အခန်း (၁၈၄၆-၁၈၄၈)
Vol. 98 Ch. 1846-1848
အခန်း (၁၈၄၆) - မြေခွေးက သူ့အမြီးသူ ထုတ်ပြလိုက်ပြီ
~ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"ငါ သိတယ်..."
တံခါးစောင့် နှစ်ယောက်ကို မြင်လိုက်ကတည်းက၊ ဒီမူလတန်းကျောင်းဟာ သာမန် မဟုတ်မှန်း သူ ရိပ်မိပြီးသား။
အဲ့ဒီနှစ်ယောက်က အဝတ်အစား ဖရိုဖရဲ ဖြစ်နေရုံသာမက၊ ကျောင်းလုံခြုံရေး ဝန်ထမ်းတွေနှင့် လုံးဝ မတူ။ အရေးကြီးဆုံးက... သူတို့၏ မျက်နှာနှင့် မျက်လုံးတွေက အရမ်း ကြမ်းကြုတ်နေခြင်းပင်။
လက်ဆစ်တွေမှာလည်း အသားမာတွေ တက်နေပြီး၊ အမာရွတ်တွေလည်း ရှိနေသေးသည်။
ဒါက မူလတန်းကျောင်း လုံခြုံရေး တစ်ယောက်၏ ပုံစံ မဟုတ်။
လူသတ်ဖူး၊ ဖြတ်ဖူး၊ သွေးစွန်းဖူးသော မြေအောက်လောက လူမိုက်တွေနှင့် ပိုတူနေ၏။
နောက်ထပ် ထူးဆန်းတာ တစ်ခုက...
သူတို့နှစ်ယောက် ယဲ့ဖန်နှင့် ဖူမာကျန်းဝူကို မြင်သည်နှင့် တရုတ်စကားနှင့် လှမ်းပြောလိုက်ခြင်းပင်။
ဒီနေရာက တိုင်းတစ်ပါးလေ...။
ပုံမှန်အားဖြင့်... တိုင်းတစ်ပါးမှာ အလုပ် လာလုပ်သည့် တရုတ်လူမျိုး (၃) မျိုးသာ ရှိသည်။
ပထမ တစ်မျိုးက... "အထက်တန်းလွှာ ပညာရှင်များ"။ ဘဝကို ခံစားဖို့ ဖြစ်ဖြစ်၊ စီးပွားရေး လုပ်ဖို့ ဖြစ်ဖြစ် ရောက်လာကြသူတွေ။ သူတို့က လုံခြုံရေး လာလုပ်မှာ မဟုတ်ပေ။ ထို့ပြင်၊ လူချင်းတွေ့သည်နှင့် ချက်ချင်း တရုတ်လို နှုတ်ဆက်ဖို့ ဆိုတာ ပို၍ပင် မဖြစ်နိုင်သေး။
ဒုတိယ တစ်မျိုးက... "ရိုးရိုး လုပ်သားများ"။ စားဖိုမှူး၊ ဆံသဆရာ၊ ရွှေရှာသူ စသည်ဖြင့် ကျွမ်းကျင်မှု တစ်ခုခုနှင့် လာလုပ်ကိုင်ကြသူတွေ။ သူတို့လည်း လုံခြုံရေး လာလုပ်ဖို့ အလားအလာ နည်းသည်။
တတိယ တစ်မျိုးကတော့... "တရားမဝင် ရွှေ့ပြောင်းလုပ်သားများ"။
တရားဝင် နေထိုင်ခွင့် မရှိ၊ ကောင်းမွန်သော အလုပ်အကိုင် မရနိုင်၊ ကျွမ်းကျင်မှု မရှိသည့် သူတွေသာ... ဒီလို နေရာမျိုးမှာ လုံခြုံရေး လာလုပ်ကြမည် ဖြစ်၏။
ခုနက လုံခြုံရေး နှစ်ယောက်က... တတိယ အမျိုးအစားနှင့် ကိုက်ညီနေလေ၏။
သူတို့က ဥပဒေဘောင် အပြင်ဘက်မှာ နေထိုင်နေသူတွေ။ လူကောင်း သူကောင်းတွေ မဟုတ်။
ထို့ထက်ပို၍၊... သူတို့က တမင်တကာ စမ်းသပ်သည့် သဘောနှင့် တရုတ်လို လှမ်းပြောလိုက်တာ ဖြစ်နိုင်သည်။
ဒီလို လူမိုက်တွေကို လုံခြုံရေး ခန့်ထားသည်၊ ဝင်လာသည်နှင့် တံခါးချက်ချင်း ပိတ်သည်၊ ကျောင်းခြံစည်းရိုးမှာ ဗို့အားမြင့် လျှပ်စစ်ကြိုးတွေ တပ်ထားသည် ဆိုတော့...
