← Chapters

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉-၁၀၇၁)

Vol. 72 Ch. 1069-1071

အခန်း (၁၀၆၉) - ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မိုးကြိုးတိမ်တိုက်များ၊ လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းပစ်ခြင်း

ထိုငါးပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်၊ ပင်လယ်သားရဲကြီးများ အားလုံးသည် ၎င်းတို့၏ ကြီးမားလှသော ခန္ဓာကိုယ်များကို ဦးညွှတ်လိုက်ကြရာ ဘုရင်အသစ်တစ်ပါး ကြွချီလာသည်ကို ကြိုဆိုနေကြသည့်အလားပင်။

သို့သော် ထိုအချိန်၌ ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေသော မိုးကြိုးတိမ်တိုက်ကြီးများသည်လည်း အလွန်အမင်း အမျက်ဒေါသ အဟုန်ပြင်းစွာ ထွက်ပေါ်လာတော့သည်။ မရေမတွက်နိုင်သော လျှပ်စီးအလင်းတန်းများသည် တစ်နေရာတည်းတွင် စုစည်းသွားပြီး တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်လောက်အောင် ပြင်းထန်သော ဧရာမ မိုးကြိုးစက်ကွင်းကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ရွှေရောင်ငါးထံသို့ တည့်တည့် ပစ်ချလိုက်တော့သည်။

ပင်လယ်သားရဲကြီးများသည် မည်သူတစ်ဦးတစ်ယောက်၏ အမိန့်ပေးစေခိုင်းမှုကိုမျှ စောင့်ဆိုင်းမနေဘဲ တစ်ကောင်ပြီးတစ်ကောင် ခုန်တက်လာကြသည်။ အထက်သို့ ပျံတက်နေသော ရွှေရောင်ငါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်များကို ဒိုင်းသဖွယ် အသုံးပြု၍ မိုးကြိုးဒဏ်ကို ခုခံကာကွယ်ကြလေသည်။

သို့သော် ဤမိုးကြိုး၏ အစွမ်းသတ္တိမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သားရဲကြီးများသည် မိုးကြိုးအနားသို့ မကပ်နိုင်မီမှာပင် ပြာကျပျက်စီးကာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားကြရသည်။

ထိုသို့ ဖြစ်နေပါလျက်နှင့် ဤသားရဲကြီးများသည် ကြောက်ရွံ့ခြင်း သို့မဟုတ် နောက်ဆုတ်လိုခြင်း အရိပ်အယောင် အနည်းငယ်မျှပင် မပြသဘဲ မီးထဲသို့ တိုးဝင်သော ပိုးဖလံများပမာ ပြတ်သားသော စိတ်ဓာတ်ဖြင့် ကောင်းကင်ကပ်ဘေးဒဏ်ကို ရင်ဆိုင်ကြလေသည်။

သို့သော် ဤသားရဲကြီးများ မည်မျှပင် သေရဲသော်လည်း ၎င်းတို့၏ အရေအတွက်မှာ အကန့်အသတ် ရှိပေသည်။ ရွှေရောင်ငါးသည် အလင်းတိုင်၏ တစ်ဝက်ခန့်သို့ ရောက်ရှိချိန်တွင် ကျန်ရှိနေသော သားရဲကြီး အရေအတွက်မှာ လက်ချိုးရေတွက်၍ ရလောက်သည်အထိ နည်းပါးသွားပြီ ဖြစ်သည်။

ထိုအချိန်တွင် မျက်စိကျိန်းမတတ် ဖြူစင်တောက်ပသော မိုးကြိုးတန်းကြီးတစ်ခုသည် မိုးခြိမ်းသံနှင့်အတူ ကျဆင်းလာပြီး ပင်လယ်သားရဲကြီးများထံသို့ တည့်တည့် ဦးတည်လာလေသည်။

ရှေ့ဆက်ကြုံတွေ့ရမည့် ဆိုးရွားသော ကံကြမ္မာကို ကြိုတင်အာရုံခံမိသည့်အလား သေခြင်းတရားကို ရင်ဆိုင်ရာတွင် တစ်ခွန်းမျှ မဟခဲ့ဖူးသော ဤသားရဲကြီးများသည် နာကျင်ကြေကွဲဖွယ် ဟစ်အော်သံကြီးတစ်ရပ်ကို ပြိုင်တူ ဟစ်အော်လိုက်ကြလေသည်။

ထိုအသံသည် မတရားသော ကံကြမ္မာကို စွပ်စွဲပြစ်တင်လိုက်သကဲ့သို့ နက်ရှိုင်းလှပေသည်။ သို့သော် ထိုအချိန်၌ ဘေးမှနေ၍ အေးစက်သော အကြည့်ဖြင့် ရပ်ကြည့်နေသော ရွှယ်အန်းက လျစ်လျူရှုသော လေသံဖြင့် ဆိုလိုက်သည်။

"မျိုးဆက်ပြန့်ပွားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ပြာကျသွားတဲ့အထိ စွန့်လွှတ်ရဲတယ်ဆိုတာ တကယ်ကို တန်ဖိုးရှိပါတယ်၊ မင်းတို့က တကယ့်ကို လေးစားဖို့ကောင်းတဲ့ သတ္တဝါတွေပါ"

ထိုစကားဆုံးသည်နှင့် ရွှယ်အန်း၏ ပုံရိပ်သည် တစ်ချက် လှုပ်ရှားသွားပြီး မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကာ ပင်လယ်သားရဲကြီးများ၏ ရှေ့မှောက်တွင် ပြန်လည်ပေါ်လာပြီး ကျဆင်းလာသော မိုးကြိုးကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်။

"သခင်ကြီး..."

ချူရှောင်ယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။ သူမသည် ဤကဲ့သို့ အရေးကြီးသော အချိန်၌ ရွှယ်အန်း ဝင်ပါလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

ပုံမှန်အခြေအနေအရဆိုလျှင် ဒီသားရဲကြီးများ သေလုနီးပါး ဖြစ်သွားသညခအထိ ဘေးမှ တိတ်တိတ်လေး စောင့်ကြည့်ပြီးမှ အကျိုးအမြတ် ထွက်ယူရမည် မဟုတ်ပါလား၊ ပြီးတော့ အဲ့ဒါက ကောင်းကင်ပြစ်ဒဏ် မိုးကြိုးလေ...

