အခန်း (၁၀၇၅-၁၀၇၇)
Vol. 72 Ch. 1075-1077
အခန်း (၁၀၇၅) ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်
အပြင်ဘက်မှ ကြည့်ရှုမည်ဆိုပါက နတ်ဘုရားနယ်ပယ်သည် အလွှာများစွာပါဝင်သည့် ကိတ်မုန့်ပုံသဏ္ဌာန်နှင့် တူညီပြီး ၎င်းကိုယ်ပိုင် သဘာ၀စနစ်လည်း ရှိပေသည်။
စကြဝဠာကမ္ဘာပေါင်းများစွာထဲတွင် ဤကဲ့သို့ ရှုပ်ထွေးပြီး ကြီးမားသော တည်ဆောက်ပုံမျိုးရှိသည့် ကမ္ဘာများကို ကမ္ဘာကြီးများဟုလည်း ခေါ်ဆိုကြသည်။
ယခင်က ကျိန်စာသင့်မြို့တော်သည် နတ်ဘုရားနယ်ပယ်၏ အနိမ့်ဆုံး စွန့်ပစ်မြေတွင် တည်ရှိခဲ့ရာ ဇီဝေ့နတ်ဘုရားသားတော်ကဲ့သို့ အဆင့်မြင့် နတ်ဘုရားဝိညာဉ်များပင် ထိုနေရာသို့သွားရောက်ရန် ကိုယ်ခန္ဓာအစစ်ဖြင့် ဆင်းသက်ခဲ့ရသည်။
ထျန်းကျောက် နယ်ပယ်သည် ကျိန်စာသင့်မြို့တော်ထက် အဆင့်သုံးဆင့် ပိုမြင့်သောကြောင့် ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့သည် ထျန်းကျောက်နယ်ပယ်သို့ ရောက်ရှိရန် ကျယ်ပြောလှသော ဟာလာဟင်းလင်းပျက်သုဉ်းနယ်မြေ အများအပြားကို ဖြတ်ကျော်ခဲ့ရလေသည်။
အမှန်စင်စစ် ဤပျက်သုဉ်းနယ်မြေများကို ဖြတ်ကျော်ခြင်းသည် စကြဝဠာမျိုးစုံကြား လျှောက်သွားခြင်းနှင့် မတူညီပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကမ္ဘာတစ်ခုတည်းအတွင်း၌သာ ဖြတ်သန်းသွားလာနေခြင်း ဖြစ်သောကြောင့် နယ်မြေခြား အကာအကွယ်အတားအဆီးများမှာ များစွာ အားနည်းနေပြီး အင်မော်တယ်သခင်ကျင့်ကြံဆင့် ရှိရန်မလိုပေ။
သို့သော်ငြားလည်း ခရီးလမ်းမှာ အလွန်အမင်း အန္တရာယ်များလှသည်။ သုံးရက်တိတိ အချိန်ကုန်ဆုံးပြီးနောက်တွင် ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့သည် ထျန်းကျောက်နယ်ပယ်၏ အောက်တစ်ဆင့်နိမ့်သော နေရာသို့ ရောက်ရှိလာခဲ့ကြသည်။
"အရှင်... ရှေ့က အတားအဆီးကို ကျော်လိုက်တာနဲ့ ထျန်းကျောက်နယ်ပယ်ကို ရောက်ပါပြီ"
ချူရှောင်ယွင်က တိုးတိုးလေး ပြောလိုက်သည်။ ရွှယ်အန်က စကားပြန်မပြောဘဲ ထိုအဆင့်တစ်ခုလုံးကိုသာ ငုံ့ကြည့်လိုက်သည်။ ဤနေရာရှိ ပတ်ဝန်းကျင်နှင့် ဝိညာဉ်စွမ်းအင်သည် ကျိန်စာသင့်မြို့တော်ထက် များစွာသာလွန်သော်လည်း ခြောက်သွေ့ကာ လူသူကင်းမဲ့နေသည်။
ချူရှောင်ယွင်က ရွှယ်အန်၏ ဇဝေဇဝါဖြစ်မှုကို သတိထားမိလိုက်သဖြင့် ရှင်းပြလေသည်။
"ဆရာသခင်... ဒီနေရာက ထျန်းကျောက်နယ်ပယ်နဲ့ နီးကပ်လွန်းနေတယ်၊ နတ်ဘုရားတွေက ဒီနေရာကိုဆင်းပြီး မကြာခဏ ရိတ်သိမ်းလေ့ရှိတော့ နှစ်ကာလတွေ ကြာလာတာနဲ့အမျှ ဒီက သက်ရှိတွေလည်း မျိုးတုန်းကုန်ပြီး သက်ရှိအသစ်တွေ မွေးဖွားဖို့ မဖြစ်နိုင်တော့ဘူး"
ထိုစကားကို ကြားသောအခါ ရွှယ်အန်း၏ မျက်လုံးထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
