အခန်း (၁၈၄၉-၁၈၅၀)
Vol. 98 Ch. 1849-1850
အခန်း (၁၈၄၉) - ဘုရားသခင် ဆင်းလာရင်တောင် မင်းတို့ကို မကယ်နိုင်ဘူး
~"ကောင်းပြီ... ကောင်းပြီ... မင်း သတ္တိရှိတယ်ကွာ"
ဟွမ်ရှုချိုင် ဒေါသထွက်လွန်း၍ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ သူ့မျက်နှာထားက အလွန် ကြမ်းကြုတ်ရက်စက်နေ၏။
"ဒီလောက်တောင် သိချင်နေမှတော့... ဖြည့်ဆည်းပေးရတာပေါ့"
"ဟေ့၊ သရဲအို ..သူတို့ကို ငါတို့ ဘယ်သူလဲ ဆိုတာ ပြောပြလိုက်စမ်း"
စောစောက ယဲ့ဖန်တို့ကို တံခါးဖွင့်ပေးခဲ့တဲ့ တက်တူးနဲ့လူက မထီမဲ့မြင် ပြုံးလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပြည်တွင်းမှာ နာမည်ကြီးသွားတဲ့ ရုပ်ရှင်ကားတစ်ကား ရှိတယ်လေ... ကြားဖူးကြတယ် မဟုတ်လား"
"လောင်းကစားတွေ မရှိတော့ဘူး (No More Bets) ဆိုတဲ့ ဇာတ်ကားလေ..."
ယဲ့ဖန် ခေါင်းအသာညိတ်လိုက်သည်။
ဤဇာတ်ကားက တော်တော် နာမည်ကြီးခဲ့၏။ သူ ကိုယ်တိုင် ကြည့်ဖို့ အချိန်မရခဲ့သော်ငြား၊ ဇာတ်လမ်းအကျဉ်းကိုတော့ ရင်းနှီးပြီးသားပင်။
မြောက်ပိုင်းမြန်မာပြည် က 'အွန်လိုင်း ငွေလိမ်ဂိုဏ်း' တွေ၏ ကြောက်မက်ဖွယ်ရာ အကြောင်း ရိုက်ပြထားခြင်း ဖြစ်၏။
သို့တိုင်၊... ရုပ်ရှင်ထဲမှာ ပြထားတာက အပြင်လောက၏ ရက်စက်မှုနှင့် ယှဉ်လျှင် ဘာမှ မဟုတ်သေး။
ကြက်ခြံ၊ ဘဲခြံ၊ ခွေးလေ့ကျင့်ရေးစခန်း၊ ကိုယ်တွင်းအင်္ဂါ မှောင်ခိုဈေးကွက်၊ နို့စားနွားမ စခန်း (အမျိုးသမီးများကို ရည်ညွှန်းသည်)၊ ဆေးဘက်ဆိုင်ရာ သင်္ဘော၊ ကာစီနို၊ သွေးလှူဘဏ်... စသဖြင့် ရုပ်ရှင်ထဲမှာ မပါသည့်၊ လူစိတ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သော နေရာတွေ အများကြီး ရှိသေးသည်။
အွန်လိုင်းပေါ်က သတင်းအချက်အလက်တချို့အရ ဆိုလျှင်... ထိုနေရာက လူသားချင်း စာနာစိတ် မရှိသည်ပ ငရဲခန်းတွေပင်။
"ဒါ မြောက်ပိုင်းမြန်မာပြည်... ကမ္ဘာပေါ်မှာ ကျောက်ကပ် အရှားပါးဆုံး နေရာ" ဆိုပြီးတောင် တင်စားကြသေးသည်။
တက်တူးနှင့်လူက ထိုရုပ်ရှင်အကြောင်း ပြောလိုက်တော့... ခုနက ဟွမ်ရှုချိုင် "ပြန်ပေးဆွဲ" ဆိုသော စကားကြားတုန်းက မျက်နှာပျက်သွားတာကို ယဲ့ဖန် ပြန်သတိရလိုက်၏။
"ဒါဆို... မင်းတို့က မြောက်ပိုင်းမြန်မာပြည်က လူတွေပေါ့"
တက်တူးနှင့် လူက ခေါင်းခါလိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။
"အဲ့ဒါက ငါတို့ရဲ့ စီးပွားရေး ကွင်းဆက် တစ်ခုပဲ ရှိသေးတယ်"
"မင်းလို ရုပ်ချောချော ကောင်လေးနဲ့၊ မင်းဘေးက ကောင်မလေးလို အလန်းစားလေးတွေသာ အဲ့ဒီကို ရောက်သွားရင်... ငါတို့ ပိုက်ဆံညှစ်လို့ ရတဲ့ နေရာတွေ အများကြီးပဲ။ အွန်လိုင်း ငွေလိမ်မလား၊ ကြက်ခြံ ဘဲခြံ ပို့မလား၊ ကိုယ်တွင်းအင်္ဂါ ထုတ်ရောင်းမလား..."