ဒီနေရာက ဘယ်လောက်တောင် "မသန့်ရှင်း" လိုက်မလဲ ဆိုတာ တွေးကြည့်၍ ရနေ၏။
ယဲ့ဖန်သည် မျက်လုံးထောင့်မှ အကဲခတ်နေသည်ကို ရပ်လိုက်သည်။ တက်တူးနှင့်လူက ဖူမာကျန်းဝူ၏ ကျောပြင်ကို စိုက်ကြည့်နေတာကို သတိထားမိလိုက်တော့ သူ့မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
‘ဒါပေမဲ့... ဒီနေရာက မြွေတွင်း ဖြစ်နေရင်တောင်၊ ဒီနေ့တော့ ငါ ဝင်မွှေရမှာပဲ’
‘ဘာလို့လဲဆိုတော့... သူတို့ဆီမှာ ငါလိုချင်တဲ့ ပစ္စည်း ရှိနေလို့’
ကျောင်းအုပ်ကြီး ရုံးခန်း ဘယ်မှာလဲ ဟု မေးလိုက်တုန်းက... သူ၏ ရတနာ ရှာဖွေရေး စနစ်က "အာရှ၏ ပုလဲ" ဟာ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ ရှိနေသည်ဟု ညွှန်ပြနေ၏။
အဲ့ဒီပစ္စည်းကို လိုချင်ရင်... "ကျောင်းအုပ်ကြီး" ဆိုတဲ့ လူနဲ့ မျက်နှာချင်းဆိုင် တွေ့ရဖို့ လိုသည်။
ဖူမာကျန်းဝူကတော့ ယဲ့ဖန် ဘာရှာနေလဲ မသိသော်ငြား၊ ယဲ့ဖန်၏ စကားကို ကြားသည်နှင့် ချက်ချင်း လက်ကို ဆုပ်ကိုင်လိုက်၏။
"သခင် ဘယ်သွားသွား... ကျွန်မ လိုက်ခဲ့မယ်"
"တက်သွားကြစို့..."
ယဲ့ဖန် ဘာမှ ဆက်မပြောတော့။ ဖူမာကျန်းဝူ လက်ကို ဆွဲပြီး ရုံးခန်း အဆောက်အဦးပေါ်သို့ တက်ခဲ့လိုက်သည်။
သို့သော်...
မျှော်လင့်မထားတဲ့ အရာတစ်ခုကတော့... ကျောင်းအုပ်ကြီး ရုံးခန်းထဲ ရောက်သည့်အခါ သူတို့ကို ကြိုဆိုသူ "ကျောင်းအုပ်ကြီး ဟွမ်ရှုချိုင်" (Huang Shucai) ဆိုသူက...အလွန်ပင် ခန့်ညားပြီး၊ အထက်တန်းဆန်သော လူငယ်လေး တစ်ယောက် ဖြစ်နေခြင်းပင်။
အောက်က လုံခြုံရေး ဂိတ်ပေါက်က လူမိုက်ရုပ်တွေ၊ လျှပ်စစ်စည်းရိုးတွေနှင့် လုံးဝ ဆက်စပ်၍ မရနိုင်သော ပုံစံမျိုးပင်။
ကျောင်းအုပ်ကြီး ဟွမ် က အလွန် သဘောကောင်းမည့်ပုံ ပေါက်သည်။
ဘရန်း အဝတ်အစားတွေ ဝတ်ဆင်ထားပြီး၊ 'အာမေနီ' မျက်မှန်ကို တပ်ထားသည်။ အသံကလည်း ဖော်ရွေသည်။
"မိတ်ဆွေတို့က... ကျုပ်တို့ကျောင်းမှာ တရုတ်စာပြ ဆရာ လာလျှောက်တာ မဟုတ်လား"
"ထိုင်ကြပါဗျာ..."
