ထွက်ခွာ၍ မရနိုင်ခြင်း၊ သင်္ဘောပျံပေါ်တွင် လေလွင့်ကျင့်ကြံသူများအတွက် နေရာမရှိခြင်း။
Vol. 14 Ch. 195
"နှစ်လကြာမှ ဟုတ်လား... အဲ့လောက်တောင် စောင့်ရမှာလား..."
ကျန်းဖန် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ဤကပ်ဘေးမှ ရှောင်ရှားနိုင်ရန် မြစိမ်းတော ဈေးတန်းမှ အမြန်ဆုံး ထွက်ခွာလိုခဲ့သည်။
မမျှော်လင့်ဘဲ နှစ်လတိတိ စောင့်ဆိုင်းရတော့မည်။
"မတတ်နိုင်ဘူးလေ..."
"ကျွန်တော်တို့ နေမင်းကြီး ဓားဂိုဏ်းမှာ သင်္ဘောပျံတွေ အများကြီး ရှိတယ် ဆိုပေမဲ့... သူ့အသုံးနဲ့သူ ရှိကြတာကိုး..."
"တကယ်တမ်း ပြောရရင် လေလွင့်ကျင့်ကြံသူတွေ အသုံးပြုဖို့အတွက်ဆိုပြီး သီးသန့် ချန်ထားပေးတာမျိုးက သိပ်မရှိဘူးဗျ..."
"ပြီးတော့ ဒီကာလအတွင်း... တခြားနေရာက ကျင့်ကြံသူတွေကို ရွှေ့ပြောင်းနေရာချထားပေးဖို့ အတွက် သင်္ဘောတွေ အားလုံးကို အသုံးပြုနေရတာလေ..."
"ဘာပဲပြောပြော... မြစိမ်းတော ဈေးတန်း ဆိုတာက နေမင်းကြီး ဓားဂိုဏ်း အုပ်ချုပ်တဲ့ ဈေးတန်းတွေထဲက တစ်ခုပဲကို..."
"ခင်ဗျား သဘောမကျရင်လည်း... ကျွန်တော် ဘာမှ မတတ်နိုင်ဘူး..."
ဆိုင်ရှင် ခွန်ချန်က ရှင်းပြလိုက်သည်။
"ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ..."
ကျန်းဖန် အတော်လေး ကူရာမဲ့ ဖြစ်သွားသည်။ မည်သို့ဆိုစေ သူများအိမ်အမိုးအောက် ရောက်နေမှတော့ ခေါင်းငုံ့မှရပေမည်။
သင်္ဘောပျံကဲ့သို့ မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး ကိရိယာများကို သူတို့ ထိန်းချုပ်ထားသဖြင့်၊ သူတို့ စိတ်ကြိုက် ဈေးခေါ်သည်ကို လက်ခံရုံသာ ရှိသည်။
သူများဆီက အကူအညီ လိုနေသဖြင့်၊ မာနကို မြိုသိပ်ထားရပေမည်။
"သိပ် ဈေးမကြီးပါဘူး... တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၂၀၀၀ ပါ..."
ဆိုင်ရှင် ခွန်ချန်က ပြုံးလျက် ပြောလိုက်သည်။
ဘာ…
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဖန်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ လက်မှတ် တစ်စောင်တည်းကို ဝိညာဉ်ကျောက်တုံး (၂၀၀၀) တောင်းသည် ဟုတ်လား။
တကယ့်ကို စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် အဆမတန် ဈေးကြီးလွန်းလှသည်။
လေလွင့်ကျင့်ကြံသူများ မြစိမ်းတော ဈေးတန်းသို့ ရောက်ပြီးနောက် ပြန်ထွက်မသွားနိုင်ကြသည်မှာ အံ့သြစရာ မရှိတော့ပေ။
ဝိညာဉ်ကျောက်တုံး (၂၀၀၀) ကို ချက်ချင်း ထုတ်ပေးနိုင်သော လေလွင့်ကျင့်ကြံသူ ဘယ်နှယောက် ရှိနိုင်ပါမည်နည်း။
နေမင်းကြီး ဓားဂိုဏ်းသည် လက်မှတ်ခကို တမင်သက်သက် ဈေးတင်ထားခြင်း ဖြစ်နိုင်သည်။
သူတို့၏ ရည်ရွယ်ချက်မှာ လေလွင့်ကျင့်ကြံသူများကို ဈေးတန်းတွင် ဆက်နေစေပြီး၊ သားရဲတစ်သောင်း တောင်တန်းကို နေမင်းကြီး ဓားဂိုဏ်းအတွက် အမြတ်ထုတ်ရာတွင် ကူညီပေးစေရန် ဖြစ်သည်။
ဘဝတစ်ခုလုံး နေမင်းကြီး ဓားဂိုဏ်းအတွက် အလုပ်လုပ်ပေးရမည့် သဘောပင်။
"သဘောပေါက်ပါပြီ... ကျွန်တော် လက်မှတ် နှစ်စောင် ဝယ်ချင်တယ်..."
