အခန်း (၁၀၆၆-၁၀၆၈)
Vol. 72 Ch. 1066-1068
အခန်း (၁၀၆၆) လာရောက်မေးမြန်းသော ဧည့်သည်တော်
ကျိန်စာသင့်မြို့တော် တစ်ခုလုံး၏ လေထုအငွေ့အသက်မှာ အမှန်တကယ်ပင် ထူးခြားနေတော့သည်။ မြို့စားမင်း၏ ညစာစားပွဲတွင် ဖြစ်ပျက်ခဲ့သမျှသော အဖြစ်အပျက်များသည် လေဟုန်စီးသည့်နှယ် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့လေသည်
ကောလာဟလ သတင်းစကားများပင် မလိုတော့ချေ။ မျက်စိပါသူတိုင်း သမုဒ္ဒရာရေပြင်ကြီးကို နှစ်ခြမ်းကွဲအက်သွားစေခဲ့သည့် ထိုကြီးမားသော ဓားရာကြီးကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ကြသည် မဟုတ်ပါလား။ ထိုအချက်က အကျိုးဆက် နှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။။
တစ်ချိန်က သူတို့ကိုယ်သူတို့ နတ်ဘုရားများဟု ထင်မှတ်ခဲ့ကြသော မြို့နေ အထက်တန်းလွှာ မိသားစုများမှာ ယခုအခါ အလွန်တရာ နှိမ့်ချသွားကြပြီး အသံတိတ်သွားကြသည်။ ဆန့်ကျင်ဘက်အားဖြင့် အောက်ဆုံးအလွှာမှ သင်္ဘောသားများမှာမူ ရင်ကော့ခေါင်းမော့ကာ လမ်းလျှောက်လာနိုင်ကြလေသည်။
အထူးသဖြင့် ရွှယ်အန်းအား ထောက်ခံအားပေးရန် မြို့စားမင်းအိမ်တော်သို့ မုန်လဲ့နှင့်အတူ လိုက်ပါသွားခဲ့သော သင်္ဘောသားများသည် ယခုအခါ လေပေါ်ဝဲပျံနေသကဲ့သို့ ဂုဏ်ယူဝင့်ကြွားနေကြတော့သည်။
ကြွားဝါရ ကြိုက်သူအချို့ဆိုလျှင် ထိုနေရာတွင် မရှိခဲ့သူများကို သူတို့၏ အတွေ့အကြုံများအကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြန်လည် ဖောက်သည်ချနေကြသည်။ ထိုသူများသည် သယတို့၏ ရင်ဘတ်သူတို့ တဘုန်းဘုန်းထုကာ စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်ကို မြင်တွေ့ရပေလိမ့်မည်။
နားထောင်သူများမှာလည်း ဇာတ်လမ်းထဲ မျောပါသွားသဖြင့် ၎င်းတို့မျက်နှာပေါ် တံတွေးစင်လာသည်ကိုပင် သတိမထားမိဘဲ သုတ်ပစ်ရန် မေ့လျော့နေကြကာ ရံဖန်ရံခါတွင် အံ့သြတကြီး ရေရွတ်သံများသာ ထွက်ပေါ်လာတတ်ကြသည်။
မြို့တစ်မြို့လုံး ဤကိစ္စနှင့် ပတ်သက်၍ ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်တွင် ရွှယ်အန်းမှာမူ မျှော်စင်ဆောင်အတွင်း၌ သိုသိုသိပ်သိပ်နေထိုင်ကာ တစ်စုံတစ်ခုကို စမ်းသပ်ပြုလုပ်နေလေသည်။
အန်းယန်သည် မှော်ရတနာဆောင်ထဲမှ ထွက်လာရာ ရွှယ်အန်း၏ ဘေးပတ်လည်တွင် တောက်ပနေသော အလင်းရောင်များကို မြင်လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် အနားသို့ ကပ်သွားလိုက်သည်။
"ယောက်ျား... ဘာတွေ လုပ်နေတာလဲဟင်"
ရွှယ်အန်းက မော့ကြည့်လိုက်ပြီး အန်းယန်ကို ပြုံးပြကာ ပြေ။လိုက်သည်။
"ဘာမှ မဟုတ်ပါဘူးကွာ... ဒီ ထျန်းဖူအဆောင်က တော်တော် ဖြုန်းတီးတာပဲလို့ တွေးနေတာ၊ ဒီလို သဘာဝအလျောက် ဖြစ်တည်နေတဲ့ အဆောင်အစီအရင်ကို လူတွေကို တိုက်ခိုက်ဖို့ သုံးရတယ်လို့ နှမြောစရာကြီး"
"ဟင်... ယောက်ျား၊ သဘာဝအတိုင်းဖြစ်တဲ့ အဆောင်တွေ ရှိလို့လား"
အန်းယန်က အံ့သြတကြီး မေးလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်သည်။
"ရှိတာပေါ့... ဆေးမြီးတိုတွေ၊ ဆေးဘက်ဝင်အပင်တွေလို သဘာဝရတနာတွေလိုမျိုးပဲလေ၊ ဒီ အဆောင်တွေကလည်း သဘာဝအတိုင်း ဖြစ်တည်လာနိုင်တာပဲ၊ ဒါပေမဲ့ အရမ်းရှားတယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အရွယ်အစား သေးငယ်သွားသော်လည်း တောက်ပနေဆဲဖြစ်သော လက်ထဲမှ အဆောင်များကို ငုံ့ကြည့်လိုက်သည်။
"ထျန်းဖူအဆောင်မှာ ဒီလောက်အများကြီး ရှိနေတာကို ကြည့်ရင် သူတို့ တစ်နေရာရာကနေ ရလာပြီး စုဆောင်းထားတာ ဖြစ်လောက်တယ်၊ နှမြောစရာကောင်းတာက သူတို့တွေ ဒီပစ္စည်းရဲ့ တကယ့်တန်ဖိုးကို နားမလည်ကြတာပဲ၊ ဒီလိုပစ္စည်းမျိုးကိုမှ အဆောင်စစ်ခင်းဖို့ သုံးရတယ်လို့... ရွှေခွက်နဲ့ တောင်းစားသလို ဖြစ်နေပြီ"
"ယောက်ျား... အဲ့ဒါဆို အခု အဲ့ဒါတွေကို ဘာလုပ်မလို့လဲဟင်"
ရွှယ်အန်းက ရယ်မောလိုက်သည်။
"ဘာလုပ်မလဲတော့ မဆုံးဖြတ်ရသေးဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ဒီအဆောင်တွေပေါ်မှာ ခတ်နှိပ်ထားတဲ့ တားမြစ်ပိတ်ဆို့မှုတွေကို အရင်ဖယ်ရှားရမယ်"
သူသည် ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
"ပြီးတော့... ကိုယ်က ဒီအဆောင်တွေကို ဘာမှမလုပ်ရင်တောင် စည်ကားတဲ့နေရာကို ရောက်ရင် ဒါတွေကို ငွေကြေးအဖြစ် တိုက်ရိုက်သုံးလို့ရတယ်၊ ဝိညာဉ်သလင်းကျောက်တွေထက်တောင် ပိုပြီး ဈေးကြီးသေးတယ်"
"စည်ကားတဲ့နေရာ ဟုတ်လား... ဘယ်လိုနေရာမျိုးလဲဟင်"
အန်းယန်က နားမလည်စွာ မေးလိုက်သည်။ ရွှယ်အန်းက ခေါင်းညိတ်ကာ အနည်းငယ် ပြုံးလိုက်သည်။
"အဲ့ဒါက ကြယ်တာရာတွေရဲ့ အနက်ရှိုင်းဆုံး နေရာတွေကို ပြောတာကွ... စကြဝဠာလမ်းမကြီးတွေနဲ့ ဆက်စပ်နေတဲ့ နေရာမျိုးတွေပေါ့၊ အဲ့ဒီနေရာတွေမှာ ကျင့်ကြံခြင်းလမ်းစဉ်တွေ ထွန်းကားတယ်၊ မျိုးနွယ်စုပေါင်းစုံ ရှိကြတယ်၊ အဲ့ဒီမှာမှ အစစ်အမှန် အင်အားကြီးသူတွေ ပေါ်ထွန်းလာကြတာ... တကယ့် စည်းကားတယ်ဆိုတာ အဲ့ဒီမှာ ရှိတာ"
အန်းယန်မှာ မျက်လုံးထဲဖော်ကာ နားထောင်နေမိသည်။
"ဝါး... ကြားရတာ တော်တော် သက်ဝင်လှုပ်ရှားစရာ ကောင်းမယ့်ပုံပဲ၊ သွားကြည့်ချင်လိုက်တာ"
ရွှယ်အန်းက ရယ်မောကာ သူမ၏ ဆံပင်ကို ဖွလိုက်သည်။
"စိတ်မပူပါနဲ့... နောက်ကျရင် ကိုယ်က မင်းရယ်၊ ရှန်းရှန်းရယ်၊ နျန်နျန်ရယ် အကုန်လုံးကို အဲ့ဒီကို ခေါ်သွားမှာပါ"
"အွန်း..."
