ထွက်ခွာ၍ မရနိုင်ခြင်း၊ သင်္ဘောပျံပေါ်တွင် လေလွင့်ကျင့်ကြံသူများအတွက် နေရာမရှိခြင်း (အပိုင်း - ၂)
Vol. 14 Ch. 196
ဖန်ဝေ လေးလေးနက်နက် ပြောလိုက်သည်။
ကျန်းဖန် မျှော်လင့်ထားသည့် အတိုင်းပင်၊ လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သော ဖန်ဝေသည် လေလွင့်ကျင့်ကြံသူများ၏ လိုအပ်ချက်ကို အသိဆုံး ဖြစ်နေသည်။
"ထိပ်တန်းအဆင့် အဆိပ်ဖြေအင်း ဟုတ်လား... အဓိက အကြောင်းရင်းက ဘာလဲဗျ..."
ကျန်းဖန် နှိမ့်ချစွာပင် အကြံဉာဏ် တောင်းလိုက်သည်။
"အကြောင်းရင်းကတော့... အခုချိန်က ပြန်လည် မွေးဖွားရာ ရာသီ ဖြစ်နေလို့လေ..."
"လေလွင့်ကျင့်ကြံသူ အများအပြားက မိစ္ဆာသားရဲတွေကို အမဲလိုက်ဖို့ သားရဲတစ်သောင်း တောင်တန်းထဲကို ဝင်ကြတယ်..."
"ဒါပေမဲ့ လေလွင့်ကျင့်ကြံသူတွေအတွက် အကြီးမားဆုံး အန္တရာယ်က မိစ္ဆာသားရဲတွေ မဟုတ်ဘူးဗျ..."
"တောနက်ထဲမှာ ပုန်းအောင်းနေတဲ့ အဆိပ်ရှိတဲ့ ပိုးမွှားတွေ၊ မြွေတွေနဲ့ အဆိပ်ငွေ့တွေကမှ အန္တရာယ် အကြီးမားဆုံး..."
"အဲ့ဒီ အဆိပ်တွေကို တစ်ခါလောက် ရှူမိလိုက်တာနဲ့ လေလွင့်ကျင့်ကြံသူတွေ အတွက် သွားပြီပဲ..."
"ဒီအဆိပ်တွေကို ဖယ်ရှားဖို့က မဖြစ်နိုင်သလောက် ခက်ခဲတယ်... အရိုးစားတဲ့ ရောဂါဆိုးကြီးလိုမျိုး ကပ်ငြိနေတတ်တာ..."
"လေလွင့်ကျင့်ကြံသူ အများစုက အဆိပ်သင့်သွားလို့ ကျင့်ကြံခြင်းအဆင့် ဆက်မတက်နိုင်ဘဲ ဖြစ်နေကြရတယ်..."
"တချို့ဆိုရင် ခန္ဓာကိုယ် တဖြည်းဖြည်း ပျက်စီးပြီး၊ နာတာရှည် သေဆုံးခြင်းမျိုးနဲ့ ရင်ဆိုင်ရတတ်တယ်..."
"တကယ်လို့ တစ်ယောက်ယောက်ကသာ ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းကို ရောင်းပေးမယ် ဆိုရင်၊ သေချာပေါက် ကြီးပွားမှာ..."
"ဝမ်းနည်းစရာ ကောင်းတာက... ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းတွေက အရမ်း ရှားပါးလွန်းတယ်..."
"လေလွင့်ကျင့်ကြံသူတွေ အနေနဲ့ ဝယ်လို့ မရနိုင်ဘူး ဖြစ်နေတယ်..."
ဖန်ဝေ ခံစားချက် ပါပါ ပြောလိုက်သည်။
လေလွင့်ကျင့်ကြံသူ တစ်ဦး ဖြစ်သည့် အားလျော်စွာ၊ အဆိပ်ဖြေအင်း တစ်ခုသည် မည်မျှ တန်ဖိုးရှိကြောင်း သူ ကောင်းစွာ သိသည်။
အဆိပ်သင့်သွားသည်နှင့်၊ ထိပ်တန်းအဆင့် အဆိပ်ဖြေအင်း မရှိပါက သေလမ်းသာ ရှိပေမည်။
"ဒါပေမဲ့ အဆိပ်ဖြေဆေးတွေ ရှိတယ် မဟုတ်လား..."
