← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ကျောက်ဖုန်းက စွမ်းရည်များကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။ ၎င်းက သူတစ်ရက်နှင့်တစ်ညလုံး တိုက်ပွဲဝင်ခြင်း၏ ရလဒ်ပင်ဖြစ်သည်။ ထို့အပြင် ရတနာသေတ္တာလေးလုံးလည်း ရှိနေသည်။ စွမ်းရည်အားလုံး ၂၀၀၀မှတ်တိုးလာခြင်းကြောင့် နှစ်လုံး၊ ဟန်စစ်သူကြီးနှင့် ကျန်းဖျင်တို့ကို သတ်ဖြတ်မှုကြောင့် နှစ်လုံး ရရှိခဲ့ခြင်းဖြစ်သည်။

" ဘုရင်ကို သတ်ခွင့်မရတာ နှမြောစရာပဲ။ ငါသာ ဟန်မင်းကြီးကို သတ်နိုင်ခဲ့ရင် အဆင့်နှစ် ရတနာသေတ္တာကို ရလောက်တယ်။ " ရတနာသေတ္တာလေးလုံးကို ကြည့်ရင်း ကျောက်ဖုန်းက အနည်းငယ် လောဘတက်မိသွားသော်လည်း ထိုအတွေးကို ချက်ချင်း ဖိနှိပ်လိုက်သည်။

ဤခေတ်ကာလတွင် ဘုရင်၏ အာဏာစက်က အမြင့်ဆုံးဖြစ်သည်။ ချင်မင်းကြီး၏ အမိန့်မပါဘဲ ဘယ်သူမှ ရန်သူမင်းကြီးကို သတ်ခွင့်မရှိပေ။ ထိုသို့လုပ်ဆောင်ခြင်းက စွမ်းဆောင်မှုမဟုတ်ဘဲ ပြစ်မှုသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် စစ်သူကြီး လီထန်၏ စစ်ရထား ရောက်ရှိလာသည်။

" စစ်သူကြီးကို ဂါရဝပြုပါတယ်။ " လီထန်၏ တပ်ဖွဲ့မှ တပ်မှူးများက ချက်ချင်း ရှေ့သို့ ထွက်လာပြီး လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

" အခြေအနေဘယ်လိုလဲ။ " လီထန်က စစ်ရထားပေါ်မှ နေ၍ တည်ငြိမ်စွာ မေးလိုက်သည်။

" စစ်သူကြီး နန်းတော်ကို ကျွန်တော်တို့ စစ်တပ်က ဝိုင်းထားပါပြီ။ အထဲက ဘယ်သူမှ ထွက်ပြေးလို့မရတော့ပါဘူး။ " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။

" နန်းတော်ထဲက ဘာလှုပ်ရှားမှုမှမရှိသေးပါဘူး။ ကျွန်တော်တို့က စစ်သူကြီးရဲ့ အမိန့်ကို စောင့်နေပါတယ်။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ " လီထန်က လေးနက်စွာ ပြောလိုက်သည်။ " ဟန်မင်းကြီးကို စဉ်းစားဖို့ အမွှေးတိုင်တစ်တိုင်ကုန်တဲ့အချိန် ငါပေးမယ်။ သူ အသက်ရှင်ချင်ပြီး သူ့ရဲ့ ဆွေမျိုးတွေကို ကာကွယ်ချင်ရင် နန်းတော်တံခါးကို ဖွင့်ပြီး ဟန်စစ်သည်အားလုံး လက်နက်ချ အညံ့ခံဖို့ အမိန့်ပေးရမယ်။ "

" အမွှေးတိုင်တစ်တိုင်ကုန်တဲ့အထိ ဆုံးဖြတ်ချက်မချရင် ငါ့ရဲ့စစ်တပ်က ဟန်နန်းတော်ထဲကို ဝင်ရောက်ပြီး ခွေးကအစမကျန် သွေးချောင်းစီးအောင် သတ်ပစ်လိမ့်မယ်။ "