"ဆရာသခင်... ကျွန်မတို့ သွားကြမလား"
ချူရှောင်ယွင်က မေးလိုက်သည်။ ရွယ်အန်းက ခေါင်းညိတ်လိုက်သည်။
"သွားကြစို့"
ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့ ထျန်းကျောက်နယ်ပယ် အတားအဆီးကို ဖြတ်ကျော်ရန် ပြင်ဆင်နေချိန်၌ပင် ရုတ်တရက်ဆိုသလို အာကာသဟင်းလင်းပြင်သည် ပြင်းထန်စွာ တုန်ခါလာပြီး ရေပြင်ကို မွှေနှောက်လိုက်သကဲ့သို့ ဂယက်လှိုင်းများ ပျံ့နှံ့သွားလေသည်။
ထို့နောက် ခမ်းနားထည်ဝါပြီး ကြွယ်ဝချမ်းသာမှုကို ဖော်ပြနေသည့် ပျံသန်းလှေကြီး တစ်စင်းသည် နယ်မြေအတားအဆီးကို တိုက်ရိုက်ဖြတ်ကျော်ကာ ဤအဆင့်သို့ ဝင်ရောက်လာသည်။ ထိုပျံသန်းလှေကြီးကို မြင်လိုက်ရသည့်အခါ ချူရှောင်ယွင်၏ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလေသည်။
"အရှင်... ကျွန်မတို့ သွားရအောင်"
ထိုသို့ပြောကာ ချူရှောင်ယွင်သည် ရွှယ်အန်းကိုခေါ်ကာ ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်၌ပင် ပျံသန်းလှေပေါ်မှ လှောင်ပြောင်သရော်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
"အိုး... ဒါ ဘယ်သူများလဲလို့၊ မိန်းကလေး ချူပါလား၊ တကယ်ကို ကံကောင်းတဲ့ တွေ့ဆုံမှုပါပဲ"
ထိုစကားသံနှင့်အတူ အမျိုးသမီးတစ်ဦး၏ ပုံရိပ်သည် ပျံသန်းလှေပေါ်တွင် ပေါ်လာခဲ့သည်။ သူမသည် ခန္ဓာကိုယ် ကောက်ကြောင်းအဖုအထစ် ပေါ်လွင်ပြီး ကြည့်ကောင်းကာ ဆွဲဆောင်မှုရှိသော်လည်း သူမ မျက်လုံးထဲမှ အထင်အမြင်သေးမှုများနှင့် မျက်ခုံးတန်းက သူမ၏ ရုပ်သွင်ကို ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်စေသည်။
"မိန်းကလေးချူ... မတွေ့ရတာတောင် ကြာပြီနော်"
ထို့နောက် သူမ၏ အကြည့်က ချူရှောင်ယွင်ဘေးတွင် ရပ်နေသော ရွှယ်အန်းထံသို့ ကျရောက်သွားသည်။ သူမသည် ပထမတော့ အံ့သြသွားသော်လည်း ထို့နောက်တွင် ရွှယ်အန်းကို ဝေဖန်ပိုင်းခြားသည့် အကြည့်ဖြင့် သေချာကြည့်ကာ တဖြည်းဖြည်းနှင့် မထီမဲ့မြင် ပြုံးလိုက်လေသည်။
"အိုး... နောက်တစ်ယောက်တောင် ပါသေးတာပဲ"
ချူရှောင်ယွင်၏ မျက်နှာ အနည်းငယ်မှာ ဖြူဖျော့သွားသော်လည်း အသက်ပြင်းပြင်းရှူကာ ပြန်ပြောလိုက်သည်။
"ရွမ်ကျင်းရှိုး... ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး၊ နင် ဒီထက်ပိုပြီး မလွန်လာဖို့ ငါမျှော်လင့်ပါတယ်"
ထိုစကားကို ကြားသောအခါ ရွမ်ကျင်းရှိုးသည် ပါးစပ်ကိုအုပ်ကာ အံ့သြချင်ယောင်ဆောင်လိုက်သည်။
"မိန်းကလေးချူရယ်... ရှင် ဘာကိုဆိုလိုတာလဲ၊ ကျွန်မက နှုတ်ဆက်ရုံပဲလေ၊ ဒါက လွန်ရာရောက်လို့လား၊ ပြီးတော့... ကျွန်မတို့က ဂိုဏ်းတူ ညီအစ်မတွေပဲဟာ၊ ရှင်ကို လေးစားမှု ပြသင့်တာပေါ့"
"ဒါပေမဲ့..."