"ဘာလို့ အဆိပ်ဖြေဆေး မဝယ်ကြတာလဲ..."
ကျန်းဖန် ဆက်မေးလိုက်သည်။
"သေချာတာပေါ့... ထိပ်တန်းအဆင့် အဆိပ်ဖြေဆေးတွေက အရမ်း ဈေးကြီးတယ်လေ..."
"ထိပ်တန်းအဆင့် အဆိပ်ဖြေဆေး တစ်လုံးကို အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၃၀၀၊ ၄၀၀ လောက် ပေးရတယ်..."
"ပြီးတော့ လက်ရှိ အခြေအနေအရ၊ ထိပ်တန်းအဆင့် အဆိပ်ဖြေဆေးတွေက ပစ္စည်းပြတ်နေပြီ..."
"ဒါပေမဲ့ ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းကတော့ ဈေးသက်သာတယ်... ဝိညာဉ်ကျောက်တုံး ၁၀၀ လောက်ပဲ ပေးရတာ..."
"ကုန်ကျစရိတ် သက်သာပြီး ထိရောက်မှုချင်းကလည်း အတူတူလောက်ပဲလေ..."
ဖန်ဝေက ရှင်းပြလိုက်သည်။
မည်သို့ဆိုစေ အဆိပ်ဖြေဆေးသည် ဝိညာဉ်ဆေးပင် အမျိုးမျိုး လိုအပ်သဖြင့် ကုန်ကျစရိတ် မြင့်မားသည်။
အဆိပ်ဖြေအင်းမှာမူ ကုန်ကျစရိတ် နည်းပါးသဖြင့်၊ လေလွင့်ကျင့်ကြံသူများ၏ ပထမ ဦးစားပေး ရွေးချယ်မှု ဖြစ်လာ၏။
"သဘောပေါက်ပါပြီ..."
ထိုစကားကို ကြားပြီးနောက်၊ ကျန်းဖန်သည် မှန်ကန်သော လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ဖန်ဝေသည် ပါရမီ နိမ့်ပါးပြီး၊ ကျင့်ကြံခြင်းအဆင့် နိမ့်ကျကာ အောက်ခြေဘဝတွင် နေထိုင်ရသော်လည်း၊ လေလွင့်ကျင့်ကြံသူများ၏ အခက်အခဲများကိုတော့ ကောင်းစွာ နားလည်သဘောပေါက်ထားသည်။
ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းသည် လေလွင့်ကျင့်ကြံသူများ အလိုအပ်ဆုံး အင်းကွက် ဖြစ်သည်မှာ သံသယ ဖြစ်စရာ မလိုပေ။
မည်သို့ဆိုစေ ယခုအချိန်သည် မိစ္ဆာသားရဲ အမဲလိုက်ရန် အကောင်းဆုံး ရာသီ ဖြစ်သည် မဟုတ်ပါလော။
လေလွင့်ကျင့်ကြံသူများသည် သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာသို့ ဝင်ရောက်ကြရမည်။
ထိုသို့ သွားရောက်ရာတွင် အဆိပ်ရှိသော မြွေများ၊ ပိုးမွှားများနှင့် အဆိပ်ငွေ့များကို မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်သည်။
မတော်တဆ အဆိပ်သင့်သွားပါက၊ သူတို့၏ ဘဝခရီးလမ်း တစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းများသည် လေလွင့်ကျင့်ကြံသူများ အတွက် အသက်ကယ်ဆေးသဖွယ် ဖြစ်ပြီး၊ ဝယ်ယူရန် ခက်ခဲလွန်းလှသည်။
ပြဿနာမှာ... ထိပ်တန်းအဆင့် အင်းကွက်ဆရာများပင်လျှင် ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းကို ရေးဆွဲရန် အလွန် ခက်ခဲသည်ဟု ယူဆထားကြသည်။
အဆင့်မြင့် အင်းကွက်များထဲတွင် ရေးဆွဲရန် အခက်ခဲဆုံး အင်းကွက် တစ်ခု ဖြစ်၏။
ထို့ပြင် မြစိမ်းတော ဈေးတန်းတွင် ထိပ်တန်းအဆင့် အင်းကွက်ဆရာ ရှားပါးမှုကလည်း ပြဿနာ တစ်ခုပင်။
ဤအချက်များက ထိပ်တန်းအဆင့် အဆိပ်ဖြေအင်း ပြတ်လပ်မှုကို ဖြစ်ပေါ်စေသည်။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိပ်တန်းအဆင့် အဆိပ်ဖြေအင်းများကို အမြောက်အမြား ထောက်ပံ့ပေးနိုင်ပါက၊ သေချာပေါက် ကြီးပွားချမ်းသာသွားပေလိမ့်မည်။
"ကျွမ်းကျင်မှု ရှိပြီး ဖောက်သည် လိုအပ်ချက်ကို သိမှ ငွေအများကြီး ရှာနိုင်မှာ..."
