← Chapters

အဆောက်အအုံများ ခြောက်ကပ်သွားခြင်း၊ ဝိညာဉ်ရည် ထပ်မံ ဝယ်ယူခြင်း (အပိုင်း - ၂)

Vol. 14 Ch. 188

အဆောက်အအုံများ ခြောက်ကပ်သွားခြင်း၊ ဝိညာဉ်ရည် ထပ်မံ ဝယ်ယူခြင်း (အပိုင်း - ၂)

Vol. 14 Ch. 188

ယခင်က ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် အလွန် ရှားပါးခဲ့သည်။

ယခုမူ နေရာတိုင်းတွင် သူတို့ကို တွေ့မြင်နေရပြီ ဖြစ်သည်။

သံသယဖြစ်စရာ မလိုပါ။ နေမင်းကြီး ဓားဂိုဏ်းနှင့် ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းတို့သည် အခြားဒေသများမှ ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ အမြောက်အမြားကို စုဆောင်း ခေါ်ယူခဲ့ကြခြင်းပင်။

ဤအချက်က မြစိမ်းတော ဈေးတန်း၏ စွမ်းအားအဆင့်အတန်းကို တိုက်ရိုက် မြှင့်တင်ပေးလိုက်နိုင်ခဲ့သည်။

"ဒါပေမဲ့ ခြုံကြည့်ရင်တော့ အတော်လေး အေးဆေးတည်ငြိမ်နေပါတယ်..."

"ဘာပြဿနာမှ မဖြစ်ကြဘူး..."

ကျန်းဖန် သတိထားမိလိုက်သည်မှာ၊ ဂိုဏ်းကြီးနှစ်ခုမှ ကျင့်ကြံသူများသည် တစ်ဖက်နှင့်တစ်ဖက် ကြည့်မရကြသော်လည်း ပြဿနာရှာလိုစိတ် မရှိကြခြင်းပင်။

ထင်ရှားသည်မှာ သူတို့ကြားက စစ်ပွဲသည် ပြီးဆုံးသွားပြီ ဖြစ်သည်။

ဒုတိယအကြိမ် စစ်ပွဲကို ဘယ်သူမှ ပြန်မစချင်ကြပေ။

နှစ်ဖက်စလုံး၏ ဆုံးရှုံးနစ်နာမှုများသည် သည်းခံနိုင်စွမ်းထက် ကျော်လွန်နေလေပြီ။

ထို့ကြောင့် ရေတိုကာလအတွက်တော့ မြစိမ်းတော ဈေးတန်းသည် အတော်လေး လုံခြုံစိတ်ချရသည်။

ကျန်းဖန်သည် လုံခြုံရေးအတွက် ရုပ်ဖျက်ထားပြီး၊ သာမန် သက်လတ်ပိုင်း ကျင့်ကြံသူ တစ်ဦးအဖြစ် အသွင်ပြောင်းထားသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီကျင့်ကြံခြင်းအဆင့် (၆) တွင် ရှိနေသည်။

ဤစွမ်းအား အဆင့်အတန်းသည် သိပ်လည်း မနိမ့်လွန်း၊ သိပ်လည်း မမြင့်လွန်းသော အနေအထား ဖြစ်၏။

လူအများ၏ အာရုံစိုက်မှုကို မခံရဘဲ၊ မလိုလားအပ်သော ပြဿနာများနှင့် လောဘကြီးသူများ၏ မျက်စိကျခြင်းမှ ရှောင်ရှားနိုင်ရန် အကောင်းဆုံးပင်။

အတိအကျ အံဝင်ခွင်ကျ အဆင့်အတန်းပင်။

ပင်လယ်ထဲသို့ ကျရောက်သွားသော ရေတစ်စက်ကဲ့သို့ပင်၊ သူ့ကို မည်သူမျှ သတိထားမိကြမည် မဟုတ်။

" 'ဆေးလုံးတစ်ရာ ဆိုင်' ကို သွားကြည့်ကြတာပေါ့..."

"သူတို့ဆီမှာ ဘယ်လိုဆေးဝါးတွေ ရနိုင်မလဲ သိချင်တယ်..."