အန်းယန်က ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် ကျိုးယန်ယန်၏ အသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။
"သခင်ကြီး... ဧည့်သည်တစ်ယောက် တွေ့ခွင့်တောင်းနေပါတယ်"
သူမ၏ အသံထဲတွင် ပုံမှန်မဟုတ်သော အနည်းငယ် ထူးခြားနေသည့် လေသံအချို့ ပါဝင်နေသည်။
"ဧည့်သည် ဟုတ်လား"
ရွှယ်အန်း ခေတ္တမျှ ကြောင်အသွားသော်လည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်ဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်သွားကာ အပြုံးတစ်ခု ပေါ်လာသည်။
"ဝင်ခိုင်းလိုက်လေ"
သူ့ စကားဆုံးသည်နှင့် တံခါးသည် ဖြည်းညှင်းစွာ ပွင့်သွားပြီး ကျိန်စာသင့်
ဧကရီသည် အခန်းအတွင်းသို့ ဝင်ရောက်လာသည်။
ယနေ့တွင် သူမသည် ဝတ်စားဆင်ယင်မှုကို ပြောင်းလဲထားပေသည်။ သူမသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း ယခင်က ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ ပျောက်ကွယ်သွားပြီး မိန်းမဆန်သော ကျက်သရေတို့ဖြင့် အစားထိုး ဝင်ရောက်လာလေသည်။
အဓိကအချက်မှာ ယခင်က သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော မြူခိုးများ ပျောက်ကွယ်သွားပြီး သူမ၏ ရုပ်သွင်အမှန် ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။
ကလေးဆန်သော သူမ၏ မျက်နှာထားသည် မြို့စားဟူသော ရာထူးနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော်လည်း သာမန် အမျိုးသမီးတစ်ဦးအဖြစ် ရှုမြင်ပါက ဆွဲဆောင်မှုရှိသော ကျက်သရေ တစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။
ကျိန်စာသင့်ဧကရီသည် သူ့ထံသို့ လျှောက်လှမ်းလာပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင်ကြီးကို နှုတ်ခွန်းဆက်သပါတယ်"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ စေ့စေ့ကြည့်နေပြီး အချိန်အတော်ကြာမှ သဘောကျသည့်ဟန်ဖြင့် ပြုံးလိုက်သည်။
"ဧကရီ ကိုယ်တိုင် ကြွလာခဲ့တာပဲ"
ကျိန်စာသင့်ဧကရီက ခါးသီးစွာ ပြုံးလိုက်သည်။
"သခင်ကြီးက နောက်နေပါပြီ၊ သခင်ကြီးရဲ့ ရှေ့မှာ ကျွန်မက ဘယ်လိုလုပ် ဧကရီဆိုတဲ့ ဘွဲ့ကို ခံယူရဲမှာလဲရှင်"
ရွှယ်အန်းသည် မည်သို့မျှ ပြန်မပြောဘဲ သူ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို ညွှန်ပြလိုက်သည်။
"ထိုင်ပါဦး"
ကျိန်စာသင့်ဧကရီသည် ခေတ္တမျှ တုံဆိုင်းနေပြီးမှ ရွှယ်အန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
သူမ ထိုင်ပြီးသည်နှင့် ရွှယ်အန်းနှင့် ဘေးတွင် ထိုင်နေသော အန်းယန်ကို တိတ်ဆိတ်စွာ အကဲခတ်နေလေသည်။
အထူးသဖြင့် အန်းယန်၏ ရုပ်ရည်နှင့် ကျက်သရေရှိမှုမှာ သူမထက် များစွာ သာလွန်နေသည်ကို တွေ့မြင်လိုက်ရသောအခါ ကျိန်စာသင့်ဧကရီမှာ မသိမသာ တုန်လှုပ်သွားပြီး သူမ မျက်လုံးထဲတွင် အားငယ်စိတ်တို့ ဖြတ်ပြေးသွားခဲ့သည်။
"ဧကရီက အခုလိုအချိန်ကြီး ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
ရွှယ်အန်းက လျစ်လျူရှုထားသော လေသံဖြင့် မေးလိုက်သည်။
"သခင်ကြီး... ကျွန်မနာမည် ချူရှောင်ယွင်ပါ၊ ကျွန်မကို နာမည်ပဲ ခေါ်လို့ရပါတယ်၊ ကျွန်မ ဘာလို့ ဒီကိုရောက်လာလဲ ဆိုတော့..."
ချူရှောင်ယွင်က အံ့ကိုတင်းတင်းစေ့လိုက်ပြ သူမ မျက်နှာပေါ်တွင် ပြတ်သားမှုတို့ ပေါ်လွင်လာသည်။
"သခင်ကြီး... ကျွန်မ ရဲရဲတင်းတင်းပဲ မေးပါရစေ... ရှင်က... ရှင်က ဒီလောကက လူမဟုတ်ဘူး မဟုတ်လား"
ထိုစကားကို ကြားသောအခါ ရွှယ်အန်းက မျက်ခုံးပင့်ကာ စိတ်ဝင်စားသွားပုံရသည်။
"အို... ဘာလို့ အဲ့ဒီလို ပြောရတာလဲ"
"ဘာလို့လဲဆိုတော့ ရှင်ဆီမှာ နတ်ဘုရားနယ်ပယ်ရဲ့ အငွေ့အသက် လုံးဝမရလို့ပါ"
"နတ်ဘုရားနယ်ပယ်ရဲ့ အငွေ့အသက် ဟုတ်လား"
"ဟုတ်ပါတယ်"
ချူရှောင်ယွင်က ခေါင်းညိတ်လိုက်သည်။
"ဒီကမ္ဘာမှာ အစက နတ်ဘုရားမျိုးနွယ်စုတွေ နေထိုင်ခဲ့ကြတာပါ၊ အခု သူတို့ ကျဆင်းသွားပြီး ရှေးဟောင်းနတ်ဘုရားတွေ အများကြီး ကျဆုံးသွားခဲ့ပေမဲ့ သူတို့ ချန်ထားခဲ့တဲ့ လွှမ်းမိုးမှုက အခုထိ ကြီးမားနေတုန်းပဲလေ"
သူမက ဆက်လက်ရှင်းပြသည်။
"ဥပမာ ပြောရရင် ... ဒီကမ္ဘာက ကျင့်ကြံသူတွေ အားလုံးမှာ နတ်ဘုရားအငွေ့အသက် နည်းနည်းပါးပါးတော့ ရှိကြစမြဲပဲ၊ တချို့ဆိုရင် ကိုယ်ပိုင် နတ်ဘုရား အဆင့်အတန်းကိုပါ တည်ဆောက်ပြီး ကျင့်ကြံသူအဖြစ်ကနေ နတ်ဘုရားအဖြစ် ကူးပြောင်းကြတယ်၊ ဒါပေမဲ့ ရှင်ဆီမှာတော့ အဲ့ဒီလို အငွေ့အသက်မျိုး လုံးဝမခံစားရဘူး"
ရွှယ်အန်းက ပြုံးလိုက်ပြီး ကုလားထိုင်နောက်မှီကို မှီချလိုက်သည်။
"မင်း ခန့်မှန်းတာ မှန်ပါတယ်၊ ငါက ဒီကမ္ဘာက မဟုတ်တာ အမှန်ပဲ၊ ဒါပေမဲ့ မင်းက ဘာလို့ အဲ့ဒါကို မေးရတာလဲ၊ မင်းစိတ်ထဲမှာ ဘာသိချင်လို့လဲ"
ချူရှောင်ယွင်သည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူမ မော့ကြည့်လာရာ သူမ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်သိုင်းနေသည်ကို တွေ့ရသည်။
"သခင်ကြီး... ကျွန်မ ထင်တာမမှားဘူးဆိုရင် ရှင် ဒီကမ္ဘာကို လာတဲ့ ရည်ရွယ်ချက်သက်သက်ရှိတယ် မဟုတ်ဘူးမလား"
