အခန်း (၁၈၄၀-၁၈၄၂)
Vol. 98 Ch. 1840-1842
အခန်း (၁၈၄၀) - သုံးထောင်လောက်ကို မှားသတ်လိုက်ရရင်တောင်... တစ်ယောက်မှ အလွတ်မပေးနိုင်ဘူး
~မြို့စားကြီး၏ ကမ်းလှမ်းချက်ကို ကြားလိုက်ရသောအခါ၊ မူလက ကြောက်ရွံ့တုန်လှုပ်နေကြသော သက်တော်စောင့်များ၏ မျက်လုံးများ အရောင်ပြန်လက်လာကြ၏။
သို့သော်လည်း ခဏအကြာ၌ ယဲ့ဖန်နှင့် အနီးကပ် ထိတွေ့ခဲ့ရသော သက်တော်စောင့်အချို့၏ မျက်ဝန်းအစုံမှာ ပြန်လည်မှိန်ကျသွားကြလေ၏။
၎င်းတို့သည် ယဲ့ဖန်နှင့် ပြောဆိုဆက်ဆံခဲ့သည့် အသေးစိတ် အချက်အလက်များကို ပြန်လည်စဉ်းစားကြည့်ကြသော်လည်း မည်သည့် မှားယွင်းချက်ကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြပေ။
ဂျန့်မန်း ဒီဗွန်ရှိုင်းယား၏ မျက်လုံးထဲတွင်လည်း လေးနက်မှုများ ဖြတ်ပြေးသွားသည်။
"အဲ့ဒီလူရဲ့ သရုပ်ဆောင်စွမ်းရည်က အံ့မခန်းပဲ..."
"ကျွန်တော် သူ့ကို စတွေ့တုန်းက၊ သူက အိမ်တော်အဝင်ဝ ဥယျာဉ်ထဲက ချုံပုတ်တစ်ခုနားမှာ မိန်းမတစ်ယောက်နဲ့ ရှုပ်ပွေနေတာ"
"ကျွန်တော် ရောက်လာတာကို သူ သတိထားမိလိုက်တဲ့ အချိန်မှာ... သူ့ရဲ့ မျက်နှာထား၊ လေသံ၊ ဟန်ပန် အားလုံးက သခင်လေး ဟွတ်ခ်နဲ့ တစ်ထပ်တည်း တူနေတယ်။ ကျွန်တော်တောင် ဘာမှ ထူးခြားမှု မတွေ့ခဲ့ရဘူးခင်ဗျာ"
ထိုအခါ၊ မြို့စားကြီးက သူ့ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းတင် မဟုတ်ဘူး... ငါတို့ ငွေအမြောက်အမြား အကုန်အကျခံပြီး ဝယ်ထားတဲ့ မြေအောက်ခန်းထဲက 'လှုပ်ရှားမှု ဖမ်းယူရေး စနစ်' တောင်မှ အဲ့ဒီလူရဲ့ မူမမှန်တာ တစ်ခုမှ ရှာမတွေ့ခဲ့ဘူး"
"ငါ မျှော်လင့်တာက... မင်းတို့ ပေးမယ့် သဲလွန်စတွေက ဒီလို ယေဘုယျဆန်တဲ့ အရာတွေ မဟုတ်ဘဲ၊ အဲ့ဒီလူ မရည်ရွယ်ဘဲ ထုတ်ဖော်မိလိုက်တဲ့ သဲလွန်စ အသေးစားလေးတွေ ဖြစ်ဖို့ပဲ"
"ခုနက အခြေအနေက အရမ်း အန္တရာယ်များတယ်... ဒီမှာ အငြိမ်းစား အထူးတပ်ဖွဲ့ဝင် (၅၀) နီးပါး ရှိနေပြီး၊ တစ်ယောက်ချင်းစီမှာ လက်နက်ခဲယမ်း အပြည့်အစုံ ပါနေတာ။ အဲ့ဒီလူ ဘယ်လောက်ပဲ သတ္တိကောင်းကောင်း၊ ဒီလို ဝန်းကျင်မျိုးကနေ ထွက်ပြေးဖို့ ဆိုတာ မလွဲမသွေ စိတ်လှုပ်ရှားမိမှာပဲ"
ဂျန့်မန်း ချက်ချင်း သဘောပေါက်သွားသည်။
လူတစ်ယောက်က စိတ်လှုပ်ရှားနေပြီ ဆိုလျှင်... 'အဒရီနယ်လင်'ဓာတ်တွေ ထိန်းချုပ်မရ ထွက်လာပြီး၊ ဦးနှောက်က အလွန်အမင်း တက်ကြွနေသည့် အခြေအနေကို ရောက်သွားတတ်သည်။