ချူရှောင်ယွင် တစ်ယောက်တည်း မဟုတ်ပေ။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသူ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထို့နောက် လူအများ၏ မျက်လုံးများထဲတွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ကျိတ်၍ ဝမ်းသာအားရ ဖြစ်နေကြသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ဒီကောင် သေပြီ... သေပြီဟေ့၊ နောက်ဆုံးတော့ အဲ့ဒီ နတ်ဘုရားသင်္ကေတက ငါတို့အပိုင် ဖြစ်ပြီ"

သို့သော် ထိုလူများ၏ ကြိတ်ပျော်နေမှုများ မစတင်နိုင်မီမှာပင် ရွှယ်အန်းသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သွယ်လျလှပသော သူ၏ လက်ချောင်းများဖြင့် ထိုပြင်းထန်သော မိုးကြိုးတန်းကြီးကို ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ လက်ဖဝါးထဲတွင် မြဲမြံစွာ ထိန်းချုပ်ထားလိုက်သည်ကို တွေ့လိုက်ရသည်။

လူတိုင်း၏ ဦးခေါင်းခွံကို ထုံကျင်သွားစေလောက်သည့် လျှပ်စီးမြည်သံများနှင့်အတူ မိုးကြိုးဘောလုံး တစ်ခုသည် ရွှယ်အန်း၏ လက်ဖဝါးထဲတွင် ရုန်းကန် တွန့်လိမ်နေပြီး လွတ်မြောက်ရန် ကြိုးစားနေသည်။ သို့သော် ရွှယ်အန်း၏ လက်ဖဝါးသည် သံလှောင်အိမ် တစ်ခုကဲ့သို့ပင် ဖြစ်နေပြီး မိုးကြိုးသည် မည်မျှပင် ရုန်းကန်နေစေကာမူ အနည်းငယ်မျှပင် လွတ်မြောက်နိုင်ခြင်း မရှိပေ။

"လက်... လက်ထဲမှာ မိုးကြိုးကို ကိုင်ထားတယ် ဟုတ်လား"

အားလုံး အံ့အားသင့်နေကြစဉ် တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ရွှယ်အန်းသည် လက်ထဲမှ အလင်းရောင်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ အပြုံးပါးပါးလေး တစ်ခု ပေါ်လာသည်။ သို့သော် ထိုအပြုံးသည် မိုးကြိုးအလင်းရောင်အောက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေသည်။

"ဒီနေရာကို ဖိနှိပ်ထားဖို့အတွက် အဆင့်ပိုမြင့်တဲ့ နတ်ဘုရားအဆင့်အတန်း တစ်ခုကို အစီအရင်ရဲ့ ဗဟိုချက်အဖြစ် သုံးထားတာလား၊ တကယ်ကို အရင်းအနှီး ကြီးလှချည်လား"

ထိုသိူ့ပြောပြီးသည်နှင့် ရွှယ်အန်းသည် လက်ကို ရုတ်တရက် ဆုပ်လိုက်သည်။

ကလစ်...

တိုးညှင်းသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် မိုးကြိုးဘောလုံးသည် ရွှယ်အန်း၏ လက်ထဲတွင် ချေမွခံလိုက်ရပြီး မီးခိုးဖြူတစ်စ အဖြစ် ပြောင်းလဲကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။ နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပင်လယ်သားရဲကြီးများသည် လူသားတို့၏ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည့်အလား ရွှယ်အန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

အလင်းတိုင်ထဲမှ ရွှေရောင်ငါးသည်လည်း ပျော်ရွှင်စွာဖြင့် အထက်သို့ လျင်မြန်စွာ ကူးခတ်တက်သွားလေသည်။ သို့သော် ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များသည် ကွဲကွာသွားခြင်း မရှိသေးဘဲ နောက်ထပ် ကျရောက်လာမည့် ကောင်းကင်ပြစ်ဒဏ်အတွက် တစ်ဖန် ပြန်လည် လည်ပတ် စုစည်းနေကြပြန်သည်။

ရွှယ်အန်းသည် သားရဲကြီးများကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။

"ကဲ... ဒါဆိုလည်း ငါ မင်းတို့ကို ကူညီပေးရတာပေါ့"

သူသည် ခြေတစ်လှမ်း တိုးလိုက်ရာ ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မိုးကြိုးတိမ်တိုက်များ၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

ရွှယ်အန်း၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော မိုးကြိုးမြွေများ ရိုင်းစိုင်းစွာ ကခုန်နေကြသည်။ ဤမိုးကြိုးပင်လယ်ကြီးနှင့် ယှဉ်လိုက်လျှင် ရွှယ်အန်း၏ ပုံရိပ်သည် အလွန်တရာ သေးငယ်လွန်းလှသည်။ သို့သော် ရွှယ်အန်းက အေးစက်စွာ တစ်ချက်သာ ပြုံးလိုက်ပြီး ခြေတစ်လှမ်း ဖြည်းညှင်းစွာ တိုးလိုက်ပြန်သည်။

ဝုန်း...

ထင်ယောင်ထင်မှား ဖြစ်သွားသည်ဟုပင် ထင်ရလောက်အောင် ယခင်က မောက်မာကာ ကြီးစိုးနေသော မိုးကြိုးတိမ်တိုက်များသည် ရွှယ်အန်း၏ ခြေလှမ်းကြောင့် အနောက်သို့ အတော်ဝေးဝေး ဆုတ်ခွာသွားကြသည်။

လူတိုင်းမှာ မော့ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ထိုအချိန်၌ တစ်စုံတစ်ယောက်က တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"ဘုရားရေ... ငါ မျက်စိမှားနေတာလား။ ကောင်းကင်ကပ်ဘေး ပြစ်ဒဏ်ကို ကြောက်ပြီး ထွက်ပြေးအောင် လုပ်လိုက်တာလား"

ထိုခဏ၌ ရွှယ်အန်းသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မိုင်ပေါင်းများစွာ ရှည်လျားသော မိုးကြိုးများကို ဖြစ်ပေါ်စေနိုင်သည့် မည်းမှောင်သော တိမ်တိုက်များကို လက်ညှိုးထိုးကာ လျစ်လျူရှုထားသော လေသံဖြင့် ဆိုလိုက်သည်။

"ပျောက်ကွယ်သွားစမ်း..."

သူ့ စကားဆုံးသည်နှင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရှေ့သို့တိုးကာ မိုးကြိုးလက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ဤလက်သီးချက်၏ စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် လူအများမှာ တစ်ချက်ကြည့်ရုံဖြင့် ရင်ဘတ်ထဲ ဆောင့်ကန်ခံလိုက်ရသလို မွန်းကြပ်သွားပြီး သွေးအန်လုနီးပါး ဖြစ်သွားကြသည်။

ဤလက်သီးချက်သည် ကမ္ဘာလောကကြီး တစ်ခုလုံးကို ရွေ့လျားသွားစေသကဲ့သို့ ဖြစ်ပြီး တားဆီး၍မရသော အရှိန်အဟုန်ဖြင့် တစ်ဖက်သို့ တည့်တည့် ဝင်ရောက်သွားသည်။

ကောင်းကင်အပြည့် ရှိနေသော မိုးကြိုးတိမ်တိုက်များသည် ဤတိုက်ခိုက်မှုကို ရှောင်ရှားရန် ကွဲပြားထွက်ပြေးဖို့ ကြိုးစားကြသည်။ သို့သော် ရွှယ်အန်း၏ လက်သီးချက်အောက်တွင် အရာအားလုံး အချည်းနှီး ဖြစ်သွားရသည်။

ဝုန်း...

ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကျယ်လောင်သည့် အသံကြီး ပေါ်ထွက်လာပြီးနောက် ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော မိုးကြိုးတိမ်တိုက်များသည် လွင့်စင်သွားပြီး မိုးကြိုးအလင်းရောင်များလည်း ချက်ချင်း ငြိမ်းသတ်ခံလိုက်ရသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယခင်က ပြိုင်ဘက်ကင်းဟု ထင်ရသော မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားလေသည်။ သို့သော် ရွှယ်အန်း၏ လက်သီးချက် စွမ်းအားသည် ထိုမျှနှင့် ရပ်တန့်မသွားပေ။

လက်သီးချက်၏ လက်ကျန်စွမ်းအားအောက်တွင် နတ်ဘုရားအမျက် ပင်လယ်ကို နှစ်ထောင်ချီ၍ ဖုံးလွှမ်းထားခဲ့သော တိမ်မည်းများသည် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် အဆောင်သင်္ကေတများကို ဖော်ပြလာကြသည်။

ထိုသင်္ကေတများ၏ အလယ်ဗဟိုတွင် အလွန် သန့်စင်ပြီး အပြစ်အနာအဆာ ကင်းစင်သော ကျောက်သလင်းတုံး တစ်တုံး ရှိနေသည်။ ၎င်းသည် ဤဧရိယာကို နှစ်ထောင်ချီ၍ ချိပ်ပိတ်ထားသော အစီအရင် တည်ရှိရာ နေရာဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရွှယ်အန်း၏ လက်သီးချက်အောက်၌ ဤအရာများသည် ကြွေထည်ကဲ့သို့ အက်ကွဲသွားပြီး ကျယ်လောင်သော အသံနှင့်အတူ ပြိုကွဲပျက်စီးသွားကြသည်။

ထို့နောက်တွင် ကောင်းကင်အပြည့် ဖုံးလွှမ်းနေသော တိမ်မည်းများသည် အဝတ်စုတ်များကဲ့သို့ စုတ်ဖြဲခံလိုက်ရသည်။ တိမ်များနှင့် မြူခိုးများ ပြောင်းလဲသွားသည်နှင့်အမျှ နှစ်ပေါင်းတစ်ထောင် အတွင်း တစ်ခါမျှ မကျရောက်ခဲ့ဖူးသော နေရောင်ခြည်နွေးနွေးများသည် ပင်လယ်ပြင်ပေါ်သို့ ဖြာကျလာလေသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူ အားလုံး ကျောက်ရုပ်ပမာ ဖြစ်သွားကြသည်။ မြို့စားမင်း၏ ညစာစားပွဲ တိုက်ပွဲတုန်းက ရွှယ်အန်း၏ အင်အားကို ခန့်မှန်း၍ ရနိုင်သေးသည် ဆိုလျှင် ယခု သူ ပြသလိုက်သော အင်အားမှာမူ မျှော်လင့်ချက်မဲ့လောက်အောင် လွှမ်းမိုးထားနိုင်လွန်းသည်။ ကောင်းကင်ကြီးကို လက်သီးနဲ့ထိုးပြီး အပေါက်ဖောက်လိုက်သည်ဟုပင် ပြောနိုင်သည်။

ရွှယ်အန်းသည် လက်သီးကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ကမ္ဘာလုံးကို စီးမိုးကြည့်လိုက်သည်။ လူသားဖြစ်စေ၊ ပင်လယ်သားရဲကြီးများ ဖြစ်စေ အားလုံးသည် ခေါင်းငုံ့ကာ ဤအချိန်၌ သူတို့၏ နှိမ့်ချမှုကို ပြသလိုက်ကြသည်။ ထိုအချိန်တွင် ရွှေရောင်ငါးသည်လည်း အလင်းတိုင်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားလေသည်။

ကလစ်...

ပြတ်သားသည့် အသံနှင့်အတူ အလင်းတိုင်သည် တစ်လက်မစီ ကျိုးပဲ့သွားသည်။ ထို့နောက် ရွှေရောင်ငါး၏ ခန္ဓာကိုယ်သည် စတင် ဖောင်းပွလာသည်။

တောက်ပသော နတ်ဘုရားအလင်းရောင်များ အကြားတွင် ရွှေရောင်ငါး၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အဆောင်သင်္ကေတများမှတစ်ဆင့် တဖြည်းဖြည်း ဖြစ်ပေါ်လာကြသည်။ ၎င်း၏ မျက်လုံးများသည်လည်း သက်ဝင်လှုပ်ရှားလာပြီး ရွှယ်အန်းကို ကလေးတစ်ယောက်၏ စူးစမ်းလိုစိတ်ဖြင့် ကြည့်နေလေသည်။

ရွှယ်အန်း အနည်းငယ် ပြုံးလိုက်သည်။

"ငါးကြင်းက နဂါးဂိတ်တံခါးကို ကျော်ဖြတ်နိုင်ရင် နဂါးဖြစ်တယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ မင်းကတော့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အနှစ်သာရကနေ မွေးဖွားလာတဲ့ နတ်ဘုရားသင်္ကေတ တစ်ခု ဖြစ်ပေမဲ့ ကံကြမ္မာကို ဖီဆန်ပြီး ကိုယ်ပိုင်အသိစိတ် ရရှိလာခဲ့တယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ အံ့ဖွယ်ရာတွေက တကယ်ကို ဆန်းကြယ်တာပဲ"

ရွှယ်အန်း စကားပြောနေစဉ် ရွှေရောင်ငါးသည် ခေါင်းကိုစောင်းကာ သူ့ကို ကြည့်နေသည်။ ရွှယ်အန်း စကားပြောပြီးသောအခါ ၎င်းသည် လေထဲတွင် ကူးခတ်သွားလာပြီး ရွှယ်အန်းကို အမြီးနှင့် ခေါင်းဖြင့် ရံဖန်ရံခါ လာရောက်ထိတွေ့နေရာ ဆော့ကစားနေသော ကလေးတစ်ယောက်နှင့် တူလှသည်။ ရွှယ်အန်းက ရယ်မောလိုက်သည်။

"ထားလိုက်ပါတော့... မင်းသာ တခြားလူနဲ့ တွေ့ရင် တန်းပြီး သန့်စင်ခံလိုက်ရလောက်ပြီ၊ ငါ့နောက်ပဲ လိုက်ခဲ့တော့"

ထို့နောက် ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။

"ယန်အာ... မှော်ရတနာဆောင်ကို ထုတ်လိုက်တော့”

အခန်း (၁၀၇၀) - မှော်ရတနာဆောင် အဆင့်မြှင့်တင်ခြင်း

"ဟုတ်ကဲ့ ယောက်ျား"

အန်းယန်က ပြန်ဖြေလိုက်ပြီး ရွှယ်အန်း၏ ဘေးနားတွင် ပေါ်လာကာ မှော်ရတနာအဆောင်ကို ဆင့်ခေါ်လိုက်သည်။

အလင်းရောင်များစွာ ဖြာထွက်နေသော မှော်ရတနာဆောင်ကြီး လူအုပ်ကြီး၏ ရှေ့မှောက်တွင် ပေါ်ထွက်လာသောအခါ လူတိုင်း အံ့ဩမှင်သက်သွားကြရသည်။

"ဟေ့... အဲ့ဒါ ဘာကြီးလဲ"

"ကြည့်ရတာ အဆောင်ရတနာနဲ့ တူတယ်"

"ဒဏ္ဍာရီလာ ပစ္စည်းတွေက တကယ်ရှိတာလား"