"ကွင်းဆက် တစ်ခုလုံးသာ ပတ်သုံးလိုက်ရင်... မင်းတို့နှစ်ယောက်ကနေ ငါတို့ ဆရာကြီးအတွက် ငွေသန်းပေါင်းများစွာ ရှာပေးနိုင်တယ်"
ဖူမာကျန်းဝူက အသုံးအနှုန်းတွေ နားမလည်သော်လည်း၊ တက်တူးနှင့်လူ၏ ရမ္မက်ဆန်သော အကြည့်တွေကို မြင်တော့ ဒေါသထွက်လာသည်။
ယဲ့ဖန်က သူမကို အသာ ဆွဲပြီး စိတ်လိုက်မာန်ပါ မလုပ်ဖို့ တားလိုက်၏။
တချိန်တည်းမှာပင်... မျက်နှာထား တစ်ချက်မပျက်ဘဲ ပြန်ပြောလိုက်သည်။
"သဘောပေါက်ပြီ... မင်းတို့က အဲ့ဒီ စီးပွားရေး ကွင်းဆက်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့"
"လစာကောင်းကောင်း၊ လိုအပ်ချက် နည်းနည်းနဲ့ အလုပ်ခေါ်တယ် ဆိုပြီး လူတွေကို မျှားခေါ်... ပြီးရင် ပြန်ပေးဆွဲပြီး ဟိုဘက်ကို ပို့တဲ့ ပွဲစားတွေပေါ့လေ"
"တော်တယ်..."
တက်တူးနှင့် လူက သဘောကျသွားပြီး ပြုံးလိုက်သည်။ သူ့မျက်လုံးထဲမှာတော့ လှောင်ပြောင်မှုတွေ ပြည့်နှက်နေသည်။
"ဒါပေမဲ့... ငါတို့ လောကမှာတော့ မင်းတို့ကို 'ပြန်ပေးဆွဲ ခံရသူတွေ'လို့ မခေါ်ဘူး... 'ဝက်ကလေးတွေ'လို့ပဲ ခေါ်ကြတယ်"
"ဒီကျောင်းဝင်းထဲ ခြေချလိုက်တာနဲ့... မင်းတို့က သားသတ်ရုံထဲ ရောက်နေတဲ့ ဝက်တွေ ဖြစ်သွားပြီ"
"ဒီနေ့တော့... ဘုရားသခင် ဆင်းကယ်ရင်တောင် မင်းတို့ကို ကယ်နိုင်မှာ မဟုတ်ဘူး"
ယဲ့ဖန် အားလုံးကို ရှင်းရှင်းလင်းလင်း သိသွားတော့၏။
‘ဘာလို့ လုံခြုံရေးတွေက လူမိုက်ရုပ် ပေါက်နေတာလဲ... ဘာလို့ ကျောင်းအုပ်ကြီး ဟွမ် က ရေနွေးကြမ်းထဲ ဆေးခတ်ချင်ရတာလဲ...။
ဆေးခတ်ပြီး မေ့ဆေးပေး၊ ပြီးရင် တန်းပြီး မြောက်ပိုင်းမြန်မာပြည်ကို ပို့ပစ်မလို့ကိုး။
ကျောင်းလုံခြုံရေး တင်းကျပ်ထားတာကလည်း... သတိရလာပြီး ထွက်ပြေးမှာ စိုးလို့ ဖြစ်ရမယ်။’
ဟွမ်ရှုချိုင်၊ တက်တူးနှင့်လူ၊ ပြီးတော့ ကျန်သည့် လူမိုက်တွေ အားလုံး၏ ယုတ်မာသော အပြုံးတွေကို ကြည့်ပြီး ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"ငါ မမှားဘူး ဆိုရင်... ဒီရုံးခန်း အဆောက်အဦးထဲမှာ ဖမ်းခံထားရတဲ့ တရုတ်ပြည်သားတွေ အများကြီး ရှိနေလောက်တယ်"