ထိုသို့ အခြေအနေမျိုးမှာ... ဘယ်လောက်ပဲ ဟန်ဆောင်ပြီး ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်ဖို့ ကြိုးစားပါစေ၊ ဦးနှောက်နှင့် မသိစိတ်အား ထိန်းချုပ်ဖို့ ခက်ခဲသည်။
သညမအချိန်မှာ... သူ၏ မူရင်း ဇာတိရုပ်ကို ဖော်ပြမိစေသော အပြုအမူ အသေးစားလေးတွေ၊ စကားလုံးလေးတွေ လွတ်ထွက်သွားတတ်သည်။
ဉာဏ်ကောင်းသော သက်တော်စောင့် တချို့လည်း မြို့စားကြီး ဆိုလိုတာကို သဘောပေါက်သွားကြ၏။
အားလုံး ပြန်လည် စဉ်းစားခန်း ဝင်သွားကြ၏။
ခဏအကြာတွင်... သက်တော်စောင့် တစ်ဦးက ရုတ်တရက် ခေါင်းမော့လာပြီး ပြောလိုက်သည်။
"ကျွန်တော်... ကျွန်တော် တစ်ခု တွေ့မိတယ် ထင်တယ်"
"မစ္စတာ ဂျန့်မန်း အိမ်တော်ထဲကနေ ပြေးထွက်လာပြီး၊ သခင်လေး ဟွတ်ခ်က အတုကောင်ပါလို့ လှမ်းအော်လိုက်တဲ့ အချိန်တုန်းကလေ... သခင်လေး အတုက ခဏတာ ထိတ်လန့်သွားပုံ ရတယ်"
"အဲ့ဒီအချိန်တုန်းက... သူ ထူးဆန်းတဲ့ စကားလုံး တစ်ခု ရေရွတ်လိုက်သလိုပဲ။ အသံထွက်က 'ဝါးရှင်း' (Wash it)ဆိုတာနဲ့ ဆင်တူတယ်"
"ဝါးရှင်း..."
လူအများစုက နားမလည်ကြ။
ဘာအဓိပ္ပာယ်လဲ။
ဂျန့်မန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
"အဲ့ဒါ... 'အားရှီးဘား' (Aishiba / Aish) လို့ ပြောတာများလား"
ထိုစကားလုံးကို ကြားလိုက်ရသောအခါ သက်တော်စောင့်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒီအသံပဲ"
"အာရှီးဘား... သူ အဲ့လို ပြောလိုက်တာ"
ဂျန့်မန်းနှင့် မြို့စားကြီးတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
"ကိုရီးယား..."
မြို့စားကြီး၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ကိုရီးယားက ကောင်တွေ... ငါ့အိမ်တော်ကို ကျူးကျော်ရဲတယ်ပေါ့လေ"
"ကောင်းပြီ... အလွန် ကောင်းပြီ"
မြို့စားကြီးက အမိန့်ပေးလိုက်သည်။
"ဒီည... ဂျန့်မန်း၊ မင်း.. ဒီဗွန်ရှိုင်းယား မိသားစုဝင် တပ်ဖွဲ့တစ်ဖွဲ့နဲ့ ဖော့ခ်စီးတီး ရဲဌာန တစ်ခုလုံးကို ခေါ်ပြီး... ဒီမြောင်းပုတ်ထဲက ကြွက်စုတ်တွေကို သွားရှင်းပစ်လိုက်စမ်း"
"ဖော့ခ်စီးတီးမှာ ရှိတဲ့ ကိုရီးယား ဂိုဏ်း၊ ကိုရီးယား အဖွဲ့အစည်း၊ ကိုရီးယား လူမျိုး... သံသယ ရှိသူ မှန်သမျှကို ဖမ်းဆီး စစ်ဆေး။ ခုခံရင် နေရာမှာတင် သတ်ပစ်"
"အမိန့် နာခံပါတယ်ခင်ဗျာ..."