ကျန်းဖန် လေးလေးနက်နက် ပြောလိုက်သည်။
ဝိညာဉ်ကျောက်တုံး (၄၀၀၀) ဆိုသည်မှာ အမှန်တကယ်ပင် ကြီးမားသော ပမာဏ ဖြစ်၏။ နေမင်းကြီး ဓားဂိုဏ်းက သူ့ကို အကြီးအကျယ် ခေါင်းပုံဖြတ်နေသည်မှာ သေချာသည်။
သို့သော် မြစိမ်းတော ဈေးတန်းမှ ဘေးကင်းစွာ ထွက်ခွာနိုင်ရန်နှင့် ဤကပ်ဘေးမှ ရှောင်ရှားနိုင်ရန် အတွက်၊ ဤမျှ ပေးဆပ်ရသည်မှာ ထိုက်တန်ပါသည်။
သူ၏ အသက်နှင့် ယှဉ်လျှင် ဝိညာဉ်ကျောက်တုံး (၄၀၀၀) လောက်က ဘာပြောစရာ ရှိပါမည်နည်း။
"ကောင်းပြီလေ..."
"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေကို ကြိုပေးရမယ်နော်..."
ဆိုင်ရှင် ခွန်ချန်က ဆက်ပြောလိုက်သည်။
"ဘာစကား ပြောတာလဲ... ဝိညာဉ်ကျောက်တုံးကို ကြိုပေးရမယ် ဟုတ်လား..."
"တကယ်လို့ အဲ့ဒီအချိန်ကျမှ လက်မှတ် မရှိဘူး ဆိုရင်ကော... ကျွန်တော့်ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပြန်ရပါ့မလား..."
ကျန်းဖန် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်သည်။
ကိုယ့်ကံကြမ္မာကို သူများလက်ထဲ ထည့်ပေးလိုက်ရမည့် ကိစ္စမျိုးကို သူ အမြဲတစေ တွန့်ဆုတ်နေတတ်သည်။
အကယ်၍ ဝိညာဉ်ကျောက်တုံးများကို ကြိုပေးလိုက်ပြီးမှ၊ သူတို့ ရုတ်တရက် သဘောထား ပြောင်းသွားခဲ့ရင်ကော။
သူ၏ ဝိညာဉ်ကျောက်တုံး (၄၀၀၀) ကို သူတို့ ဝါးမြိုလိုက်လျှင် မည်သို့ လုပ်မည်နည်း။
သူ ဒေါသထွက်ပြီး ပေါက်ကွဲလျှင်တောင် အသုံးဝင်မည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် နေမင်းကြီး ဓားဂိုဏ်းသည် ရွှေအမြုတေဂိုဏ်းကြီး တစ်ခု ဖြစ်ပြီး၊ ဆိုင်ကြီးများက ဖောက်သည်များကို ခေါင်းပုံဖြတ်လျှင်လည်း တိုင်တန်းစရာ နေရာမရှိပေ။
သူတို့ သဘောထား ပြောင်းသွားလျှင်၊ သူ့မှာ လုပ်စရာ ဘာမှ ရှိတော့မည် မဟုတ်။
"စိတ်မပူပါနဲ့ဗျာ... ကျွန်တော်တို့ နေမင်းကြီး ဓားဂိုဏ်းက ရွှေအမြုတေဂိုဏ်းကြီးပါ... ခင်ဗျားရဲ့ ဝိညာဉ်ကျောက်တုံး (၄၀၀၀) လောက်ကို လိုချင်တပ်မက်နေစရာ အကြောင်း မရှိပါဘူး... လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပါ..."