"ပြီးတော့... မင်းတို့ ဝင်မလာခင်ကတည်းက၊ အောက်ထပ် တံခါးကို သော့ခတ်ခဲ့ကြတယ် မဟုတ်လား"
"မဆိုးဘူး... မင်း တော်တော် ဉာဏ်ကောင်းတာပဲ"
တက်တူးနှင့်လူ၏ အပြုံးက ပိုနက်ရှိုင်းလာသည်။
"နောက်ကျရင် အွန်လိုင်း ငွေလိမ်တဲ့ နေရာ ရောက်ရင်... မင်းက တပည့်ကျော် ဖြစ်လာမှာ သေချာတယ်"
"အဲ့ဒီကျရင် ဆရာကြီးက ငါတို့ကို ဆုကြေးတွေ အများကြီး ပေးဦးမှာ"
ယဲ့ဖန် ဘာမှ ပြန်မပြောတော့။
သို့သော်၊... လူအုပ်နောက်မှာ ရပ်နေသော ဟွမ်ရှုချိုင်ကတော့ စိတ်မရှည်တော့။
"ကဲ... ရှင်းပြတာတွေ တော်ပြီ။ စလိုက်ကြစို့"
"ဒီ မောက်မာတဲ့ ကောင်ကို ဖမ်းချုပ်ထား... မျက်လုံးကို ပြူးနေအောင် ဖွင့်ထားပေး။ ပြီးရင် သူ့ကောင်မလေးကို ဖမ်းချုပ်ပြီး... ငါတို့တွေ တစ်ယောက်ပြီး တစ်ယောက် ဘယ်လို အရသာခံ ကစားပြမလဲ ဆိုတာ သူ့ကို သေချာ ကြည့်ခိုင်းလိုက်"
"မြောက်ပိုင်းမြန်မာပြည် မသွားခင်... သူ့အတွက် ပထမဆုံး သင်ခန်းစာ ပေးရမယ်"
"ဒါမှ... ဉာဏ်လေး နည်းနည်းကောင်းရုံနဲ့ ကမ္ဘာကြီးကို လှည့်စားလို့ ရတယ် ထင်နေတဲ့ သူ့စိတ်ဓာတ်ကို ရိုက်ချိုးလို့ ရမှာ"
တက်တူးနှင့်လူ အပါအဝင် လူမိုက်များအားလုံး တံတွေးမြိုချလိုက်ကြ၏။
ထို့နောက်၊ သူတို့သည် ဖူမာကျန်းဝူကို ရမ္မက်ဆန္ဒ ပြင်းပြစွာဖြင့် ကြည့်ရှုလိုက်ပြီး၊ လက်နက်များကို မြှောက်ကာ ယဲ့ဖန်တို့ နှစ်ယောက်ဆီသို့ အော်ဟစ် ပြေးဝင်လာကြလေတော့သည်...။
အခန်း (၁၈၅၀) - အမဲလိုက်ဖို့ အချိန်တန်ပြီ
~ဒီတစ်ခါတော့... ယဲ့ဖန်၏ မျက်လုံးထဲတွင် ရန်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားရုံ သာမက၊ ဖူမာကျန်းဝူပါ အခြေအနေကို မြန်မြန်ဆန်ဆန် သဘောပေါက်လိုက်၏။
ယဲ့ဖန် သူမလက်ကို လွှတ်ပေးလိုက်သည်ကို သတိထားမိလိုက်သည်နှင့် တပြိုင်နက်...
