ချီကျင့်ကြံခြင်းအဆင့် (၇) သို့ တက်လှမ်းခြင်း (အပိုင်း - ၂)
Vol. 14 Ch. 190
ဤသို့ဖြင့် စစ်သည်တော် ပျား အရေအတွက်သည် (၁၈) ကောင်အထိ တိုးပွားလာခဲ့သည်။
၎င်းတို့ထဲမှ အချို့သည် သဘာဝကျကျပင် တောရိုင်းထဲသို့ အစာရှာထွက်ကြသည်။
သို့သော် အချို့မှာမူ တောင်ကြား ပတ်ပတ်လည်တွင် ပုန်းအောင်းနေကြပြီး၊ ကင်းထောက်များအဖြစ် တာဝန်ယူထားကြ၏။
သူစိမ်းများ ချဉ်းကပ်လာပါက၊ သူတို့သည် စုဝေဝေထံသို့ သတင်းစကား ချက်ချင်း ပေးပို့ကြသည်။
ထိုအခါ သူမ အနေဖြင့် ကပ်ဘေးမှ ကြိုတင် ရှောင်ရှားနိုင်လိမ့်မည်။
ဤအချက်ကြောင့်လည်း ကျန်းဖန်သည် စုဝေဝေကို တောင်ကြားတွင် တစ်ယောက်တည်း ထားခဲ့ရသော်လည်း အတော်လေး စိတ်ချလက်ချ ရှိနေခြင်း ဖြစ်သည်။
ချီကျင့်ကြံခြင်းအဆင့် (၃) သို့ ရောက်ရှိပြီးနောက်၊ စုဝေဝေသည် ယခင်ကလို သာမန် အမျိုးသမီး တစ်ယောက် မဟုတ်တော့ပေ။
အရည်အချင်းပြည့်မီသော ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့လေပြီ။
အဆင့်တူ ကျင့်ကြံသူများနှင့် ယှဉ်လျှင် သူမသည် သေချာပေါက် ပိုမို သာလွန်ပေသည်။
ထို့ပြင် သူမအတွက် ကြီးမားသော တိုက်ခိုက်ရေး အတွေ့အကြုံများ မလိုအပ်ပေ။
သူမ ထိန်းချုပ်ထားသော ဝိညာဉ်သားရဲများ အစွမ်းထက်နေသရွေ့ သူမအတွက် လုံလောက်ပြီ ဖြစ်သည်။
"ကံကောင်းလို့... ငါးမြောက်ငါးခြောက်လေးတွေနဲ့ တွေ့ခဲ့တာပါ..."
"နည်းနည်းတော့ အန္တရာယ်များသလို ရှိပေမဲ့၊ ကိစ္စမရှိပါဘူး..."
ကျန်းဖန် ပေါ့ပါးစွာ ပြောလိုက်သည်။
သူသည် စုဝေဝေကို စိတ်မပူစေချင်ပေ။
တကယ်တမ်းတွင်လည်း သူ့အတွက် ထိုဒုစရိုက်သမားများသည် ငါးသေးငါးဖွဲလေးများသာ ဖြစ်ပြီး၊ ကြီးမားသော အန္တရာယ် မဟုတ်ခဲ့ပေ။
"တော်ပါသေးတယ်ရှင်..."
"ထမင်းဟင်းတွေ အဆင်သင့် ဖြစ်နေပြီ... အတူတူ စားကြရအောင်..."