"သောက်စရာ ဘာယူမလဲ... ကော်ဖီလား၊ ရေနွေးကြမ်းလား၊ ဖျော်ရည်လား"
"ရေနွေးကြမ်းပဲ သောက်ပါ့မယ်..."
ယဲ့ဖန် ပြန်ပြုံးပြလိုက်ပြီး၊ ဖူမာကျန်းဝူကို ခေါ်ကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင်... စနစ်ကို ဖွင့်ပြီး စစ်ဆေးလိုက်ရာ၊ "အာရှ၏ ပုလဲ" တည်နေရာကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။
ဟွမ်ရှုချိုင် လက်ဖက်ခြောက် ယူနေသည့် ဗီရိုထဲမှာ...။
ထိုစဥ်၊ ဟွမ်ရှုချိုင်က ပြုံးရွှင်စွာ ပြောလာ၏။
"ရေနွေးကြမ်းက ကောင်းပါတယ်... စိတ်ကို ကြည်လင်စေတယ်လေ။ ကျွန်တော်က တိုင်းတစ်ပါး ရောက်နေပေမယ့် ရေနွေးကြမ်းပဲ ကြိုက်တာ"
"နိုင်ငံခြား ကော်ဖီတွေက အရသာ မရှိဘူးလို့ ခံစားရတယ်ဗျာ"
သူ့ပုံစံက... တိုင်းတစ်ပါး ရောက်နေတဲ့ တရုတ်လူမျိုး အချင်းချင်း ရင်းနှီးမှု ရအောင် တမင် ဖန်တီးနေသလိုပါပဲ။
သို့သော်၊...
ယဲ့ဖန်ကတော့ အရာအားလုံးကို မြင်နေရသည်။
ဒီလူက လက်ဖက်ခြောက် ထည့်နေရင်းနှင့်... ပါးစပ်က ဟာသတွေ ပြော၊ သူတို့အာရုံကို လှည့်စားပြီး၊ လက်ဖက်ခြောက်ထဲသို့ ဆေးလုံး အသေးလေး တစ်လုံး ရောထည့်လိုက်တာကို ယဲ့ဖန် တွေ့လိုက်ရသည်။
ဟဲဟဲ...
မြေခွေးက သူ့အမြီးသူ ထုတ်ပြလိုက်ပြီပဲ...။
အခန်း (၁၈၄၇) - ခင်ဗျား ကျုပ်ကို နောက်နေတာလား
~‘ပုံစံမကျတဲ့ လုံခြုံရေး ဝန်ထမ်းတွေ...။
အကြောင်းမဲ့ သက်သက် ခံတပ်ကြီး တစ်ခုလို ကာရံထားတဲ့ ကျောင်းခြံစည်းရိုးတွေ...။
ပြီးတော့... ပထမဆုံး တွေ့ဆုံမှုမှာတင် အင်တာဗျူးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဧည့်သည်ကို မူးယစ်ဆေးခတ်တဲ့ ကျောင်းအုပ်ကြီး တစ်ယောက်...။
ဘယ်လိုပဲ ကြည့်ကြည့်... ဒီကျောင်းက ပုံမှန် မဟုတ်တာတော့ သေချာနေပြီ။’
ယဲ့ဖန် မျက်လုံးများကို အသာမှေးစင်းလိုက်၏။
*(ဒီနေရာက တကယ်တမ်း ဘာနေရာလဲ...)*
*(ဒီကျောင်းအုပ် ဟွမ် ဆိုတဲ့ကောင်က ဘာလို့ ဆေးခတ်ချင်ရတာလဲ...)*
အတွေးလွန်နေချိန်တွင်... သူ့ခြေထောက်ကို တစ်စုံတစ်ရာက လာထိသည်ကို ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်တော့... ဖူမာကျန်းဝူက ဟွမ်ရှုချိုင်၏ ဖိနပ်ကို ကြည့်ဖို့ မျက်စပစ်ပြနေသည်ကို ယဲ့ဖန် တွေ့လိုက်ရသည်။
ယဲ့ဖန် လှမ်းကြည့်လိုက်သောအခါ... ဟွမ်ရှုချိုင်၏ သားရေဖိနပ် အချွန်ထိပ်ဖျားတွင် သွေးစွန်းနေသော အစက်အပျောက်လေး တစ်ခုကို တွေ့လိုက်ရသည်။