ဖူမာကျန်းဝူသည် ယဲ့ဖန်၏ အမိန့်ပေးမှုကို စောင့်ဆိုင်းမနေတော့။ လေပြင်းမုန်တိုင်း တစ်ခုနှယ် လျင်မြန်စွာ လှုပ်ရှားလိုက်တော့၏။
သူမ၏ ခန္ဓာကိုယ်သည် ယုန် တစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်လွန်းလှ၏။
ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ကာ ပြေးဝင်လာသော တက်တူးနှင့်လူ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်ပြီး၊ ဘေးတစ်ဖက်သို့ လွှဲရိုက်လိုက်ကာ ဓားသွား လမ်းကြောင်းကို ပြောင်းလိုက်သည်။
"ရွှပ်..."
အသံတစ်ချက်နှင့်အတူ... ဘေးနားရှိ လူမိုက် တစ်ယောက်၏ လည်ပင်း ပြတ်ရှသွား၏။
သွေးပွက်ပွက် အန်ကျလာသည်။
ထိုလူမိုက် လည်ပင်းကို အုပ်ကိုင်ပြီး သွေးများ ဖြာထွက်နေစဉ်မှာပင်... ဓားသွား၏ အရှိန်သည် လျော့ကျသွားခြင်း မရှိ။ ရုတ်တရက် ကွေးညွတ်သွားပြီး နောက်ထပ် လူမိုက် တစ်ယောက်၏ နှလုံးတည့်တည့်သို့ ထိုးစိုက်ဝင်သွားပြန်၏။
"အ..."
ထိုလူမိုက်၏ ရင်ဘတ်ကို ဖောက်ထွက်သွား၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်... သူမသည် တက်တူးနှင့်လူ၏ ဓားအရှိန်ကို အသုံးပြုပြီး လူမိုက်နှစ်ယောက်ကို ဆက်တိုက် သတ်ဖြတ်လိုက်လေသည်။
လက်ထဲတွင် ဓားကိုင်ထားဆဲ ဖြစ်သော တက်တူးနှင့် လူပင်လျှင်... သူ့လက်နက်က သူ့ညီအစ်ကို နှစ်ယောက်ကို ဆက်တိုက် သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ ကြောင်အမ်းအမ်း ဖြစ်သွားရရှာသည်။
"ရှင်က... ကျွန်မကို ကစားစရာ လုပ်ချင်တယ်၊ ပြီးတော့ ကျွန်မသခင်ကို ရန်ရှာချင်တယ် ဟုတ်လား"
ဖူမာကျန်းဝူ သူ့ကို မေ့မထားပါပေ။
တက်တူးနှင့်လူ ကြောင်နေစဉ်မှာပင်... သူမ၏ ခြေထောက်တစ်ဖက်က သူ့ဒူးခေါင်းကို အားကုန် ကန်ချလိုက်တော့၏။
"ဂျွတ်"
အရိုးကျိုးသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တက်တူးနှင့်လူ၏ ခြေထောက်သည် ဒူးခေါင်းမှနေ၍ ကိုးဆယ်ဒီဂရီ တိတိ ကွေးညွှတ်သွား၏။ ဟန်ချက်ပျက်သွားပြီး ယဲ့ဖန်၏ ရှေ့တွင် ခြေတစ်ဖက်ထောက် လဲကျသွားရသည်။
ခန္ဓာကိုယ် ရုတ်တရက် နိမ့်ဆင်းသွားမှုကြောင့်... သူ့လက်ထဲတွင် ဆုပ်ကိုင်ထားဆဲ ဖြစ်သော ဓားရှည်သည် သူ့ညီအစ်ကို၏ ရင်ဘတ်ထဲမှ ဆွဲနှုတ်လိုက်သလို ဖြစ်သွားပြီး၊ ကြီးမားသော ဒဏ်ရာပေါက်ကြီး ဖြစ်ကျန်ရစ်ခဲ့သည်။