စုဝေဝေ ခေါင်းညိတ်လိုက်သည်။ သူမ၏ ယောကျ်ားသည် အပြင်တွင် ဒုစရိုက်သမားများနှင့် သေချာပေါက် ရင်ဆိုင်ခဲ့ရကြောင်း သူမ သိနေသည်။
သူမ ရင်ထဲတွင် အလွန် စ်ိတ်လှုပ်ရှားနေမိသည်။ ကျင့်ကြံခြင်းလောကသည် အမှန်တကယ် အန္တရာယ်များလွန်းလှသည် မဟုတ်ပါလော။
ခရီးဝေး သွားလာရာတွင်ပင် ဤကဲ့သို့သော ဘေးဒုက္ခများနှင့် ကြုံတွေ့နိုင်သည်။
စွမ်းအားမရှိပါက ကျင့်ကြံခြင်းလောကတွင် ခြေတစ်လှမ်း ရွေ့ဖို့ပင် မဖြစ်နိုင်ပေ။
ကံကောင်းသည်မှာ သူမ၏ ယောကျ်ားသည် ပါရမီနှင့် ကျင့်ကြံခြင်းအဆင့် မြင့်မားသဖြင့်၊ ကျင့်ကြံခြင်းလောကတွင် ဘေးကင်းစွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
သူမသည်လည်း ယောကျ်ားအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်မည်ဟု ဆုံးဖြတ်လိုက်သည်။
"အင်း..."
ထို့နောက် ကျန်းဖန်နှင့် စုဝေဝေ တို့သည် သစ်သားအိမ်ထဲသို့ ဝင်သွားကြတော့သည်။
......
ညဉ့်နက်သန်းခေါင် အချိန်၌ ညစာကို မြိန်ရေရှက်ရေ စားသောက်ပြီးနောက်။
ဒေါင်…
ရုတ်တရက် ကျန်းဖန်၏ အသိစိတ်အာရုံ နက်ရှိုင်းရာ၌ သတင်းစကား တစ်ခု ပေါ်လာသည်။
"လမ်းခရီးတွင် ဒုစရိုက်သမားများနှင့် တွေ့ဆုံခဲ့ပြီး၊ သင်သည် အသက်စွန့် တိုက်ခိုက်ကာ နောက်ဆုံးတွင် အနိုင်ရရှိခဲ့သည်။ သေကွင်းသေကွက် ကပ်ဘေးတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် ကံကောင်းခြင်းအမှတ် (၂၀၀၀) ရရှိပါသည်။"
ထိုသတင်းစကားကို သိရှိလိုက်ရသည့်အခါ ကျန်းဖန် အတော်လေး ကျေနပ်သွားသည်။
ဤတစ်ခေါက်တွင် အခွင့်အရေး မရရှိလိုက်သော်လည်း၊ ကံကောင်းခြင်းအမှတ် (၂၀၀၀) ရရှိလိုက်ခြင်းသည်လည်း မဆိုးလှပေ။
အခွင့်အရေး ဆိုသည်မှာ အချိန်တိုင်း ရနိုင်သည် မဟုတ်ပေ။
အချိန်အခါ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်တို့၏ ကိုက်ညီမှုအပေါ် မူတည်နေသေးသည်။
မည်သို့ပင်ဆိုစေ ကံကောင်းခြင်းအမှတ် ပိုများလေ ပိုကောင်းလေပင်။
"ဒါနဲ့... ဟို ဒုစရိုက်သမား ၅ ယောက်ဆီမှာ ဘယ်လို ရတနာတွေ ပါမလဲ သိချင်သား..."