"ဘာတွေ လာပြောနေတာလဲ... နတ်ဘုရားသင်္ကေတတွေ အသက်ဝင်လာတာတောင် မြင်ပြီးပြီပဲ၊ ဒါက ဘာများ ထူးဆန်းလို့လဲ"

သူတို့ ထိုသို့ တီးတိုး ပြောဆိုနေကြစဉ် ရွှေရောင်ငါးသည် မှော်ရတနာဆောင်ကို ပျော်ရွှင်စွာ လှည့်ပတ်ကူးခတ်နေပြီး အတွင်းသို့ ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မမြင်ရသော အတားအဆီးတစ်ခုက ပိတ်ပင်ထားလေသည်။

ရွှယ်အန်းက ပြုံးလိုက်ပြီး မျက်လုံးကို ကျဉ်းမြောင်းလိုက်ရာ အားကောင်းသော နတ်ဘုရားအာရုံ တစ်ခု ထွက်ပေါ်လာပြီး မှော်ရတနာဆောင်ကို စတင် သန့်စင်လိုက်သည်။

အဆောင်လက်ဖွဲ့ အလင်းရောင်များ တောက်ပလာပြီး မှော်ရတနာဆောင်၏ အပြင်ဘက်ဆုံးရှိ အဆောင်သင်္ကေတများသည် တဖြည်းဖြည်း အရည်ပျော်ကျလာကာ နောက်ဆုံးတွင် ဖရိုဖရဲ အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

"ရပြီ"

ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် ရွှေရောင်ငါးသည် တွေဝေခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်သွားလေသည်။

ယခုတစ်ကြိမ်တွင် အတားအဆီး မရှိတော့သဖြင့် ရွှေရောင်ငါးသည် မှော်ရတနာဆောင် အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပြီး အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်ငါး၏ ခန္ဓာကိုယ်ပေါ်တွင် အဆောင်သင်္ကေတများစွာ ပေါ်လာပြီး အပြင်ဘက်သို့ ပြန့်ကားထွက်လာကာ မှော်ရတနာဆောင်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်ကို တွေ့မြင်ကြရသည်။

အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။ ခဏအကြာတွင် ရွှေရောင်ငါးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး မှော်ရတနာဆောင်သည် အရွယ်အစား စတင် ကြီးထွားလာကာ ၎င်းအပေါ်ရှိ အဆောင်များသည်လည်း အလွန် လျင်မြန်သော နှုန်းဖြင့် အဆင့်မြှင့်တင် ပြောင်းလဲလာကြသည်။

စစ်မှန်အင်မော်တယ် တစ်၀က်အဆင့် ကျင့်ကြံသူသည် ဤအဆောင်ရတနာကို တစ်ဘဝလုံး အချိန်ကုန်ခံပြီး အခွင့်အရေးတိုင်းကို အရယူခဲ့သော အဆောင်အစီအရင် ကျွမ်းကျင်သူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆောင်များကို လူသားလက်ဖြင့် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖန်တီးသူ၏ ကျင့်ကြံမှုအဆင့်မှာ သိပ်မမြင့်မားသောကြောင့် မလွဲမသွေ အားနည်းချက်များ ရှိနေခဲ့သည်။ သို့သော် ရွှေရောင်ငါးနှင့် ပေါင်းစပ်လိုက်သောအခါ မှားယွင်းနေသော သင်္ကေတများသည် အလိုအလျောက် ပြောင်းလဲတိုးတက်လာပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ပိုမို သဘာဝကျပြီး အပြစ်အနာအဆာ ကင်းစင်လာလေသည်။

ရလဒ်အနေဖြင့် မှော်ရတနာဆောင် တစ်ခုလုံးသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် စတင် အားကောင်းလာသည်။ ထိုအချိန်တွင် မျှော်စင်ဆောင် အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အား... ဘာတွေ ဖြစ်ကုန်တာလဲ၊ အိမ်ကြီးက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ကြီးသွားရတာလဲ"

ဟွီယင်က အံ့သြဟန်ပြုလိုက်သည်။

"သခင်မဟွီ... မမြင်ဘူးလား၊ နေရာလွတ်တွေပါ ပိုကျယ်လာတာ... အမ်... ဘာလို့ ရင်းနှီးနေတဲ့ အနံ့တစ်မျိုး ရနေပါလိမ့်"

ရှောင်ယုက ဝင်ပြောလိုက်သည်။

ဒုတိယထပ်တွင် စာရေးလေ့ကျင့်နေသော မိန်းကလေးငယ် နှစ်ဦးသည်လည်း ထူးဆန်းမှုကို ခံစားမိသဖြင့် မော့ကြည့်လိုက်မိကြသည်။

"အစ်မ... အပြင်မှာ တစ်ခုခု ထူးဆန်းနေတယ်၊ သမီး ခံစားမိတယ်... တစ်ခုခု ထပ်တိုးလာသလိုပဲ"

နျန်နျန်က စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။ ရှန်းရှန်းက ခေါင်းညိတ်လိုက်သည်။

"အစ်မလည်း ခံစားမိတယ်၊ သွားရအောင်... သွားကြည့်ကြမယ်"

ထိုသို့ပြောပြီးသည်နှင့် နှစ်ယောက်သား အခန်းထဲမှ ထွက်လာခဲ့ကြသည်။

ထိုအချိန်တွင် ဟွီယင်နှင့် ရှောင်ယွီတို့လည်း ထွက်ရောက်လာကြသည်။ထို့နောက် သူတို့အားလုံး အံ့ဩမှင်သက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ ရှေ့မှောက်တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ အလွန် အံ့ချီးဖွယ်ကောင်းနေသောကြောင့်ဖြစ်သည်။

ယခင် မှော်ရတနာဆောင်သည် ကျယ်ဝန်းသော်လည်း ပစ္စည်းများစွာ သိုလှောင်ထားသောကြောင့် အနည်းငယ် ကျဉ်းကျပ်ပြီး ရှုပ်ပွနေသည်ဟု ခံစားရသည်။ သို့သော် ယခုအခါ နေရာလွတ် တစ်ခုလုံးသည် အဆပေါင်း တစ်ရာကျော် ကျယ်ဝန်းလာပြီး အပြင်ဘက်သို့ ဆက်လက် ကျယ်ပြန့်နေဆဲဖြစ်သည်။

ထိုတင်မကသေး ဤနေရာလွတ် အတွင်း၌ တောက်ပသော ရေပြင်ကျယ်ကြီး တစ်ခုလည်း ပေါ်ပေါက်လာသည်။ တောင်ကုန်းများ၊ သစ်ပင်များ အားလုံးသည် တစ်စတစ်စ ရုပ်လုံးပေါ်လာကြသည်

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဤမှော်ရတနာဆောင်သည် သီးခြား ကမ္ဘာငယ်တစ်ခု ဖြစ်လာခဲ့သည်။

ရှောင်ယွီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် သူ့၏ ရေဘဝဲလက်တံများကို ဝှေ့ယမ်းလိုက်သည်။

"သောက်ကျိုးနည်း... ဒီအနံ့ကို ရင်းနှီးနေပါတယ်လို့ ထင်သားပဲ၊ ပင်လယ်ကြီးပါလားဟ"