ဖိနပ်အောက်ခြေနားမှာလည်း သွေးစွန်းနေသော ခြေရာအချို့ ကျန်ရှိနေသေးသည်။
ယဲ့ဖန် ချက်ချင်း သတိရသွားသည်။
ဒီအခန်းထဲ စဝင်လာကတည်းက... အခန်းဖြန်းဆေးနံ့ ပြင်းပြင်းကြီး ရနေသည် မဟုတ်ပါလော။
သူ ချက်ချင်း အာရုံစိုက်လိုက်ပြီး၊ အခန်းထဲက လေကို ရှူရှိုက် အကဲခတ်လိုက်သည်။
ထင်သည့် အတိုင်းပါပဲ...။
အခန်းဖြန်းဆေးနံ့ ပြင်းပြင်းကြီး၏ အောက်မှာ... ရေနွေးကြမ်းနံ့၊ ဆေးလိပ်နံ့နဲ့ အရက်နံ့တွေအပြင်... သွေးညှီနံ့ သဲ့သဲ့လေးပါ ရောပါနေသည်။
ယဲ့ဖန်၏ အကြည့်များ ပြောင်းလဲသွား၏။
ဖူမာကျန်းဝူ၏ လက်ကို အသာပုတ်ပြီး စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။
ထို့နောက်... ဘာမှ မသိသလို ဟန်ဆောင်ပြီး ဟွမ်ရှုချိုင်ကို သဘာဝကျကျ မေးလိုက်၏။
"ကျောင်းအုပ်ကြီး ဟွမ်... တရုတ်စာပြ ဆရာ ရွေးချယ်တဲ့ နေရာမှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေက ဘာတွေလဲဗျ"
ဟွမ်ရှုချိုင်ကတော့ ရေနွေးကြမ်း ငှဲ့ပေးဖို့သာ အာရုံစိုက်နေသည်။ ရေနွေးပူပူထဲတွင် ဆေးလုံးလေး ပျော်ဝင်သွားသည်ကို မြင်တော့မှ၊ ယဲ့ဖန်နှင့် ဖူမာကျန်းဝူ ရှေ့သို့ ခွက်များကို ချပေးလိုက်သည်။
"ရော့... ရေနွေးကြမ်းလေး သုံးဆောင်ပါဦးဗျ"
"လိုအပ်ချက်တွေက ရိုးရှင်းပါတယ်... တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရင် ရပြီ။ တရုတ်ပြည်ဖွား ဇာတိဆိုရင်တော့ ပိုကောင်းတာပေါ့ဗျာ"
"ကျုပ်တို့ကျောင်းရဲ့ ရည်ရွယ်ချက်က... ကျောင်းသားတွေကို တရုတ်စကား အခြေခံ ရအောင် သင်ပေးဖို့နဲ့ စာမတတ်သူ ပပျောက်ရေးပါပဲ"
ယဲ့ဖန် ခါးကို မတ်လိုက်ပြီး ဆက်မေးလိုက်သည်။
"ဒါဆို... အင်တာဗျူး အစီအစဉ်က ဘယ်လိုလဲဗျ"
ဟွမ်ရှုချိုင်က သူ့ရှေ့က ရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ပြီး ပြုံးရယ်ကာ ပြောလိုက်သည်။
"ရိုးရှင်းပါတယ်... ကျုပ်နဲ့ တရုတ်လို စကားပြောကြည့်ပြီး၊ စကားပြောစွမ်းရည် ဘယ်လောက်ရှိလဲ ဆိုတာ စစ်ဆေးရုံပါပဲ"
"ဒါကြောင့် မိတ်ဆွေတို့ အနေနဲ့ အရမ်းကြီး အနေမခက်ပါနဲ့... ပေါ့ပေါ့ပါးပါး နေကြပါ"
"ကဲ... အသံကြည်သွားအောင် ရေနွေးကြမ်းလေး အရင်သောက်လိုက်ပါဦး"
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ရေနွေးကြမ်းခွက်ကို ကောက်ကိုင်လိုက်သည်။
ယဲ့ဖန် ခွက်ကို ပါးစပ်နား တေ့လိုက်သည်ကို မြင်သောအခါ၊ ဟွမ်ရှုချိုင်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားသည်။
သို့သော်၊...