ဂျန့်မန်းနှင့် ရှိနေသူ အားလုံး မြို့စားကြီး ဘာဆိုလိုလဲ ဆိုတာ နားလည်လိုက်ကြ၏။
ဒီအဘိုးကြီးက... "အပြစ်မဲ့သူ သုံးထောင်လောက်ကို မှားသတ်လိုက်ရလျှင်တောင်... တရားခံ တစ်ယောက်ကိုမှ အလွတ်မပေးနိုင်ဘူး" ဆိုသည့် သဘောပဲ။
တရားခံ အစစ်ကို ဖမ်းမိဖို့အတွက်... မြေလှန် ရှာဖွေဖို့လည်း ဝန်မလေးတဲ့သူ။
အားလုံး၏ မျက်နှာထားများ လေးနက် တည်ကြည်သွားကြလေတော့သည်...။
အခန်း (၁၈၄၁) - လျှို့ဝှက်ဆန်းကြယ်သော အံ့အားသင့်ဖွယ်ရာ ဆုလဒ်
~ဒီဗွန်ရှိုင်းယား မြို့စားကြီး၏ ပြတ်သားသော အမိန့်ကြောင့် အားလုံး တုန်လှုပ်သွားကြသော်လည်း၊ မည်သူမျှ တစ်ခွန်းမှ ပြန်မပြောရဲကြ။
အမိန့်ရသည်နှင့် တပြိုင်နက်... အားလုံးသည် ဂျန့်မန်း၏ ဦးဆောင်မှုအောက်တွင် စနစ်တကျ လှုပ်ရှားကြတော့၏။
တချို့က ဖော့ခ်စီးတီး ရဲဌာနကို ဆက်သွယ်ကြသည်၊ တချို့က ဒီဗွန်ရှိုင်းယား မိသားစု၏ ကိုယ်ပိုင် လက်နက်ကိုင် တပ်ဖွဲ့များကို စုစည်းကြ၏။
ပညာရှင်များစွာ ပါဝင်သော အဖွဲ့များက ဦးဆောင်ကာ...
ဒီဗွန်ရှိုင်းယား မိသားစု၏ သတင်းထောက်လှမ်းရေး ကွန်ရက်ကို အသုံးပြုပြီး၊ ဖော့ခ်စီးတီးအတွင်းရှိ ကိုရီးယား မြေအောက်အဖွဲ့အစည်းများ၏ တည်နေရာကို ရှာဖွေကြ၏။
ဧရာမ စက်ကြီးတစ်လုံး စတင် လည်ပတ်လိုက်သကဲ့သို့ပင်။
မကြာမီ... အဖွဲ့ (၃) ဖွဲ့သည် ဖော့ခ်စီးတီး ရဲဌာနမှ အထူးရဲတပ်ဖွဲ့ဝင် အများအပြားနှင့်အတူ စတင် ထွက်ခွာသွားကြ၏။
သူတို့၏ ရည်ရွယ်ချက်က ရှင်းသည်။
ဖော့ခ်စီးတီးရှိ ကိုရီးယား မြေအောက်အဖွဲ့အစည်း မှန်သမျှကို မြေလှန်ပြီး သုတ်သင်ရှင်းလင်းပစ်ရန်ပင်။
တစ်ယောက်မှ အရှင်မထားစေရ။
...
တချိန်တည်းမှာပင်...
ယဲ့ဖန်သည် သူ့ကြောင့် ကိုရီးယား မြေအောက်လောက ဘယ်လောက်ထိ ထိခိုက်ပျက်စီးသွားလဲ ဆိုတာကိုတော့ မသိပေ။
ချန်းဖေးအယ်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာပြီးနောက်၊ အများသုံး သန့်စင်ခန်း တစ်ခုတွင် ရုပ်ဖျက်ထားသည်များကို အလျင်အမြန် ဖယ်ရှားလိုက်သည်။
မူရင်းပုံစံ ပြန်ရောက်သွားပြီးနောက်...