ကျန်းဖန် အတော်လေး မျှော်လင့်နေမိသည်။

မည်သို့ဆိုစေ သူ၏ လက်ထဲတွင် ဝိညာဉ်ကျောက်တုံး (၈၀၀၀) ဟူသည့် ကြီးမားသော ပမာဏ ရှိနေသည် မဟုတ်ပါလော။

ယခင်က ငွေရှိသော်လည်း သုံးစရာ နေရာမရှိသဖြင့် သသ အတော်လေး စိတ်ညစ်ခဲ့ရသည်။

ယခုမူ အခြေအနေများ ပြောင်းလဲသွားပြီ။ မြစိမ်းတော ဈေးတန်းလည်း ပြန်လည် တည်ဆောက်ပြီးပြီ ဖြစ်သဖြင့်၊ နောက်ဆုံးတွင် သူ ငွေသုံးနိုင်ပြီ ဖြစ်သည်။

မကြာမီ၊ ကျန်းဖန်သည် ဆေးလုံးတစ်ရာ ဆိုင်သို့ ထပ်မံ ရောက်ရှိလာခဲ့၏။

သို့သော် ဆေးလုံးတစ်ရာ ဆိုင်တွင် ဝယ်ယူသူ အလွန် နည်းပါးနေသည်ကို တွေ့လိုက်ရသည်။

လူသူကင်းမဲ့နေသည် မဟုတ်သော်လည်း၊ အတော်လေး ခြောက်ကပ်နေသည်။

"ဆိုင်ရှင် မသေသေးဘူးပဲ..."

"ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်လည်း တိုးတက်လာသေးတယ်..."

"ချီကျင့်ကြံခြင်းအဆင့် (၈) တောင် ရောက်နေပြီ..."

ကျန်းဖန်သည် ယခင်က သူ့ကို အကြိမ်ကြိမ် ဝန်ဆောင်မှု ပေးခဲ့သော ဆိုင်ရှင် ခွန်ချန်ကို ချက်ချင်း မှတ်မိလိုက်သည်။

သူတို့သည် မိတ်ဟောင်းဆွေဟောင်းများဟု ပြော၍ပင် ရနေပေသည်။

သို့သော် သူသည် ဆေးလုံးတစ်ရာ ဆိုင်သို့ လာတိုင်း ရုပ်ဖျက်ထားလေ့ ရှိပြီး၊ သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားလေ့ ရှိ၏။

ထို့ကြောင့် တစ်ဖက်လူက သူ့ကို မှတ်မိနိုင်စရာ အကြောင်း မရှိပေ။

"ကျင့်ကြံသူမိတ်ဆွေ... ဘယ်လို ဆေးဝါးမျိုး လိုချင်လို့လဲ..."

ဆိုင်ရှင် ခွန်ချန်သည် ကျန်းဖန် ရောက်လာသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာပြီး၊ လှိုက်လှဲစွာ ကြိုဆိုလိုက်၏။

"ကျွန်တော် ဝိညာဉ်ရည် လိုချင်လို့ပါ... ဒီမှာ ရှိလား..."

ကျန်းဖန် တဲ့တိုးပင် မေးလိုက်သည်။

ဝိညာဉ်ရည်ကို အကြိမ်ကြိမ် သောက်သုံးဖူးသဖြင့်၊ ၎င်း၏ တန်ဖိုးရှိပုံကို သူ ကောင်းစွာ သိသည်။

ဈေးကြီးသော်လည်း၊ ပေးရသည့် ဈေးနှင့် ထိုက်တန်သည်မှာ အမှန်ပင်။

ထို့ပြင် ၎င်းတွင် ဆေး၏ ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မပါဝင်ပါ၊ တကယ့်ကို အဆင့်မြင့် ဝိညာဉ်ပစ္စည်း စစ်စစ် ဖြစ်သည်။

"ဝိညာဉ်ရည်လား... ရှိတာပေါ့ဗျာ... တစ်စက်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ ပါ... ဘယ်နှစက်လောက် ယူမလဲ..."

ဆိုင်ရှင် ခွန်ချန်သည် ပြုံးရွှင်စွာ ပြောလိုက်သည်။

ဒီနေ့တော့ ဝယ်လက်ကောင်း တစ်ယောက်နဲ့ တွေ့ပြီဘဲဟု တွေးကာ သူ အလွန် ဝမ်းသာနေမိ၏။

"သိပ်မများပါဘူး... ဝိညာဉ်ရည် အစက် ၂၀ လောက် လိုချင်ပါတယ်..."