ရွမ်ကျင်းရှိုး၏ မျက်လုံးများက ရွှယ်အန်းကို ကြည့်လာသည်။
"ဒီလူကြီးမင်းရဲ့ အထောက်အထားကို ကျွန်မ တော်တော်သိချင်မိတယ်၊ သူကများ ညီမလေးချူရဲ့..."
ရွမ်ကျင်းရှိုး စကားမဆုံးခင် ချူရှောင်ယွင်က အေးစက်စွာ ဖြတ်ပြောလိုက်သည်။
"ရွမ်ကျင်းရှိုး... ဒါက ငါ လေးစားထားရတဲ့ လူကြီးမင်းတစ်ယောက်ပါ၊ နင်လည်း လေးလေးစားစား ဆက်ဆံစေချင်တယ်"
"လေးစားရတဲ့ လူကြီးမင်း?"
ရွမ်ကျင်းရှိုး ခဏမျှ ကြောင်အသွားပြီးနောက် ပါးစပ်အုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေသည်။
"ကိုယ်ပိုင် ပျံသန်းလှေတောင် မရှိဘဲ ပျက်သုဉ်းနယ်မြေကို ကိုယ်ခန္ဓာအစစ်နဲ့ ဖြတ်ကျော်လာတဲ့ လူကလေ..."
"နင်..."
ချူရှောင်ယွင် ဒေါသထွက်သွားပြီး တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သည်။ ထိုစဉ် ရွမ်ကျင်းရှိုး၏ ဘေးတွင် အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။
ထိုအမျိုးသားသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး ရုပ်ရည်ချောမောကာ တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း မျက်နှာထားမှာမူ မာနထောင်လွှားမှုတို့ဖြင့် ပြည့်နှက်နေသည်။
"ဘာဖြစ်တာလဲ... ပြဿနာရှာနေတဲ့လူ ရှိလို့လား"
ထိုအမျိုးသားက ဂရုမစိုက်သလို ပြောလိုက်သည်။ ထိုအမျိုးသားကို မြင်လိုက်သည်နှင့် ရွမ်ကျင်းရှိုးသည် ချက်ချင်းပင် ချွဲနွဲ့သော မိန်းမငယ်လေးအသွင် ပြောင်းလဲသွားပြီး ချိုသာသောအသံဖြင့် ပြောလိုက်လေသည်။
"အိုး.. သခင်လေးချီရယ်၊ သခင်လေးရှေ့မှာ ဘယ်သူက ပြဿနာရှာရဲမှာလဲ၊ မိတ်ဆွေဟောင်းနဲ့ တွေ့လို့ စကားနည်းနည်း ပြောနေရုံပါ"
ရွမ်ကျင်းရှိုးက ပြုံးရွှင်သော မျက်နှာဖြင့် ပြောပြီးနောက် လှည့်ထွက်ကာ ချူရှောင်ယွင်ကို အနိုင်ပိုင်းသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ညီမလေးချူ... ဒါက ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က သခင်လေး ချီဟုန်ပေါ်ပဲ၊ သူလည်း နတ်ဘုရားမွေးနေ့ပွဲကို ဂုဏ်ပြုဖို့ နတ်ဘုရားနယ်ပယ်ကို သွားမလို့လေ" ချူရှောင်ယွင် အံ့အားသင့်သွားသည်။
"ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ် ဟုတ်လား"
"ဟုတ်တာပေါ့၊ ဒီတစ်ခေါက် နတ်ဘုရားမွေးနေ့ပွဲက အရင်နဲ့မတူအောင် စည်ကားမှာ၊ ကျွန်မတို့ နတ်ဘုရားနယ်ပယ်က နာမည်ကြီးတွေတင် မကဘူး၊ တခြား နတ်ဘုရားနယ်ပယ်တွေက လူတွေလည်း ရောက်နေကြပြီ၊ ဟွန်း... ညီမလေးချူရေ၊ ရှင်က ဒီလိုလူမျိုးကို ခေါ်လာတာမြင်ရင် ဆရာဘယ်လိုထင်မလဲ ဆိုတာ ကျွန်မ တွေးတောင် မတွေးရဲဘူး"
