကို စုစည်းပြီး... ခွန်အား (၅၀) ရာခိုင်နှုန်းလောက်ကို အသုံးပြုကာ ဖန်တံခါးကို ထိုးချလိုက်သည်။

လက်သီးနှင့် ဖန်သားပြင် ထိခါနီး ဆဲဆဲမှာ... "တစ်လက်မ အကွာ စွမ်းအား" ကို ထုတ်သုံးလိုက်သည်။

"ဘုန်း..."

ထင်ထားသည့်အတိုင်းပင်... သာမန်ကျည်ဆန်တောင် မဖောက်နိုင်သော ပေါက်ကွဲမှုဒဏ်ခံ ဖန်တံခါးကြီးသည် သံချပ်ကာဖောက် ကျည်ဆန်နှင့် ပစ်ခတ်ခံလိုက်ရသလိုမျိုး တုန်ခါသွားသည်။

ထို့နောက်... ကြွပ်ဆတ်ဆတ် အသံနှင့်အတူ တစစီ ကြေမွပြီး ပွင့်ထွက်သွားတော့၏။

အခု... ယဲ့ဖန်နှင့် ပန်းအိုးကြားမှာ "လှုပ်ရှားမှု ဖမ်းယူရေး စနစ်" နှင့် "လေဆာ လက်နက်များ" သာ အတားအဆီး အဖြစ် ကျန်ရှိတော့၏။

ယဲ့ဖန် လုံးဝ မရပ်တန့်။ လက်သီးကို ပြန်သိမ်းပြီး (၁၀) မီတာလောက် ရှည်သော လမ်းကြားလေးထဲသို့ တည်ငြိမ်စွာ လျှောက်ဝင်သွားလိုက်၏။

"သခင်လေး ဟွတ်ခ်..."

ချန်းဖေးအယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူမအသံများ တုန်ရီနေ၏။

ယဲ့ဖန်ကတော့ ဂရုမစိုက်။ သူ့မျက်လုံးတွေက ရှေ့က ချန်လုံခေတ် ပန်းအိုးဆီမှာသာ အာရုံရောက်နေ၏။ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်သည်။

ထိုအချိန်မှာပင်... လမ်းကြားဘေးတဖက်တချက်စီရှိ ကိရိယာများနှင့် စောင့်ကြည့်ကင်မရာများ အားလုံး သူ့ဘက်သို့ လှည့်လာကြသည်။

မျက်နှာကြက်နှင့် နံရံများတွင် ဝှက်ထားသော လေဆာပစ်လွှတ်စက်များကလည်း တပြိုင်နက်တည်း သူ့ကို ချိန်ရွယ်လိုက်ကြသည်။

ချန်းဖေးအယ် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ နှလုံးခုန် ရပ်မတတ်ပင်။

လှုပ်ရှားမှု ဖမ်းယူရေး စနစ်က တစ်ခုခုများ လွဲချော်သွားခဲ့ရင်... လေဆာလက်နက်တွေက ချက်ချင်း ပစ်ခတ်တော့မှာလေ။

သူမ အသက်ရှူဖို့တောင် မေ့နေမိသည်။

ယဲ့ဖန်၏ ကျောပြင်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။

သို့သော်... သီသီလေးပါပဲ။

ယဲ့ဖန်သည် သေမင်းတမန် လမ်းကြားကို ဘာအန္တရာယ်မှ မရှိဘဲ ဖြတ်ကျော်သွားနိုင်ခဲ့သည်။

လမ်းကြားအဆုံး ရောက်တော့... သူက ဒါကို ကြိုသိနေသလိုမျိုး လှည့်ကြည့်လိုက်ပြီး၊ ချန်းဖေးအယ် ကို မျက်စိတစ်ဖက် မှိတ်ပြကာ "ဖွန်ကြောင်" သည့် ပုံစံ လုပ်ပြလိုက်သည်။

"မရိုးဘူးနော်..."

ချန်းဖေးအယ် စိတ်သက်သာရာ ရသွားပြီး ရယ်ချလိုက်သည်။

ယဲ့ဖန် ပြုံးလိုက်သည်။

သူမကို စနောက်ပြီးနောက်... သူ့အကြည့်တွေက ချန်လုံခေတ် ပန်းအိုးဆီသို့ ရောက်ရှိသွားသည်။

အမြင့် (၃၇.၅) စင်တီမီတာ၊ နှုတ်ခမ်းဝ အချင်း (၆.၅) စင်တီမီတာ၊ အောက်ခြေ အချင်း (၁၀) စင်တီမီတာ...။ လည်ပင်းရှည် ဘူးသီးပုံစံ ပန်းအိုးလေး။

