အခန်း (၄၁)
Vol. 5 Ch. 41
နောက်တစ်နေ့တွင် ရှင်းကျန်းမြို့တော်၏ အပြင်ဘက်၌ စစ်ခရာသံများ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။
" ချင်စစ်တပ်က တိုက်ခိုက်တော့မယ်။ "
" မြို့ရိုးပေါ် မြန်မြန်တက်ကြ။ "
ချင်စစ်တပ်၏ ခရာသံများ ထွက်ပေါ်လာသည်နှင့် ရှင်းကျန်းမြို့အတွင်းရှိ ဟန်စစ်သားများက ထိတ်လန့်တကြား ဖြစ်သွားကြသည်။ ချင်စစ်တပ်က ရှေ့မတိုးသေးသော်လည်း ဟန်စစ်သားများ၏ စိတ်ဓာတ်များက ကျဆင်းသွားခဲ့ပြီဖြစ်သည်။ ဟန်မြို့တော်၏ ရန်သူက တံခါးဝသို့ ရောက်နေပြီး မြို့ထဲမှ လူအများစုက မြို့ကို ကာကွယ်ရန် မဖြစ်နိုင်သည်ကို နားလည်ထားကြသည်။
" ဘာလို့ဒီလောက်ဆူညံနေကြတာလဲ။ " အသံတစ်ခုက ထွက်ပေါ်လာသည်။ " စစ်သူကြီးချောင် ဒါတွေက မင်းဦးဆောင်တဲ့ စစ်သည်တွေလား။ "
မြို့ရိုးပေါ်မှ ထိတ်လန့်တကြားဖြစ်နေကြသော ဟန်စစ်သားများကို ကြည့်ပြီး ကျန်းဖျင်က မျက်မှောင်ကြုတ်ကာ လျှောက်လာသည်။
" ဝန်ကြီးချုပ် " စစ်သူကြီးချောင်ရီက ကြောက်ရွံ့သော အမူအရာနှင့် အပြောင်းအလွှားရောက်လာပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုးလည်း မတတ်နိုင်တော့ပါဘူး။ "
ဟန်နိုင်ငံက ဆုတ်ယုတ်နေသည်မှာ ကြာပြီဖြစ်သည်။ ပေါင်ယွမ်က စစ်တပ်ကို ဦးဆောင်နိုင်သော နောက်ဆုံး စစ်သူကြီးဖြစ်သည်။ စစ်သားတစ်ထောင်ကို ရှာရန် လွယ်ကူသော်လည်း စစ်သူကြီးတစ်ယောက်ကို ရှာဖွေရန် ခက်ခဲလှသည်။
ထိုစကားက အမှန်သာ ဖြစ်သည်။ ယခု ဟန်နိုင်ငံတွင် အရည်အချင်းရှိသော စစ်သူကြီးများ မရှိတော့ပေ။ ခေါင်းဆောင်မရှိသော စစ်တပ်က အားနည်းလေသည်။
" မင်း " ချောင်ရီကို ကြည့်ပြီး ကျန်းဖျင်၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။
" တော်ဝင်အစောင့်တွေဘယ်မှာလဲ။ " ကျန်းဖျင်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ရှိပါတယ်။ " တော်ဝင်အစောင့် ထောင်ချီက တညီတညွှတ်တည်း အော်ဟစ်လိုက်ကြသည်။
" တော်ဝင်အစောင့် ငါးထောင်ကို စောင့်ကြပ်ရေးတပ်အဖြစ် ပြောင်းလဲလိုက်မယ်။ တိုက်ပွဲအတွင်းမှာ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ကွပ်မျက်စေ။ " ကျန်းဖျင်က အမိန့်ပေးလိုက်သည်။
" ဒီနေ့ ရန်သူက ငါတို့ဆီကို ရောက်လာပြီ။ ငါဝန်ကြီးချုပ်ကိုယ်တိုင် မြို့တံခါးပေါ်မှာ ခုခံမှုကို ကြီးကြပ်ပြီး ရန်သူကို ခုခံတားဆီးမယ်။ "
" ဝန်ကြီးချုပ်ရဲ့ အမိန့်ကို နာခံပါမယ်။ " စစ်သားများက အော်ဟစ်လိုက်ကြသည်။ သူတို့က လက်နက်များကို ဆွဲထုတ်ပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်လိုက်ကြသည်။