"ဒါ့အပြင် လက်မှတ်တွေက အရမ်းရှားပါးတာ... ခင်ဗျား ကြိုမမှာထားရင် ဘယ်လိုလုပ် ရနိုင်မလဲ..."
"အခု ပိုက်ဆံပေးထားလိုက်ရင်၊ ဘယ်သူမှ ခင်ဗျားရဲ့ လက်မှတ်ကို လုယူလို့ မရတော့ဘူး..."
ဆိုင်ရှင် ခွန်ချန်က ပြုံးလျက် ပြောလိုက်သည်။
သူသည် ကျန်းဖန်ကို အကဲခတ်ကြည့်ရာ သူ့အိတ်ထဲထည့်ပြီးပြီဟု ယူဆနေပုံရသည်။
မည်သို့ဆိုစေ မြစိမ်းတော ဈေးတန်းတွင် နေမင်းကြီး ဓားဂိုဏ်းနှင့် ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းမှ လွဲ၍၊ အခြား အင်အားစုများတွင် သင်္ဘောပျံ မရှိကြပေ။
သူတို့၏ သင်္ဘောပျံများကို အားမကိုးဘဲ၊ ကီလိုမီတာ (၃၀၀၀) ကွာဝေးသော ယွင်လိုင် မြို့တော်သို့ သွားရန် ကြိုးစားခြင်းသည် နေ့ခင်းကြောင်တောင် အိပ်မက်မက်ခြင်းသာ ဖြစ်သည်။
"ကောင်းပြီလေ... ဒီလိုဆိုရင်တော့ ထားလိုက်ပါတော့..."
"လက်မှတ်ခက ဈေးကြီးလွန်းတယ်..."
ကျန်းဖန် လက်လျှော့လိုက်ပြီး၊ လက်မှတ် ဆက်လက် ဝယ်ယူရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
ဟားဟား... ဒီကောင်က သီချင်းဆိုတာထက်တောင် စကားပြော ကောင်းနေသေးတယ်။
ဟုတ်ပါသည်... နေမင်းကြီး ဓားဂိုဏ်း အနေနှင့် ဝိညာဉ်ကျောက်တုံး (၄၀၀၀) လောက်ကို မက်မောနေမည် မဟုတ်ပါ။ သို့သော် နေမင်းကြီး ဓားဂိုဏ်းကို မှီခိုပြီး အလုပ်လုပ်နေသည့် ကပ်ပါးကောင်များ အတွက်မူ ဝိညာဉ်ကျောက်တုံး တစ်တုံးကိုပင် လွတ်ပေးမည် မဟုတ်။ ဝိညာဉ်ကျောက်တုံး (၄၀၀၀) ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
နေမင်းကြီး ဓားဂိုဏ်းနှင့် ဓာတ်ကြီးငါးပါး ဆေးဂိုဏ်း၊ ဒီ ရွှေအမြုတေဂိုဏ်းကြီး နှစ်ခုလုံးက လေလွင့်ကျင့်ကြံသူတွေကို ပေးထွက်သွားဖို့ ရည်ရွယ်ချက် လုံးဝ မရှိကြောင်း သူ သဘောပေါက်လိုက်သည်။
ဤနေရာသို့ ရောက်လာပြီးလျှင်၊ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် မဖြစ်မချင်း ပြန်ထွက်သွားလို့ ရမည် မဟုတ်ပါ။
ပြန်ထွက်သွားချင်သော လေလွင့်ကျင့်ကြံသူ မှန်သမျှသည် သေရင်သေ၊ မသေရင် အရေခွံ အခွာခံရမည့် ကိန်းဆိုက်မည်မှာ သေချာသည်။
"နှမြောစရာပဲ..."
"ဒါပေမဲ့ ခင်ဗျား စိတ်ပြောင်းသွားရင်၊ ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်..."
"ခင်ဗျား သိတဲ့အတိုင်းပဲ... ဒီရက်ပိုင်း မြစိမ်းတော ဈေးတန်းက သိပ်ပြီး မလုံခြုံတော့ဘူးလေ..."
"ထွက်သွားချင်ရင် စောစောစီးစီး ထွက်သွားတာ ပိုကောင်းမယ်..."
"ဒီရွာကျော်ရင် တည်းခိုစရာ ဇရပ် မရှိတော့ဘူးနော်..."