ပန်းအိုးပေါ်ရှိ ပန်းချီကားများက တက်ကြွလန်းဆန်းနေပြီး၊ အလွှာလိုက် ယှက်နွယ်နေသော ပုံဖော်မှုများက သေသပ်လှပလွန်းသည်။

ကြွေရည်သုတ်ထားသော မျက်နှာပြင်ပေါ်ရှိ အပ်ချည်မျှင်သဖွယ် အက်ရာလေးတွေကလည်း အလွန် လက်ရာမြောက်လှ၏။

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) လောက်က နဂါးနိုင်ငံကနေ အလုယူခံရပြီး ဂျယ်ရီ ဘားရိုး မိသားစုဆီ ရောက်သွားခဲ့သော်လည်း... ဘာအပြစ်အနာအဆာမှ မရှိဘဲ ကောင်းကောင်း ထိန်းသိမ်းထားပုံ ရ၏။

ပြီးပြည့်စုံနေ၏။

"ခဏနေ ပြန်ထွက်ရင်... တိုက်ပွဲကြမ်းဖို့ စိတ်ပြင်ဆင်ထားရလိမ့်မယ်"

ယဲ့ဖန်သည် ပန်းအိုးလေးကို ပွေ့ပိုက်ပြီး ချန်းဖေးအယ် အနားသို့ ပြန်ရောက်လာသောအခါ၊ ကြမ်းပြင်ပေါ်ရှိ မှန်ကွဲစ တစ်ဆုပ်ကို ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။

ချန်းဖေးအယ် လည်း ရှင်းပြစရာ မလိုဘဲ သဘောပေါက်လိုက်သည်။

ဒီလောက်ကြီးမား ထင်ရှားသော ပန်းအိုးကြီးကို သယ်ထုတ်လာမှတော့... သူတို့နှစ်ယောက် နတ်ဘုရားတွေ ဖြစ်ပြီး မျက်လှည့်ပြနိုင်မှသာ မြေအောက်ခန်း ဝင်ပေါက်က အိမ်တော်ထိန်းအဘိုးကြီး၏ သိမ်းငှက်မျက်လုံးတွေကို ရှောင်လွှဲနိုင်လိမ့်မည်။

ခဏနေရင်... ယဲ့ဖန်က ဟွတ်ခ် အဖြစ် ဘယ်လောက်ပဲ ပီပြင်အောင် သရုပ်ဆောင်ထားပါစေ၊ ဒီပန်းအိုးကြီးကို ပိုက်ပြီး ထွက်လာတာ မြင်တာနှင့် အဘိုးကြီး သံသယ ဝင်တော့မည်။

ထိုအချိန်ကျလျှင်... အထောက်အထား ပေါ်သွားဖို့က ရာခိုင်နှုန်း အလွန်များနေတော့၏။

"အခွင့်အရေး ရရင်..ကျွန်မအတွက် သေနတ်တစ်လက်လောက် လုပေးပါ"

ချန်းဖေးအယ် တုံ့ပြန်လိုက်သည်။

"သေနတ်နဲ့ ကျည်ဆန်သာ ရှိရင်... ဒီအခြေအနေမှာ ကျွန်မ ရှင့်ကို ပိုကူညီပေးနိုင်လိမ့်မယ်"

သူမ စိတ်ဒုံးဒုံးချထားပြီးပြီ ဆိုတာ သိလိုက်ရတော့ ယဲ့ဖန် ဘာမှ မပြောတော့။

ခေါင်းအသာညိတ်လိုက်ပြီး၊ ပန်းအိုးကို ပွေ့ပိုက်လျက် မြေအောက်ခန်းထဲမှ ဗြောင်ကျကျပင် ပြန်လည် ထွက်ခွာလာခဲ့လေတော့သတည်း...။

အခန်း (၁၈၃၆) - ဒီဗွန်ရှိုင်းယား မိသားစုက လူပိုတွေ မမွေးထားဘူး

~တချိန်တည်းမှာပင်... မြေအောက်ခန်း ဝင်ပေါက်၌...

အိမ်တော်ထိန်းအိုကြီး ဂျန့်မန်း ဒီဗွန်ရှိုင်းယား (Jantman Devonshire) သည် ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မယှက် ရပ်နေသည်။ သူ့အသက်ရှူသံက တိုးညှင်းလွန်းသဖြင့်၊ သတိထား မကြည့်လျှင် လူရှိနေသည်ဟုပင် မထင်ရ။

သို့သော်... ဒီငြိမ်သက်မှုက ကြာကြာမခံလိုက်။

အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး၊ ပခုံးတွင် စက်သေနတ် လွယ်ထားသော ထွားကျိုင်းသည့် သက်တော်စောင့်တစ်ဦး အပြေးအလွှား ရောက်လာသည်။

ထိုလူသည် ဂျန့်မန်း အနားသို့ ရောက်သောအခါ၊ အရှိန်ကို ချက်ချင်း လျှော့ချလိုက်ပြီး မျက်နှာထားကို သတိထားလိုက်သည်။

သူ ဒီအဘိုးကြီးကို အလွန် ကြောက်ရွံ့နေမှန်း သိသာသည်။

"မစ္စတာ ဂျန့်မန်း..."