ချန်လုံခေတ် 'အသက်ရှည် ဆေးဘူးပုံစံ ပန်းအိုး' ကို အိတ်ထဲထည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်... မထင်မှတ်ထားသော အချိန်တွင် ရင်းနှီးနေသော စနစ် (System) ၏ အသိပေးသံ ထွက်ပေါ်လာသည်။
[ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် "ဒီဗွန်ရှိုင်းယား ဟွတ်ခ် ၏ နောက်ထပ် ဘဝဇာတ်ကြောင်း (၃) ခုကို ပြီးမြောက်အောင်မြင်ခြင်းမှ တားဆီးနိုင်ခဲ့သည့်အတွက်" အချိန်ကန့်သတ် မစ်ရှင် (Time-limited Mission) ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ]
[ဆုလဒ် - လျှို့ဝှက်ဆန်းကြယ်သော Surprise ]
[ပိုင်ရှင်... ယခု ဖွင့်ကြည့်လိုပါသလား]
"လျှို့ဝှက်ဆန်းကြယ်တဲ့ Surprise ဟုတ်လား..."
ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွားသည်။
စနစ်က ဒီလို စကားလုံးမျိုး သုံးပြီး ဆုပေးတာ ပထမဆုံးအကြိမ်ပဲ။
ဖွင့်ကြည့်ရမှာပေါ့။
"ဖွင့်လိုက်..."
သူ ချက်ချင်း အမိန့်ပေးလိုက်သည်။
[ဂုဏ်ယူပါတယ်... သင်သည် ရတနာ (၃) မျိုး၏ လက်ရှိ တည်နေရာ များကို ရရှိပါသည်]
[ကိုဩဒိနိတ်များကို ပိုင်ရှင် ၏ "ရတနာ ရှာဖွေရေး စနစ်" အတွင်းသို့ ထည့်သွင်းပေးထားပြီး၊ အချိန်နှင့်တပြေးညီ ပြသပေးနေပါမည်။ ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ]
တချိန်တည်းမှာပင်... ထူးဆန်းသော ခံစားမှုတစ်ခု ယဲ့ဖန်၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။
ဖော့ခ်စီးတီး တစ်ခုလုံး၏ "သုံးဖက်မြင် မြေပုံ"တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။
ထိုမြေပုံပေါ်တွင်... တောက်ပသော ကြယ်ပွင့်များသဖွယ် နေရာ (၃) ခုကို ညွှန်ပြနေသည်။
၁။ အာရှ၏ ပုလဲ : စီရှီးမယ်တော်၏ 'ညအလင်းရောင် ပုလဲ' ။
၂။ ရှုခင်း ပန်းချီကားချပ် (၁၂) ချပ် : နာမည်ကျော် ပန်းချီဆရာကြီး ချီပိုင်ရှီ၏ လက်ရာမွန် တစ်ခု။
၃။ အာရုံမှား နာရီ : ကမ္ဘာ့ထိပ်တန်း ကျောက်မျက်ရတနာ ကုမ္ပဏီ Graff Diamondsမှ ထုတ်လုပ်ထားသော နာရီ။ ရောင်စုံ စိန်ပေါင်း (၁၁၀) ကာရက်ကျော်ကို အသုံးပြုထားပြီး၊ ဖန်တီးရန် နာရီပေါင်း တစ်ထောင်ကျော် ကြာမြင့်ခဲ့သော ကမ္ဘာ့ဈေးအကြီးဆုံး နာရီ။
ယဲ့ဖန်သည် ရတနာ (၃) ခု၏ အချက်အလက်များကို ကြည့်ပြီး အသက်ရှူ ရပ်တန့်သွားသည်။
ဝိုး... တကယ့်ကို ဝိုးး ပါပဲ။
လျှို့ဝှက်ဆန်းကြယ်တဲ့ အံ့အားသင့်ဖွယ်ရာ ဆိုတာ ဒါကို ပြောတာကိုး။
ဂျယ်ရီ ဘားရိုး မိသားစု၏ ပျောက်ဆုံးနေသော ရတနာများအနက် အဆင့် (၄)၊ (၅) နှင့် (၆) နေရာတွင် ရှိသော ရတနာများ ဖြစ်နေသည်။
"ပြန်ရောက်မှ သေချာ လေ့လာရမယ်... ပြီးရင် ကိုယ်တိုင် လှုပ်ရှားမယ်။ ငါ့ပစ်မှတ်တွေက အရမ်း ရှင်းလင်းသွားပြီ"
ယဲ့ဖန်၏ ရင်ထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာသည်။
အိတ်ကိုလွယ်ပြီး သန့်စင်ခန်းထဲမှ ထွက်လာသောအခါ၊ သူ့မျက်နှာပေါ်တွင် ပျော်ရွှင်မှုများကို ဖုံးကွယ်မထားနိုင်။
အပြင်တွင် စောင့်နေသော ချန်းဖေးအယ်ကတော့... သူ ဒီဗွန်ရှိုင်းယား အိမ်တော်ကို အောင်မြင်စွာ ဝင်မွှေနိုင်ခဲ့၍ ပျော်နေသည်ဟု ထင်သွားသည်။
သူမက လက်မထောင်ပြလိုက်သည်။
"ဒီည ရှင့်ရဲ့ လှုပ်ရှားမှုတွေက... အကောင်းဆုံးပါပဲနော်"
"အထူးသဖြင့် နောက်ဆုံး ကစားကွက်လေ... အပြစ်ကို သူများလွှဲချတယ်၊ အာရုံလွှဲတယ်၊ ပြီးတော့ ကိုရီးယားအဖြစ် ဟန်ဆောင်ပြီး တစ်ဖက်လူကို ခေါင်းရှုပ်သွားအောင် လုပ်လိုက်တာ..."
