အခန်း (၄၅)
Vol. 5 Ch. 45
မြို့တံခါးက ရုတ်တရက် ပွင့်ထွက်သွားသောကြောင့် ဟန်စစ်သားများက ထိတ်လန့်တုန်လှုပ်သွားကြပုံရသည်။ သို့သော် သယတို့ မတုန့်ပြန်နိုင်မီ ကျောက်ဖုန်း၏ လက်ထဲမှ လုံချွမ်က ထပ်မံဝှေ့ရမ်းသွားသည်။ နောက်တစ်ချက် ခုတ်ပိုင်းလိုက်သောအခါ တံခါးတစ်လျှောက် မီးပွားများ ထပ်မံလွင့်စင်သွားသည်။
ကျောက်ဖုန်းရပ်လိုက်သောအခါ တစ်ချက်တည်းဟု ထင်ရသော ဓားချက်က အမှန်တကယ် မယုံကြည်နိုင်စရာကောင်းသော အမြန်နှုန်းနှင့် ဆယ်ချက်ကျော် ခုတ်ပိုင်းခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြို့တံခါးက အက်ကွဲကြောင်းများနှင့် ပြည့်နှက်သွား၏။
" တံ တံခါးကျိုးတော့မယ်။ " အတွင်းမှ ဟန်စစ်သားတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
" မြန်မြန် စစ်သူကြီးကို သတင်းပို့ကြ။ "
သို့သော် သူတို့က တုန့်ပြန်ရန် အခွင့်အရေးမရခဲ့ပေ။ ကျောက်ဖုန်းက ဘယ်လက်တွင် ဒိုင်းကိုင်ပြီး ရှေ့သို့ တိုးလိုက်သည်။ သူက ရှေ့သို့ ခုတက်ပြီး တံခါးကို အရှိန်ဖြင့် တိုက်လိုက်သည်။ " ကျိုးပျက်စမ်း...."
ဝုန်း....
အတွင်းရှိ ဟန်စစ်သားများ၏ ထိတ်လန့်သော အကြည့်များအောက်တွင် မရေတွက်နိုင်သော တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံခဲ့သည့် မြို့တံခါးကြီးက သံအပိုင်းအစများအဖြစ် ကြေမွသွားခဲ့သည်။
" ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဟန်စစ်သားများက ကျိုးပျက်သွားသော တံခါးနှင့် သူတို့ရှေ့မှ လူကို ကြည့်ပြီး အလွန်တုန်လှုပ်သွားကြသည်။
" သူက ခွန်အားသက်သက်နဲ့ တံခါးကို ဖျက်ဆီးလိုက်တာလား။ " လျိုဝူက အောက်မှ မြင်ကွင်းကို ကြည့်ပြီး မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
ကျောက်ဖုန်းကို သူ ကြည့်နေသည့်အကြည့်မှာ တစ္ဆေတစ်ကောင် သို့မဟုတ် နတ်ဘုရားတစ်ပါးကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။ ၎င်းက သူတစ်ယောက်တည်းမဟုတ်ပေ။
ကျောက်ဖုန်း၏ နောက်မှ ကျန်းဟန်၊ ဝေချွမ်နှင့် အခြားတပ်ရင်းမှူးများကလည်း အလားတူ အံ့အားသင့်နေကြသည်။ သူတို့က မယုံကြည်နိုင်မှုနှင့် အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
" ငါတို့တပ်မှူးက... လူမှဟုတ်ရဲ့လား။ " သူတို့ထဲမှ တစ်ယောက်က တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
ကျောက်ဖုန်းက တံခါးကို ခုတ်ပိုင်းပြီး အရှိန်ဖြင့် တိုက်ခိုက်ဖျက်ဆီးလိုက်သည်ကို စစ်သည်များအားလုံးက မယုံကြည်နိုင်ဖြစ်နေကြသည်။