ရွမ်ကျင်းရှိုးသည် "ဒီလိုလူမျိုး" ဟူသော စကားလုံးကို တမင်ဖိပြောလိုက်ပြီး လှောင်ပြောင်သရော်မှု အပြည့်ဖြင့် ပြောဆိုလိုက်သည်။
ချူရှောင်ယွင်၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။ ဤသည်မှာ ရွမ်ကျင်းရှိုး၏ စကားကြောင့် မဟုတ်ဘဲ ဤနတ်ဘုရားမွေးနေ့ပွဲ၏ ကြီးမားခမ်းနားမှုက မမျှော်လင့်ထားသော အကြောင်းအရာများစွာကို ဖြစ်ပေါ်စေနိုင်သည်ကို တွေးပူမိသောကြောင့် ဖြစ်သည်။
ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်သည် နတ်ဘုရားနယ်ပယ်အတွင်း၌ အတော်လေး ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်ကြောင်း သူမသိသည်။ သူတို့ပင် တက်ရောက်လာသည်ဆိုလျှင် ဤပွဲသည် သာမန်မဟုတ်ကြောင်း သိသာလှပေသည်။
ချူရှောင်ယွင် တွေးတောနေစဉ် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်မှ သခင်လေး ချီဟုန်ပေါ်က ဂရုမစိုက်သလို ပြောလိုက်သည်။
"သွားကြစို့"
ထိုသို့ပြောပြီးသည်နှင့် သူသည် လှည့်ထွက်သွားတော့သည်။
အစမှအဆုံး သူသည် ချူရှောင်ယွင် သို့မဟုတ် ရွှယ်အန်းကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပေ။ သူ့အတွက်မူ ဤလူများသည် သူ့အာရုံစိုက်မှုကို မရသင့်သော ပုရွက်ဆိတ်များသာ ဖြစ်ပုံရသည်။
ရွမ်ကျင်းရှိုးက အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
ထို့နောက် သူမက တမင်တကာ သက်ပြင်းချရင်း ပြောလိုက်လေသည်။
"ညီမလေးချူ... ငါက အစကတော့ နင့်ကို လမ်းကြုံတင်ခေါ်သွားမလို့ပါပဲ၊ ဒါပေမဲ့ သခင်လေးချီရဲ့ အမူအရာကို ကြည့်ရတာ သူ သိပ်မပျော်ဘူးနဲ့ တူတယ်၊ မတတ်နိုင်ဘူးလေ၊ နင်တို့ပဲ ကိုယ်ခန္ဓာအစစ်နဲ့ ဆက်ပြီး လမ်းလျှောက်လာခဲ့ကြပေတော့"
ထိုသို့ပြောပြီးနောက် ရွမ်ကျင်းရှိုးသည် မူရာမာယာကြွယ်စွာ ရယ်မောရင်း လှည့်ထွက်သွားလေသည်။ ခဏအကြာတွင် ပျံသန်းလှေကြီးမှာ ပြန်လည် မောင်းနှင်သွားပြီး အတားအဆီးကို ဖောက်ထွက်ကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
ရွှယ်အန်းသည် တောက်လျှောက် တိတ်ဆိတ်နေခဲ့ပြီး ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သည်။ အတန်ကြာမှသာ ချူရှောင်ယွင်သည် သူမ၏ တွေးတောမှုများထဲမှ ရုန်းထွက်လာပြီး ရွှယ်အန်းကို အားနာသော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။
"သခင်ကြီး... ကျွန်မ တကယ်ပဲ တောင်းပန်ပါတယ်၊ ကျွန်မ..."