"ကျွန်မ ကြုံဖူးသမျှ အန္တရာယ်ရှိတဲ့ စစ်ဆင်ရေးတွေထဲမှာ... ဒါက 'ပြဌာန်းစာအုပ် အဆင့်' လို့ ပြောရင်တောင် မမှားဘူး"
ယဲ့ဖန် ဘာမှ ပြန်မရှင်းပြတော့။
လက်ထဲမှ ပန်းအိုးကို အသာပုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ပန်းအိုးကိစ္စလည်း ပြီးပြီဆိုတော့..မင်း ဘာဆက်လုပ်မလဲ"
ထိုအခါ၊ ချန်းဖေးအယ် လက်ကောက်ဝတ်မှ နာရီကို တစ်ချက် ကြည့်လိုက်သည်။
"ဒီကိစ္စ ပြီးပြီဆိုတော့...ကျွန်မရဲ့ မူလတာဝန်ကို အမြန်ဆုံး ပြန်လုပ်ရမယ်"
"ကျွန်မတို့ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်အတွက် သတင်းအစအနတောင် မရသေးဘူး... အိမ်က လူတွေလည်း စိတ်ပူနေကြပြီ"
ယဲ့ဖန် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။
နှုတ်ဆက်ပြီးနောက်... သူသည် အိတ်ကိုလွယ်ကာ 'ပဲလေ့စ် ဟိုတယ်' သို့ ပြန်လာခဲ့ပါတော့သည်။
သို့သော်...
ဟိုတယ် အခန်းရှိရာ အထပ်သို့ ရောက်ပြီး၊ အခန်းဝသို့ လှမ်းလိုက်ချိန်တွင်... ယဲ့ဖန်၏ ပေါ့ပါးသော မျက်နှာထား ရုတ်တရက် ပျောက်ကွယ်သွား၏။
သူ့ခန္ဓာကိုယ် ကြွက်သားများ တင်းမာသွားပြီး၊ သတိအနေအထားသို့ ချက်ချင်း ရောက်ရှိသွားလေတော့သည်...။
အခန်း (၁၈၄၂) - ကောင်းပြီလေ... ဒီလို ကစားချင်တယ်ပေါ့ ဟုတ်လား
~'သိုင်းပညာရှင် ဂရန်းမာစတာ' အဆင့်ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် ပညာရှင် တစ်ယောက်အနေနှင့်... ယဲ့ဖန်သည် သူ့အခန်းနား ရောက်ကတည်းက လူတစ်ယောက် ရှိနေမှန်း အာရုံခံမိလိုက်သည်။
တစ်ဖက်လူကလည်း အသက်ရှူသံ ဖုံးကွယ်ခြင်း မှာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပုံ ရသည်။ အသက်ရှူသံကို တမင်တကာ ထိန်းထားပြီး၊ ခြေရာလက်ရာတွေကို ဖျောက်ဖျက်ကာ အခန်းထဲ ဝင်ရောက်ထားသဖြင့် သာမန်လူ တစ်ယောက် အနေနှင့် သိရှိနိုင်မည် မဟုတ်ပေ။
သို့သော်၊... ယဲ့ဖန်၏ စွမ်းအားမြင့် အာရုံခံစားမှုအောက်မှာတော့၊ ဖုံးကွယ်လို့ မရနိုင်သော နှလုံးခုန်သံ တစ်ခုကို အခန်းထဲမှာ ကြားနေရ၏။
ပြီးတော့... လေထုထဲမှာ သင်းပျံ့နေသော ရနံ့ဖျော့ဖျော့လေး တစ်ခု...။
ဆိုလိုတာက... သူ့အခန်းထဲမှာ ရှိနေသူက မိန်းမတစ်ယောက် ဖြစ်ရမည်။
အဲ့ဒီ ရနံ့လေးက ရင်းနှီးသလို ရှိသော်လည်း၊ ယဲ့ဖန် သိပ်အများကြီး မတွေးမိ။