သေခြင်းရှင်ခြင်းဖိအားအောက်တွင် ခုခံနေသော ဟန်စစ်သားများနှင့် အစေခံများက ပိုမိုရသတိရှိလာကြပြီး အစပိုင်းမှ ရုန်းရင်းဆန်ခတ်မှုများကို လျော့ပါးသွားခဲ့သည်။
" စစ်သည်တွေအားလုံး နားထောင်ကြစမ်း။ " ကျန်းဖျင်က မြို့ရိုးတစ်လျှောက် ကြားနိုင်အောင် အသံမြှင့်ပြီး ပြောလိုက်သည်။ " ငါတို့ရဲ့ ဟန်နိုင်ငံ ကျရှုံးသွားပြီမထင်ကြနဲ့။ "
" ကျောက်နဲ့ ဝေနိုင်ငံက သန်းချီတဲ့ စစ်ကူတွေ လာနေပြီဆိုတဲ့ သတင်းကို ငါရထားပြီးပြီ။ ငါတို့ မြို့တော်ကို တစ်လလောက်သာ ခုခံထားနိုင်ရင် စစ်ကူတွေရောက်လာပြီး အဲ့ဒီချင်သူပုန်တွေကို ချေမှုန်းနိုင်လိမ့်မယ်။ "
ထိုစကားများကြားသောအခါ မျှော်လင့်ချက်မဲ့နေသော ဟန်စစ်သားများက သူတို့၏ စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာခဲ့ကြသည်။
ဝန်ကြီးချုပ် ကျန်းဖျင်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် မြို့ရိုးပေါ်သို့ တက်လာခဲ့သည်။ အဝေး၌ တပ်ဖြန့်နေသော ချင်စစ်တပ်ကြီးကို ကြည့်ရင်း သူက မျက်မှောင်ကြုတ်သွားသည်။
ချင်စစ်တပ်က ဒဏ္ဍာရီထဲကအတိုင်း ရက်စက်ကြမ်းကြုတ်သော လက်ရွေးစင်စစ်သားများဖြင့် ဖွဲ့စည်းထားသည်။ သူတို့နှင့်ယှဉ်လျှင် ဟန်စစ်သားများက စိတ်ဓာတ်၊ ဇွဲလုံ့လ၊ ရဲစွမ်းသတ္တိ အစစအရာရာ နိမ့်ကျနေခဲ့သည်။ မြို့ရိုးသာမရှိလျှင် ဟန်စစ်သားများက ချင်းစစ်သားများကို ခုခံနိုင်ရန် မျှော်လင့်ချက်မရှိပေ။
တိုက်ပွဲမစတင်မီကပင် မြင်တွေ့နေရသည့် ချင်စစ်တပ်၏ စစ်ရေးအရှိန်အဝါကြောင့် ကျန်းဖျင်၏ စိတ်မှာ ပို၍လေးလံသွားခဲ့သည်။
ထိုအချိန်တွင် ချင်စစ်တပ်ထဲမှ စစ်ရထားတစ်စီး ထွက်လာခဲ့ပြီး ဟန်မြို့တော်ဆီသို့ ဦးတည်လာသည်။ မြို့ရိုးနှင့် အနည်းငယ် အကွာအဝေးသို့ ရောက်သောအခါ ထိုစစ်ရထားက ရပ်တန့်သွားသည်။
" ဒီမှာ ဘယ်သူအမိန့်ပေးတာလဲ။ " စစ်ရထားပေါ်တွင် ချပ်ဝတ်ကို ဝတ်ဆင်ပြီး ဓားတစ်လက်ကို ခါးတွင် ချိတ်ဆွဲထားသော လီထန်က ဟန်မြို့တော်ကို စိုက်ကြည့်ရင်း အော်မေးလိုက်သည်။
ကျန်းဖျင်က တည်ငြိမ်စွာဖြင့် ရှေ့သို့ တက်လာသည်။ " ဝန်ကြီးချုပ် ကျန်းဖျင် ဒီမှာရှိတယ်။ "
" ဟန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ကိုး။ " ထိုစကားများကို ကြားသောအခါ လီထန်က ပြုံးလိုက်သည်။
" ငါက ချင်မင်းကြီးရဲ့ အမိန့်အရ တရားမျှတတဲ့ စစ်တပ်ကို ဦးဆောင်ပြီး သစ္စာမရှိသူတွေကို နှိမ်နင်းဖို့လာတဲ့ စစ်သူကြီးလီထန်ပဲ။ ဝန်ကြီးချုပ် အခြေအနေတွေက ဒီအထိ ရောက်လာပြီ။ ဟန်နိုင်ငံက ခေါင်းမာမာနဲ့ ဆက်ပြီး ခုခံနေဦးမှာလား။ "