ကျန်းဖန် ချက်ချင်း ပြန်ဖြေလိုက်သည်။

သူသည် ချီကျင့်ကြံခြင်းအဆင့် (၇) သို့ အမြန်ဆုံး တက်လှမ်းလိုသည်။

ခန့်မှန်းခြေအားဖြင့် ဝိညာဉ်ရည် အစက် (၂၀) ခန့် ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

"ဝိညာဉ်ရည် အစက် ၂၀ ဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ဆိုင်ရှင် ခွန်ချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ဤလူသည် အမှန်တကယ် ဝယ်လက်ကြီး တစ်ဦး ဖြစ်ကြောင်း သဘောပေါက်သွားသည်။

မူလက သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦးဟု ထင်မှတ်ထားသော်လည်း၊ မမျှော်လင့်ဘဲ ဤမျှ ချမ်းသာနေသည်။

ဝိညာဉ်ရည် အစက် (၂၀) ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး (၆၀၀၀)ပင် တန်ဖိုးရှိသည်။

သာမန် လေလွင့်ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဤမျှ ကြီးမားသော ကြွယ်ဝမှုကို ဘယ်က ရနိုင်ပါမည်နည်း။

သံသယဖြစ်စရာ မလိုပါ၊ ဤလူသည် ကြီးမားသော မိသားစုကြီး တစ်ခုခုမှ ဆင်းသက်လာသူသာ ဖြစ်ရပေမည်။ သို့မဟုတ်ပါက ဝိညာဉ်ကျောက်တုံး အများအပြားကို မည်သို့ ထုတ်ပေးနိုင်မည်နည်း။

သို့သော် စီးပွားရေးသမား တစ်ယောက် အနေဖြင့် သူသည် စုံစမ်းမေးမြန်းရန် အစီအစဉ် မရှိပေ။

မြစိမ်းတော ဈေးတန်းတွင် နှစ်ပေါင်းများစွာ ဘေးကင်းစွာ ရပ်တည်နိုင်ခဲ့ခြင်းမှာ သူတစ်ပါးကိစ္စကို ဝင်မပါခဲ့သောကြောင့် ဖြစ်သည်။

ဖောက်သည်တွင် ပိုက်ဆံရှိသရွေ့ သူ့အတွက် လုံလောက်ပြီ။ သူတို့၏ ကိုယ်ပိုင်အမှတ်အသားနှင့် နောက်ခံကို ဂရုစိုက်စရာ မလိုပေ။

"ရပါတယ်ဗျာ... ခဏစောင့်ပါ..."

ဆိုင်ရှင် ခွန်ချန်က စကားအများကြီး ဆက်မပြောတော့ဘဲ၊ အတွင်းခန်းထဲသို့ ဝင်သွားကာ ကျောက်စိမ်းပုလင်း အများအပြားကို ယူဆောင်လာခဲ့၏။

ပုလင်းတိုင်းတွင် ဝိညာဉ်ရည် တစ်စက်စီ ပါဝင်သည်။

အတိအကျ ပုလင်း (၂၀) ပင်။

"ကောင်းပြီ..."

ကျန်းဖန်သည် ဝိညာဉ်ကျောက်တုံး (၆၀၀၀) ကို ချက်ချင်း ပေးချေလိုက်၏။

ထို့နောက်တွင်မူ ဝိညာဉ်ရည်များကို သိမ်းဆည်းလိုက်သည်။

"ဒါနဲ့... ဆေးလုံးတစ်ရာ ဆိုင်ရဲ့ အရောင်းအဝယ်က ဘာလို့ ဒီလောက် ပါးနေရတာလဲ..."

"ပြီးတော့ ဆေးဝါး ဈေးနှုန်းတွေကလည်း အရင်ကထက် အများကြီး သက်သာနေပါလား..."