သွေးများ ပန်းထွက်လာပြန်၏။
"ဟာ... သောက်ကျိုးနည်း"
"ဒီကောင်မလေး မရိုးဘူးဟ... သိုင်းပညာရှင် ဖြစ်မယ်"
"သာမန်နည်းလမ်းနဲ့ တိုက်လို့ ရမှာ မဟုတ်ဘူး"
ဘေးပတ်ဝန်းကျင်မှ ပြေးဝင်လာကြသော လူမိုက်များသည် ရှေ့ဆက် မတိုးရဲကြတော့။
ဖူမာကျန်းဝူနှင့် ယဲ့ဖန် ရှိရာသို့ ဝင်ရောက် တိုက်ခိုက်ရန် မဆိုထားနှင့်၊ ပါးနပ်သော ကောင်တချို့ဆိုလျှင် နောက်သို့ပင် ခြေလှမ်း ဆုတ်နေကြပြီ ဖြစ်သည်။
"ခွေးကောင်တွေ... ဒီအချိန်ကျမှ ဘာလို့ နောက်ဆုတ်နေကြတာလဲ"
ဟွမ်ရှုချိုင် မြင်လိုက်ရသောအခါ ဒေါသတကြီး အော်ဆဲလိုက်သည်။
"မင်းတို့ မေ့နေကြပြီလား... ဒါ ငါတို့ နယ်မြေကွ"
"ဒီလူမစုတ်လေးက တိုက်တတ်ရုံနဲ့ ဘာဖြစ်လဲ... ဒီမှာ ငါတို့ ညီအစ်ကိုတွေ အများကြီး ရှိသေးတယ်။ သေနတ်တွေ၊ ကျည်ဆန်တွေလည်း အများကြီး ရှိသေးတယ်"
"သူတစ်ယောက်တည်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာ မို့လို့လဲ"
ဆဲဆိုနေရင်းနှင့်... သူသည် စကားပြောစက်ကို ထုတ်ယူပြီး အော်ပြောလိုက်သည်။
"ဇွန်ဘီခွေး.. ညီအစ်ကိုတွေကို လက်နက်တွေ ယူပြီး တက်လာခိုင်းလိုက်"
"ငါ့ရုံးခန်းထဲမှာ... အဆင့်မြင့် မွန်းစတား နှစ်ကောင် ရောက်နေတယ်။ ဖမ်းမိတာနဲ့ မင်းတို့ ကြိုက်သလို ကစားလို့ ရပြီ"
ဖူမာကျန်းဝူသည် ဒီနေရာမှာ သေနတ်တွေ၊ ကျည်ဆန်တွေ အများကြီး ရှိနေကြောင်းနှင့် ဟွမ်ရှုချိုင်က လူအင်အား ထပ်ခေါ်နေကြောင်း ကြားလိုက်ရသောအခါ... ယဲ့ဖန်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်ကတော့ မထူးဇာတ်ခင်းနေသလို အေးဆေးပင်။
"ငါ အောက်ဆင်းပြီး... အဲ့ဒီ အမှိုက်ကောင်တွေကို သွားရှင်းလိုက်ဦးမယ်"
"ဒီနေရာကိုတော့ မင်းပဲ ကြည့်ရှင်းလိုက်တော့"
ဖူမာကျန်းဝူ ခေါင်းညိတ်လိုက်၏။
"စိတ်ချပါ သခင်..."
"ဒါပေမဲ့... ဟွမ် ဆိုတဲ့ လူကိုတော့ မသတ်နဲ့ဦး"
"လက်တွေ ခြေထောက်တွေလောက်ပဲ ရိုက်ချိုးထားပါ..."
"နောက်ကျရင် သူ့ကို သုံးစရာ ရှိသေးတယ်"
ယဲ့ဖန် လိုရင်းတိုရှင်း မှာကြားပြီးနောက်... ညာလက်ကို ဝှေ့ယမ်းလိုက်၏။
"ဝှစ်..."