ရွှယ်အန်းက စကားမပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။
"ရှင်ဆီက ထွက်ပေါ်နေတဲ့ အားကောင်းတဲ့ အရှိန်အ၀ါကို ကျွန်မ ခံစားမိတယ်၊ ရှင်လို အင်အားကြီးတဲ့ လူတစ်ယောက်က အကြောင်းပြချက်မရှိဘဲ ဒီကမ္ဘာကို လာမှာမဟုတ်ဘူး၊ ဒါကြောင့် ရှင် ဘာလုပ်မလဲဆိုတာကို ကျွန်မ စဉ်းစားနေခဲ့တာ၊ အဆောင်တစ်ခုတည်းအတွက်နဲ့တော့ ဒီလောက် ကြီးကျယ်တဲ့ ကိစ္စမျိုး လုပ်မှာမဟုတ်ဘူးလေ၊ ဒီနေ့ အပြင်လောက ကနေ သတင်းရလိုက်တဲ့ အချိန်အထိပေါ့"
ထိုသို့စကားပြောရင်းနှင့် ချူရှောင်ယွင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖြည်းညှင်းစွာ ဆက်ပြောလေသည်။
"ထျန်းကျောက် ကြယ်တာရာနယ်မြေမှာ ရှိတဲ့ စစ်တုရင်ကစားသမားတွေ အကုန်လုံးကို အနိုင်ယူခဲ့တဲ့သူက ရှင်ပဲ မဟုတ်လား"
ရွှယ်အန်း မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ်... ဒါပေမဲ့ မင်း အခုလို ပြောလိုက်တဲ့ အကျိုးဆက်ကိုရော ထည့်စဉ်းစားပြီးပြီလား"
ချူရှောင်ယွင်၏ ခန္ဓာကိုယ်သည် တုန်ရီသွားပြီး သူမ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားသော်လည်း ပြတ်သားစွာ ပြောလိုက်သည်။
"သခင်ကြီး... ရှင့်လို အင်အားကြီးတဲ့သူတစ်ယောက်အကြောင်းကို ခန့်မှန်းပြောဆိုတာက အလွန်ကြီးလေးတဲ့ တားမြစ်ချက် တစ်ခုဆိုတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်မ ကြိုးစားကြည့်ချင်ပါသေးတယ်"
ထိုသို့ပြောပြီးနောက် သူမသည် ကုလားထိုင်မှ ထကာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်လေသည်။
"သခင်ကြီး... ထျန်းကျောက် ကြယ်တာရာနယ်မြေကနေ ခြေရာခံ လိုက်လာတယ်ဆိုတော့... ကျွန်မ ထင်တာမမှားဘူးဆိုရင် ထျန်းကျောက် နတ်ဘုရားတွေကြောင့်ပဲ ဖြစ်ရမယ်၊ ပြီးတော့ ကျွန်မ တောင်းဆိုချင်တဲ့ အကူအညီကလည်း သူတို့နဲ့ ပတ်သက်နေပါတယ်"
ရွှယ်အန်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသော အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး ရှည်လျားလှသော တိတ်ဆိတ်မှုကြီး တစ်ခုပင်။
အချိန်အတော်ကြာသွားသဖြင့် ချူရှောင်ယွင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင်များ ပေါ်လာတော့သည်။ အဆုံးတွင် ရွှယ်အန်းက မျက်လွှာချလိုက်ပြီး လျစ်လျူရှုသော လေသံဖြင့် ဆိုလိုက်သည်။
"ဆက်ပြောလေ"
ချူရှောင်ယွင်သည် သူမ၏ လောင်းကြေးထပ်မှု အောင်မြင်သွားကြောင်း သိလိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ ထို့နောက် အလွန်လေးနက်သော လေသံဖြင့် ဆက်ပြောလေသည်။
"သခင်ကြီး... သခင်ကြီးကို ထျန်းကျောက် နတ်ဘုရားတွေဆီ ခေါ်သွားပေးနိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်မကို ကိစ္စတစ်ခုလောက်တော့ ပြန်ကူညီပေးပါ”
အခန်း (၁၀၆၇) - နတ်ဘုရားသင်္ကေတ လောကသို့ ရောက်ရှိလာခြင်း
"အို... ကူညီရမယ် ဟုတ်လား၊ ဘာကိစ္စများလဲ"
ရွှယ်အန်းက နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ရင်း မေးမြန်းလိုက်သည်။ ချူရှောင်ယွင်သည် ခေတ္တမျှ ခေါင်းငုံ့ကာ တိတ်ဆိတ်နေပြီးမှ တိုးညှင်းသော လေသံဖြင့် ပြောလေသည်။
"သခင်ကြီး... ဒါကို တစ်ချက်လောက် ကြည့်ပေးပါဦး"
ထိုသို့စကားပြောရင်းနှင့်ပင် ချူရှောင်ယွင်၏ ဦးခေါင်းထက်တွင် တောက်ပသော အလင်းတန်းများ အလွှာလိုက် ထွက်ပေါ်လာပြီး သူမ၏ နတ်ဘုရားအဆင့်အတန်းကို ထုတ်ဖော်ပြသလိုက်သည်။
သို့သော် ဤနတ်ဘုရားအဆင့်အတန်းသည် သံချေးတက်နေသော သံကြိုးဟောင်းများဖြင့် အထပ်ထပ် ချည်နှောင်ရစ်ပတ် ခံထားရပြီး မူလက တောက်ပသင့်သော အရောင်အဝါများမှာ မှေးမှိန်ကာ အသက်မဲ့နေပုံရသည်။
"ချိပ်ပိတ်သံကြိုးတွေပါလား"
ရွှယ်အန်းသည် အနည်းငယ် အံ့သြသွားသည်။
"ဟုတ်ပါတယ်"
ချူရှောင်ယွင်က ခါးသီးသော အပြုံးတစ်ခုဖြင့် မော့ကြည့်လိုက်သည်။
"ဒါ တကယ်ပဲ ချိပ်ပိတ်သံကြိုးတွေပါ"
ထို့နောက် ချူရှောင်ယွင်က ဖြူဖျော့နေသော မျက်နှာထားဖြင့် ဆက်ပြောသည်။
"သခင်ကြီး... အမှန်အတိုင်း ဝန်ခံရရင် ကျွန်မက ဒီ ဖန်းထျန်းနယ်မြေက မဟုတ်ပါဘူး၊ ဒီမှာ မြို့စားမင်းအဖြစ် တာဝန်ထမ်းဆောင်နေရတာက ပြည်နှင်ဒဏ် ပေးခံထားရလို့ပါ"
"ပြည်နှင်ဒဏ် ဟုတ်လား"
ချူရှောင်ယွင် ခေါင်းညိတ်လိုက်သည်။
"ကျွန်မက တစ်ချိန်တုန်းက ထျန်းကျောက်ဘုံမှာ နေထိုင်ခဲ့တာပါ၊ ဒါပေမဲ့... ကျွန်မတို့ မိသားစုက မပြစ်မှားသင့်တဲ့သူကို ပြစ်မှားမိလို့ ကျွန်မကို ချိတ်ပိတ်ပြီး ဒီလို အရိုင်းနယ်မြေဆီ နယ်နှင်ဒဏ်ပေးလိုက်တာပါ"
ထို့နောက် ချူရှောင်ယွင်သည် သူမ၏ နောက်ခံသမိုင်းကြောင်းကို အကြမ်းဖျင်း ပြောပြလေသည်။ သူမ ပြောသည့်အတိုင်းပင် သူမသည် ထျန်းကျောက်ဘုံမှ ဖြစ်ပြီး ထိုဘုံရှိ အင်အားကြီးသော အထက်တန်းလွှာ မိသားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်သည်။