သူမ စကားမဆုံးခင်မှာပင် ဟွီယင်က ရှောင်ယွီ၏ ခေါင်းကို ပြင်းထန်စွာ ခေါက်ချလိုက်သည်။

ရှောင်ယွီသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး ဟွီယင်ကို မျက်လုံးဝိုင်းကြီးများဖြင့် ဝမ်းနည်းပက်လက် ကြည့်လိုက်သည်။

"သခင်မလေးဟွီ... ဘာလို့ ကျွန်မကို ထပ်ရိုက်တာလဲ"

ဟွီယင်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"ရှန်းရှန်းနဲ့ နျန်နျန် ရှေ့မှာ ထပ်ပြီး ဆဲရဲရင် နင့်လက်တံ တစ်ချောင်းကို ဖြတ်ပြီး အကင် လုပ်စားပစ်မယ်ဆိုတာ ယုံလား"

ရှောင်ယွီသည် သူမ အဘယ့်ကြောင့် အရိုက်ခံရမှန်း သဘောပေါက်သွားပြီး ပါးစပ်ကို အမြန် ပိတ်လိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်မ မှားသွားပါတယ်"

ထိုအချိန်၌ မိန်းကလေးငယ် နှစ်ယောက်သည် ရေစပ်နားသို့ စူးစမ်းလိုစိတ်ဖြင့် လျှောက်သွားကြသည်။

"ရှန်းရှန်း၊ နျန်နျန်... သတိထားနော်"

ဟွီယင်က လှမ်းသတိပေးလိုက်ပြီး သူတို့ကို တားဆီးရန် ရှေ့သို့ တိုးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးသည် ရုတ်တရက် ပြောင်းလဲသွားသဖြင့် ဟွီယင်အနေနှင့် သတိကြီးစွာ ထားနေရသည်။ ထိုစဉ် ရွှယ်အန်းသည် သူမ၏ ရှေ့တွင် ပေါ်လာပြီး ပြုံးကာ ပြောလိုက်သည်။

"သူတို့ကို စိတ်မပူပါနဲ့၊ ဘာပြဿနာမှ မရှိပါဘူး"

"သခင်ကြီး..."

"အစ်ကိုကြီးရွှယ်..."

ဟွီယင်က လှမ်းခေါ်လိုက်ပြီး ရှေ့သို့ ဇဝေဇဝါဖြင့် လက်ညှိုးညွှန်ပြလိုက်သည်။

"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... မှော်ရတနာဆောင်ရဲ့ အဆင့်ကို မြှင့်တင်ပေးလိုက်တာပါ"

ထိုခဏ၌ ရွှေရောင်ငါးသည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာပြီး ရှန်းရှန်းနှင့် နျန်နျန်ကို စူးစမ်းစွာ ကြည့်ရှုနေသည်။

မိန်းကလေးငယ် နှစ်ဦးသည်လည်း ရေစပ်တွင် ထိုင်ချကာ မည်သည့်အရာ ဖြစ်သွားသည်ကို နားလည်ရန် ကြိုးစားနေကြသည်။ သူမတို့ ရွှေရောင်ငါးကို မြင်လိုက်ရသောအခါ နှစ်ယောက်သား အံ့အားသင့်သွားကြသည်။

ငါးတစ်ကောင်နှင့် လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အစွာ စိုက်ကြည့်နေကြသည်။ ခဏအကြာတွင် နျန်နျန်က တံတွေးမြိုချလိုက်ပြီး ပြောလိုက်သည်။

"ငါးကြီးက အကြီးကြီးပဲဟေ့၊ စားလို့ကောင်းမကောင်းတော့ မသိဘူး"

ရှန်းရှန်း မျက်လုံးလှန်မိလိုက်သည်။ တစ်ခုခုမြင်တိုင်း စားလို့ရမရ၊ စားကောင်းမကောင်း ဆိုသည်ကိုသာ ပထမဆုံး တွေးတတ်သည့် ညီမဖြစ်သူကို သူမ ပြန်ပြောမနေတော့ပေ။

ထို့နောက် ရွှေရောင်ငါးသည် ဖြည်းညှင်းစွာ ကူးခတ်လာသည်။ သူ အနားရောက်လာသောအခါ မိန်းကလေး နှစ်ယောက်စလုံး ပိုမှင်သက်မိသွားသည်။

"လှလိုက်တာ..."

နျန်နျန်က ပါးစပ်ထောင့်မှ သွားရည်ကို သုတ်လိုက်သည်။

"ဒီလောက်လှတဲ့ ငါးကြီး... အရသာရှိမယ်ဆိုရင်တောင် မစားတော့ဘူး"

ရှန်းရှန်းက ပိုသတ္တိရှိသဖြင့် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ရွှေရောင်ငါး၏ ခေါင်းကို ဖွဖွလေး ထိလိုက်သည်။

ရှန်းရှန်းက ငါးကို ထိပြီးနောက် အံ့သြစွာ ပြောလိုက်သည်။

"အရမ်း ချောမွတ်ပြီး နူးညံ့တာပဲ"

"တကယ်လား... ညီမလည်း စမ်းကြည့်မယ်"

နျန်နျန်က မနေနိုင်တော့ဘဲ လက်ကိုဆန့်ထုတ်ကာ ရွှေရောင်ငါး၏ ကျောကုန်းကို ပွတ်သပ်လိုက်သည်။ ရွှေရောင်ငါးကသည် မိန်းကလေးငယ် နှစ်ယောက်၏ ပွတ်သပ်မှုကို သဘောကျကာ ကျေနပ်စွာဖြင့် ရေပူဖောင်းလေး တစ်လုံး မှုတ်ထုတ်လိုက်သည်။

"ဒါပေမဲ့ ဒီငါးက ဘယ်လိုလုပ် ရုတ်တရက် ဒီကို ရောက်လာတာလဲ"

"ဖေဖေ ပြန်သယ်လာတာ နေမှာပေါ့၊ ဒီငါးက ဘာလုပ်တတ်လဲတော့ မသိဘူးနော်"

မိန်းကလေး နှစ်ယောက်သည် ငါးကို ပွတ်သပ်ရင်း တီးတိုး ဆွေးနွေးနေကြသည်။ ထိုစဉ် ရွှေရောင်ငါးသည် ရုတ်တရက် ကိုယ်ကို လှန်လိုက်ပြီး သူ့ ခန္ဓာကိုယ်မှာ အရွယ်အစား ကြီးမားလာကာ ကလေးမလေးနှစ်ယောက် ဘာမှမလုပ်နိုင်ခင်မှာပင် သူတို့ကို ကောင်းကင်ပေါ်သို့ သယ်ဆောင်သွားလေသည်။

အစပိုင်းတွင် ကလေးမလေးနှစ်ယောက်မှာ အနည်းငယ် ကြောက်လန့်သွားကြသည်။ သို့သော် ရွှေရောင်ငါးမှာ ကောင်းကင်သို့ ပျံတက်သွားသောအခါ ကလေးမလေးများသည် ပြနါတည်ငြိမ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် ငါး၏ ကျောပေါ်တွင် လိုက်ပါ စီးနင်းကြလေသည်။

"ဒီငါးက တကယ် ပျံနိုင်တယ်ဟေ့"

နျန်နျန်က စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"ကောင်းတယ်... နောက်ဆိုရင် နင်က ငါတို့ရဲ့ စီးတော်ယာဉ်ပဲ"

ရှန်းရှန်းက ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ကို ဘယ်လို နာမည်ပေးရမလဲ"

နျန်နျန်က မေးလိုက်သည်။ ရှန်းရှန်းသည် ခဏမျှ စဉ်းစားလိုက်ပြီး မျက်လုံးများ အရောင်လက်သွားသည်။

"သူ့ကိုယ်လုံးက ရွှေရောင်ဆိုတော့ ရှောင်ကျင်းလို့ ခေါ်ရင် မကောင်းဘူးလား"

ဘုန်း...