သူ တိုးညှင်းစွာ ခေါ်လိုက်သည်။

ဂျန့်မန်း မျက်လုံးဖွင့်လိုက်ပြီး "အင်း... ပြော" ဟု အသံပြုလိုက်သည်။

ထိုလူသည် နဖူးမှချွေးများကို အမြန်သုတ်လိုက်ပြီး တိုးတိုးလေး အစီရင်ခံလိုက်သည်။

"ကျွန်တော်တို့ အဖွဲ့ ပြဿနာ ဖြစ်ပွားခဲ့တဲ့ နေရာတွေကို သွားရောက် စစ်ဆေးပြီးပါပြီ။ ဘာပြဿနာမှ မတွေ့ခဲ့ရပါဘူး"

"ထိန်းချုပ်ခန်းကလည်း စစ်ဆေးအတည်ပြုပေးပါတယ်... ပတ်ဝန်းကျင်က စောင့်ကြည့်ကင်မရာတွေမှာ မသင်္ကာစရာ လှုပ်ရှားမှု၊ လူရိပ်လူယောင် လုံးဝ မတွေ့ရဘူးလို့ ဆိုပါတယ်"

"ဒါ့အပြင်... ကျန်တဲ့ ကင်းလှည့်အဖွဲ့ (၂) ဖွဲ့ကလည်း အိမ်တော် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးပါပြီ။ သူတို့လည်း ထူးခြားမှု မရှိဘူးလို့ သတင်းပို့ပါတယ်"

"ထူးခြားမှု မရှိဘူး ဟုတ်လား..."

ဂျန့်မန်း ထိုလူကို စိုက်ကြည့်လိုက်သည်။

"နေရာအနှံ့ စစ်ဆေးပြီးပြီ ဆိုတာ သေချာရဲ့လား"

ထိုလူ ခါးကို ပိုကိုင်းညွှတ်လိုက်သည်။

"သေချာပါတယ်ခင်ဗျာ..."

"အပူချိန် အာရုံခံ ကိရိယာတွေ သုံးပြီး ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သလို၊ ခြေရာလက်ရာတွေကိုလည်း ရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ ထူးခြားမှု မတွေ့ခဲ့ရပါဘူး"

"ဒါဆို... အမည်မသိ အရာဝတ္ထုနဲ့ တိုက်ခိုက်ခံလိုက်ရလို့ ပေါက်ကွဲသွားတဲ့ ကင်မရာ (၂) လုံးက ဘာသဘောလဲ"

ဂျန့်မန်း၏ အကြည့်များ ရုတ်တရက် စူးရှထက်မြက်လာသည်။

"ဒီလောက် လူအင်အား အများကြီး သုံးထားတယ်... မြို့စားကြီး ကိုယ်တိုင် တပ်ဆင်ပေးထားတဲ့ နည်းပညာမြင့် ပစ္စည်းကိရိယာတွေ သုံးထားတယ်...။ ဒါတောင်မှ နောက်ဆုံး ရလာတဲ့ အဖြေက 'ဘာမှ ထူးခြားမှု မရှိပါဘူး' တဲ့လား"

ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရသည်။

ထိုလူ၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။

ဤလူကြီးမှာ ဒီဗွန်ရှိုင်းယား မြို့စားကြီး၏အနီးတွင် ဆယ်စုနှစ်ပေါင်းများစွာ ခစားလာခဲ့သူ ဖြစ်လေ၏။ သူသည် မြို့စားကြီး၏ သစ္စာအရှိဆုံးနှင့် အယုံကြည်ရဆုံးသော လူယုံတော်ကြီးပင် ဖြစ်တော့၏။

မိသားစုဝင် အရင်းအချာ မဟုတ်သော်ငြား သူ၏ အာဏာစက်မှာမူ မြို့စားကြီးနှင့် သခင်လေးဟွတ်ခ်ပြီးလျှင် အကြီးဆုံးဟု ဆိုရမည်။