ချူရှောင်ယွင်သည် မိသားစု၏ အချစ်တော် သမီးငယ်လေး ဖြစ်သောကြောင့် ငယ်စဉ်ကတည်းက ယုယကြင်နာခြင်းကို အပြည့်အဝ ခံစားခဲ့ရသည်။ အကယ်၍သာ ကံဆိုးမိုးမှောင် မကျရောက်ခဲ့လျှင် သူမသည် ပုံမှန်အတိုင်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းပြီး အဆုံးတွင် နတ်ဘုရားရာထူး တစ်ခုကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
သို့သော် တစ်နေ့တွင် အားလုံးမှာ ရုတ်တရက် ချုပ်ငြိမ်းသွားခဲ့ရသည်။ ထိုနေ့တွင် ကောင်းကင်ယံတစ်ခွင်လုံး နတ်ဘုရားတို့ဖြင့် ဖုံးလွှမ်းသွားပြီး ချူမိသားစုကို ဝိုင်းရံထားခဲ့ကြသည်။ တစ်ချိန်က ချူမိသားစုနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော အထက်တန်းလွှာ မိသားစုများသည်လည်း ချက်ချင်းဆိုသလိုပင် သစ္စာဖောက်ကာ ဘက်ပြောင်းသွားကြပြီး ချူမိသားစုအပေါ် ရန်လိုမုန်းတီးမှုများ ပုံချလာကြသည်။
ထိုမြင်ကွင်းကို ချူရှောင်ယွင် ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။ ချူမိသားစု၏ ခေါင်းဆောင်ဖြစ်သော သူမ၏ ဖခင်သည် နတ်ဘုရားအရှင်သခင် အများအပြားကို သတ်ဖြတ်ပြီးနောက် ဘုရင်အဆင့် နတ်ဘုရားအရှင်သခင် ဆယ်ဦးကျော်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူ၏ နတ်ဘုရားအဆင့်အတန်းမှာ ပျက်စီးသွားပြီး နှစ်ထောင်ချီသော ကျင့်ကြံမှုများ သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
သူမ၏ အငြိမ်းစား ယူထားသော အဘိုးဖြစ်သူ မိသားစုခေါင်းဆောင်ဟောင်းသည်လည်း ဤပြင်းထန်သော တိုက်ပွဲအပြီးတွင် နတ်ဘုရားစွမ်းအား မလုံလောက်မှုကြောင့် ကျဆုံးခဲ့ပြီး ရက်ရက်စက်စက် ချိပ်ပိတ်ခံလိုက်ရသည်။
အခြားသော ချူမိသားစုဝင်များမှာလည်း သေဆုံးခြင်း သို့မဟုတ် ချိပ်ပိတ်ခံခဲ့ရသည်။ သူမ တစ်ဦးတည်းသာ ငယ်ရွယ်လွန်းသေးသောကြောင့် ထိုရက်စက်သော လက်များမှ ကင်းလွတ်ခွင့် ရခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသည်မှာ ကံကောင်းခြင်း မဟုတ်ပေ။ အိပ်မက်ဆိုးတစ်ခု၏ အစပျိုးခြင်းသာ ဖြစ်သည်။
သူမကို ကာကွယ်ပေးရန် ရှေ့ထွက်ပြောဆိုခဲ့သော ကျိန်စာနတ်ဘုရားမသည် ထျန်းကျောက် နတ်ဘုရားများအကြားတွင်ပင် ဆက်ဆံရခက်ခဲသည်ဟု နာမည်ကြီးသူ ဖြစ်သည်။ ချူရှောင်ယွင်ကို ခေါ်ဆောင်သွားပြီးနောက် ဤကျိန်စာနတ်ဘုရားမသည် သူမကို နတ်ဘုရားပညာရပ် အများအပြား သင်ကြားပေးခဲ့သည်။
ထိုအချိန်က ချူရှောင်ယွင်သည် ကျေးဇူးတင်ရှိခဲ့ပြီး ဤကျိန်စာနတ်ဘုရားမကို သူမ၏ ဆရာသမားအဖြစ် အမှန်တကယ် ရိုသေလေးစားခဲ့သည်။ သို့သော် ကျိန်စာနတ်ဘုရားမသည် စေတနာဖြင့် ကယ်တင်ခဲ့ခြင်း မဟုတ်ပဲ ချူရှောင်ယွင် ပိုင်ဆိုင်သော ချူမိသားစု သွေးစည်းနှင့် ပါရမီကိုသာ စိတ်ဝင်စားကြောင်း သူမ လုံးဝ မသိရှိခဲ့ပေ။
ကျိန်စာနတ်ဘုရားမသည် ထိုအရာများကို ထုတ်ယူရရှိပြီးသည်နှင့် ချက်ချင်းပင် ရန်သူသဖွယ် ပြောင်းလဲသွားကာ သူမကို နတ်ဘုရားကျိန်စာတိုက်ပြီး ဤစွန့်ပစ်နယ်မြေသို့ ပြည်နှင်ဒဏ် ပေးလိုက်လေသည်။ အပြင်ပန်းအားဖြင့် နတ်ဘုရားအမျက်ပင်လယ်ကို စောင့်ကြပ်ရန်ဟု အကြောင်းပြသော်လည်း အမှန်တကယ်မှာမူ လှောင်ပိတ်ထားခြင်းသာ ဖြစ်သည်။
ချူရှောင်ယွင် သေချင်စိတ် ပေါက်ခဲ့ဖူးသော်လည်း နတ်ဘုရားကျိန်စာအောက်တွင် သေ၍ပင် မရနိုင်ခဲ့ပေ။ ထို့အပြင် သူမ အရှုံးမပေးလိုပေ။ သူမ၏ သေဆုံးသွားသော ချူမိသားစုဝင်များနှင့် သူမကိုယ်တိုင်အတွက် လက်စားချေလိုစိတ်က သူမကို ဆက်လက်ရှင်သန်စေသည်။
သို့သော် ဤအရာကို အောင်မြင်ရန်မှာ မလွယ်ကူလှချေ။ ကျိန်စာနတ်ဘုရားမသည် ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေသည်။ ထို့အပြင် ဤကျိန်စာနတ်ဘုရားမ တိုက်ထားသော ကျိန်စာသည် ချူရှောင်ယွင်၏ ပါရမီနှင့် သွေးစည်းကို အဆက်မပြတ် စုပ်ယူနေသည်။ သူမသည် လှောင်အိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ထွက်ပေါက်ပိတ်နေခဲ့သည်။
ယခုတစ်ကြိမ် နတ်ဘုရားသင်္ကေတများ ပေါ်ပေါက်လာမှသာ ချူရှောင်ယွင် မျှော်လင့်ချက်ရောင်ခြည် သမ်းလာခြင်း ဖြစ်သည်။ အစက သူမသည် ဤအခွင့်အရေးကို အသုံးပြု၍ ဇီဝေ့နတ်ဘုရားသားတော်နှင့် ဆက်သွယ်ကာ ထွက်ပြေးရန် ကြံစည်ခဲ့သည်။
သို့သော် ရွှယ်အန်း ရောက်ရှိလာခြင်းက သူမ၏ စီမံကိန်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ရွှယ်အန်း၏ အင်အားကြီးမားမှုက ချူရှောင်ယွင်အတွက် ပိုမိုကြီးမားသော မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ခဲ့သည်။
အထူးသဖြင့် ရွှယ်အန်းသည် ပြင်ပကမ္ဘာမှ သူမကို ခြေရာခံလိုက်လာကြောင်း သိလိုက်ရသောအခါ သူမ၏ ယုံကြည်ချက် ပိုမိုခိုင်မာလာသည်။
ထို့ကြောင့် သူမသည် နောက်ဆုံးလက်ကျန် အသက်ကိုရင်း၍ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။
ချူရှောင်ယွင်သည် ထိုသို့ပြောပြပြီးသည်နှင့် ခေါင်းမော့ကာ ရွှယ်အန်းကို တည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
သူမ ပြောနိုင်သမျှ အကုန်ပြောပြီးပြီ ဖြစ်ရာ ယခုအခါ အရာအားလုံးသည် ရွှယ်အန်း၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်တော့သည်။
အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်သော အားကြီးသူက သူမကို ကူညီရန် ဆန္ဒရှိပါက သူမအတွက် လက်စားချေရန် မျှော်လင့်ချက် ရှိနေသေးသည်။