ထိုသို့ တွေးမိသည်နှင့် ကျန်းဖန်သည် သိုလှောင်အိတ် (၅) လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။
မည်သို့ဆိုစေ ပြိုင်ဘက်များသည် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး၊ ဒုစရိုက်သမားများလည်း ဖြစ်ကြသည့်အတွက် သူတို့၏ ကြွယ်ဝမှုသည် သာမန် ကျင့်ကြံသူများနှင့် ယှဉ်လျှင် သာလွန်ပေလိမ့်မည်။ ထို့ကြောင့် သူ အလွန် မျှော်လင့်နေမိသည်။
သူသည် သေချာစွာ စာရင်းပြုစုလိုက်သည်။
စုစုပေါင်း ဝိညာဉ်ကျောက်တုံး (၅၀၀၀)။
ထိပ်တန်းအဆင့် မှော်လက်နက် (၃) ခု။
အဆင့်နိမ့် အင်းကွက် (၃၀)၊ အလယ်အလတ်အဆင့် အင်းကွက် (၁၅) ခုနှင့် ထိပ်တန်းအဆင့် အင်းကွက် (၃) ခု။
ထို့ပြင် အလယ်အလတ်အဆင့် ဝိညာဉ်စုစည်း ဆေးလုံး (၅) ပုလင်း၊ ထိပ်တန်းအဆင့် ဝိညာဉ်စုစည်း ဆေးလုံး (၁) ပုလင်း၊ အဆိပ်ဖြေဆေး (၃) ပုလင်း စသည်တို့ကို ရရှိခဲ့သည်။
ဝိညာဉ်ဆန်နှင့် မိစ္ဆာသားရဲ အသား အချို့လည်း ပါဝင်သည်။
ထိုမျှသာ။
ရရှိလိုက်သော ပမာဏသည် မဆိုးသော်လည်း၊ မျှော်လင့်ထားသလောက်တော့ မဟုတ်ပေ။
ခြုံကြည့်လျှင် ယခုအခါ သူ ပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံး စုစုပေါင်းသည် (၁၂,၀၀၀) အထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ယင်းသည် တကယ်ပင် အံ့သြစရာကောင်းသော ကြွယ်ဝမှု ပမာဏ ဖြစ်၏။
သာမန် လေလွင့်ကျင့်ကြံသူများ အနေဖြင့် ဤမျှ များပြားသော ဝိညာဉ်ကျောက်တုံးများ ပိုင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။
ဝိညာဉ်ကျောက်တုံး (၁၀၀၀)၊ (၂၀၀၀) ခန့် ရှိလျှင်ပင် အတော်လေး ချမ်းသာသည်ဟု သတ်မှတ်၍ ရသည်။
မည်သို့ဆိုစေ လေလွင့်ကျင့်ကြံသူ အများစုသည် ဝိညာဉ်ကျောက်တုံး မည်မျှပင် ရှိပါစေ၊ ဆေးဝါးများ၊ အင်းကွက်များနှင့် မှော်လက်နက်များ ဝယ်ယူရာတွင် လျင်မြန်စွာ သုံးစွဲပစ်လိုက်ကြသည် မဟုတ်ပါလော။
"ဒါတွေက အသေးအဖွဲ ကိစ္စပါ..."
"အရေးအကြီးဆုံးက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ပဲ..."
"ချီကျင့်ကြံခြင်းအဆင့် (၇) ရောက်သွားရင်၊ ငါ့ရဲ့ စွမ်းအားတွေ သေချာပေါက် တိုးတက်လာမှာ..."
ကျန်းဖန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကျင့်ကြံရေး အခန်းထဲသို့ ဝင်သွားလိုက်သည်။
ထို့နောက် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ရည် (၂၀) စက်ကို ထုတ်ယူလိုက်၏။
ထို့နောက်တွင်မူ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
ဝိညာဉ်ရည် သောက်သုံးရသည်မှာ ရင်းနှီးနေပြီ ဖြစ်သဖြင့်၊ သူ တုံ့ဆိုင်းမနေတော့ပေ။
ဝုန်း…
ချက်ချင်းဆိုသလိုပင် ကျန်းဖန်သည် ဝိညာဉ်ရည် တစ်စက်ကို မျိုချလိုက်ပြီး၊ 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ'ကို လည်ပတ်လိုက်သည်။
ထိုဝိညာဉ်ရည် တစ်စက်သည် ကြီးမားသော စွမ်းအင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး၊ တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာသို့ တိုးဝင်သွားကာ၊ ပင်ကိုအင်းကွက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး မူလဝိညာဉ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားတော့သည်။
မူလက ဟာလာဟင်းလင်း ဖြစ်နေသော ဝိညာဉ်သွေးကြောများသည် ယခုအခါ မူလဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားလေသည်။
ဝိညာဉ်ရည် တစ်စက်တည်းနှင့်ပင် ရက်ပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံရမည့် အချိန်ကို အစားထိုးနိုင်ခဲ့သည်။
"မလောက်သေးဘူး..."