သောက်ခါနီး ဆဲဆဲမှာပင်... ယဲ့ဖန်က ခွက်ကို ပြန်ချလိုက်ပြီး မေးခွန်း ထပ်ထုတ်လိုက်ပြန်၏။
"ဒါနဲ့... ကျောင်းအုပ်ကြီး။ လိုအပ်ချက်က ဒီလောက် နည်းနေမှတော့... လစာနဲ့ ခံစားခွင့်တွေကရော ဘယ်လို ရှိမလဲဗျ"
ဟွမ်ရှုချိုင်၏ အပြုံးကြီး အေးခဲသွားသည်။
ခဏကြာမှ ဟန်ပြန်လုပ်ပြီး ဖြေလိုက်သည်။
"လစာနဲ့ ခံစားခွင့် အတွက်တော့ စိတ်မပူပါနဲ့ဗျာ..."
"ကျုပ်တို့ကျောင်းက နည်းနည်း ထူးခြားတယ်... တခြားကျောင်းတွေထက် (၅၀) ရာခိုင်နှုန်းလောက် ပိုပေးပါတယ်"
"ဟာ... အဲ့လောက်တောင် များတာလား"
ယဲ့ဖန် အံ့သြသွားသည့် ပုံစံ လုပ်ပြလိုက်သည်။
"ဒါဆို... သင်ရိုးညွှန်းတမ်းတွေက အရမ်းများနေမလား"
"ပြီးတော့..."
"ဟားဟား... မစ္စတာ လော့ ရယ်။ အရမ်း စိတ်မလောပါနဲ့ဗျာ"
ဟွမ်ရှုချိုင်က ယဲ့ဖန်တို့ နှစ်ယောက်ကို လာမည့် အင်တာဗျူး ဖြေဆိုသူတွေနှင့် မှားနေပုံ ရသည်။
"ရေနွေးကြမ်းလေး အရင်သောက်ပါဦး... သောက်ရင်း ပြောကြတာပေါ့"
"စိတ်မပူပါနဲ့... အသေးစိတ် အစီအစဉ်တွေကို ကျွန်တော် သေချာ ရှင်းပြပါ့မယ်"
ယဲ့ဖန် ထပ်မေးမှာကို တားသည့်အနေနှင့် ရေနွေးကြမ်းသောက်ဖို့ ထပ်ပြီး တိုက်တွန်းလိုက်ပြန်၏။
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ခွက်ကို ပါးစပ်နား တေ့လိုက်ပြန်၏။
ဟွမ်ရှုချိုင် မျှော်လင့်တကြီး ကြည့်နေပြန်၏။
ခွက်က နှုတ်ခမ်းနား ရောက်လေ... သူ့အပြုံးက ပိုပီပြင်လေ...။
သို့သော်၊... ဒီတစ်ခါလည်း ယဲ့ဖန်က ခွက်ကို ပြန်ချလိုက်ပြီး ရုတ်တရက် ပြောလိုက်ပြန်၏။
"ဪ... မေ့လို့။ ကျောင်းအုပ်ကြီး... ကျောင်းရဲ့ တရားဝင် အသိအမှတ်ပြု လက်မှတ်တွေကို ကျွန်တော် ကြည့်လို့ ရမလားဗျ"
"မင်း... အမေ..."
ဟွမ်ရှုချိုင် စိတ်မရှည်တော့ဘဲ ယောင်ရမ်းပြီး ဆဲမိသွားသည်။
"ဗျာ..."
ယဲ့ဖန် ကြောင်အမ်းအမ်း ကြည့်လိုက်တော့မှ၊ သူ သတိပြန်ဝင်လာပြီး စကားလမ်းကြောင်း ချက်ချင်း လွှဲလိုက်သည်။
"မင်း... အမေမွေးထားတာ တကယ် ဉာဏ်ကောင်းတာပဲ လို့ ပြောမလို့ပါဗျာ။ ဟားဟား... တကယ့်ကို စေ့စပ်သေချာလွန်းသူပဲ"
သူက ယဲ့ဖန်ကို လက်မထောင်ပြလိုက်သည်။
"တိုင်းတစ်ပါးမှာ နေရင် ဒီလိုပဲ သတိရှိရတယ်ဗျ..."