အကယ်၍ သူငြင်းဆန်ခဲ့ပါက ချူရှောင်ယွင်သည် အရာအားလုံးကို စွန့်စားရန် ပြင်ဆင်ထားသည်။ သူမသည် ဤမှောင်မိုက် ဖိစီးသော နေ့ရက်များကို သည်းခံနိုင်စွမ်း ကုန်ဆုံးနေပြီ ဖြစ်သည်။
ရွှယ်အန်းသည် သူမပြောသည်ကို နားထောင်ပြီးနောက် သူ့အကြည့်များ အနည်းငယ် လှုပ်ရှားသွားသည်။
"ဒါဆို မင်းတို့ ချူမိသားစုကို ထျန်းကျောက် နတ်ဘုရားမဟာမိတ်တွေက ဘာလို့ ဝိုင်းဝန်းနှိမ်နင်းခဲ့ကြတာလဲ"
ချူရှောင်ယွင်က ခါးသီးစွာ ပြုံးလိုက်သည်။
"သခင်ကြီး... အကြောင်းရင်း အတိအကျကို ကျွန်မ သေချာမသိရပေမဲ့... ထျန်းကျောက် နတ်ဘုရားဘုရင်ရဲ့ အမိန့်တစ်ခုကို ကျွန်မတို့ ချူမိသားစုက သဘောမတူခဲ့လို့ ဖြစ်နိုင်ပါတယ်"
"ထျန်းကျောက် နတ်ဘုရားဘုရင် ဟုတ်လား"
"ဟုတ်ပါတယ်... ထျန်းကျောက်ဘုံကို နှစ်ပေါင်းတစ်သောင်းကြာ အုပ်ချုပ်လာခဲ့တဲ့ အင်အားအကြီးဆုံး ရှေးဟောင်းနတ်ဘုရား... ထျန်းကျောက် နတ်ဘုရားဘုရင်ပါ"
ထိုသို့ပြောရင်းနှင့် ချူရှောင်ယွင်၏ မျက်လုံးများမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
"သခင်ကြီး... အရာအားလုံးရဲ့ အဓိက တရားခံက သူ ဖြစ်နိုင်တယ်၊ သခင်ကြီးက ကျွန်မကို ကူညီဖို့ သဘောတူရဲပါ့မလားတော့ ကျွန်မ မသိဘူး"
ရွှယ်အန်းသည် စကားပြန်မပြောဘဲ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး သူ့ မျက်ဝန်းမှ အလင်းရောင်များ မသိမသာ ပြောင်းလဲနေသည်။ သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
ချူရှောင်ယွင်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။ သူမသည် ဤရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၏ အကြောင်းနှင့် အကျိုးသည် ကြီးမားလွန်းပြီး ပြိုင်ဘက်ကလည်း နတ်ဘုရားနယ်ပယ်၏ အုပ်ထိန်းသူ အင်အားကြီးတစ်ပါး ဖြစ်နေသောကြောင့်ဖြစ်သည်။ သို့သော် သူမသည် မှေးမှိန်သော မျှော်လင့်ချက်လေး ရှိနေလျှင်ပင် လက်မလျှော့ချင်ခဲ့ပေ။ ယခု အခြေအနေကို ကြည့်ရသည်မှာ... ကျရှုံးသွားပြီထင်သည်။
ချူရှောင်ယွင် နာကျင်သွားရသည်။ သို့သော် သူမ မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေချိန်တွင် ရွှယ်အန်းသည် ဖြည်းညှင်းစွာ ပြုံးလိုက်သည်။ ထိုသည်မှာ အလွန်တရာ တောက်ပသော အပြုံးတစ်ခု ဖြစ်သည်။
"ကောင်းပြီလေ... ဒီကိစ္စကို ငါ ကူညီပေးမယ်"
ချူရှောင်ယွင် ကြောင်အသွားပြီးနောက် သူမ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ ဖြာကျလာသည်။
"သ... သခင်ကြီး... ချူရှောင်ယွင်က ချူမိသားစုဝင် အားလုံးကိုယ်စား သခင်ကြီးကို အလေးအနက် ဦးညွှတ် ဂါရဝပြုပါတယ်"
ထိုသို့ပြောကာ ချူရှောင်ယွင်သည် ကြမ်းပြင်ပေါ် ဒူးထောက်ကာ ခေါင်းကို ကြမ်းပြင်နှင့် စောင့်၍ အကြိမ်ကြိမ် ဦးညွှတ်လေသည်။ ရွှယ်အန်းက လက်ကာပြလိုက်ရာ မမြင်ရသော စွမ်းအင်တစ်ခုက ချူရှောင်ယွင်ကို တားဆီးလိုက်သည်။ သူက လျစ်လျူရှုထားသော လေသံဖြင့် ပြောလိုက်သည်။
"ငါ ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ ငါတို့ ထျန်းကျောက်ဘုံကို ဘယ်လိုသွားကြမလဲ"
ချူရှောင်ယွင်က ပြန်ဖြေလိုက်သည်။
"သခင်ကြီး... မကြာခင်မှာ ကျိန်စာနတ်ဘုရားမရဲ့ မွေးနေ့ပွဲ ရောက်တော့မှာပါ၊ အဲ့ဒီအချိန်ကျရင် ကျွန်မ နတ်ဘုရားဘုံကို ပြန်ခွင့်ရပါလိမ့်မယ်၊ အဲ့ဒီအခါကျရင် အတူတူ သွားလို့ရပါတယ်"
ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ချူရှောင်ယွင်သည် အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး မတ်တတ်ထရပ်ရန် ပြင်လိုက်စဉ် ရုတ်တရက်ဆိုသလို သူမ၏ နတ်ဘုရားအဆင့်အတန်းကို ချည်နှောင်ထားသော သံကြိုးများသည် အဆိပ်ပြင်း မြွေဆိုးကြီးများအသွင် ပြောင်းလဲသွားပြီး ချူရှောင်ယွင်၏ နတ်ဘုရားအဆင့်အတန်းကို ရက်ရက်စက်စက် ကိုက်ခဲဝါးမြိုကြလေတော့သည်။
"အား..."
ချူရှောင်ယွင်သည် နာကျင်မှုကြောင့် မျက်နှာဖြူဖျော့ကာ တုန်ရီနေသော်လည်း အလွန် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"သခင်ကြီး... ဒါက ကျိန်စာနတ်ဘုရားမ ကိုယ်တိုင် ခတ်နှိပ်ထားတဲ့ ချိပ်ပိတ်သံကြိုးတွေပါ၊ ကျွန်မ ချိပ်ပိတ်မှုကို ဖြိုခွင်းမှာ ကြောက်လို့ နေ့တိုင်း အခုလို ဝါးမြိုစားသောက်လေ့ ရှိပါတယ်"
သူမ၏ စကားများက ဤအရာကို နေသားကျနေသည့်အလား ထင်ရသည်။ ထိုအခါမှ ရွှယ်အန်းသည် ချူရှောင်ယွင်ကဲ့သို့ အချိန်အကြာကြီး ကျင့်ကြံလာသူ တစ်ယောက်သည် အဘယ်ကြောင့် ကလေးတစ်ယောက်နှင့် တူနေရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။
နတ်ဘုရားဘုံ အတွင်း၌ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်နှင့် အင်အားကို ရုပ်ရည်သွင်ပြင်မှ သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ ကျင့်ကြံမှုနှင့် သွေးစည်း အားကောင်းလာသည်နှင့်အမျှ ကျန်အရာများလည်း လိုက်ပါ တိုးတက်လာစမြဲ ဖြစ်သည်။
ချူရှောင်ယွင်၏ ကျင့်ကြံသက်တမ်းနှင့်ဆိုပါက ဤသို့ မဖြစ်သင့်ပေ။ ဒါဆို အဓိက တရားခံက ဒီမှာကိုး...