ကျန်းဖန် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သာမန် အင်းကွက်ဆရာများသည် ရိုးရိုး အင်းကွက်များကိုသာ ရေးဆွဲနိုင်ကြရာ၊ လေလွင့်ကျင့်ကြံသူများက မဝယ်ချင်ကြသဖြင့် ရောင်းမထွက်ဘဲ ဖြစ်နေတတ်သည်။
ဖောက်သည်၏ အခက်အခဲကို နားလည်သော အင်းကွက်ဆရာများသာ အောင်မြင်နိုင်ပြီး၊ ဝိညာဉ်ကျောက်တုံး အများအပြားကို ရှာဖွေနိုင်မည် ဖြစ်သည်။
အတိတ်ဘဝက စက်ရုံများကဲ့သို့ပင်။
ထုတ်လုပ်မှု ဘယ်လောက် များများ၊ ဖောက်သည် မလိုအပ်လျှင် အလကားသာ။
"ဝိညာဉ်ကျောက်တုံး ဆိုတာ ဘယ်တော့မှ များတယ်မရှိဘူး..."
"ကြားတာတော့ 'အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး' တစ်လုံးက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀၊ ၃၀,၀၀၀ လောက် ပေးရတယ်တဲ့..."
"တကယ်လို့ ထိပ်တန်းအဆင့် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး ဆိုရင်၊ ဈေးနှုန်းက ပိုတောင် ကြီးနိုင်သေးတယ်..."
ကျန်းဖန်၏ မျက်လုံးများတွင် အရောင်အဝါများ လက်သွား၏။
ရိုးရိုးသားသား ပြောရလျှင် ချီကျင့်ကြံခြင်းအဆင့် (၇) သို့ ရောက်ရှိပြီးနောက်၊ သူသည် အုတ်မြစ်တည်ဆောက်ခြင်း အကြောင်း စတင် စဉ်းစားနေပြီ ဖြစ်သည်။
ကျင့်ကြံသူများ အတွက်မူ အုတ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းရန် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးသည် မရှိမဖြစ် လိုအပ်၏။
အကြောင်းမှာ အုတ်မြစ်တည်ဆောက်ခြင်း လုပ်ငန်းစဉ်သည် အလွန် အန္တရာယ် များသောကြောင့်ပင်။
အဆင့်တက်ရန် ကြိုးစားခြင်း မအောင်မြင်ပါက၊ သေဆုံးခြင်း သို့မဟုတ် ကျင့်ကြံခြင်းလမ်းစဉ် ပျက်စီးခြင်းတို့နှင့် ရင်ဆိုင်ရနိုင်သည်။
သို့သော် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးကို သောက်သုံးထားပါက၊ မအောင်မြင်လျှင်တောင် အသက်ကို ကယ်တင်ပေးနိုင်သေးသည်။
ဤအချက်ကြောင့် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး၏ ဈေးနှုန်းသည် အမြဲတစေ မြင့်မားနေခြင်း ဖြစ်၏။
ရွှေအမြုတေဂိုဏ်းကြီးများ အတွက်မူ မဟာဗျူဟာမြောက် ပစ္စည်း တစ်ခုပင် ဖြစ်လာသည်။
ယေဘုယျအားဖြင့် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများကို ပြင်ပသို့ ရောင်းချလေ့ မရှိဘဲ၊ ဂိုဏ်းသား တပည့်များကိုသာ ပေးအပ်လေ့ ရှိသည်။
ထို့ကြောင့် သူ ဝယ်ယူချင်လျှင်ပင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ပြင်ဆင်ထားမှရမည် ဖြစ်သည်။
သူ့အတွက် မလိုအပ်လျှင်တောင်၊ သူ့ဇနီး စုဝေဝေ အဆင့်တက်မည့် အချိန်ကျလျှင် လိုအပ်လာနိုင်သည်။
ထို့ကြောင့် သူသည် ငွေရှာမည့် အခွင့်အရေးကို လက်လွတ်မခံဘဲ ဖမ်းဆုပ်ရပေမည်။
ကျေးဇူးတင်ကြောင်း ပြသသည့် အနေဖြင့်၊ ကျန်းဖန်သည် ဖန်ဝေကို ဝိညာဉ်ဆန်နှင့် မိစ္ဆာသားရဲ အသား အချို့ လက်ဆောင်ပေးလိုက်သည်။
"ကျေးဇူးပါပဲဗျာ..."