ဆေးဝါး ဈေးနှုန်းများသည် ယခင်ကထက် တစ်ဆ၊ နှစ်ဆခန့် ကျဆင်းသွားကြောင်း ကျန်းဖန် သတိထားမိလိုက်သည်။

ယင်းမှာ အတော်လေး အံ့သြစရာ ကောင်းပါသည်။

"ဟူး... အကုန်လုံးက ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းကြောင့်ပေါ့ဗျာ... သူတို့က ဆေးဝါးတွေကို ဈေးပေါပေါနဲ့ ရောင်းနေကြတာ..."

"သူတို့က ဆေးဝါးကျွမ်းကျင်တဲ့ ဂိုဏ်းလေ... ဆေးဖော်စပ်တဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်..."

"သူတို့ ထုတ်လုပ်တဲ့ ဆေးဝါးတွေက အရည်အသွေး ကောင်းပြီး ဈေးလည်း သက်သာတယ်..."

"အဲ့တော့ ဖောက်သည်တွေက ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းရဲ့ ဆိုင်ကိုပဲ သွားကြတော့တာပေါ့ဗျာ... ကျွန်တော်တို့ ဆေးလုံးတစ်ရာ ဆိုင်ကို ဘယ်လာကြတော့မလဲ..."

"ကြည့်ရတာ... သိပ်မကြာခင် ကျွန်တော်တို့ ဆေးလုံးတစ်ရာ ဆိုင်ကို ပိတ်လိုက်ရတော့မယ့်ပုံပဲ..."

ဆိုင်ရှင် ခွန်ချန် ကူရာမဲ့စွာ ပြောလိုက်သည်။

ယခင်က နေမင်းကြီး ဓားဂိုဏ်း၏ ဆေးလုံးတစ်ရာ ဆိုင်သည် စီးပွားရေးကို လက်ဝါးကြီးအုပ်ထားပြီး၊ ပြိုင်ဘက်လည်း မရှိခဲ့ပေ။

သူတို့ ကြိုက်သလောက် ဈေးခေါ်၍ ရခဲ့သည်။

ယခုမူ မြစိမ်းတော ဈေးတန်းတွင် ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းက စီးပွားရေး လာလုနေပြီ ဖြစ်သည်။

သူတို့၏ အမြတ်အစွန်းများကို သိသိသာသာ လျော့နည်းသွားစေခဲ့၏။

သူတို့ ဘာမှ မတတ်နိုင်ဘဲ၊ ပြိုင်ဘက်က စီးပွားရေး လုယူသွားသည်ကို လက်ပိုက်ကြည့်နေရုံသာ ရှိတော့သည်။

သေချာသည်မှာ ဆေးဝါး ဈေးနှုန်း ကျဆင်းသွားခြင်းသည် လေလွင့်ကျင့်ကြံသူများ အတွက် ကောင်းသောကိစ္စ တစ်ခု ဖြစ်သည်။

"သြော်... ဒီလိုကိုး..."

ကျန်းဖန်သည် ဆိုင်ရှင် ခွန်ချန်၏ ညည်းတွားသံများကို ဂရုမစိုက်တော့ဘဲ၊ လှည့်ထွက်လာခဲ့သည်။

ကျင့်ကြံခြင်းက အမှန်တကယ်ပင် ငွေကုန်ကြေးကျ များကြောင်း သူ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရ၏။

ဝိညာဉ်ကျောက်တုံး (၈၀၀၀) ရှိသဖြင့် သူဌေးဖြစ်ပြီဟု ထင်မှတ်ခဲ့သော်လည်း၊ မျက်တောင်တစ်ခတ်အတွင်း ကုန်သွားခဲ့လေပြီ။

သူ့တွင် ဝိညာဉ်ကျောက်တုံး (၂၀၀၀) သာ ကျန်ရစ်တော့သည်။

ဟုတ်သားပဲ... ဒုစရိုက်သမားတွေဆီက ရထားတဲ့ မှော်လက်နက်တွေနဲ့ ကုန်ကြမ်းပစ္စည်း တချို့ ရှိသေးတာပဲ။

အဲ့ဒါတွေကို ရောင်းပြီး ဝိညာဉ်ကျောက်တုံး ပြန်ရှာလို့ ရတယ်။

ထိုသို့ တွေးမိသည်နှင့် ကျန်းဖန် ချက်ချင်း လှုပ်ရှားလိုက်သည်။

မကြာမီ အချိန်အတွင်းမှာပင် သူသည် အသုံးမလိုသော မှော်လက်နက်များနှင့် ကုန်ကြမ်းပစ္စည်း အားလုံးကို ရောင်းချနိုင်ခဲ့ပြီး၊ ဝိညာဉ်ကျောက်တုံး (၅၀၀၀)အား ထပ်မံ ရရှိလိုက်၏။