ရွှယ်အန်း၏ မျက်လုံးများထဲတွင် လေးစားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ နတ်ဘုရားအဆင့်အတန်းကို ဝါးမြိုစားသောက်ခံရသည့် နာကျင်မှုမှာ လူအများစုအတွက် တစ်ကြိမ်ခံစားရုံမျှဖြင့် ရူးသွပ်သွားနိုင်လောက်သည့် နာကျင်မှုမျိုး ဖြစ်သည်။
သို့သော် ချူရှောင်ယွင်သည် နေ့စဉ်နေ့တိုင်း တစ်နှစ်ပြီးတစ်နှစ် သည်းခံကျော်ဖြတ်လာခဲ့သည်။ ထို့အပြင် ဤမျှ ပြင်းထန်သော အခြေအနေအောက်တွင် မြို့စားမင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ ပါရမီနှင့် သွေးစည်းသည် မည်မျှ အံ့မခန်း ကောင်းမွန်သည်ကို သိသာစေသည်။ ထို့ကြောင့်ပင် ကျိန်စာနတ်ဘုရားမသည် သူမကို အလွန်အမင်း လိုချင်တပ်မက်ပြီး ရိတ်သိမ်းယူရန် နည်းလမ်းမျိုးစုံ သုံးခဲ့ခြင်း ဖြစ်ပေမည်။
ထိုအချက်ကို သဘောပေါက်လိုက်သည်နှင့် ရွှယ်အန်း၏ မျက်လုံးများထဲတွင် အလင်းရောင် တစ်ချက်လက်သွားပြီး နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာသည်။
သူ့ နတ်ဘုရားအာရုံ ရောက်ရှိသွားသော နေရာတိုင်းတွင် သောင်းကျန်းနေသော ကျိန်စာအဆိပ်မြွေများသည် ရပ်တန့်သွားပြီး သံကြိုးများအဖြစ် ပြန်လည် ပြောင်းလဲသွားကြသည်။ ချူရှောင်ယွင် အသက်ရှူမှားသွားသည်။
"သခင်ကြီး..."
ရွှယ်အန်းက တိုးညှင်းစွာ ပြောလိုက်သည်။
"မင်းကို ချည်နှောင်ထားတဲ့ ချိပ်ပိတ်သံကြိုးတွေကို ကျိန်စာနတ်ဘုရားမက သူမရဲ့ ကိုယ်ပိုင် နတ်ဘုရားအဆင့်အတန်းကို သုံးပြီး ပြုလုပ်ထားတာ၊ အပြီးတိုင် ဖျက်ဆီးပစ်ချင်ရင် သူ့ကို သတ်မှပဲ ရမယ်၊ လောလောဆယ်တော့ မင်း သက်သာသွားအောင် ငါ ဖိနှိပ်ပေးထားမယ်"
ချူရှောင်ယွင် ပိုမို စိတ်လှုပ်ရှားသွားသည်။
နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြ သူမ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း ထိုချိပ်ပိတ်သံကြိုးများကို အနည်းငယ်မျှပင် မရွေ့လျားနိုင်ခဲ့ပေ။ သို့သော် ရွှယ်အန်း၏ လက်ထဲတွင်မူ လွယ်ကူလွန်းလှသည်။
ချူရှောင်ယွင်သည် အဆုံးတွင် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီဟု ခံစားလိုက်ရပြီး စကားပြောရန် ပြင်လိုက်သည်။ ထိုအချိန်မှာပင်...
ဝုန်း
ကျိန်စာသင့်မြို့တော် တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။ ရွှယ်အန်းသည် လျင်မြန်စွာ မော့ကြည့်လိုက်ပြီး သူ၏ အကြည့်သည် အတားအဆီးများကို ဖောက်ထွင်းကာ ဝေးကွာသော ပင်လယ်ပြင်ဆီသို့ ရောက်ရှိသွားသည်။
ချူရှောင်ယွင်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး အံ့သြသံလိုက်သည်။
"သခင်ကြီး... နတ်ဘုရားအမျက် ပင်လယ်ဘက်ကပါ"
ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"နတ်ဘုရားသင်္ကေတပဲ... နတ်ဘုရားသင်္ကေတက လောကထဲကို ကိုယ်ထင်ပြတော့မယ်နဲ့ တူတယ်”
အခန်း (၁၀၆၈) - သွေးနှင့် မီးလျှံတို့ ထိပ်တိုက်ရင်ဆိုင်ခြင်း
ထိုခဏ၌ ကျိန်စာသင့်မြို့တော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ လှုပ်ခါသွားတော့သည်။အရပ်မျက်နှာ အသီးသီးမှ စွမ်းအားမြင့် အလင်းတန်းကြီးများသည် ကောင်းကင်ယံသို့ ထိုးတက်သွားကြပြီး ၎င်းတို့သည် နေရာစုံမှ အစွမ်းထက် ပုဂ္ဂိုလ်ကျော်များထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုသူများသည် လေထဲတွင် ရပ်တန့်ကာ ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီသို့ လေးနက်သော အမူအရာများဖြင့် လှမ်းမျှော် ကြည့်ရှုနေကြသည်။
ထူထဲသော မိုးတိမ်များဖြင့် အမြဲ ဖုံးလွှမ်းနေလေ့ရှိသည့် နတ်ဘုရားအမျက် ပင်လယ်သည် ယခုအခါ ပုံမှန်နှင့်မတူ ထူးကဲစွာ ငြိမ်သက်နေသည်။ ထို့အပြင် ပင်လယ်ပြင်အတွင်း၌ တောက်ပသော အလင်းတန်းများ ပေါ်ထွက်နေပြီး မျက်စိကျိန်းလောက်အောင် ထိန်လင်းနေလေသည်။
"ဘာဖြစ်တာလဲဟ..."