"ဒီဝိညာဉ်ရည်တွေ အကုန် သောက်ပြီးရင်၊ ချီကျင့်ကြံခြင်းအဆင့် (၆) ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်လောက်တယ်..."
ခန္ဓာကိုယ် အတွင်းရှိ မူလဝိညာဉ်စွမ်းအား ပမာဏ မလုံလောက်သေးကြောင်း ကျန်းဖန် ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် တုံ့ဆိုင်းမနေတော့ဘဲ၊ ကျန်ရှိနေသော ဝိညာဉ်ရည် (၁၉) စက်လုံးကို ချက်ချင်း မျိုချလိုက်၏။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဝိညာဉ်ရည်မှ ပြောင်းလဲလာသော စွမ်းအင်များဖြင့် လွှမ်းခြုံသွားတော့သည်။
ရေပူစမ်းထဲ စိမ်ထားသကဲ့သို့ နွေးထွေးမှုကို ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် အတွင်းရှိ မူလဝိညာဉ်စွမ်းအား ပမာဏသည် မျက်မြင်ကိုယ်တွေ့ တိုးပွားလာနေသည်။
သာမန် ကျင့်ကြံသူသာ ဆိုလျှင်၊ ရုတ်တရက် တိုးပွားလာသော ဝိညာဉ်စွမ်းအားကို ခံနိုင်ရည် ရှိချင်မှ ရှိပေလိမ့်မည်။
သို့သော် ကျန်းဖန်အတွက်မူ ကိစ္စမရှိပေ။
ဘုန်း... ဘုန်း... ဘုန်း…
သူ၏ ခန္ဓာကိုယ်ရှိ သွေးကြော (၆) ခုလုံးသည် မူလဝိညာဉ်စွမ်းအားများဖြင့် ချက်ချင်း ပြည့်လျှံသွားပြီး၊ မြစ်ရေကြီးသကဲ့သို့ စီးဆင်းနေသည်ကို သူ ခံစားလိုက်ရသည်။
ဤအခိုက်အတန့်တွင် မကြုံစဖူးသော စွမ်းအားများ သူ့ခန္ဓာကိုယ် အနှံ့ စီးဆင်းနေသည်ကို သူ ခံစားနေရသည်။
ကြီးမားသော ဝိညာဉ်ချီ လှိုင်းလုံးကြီး တစ်ခုသည် သူ့ဆီသို့ တိုးဝင်လာရာ၊ သူ့ကို ဗဟိုပြုလျက် ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။
"ချီကျင့်ကြံခြင်းအဆင့် (၇) ကို တက်လှမ်းဖို့ ဆိုရင်၊ သွေးကြော (၆) ခုကို ဆက်စပ်ပြီး အဝန်းအဝိုင်း တစ်ခု ဖြစ်အောင် လုပ်ရမယ်..."
"ပြီးတော့မှ အဲ့ဒီ သွေးကြော (၆) ခုက ဝိညာဉ်စွမ်းအားတွေကို သုံးပြီး၊ သတ္တမမြောက် သွေးကြောကို ထိုးဖောက် ဖွင့်လှစ်ရမှာ..."
"ဒါကြောင့်လည်း သာမန် လေလွင့်ကျင့်ကြံသူတွေ အနေနဲ့ ပထမအဆင့်တင်ကို အခက်အခဲက ကြီးမားနေကြတာ..."
"သွေးကြော (၆) ခုကို ဆက်စပ်ပြီး အဝန်းအဝိုင်း ဖြစ်အောင် လုပ်ဖို့အတွက်တင် အချိန်ဘယ်လောက် ကုန်မလဲ မသိနိုင်ဘူး..."
"ပြီးတော့ ကျင့်စဉ် အဆင့်နိမ့်တာကြောင့် ဝိညာဉ်စွမ်းအား အရည်အသွေး ညံ့ဖျင်းပြီး ပမာဏ နည်းပါးတာတွေကြောင့်... ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်ကို ထိုးဖောက်ဖို့ဆိုတာက ပိုပြီး မဖြစ်နိုင်သလောက် ဖြစ်နေတာ..."