" တကယ်လို့ ဟန်နိုင်ငံသာ လက်နက်ချရင် မြို့ထဲက အရာအားလုံးကို ထိန်းသိမ်းပေးမယ်။ ဟန်နိုင်ငံရဲ့ ဘိုးဘေးအမွေအနှစ်တွေလည်း မပျက်စီးစေရဘူး။ မြို့ထဲက ပြည်သူတွေကိုလည်း ချမ်းသာပေးမယ်။ ပြီးတော့ ဟန်အရာရှိတွေအားလုံးကို ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်လို့ ငါကတိပေးနိုင်တယ်။ "
" ဟားဟား..." ကျန်းဖျင်က အေးစက်စွာ ရယ်မောလိုက်သည်။ " တရားမျှတတဲ့ စစ်တပ်ဟုတ်လား။ ဘာက တရားမျှတတာလဲ။ မင်းတို့ချင်စစ်တပ်က ငါတို့နယ်မြေကို အကြောင်းမဲ့ ကျူးကျော်ခဲ့တာပဲ။ ဒါက တစ်လောကလုံး ပူးပေါင်းချေမှုန်းရမယ့် မတရားတဲ့ စစ်တပ်ပဲ။ "
" ချင်စစ်တပ်က မတရားတဲ့ စစ်တပ်လား။ " လီထန်က အေးစက်စွာ ပြန်ရယ်လိုက်သည်။
" လွန်ခဲ့တဲ့ တစ်နှစ်က ဟန်မင်းကြီးက ငါတို့ ချင်သံတမန်ကို ရှင်းကျန်းမြို့ကနေ နှင်ထုတ်ခဲ့တယ်။ ငါတို့ ချင်နိုင်ငံရဲ့ ဝန်ကြီးချုပ် လီစီကိုယ်တိုင် လာခဲ့တုန်းကလည်း ဟန်မင်းကြီးက တွေ့ဖို့ ငြင်းဆန်ခဲ့တဲ့အပြင် နန်းတော်ထဲကပါ နှင်ထုတ်ခဲ့တယ်။ "
" ဝန်ကြီးချုပ် သံတမန်ဆိုတာ နိုင်ငံတစ်ခုရဲ့ မျက်နှာဆိုတာ မင်းမသိတာလား။ ချင်သံတမန်နဲ့ ငါတို့ ဝန်ကြီးချုပ်ကို နှင်ထုတ်တာ ချင်နိုင်ငံရဲ့ မျက်နှာကိုတင်မကဘဲ ငါတို့ ချင်စစ်သည်အားလုံးရဲ့ မျက်နှာကို ရိုက်လိုက်တာပဲ။ "
" ဒီနေ့ ငါတို့ စစ်တပ် ရောက်လာတာက ဟန်နိုင်ငံရဲ့ အပြစ်တွေကြောင့်ပဲ။ မင်းသိအောင် ငါပြောလိုက်မယ်။ ချင်သံတမန်ရဲ့ နောက်မှာ စစ်သည်တွေရဲ့ ထက်ရှတဲ့ ဓားတွေရှိတယ်။ "
ရှေးယခင်ကတည်းက စစ်တပ်တစ်ခု လှုပ်ရှားရန် ခိုင်လုံသော အကြောင်းပြချက် လိုအပ်သည်။ မဟုတ်လျှင် မတရားသော စစ်ပွဲဟု သတ်မှတ်ခံရပြီး စစ်သည်များနှင့် အခြားနိုင်ငံများ၏ အမြင်ကို ကြီးမားသော သက်ရောက်မှုရှိစေပေလိမ့်မည်။
ချင်မင်းကြီးက ဟန်နိုင်ငံကို အရင်ဆုံးတိုက်ခိုက်ရသည့် အကြောင်းရင်းမှာ သေချာစဉ်းစားချင့်ချိန်ထားခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က ချင်နိုင်ငံက ကျောက်နိုင်ငံနှင့် စစ်ဖြစ်ခဲ့သည်။ အစပိုင်းတွင် သူတို့က အောင်မြင်မှုများ ရရှိခဲ့ပြီး ကျောက်နိုင်ငံ၏ မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် ကျောက်မင်းကြီးက စစ်ကူများရရှိခဲ့ပြီး ချင်စစ်တပ်က နောက်ဆုတ်ခဲ့ရသည်။
ထို့နောက် ဟန်မင်းကြီးက ကျောက်နိုင်ငံကို စစ်စ္စာခံခဲ့သည်။ သူက ချင်သံတမန်ကို နှင်ထုတ်ခဲ့ပြီး ဝန်ကြီးချုပ် လီစီကို မလေးမစား ပြုမူခဲ့သည်။ ချင်နိုင်ငံက ဟန်နိုင်ငံအပေါ် တစ်ဖက်မှ လက်စားချေခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သူတို့ကို ဆန့်ကျင်သူများ မည်သည့်ကံကြမ္မာမျိုးကြုံရမည်ကို သတိပေးလိုက်ခြင်းဖြစ်သည်။