ထိုစကားကို ကြားသောအခါ ရွှေရောင်ငါးမှာ ကောင်းကင်ပေါ်မှ ပြုတ်ကျလုမတက်ဖြစ်သွားသည်။ ဟွီယင်သည် ထိုမြင်ကွင်းကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။

"အစ်ကိုကြီးရွှယ်... ဒီရွှေရောင်ငါးက ဘာကြီးလဲဟင်၊ မိစ္ဆာဆိုရင်လည်း ဘာလို့ မိစ္ဆာအငွေ့အသက် မရှိရတာလဲ"

ရှောင်ယွီလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။

"ဟုတ်တယ် သခင်ကြီး... ပင်လယ်ရေငန်နံ့ ရနေပေမဲ့ ရေမိစ္ဆာမျိုးနွယ်တွေရဲ့ အငွေ့အသက် မရှိဘူး"

ရွှယ်အန်းက ပြုံးလိုက်သည်။

"ဒါပေါ့... သူ့မှာ မိစ္ဆာမျိုးနွယ်တွေရဲ့ အငွေ့အသက် မရှိဘူးလေ၊ ဘာလို့လဲဆိုတော့ သူက လူလည်း မဟုတ်ဘူး၊ မိစ္ဆာလည်း မဟုတ်ဘူး၊ နတ်ဘုရားလည်း မဟုတ်သလို တစ္ဆေလည်း မဟုတ်ဘူး"

"ဒါဆို ဘာကြီးလဲ"

"အဆောင်အစီအရင်လေ”

အခန်း (၁၀၇၁) - ရှေးဟောင်းနတ်ဘုရားများ ကျဆုံးရာ

မှော်ရတနာဆောင်၏ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်သည် အဆုံးတွင် ပြီးပြည့်စုံသွားခဲ့သည်။ ယခုတစ်ကြိမ် တွေ့ရပုံမှာမူ ယခင်နှင့် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ အနည်းဆုံးတော့ အတွင်းပိုင်နက် နယ်မြေသည် ယခင်ကထက် အဆပေါင်း တစ်ထောင်ခန့် ပိုမိုကျယ်ဝန်းသွားသည်။

တောင်တန်းများ၊ ရေကန်များ၊ သမုဒ္ဒရာများ အားလုံး ပါဝင်ဖွဲ့စည်းထားပြီး ၎င်းသည် ကိုယ်ပိုင်အသက်ရှင်သန်နေသော ကမ္ဘာငယ်တစ်ခု ဖြစ်လာခဲ့သည်။ ထို့အပြင် ရွှယ်အန်းအနေဖြင့် မှော်ရတနာဆောင် တစ်ခုလုံးသည် နှေးကွေးသော နှုန်းဖြင့် ဆက်လက် ပြောင်းလဲတိုးတက်နေဆဲ ဖြစ်ကြောင်း ရှင်းလင်းစွာ အာရုံခံမိနေသည်။

၎င်းသည် သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း ကြီးထွားလာနေသည်။ ဤနှုန်းထားအတိုင်းသာ ဆက်သွားမည်ဆိုပါက မှော်ရတနာဆောင်သည် အနာဂတ်တွင် မည်သို့သော အခြေအနေထိ ရောက်ရှိသွားမည်ကို မည်သူမျှ စိတ်ကူးကြည့်ရဲမည် မဟုတ်ပေ။ ဤမျှ အံ့ဩဖွယ်ကောင်းသော ဖန်တီးမှုသည် ရွှယ်အန်းကိုပင် အထင်ကြီး လေးစားစေခဲ့သည်။

ထိုအချိန်တွင် ရွှေရောင်ငါးသည် မိန်းကလေးငယ် နှစ်ဦးကို ကျောပေါ်တင်လျက် ဖြည်းညှင်းစွာ ဆင်းသက်လာသည်။

"ဖေဖေ... ဒီငါးကြီးက ဆော့လို့ကောင်းလိုက်တာ"

ရှန်းရှန်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"အွန်း... ပြီးတော့ သူက အရမ်း လှတာပဲ၊ အမလားဟင်"

နျန်နျန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ရွှယ်အန်းက ပြုံးလိုက်သည်။

"သူ့မှာ အမတွေ၊ အထီးတွေ မရှိဘူး၊ ဒါပေမဲ့ သမီး သဘောကျရင် အမလို့ သတ်မှတ်လို့ ရတာပေါ့"

"ဝါး... ကောင်းလိုက်တာ၊ ဒါဆို အခုကစပြီး နင်က ငါ့ညီမလေးပဲ၊ ကဲ... မမလို့ ခေါ်ကြည့်စမ်း"

နျန်နျန်သည် ငါး၏ ကျောကုန်းကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ရွှေရောင်ငါးသည် အမြီးကို ခါလိုက်ကာ နျန်နျန်၏ အကြံပြုချက်ကို သဘောမကျကြောင်း သိသာနေသော်လည်း နျန်နျန်ကမူ ငါး၏ ဆန္ဒကို ဂရုမစိုက်ဘဲ ကိုယ့်ဘာသာ ရေရွတ်နေပြန်သည်။

"အခုကစပြီး နင်က မမစကား နားထောင်ရမယ်နော်၊ မဟုတ်ရင် မမ စိတ်ဆိုးပြီး နင့်ကို ရိုက်လိမ့်မယ်၊ မမရှန်းရှန်း ငါ့ကို ရိုက်သလိုမျိုးပေါ့ ဟီးဟီး၊ အခု ငါလည်း မမ ဖြစ်သွားပြီ၊ ဒါနဲ့ နင့်ကို ဘယ်လို နာမည်ပေးရမလဲ၊ အင်း... ရှောင်ကျင်းဆိုတာ မကောင်းပါဘူး၊ ရိုးလွန်းတယ်။ မိန်းကလေးမဆန်ဘူး၊ ရှောင်ယွီလို့ ပေးလို့လည်း မဖြစ်ဘူး၊ ဟိုဘက်က ရေဘဝဲကင်နဲ့ မှားကုန်လိမ့်မယ်"

နျန်နျန်သည် ရွှေရောင်ငါးကို အကဲခတ်ကာ တီးတိုးရေရွတ်နေစဉ် ရုတ်တရက်ပင် သူမ၏ မျက်လုံးများ အရောင်လက်သွားသည်။