"ဒါပေမဲ့ ကျင့်ကြံသူမိတ်ဆွေ ကျန်း... ခင်ဗျား တကယ်ပဲ ဆင်းရဲသား ရပ်ကွက်ကို ပြန်မလာတော့ဘူးလား..."
"အခုချိန် အပြင်မှာ နေရတာက အရမ်းအန္တရာယ် များနေမှာနော်..."
ဖန်ဝေသည် ကျန်းဖန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ တောရိုင်းထဲတွင် နေထိုင်ခြင်းသည် အန္တရာယ် (၁၀) ဆလောက် ပိုများစေသည်ဟု သူ အမြဲ ခံစားမိသည်။
"မလာတော့ပါဘူးဗျာ... ဆန့်ကျင်ဘက် အနေနဲ့ ကျွန်တော်ကတော့ ဆင်းရဲသား ရပ်ကွက်က ပိုအန္တရာယ် များတယ်လို့ ခံစားရတာပဲ..."
"ဘာပဲဖြစ်ဖြစ် ဆင်းရဲသား ရပ်ကွက်မှာ လေလွင့်ကျင့်ကြံသူတွေက အရမ်း များနေတယ်လေ..."
"အထူးသဖြင့် သန္ဓေတည် ဝိညာဉ် ဂူဗိမာန် ပေါ်လာတဲ့ အချိန်ကျရင် ပိုပြီး ဖရိုဖရဲ ဖြစ်လာနိုင်တယ်..."
"ခင်ဗျားတို့သာ ပိုပြီး ဂရုစိုက်ကြပါ..."
ကျန်းဖန် လေးလေးနက်နက် ပြောလိုက်သည်။
"ဟူး... ဒီလောကကြီးက တကယ်ကို တစ်ပူပေါ် နှစ်ပူဆင့်ပါပဲဗျာ..."
ဖန်ဝေ အတော်လေး ကူရာမဲ့ ဖြစ်သွားသည်။
မြစိမ်းတော ဈေးတန်း ပြန်လည် တည်ဆောက်ပြီးနောက် အေးအေးချမ်းချမ်း နေရတော့မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
ဘေးဒုက္ခများက ခုလို ဆက်တိုက် ကျရောက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
သေချာသည်မှာ ဂိုဏ်းသား ကျင့်ကြံသူများ အတွက်မူ ဘေးဒုက္ခ မဟုတ်ဘဲ အခွင့်အရေး ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော် သူတို့လို လေလွင့်ကျင့်ကြံသူများ အတွက်မူ သေချာပေါက် ကပ်ဘေးပင် ဖြစ်၏။
အနည်းငယ် လှုပ်ရှားရုံမျှဖြင့် လေလွင့်ကျင့်ကြံသူ အမြောက်အမြား သေဆုံးသွားနိုင်သည်။
ဒါပေမဲ့ မတတ်နိုင်ဘူးလေ… ကျင့်ကြံခြင်းလောကမှာ အားနည်းတာက မွေးရာပါ အပြစ်တစ်ခုပဲကိုး။
"ဒါနဲ့... ကျွန်တော်တို့ရဲ့ အရင် အိမ်နီးချင်းတွေလေ..."
"အဆင့်နိမ့် ဆေးဝါးဆရာ လျန်ဘင်နဲ့ အဆင့်နိမ့် အင်းကွက်ဆရာ ယောက်လုရှန်းတို့ သေကုန်ကြပြီတဲ့..."
ဖန်ဝေ ပြောလိုက်သည်။
"အားလုံး သေကုန်ကြပြီ ဟုတ်လား..."
