အခန်း (၄၃)
Vol. 5 Ch. 43
" ဒါက တကယ် မြို့သိမ်းတိုက်ပွဲပဲ။ " ကျောက်ဖုန်းက မြားများကို ဆက်လက်ပစ်ခတ်နေပြီး တွေးလိုက်သည်။
မြို့ရိုးကို ထိုးဖောက်နိုင်အောင် လူ့အသက်များကို ထိုအတိုင်း ရင်းနှီးနေကြသည်။ ထိုမျှနီးကပ်သော အကွာအဝေးနှင့် ထိုကဲ့သို့ ကြီးမားသော စစ်ပွဲတစ်ခုတွင် ရက်စက်မှုက ထင်ရှားစွာ ပေါ်လွင်နေသည်။
ကျောက်ဖုန်းက ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်များကိုလည်း မြင်နေရသည်။ သယတို့က ကြောက်ရွံ့မှုမရှိဘဲ မရပ်မနား တိုးကပ်နေကြသည်။ စစ်သားတစ်ယောက်လဲကျသွားလျှင် နောက်တစ်ယောက်က ချက်ချင်း နေရာဝင်ယူသည်။
လူအုပ်စုလိုက် ကျောက်တုံးတစ်ခုအောက်တွင် ကြိတ်ခြေခံရလျှင်တောင် နောက်မှ စစ်သည်များက ထိုနေရာလွတ်ကို ဝင်ရောက်ကြသည်။ ရပ်တန့်ခြင်းမရှိ ကြောက်ရွံ့ခြင်းမရှိ ၎င်းက စစ်တပ်၏ စိတ်ဝိညာဉ်ဖြစ်သည်။
ရန်သူမြို့ရိုးများ မပြိုမလဲမချင်း သူတို့က နောက်ပြန်မလှည့်ဟု ကျိန်ဆိုထားကြခြင်း ဖြစ်သည်။ သူတို့က သေခြင်းရှင်ခြင်းအတွေးကို ဘေးဖယ်ထားကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ဖုန်းက ချင်စစ်တပ်အပေါ် နားလည်မှုအသစ်တစ်ခု ရရှိသွားခဲ့သည်။ သို့မဟုတ် သူက ပထမဆုံးအကြိမ် မမြင်နိုင်သော စစ်တပ်၏ စိတ်ဝိညာဉ်ကို အမှန်တကယ် ခံစားလိုက်ရခြင်းဖြစ်သည်။
ချင်စစ်တပ်၏ မြားများပစ်ကူမှုအောက်တွင် ရှေ့ပြေးတပ်ဖွဲ့က မြို့ရိုး၏ ခြေရင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ လှေကားများနှင့် မြို့သိမ်းတူကြီးများကို လျင်မြန်စွာ တွန်းပို့လိုက်ကြသည်။
" ကျောက်လုံးပစ်စက်တွေ ဆက်ပြီးတိုက်ခိုက်ကြ..." လီထန်က အော်ဟစ်လိုက်သည်။
" လေးသည်တော်တွေ ကျန့်သုံးဆယ်ရှေ့တိုးပြီးပစ်ကြ။ "
ယခုအခါ ရှေ့ပြေးတပ်ဖွဲ့က မြို့ရိုးသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် မူလနေရာမှ ဆက်လက်ပစ်ခတ်နေခြင်းက ကိုယ့်လူအချင်းချင်း ထိမှန်နိုင်မည့် အန္တရာယ်ရှိနေသည်။ ရန်သူများကို ဖိနှိပ်ရန် တာဝန်ယူထားသော လေးသည်တော်များက ယခုအခါ ရှေ့သို့ တိုးရန် လိုအပ်လာပြီဖြစ်သည်။
" ငါ့အမိန့်ကို ကြေညာလိုက်။ " ကျန်းဖျင်က မြို့ရိုးပေါ်မှ ဟိန်းဟောက်လိုက်သည်။ " အင်အားအားလုံးစုစည်းကြ။ လူတစ်ယောက်လဲကျသွားရင် နောက်လူတစ်ယောက် အစားထိုး။ ဆယ်ယောက်လဲကျသွားရင် ဆယ်ယောက် အစားထိုး ချင်စစ်တပ်ကို ငါတို့မြို့ထဲ အဝင်မခံနိုင်ဘူး။ "