"အခုခေတ်က နိုင်ငံခြားမှာ လိမ်စားတဲ့သူတွေ ပေါတယ်လေ... သတိမထားရင် သူခိုးဂူထဲ ရောက်သွားတတ်တာ။ ဒါကြောင့် ဂရုစိုက်တာ မမှားပါဘူး"
ယဲ့ဖန်က မယုံသလိုလို ပုံစံ လုပ်ပြလိုက်ပြီးမှ၊ သဘောပေါက်သွားသလို ပြန်ရယ်ပြလိုက်သည်။
"ဟုတ်တယ်ဗျ... ကျွန်တော့် သူငယ်ချင်း တစ်ယောက်ဆို မြောက်ပိုင်း မြန်မာပြည်ကို ပြန်ပေးဆွဲ ခံလိုက်ရဖူးတယ်။ ဒါကြောင့် ကျွန်တော်က ပိုပြီး သတိထားနေမိတာပါ"
"နားလည်ပါတယ်ဗျာ..."
ဟွမ်ရှုချိုင် ထိုစကားကို ကြားသောအခါ မျက်ခွံများ တဆတ်ဆတ် လှုပ်သွားသည်။ သို့သော် ဟန်မပျက်ဘဲ စားပွဲဆီသို့ လျှောက်သွားလိုက်သည်။
"ကဲ... မစ္စတာ လော့ စိတ်ချသွားအောင်၊ ကျောင်းရဲ့ လိုင်စင်တွေနဲ့ စာချုပ်စာတမ်းတချို့ ထုတ်ပြပါ့မယ်”
အခန်း (၁၈၄၈) - မင်းလောက် မောက်မာတဲ့ကောင် ငါ တစ်ခါမှ မမြင်ဖူးဘူး
~"မစ္စတာ လော့... မိတ်ဆွေနဲ့ ချစ်သူကောင်မလေး ရေနွေးကြမ်းလေး သောက်နေနှင့်ကြပါ"
"ဒါက တရုတ်ပြည်ကနေ အထူး မှာထားတဲ့ 'တာဟုန်ပေါင်'အဆင့်မြင့် လက်ဖက်ခြောက်နော်။ ဖော့ခ်စီးတီးလို နေရာမျိုးမှာ ဒီလို လက်ဖက်ခြောက်မျိုး ရဖို့ မလွယ်ဘူးဗျ"
"လိုင်စင်တွေ၊ စာချုပ်တွေက ရှာရဦးမှာမို့... ခဏလောက် စောင့်ပေးပါဦး"
ဟွမ်ရှုချိုင် ပြောရင်းဆိုရင်းနှင့်... အံဆွဲထဲမှ သော့တစ်တွဲကို ထုတ်ယူကာ မီးခံသေတ္တာဆီသို့ လျှောက်သွားလိုက်သည်။
သို့တိုင်၊...
ယဲ့ဖန် ခံစားမိသည်။ ဒီလူက မီးခံသေတ္တာ ဖွင့်နေတာကို တမင်တကာ နှေးကွေးအောင် လုပ်နေသည်။
အချိန်ဆွဲနေရင်းနှင့်... ယဲ့ဖန်နှင့် ဖူမာကျန်းဝူတို့၏ လှုပ်ရှားမှုကို ခိုးခိုးကြည့်နေသည်။
ယဲ့ဖန်တို့ ရေနွေးကြမ်းသောက်ဖို့ အရိပ်အယောင် မပြတာကို တွေ့လိုက်ရတော့၊ သူ့မျက်လုံးထဲမှာ ရန်လိုမုန်းတီးမှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။
မီးခံသေတ္တာကို ဖွင့်ပြီး စာရွက်စာတမ်းတချို့ ရှာဖွေဟန် ပြုရင်း... ဖုန်းကို ထုတ်ကာ သူ့လက်အောက်ငယ်သားတွေဆီ စာတိုတစ်စောင် အမြန် ပို့လိုက်သည်။
စာပို့ပြီးတော့မှ... လက်မှတ်တစ်စောင်နှင့် စံသတ်မှတ်ချက် စာချုပ်တစ်ခုကို ယူပြီး၊ ယဲ့ဖန်တို့ ရှေ့သို့ ပြန်လျှောက်လာခဲ့သည်။
"ရပါပြီဗျာ... အားလုံး ဒီမှာပါ။ မစ္စတာ လော့ စစ်ဆေးကြည့်ပါဦး"
ယဲ့ဖန် စာရွက်စာတမ်းတွေကို လှမ်းယူလိုက်ပြီး ဖြည်းဖြည်းချင်း လှန်လှောကြည့်ရှုလိုက်၏။
ဟွမ်ရှုချိုင် စိတ်မရှည်တော့။