ကျန်းဖန် မျက်ခုံးပင့်လိုက်သည်။ မြစိမ်းတော ဈေးတန်း နောက်ဆုံးအကြိမ် ပျက်စီးသွားကတည်းက၊ ထိုအိမ်နီးချင်း နှစ်ယောက် အကြောင်း မကြားရတာ ကြာပြီ ဖြစ်သည်။
နောက်တစ်ခါ ကြားရမည့် သတင်းက သူတို့၏ နာရေးသတင်း ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပါ။
"ဟုတ်တယ်... အကုန် သေကုန်ပြီ..."
"ကြားတာတော့ ဓာတ်ကြီးငါးပါး ဆေးဂိုဏ်းက မြစိမ်းတော ဈေးတန်းကို ဝင်တိုက်တုန်းက၊ သူတို့နှစ်ယောက်က အခွင့်ကောင်းယူပြီး ရတနာ ရှာဖို့ ဝင်သွားကြတာတဲ့... နေမင်းကြီး ဓားဂိုဏ်းက တပည့်တွေနဲ့ တွေ့ပြီး ပြန်တိုက်ခိုက်ခံလိုက်ရတာ..."
"တစ်ချက်တည်းနဲ့ နှစ်ယောက်လုံး သေပြီး၊ အရိုးတောင် မကျန်တော့ဘူးတဲ့..."
"ကံကောင်းလို့ ကျွန်တော် အဲ့ဒီညက အပြင်မထွက်မိတာ... မဟုတ်ရင် ကျွန်တော်လည်း သေချာပေါက် သေမှာ..."
ဖန်ဝေ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူနှင့် ထိုလေလွင့်ကျင့်ကြံသူ နှစ်ဦးသည် အိမ်နီးချင်းဟောင်းများ ဖြစ်ကြပြီး၊ အနည်းဆုံး (၁၀) နှစ်ခန့် ရင်းနှီးခဲ့ကြသည်။
ပုံမှန်အားဖြင့် သူတို့သည် သတိကြီးကြပြီး စွန့်စားရမည့် ကိစ္စများကို တစ်ခါတရံမှ လုပ်လေ့ရှိ၏။
မမျှော်လင့်ဘဲ တစ်ခဏတာ လောဘကြောင့် နိဂုံးချုပ်သွားခဲ့ရရှာသည်။
"ကျင့်ကြံခြင်း ဆိုတာ တကယ် သတိထားဖို့ လိုအပ်တာပဲ..."
ကျန်းဖန် မနေနိုင်ဘဲ ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ထို့ကြောင့် သန္ဓေတည် ဝိညာဉ် ဂူဗိမာန်တွင် ရတနာ အမြောက်အမြား ရှိနိုင်ကြောင်း သိနေလျှင်ပင်၊
စွမ်းအား မရှိဘဲ စွန့်စားသွားရောက်ခြင်းသည် သေလမ်းရှာခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။
သေချာပေါက် ဟိုနှစ်ယောက်လို နိဂုံးချုပ်သွားလိမ့်မည်။
ပိုအရေးကြီးသည်မှာ... သူ့တွင် ပါရမီ ရှိနေသဖြင့် စွန့်စားရမည့် အကြောင်းရင်း မရှိပေ။
အဆင့်ဆင့် တက်လှမ်းသွားရုံဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူ အထိ ဖြစ်လာနိုင်သည် မဟုတ်ပါလော။
........
နာရီအနည်းငယ် ကြာပြီးနောက်။
ကျန်းဖန်သည် အမည်မဲ့ တောင်ကြားရှိ နေအိမ်သို့ ပြန်ရောက်လာခဲ့သည်။
လမ်းခရီး တစ်လျှောက်လုံး အတော်လေး အေးဆေးတည်ငြိမ်ပြီး၊ မည်သည့် ပြဿနာမျှလည်း မရှိခဲ့ပေ။
"ယောကျ်ား... သင်္ဘောလက်မှတ် ဝယ်မရခဲ့ဘူးလား..."