သူ၏ ဘေးမှ တော်ဝင်အစောင့်များက အမိန့်ကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ ဟန်စစ်သားများကို မြို့ရိုးပေါ်သို့ လျင်မြန်စွာ ပြေးတက်လာကြသည်။ အင်အားကုန်ဆုံးမည့် တိုက်ပွဲက အစစ်အမှန် စတင်လာပြီဖြစ်သည်။
ဟန်မြို့တော်တစ်ခုလုံးက စစ်မီးများ လွှမ်းခြုံသွားတော့သည်။ ရှေ့ပြေးတပ်ဖွဲ့က မြို့ရိုးကို တိုက်ခိုက်နေကြပြီး ဟန်စစ်တပ်ကလည်း အသည်းအသန် ပြန်လည်ခုခံနေကြသည်။
နှစ်ဖက်လုံးမှ မြားများက မိုးများကဲ့သို့ ရွာကျနေပြီး မြို့ရိုးအပြင်ဘက်မှ ပစ်ခတ်မှုများကလည်း အဆုံးမရှိပေ။ အသက်ရှူကြိမ်တိုင်းမှာပင် မရေတွက်နိုင်သော အသက်များ ပျောက်ကွယ်သွားသည်။ မြားမိုးကြောင့် ထိခိုက်သေဆုံးမှုများနေသော်လည်း ဟန်စစ်တပ်က မြို့တော်ကို ခုခံရန် အင်အားရှိနေသေးသည်။
" သူတို့ရဲ့ စစ်အင်အားကလည်း မနည်းဘူးပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် လဲကျနေသော စစ်သည်များကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဝင်လာသည်။
" ဒီလိုခုခံမျိုးနဲ့ဆိုရင် အလွယ်တကူ ထိုးဖောက်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ မြို့တံခါးတွေကို လုံးဝ ပိတ်ဆို့ထားပုံရတယ်။ " သူက ရှေ့ပြေးတပ်ဖွဲ့တွင် မပါဝင်ဘဲ သူလုပ်နိုင်သည်မှာ ကြည့်နေရုံသာဖြစ်သည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး လေးနာရီကျော် ကြာသွားခဲ့သည်။ တိုက်ပွဲက လုံးဝ အကျပ်အတည်းဖြစ်နေပြီး တစ်ဖက်နှင့် တစ်ဖက် အနိုင်အရှုံးမပေါ်ဘဲ အချိန်ဆွဲသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
ချင်စစ်သားများက မြို့ရိုးပေါ်သို့ တက်နိုင်ခဲ့သော်လည်း ဟန်စစ်သားများက ပြင်းထန်စွာ တုန့်ပြန်ခဲ့ကြသည်။ နောက်ဆုံးတွင် မြို့ထဲမှ ဟန်စစ်သားများက သူတို့ကို သတ်ဖြတ်လိုက်ကြသည်။
နှစ်ဖက်လုံးမှ ပစ်ခတ်နေသော မြားမိုးများကလည်း အဆုံးမရှိ ဆက်ရှိနေဆဲ ဖြစ်သည်။ မြို့အတွင်းနှင့်အပြင်က အရာအားလုံး သွေးရောင်လွှမ်းနေသည်။ အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေပြီး မြို့ရိုး၏ အပြင်ဘက်တွင် သွေးအိုင်များက ဖြစ်ပေါ်နေသည်။
မြို့တံခါးဝတွင် သေဆုံးသွားသော စစ်သည်များ၏ အလောင်းများက ရေတွက်၍ပင် မရနိုင်တော့ပေ။ စစ်သည်များစွာက မြို့သိမ်းတူကြီးများဖြင့် မြို့တံခါးကို အကြိမ်ကြိမ် ထုနှက်နေသော်လည်း တံခါးက ခိုင်မြဲစွာ ရှိနေသည်။
" အရက်ပြင်းတွေ လောင်စာဆီတွေ လောင်းချကြ..."