" စစ်သည်တို့ ငါ့အမိန့်ကို နာခံကြ။ " ကျောက်ဖုန်းက ကြောင်အနေသော ဟန်စစ်သည်များကို ကြည့်ပြီး ဟိန်းဟောက်လိုက်သည်။
" ငါ့နောက်ကိုလိုက်ပြီး သတ်ကြ။ " ထိုဟိန်းဟောက်သံကြောင့် စစ်သည်များက အသိပြန်ဝင်လာကြသည်။
" တပ်မှူးနောက်ကို လိုက်ပြီး သတ်ကြ။ "
" သတ် ရန်သူတွေကို ချေမှုန်းကြ။ "
ကျန်းဟန်၊ ဝေချွမ်နှင့် အခြားစစ်သည်များက စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်ကြသည်။ ကျောက်ဖုန်း၏ နောက်မှနေ၍ သူတို့က မြို့ထဲသို့ ဝင်ရောက်သွားကြသည်။
ကျောက်ဖုန်းက ရှေ့မှ ဒိုင်းကို မြှောက်၍ ကာကွယ်ပြီး လုံချွမ်ဓားကို ဝှေ့ရမ်းလိုက်သည်။ သွေးများက လေထဲသို့ လွင့်စင်သွားပြီး ဟန်စစ်သည်အချို့က ခေါင်းပြတ်ကာ လဲကျသွားသည်။
သူ၏ လက်ထဲမှ နတ်ဘုရာလက်နက်နှင့် ကြောက်စရာကောင်းသော စွမ်းအားကို ပေါင်းစပ်လိုက်သောအခါ မည်သူမှ မယှဉ်နိုင်တော့ပေ။ သူ၏ စနစ်မှ သတ်ပေးချက်များကလည်း ဆက်တိုက်ထွက်ပေါ်လာသည်။
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၅မှတ် ရရှိပါတယ်။ "
" ဟန်စစ်သားတစ်ယောက်ကို သတ်ဖြတ်ပြီး အမြန်နှုန်း ၅မှတ် ရရှိပါတယ်။ "
ကျောက်ဖုန်းက ဟန်စစ်သားများစွာကို ကြည့်လိုက်သည်။ ၎င်းက သူ့အတွက် ကြီးမားသော အခွင့်အရေးဖြစ်သည်။ သူတို့က သူ၏ စွမ်းရည်များကို တိုးမြှင့်ပေးမည့် အရင်းအမြစ်များပင်ဖြစ်သည်။
" သတ်ကြ...." ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်ပြီး ဘယ်လက်တွင် ဒိုင်း၊ ညာလက်တွင် ဓားကို ကိုင်ကာ ရှေ့သို့ ပြေးထွက်သွားသည်။
ဟန်စစ်သားများ၏ ဓားများက သူ့ဆီသို့ ဝှေ့ရမ်း ကျရောက်လာသည်။ ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ပေသုံးဆယ်အတွင်း ဖြန့်ကျက်ထားပြီး ရန်သူများ၏ တိုက်ခိုက်မှုများက သူ့ကို ထိရန် အခွင့်အရေး လုံးဝ မရှိပေ။
ကျောက်ဖုန်းက သူတို့၏ လက်နက်များကို ဒိုင်းနှင့် ကာကွယ်လိုက်ပြီး ညာလက်ထဲမှ လုံချွမ်ဓားကို ဝှေ့ရမ်းလိုက်သည်။ စနစ်၏ အသိပေးချက်များအောက်တွင် သူက ဟန်စစ်သားများ၏ အသက်များကို ရူးသွပ်စွာဖြင့် ရိတ်သိမ်းနေတော့သည်။
ကျောက်ဖုန်းက အသက်ရှူကြိမ်အနည်းငယ် အတွင်း ဟန်စစ်သားဆယ်ယေညက်ကျော်ကို သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ သူ၏ နောက်မှ ချင်စစ်သားများက လေးစားအံ့ဩသွားကြသည်။
" သတ်ကြ ရန်သူကို အပြတ်ရှင်းကြ။ " ကျန်းဟန်၊ ဝေချွမ်နှင့် အခြားစစ်သည်များက ဟိန်ဟောက်လိုက်ကြပြီး မြို့ထဲသို့ ဝင်ရောက်ကာ ဟန်စစ်သားများကို လက်နက်များဖြင့် ဝင်ခုတ်ကြတော့သည်။