"နင့်ကို ကြည့်ရတာ လုံးလုံးလေး ဆိုတော့... နင့်ကို ဒီနေ့ကစပြီး ချိုးချိုးလို့ ခေါ်ကြမလား၊ ဟုတ်တယ်... ဒီနာမည် ကောင်းတယ်၊ ကြားရတာ စားချင်စရာလေး"

ထိုနာမည်ကို ကြားသောအခါ ရွှေရောင်ငါး၏ မျက်လုံးများ အရောင်မှိန်သွားပြီး သူ့ကိုယ်ကို တွန့်လိမ် ရုန်းကန်ကာ ဗိုက်ကို ဖောင်းကားလျက်ဖြစ်နေပုံမှာ သူသည် ထိုနာမည်ကို မကျေနပ်ကြောင်း အလွန် သိသာနေသည်။

သို့သော် နျန်နျန်အတွက်မူ ငါး၏ လုပ်ရပ်အားလုံးကို စိတ်လှုပ်ရှားနေသည်ဟု ကောက်ချက်ချလိုက်သည်။

"နင်လည်း ဒီနာမည်ကို သဘောကျတယ် မဟုတ်လား၊ ဟီးဟီး... ဒါဆို အတည်ပဲနော်"

ထိုသို့ပြောကာ နျန်နျန်သည် ရွှယ်အန်းနှင့် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"မမ၊ ဖေဖေ၊ မြေခွေးအစ်မ၊ အကင်ရေ... အားလုံးကို မိတ်ဆက်ပေးပါရစေ၊ ဒါ သမီးရဲ့ ညီမလေး ချိုးချိုးပါ၊ ကဲ... ချိုးချိုးရေ... အားလုံးကို နှုတ်ဆက်လိုက်ပါဦး"

ရွှေရောင်ငါးသည် ယူကျုံးမရ ဝမ်းနည်းပက်လက် အော်မြည်သံ တစ်ခု ပြုလုပ်လိုက်ပြီး မြေပြင်မှ ထိုးတက်ကာ ကောင်းကင်ယံသို့ အသက်လု ပျံသန်းသွားတော့သည်။ နျန်နျန်ကမူ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"တွေ့လား... ချိုးချိုးက သူ့နာမည်ကို သဘောကျလွန်းလို့ ပျံတောင် ပျံပြနေပြီ"

ရှန်းရှန်းသည် အနားသို့ လျှောက်လာပြီး ထူးဆန်းသော မျက်နှာထားဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

"နျန်နျန်... နင် သေချာလို့လား၊ သူ ပျော်နေတာ ဟုတ်ရဲ့လား"

"ဒါပေါ့... မမ ရော ဒီနာမည်က နားထောင်လို့မကောင်းဘူးလား၊ ပြီးတော့... စားချင်စရာ မကောင်းဘူးလား"

ရှန်းရှန်း ခေါင်းခါလိုက်သည်။

"ငါတော့ အဲ့လို မထင်ပါဘူး၊ ရှောင်ကျင်းဆိုတဲ့ နာမည်ကပဲ ကောင်းပါတယ်ဟာ၊ ကြားရတာ သူဌေးမကြီးဆန်တယ်"

"ဒါပေမဲ့ သူက မိန်းကလေးလေ၊ မိန်းကလေးကို ဘယ်လိုလုပ် ရှောင်ကျင်းလို့ ခေါ်လို့ရမလဲ"

"ဘာလို့ မခေါ်လို့ရမှာလဲ၊ ချိုးချိုးဆိုတာကမှ မိန်းကလေး နာမည်နဲ့ မလိုက်တာ၊ ကြားရတာ ဝက်ပုတ်ကြီး ကျနေတာပဲ"

"ဒါပေမဲ့ သမီးက နည်းနည်း ဝဝလေးမှ ကြည့်ကောင်းတယ် ထင်တာ"

"အေးလေ... နင်နဲ့ တူတာကိုး"

"မမ... နော်"

နျန်နျန် ခြေဆောင့်ကာ စိတ်ကောက်သွားသည်။ မိန်းကလေးငယ် နှစ်ဦးသည် နာမည်ကိစ္စနှင့် ပတ်သက်ပြီး ငြင်းခုံနေကြလေသည်။ ဘေးမှ ရွှယ်အန်းမှာမူ ခါးသီးစွာ ရယ်မောလိုက်မိသည်။

သူ့သမီး နှစ်ယောက်မှာ စရိုက် လုံးဝ မတူကြပေ။ ရှန်းရှန်းက ဉာဏ်ကောင်းပြီး ဆော့ကစားရတာကြိုက်သည်။ နျန်နျန်မှာ ရိုးသားပြီး ဖြူစင်လှသည်။ သူတို့နှစ်ယောက်မှာ အမြွှာဖြစ်သည်ကို ယုံရခက်ပေသည်။

ထိုအချိန်တွင် ရွှေရောင်ငါးသည် ရွှယ်အန်း၏ အနားသို့ ပျံသန်းလာပြီး လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။ ရွှယ်အန်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခပ်ဖွဖွ ရယ်မောကာ ခေါင်းခါလိုက်သည်။

"မင်း အဲ့ဒီ ပင်လယ်သားရဲကြီးတွေကို လွမ်းနေတာလား၊ သူတို့ကိုပါ ဒီထဲ ဝင်ခွင့်ပေးစေချင်လို့လား"

ချိုးချိုး... အယ် မဟုတ်ဘူး... ရွှေရောင်ငါးသည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ... ဒီလောက် ကျယ်တဲ့နေရာမှာ ငါးတစ်ကောင်တည်းဆိုတော့လည်း နည်းနည်း အထီးကျန်စရာ ကောင်းနေတာပေါ့"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် မှော်ရတနာဆောင် အတွင်းမှ ပျံထွက်လာခဲ့သည်။

အပြင်ဘက်ရှိ လူအုပ်ကြီးမှာ အဝေးတစ်နေရာတွင် စုရုံးနေကြပြီး တီးတိုး ဆွေးနွေးသံများ ဆူညံနေသည်။ ရွှယ်အန်း၏ ပုံရိပ် ပြန်ပေါ်လာသောအခါ ထိုလူများသည် ပါးစပ်များကို ချက်ချင်း ပိတ်လိုက်ကြပြီး ကြောက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။

ယခုအချိန်တွင် အမိုက်ရိုင်းဆုံး လူမိုက်ပင်လျှင် ရွှယ်အန်းကို မလေးစားသော အတွေးမျိုး တွေးရဲမည် မဟုတ်ပေ။ ရွှယ်အန်းသည်လည်း ထိုလူများကို ဂရုမစိုက်ပေ။ ပင်လယ်ပြင်ပေါ်တွင် စုရုံးနေပြီး မထွက်ခွာကြသေးသော သားရဲကြီးများကို ငုံ့ကြည့်လိုက်သည်။

"မင်းတို့ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ရွှေရောင်ငါးက အခု မှော်ရတနာဆောင်ထဲမှာ နေတော့မှာ၊ မင်းတို့ ဆန္ဒရှိရင်လည်း ဝင်လို့ရတယ်၊ ဆန္ဒမရှိရင်လည်း မင်းတို့ ကိုယ်ပိုင်အစွမ်းနဲ့ ဆက်လက် ကျင့်ကြံနိုင်ဖို့အတွက် ငါ တစ်ခုခု ပေးခဲ့ပါမယ်"