မြို့ပေါ်မှ အရက်များကို လောင်းချပြီး မီးရှို့လိုက်ကြသည်။ ချင်စစ်သည်များက ချက်ချင်း မီးလူသားများ ဖြစ်သွားကြတော့သည်။ ထိုကြောက်မက်ဖွယ်ရာ စစ်ပွဲက အဖြေရှာမရအောင် ဖြစ်နေသည်။
" တိုက်စစ်ဖွင့်၊ မြို့ကို အစွမ်းကုန် ထိုးဖောက်ကြ၊ ငါ့နောက်ကလိုက်ပြီး သတ်ကြ။ " တပ်မှူးဝူဟွာက သူ၏ စစ်သည်များကို ဦးဆောင်က မြို့တံခါးကို တိုက်ခိုက်သော်လည်း ရလဒ်က မပြောင်းလဲပေ။ ဟန်စစ်တပ်၏ ခုခံမှုကလည်း အလွန်တင်းကျပ်ပြီး မြို့တံခါးကို မထိုးဖောက်နိုင်သရွေ့ သူဘာမှမလုပ်နိုင်ပေ။
ထိုခဏတွင် မြားများက ကျရောက်လာသည်။ ဝူဟွာက မြားများ ထိုးဖောက်ခြင်းခံရပြီး သွေးအိုင်ထဲသို့ လဲကျသွားသည်။ သို့သော် ချင်စစ်သားများက မလျှော့သော ဇွဲဖြင့် ဆက်လက်တိုးဝင်နေကြသည်။ ဆုတ်ခွာရန် အမိန့်မရှိဘဲ နောက်ဆုတ်သူမှန်သမျှကို စောင့်ကြပ်ရေးတပ်ဖွဲ့က နေရာတင် ကွပ်မျက်မည်ဖြစ်သည်။
ချင်စစ်တပ်၏ နောက်တန်းတွင် လီထန်က ရှေ့ပြေးတပ်ဖွဲ့ မြို့ကို မထိုးဖောက်နိုင်သည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ သေချာပြင်ဆင်ထားသော စစ်ပွဲက နေ့တစ်ဝက်ကြာသည်အထိ မအောင်မြင်သေးပေ။
" စစ်သူကြီးကို အစီရင်ခံပါတယ်။ ရှေ့ပြေးတပ်ဖွဲ့က အကျအဆုံးများနေပြီး တပ်မှူးဝူဟွာကလည်း တိုက်ပွဲမှာ ကျဆုံးသွားပါတယ်။ "
" ရှေ့ပြေးတပ်ဖွဲ့ရဲ့ စိတ်ဓာတ်က ပြိုလဲနေပါပြီ။ စစ်သူကြီး ရှေ့ပြေးတပ်ဖွဲ့ကို ပြန်ဆုတ်ခိုင်းသင့်လား။ " သတင်းပို့သူ၏ စကားကို ကြားသောအခါ လီထန်က ပို၍ မျက်မှောင်ကြုတ်သွားသည်။
" ငါက ကျန်းဖျင်နဲ့ မြို့ထဲက ဟန်စစ်တပ်ကို အထင်သေးမိသွားတဲ့ပုံပဲ။ " လီထန်က လေးနက်စွာ ပြောလိုက်သည်။
" စစ်တိုက်တယ်ဆိုတာ တစ်ကြိမ်တည်းနဲ့ ရလဒ်ထွက်ပေါ်အောင် တိုက်ရတာပဲ။ အခု ငါတို့ ဆုတ်လိုက်ရင် စစ်တပ်တစ်ခုလုံးကို ထိခိုက်သွားမယ့်အပြင် ဟန်စစ်တပ်ကလည်း အးက်ရှူချောင်သွားလိမ့်မယ်။ ရှေးပြေးတပ်ရဲ့ စိတ်ဓာတ်ပြိုလဲသွားရင် အသစ်တစ်ခု အစားထိုးလိုက်ရုံပဲ။ "
" အမိန့်ထုတ်ပြလိုက်။ " လီထန်က ကျယ်လောင်စွာ ပြောလိုက်သည်။ " ရှေ့ပြေးတပ်ဖွဲ့ကို ပြန်ဆုတ်ခိုင်းလိုက်။ ချန်တောက်နဲ့ သူ့ရဲ့ တပ်ဖွဲ့ကို ရှေ့တက်ခိုင်းလိုက်။ "
" ချန်တောက်ပြီးရင် အခြားတပ်ဖွဲ့တွေ အားလုံး အလှည့်ကျ တိုက်ခိုက်ရမယ်။ ဒီတစ်ပွဲတည်းနဲ့ ဟန်မြို့တော်က ချေမှုန်းနိုင်ရမယ်လို့ ငါကျိန်ဆိုတယ်။ "
စစ်သူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သဖြင့် စိတ်ဓာတ်၏ အရေးပါမှုကို သူကောင်းစွာ နားလည်ထားသည်။ ယခု စိတ်ခွာခြင်းက စစ်သည်များ၏ စိတ်ဓာတ်ကို ထိခိုက်စေမှာ သေချာလေသည်။
" အမိန့်အတိုင်းပါ စစ်သူကြီး။ " သတင်းပို့သူက ချက်ချင်းပြန်ပြောလိုက်ပြီးနောက် စစ်မြေပြင်တစ်ခုလုံး ရှေ့ပြေးတပ်ဖွဲ့ ပြန်ဆုတ်ရန် အမိန့်ပေးသည့် ခရာသံများက ပဲ့တင်ထပ်သွားသည်။ ထို့နောက် ဟန်မြို့တော်၏ ခြေရင်းရှိ ရှေးပြေးတပ်ဖွဲ့က စနစ်တကျ ပြန်လည်ဆုတ်ခွာသွားတော့သည်။
" ဟန်စစ်သည်တို့ ငါတို့နိုင်ပြီဟေ့...."