"နတ်ဘုရားသင်္ကေတ ပေါ်လာတော့မှာလား"
လူအုပ်ကြီးသည် အချင်းချင်း တီးတိုး ဆွေးနွေးလာကြသည်။
ထိုစဉ်မှာပင် ရွှယ်အန်း၏ ပုံရိပ်သည် လေထဲတွင် တဖြည်းဖြည်း ထင်ရှားလာသည်။ တီးတိုးပြောဆိုသံများ ရုတ်ခြည်း ရပ်တန့်သွားပြီး လူတိုင်း၏ အကြည့်သည် ရွှယ်အန်းထံသို့ တညီတညွတ်တည်း ရောက်ရှိသွားကြသည်။
ရွှယ်အန်းသည် ပြုံးယောင်သမ်းသော မျက်နှာဖြင့် ဝေးကွာသော မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်ကာ လျစ်လျူရှသော လေသံဖြင့် ပြောလိုက်သည်။
"ဟင်း... စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"
ထို့နောက် ရွှယ်အန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းသွားလေသည်။
အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပင်လယ်ပြင်ကို မိုင်ပေါင်းထောင်ချီ၍ ကွဲအက်သွားစေခဲ့သော ကြီးမားသည့် ဓားရာအက်ကွဲကြောင်းကြီး တစ်လျှောက် ရွှယ်အန်း၏ နောက်သို့ အလျင်အမြန် လိုက်ပါ ပျံသန်းသွားကြသည်။
ရွှယ်အန်းအတွက်မူ ဤခရီးအကွာအဝေးသည် လက်ဖျစ်တစ်ချက် တီးလိုက်သကဲ့သို့သာ ဖြစ်သည်။ သူ ကောင်းကင်ထက်တွင် ရပ်တန့်ပြီး နတ်ဘုရားအမျက် ပင်လယ်ကို ငုံ့ကြည့်လိုက်သော အခါ ပင်လယ်ပြင် တစ်ခုလုံးသည် ပွက်ပွက်ဆူနေပြီ ဖြစ်သည်။
ရေအောက်မှ မရေမတွက်နိုင်သော ပင်လယ်နတ်ဆိုးများသည် ရေမျက်နှာပြင်ပေါ်သို့ တက်လာကြပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသည့်အလား၊ ကာကွယ်စောင့်ရှောက်နေသည့်အလား စက်ဝိုင်းပုံသဏ္ဌာန် ခံစစ်စည်း နေရာယူထားကြသည်။
ကောင်းကင်နှင့် မြေကြီးကြားရှိ တိတ်ဆိတ်မှုသည် ကြောက်မက်ဖွယ် ကောင်းလှပြီး လေငြိမ်သွားသကဲ့သို့ပင် ခံစားရစေသည်။ ဤမွန်းကျပ်ဖွယ် ဖိအားကြောင့် နောက်မှ ရောက်လာသူများ အားလုံး မျက်နှာပျက်သွားကြရသည်။
"ဒါ ဘာအရှိန်အ၀ါကြီးလဲကွ"
"ဘယ်သူသိမှာလဲ"
ထိုအချိန်၌ တစ်စုံတစ်ယောက်က တုန်ရီစွာဖြင့် အော်ပြောလိုက်သည်။
"ဟေ့... ကောင်းကင်ကို မော့ကြည့်ကြပါဦး"
လူတိုင်းသည် ထိုလူညွှန်ပြရာသို့ မော့ကြည့်လိုက်ကြသည်။
နတ်ဘုရားအမျက် ပင်လယ်ထက်ရှိ ထူထဲသော တိမ်တိုက်များသည် ဖြည်းညှင်းစွာ လည်ပတ်လာပြီး ကြီးမားသော လေပွေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလေပွေဝဲ၏ ဗဟိုချက်သည် အောက်ဘက်ရှိ များပြားလှသော ပင်လယ်နတ်ဆိုးအုပ်ကြီးထံသို့ တည့်တည့်ချိန်ရွယ်ထားလေသည်။ လျှပ်စီးများ မှိန်ဖျော့ဖျော့ လက်နေပြီး လေထုထဲတွင် မီးလောင်နံ့များ ပျံ့လွင့်လာရာ လူအများမှာ ကြက်သီးမွေးညင်း ထသွားကြရသည်။
အစွမ်းထက် ပုဂ္ဂိုလ်များပင် ထိတ်လန့်သွားစေနိုင်သော ဤသဘာဝ၏ ကြောက်မက်ဖွယ် အင်အားကြီးမားမှု ရှေ့မှောက်တွင် ရွှယ်အန်းသည် ဟင်းလင်းပြင်ထဲ၌ လက်ကို နောက်ပစ်ကာ ရပ်နေဆဲပင်။ မျက်နှာပေါ်တွင် အပြုံးမပျက်ဘဲ သူတစ်ယောက်တည်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ငါ တွေးမိခဲ့သင့်တာ... ဟားဟား... အခုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"
ထိုအချိန်တွင် ကျိန်စာသင့်ဧကရီ ချူရှောင်ယွင်သည် ရွှယ်အန်း၏ နောက်တွင် ပေါ်လာသည်။ သူမသည် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များကို ကြည့်ပြီး စိုးရိမ်ပူပန်သော လေသံဖြင့် သတိပေးလိုက်သည်။
"သခင်ကြီး... ကျွန်မတို့ နည်းနည်းလောက် ဆုတ်ကြမလား၊ ဒါ ကောင်းကင်ပြစ်ဒဏ် မိုးကြိုးပဲ"
"ကောင်းကင်မိုးကြိုး ဟုတ်လား"
ရွှယ်အန်း အနည်းငယ် အံ့သြသွားသည်။
"ဟုတ်ပါတယ်... နတ်ဘုရားအမျက် ပင်လယ်က ရှေးခေတ်ကတည်းက တည်ရှိခဲ့တာပါ၊ နှစ်တစ်ရာ ပြည့်တိုင်း ကောင်းကင်မိုးကြိုး ကျဆင်းပြီး ဒီဒေသထဲက ပင်လယ်နတ်ဆိုးတွေ ဖော်လံဖားမလုပ်နိုင်အောင် ဖိနှိပ်လေ့ရှိပါတယ်"
သူမက ဆက်ပြောသည်။
"အခြေအနေကို ကြည့်ရတာ ဒီတစ်ခါ ကောင်းကင်မိုးကြိုးက အရမ်းကို အားကောင်းပုံရတယ်၊ ဒါပေမဲ့ ထူးဆန်းတာက အချိန်ကာလအရ တွက်ကြည့်ရင် ကောင်းကင်မိုးကြိုး ကျဆင်းရမယ့်အချိန် မရောက်သေးဘူးလေ"
ချူရှောင်ယွင်သည် အနည်းငယ် နားမလည်နိုင် ဖြစ်နေသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။
"ကြောက်လို့ ဖြစ်မှာပေါ့"
ချူရှောင်ယွင် မျက်တောင်ခတ်လိုက်မိသည်။ ရွှယ်အန်း ဘာကို ဆိုလိုသည်ကို သူမ နားမလည်ပေ။ သူမသညါ ဘာကြောင့်လဲဟု မေးရန် ပြင်လိုက်စဉ်မှာပင်...
ဂျိန်း
ကောင်းကင်အထက်ရှိ တိမ်တိုက်များအကြားတွင် လျှပ်စီးများသည် အမြင့်ဆုံးအထိ စုစည်းသွားပုံရပြီး လေပွေဝဲ၏ ထိပ်ပိုင်းမှ မျက်စိကန်းမတတ် စူးရှသော အလင်းတန်းကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ နတ်ဘုရားအမျက် ပင်လယ်ထံသို့ တည့်တည့် ကျဆင်းလာလေသည်။
သို့သော် ထိုအလင်းတန်း ပင်လယ်ရေမျက်နှာပြင်နှင့် မထိတွေ့မီမှာပင် ငြိမ်သက်နေသော ပင်လယ်နတ်ဆိုးများကြားမှ ကြီးမားသော ပင်လယ်သားရဲကြီး တစ်ကောင်သည် ရေပေါ်သို့ ခုန်တက်လာပြီး ကျဆင်းလာသော မိုးကြိုးကို ပြတ်သားစွာ ရင်ဆိုင်လိုက်သည်။
ဝုန်း...
ကျယ်လောင်သော အသံကြီးနှင့်အတူ ပင်လယ်သားရဲကြီးသည် မိုးကြိုးဒဏ်ကြောင့် ပြာကျ ပျက်စီးသွားလေသည်။
မိုးကြိုး၏ အရှိန်အဟုန်သည် အနည်းငယ် တုန့်ဆိုင်းသွားသော်လည်း အောက်သို့ ဆက်လက် ပစ်ခတ် ကျဆင်းနေဆဲပင်။သို့သော် ဆက်လက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် လူတိုင်း ဆွံ့အသွားကြရသည်။
ယခင် သားရဲကြီး ကျဆုံးသွားသည်နှင့် နောက်ထပ် သားရဲကြီး တစ်ကောင်သည် ချက်ချင်း ခုန်တက်လာပြီး တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ပြန်သည်။ထိုသားရဲကြီးလည်း ထပ်တူပင် မိုးကြိုးဒဏ်ကြောင့် ပျက်စီးသွားရပြန်သည်။ သို့သော် တတိယတစ်ကောင်... စတုတ္ထတစ်ကောင်...
ပင်လယ်သတ္တဝါကြီးများသည် ထိုအချိန်၌ သေခြင်းတရားကို မကြောက်ကြတော့ဘဲ မိမိတို့၏ ခန္ဓာကိုယ်များဖြင့် ကျဆင်းလာသော မိုးကြိုးကို ကာကွယ်တားဆီးနေကြသည့်အလားပင်။ အဆုံးတွင်...