မြစိမ်းတော ဈေးတန်းတွင် ကျင့်ကြံသူများ များပြားလာခြင်းကြောင့်၊ ဝယ်ယူနိုင်စွမ်းအားသည်လည်း သိသိသာသာ မြင့်တက်လာပုံ ရသည်။

"မဆိုးဘူး..."

ကျန်းဖန် အတော်လေး ကျေနပ်သွားသည်။

ဝိညာဉ်ကျောက်တုံး (၆၀၀၀) သုံးစွဲလိုက်ရသော်လည်း၊ အသုံးမဝင်သော ရတနာများကို ရောင်းချလိုက်နိုင်ခဲ့သည်။

သူ၏ ကြွယ်ဝမှုသည် ဝိညာဉ်ကျောက်တုံး (၇၀၀၀) သို့ ပြန်လည် ရောက်ရှိသွားပြန်သည်။

သူ၏ ပိုက်ဆံအိတ် ပြန်လည် ဖောင်းကားလာသည်ကို သူ ခံစားလိုက်ရ၏။

ရွှစ်…

ကိစ္စများ ပြီးစီးသွားသည်နှင့်၊ ကျန်းဖန် အိမ်သို့ ပြန်လာခဲ့သည်။

မိုးမချုပ်ခင် အိမ်ပြန်ရောက်မှ ဖြစ်မည်။

မြစိမ်းတော ဈေးတန်းမှ ထွက်ခွာလာသည်နှင့် တစ်ပြိုင်နက်၊ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေကြောင်း သူ ချက်ချင်း သတိထားမိလိုက်သည်။

"ဒုစရိုက်သမားတွေလား..."

"စောစောက မှော်လက်နက်တွေ ရောင်းတုန်းက ငါ သိပ်ပြီး ဟိတ်ဟန်ထုတ်မိသွားတယ် ထင်တယ်..."

"ကြွယ်ဝမှုကို မပြသသင့်ဘူး ဆိုတာ ဒါမျိုးကို ပြောတာပဲ... လူဆိုးတွေရဲ့ လောဘကို ဆွပေးသလို ဖြစ်သွားတာကိုး..."

"ဒါပေမဲ့လည်း ကောင်းပါတယ်... ငါ့ရဲ့ လက်ရှိ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေး ရတာပေါ့..."

ကျန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ လက်သွားသည်။

သူ၏ စွမ်းအားသည် ယခင်ကနှင့် မတူတော့ပေ။ ဒုစရိုက်သမားများ စောင့်ကြည့်နေလျှင်တောင် သူ စိုးစဉ်းမျှ စိုးရိမ်ခြင်း မရှိပါ။

ထို့အစား သူသည် ဘာမှ မသိသကဲ့သို့ ဟန်ဆောင်ကာ၊ သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာသို့ ဆက်လက် ထွက်ခွာသွားလိုက်သည်။

မြစိမ်းတော ဈေးတန်းမှ (၁၀) ကီလိုမီတာခန့် အကွာအဝေးထိ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် ဒုစရိုက်သမား အုပ်စုသည် ဆက်လက် သည်းမခံနိုင်ကြတော့ပေ။

"ဒီကောင်လေးက ဘာလို့ တောနက်ထဲ ဆက်ဝင်နေရတာလဲ... ငါတို့ကိုများ ရိပ်မိသွားလို့လား..."

"ဟားဟား... ရိပ်မိတော့ကော ဘာဖြစ်လဲကွာ... ချီကျင့်ကြံခြင်းအဆင့် (၆) ပဲ ရှိတဲ့ ပုရွက်ဆိတ်လေး တစ်ကောင်ကို..."

"ဒီကောင်လေးက ဈေးတန်းမှာ မှော်လက်နက်တွေ ရောင်းလာတာကွ၊ သူ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၄၀၀၀၊ ၅၀၀၀ လောက် ရလာမှာ... သေချာပေါက် သူဌေးလေးပဲ..."