အကယ်၍သာ သူ စိတ်ဆိုးဒေါသထွက်သွားပါက မိသားစုစည်းမျဉ်းအရ မည်သူ့ကိုမဆို အပြစ်ပေးပိုင်ခွင့် ရှိလေသည်။ ဒုက္ခိတဖြစ်သွားအောင် ရိုက်ချိုးပစ်နိုင်သကဲ့သို့ နေရာ၌ပင် အသက်ကို နှုတ်ယူပစ်လိုက်လျှင်ပင် မည်သူမျှ တစ်ခွန်းတစ်ပါဒမျှ ဟန့်တားပြောဆိုရဲကြမည် မဟုတ်ပေ။

အရေးကြီးဆုံး အချက်မှာမူ ဂျန့်မန်းကိုယ်တိုင်က "မျိုးဗီဇပြုပြင်ထားသော ပါရမီရှင်" တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်လေ၏။

ဒီလူ ထွားကျိုင်းသော်လည်း... သူ့အစ်ကိုဝမ်းကွဲ၊ နေမဝင်အင်ပါယာ အထူးတပ်ဖွဲ့ဝင် တစ်ယောက်တောင်မှ ဒီအဘိုးကြီး၏ တစ်ချက်တည်းသော တိုက်ကွက်အောက်မှာတင် အသက်ပျောက်သွားဖူးတာကို သူ ကိုယ်တိုင် မြင်ဖူးသည်။

ဒီအဘိုးကြီးက လူသားပုံစံ လက်နက်ကြီး တစ်ခုလိုပင်။

သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံး၊ အဆိပ်ပြင်းမြွေတစ်ကောင်အလား လျင်မြန်သော လှုပ်ရှားမှုနှင့် ကျားသစ်တစ်ကောင်၏ ပေါက်ကွဲအား...။ ၎င်းအပြင် နာကျင်မှုကိုလည်း လုံးဝ မခံစားရသကဲ့သို့ ဒဏ်ရာ ပြန်လည်သက်သာနှုန်းမှာလည်း အံ့မခန်းဖွယ်ရာ မြန်ဆန်လှပေ၏။

သူတို့ ကင်းလှည့်အဖွဲ့တစ်ဖွဲ့လုံး စုပေါင်းဝိုင်းတိုက်လျှင်ပင် ထိုသူကို အနိုင် ရရှိနိုင်မည် မဟုတ်ချေ။

မကြာသေးမီကပင် အိမ်တော်အစေခံတစ်ဦးသည် မြို့စားကြီး အလွန်မြတ်နိုးသော အရုပ်လေးတစ်ရုပ်ကို မတော်တဆ ခလုတ်တိုက်မိ၍ ကွဲအက်သွားအောင် ပြုလုပ်မိလေရာ ဂျန့်မန်းက ထိုသူ၏ဦးခေါင်းကို လက်ဝါးဖြင့်ပင် ညှစ်ခြေ၍ အသက်ပျောက်အောင် လုပ်ပစ်လိုက်သည်ကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသေးသည်။

ထိုလူ ခေါင်းကို အတင်း ခါရမ်းလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူးခင်ဗျာ"

"မစ္စတာ ဂျန့်မန်း... စိတ်မဆိုးပါနဲ့”

"ကျွန်တော် ဆိုလိုတာက... ဒီတစ်ခါ အခြေအနေက နည်းနည်း ရှုပ်ထွေးနေပုံ ရပါတယ်။ ဒါကြောင့် ဒရုန်း အဖွဲ့ကို ခေါ်ပြီး ပိုဝေးတဲ့ အပြင်စည်း ဧရိယာတွေအထိ ရှာဖွေခွင့် ပြုဖို့ လာအစီရင်ခံတာပါ"

ထိုအခါမှ ဂျန့်မန်း၏ မျက်နှာထား အနည်းငယ် လျော့ကျသွားသည်။

"ခွင့်ပြုတယ်..."

ထိုလူ သက်ပြင်းချမယ် ပြင်လိုက်တုန်းမှာပင်၊ ဂျန့်မန်းက လေသံပြောင်းပြီး ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ဒရုန်းတွေနဲ့ ရှာပြီးတာတောင်မှ ဘာမှ ထူးခြားမှု မတွေ့ဘူး ဆိုရင်တော့၊ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

"ဒီလောက် ကိစ္စလေးတောင် မဖြေရှင်းနိုင်ဘူး ဆိုရင်... ဒီဗွန်ရှိုင်းယား မိသားစုက မင်းတို့လို အမှိုက်တွေကို ဆက်မွေးထားစရာ အကြောင်းမရှိဘူး"

ထိုလူ ချွေးတွေ ရွှဲနစ်နေတော့၏။ ပြန်ဖြေမည် ပြင်လိုက်စဉ်...

"တောက်... တောက်... တောက်..."

မြေအောက်ခန်း လှေကားထစ်များဆီမှ ခြေသံများ ထွက်ပေါ်လာလေတော့သည်...။

All Chapters