ခဏအတွင်း စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားကြသည်။ ကျောက်ဖုန်း၏ စစ်သည်များက ရက်စက်ကြမ်းကြုတ်လှသဖြင့် တံခါးဝရှိ ဟစန်စစ်သားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး သူတို့၏ အလောင်းများက ပြန့်ကျဲသွားကြသည်။ ဟန်မြို့တော်တံခါးကျိုးပျက်သွားခြင်းက ဟန်စစ်တပ်၏ ခုခံမှု ပြိုလဲသွားခြင်းဖြစ်သည်။
မြို့တော်အတွင်း၌ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချောင်ရီ၏ မျက်နှာက ဖြူလျော့သွားသည်။
" မဖြစ်နိုင်ဘူး။ မြို့တံခါးကို သံရည်ကျိုပြီး အကြိမ်ပေါင်းများစွာ ခိုင်ခံ့အောင် လုပ်ထားတာ။ ပြီးတော့ သစ်လုံးဆယ်ခုကျော်နဲ့လည်း ထောက်ထားတာပဲ။ "
" ချင်စစ်တပ်ရဲ့ မြို့သိမ်းတူကြီးတွေနဲ့တောင် မထိုးဖောက်နိုင်တာတောင် လူတစ်ယောက်ရဲ့ ခွန်အားသက်သက်နဲ့ ဘယ်လိုလုပ် ထိုးဖောက်နိုင်တာလဲ။ " ဟန်တပ်မှူးများက ချောင်ရီကို လှည့်ကြည့်လိုက်သည်။
" စစ်သူကြီး ချင်စစ်တပ်က မြို့ထဲကို ဝင်လာပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ "
" စစ်သည်အားလုံး စုစည်းပြီး ခုခံကြ။ တိုက်ပွဲက ထွက်ပြေးတဲ့ ဘယ်သူမဆို သတ်ခံရမယ်။ မြန်မြန်လုပ်ကြ။ " ချောင်ရီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သူ၏ အမိန့်အောက်တွင် ဟန်စစ်သားများစွာက ကျူးကျော်လာသော ချင်စစ်သားများကို ရင်ဆိုင်ရန် မြို့ထဲမှ ထွက်လာကြသည်။ သေဆုံးသည်အထိ ခုခံပြီး သူတို့ကို မြို့ထဲမှ မောင်းထုတ်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် ကျောက်ဖုန်းက မြို့တံခါးကို ဖျက်ဆီးလိုက်သောကြောင့် ချင်စစ်သားများကို တားဆီးရန် သူတို့၏ ကြိုးစားမှုများက အချည်းနှီးသာဖြစ်သည်။
" သတ်ကြ..." ကျောက်ဖုန်းက ဟိန်းဟောက်လိုက်ပြီး သူဖြတ်သွားသော နေရာတိုင်းတွင် ဟန်စစ်သားများက သွေးအိုင်ထဲသို့ လဲကျကုန်သည်။ သူ၏ အနီးသို့ တိုးကပ်လာသူမှန်သမျှက သေဆုံးသွားကြသည်။
ကျောက်ဖုန်းကဲ့သို့ သတ်ဖြတ်ခြင်းနတ်ဘုရား၏ ဦးဆောင်မှုအောက်တွင် သူ၏ စစ်သည်ငါးထောင်က စိတ်ဓာတ်များ တက်ကြွလာကြပြီး သူတို့၏ တိုက်ခိုက်နိုင်စွမ်းကလည်း တိုးတက်လာကြသည်။ သူတို့က ကျောက်ဖုန်း၏ နောက်မှ လိုက်ပြီး ရန်သူများကို ရူးသွပ်စွာ သတ်ဖြတ်နေကြသည်။
သူတို့ရှေ့မှ ဟန်စစ်သားများက တစ်လှမ်းချင်း နောက်ဆုတ်နေရသည်။ သူတို့က မြို့ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာကြပြီး ဟန်စစ်တပ်က ဆုတ်ခွာလာသည်နှင့်အမျှ ချင်စစ်သားများက မြို့ထဲသို့ ဆက်တိုက် ဝင်ရောက်လာကြသည်။