"ဒါပေမဲ့ ငါ့အတွက်တော့ ဒီပြဿနာတွေ မရှိဘူး..."
ကျန်းဖန်၏ မျက်လုံးများတွင် ပြတ်သားမှုများ တောက်လောင်နေသည်။ ချီကျင့်ကြံခြင်းအဆင့် (၇) သို့ မည်သို့ တက်လှမ်းရမည်ကို သူ ကောင်းစွာ သိရှိထားသည်။
ဆင်းရဲသား ရပ်ကွက်ရှိ လေလွင့်ကျင့်ကြံသူ အများအပြား အဘယ့်ကြောင့် အဆင့် (၆) တွင် ရပ်တန့်နေပြီး ရှေ့ဆက် မတက်နိုင်ကြသည်ကို သူ နားလည်သွားသည်။
အကြောင်းမှာ သူတို့၏ အခြေခံ အုတ်မြစ်သည် အစကတည်းက အားနည်းနေသောကြောင့် ဖြစ်သည်။
အခြေခံ အုတ်မြစ် မခိုင်မာသည့်အခါ ရလဒ်အနေဖြင့် ပိတ်ဆို့မှုသည် ပိုမို ကြီးမားလာသည်။
ကံကောင်းထောက်မ၍ အဆင့်မြင့် ဆေးဝါးများ သို့မဟုတ် ဝိညာဉ်ဆေးပင်များ ရရှိပြီး၊ ဆေးစွမ်းအားကို အသုံးပြုကာ ပိတ်ဆို့မှုကို မကျော်ဖြတ်နိုင်သရွေ့၊ တစ်သက်လုံး ထိုးဖောက်နိုင်မည် မဟုတ်ပေ။
သို့သော် သူသည် မတူညီပေ။
သူ့တွင် 'မြေကမ္ဘာ ဝိညာဉ်အမြစ်' ပါရမီ ရှိရုံသာမက၊ 'အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ' ကိုလည်း ကျင့်ကြံထားသဖြင့် ဝိညာဉ်စွမ်းအား အရည်အသွေး မြင့်မားပြီး ပမာဏလည်း များပြားလှသည်။ ထို့ကြောင့် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ပိတ်ဆို့မှုကို ထိုးဖောက်ရန်မှာ လွယ်ကူလွန်းလှသည်။
ခန္ဓာကိုယ် အတွင်း၌ ဝိညာဉ်စွမ်းအား လုံလောက်စွာ ရှိနေသရွေ့၊ အဆင့်တက်ရန်မှာ သဘာဝကျကျ ဖြစ်လာမည့် ကိစ္စသာ ဖြစ်သည်။
ထိုသို့ တွေးမိသည်နှင့် ကျန်းဖန် တုံ့ဆိုင်းမနေတော့ဘဲ၊ အမြုတေပေါင်းစု အင်းကွက်ကျမ်းစာကို လည်ပတ်လိုက်သည်။
တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ ပင်ကိုအင်းကွက်ကြီးသည် ဂြိုဟ်တစ်လုံးကဲ့သို့ ဆက်လက် လည်ပတ်နေသည်။
မူလဝိညာဉ်စွမ်းအား အမျှင်တန်းများသည် ပင်ကိုအင်းကွက်၏ လမ်းညွှန်မှုအောက်တွင် သွေးကြော တစ်ခုစီကို ဆက်စပ်လိုက်ပြီး၊ အဝန်းအဝိုင်း တစ်ခုအဖြစ် ပေါင်းစပ်သွားကြသည်။
ထိုအခါ မြစ်ကြီး (၆) စင်း ပေါင်းဆုံလိုက်သကဲ့သို့ ဖြစ်ပြီး၊ မြစ်ရေ စွမ်းအားသည် မကြုံစဖူး ပြင်းထန်လာခဲ့သည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ မူလဝိညာဉ်စွမ်းအားများသည် သတ္တမမြောက် သွေးကြောဆီသို့ တရှိန်ထိုး ဝင်ရောက်သွားကြသည်။
ဒေါင်…
အနည်းငယ် ထိတွေ့လိုက်ရုံမျှဖြင့် သတ္တမမြောက် သွေးကြော၏ ပိတ်ဆို့မှုသည် ချက်ချင်း ကွဲအက်ပျက်စီးသွားတော့သည်။
ကြီးမားသော မူလဝိညာဉ်စွမ်းအားတွင် တွန်းလှန်၍ မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။
ခုခံရန် မဖြစ်နိုင်ပေ။
ချီကျင့်ကြံခြင်းအဆင့် (၇)...