" ငါကျန်းဖျင်က လက်နက်ချမယ့်အစား အသေခံလိုက်မယ်။ " ကျန်းဖျင်က လီထန်နှင့် စကားပြောရန် စိတ်မရှည်တော့ပေ။ " မင်းတို့ ဘာတတ်နိုင်လဲဆိုတာ ထုတ်ပြလိုက်စမ်းပါ။ "
" ဝန်ကြီးချုပ်က ကိုယ်သေတွင်းကိုယ်တူးချက်တယ်ဆိုရင်တော့ ငါကလည်း ထပ်ပြီး ဖျောင့်ဖျနေတော့မှာမဟုတ်ဘူး။ " လီထန်က ကျန်းဖျင်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် စစ်ရထားက နောက်ပြန့်လှည့်ပြီး ချင်စစ်တပ်ဆီသို့ ပြန်သွားခဲ့သည်။
စစ်ကြောင်းထဲသို့ ပြန်ရောက်သောအခါ လီထန်က သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ သူက ဟန်မြို့တော်ကို စိုက်ကြည့်ပြီး ဓားကို ရှေ့သို့ ညွှန်ပြလိုက်သည်။
" ချင်နိုင်ငံရဲ့ စစ်သည်တို့...."
" ဟေ့ ဟေ့ ဟေ့... " ချင်စစ်သည်များ၏ ဟိန်းဟောက်သံက ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်သွားသည်။ ချင်စစ်တပ်က အင်အားအကြီးဆုံးစစ်တပ်ဖြစ်ပြီး သူတို့၏ စစ်ရေးအရှိန်အဝါတစ်ခုတည်းကပင် ဖိနှိပ်မှုအပြည့်ရှိနေသည်။
" လေးသည်တော်တွေ... ကျောက်လုံးပစ်စက်တွေ..." လီထန်က ထပ်မံအမိန့်ပေးလိုက်သည်။
အမိန့်ကျလာသည်နှင့် မြင်းပေါ်မှ သတင်းပို့သူများက နောက်မှ စစ်ကြောင်းများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြသည်။ သူတို့က စစ်သူကြီး၏ အမိန့်များကို လက်ဆင့်ကမ်းရန် တာဝန်ရှိသူများဖြစ်ကြသည်။
" စစ်သူကြီးအမိန့် လေးသည်တာ်တွေ ကျောက်လုံးပစ်စက်တွေ သတ်...." သတင်းပို့သူများက စစ်ကြောင်းများဆီသို့ အော်ဟစ်အကြောင်းကြားလိုက်ကြသည်။
ကျောက်ဖုန်းကလည်း သူ၏ အနက်ရောင်သံလေးပို မြှောက်ပြီး သူ၏ အမူအရာက လေးနက်နေသည်။ ယခု သူက ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့ပြီးနောက် ပထမဆုံး တိုက်ခိုက်ရသော စစ်ပွဲဖြစ်သည်။
" စစ်ပွဲ..." ကျောက်ဖုန်းက တွေးပြီး လေးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူ၏ နောက်မှ စစ်သည်ငါးထောင်လုံးက မြားအိမ်များကို ကျောတွင် လွယ်ပြီး လေးများကို ကိုင်ဆောင်ထားကြသည်။ သူတို့က ဓားများ၊ လှံများကို ကိုင်ဆောင်ထားခြင်းမရှိကြပေ။ သူတို့တပ်ဖွဲ့က ရှေ့ပြေးတပ်ဖွဲ့မဟုတ်ဘဲ ဟန်မြို့တော်အတွင်းသို့ မြားများဖြင့် ပစ်ခတ်ရန် တာဝန်ပေးအပ်ခြင်း ခံထားရသည်။ ထိုခဏတွင် တပ်မှူးချန်ထောင်က လှံတစ်လက်ကို ကိုင်ဆောင်ပြီး စစ်မြင်းကိုစီး၍ ရောက်လာသည်။