" ကျောက်ဖုန်း တကယ်ကြောက်စရာကောင်းတာပဲ။ သူက မြို့တံခါးကို တကယ်ခုတ်ပိုင်းခဲ့တာပဲ။ " ချန်တောက်၏ မျက်လုံးများက တောက်ပသွားပြီး အလွန်အံ့အားသင့်သွားသည်။
သူကိုယ်တိုင်သာ မမြင်တွေ့ခဲ့လျှင် ဘယ်သူမှ ယုံကြည်မည်မဟုတ်ပေ။ သို့သော် သူက စဉ်းစားရန် အချိန်မရှိသဖြင့် စစ်တပ်၏ နောက်မှ မြို့ထဲသို့ လိုက်ဝင်သွားသည်။
" မြို့တံခါးကျိုးပျက်သွားပြီလား။ " လီထန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
" စစ်သူကြီး မြို့တံခါးကို တပ်မှူးချန်တောက်ရဲ့ တပ်ဖွဲ့က ထိုးဖောက်လိုက်တာပါ။ " သူ၏ ကိုယ်ရံတော်တစ်ယောက်က မြင်းစီးပြီး သတင်းပို့လိုက်သည်။
ထိုသတင်းနှင့်အတူ ချင်စစ်သားများ မြို့ထဲသို့ ဝင်ရောက်သွားကြသည်ကို မြင်သောအခါ လီထန်က အလွန်ဝမ်းသာသွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
" ကောင်းတယ်။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ လေးသည်တော်တွေ ပစ်ခတ်တာ ရပ်တော့ စစ်တပ်တစ်ခုလုံး မြို့ထဲဝင်ကြ။ လက်နက်ချပြီး အညံ့ခံတဲ့ ဟန်စစ်သည်တွေကို အသက်ချမ်းသာခွင့်ပေးမယ်။ အညံ့မခံတဲ့သူတွေကို ညှာတာမှုမရှိ သတ်ပစ်ကြ။ "
လီထန်၏ စိတ်ပျက်မှုများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ ဟန်မြို့တော်က ကျိုးပေါက်သွားသောကြောင့် ဟန်နိုင်ငံက ကျဆုံးတော့မည်ဖြစ်သည်။ ချင်နိုင်ငံအတွက် ၎င်းက မကြုံဖူးသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။
ဟန်နိုင်ငံကို ဖျက်ဆီးရန် တာဝန်ယူထားသော စစ်သူကြီးအနေဖြင့် သူက ကြီးမားသော စွမ်းဆောင်မှုကို ရရှိမည်မှာ သေချာသည်။
အချိန်ကြာလာသည်နှင့်အမျှ ဟန်မြို့တော်အတွင်း သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေသည်။ တိုက်ခိုက်သံများက မြို့ကြီးကို ဖုံးလွှမ်းသွားသည်။ မရေတွက်နိုင်သော မြို့သူမြို့သားများက အိမ်တံခါးများကို လုံအောင်ပိတ်ပြီး ကြောက်လန့်စွာဖြင့် ပုန်းအောင်းနေကြသည်။ ဖရိုဖရဲဖြစ်နေသော စစ်ပွဲကာလတွင် မြို့သူမြို့သားများက အားကိုးရာမဲ့ဖြစ်နေပြီး ဆုတောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။
" ဝန်ကြီးချုပ်ကို အစီရင်ခံပါတယ်။ " ဟန်တပ်မှူးက ကျန်းဖျင်၏ ရှေ့သို့ ထိတ်လန့်တကြားဖြင့် ရောက်ရှိလာသည်။
" ချင်စစ်တပ်က မြို့ထဲသို့ ထိုးဖောက်လာပါပြီ။ ကျွန်တော်တို့ စစ်သည်တွေ အကျအဆုံး အရမ်းများနေပါပြီ။ ကြာကြာ ခုခံနိုင်တော့မှာ မဟုတ်ပါဘူး။ "
ကျန်းဖျင်က မှောင်မည်းလာသော ကောင်းကင်တွင် ထွက်ပေါ်လာသော လမင်းကြီးကို မော့ကြည့်လိုက်သည်။ ၎င်းက မှောင်မိုက်နေသော ညအတွင်း အလင်းရောင်များကို ပေးစွမ်းနေသည်။