သူက တိုင်းတစ်ပါး ရောက်နေတာ ဖြစ်သလို၊ မကြာသေးခင်က ရန်သူတွေလည်း အများကြီး ဖန်တီးခဲ့မိသည်။ ဒီလို အခြေအနေမျိုး ကြုံလာလျှင်... သူ၏ ပထမဆုံး အတွေးက "လုပ်ကြံသတ်ဖြတ်သူ လာပြီ" ဆိုတာပါပဲ။
သူ့အခန်းထဲထိ ခိုးဝင်ပြီး စောင့်နေတယ် ဆိုရင်... ရည်ရွယ်ချက် မကောင်းတာ သေချာနေပြီ။
ယဲ့ဖန် အခန်းထဲကို တန်းမဝင်တော့။
ဘေးပတ်ဝန်းကျင်ကို အရင် လေ့လာလိုက်သည်။
ဘေးခန်းမှာ လူမရှိဘူး ဆိုတာ သေချာတော့မှ၊ သူခိုးဘုရင်ဆီက သင်ထားသော နည်းပညာကို သုံးပြီး ဘေးခန်းတံခါးကို ဖွင့်လိုက်၏။
ထို့နောက်... ဘေးခန်း လသာဆောင်ကနေ သူ့အခန်း လသာဆောင်ပေါ်သို့ လွယ်ကူစွာ ကူးကျော်လိုက်သည်။
အသံမထွက်စေဘဲ လိုက်ကာကို ဆွဲဖွင့်လိုက်ပြီး၊ အမှောင်ထဲတွင် တံခါးနောက်၌ ပုန်းအောင်းနေသော မိန်းမလှလေးဆီသို့ ခုန်အုပ်လိုက်တော့၏။
အခန်းမီးတွေ ပိတ်ထားသဖြင့်... ပုန်းအောင်းနေသူက အမှောင်ထုနှင့် တသားတည်း ကျလုနီးပါး ဖြစ်နေသည်။
သာမန်လူဆိုလျှင် မမြင်နိုင်။
ဒါပေမဲ့ ယဲ့ဖန်ရဲ့ လှုပ်ရှားမှုတွေက အလွန် တိကျသည်။
သူ့လက်ထဲက ချန်လုံခေတ် ပန်းအိုးကို ကုတင်ပေါ်သို့ လှမ်းပစ်လိုက်ပြီး... တချိန်တည်းမှာပင် လေပြင်းမုန်တိုင်း တစ်ခုနှယ် ရွေ့လျားကာ၊ ထိုမိန်းမလှလေး၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။
ထိုလူရိပ်မှာ အလစ်အငိုက် မိသွားပုံ ရ၏။
သို့သော်... သူမသည် ဘေးဘက်သို့ လျင်မြန်စွာ တိမ်းရှောင်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် "နဂါးမင်း အမြီးခါ"ကွက်ဖြင့် ယဲ့ဖန်ကို ပြန်လည် တိုက်ခိုက်လိုက်သည်။
“ဝီ..ဝီ”
အလျင်စလို ကန်လိုက်ရသော ကန်ချက် ဖြစ်သော်လည်း... လေတိုးသံများပင် ထွက်ပေါ်လာသည်။
သာမန်လူသာ ထိမှန်သွားခဲ့လျှင်၊ နေရာမှာတင် အရိုးကျိုးသွားနိုင်လောက်သည့် ပြင်းထန်သော ကန်ချက် ဖြစ်သည်။
ယဲ့ဖန်ကတော့... ပေါ့ပါးစွာပင် “ပိတ်ဆို့ တွန်းထုတ်” နည်းစနစ်ကို သုံးပြီး သူမ၏ ခြေထောက်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။
ထို့နောက်... သူမ၏ ခြေထောက် အရှိန်လွန်ပြီး ဟန်ချက်ပျက်သွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ၊ သူမ၏ လက်ကောက်ဝတ် တစ်ဖက်ကို ဖမ်းချုပ်ပြီး နောက်ကျောဘက်သို့ လိမ်ချိုးကာ ဖိကပ်ထားလိုက်၏။
*(မိပြီ...)*
သို့သော်... သူမက အလျှော့မပေး။