ဆိုင်ရှင် ခွန်ချန်၏ စကားများတွင် လျှို့ဝှက်သော အဓိပ္ပာယ်များ ပါဝင်နေပြီး၊ လေသံသည်လည်း အတော်လေး နက်နဲနေသည်။
ကျန်းဖန် ငြင်းပယ်လိုက်လျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။
မည်သို့ဆိုစေ ဤကာလတွင် သန္ဓေတည် ဝိညာဉ် ဂူဗိမာန် ပေါ်ထွက်လာမှုကြောင့်၊ လေလွင့်ကျင့်ကြံသူ အများအပြားသည် ထွက်ပေါက် ရှာဖွေနေကြသည်။
မြစိမ်းတော ဈေးတန်းမှ မည်သို့ ထွက်ခွာရမည်ကို လာရောက် မေးမြန်းသော လေလွင့်ကျင့်ကြံသူများ အများအပြား ရှိသည်။
ဤလောကတွင် သတိကြီးပြီး စေ့စပ်သေချာသူများ ပေါများလှ၏။
ကျန်းဖန်ကဲ့သို့ တွေးခေါ်သူများလည်း အနည်းနှင့်အများ ရှိကြသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ လေလွင့်ကျင့်ကြံသူများက ထွက်ခွာလိုလျှင်ပင်၊ နေမင်းကြီး ဓားဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများက သူတို့ကို ထွက်ခွာခွင့် ပြုချင်မှ ပြုကြပေလိမ့်မည်။
ရွှစ်…
ထိုစကားကို ကြားပြီးနောက် ကျန်းဖန် ဘာမှ ဆက်မပြောတော့ဘဲ၊ ဆေးလုံးတစ်ရာ ဆိုင်မှ တိုက်ရိုက် ထွက်ခွာလာခဲ့သည်။
အိမ်မပြန်မီ သူသည် ဖန်ဝေ၏ အိမ်သို့ ဝင်ပြီး နှုတ်ဆက်စကား ပြောခဲ့သည်။
ဖန်ဝေ၏ မိသားစုသည် ယခုအခါ ယခင်ကကဲ့သို့ပင် ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်ကြသည်။
တစ်နေ့လုပ်မှ တစ်နေ့စား အမဲလိုက်သည့် ဘဝဖြင့် ရှင်သန်နေကြရသည်။
"ကျင့်ကြံသူမိတ်ဆွေ ဖန်... ကျွန်တော် မေးချင်လို့ပါ... အခုလက်ရှိ ဘယ်အင်းကွက်တွေက လူကြိုက်အများဆုံးလဲ..."
လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သည့် အားလျော်စွာ၊ ဖန်ဝေသည် သူတို့၏ အခက်အခဲများကို အသိဆုံး ဖြစ်လိမ့်မည်ဟု ကျန်းဖန် ယုံကြည်သည်။
ထိုအချက်များကို သိရှိမှသာ လူကြိုက်များသော အင်းကွက်များကို ရေးဆွဲနိုင်မည် ဖြစ်ပြီး၊ ရောင်းမထွက်ဘဲ ကျန်ရစ်မည့် အဖြစ်ဆိုးမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
"ဘယ်အင်းကွက်တွေက လူကြိုက်အများဆုံးလဲ ဟုတ်လား..."
"သဘာဝကျကျပဲ... 'အသက်ရှူသံထိန်း အင်း'၊ 'ခြေရာခံ အင်း'၊ 'မိစ္ဆာနှင်အင်း'၊ 'မီးလုံးအင်း' နဲ့ တခြား အင်းကွက်တွေက လူကြိုက်အများဆုံးပေါ့..."
"ဒီအင်းကွက်တွေက ဈေးနှုန်းသင့်တင့်ပြီး၊ လေလွင့်ကျင့်ကြံသူတွေ တတ်နိုင်တဲ့ အနေအထားမှာလည်း ရှိတယ်လေ..."
"ဒါပေမဲ့... အခုလက်ရှိ လေလွင့်ကျင့်ကြံသူတွေ အလိုချင်ဆုံး အင်းကွက်က ဘာလဲလို့ မေးရင်တော့... သံသယ ဖြစ်စရာ မလိုဘူး... 'ထိပ်တန်းအဆင့် အဆိပ်ဖြေအင်း'ပါပဲ…”
…..