သတင်းကို ကြားလိုက်ရသည့်အခါ စုဝေဝေ အံ့သြသွားသည်။ လေလွင့်ကျင့်ကြံသူများ အနေဖြင့် မြစိမ်းတော ဈေးတန်း ဧရိယာမှ ထွက်ခွာရန် ဤမျှ ခက်ခဲလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။ မမြင်ရသော အတားအဆီး တစ်ခု ရှိနေသကဲ့သို့ပင်။
အပေါ်ယံတွင် နေမင်းကြီး ဓားဂိုဏ်းသည် လေလွင့်ကျင့်ကြံသူများကို ကန့်သတ်ထားခြင်း မရှိဘဲ၊ ကြိုက်သလို သွားလာခွင့် ပြုထားသည်။
သို့သော် ရွှေအမြုတေဂိုဏ်းကြီးများ၏ သင်္ဘောပျံ မရှိဘဲ၊ လေလွင့်ကျင့်ကြံသူများက ဘယ်များ သွားနိုင်မည်နည်း။
သားရဲတစ်သောင်း တောင်တန်းသည် အလွန် အန္တရာယ်များလှသည်။
ကီလိုမီတာ (၁၀၀) မရောက်ခင်မှာပင်၊ မိစ္ဆာသားရဲ အများအပြား၏ လက်ချက်ဖြင့် သေဆုံးသွားဖို့သာ ရှိသည်။
ဤနေရာမှ ထွက်ခွာရန်ဆိုသည်မှာ မယုံနိုင်လောက်အောင် ခက်ခဲသော ကိစ္စပင်။
"ဟုတ်တယ်... လက်မှတ် ဝယ်လို့ မရခဲ့ဘူး..."
"ရွှေအမြုတေဂိုဏ်းတွေ လေလွင့်ကျင့်ကြံသူတွေ အပေါ် ထားတဲ့ ကန့်သတ်ချက်တွေက အရမ်း များလွန်းတယ်..."
"ဒါပေမဲ့ ကိစ္စ မရှိပါဘူး..."
"သန္ဓေတည် ဝိညာဉ် ဂူဗိမာန် ကိစ္စတွေထဲ ငါတို့ ဝင်မပါသရွေ့၊ ငါတို့ကို ထိခိုက်မှာ မဟုတ်ပါဘူး..."
"သေချာတာပေါ့... ဒီတောင်ကြားက လုံလောက်အောင် မလုံခြုံသေးဘူး..."
"ဒီကာလအတွင်း... တောင်ပံခြောက်စုံ အဆိပ်ပျားတွေကို သုံးပြီး နေရာအနှံ့ ရှာခိုင်းကြည့်... ပိုပြီး လုံခြုံမယ့် နေရာ တွေ့မလားလို့..."
ကျန်းဖန် လေးလေးနက်နက် ပြောလိုက်သည်။
မည်သို့ဆိုစေ တောင်ပံခြောက်စုံ အဆိပ်ပျား၏ စစ်သည်တော် ပျားများသည် နေရာအနှံ့ အစာရှာထွက်လေ့ ရှိကြ၏။
လွှမ်းခြုံနိုင်သော ဧရိယာသည်လည်း ကျယ်ဝန်းလှသည်။
သူတို့၏ စွမ်းအားကို အသုံးပြုပြီး၊ အနီးအနားတွင် လုံခြုံသော စခန်းတစ်ခု ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်သည်။
'ယုန်ပါးရင် တွင်းသုံးတွင်း တူးထားတတ်တယ်' ဆိုသကဲ့သို့ပင်။
အကယ်၍ အကျပ်အတည်း တစ်ခုခု ဖြစ်လာခဲ့လျှင်၊ လုံခြုံသော နေရာ အများအပြား ရှိထားခြင်းက ပိုကောင်းသည်။
အမည်မဲ့ တောင်ကြားကို သိနေသော လေလွင့်ကျင့်ကြံသူများက များလွန်းနေပြီလေ။
"စိတ်ချပါ..."
ထိုစကားကို ကြားရသောအခါ စုဝေဝေ၏ ရင်ထဲတွင် ပျော်ရွှင်မှု တစ်ခု ဖြစ်ပေါ်လာသည်။ နောက်ဆုံးတော့ သူမ၏ ယောကျ်ားကို အကူအညီ ပေးနိုင်ပြီဟု ခံစားလိုက်ရသည်။
ယခုအခါ သူမသည် မြစိမ်းတော ဈေးတန်းတွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်း အပြည့်အဝ ရှိနေပြီ ဖြစ်သည်။
သူမ၏ ချီကျင့်ကြံခြင်းအဆင့် (၄) သည် မသန်မာသော်လည်း၊ အားနည်းလှသည်တော့ မဟုတ်ပေ။
လေလွင့်ကျင့်ကြံသူများ အကြားတွင် သူမနှင့် အဆင့်တူ ကျင့်ကြံသူ အများအပြား ရှိကြသည်။