လက်တစ်ဖက် အချုပ်ခံထားရပြီး၊ ဟန်ချက်ပျက်လုနီးပါး ဖြစ်နေသော်လည်း... သူမသည် ခန္ဓာကိုယ်ကို ဘေးတစောင်း တိမ်းစောင်းလိုက်ပြီး၊ နောက်ပြန်ဂျွမ်းထိုးကာ လွတ်မြောက်အောင် ကြိုးစားလိုက်သည်။
ယဲ့ဖန်နှင့် မျက်နှာချင်းဆိုင် ဖြစ်အောင် အတင်း လှည့်လိုက်ပြီး၊ ဂျွမ်းထိုးနေရင်းနှင့် ခြေထောက်ကို အားပြုကာ ယဲ့ဖန်ဆီသို့ နှစ်ချက်ဆက်တိုက် ကန်ချက်များ ပစ်လွှတ်လိုက်ပြန်၏။
"မပြီးသေးဘူးလား..."
ယဲ့ဖန် စိတ်မရှည်တော့။
ဒီမိန်းမကို ဖမ်းချုပ်ပြီး... ဘယ်သူ စေခိုင်းတာလဲ၊ ဘယ်က လာတာလဲ ဆိုတာကို "စစ်ဆေးမေးမြန်း" ဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။
သူမက ခေါင်းမာမာနှင့် ဆက်တိုက်နေတာ မြင်တော့... ယဲ့ဖန် သူမမျက်လုံးများကို သေချာ စိုက်ကြည့်လိုက်မိသည်။
ထိုအခါမှ... သူခိုးဝတ်စုံနှင့် မျက်နှာဖုံးအောက်ရှိ ကောက်ကျစ်စဉ်းလဲပြီး ရင်းနှီးနေသော မျက်လုံးတစ်စုံကို သတိထားမိလိုက်သည်။
တချိန်တည်းမှာပင်... လေထုထဲက ရင်းနှီးနေသော ရနံ့ဖျော့ဖျော့လေးက ဘယ်က လာသလဲ ဆိုတာကိုပါ သတိရသွား၏။
"ကောင်းပြီလေ... မင်းက ဒီလို ကစားချင်တယ် ပေါ့လေ"
ဒီ "ကောင်မလေး" ဘယ်သူလဲ ဆိုတာ သူ ချက်ချင်း သိလိုက်သည်။
သူ့နှုတ်ခမ်းထောင့်စွန်းများ မသိမသာ ကွေးညွှတ်သွားသည်။
သူမ၏ ကန်ချက် ရောက်လာချိန်တွင်... ယဲ့ဖန်သည် ခန္ဓာကိုယ်ကို အနည်းငယ် တိမ်းစောင်းလိုက်ပြီး ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။
တချိန်တည်းမှာပင်... ဖမ်းချုပ်ထားသော သူမ၏ လက်ကောက်ဝတ်ကို မပြင်းလွန်း၊ မပျော့လွန်းသော အားဖြင့် ဆွဲဆောင့်လိုက်၏။
"အ..."
အံ့သြတကြီး အော်ဟစ်သံနှင့်အတူ... ထိုနူးညံ့အိစက်သော ကိုယ်လုံးလေးသည် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ရောက်ရှိလာတော့၏။
ယဲ့ဖန်သည် အခွင့်ကောင်းယူကာ သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
"ငါ့အခန်းထဲကို သူခိုးပုံစံနဲ့ ဝင်လာရဲတယ်ပေါ့လေ..."
"ငါ့ရဲ့ အနိုင်ကျင့်တာကို ခံဖို့သာ ပြင်ထားလိုက်ပေတော့"
သူမကို ပွေ့ဖက်ထားလျက်... သူ မီးမဖွင့်သေး။
ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် သူမ၏ လက်နှစ်ဖက်လုံးကို ထိန်းချုပ်လိုက်ပြီး၊ ကုတင်ပေါ်သို့ ဖိချလိုက်လေတော့သည်...။