သာမန် လေလွင့်ကျင့်ကြံသူများအတွက် ချောက်ကမ်းပါးကြီး တစ်ခုလို ကျော်ဖြတ်ရခက်ခဲသော ပိတ်ဆို့မှုသည် ကျန်းဖန်အတွက်မူ အလွန် လွယ်ကူနေ၏။ ပိတ်ဆို့မှုဟုပင် သတ်မှတ်၍ မရနိုင်ပေ။
သေချာသည်မှာ ဝိညာဉ်ရည် (၂၀) စက်ကို ကျေးဇူးတင်ရပေမည်။
ဝိညာဉ်ကျောက်တုံး (၆၀၀၀) သုံးစွဲလိုက်ရခြင်းသည် တန်ဖိုးရှိလှသည်။
မည်သို့ဆိုစေ အချိန်ထက် တန်ဖိုးရှိသော အရာဟူ၍ မရှိပေ။
ဝိညာဉ်ကျောက်တုံးဖြင့် ဖြေရှင်း၍ ရသော ပြဿနာသည် ပြဿနာ မဟုတ်ပေ။
"အောင်မြင်ပြီ..."
"နောက်ဆုံးတော့ ချီကျင့်ကြံခြင်းအဆင့် (၇) ကျင့်ကြံသူ ဖြစ်လာပြီ..."
ကျန်းဖန် အလွန် ဝမ်းသာသွားသည်။
အဆင့် (၇) သို့ ရောက်ရှိသွားပြီးနောက်၊ သူ၏ ခန္ဓာကိုယ် အတွင်းရှိ မူလဝိညာဉ်စွမ်းအား ပမာဏသည် ချက်ချင်း မိုးထိ မြင့်တက်သွားပြီး၊ ယခင်ကနှင့် ယှဉ်လျှင် နှစ်ဆခန့် တိုးပွားလာကြောင်း ခံစားလိုက်ရသည်။
ဤသို့ ပြောင်းလဲသွားရခြင်း အကြောင်းရင်းမှာ သတ္တမမြောက် သွေးကြော ပွင့်သွားရုံ သက်သက်ကြောင့် မဟုတ်ပေ။
ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းကြောင့် သွေးကြော တစ်ခုစီ၏ အလျားနှင့် အနံတို့ ပိုမို ကျယ်ဝန်းလာသောကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် ဝိညာဉ်စွမ်းအား သိုလှောင်နိုင်မှု ပမာဏသည်လည်း သဘာဝကျကျ တိုးပွားလာသည်။
ထို့ကြောင့် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်နှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူများအကြား ကွာခြားချက်သည် ကြီးမားလွန်းလှခြင်း ဖြစ်သည်။
ထို့ပြင် ဝိညာဉ်စွမ်းအား တိုးပွားလာရုံ သာမက…
သူ၏ အသိစိတ်အာရုံ စွမ်းအားသည်လည်း ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာသည်။
တန်းထျန်နှင့် ချီပင်လယ် နက်ရှိုင်းရာရှိ ပင်ကိုအင်းကွက်ကြီးသည်လည်း သိသိသာသာ ကြီးထွားလာ၏။
ယခုအခါ ပင်ကိုအင်းကွက်သည် သတ္တမမြောက် အင်းကွက်ကို လက်ခံနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
…….