လေတိုးသံနှင့်အတူ... စားပွဲပေါ်မှ ဆေးလိပ်ပြာခွက်သည် အမြောက်ဆံ တစ်ခုနှယ် ပျံဝဲသွားပြီး၊ စကားပြောစက် ကိုင်ထားသော ဟွမ်ရှုချိုင်၏ လက်ကို ဝင်ဆောင့်လိုက်သည်။
"အ..."
စကားပြောစက် ပျက်စီးသွားရုံ သာမက... ဟွမ်ရှုချိုင်ပါ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်မိသည်။ သူ့လက်ဝါးရိုးများ တစစီ ကြေမွသွားခဲ့၏။
လက်တစ်ဖက် လှုပ်ရှားရုံမျှဖြင့်... လူမိုက်များကို ထိတ်လန့်သွားစေခဲ့သည်။ ယဲ့ဖန်ကို ကြည့်သော သူတို့၏ အကြည့်များ ပြောင်းလဲသွားကြ၏။
ယဲ့ဖန် ရုံးခန်းအပြင်သို့ ထွက်ခွာသွားသည်ကို မြင်သောအခါ... မည်သူမျှ ဝင်ရောက် တားဆီးရန် မဝံ့ရဲကြ။
တံခါးဝတွင် စောင့်နေသော လူမိုက်တချို့ဆိုလျှင်... ယဲ့ဖန် လာနေသည်ကို မြင်သောအခါ လမ်းဖယ်ပေးလိုက်ကြ၏။
ယဲ့ဖန်၏ ပစ်မှတ် ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြပုံ ရသည်။
သို့သော်... သူတို့ ဘယ်လောက်ပဲ လိမ္မာပါစေ၊ ယဲ့ဖန်ကတော့ လွှတ်ပေးဖို့ အစီအစဉ် မရှိ။
ခဏနေရင် ဒုတိယအသုတ် တက်လာမယ့် လက်နက်ကိုင် လူမိုက်တွေကို Surprise ပေးဖို့ ပြင်ဆင်ထားသည် မဟုတ်လား။ ဒီတံခါးစောင့် နှစ်ကောင်က အောက်က လူတွေကို သတင်းလှမ်းပို့လိုက်ရင် အစီအစဉ် ပျက်သွားနိုင်သည်။
ထို့ကြောင့်... တံခါးဝသို့ ရောက်သောအခါ၊ လမ်းဖယ်ပေးနေသော လူမိုက်နှစ်ယောက်ကို တွေ့သော်လည်း... ယဲ့ဖန် တွေဝေခြင်း မရှိ။
"ဘုန်း... ဘုန်း..."
လက်သီး နှစ်ချက် ပစ်သွင်းလိုက်သည်။
သူတို့၏ လည်ပင်းရိုးများကို ရိုက်ချိုးပစ်လိုက်ခြင်းပင်။
ထို့နောက်... ထိုနှစ်ယောက် နာကျင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် လည်ပင်းကို အုပ်ကိုင်ကာ လဲကျသွားချိန်တွင်၊ ယဲ့ဖန်သည် ရုံးခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့၏။
ထိုအချိန်ကျမှ... ဟွမ်ရှုချိုင် နားလည်လိုက်သည်။
ဒီနေ့ သူ ဖမ်းမိလိုက်တာက ဝက်ကလေး နှစ်ကောင် မဟုတ်...။ သူကိုယ်တိုင်ကသာ သားသတ်ရုံထဲ ရောက်နေတဲ့ ဝက်တစ်ကောင် ဖြစ်နေခဲ့သည်ကိုး။
သူသည် ကြေမွသွားသော ညာလက်ကို အုပ်ကိုင်ရင်း၊ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ အခန်းထဲရှိ ကျန်ရစ်သော လူမိုက်များကို အော်ဟစ် သတိပေးလိုက်သည်။
"မြန်မြန်... ဇွန်ဘီခွေးကို ဆက်သွယ်လိုက်စမ်း။ သတိထားဖို့ သတိပေးလိုက်…”