သူ၏ စကားဆုံးသည်နှင့် တပ်မှူးတစ်ယောက်က ထိုအမိန့်အတိုင်း အော်ဟစ်လိုက်ပြီး အခြားတပ်မှူးများကလည်း နောက်မှ လိုက်အော်ကြရာ သူတို့၏ အသံက နန်းတော်၏ အတွင်းပိုင်းအထိ ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအော်သံများကို တုန့်ပြန်သည့်အနေဖြင့် နမ်းတော်တံခါးက လူတစ်ကိုယ်စာ ဟလာခဲ့သည်။ ဟန်အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်က တည်ငြိမ်စွာဖြင့် ထွက်လာခဲ့သည်။

သူက ချင်စစ်သားများနှင့် သူတို့၏ သတ်ဖြတ်လိုစိတ်များကို ရင်ဆိုင်ရသော်လည်း ထိုလူက ထိတ်လန့်သည့် အရိပ်အယောင်မရှိပေ။

" ဒီလူက တကယ် သတ္တိရှိပြီး ထူးခြားတဲ့သူပဲ။ " ကျောက်ဖုန်းက ထိုလူ၏ ရဲစွမ်းသတ္တိနှင့် တည်ငြိမ်မှုအပေါ် လေးစားမိသွားသည်။

မကြာမီ ထိုလူက လီထန်၏ စစ်ရထားရှေ့သို့ ရော​က်သွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဦးညွှတ်လိုက်သည်။

" စစ်သူကြီးကို ဂါရဝပြုပါတယ်။ "

" ဟန်နိုင်ငံတစ်ခုလုံးမှာ ဒီလိုရဲစွမ်းသတ္တိရှိတဲ့သူဆိုလို့ တစ်ယောက်ပဲရှိတယ်။ " လီထန်က ပြုံး၍ ပြောလိုက်သည်။ " မင်းက ဟန်ဖေးဖြစ်ရမယ်။ "

" အဲ့ဒါက မထိုက်တန်တဲ့ ကျော်ကြားမှုတစ်ခုပါပဲ။ " ဟန်ဖေးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

" မင်းထွက်လာပြီဆိုမှတော့ ဟန်မင်းကြီးရဲ့ အမိန့်တော်ကို ယူလာတာဖြစ်ရမယ်။ ငါလီထန်က စစ်သားတစ်ယောက်ပဲ။ စကားကို ကွေ့ဝိုက်ပြီး မပြောတတ်ဘူး။ ဟန်မင်းကြီးက တိုက်မှာလား၊ အညံ့ခံမှာလား။ "

ဟန်ဖေးက မတုန်မလှုပ်နှင့် ခေါင်းမော့၍ လီထန်ကို ကြည့်လိုက်သည်။

" စစ်သူကြီးကို မေးပါရစေ။ တကယ်လို့ ကျုပ်တို့ အရှင်မင်းကြီးက အညံ့ခံရင် ဟန်နိုင်ငံက သူ့ကို ဘယ်လိုဆက်ဆံမှာလဲ။ ပြီးတော့ ကျုပ်တို့ မှူးမတ်တွေအပေါ် ဘယ်လိုဆက်ဆံမှာလဲ။ "

" သူတို့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ ငါတို့ ချင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ " လီထန်က ပြတ်သားစွာ ပြောလိုက်သည်။

" ချင်စစ်တပ်က မြို့တော်ကို စရောက်ချိန်မှာ မင်းတို့ ဟန်မင်းကြီးက မြို့တံခါးဖွင့်ပြီး အညံ့ခံခဲ့ရင် ငါတို့မင်းကြီးက သူ့ကို သေချာပေါက် ဂရုဏာသက်မှာပဲ။ ဒါပေမယ့် အခုတော့ ငါ့စစ်တပ်က မင်းတို့နန်းတော်ရှေ့ရောက်နေပြီ။ ဟန်နိုင်ငံက လမ်းဆုံးသွားပြီ။ ကရုဏာဆိုတာ မဖြစ်နိုင်တော့ဘူး။ "

လီထန်၏ စကားများကို ကြားလိုက်ရသော်လည်း ဟန်ဖေး၏ အမူအရာက ပြောင်းလဲခြင်းမရှိပေ။

" တကယ်လို့ မင်းကြီးက အညံ့ခံမယ်ဆိုရင် သူ့ကို အကျဉ်ချခြင်းကနေ ကင်းလွတ်ခွင့်ပေးနိုင်မလား။ သူ့ကို ချင်နိုင်ငံကို ခေါ်သွားမယ့်အစား တခြားနိုင်ငံကို သွားခွင့်ပြုနိုင်မလား။ "