" ချင်စစ်တပ်က ပြန်လည်ဆုတ်ခွာသွားပြီ။ ငါတို့မြို့တော်ကို ကာကွယ်နိုင်ပြီ။ "
ချင်စစ်တပ်က ဆုတ်ခွာသွားသည်ကို ကြည့်ပြီး ချောင်ရီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ မြို့ရိုးပေါ်မှ ဟန်စစ်သားများကလည်း ပြုံးပျော်ရွှင်နေကြသည်။
" စစ်သူကြီး..." ဟန်တပ်မှူးတစ်ယောက်က ရှေ့တန်းမှ အော်ပြောလိုက်သည်။ " တစ်ခုခုတော့ မဟုတ်သေးဘူး။ ချင်တပ်ဖွဲ့တစ်ဖွဲ့က ဆုတ်သွားပေမယ့် နောက်တစ်ဖွဲ့က စုစည်းနေကြပြီ။ ပြီးတော့ သူတို့ လေးသည်တော်တွေလည်း မဆုတ်သေးဘူး။ "
ချောင်ရီက မျက်နှာပျက်သွားသည်။
ထိုအချိန်တွင် ချန်တောက်က ဓားကို ဆုပ်ကိုင်ပြီး သူ၏ စစ်ကြောင်းရှေ့တွင် ရပ်နေသည်။
" ကျောက်ဖုန်း လျူဝူ ရှေ့ထွက်ခဲ့။ " ချန်တောက်က ခေါ်လိုက်သည်။
" ရှိပါတယ်။ " ကျောက်ဖုန်းနှင့် လျူဝူတို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
" စစ်သူကြီးလီက ရှေ့ပြေးတပ်ဖွဲ့ကို ဆုတ်ခိုင်းပြီး ငါ့ရဲ့ တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီ။ " ချန်တောက်က ကြေညာလိုက်သည်။
" ဟန်မြို့တော်ကို အရင်ထိုးဖောက်နိုင်တဲ့သူက အကြီးမားဆုံး စွမ်းဆောင်မှုကို ရရှိမယ်။ ဟန်မင်းကြီးကို ဖမ်းနိုင်တဲ့သူက အနှိုင်းမဲ့အောင်မြင်မှုကို ရရှိလိမ့်မယ်။ မြို့ကို မသိမ်းနိုင်မချင်း ငါတို့ကို ရှေ့ပြေးတပ်ဖွဲ့အဖြစ် သတ်မှတ်မယ်။ "
" လေးတွေကို ချထား၊ ဒိုင်းတွေကို မြှောက်ပြီး တိုက်စစ်ဖွင့်ကြ။ ဆုတ်ခွာတဲ့ဘယ်သူမဆို ညှာတာမှုမရှိ သတ်ခံရမယ်။ ငါကိုယ်တိုင် တိုက်ပွဲကို ကြီးကြပ်မယ်။ ကျောက်ဖုန်း၊ လျိုဝူ မင်းတို့ထဲက ဘယ်သူဦးဆောင်ရဲလဲ။ " ချန်တောက်က မေးလိုက်သည်။
" ကျွန်တော် ဦးဆောင်ပါမယ်။ " ကျောက်ဖုန်းနှင့် လျိုဝူတို့က တပြိုင်နက် ဖြေလိုက်ကြသည်။
" ကျောက်ဖုန်း မင်းက ပင်မတပ်ဖွဲ့ကို ရောက်တာမကြာသေးဘူး။ တပ်ဦးဆောင်တဲ့အပိုင်းမှာ တိုးတက်ဖို့ လိုသေးတယ်။ " ချန်တောက်က ပြောလိုက်သည်။
" ဒီတိုက်ပွဲမှည လျိုဝူ မင်းက ရှေ့ပြေးတပ်ဖွဲ့ကို ဦးဆောင်။ ကျောက်ဖုန်း တကယ်လို့ လျိုဝူရဲ့ တပ်ဖွဲ့ ယိုင်နဲ့လာရင် မင်းက တိုက်စစ်ကို ချက်ချင်း လွှဲပြောင်းယူရမယ်။ "
" အမိန့်ကို လက်ခံပါတယ်။ " လျိုဝူက ကျေနပ်သွားပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။ " တပ်မှူးကျောက် ဒီစစ်တပ်စွမ်းဆောင်မှုတွေကို ငါ အလျှော့ပေးမှာ မဟုတ်ဘူးနော်။ မြို့တံခါးကျိုးပျက်သွားတာနဲ့ ငါ့နောက်ကို ချက်ချင်း လိုက်ခဲ့။ "
သူက အောင်မြင်မှုရတော့မည်ဟု သေချာနေပုံရသည်။ ကျောက်ဖုန်းက တည်ငြိမ်စွာ ကြည့်နေပြီး လျိုဝူက သူ့ကိုသူ အထင်ကြီးနေသည်ကို သိလိုက်သည်။