သူ့မျက်နှာပေါ်က အပြုံးတုကြီး ပျောက်ကွယ်သွားပြီး၊ လေသံက အေးစက်စက် ဖြစ်သွားသည်။
"ရေနွေးကြမ်းက မကြိုက်လို့လား... မင်းတို့ နှစ်ယောက်စလုံး တစ်ငုံမှတောင် မသောက်ကြပါလား"
ယဲ့ဖန်၏ စွမ်းအားမြင့် အာရုံခံစားမှုအရ... ရုံးခန်းတံခါးဝဆီသို့ ခြေသံများစွာ အလျင်အမြန် ချဉ်းကပ်လာနေသည်ကို ကြားလိုက်ရသည်။
ဟွမ်ရှုချိုင် စကားကို ကြားလိုက်ရတော့... ယဲ့ဖန် ဆက်ပြီး ဟန်ဆောင်မနေတော့။
စာချုပ်ဖတ်နေတာကို ရပ်လိုက်ပြီး၊ ခေါင်းမော့ကာ ဟွမ်ရှုချိုင်ကို တည့်တည့်ကြည့်လိုက်သည်။
"အဲ့ဒီမေးခွန်းရဲ့ အဖြေကို... ကျောင်းအုပ်ကြီး ဟွမ် က ကျွန်တော့်ထက် ပိုသိနေတာ မဟုတ်ဘူးလား"
ထင်ထားသည့်အတိုင်းပင်... ယဲ့ဖန်၏ စကားကြောင့် ဟွမ်ရှုချိုင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
သိုးရေခြုံထားသော ဝံပုလွေ တစ်ကောင်၊ သိုးရေကို ချွတ်ချလိုက်သကဲ့သို့... သူ့အကြည့်တွေက ရုတ်တရက် အန္တရာယ်များလာသည်။
"မင်း... ရေနွေးကြမ်းထဲမှာ တစ်ခုခု မှားနေမှန်း စောစောကတည်းက သိနေတာပေါ့လေ"
"ပြီးတော့... မင်းက မစ္စတာ လော့ မဟုတ်ဘူး"
"ငါ မစ္စတာ လော့ နဲ့ အွန်လိုင်းမှာ ပြောဖူးတယ်... သူက စကားနည်းပြီး နည်းနည်းတောင် အနေအေးတဲ့သူ။ မင်းလို စကားတတ်ပြီး ပါးနပ်တဲ့သူ မဟုတ်ဘူး"
"ငါက မစ္စတာ လော့ ပါလို့ ဘယ်တုန်းက ပြောဖူးလို့လဲ..."
ယဲ့ဖန်က စာရွက်စာတမ်းတွေကို စားပွဲပေါ် ပစ်တင်လိုက်သည်။
"မင်းနဲ့ မင်းရဲ့ တပည့်တွေကသာ... ဦးနှောက်မရှိဘဲ ငါ့ကို မစ္စတာ လော့ ဆိုပြီး အတင်း သတ်မှတ်လိုက်ကြတာလေ"
"ငါကလည်း ဒီအတိုင်း မင်းနဲ့ ဆွေးနွေးစရာလေး ရှိနေတာနဲ့... မင်းတို့ ခင်းပေးတဲ့ လမ်းကြောင်းအတိုင်း လိုက်ကစားပေးလိုက်တာပါ"
"ခွေးကောင်... မင်းက ငါ့ကို ပြန်ပြီး လှည့်စားရဲတယ်ပေါ့"
ဟွမ်ရှုချိုင်၏ မျက်နှာက စေတန် တစ်ကောင်လို ကြောက်စရာ ကောင်းလာသည်။
"ငါ့နယ်မြေထဲ ရောက်နေတာတောင်... ငါ့ကို လာကစားရဲတယ်ပေါ့လေ"
"မင်း ဘယ်က သတ္တိတွေ ရနေတာလဲ"
"မင်း ဒီနေရာက ဘာနေရာလဲ ဆိုတာ သိရဲ့လား... ငါ ဘယ်သူလဲ ဆိုတာရော သိရဲ့လား"
ယဲ့ဖန်ကတော့ အပြင်ဘက် တံခါးဝမှာ လူအုပ်စု ရောက်နေပြီ ဆိုတာကိုရော၊ သူတို့ တိုးတိုးတိတ်တိတ် တိုင်ပင်နေကြတာတွေကိုပါ အကုန် ကြားနေရသည်။
သို့တိုင်၊... သူ လုံးဝ ထိတ်လန့်ခြင်း မရှိ။
ဟွမ်ရှုချိုင် ဒေါသသူပုန်ထနေတာကို မြင်တော့၊ သူက ပြုံးတောင် ပြုံးပြလိုက်သေးသည်။
"ပြောပြလေ... နားထောင်ပေးမယ်"
"မင်း... မင်း..."