" ဟန်ဖေး " လီထန်က လှောင်ပြုံးပြုံးလိုက်သည်။ " အဲ့ဒါက တကယ်ပဲ ဖြစ်နိုင်မယ်လို့ မင်းထင်နေတာလား။ ပွင့်ပွင့်လင်းလင်း ပြောရအောင်။ ဟန်မြို့တော်က ကျဆုံးသွားပြီ။ ဟန်မင်းကြီးက အညံ့ခံသည်ဖြစ်စေ အညံ့မခံသည်ဖြစ်စေ ငါ့အတွက် ဘာမှမထူးသွားဘူး။ "

" သူငြင်းရင်လည်း ငါ့စစ်သည်တွေက ဒီနန်းတော်ကို အလွယ်တကူ သိမ်းပိုက်နိုင်တယ်။ သူအညံ့ခံရင် အနည်းဆုံးတော့ သူအသက်ရှင်ခွင့်ရမယ်။ "

ထိုအခါ ဟန်ဖေးက ခါးသီးစွာ ပြုံးလိုက်သည်။ " စစ်သူကြီးလီအနေနဲ့ ကျုပ်တို့ မင်းကြီးကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ထပ်ပေးလို့ရမလား။ တစ်နာရီလောက်ပါပဲ။

" တစ်ခုခုတော့ ထူးဆန်းနေပြီ။ " ဟန်ဖေးက အချိန်တစ်နာရီ ထပ်တောင်းလိုက်သည်ကို ကြားသောအခါ ကျောက်ဖုန်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို သိလိုက်သည်။

အခြေအနေက ထိုအဆင့်ထိ ရောက်လာပြီဖြစ်သောကြောင့် တိုက်ခိုက်မလား အညံ့ခံမလား ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။ သို့သော် သူတို့က အချိန်တစ်နာရီပေးရန် တောင်းဆိုနေသည်။

" ဟန်ဖေး " လီထန်က သူ့ကို လှောင်ပြောင်သော လေသံနှင့် ပြောလိုက်သည်။ " မင်းငါ့ကို အရူးများထင်နေလား။ ငါမင်းကို အမွှေးတိုင်တစ်တိုင်စာပဲ အချိန်ပေးမယ်။ အဲ့ဒီနောက်မှာ ငါ့စစ်တပ်က နန်းတော်ကို တိုက်ခိုက်ပြီး ဘယ်သူ့ကိုမှ အရှင်မထားဘူး။ "

ထိုစကားကို ကြားသောအခါ ဟန်ဖေးက ဦးညွှတ်လိုက်ပြီး ဘာမှမပြောတော့ဘဲ နန်းတော်ဆီသို့ ပြန်လျှောက်သွားသည်။ လီထန်က ဟန်ဖေး နန်းတော်ထဲသို့ ပြန်ဝင်သွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

အခြေအနေအားလုံးက ရှင်းလင်းနေပြီဖြစ်ရာ အလျင်စလို လုပ်ရန် မလိုအပ်ပေ။ ယခုအခါ စိုးရိမ်ရမည့်သူများက ဟန်နန်းတော်အတွင်းမှ လူများသာဖြစ်သည်။

" စစ်သူကြီး " တပ်မှူးတစ်ယောက်က ပြောလိုက်သည်။ " ဘာလို့သူတို့ကို အချိန်ပေးနေတာလဲ။ ကျွန်တော်တို့ စစ်တပ်နဲ့ ဟန်နန်းတော်ကို မြေလှန်လိုက်ရုံပဲလေ။ "

" ငါ အမွှေးတိုင်တစ်တိုင်လို့ ပြောရင် တစ်တိုင်ပဲ။ " လီထန်က ဂရုမစိုက်ဘဲ လက်ဝှေ့ရမ်းပြလိုက်သည်။

ဟန်နန်းတော်အတွင်းရှိ ခန်းမထဲရှိ ပ​လ္လင်ပေါ်တွင် ဟန်မင်းကြီးက ရှိမနေပေ။ ခန်မထဲတွင်လည်း လူမစုံတော့ဘဲ ယခင်က မှူးမတ်များမှာ တစ်ဝက်ကျော်သာ ကျန်ရှိတော့သည်။ ကျန်တစ်ဝက်က ထွက်ပြေးသွားကြပြီဖြစ်သည်။