ပင်လယ်သားရဲကြီး ခုနစ်ကောင်၊ ရှစ်ကောင်ခန့် ပျောက်ကွယ်သွားပြီးနောက် မိုးကြိုး၏ စွမ်းအားသည် ကုန်ဆုံးသွားပြီး ပျောက်ကွယ်သွားတော့သည်။ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။
မရေမတွက်နိုင်သော ကြီးမားသည့် ပင်လယ်သားရဲကြီးများသည် တစ်ကောင်ပြီးတစ်ကောင် ခုန်တက်လာကြပြီး ကောင်းကင်ဘေးဒဏ်ကို မိမိတို့၏ အသားစိုင်များဖြင့် ကာကွယ် ခုခံခဲ့ကြသည်။
ထိုမြင်ကွင်းသည် အလွန် ကြေကွဲစရာ ကောင်းလှပေသည်။ သို့သော် ဤသည်မှာ အစပျိုးခြင်းသာ ရှိသေးသည်။
ကောင်းကင်တစ်ခွင်ရှိ လျှပ်စီးများသည် သားရဲများ၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားပုံရသည်။ ၎င်းသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးတစ်စင်း စတင် ဖြစ်တည်လာပြီး လေပွေဝဲထဲမှ နောက်တစ်ကြိမ် ထပ်မံ ကျဆင်းလာပြန်သည်။ ဤမိုးကြိုးသည် ယခင်တစ်ခုထက် များစွာ ပိုမို အားကောင်းပြီး ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်ကိုပင် အနည်းငယ် တွန့်လိမ်သွားစေသည်။
သို့သော် သားရဲအုပ်ကြီးသည် ကြိုတင် တိုင်ပင်ထားကြသည့်အလား တစ်ကောင်ပြီးတစ်ကောင် ခုန်တက်လာကြပြီး သေခြင်းတရားကို တည်ငြိမ်စွာ ရင်ဆိုင်ကြလေသည်။ ၎င်းတို့၏ နားလည်မှုနှင့် တိတ်ဆိတ်မှုသည် ဤကောင်းကင်ပြစ်ဒဏ်ကို နှုတ်ဆိတ်စွာ ဆန္ဒပြနေသကဲ့သို့ထင်ရသည်။
အဆုံးတွင် သားရဲကောင်ရေ သုံးဆယ်၊ လေးဆယ်ခန့် ဆုံးရှုံးပြီးနောက် ဤကောင်းကင်အမျက်ဒေါသသည်လည်း ပျောက်ကွယ်သွားခဲ့ရပြန်သည်။ လူအများမှာ ထိုသားရဲအုပ်ကြီးအတွက် သက်ပြင်းချမိကြသည်။
သူတို့သည်လည်း နတ်ဘုရားအမျက် ပင်လယ်ကို ဖြတ်သန်းရွက်လွှင့်စဉ်က ဤသားရဲများနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရဖူးပေမည်။ သို့သော် ယခုအချိန်တွင်မူ သားရဲများ၏ အသက်ရှင်လိုစိတ်ကြောင့် သူတို့၏ စိတ်နှလုံး လှုပ်ရှားသွားကြရသည်။
ထိုစဉ် ရွှယ်အန်းသည် ဖြည်းညှင်းစွာ ခေါင်းမော့လိုက်သည်။ ပင်လယ်လေပြည်ကြောင့် သူ၏ ဆံနွယ်များ လွင့်ပျံနေပြီး မျက်လုံးထဲမှ လေးနက်သော အလင်းရောင်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
"တကယ့် အစစ်က အခုမှ စလာမှာ..."
သူ စကားဆုံးသည်နှင့် ကမ္ဘာလောကကြီး ရုတ်တရက် တိတ်ဆိတ်သွားပြီး လေပင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို့နောက် မည်းမှောင်နေသော တိမ်တိုက်များကြားမှ လျှပ်စီးများ ပေါက်ကွဲထွက်လာပြီး မိုးကြိုးသွား ဒါဇင်ပေါင်းများစွာ ရုတ်ခြည်း ပြိုဆင်းလာလေသည်။ တစ်ခုချင်းစီသည် ယခင်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလှသည်။
လူတိုင်း၏ မျက်နှာများလည်း ကောင်းကင်ယံ၌ မိုးကြိုးမြွေများ ရိုင်းစိုင်းစွာ ကခုန်နေသည်ကို မြင်လိုက်ရသဖြင့် ဖြူဖျော့သွားကြသည်။ ရွှယ်အန်း တစ်ဦးတည်းသာ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
သားရဲအုပ်ကြီးသည်လည်း ဤတိုက်ခိုက်မှု၏ ကြီးမားသော စွမ်းအားကို အာရုံခံမိသွားပုံရသည်။ အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များဖြင့် ထပ်မံ ခုခံလိုက်ကြပြန်သည်။ ထိုတွင် ဆန်းပြားသော လှုပ်ရှားမှုများ မပါဝင်ပေ။ သွေးနှင့် မီးလျှံတို့၏ ထိပ်တိုက်ရင်ဆိုင်မှု သက်သက်သာ ဖြစ်သည်။
အဆုံးတွင်...
တောက်ပသော အမှုန်အမွှားများ ငြိမ်သက်သွားပြီး မိုးကြိုးများ မှေးမှိန်သွားသောအခါ ပင်လယ်ပြင်ကို ကြည့်လိုက်လျှင် သားရဲကောင်ရေ ထက်ဝက်ခန့် လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။
အသက်ရှင်ကျန်ရစ်သူများသည်လည်း ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး စီးကျလာသော သွေးများကြောင့် ပင်လယ်ပြင် တစ်ခုလုံး နီရဲနေလေသည်။ သို့သော်ငြား ဤသားရဲများသည် စက်ဝိုင်းပုံစံ စစ်ကြောင်းကို မပျက်စေဘဲ ဆက်လက် ထိန်းသိမ်းထားကြသည်။ အလယ်ဗဟိုရှိ ရေပြင်ထဲသို့ ခြေတစ်လှမ်းမျှ မဝင်ဘဲ တစ်စုံတစ်ခုကို ကာကွယ်နေပုံရသည်။
ပြီးသွားပြီလား...
လူအများ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ လူတိုင်း၏ စိတ်ထဲတွင် ထိုမေးခွန်း ပေါ်ထွက်လာသည်။ သူတို့၏ နှလုံးသားထဲမှ စုပေါင်းမေးခွန်းကို တုံ့ပြန်လိုက်သကဲ့သို့ပင် စတင် ကွယ်ပျောက်လုနီးပါး ဖြစ်နေသော မုန်တိုင်းတိမ်တိုက် မည်းကြီးများသည် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကြပြန်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ပင်လယ်ပြင်ရှိ စက်ဝိုင်းပုံ စစ်ကြောင်း၏ အလယ်ဗဟိုတွင် အလင်းစက်လေးများ စတင် ပေါ်ပေါက်လာသည်။
ထိုအလင်းစက်များသည် အစပိုင်းတွင် မထင်ရှားသော်လည်း မကြာမီတွင် ထူးဆန်းသော်လည်း အလွန် သဟဇာတဖြစ်သော ပုံစံတစ်ခုအဖြစ် ချိတ်ဆက်သွားကြသည်။
ကျွတ်...
ကြွေထည် ကွဲအက်သွားသကဲ့သို့ ပြတ်သားသော အသံနှင့်အတူ ပင်လယ်ထဲရှိ စက်ဝိုင်းအလယ်ဗဟိုမှ အလင်းတိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ထိုအလင်းတိုင်ကြီးတွင် မရေမတွက်နိုင်သော ရှုပ်ထွေးပွေလီသည့် သင်္ကေတများ ဖုံးလွှမ်းနေပြီး အလွန်တရာ သဟဇာတဖြစ်သော ပုံစံဖြင့် စီတန်းနေကြသည်။
ထို့နောက် အလင်းတိုင်ကြီး အတွင်း၌ အရှည် တစ်ပေခန့်သာ ရှိသော်လည်း မီးခိုးငွေ့ကဲ့သို့ အမြီးနှင့် အလွန်တရာ လှပသော နတ်ဘုရား ခိုအီငါးတစ်ကောင် ပေါ်လာပြီး အလင်းတန်း တစ်လျှောက် ကောင်းကင်သို့ ပျံတက်သွားလေသည်။
[ခိုအီငါး- ကံကောင်းစေတဲ့ငါး]