ဟွမ်ရှုချိုင် ဒေါသထွက်လွန်း၍ မျက်ဖြူလှန်ပြီး မေ့လဲချင်သွား၏။
သူ အစောက မေးလိုက်ခြင်းက... ယဲ့ဖန်ကို ခြိမ်းခြောက်ချင်၍၊ ကိုယ့်နေရာကို ကိုယ်သိအောင် သတိပေးချင်၍ပင်။
ဒါကို ဒီလူက... ကြောက်ရမယ့်အစား "ပြောပြလေ... နားထောင်ပေးမယ်" တဲ့။
သူ၏ ခြိမ်းခြောက်စကားတွေ အားလုံးကို အမှိုက်လို သဘောထားပြီး၊ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ် (CV) ဖတ်ပြခိုင်းနေသလို လုပ်နေသည်ပင်။
သူ ယဲ့ဖန်ကို လက်ညှိုးထိုးပြီး တဆတ်ဆတ် တုန်နေ၏။
"ငါ့တစ်သက်... မင်းလောက် မောက်မာတဲ့ကောင် တစ်ခါမှ မမြင်ဖူးဘူး"
"ငါ့နယ်မြေထဲ ရောက်နေပြီးတော့... 'ကြောက်' ဆိုတဲ့ စကားလုံး ဘယ်လိုပေါင်းလဲ မသိရုံတင် မကဘူး၊ သေလမ်းကိုပါ ကိုယ်တိုင် ရှာနေတယ်ပေါ့လေ"
"ကောင်းပြီလေ... ဒီလိုမှတော့၊ တကယ့် ရက်စက်မှု ဆိုတာ ဘာလဲ ငါ ပြပေးမယ်"
စကားဆုံးသည်နှင့် တံခါးဝဘက်သို့ လှမ်းအော်လိုက်သည်။
"ဝင်ခဲ့ကြစမ်း..."
"ဝုန်း..."
ကျယ်လောင်သော အသံနှင့်အတူ ရုံးခန်းတံခါး ပွင့်ထွက်သွားပြီး၊ သစ်သားတုတ်များ၊ ဓားရှည်များ ကိုင်ဆောင်ထားသော လူမိုက် (၁၀) ယောက်ကျော် ဝင်ရောက်လာကြ၏။
သူတို့သည် ယဲ့ဖန်နှင့် ဖူမာကျန်းဝူကို လျင်မြန်စွာ ဝိုင်းထားလိုက်ကြ၏။
ထိုလူမိုက်များ၏ ခန္ဓာကိုယ်များမှ လူသတ်လိုသော အငွေ့အသက်များ ထွက်ပေါ်နေသည်။
သူတို့လက်ထဲမှ လက်နက်များပေါ်တွင် သွေးဟောင်းစွန်း အရာများ ရှိနေပြီး၊ တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးမှန်း သိသာလှသည်။ အလှပြ ကိုင်ထားသော လက်နက်များ မဟုတ်။
ယဲ့ဖန် ဝေ့ဝဲကြည့်လိုက်သည်။
နည်းနည်းလေးမှ မကြောက်။
လူအုပ်စုကို တစ်ချက် ဝေ့ကြည့်ပြီးနောက်... အနောက်ဘက်တွင် ရပ်နေသော ဟွမ်ရှုချိုင်ကို လှမ်းကြည့်လိုက်၏။
"ဒါနဲ့... အခုထိ မင်း မပြောပြသေးဘူးနော်"
"ဒီနေရာက ဘာနေရာလဲ... မင်းက ဘယ်သူလဲ ဆိုတာလေ"
"မစခင်... မိတ်ဆက်ပေးပါဦးလား"
“ဒါမှ ငါနဲ့ ငါ့ကောင်မလေး နားလည်သွားမှာပေါ့…”