"သူ့ကို သတ်လိုက်ရင်၊ ငါတို့ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၁၀၀၀ စီလောက် ရနိုင်တယ်..."

"စကားများမနေနဲ့တော့... သူ့ကိုသတ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ယူကြစို့..."

ဒုစရိုက်သမား အုပ်စု၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပေါ်လာသည်။

စုစုပေါင်း ဒုစရိုက်သမား (၅) ယောက် ရှိပြီး၊ (၄) ယောက်က ချီကျင့်ကြံခြင်းအဆင့် (၇) ဖြစ်ကာ၊ (၁) ယောက်မှာ ချီကျင့်ကြံခြင်းအဆင့် (၈) ဖြစ်၏။

သူတို့သည် အဆင့်မြင့် မှော်လက်နက်များကို ထုတ်ယူပြီး၊ ကျန်းဖန်ကို ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် မှော်အလင်းတန်းများသည် အမြောက်ဆန်များကဲ့သို့ ကျန်းဖန်ဆီသို့ တရစပ် ပျံသန်းလာကြ၏။

ပါဝင်သော စွမ်းအားကို လျှော့တွက်၍ မရနိုင်ပေ။

"အားနည်းလိုက်တာ..."

"နောက်ဆုံးတော့ တိုက်ခိုက်လာကြပြီပေါ့..."

ကျန်းဖန်သည် ထိုအငွေ့အသက်များကို အာရုံခံမိသည်နှင့်၊ တည်ငြိမ်စွာပင် သူ၏ ပင်ကိုအင်းကွက် ဖြစ်သော 'ကိုယ်ခန္ဓာ ကာကွယ်ရေးအင်း' ကို အသက်သွင်းလိုက်သည်။

မဟာအောင်မြင်မှု အဆင့် ကိုယ်ခန္ဓာ ကာကွယ်ရေးအင်းသည် အလွန် စွမ်းအားကြီးမားသည်။

ချက်ချင်းဆိုသလိုပင် မူလဝိညာဉ်စွမ်းအား ဒိုင်းကာ သုံးထပ်ကို ဖန်တီးပေးနိုင်၏။

အခြား ကာကွယ်ရေး အင်းကွက်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။

၎င်း၏ ကာကွယ်နိုင်စွမ်းသည် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကိုပင် လွယ်ကူစွာ ခုခံနိုင်စွမ်း ရှိသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝိညာဉ်စွမ်းအင် ဒိုင်းကာ သုံးထပ်သည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို အလွှာလိုက် လွှမ်းခြုံသွား၏။

စက်လုံးပုံသဏ္ဌာန် ဒိုင်းကာကြီး တစ်ခုကဲ့သို့ပင်။

သူ့ကို ဘက်ပေါင်းစုံမှ ကာကွယ်ပေးထားသည်။

ဘုန်း... ဘုန်း... ဘုန်း…

နောက်တစ်စက္ကန့် အကြာတွင် ဒုစရိုက်သမား (၅) ဦး၏ တိုက်ခိုက်မှုများသည် ဝိညာဉ်စွမ်းအင် ဒိုင်းကာပေါ်သို့ ကျရောက်သွားရာ ပြင်းထန်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာ၏။

မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ အပျက်အစီးများ လွင့်ပျံကာ ဖုန်မှုန့်များ တထောင်းထောင်း ထသွားသည်။

သို့သော် ကျန်းဖန်သည် မတုန်မလှုပ် ရပ်နေ၏၊ သူ့ကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုမျှပင် မရရှိခဲ့ပေ။

"မဖြစ်နိုင်ဘူး..."

"ချီကျင့်ကြံခြင်းအဆင့် (၆) ကောင်လေး တစ်ယောက်က... ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ (၅) ယောက်ရဲ့ တိုက်ခိုက်မှုကို ခံရတာတောင် ဘာမှမဖြစ်ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား..."

"သူ့မှာ ကာကွယ်ရေး ရတနာ တစ်ခုခု ရှိနေတာများလား..."

ဒုစရိုက်သမား အုပ်စုသည် အံ့သြမှင်သက်သွားကြပြီး၊ နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ သူတို့သည် ကျန်းဖန်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

…….

All Chapters