နိုင်ငံပျက်စီးချိန်တွင် လူတိုင်းက နိုင်ငံနှင့်အတူ သေဆုံးရန် ဆန္ဒမရှိကြပေ။ အထူးသဖြင့် အာဏာရှိပြီး ချမ်းသာသူများဖြစ်ကြသည်။ သူတို့က သူတို့၏ စည်းစိမ်ဥစ္စာများနှင့်အတူ အခြားနိုင်ငံသို့ ရွှေ့ပြောင်းပြီး ချမ်းသာစွာ နေထိုင်နိုင်ကြသည်။

ယခုအချိန်တွင် အခြားသူများ ထွက်ပြေးသွားခြင်းသာမက ဟန်မင်းကြီးကိုယ်တိုင်လည်း မရှိတော့ပေ။ ဟန်စစ်သည်များ အသေခံတိုက်ခိုက်နေချိန်တွင် ဟန်မင်းကြီး ဟန်အန်းက ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။

" ဟန်ဖေး အခြေအနေ ဘယ်လိုလဲ။ " အရာရှိတစ်ယောက်က မေးလိုက်သည်။

" အမွှေးတိုင်တစ်တိုင်ကုန်တာနဲ့ ချင်စစ်တပ်က တိုက်ခိုက်လိမ့်မယ်။ " ဟန်ဖေးက သက်ပြင်းချပြီး ပြောလိုက်သည်။

" မင်းကြီးက ထွက်ပြေးသွားပြီ။ ငါတို့ ဘာဆက်လုပ်ကြမလဲ။ နန်းတော်ထဲမှာလည်း စစ်သည်နှစ်သောင်းလောက်ပဲ ရှိတော့တယ်။ သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း ပြိုလဲနေပြီ။ "

" ငါတို့က အညံ့ခံဖို့ကလွဲရင် အခြားရွေးချယ်စရာမရှိတော့ဘူးလား။ " ဟန်မှူးမတ်များက စတင်ဆွေးနွေးလိုက်ကြသည်။

" ငါတို့ မင်းကြီးကိုယ်တိုင်က ထွက်ပြေးသွားပြီပဲ။ အညံ့မခံရင် ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ "

" ငါဟန်ဖေးကတော့ နိုင်ငံနဲ့အတူ သေဆုံးဖို့ အဆင်သင့်ပဲ။ မင်းတို့အားလုံးလည်း အတူတူပဲ ဖြစ်မှာပါ။ " ဟန်ဖေးက ခါးသီးစွာ ပြုံးပြီး ပြောလိုက်သည်။

" ဒါပေမယ့် စစ်သည်နှစ်သောင်းကို အဓိပ္ပါယ်မရှိဘဲ သေခိုင်းမလို့လား။ တကယ်လို့ ငါတို့အညံ့ခံရင် ချင်စစ်တပ်က ငါတို့ကို ဘယ်လိုဆက်ဆံမှာလဲ။ " ဝန်ကြီးတစ်ယောက်က မေးလိုက်သည်။

" ဘယ်လိုရှိရမှာလဲ။ သူတို့ရဲ့ စစ်သုံ့ပန်းတွေ ဖြစ်လာမှာပေါ့။ " ဟန်ဖေးက ပြန်ဖြေလိုက်သည်။ သူက ပလ္လင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ဟန်နိုင်ငံ၏ တော်ဝင်တံဆိပ်သိမ်းထားသော သေတ္တာကို ဖွင့်လိုက်သည်။ သူက ရှက်ရွံ့စိတ်များနှင့် တံဆိပ်ကို မြှောက်လိုက်သည်။

" ငါ ဟန်ဖေးက အစွမ်းအစမရှိခဲ့ဘူး။ နိုင်ငံရဲ့ ကံကြမ္မာကို မကယ်တင်နိုင်ခဲ့ဘူး။ အားလုံးပဲ အမွှေးတိုင်တစ်တိုင်စာ ကုန်တော့မယ်။ နန်းတော်ထဲက ထွက်ကြစို့။ " ဟန်ဖေးက တော်ဝင်တံဆိပ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး လေးလံသော ခြေလှမ်းများဖြင့် နန်းတော်၏ ထွက်ပေါက်ဆီသို့ လျှောက်သွားသည်။

All Chapters