ထိုစကားကို ကြားသောအခါ သားရဲကြီးများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ၎င်းတို့ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အကြီးဆုံးသားရဲကြီးသည် ဖြည်းညှင်းစွာ ရှေ့ထွက်လာပြီး ရွှယ်အန်းကို အလွန်တရာ ရိုသေလေးစားစွာဖြင့် နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံတစ်ခု လွှတ်ထုတ်လိုက်သည်။

ဤသည်မှာ အမိန့်တစ်ခု ပေးလိုက်သည့်အလား ကျန်ရှိနေသော သားရဲကြီးများအားလုံး ခေါင်းငုံ့လိုက်ကြသည်။ ရွှယ်အန်း ပြုံးလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်လည်း မင်းတို့ကို မှော်ရတနာဆောင်ထဲ ဝင်ခွင့်ပေးမယ်"

သူ စကားဆုံးသည်နှင့် လက်ဝှေ့ယမ်းလိုက်ကာ မှော်ရတနာဆောင်မှ အလင်းရောင်များစွာ ပေါက်ကွဲထွက်ပေါ်လာပြီး ပင်လယ်ပြင်ပေါ်ရှိ သားရဲကြီးများကို ဖမ်းယူကာ အဆောင်အတွင်းသို့ ခေါ်ဆောင်သွားလေသည်။ ထို့ကြောင့် နတ်ဘုရားအမျက် ပင်လယ်သည် လုံးဝ ငြိမ်သက်သွားတော့သည်။

ထိုစ် ချူရှောင်ယွင်မှာ ရှေ့ထွက်လာပြီး ဦးညွှတ်လိုက်သည်။

"နတ်ဘုရားသင်္ကေတ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် သခင်ကြီး"

ရွှယ်အန်းသည် ခပ်ရေးရေး ပြုံးလိုက်ပြီး သူ၏ အောက်ဘက်ရှိ ပင်လယ်ပြင်ကို စူးစိုက်ကြည့်လိုက်သည်။

"ဒီပင်လယ်ပြင်အောက်မှာ ဘာရှိမယ်လို့ ထင်လဲ"

ချူရှောင်ယွင် အံ့သြသွားသည်။

"သခင်ကြီး... ဘာကို ဆိုလိုတာပါလဲ"

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ ကျဆုံးသွားတဲ့ ရှေးဟောင်းနတ်ဘုရားတွေ တကယ်ပဲ ဒီနေရာမှာ ရှိမရှိ သိချင်လို့ပါ"

ထိုသို့ပြောပြီးသည်နှင့် ရွှယခအန်းသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ မျက်လုံးများ တောက်ပလာပြီး ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

"တောင်များ ရွေ့ပြီး ပင်လယ်များကို ဖယ်ရှားစမ်း"

ဝုန်း...

ပင်လယ်ပြင် တစ်ခုလုံး ကြီးစွာ တုန်ခါသွားပြီး ရွှယ်အန်းကို ဗဟိုပြု၍ ရေများသည် အရပ်မျက်နှာ အသီးသီးသို့ ဆုတ်ခွာသွားကြသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မိုင်တစ်ရာ ပတ်လည်ရှိ ပင်လယ်ရေများသည် အဝေးသို့ ဆုတ်ခွာသွားပြီး ပေပေါင်း သောင်းချီ မြင့်မားသော ရေတံတိုင်းကြီးများ ဖြစ်ပေါ်လာသည်။

ထို့နောက် ပင်လယ်ကြမ်းပြင်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။ လူအများသည် ရွှယ်အန်း၏ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သော စွမ်းရည်ကို အံ့သြဖို့ပင် အချိန်မရလိုက်ကြပေ။

အဘယ်ကြောင့်ဆိုသော် ရွှံ့နွံထူပြောသော ပင်လယ်ကြမ်းပြင်၏ အလယ်ဗဟိုတွင် အလွန် နက်ရှိုင်းပြီး မည်းမှောင်နေသော ချောက်နက်ကြီးတစ်ခု ရှိနေပြီး အတွင်းတွင် တစ္ဆေများကဲ့သို့ မှိန်ဖျော့သော အလင်းရောင်များ ရှိနေသောကြောင့် ဖြစ်သည်။

ချောက်နက်ကြီး၏ ဝင်ပေါက်တွင် ရှေးကျပြီး နက်နဲသော သင်္ကေတများ အလွှာလိုက် ပိတ်ဆို့ထားသဖြင့် အတွင်းမှ အလင်းရောင်သည် အပြင်သို့ မထွက်နိုင်သလောက် ဖြစ်နေသည်။ သို့သော် ယခုအခါ ချောက်နက်ဝင်ပေါက်ရှိ ချိပ်ပိတ်မှုတွင် အက်ကွဲကြောင်းအသစ်တစ်ခု ပေါ်နေပြီး ယင်းမှာ အစောက နတ်ဘုရားသင်္ကေတ ရွှေရောင်ငါး ဖောက်ထွက်သွားခဲ့သော နေရာဖြစ်ကြောင်း ထင်ရှားနေသည်။

ထို့ကြောင့် အတွင်းမှ အလင်းရောင်များသည် အဆက်မပြတ် ယိုစိမ့်ထွက်လာနေခြင်း ဖြစ်သည်။ ချူရှောင်ယွင် အကြီးအကျယ် တုန်လှုပ်သွားသည်။

"ဒါက..."

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ဒါက ရှေးဟောင်းနတ်ဘုရားတွေ ကျဆုံးခဲ့တဲ့ နေရာပဲ"

"ဒီပင်လယ်ပြင်မှာ ပင်လယ်သားရဲကြီးတွေ အများကြီး ရှိနေရတဲ့ အကြောင်းရင်းက ဒီ ရှေးဟောင်းနတ်ဘုရားတွေ ကျဆုံးရာမြေရဲ့ ပြုစုပျိုးထောင်မှုကြောင့်ပဲ"

"ပြီးတော့ ဒီ နတ်ဘုရားအမျက်ဒေါသဆိုတာက ရှေးဟောင်းနတ်ဘုရားတွေရဲ့ အနှစ်သာရကနေ ဖြစ်ပေါ်လာတဲ့ ဒီသားရဲကြီးတွေကို ရှင်းလင်းပစ်ဖို့နဲ့ သူတို့ အရမ်း အားကြီးလာပြီး ချိပ်ပိတ်မှုကို ခြိမ်းခြောက်မှာ စိုးလို့ လုပ်ထားတာပဲ"

"ဒါပေမဲ့ မူလဖန်တီးသူတွေ ထင်မထားခဲ့တဲ့ အချက်က နှစ်တွေ ကြာလာတဲ့အခါ နတ်ဘုရားသင်္ကေတတွေက ဒီနေရာမှာ အမှန်တကယ် ပြောင်းလဲတိုးတက်လာပြီး ချိပ်ပိတ်မှုကို ဖောက်ထွက်သွားလိမ့်မယ် ဆိုတာပဲ”

All Chapters