ရွှယ်အန်းက လက်ကာပြလိုက်ပြီး ချူရှောင်ယွင်ကို ဆက်မပြောစေတော့ဘဲ လျစ်လျူရှုထားသော ပုံစံဖြင့် ပြောလိုက်သည်။
"ဘာအတွက် တောင်းပန်တာလဲ"
ချူရှောင်ယွင် ကြောင်သွားသည်။
"ဒါက စောစောကလေ..."
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ပုရွက်ဆိတ်တစ်ကောင်ရဲ့ မာနထောင်လွှားမှုကို မင်းက ဒေါသထွက်နေမှာလား"
ချူရှောင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ ထို့နောက် ရွှယ်အန်းက ညင်သာစွာ ပြောလိုက်သည်။
"လာပါ... ဆက်သွားကြစို့"
ချူရှောင်ယွင်သည် အံကိုတင်းတင်းကြိတ်လိုက်သည်။
"ဒါပေမဲ့ သခင်ကြီး... ရွမ်ကျင်းရှိုး ပြောပုံအရဆိုရင် ဒီနတ်ဘုရားမွေးနေ့ပွဲက အရင်ကမရှိဖူးလောက်အောင် ကြီးကျယ်ခမ်းနားလိမ့်မယ်တဲ့၊ ကျွန်မတို့..."
"မင်း ကြောက်နေတာလား"
ချူရှောင်ယွင်က လေးလေးနက်နက် ခေါင်းခါပြလိုက်သည်။
"ကျွန်မ သေမှာတောင် မကြောက်ပါဘူး၊ ဒါကို ပိုလို့တောင် မကြောက်ပါဘူး၊ ကျွန်မ စိတ်ပူတာက..."
"တော်ပြီ"
ရွှယ်အန်းသည် မျက်လွှာကို ချလိုက်သည်။
"မင်း ဘာကိုစိုးရိမ်နေလဲ ငါသိပါတယ်၊ ဒါပေမဲ့ ငါ့အတွက်တော့ ဒီနတ်ဘုရားမွေးနေ့ပွဲ ဆိုတာကြီးက ပိုပြီး ခမ်းနားကြီးကျယ်လေလေ ငါပိုပျော်လေလေပဲ၊ နားလည်လား"
ချူရှောင်ယွင် ခဏတာ ငြိမ်သက်သွားပြီးနောက် အားပါးတရ ခေါင်းညိတ်လိုက်လေသည်။
"နားလည်ပါပြီ”
အခန်း(၁၀၇၆) ထျန်းကျောက်နယ်ပယ် ၊ ကျိန်စာနတ်ဘုရား မွေးဖွားခြင်း
ထိုအချိန်တွင် ပျံသန်းရွက်လှေ အတွင်း၌...
ရွမ်ကျင်းရှိုးသည် ချီဟုန်ပေါ်၏ ရင်ခွင်ထဲသို့ တစ်ကိုယ်လုံး ပစ်ဝင်မှီတွယ်ထားကာ သူ၏ ပခုံးများကို ညင်သာစွာ နှိပ်ပေးနေကာ ချွဲနွဲ့သောအသံဖြင့် ဆိုလိုက်လေသည်။
"သခင်လေးချီက... အရမ်းတော်တာပဲ...၊ ကျွန်မခြေထောက်တွေ အခုထိ နာနေတုန်းပဲ သိလား..."
ချီဟုန်ပေါ်၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲနေသည်။ ခဏကြာမှသာ ဂရုမစိုက်သလို မေးလိုက်သည်။
"စောစောက မိန်းမက ဘယ်သူလဲ"
ရွမ်ကျင်းရှိုး၏ ခန္ဓာကိုယ် တောင့်တင်းသွားသော်လည်း ချက်ချင်းပင် လျှော့ချလိုက်ပြီး တိုးညှင်းစွာ ဖြေလိုက်သည်။
"သခင်လေးချီ... အဲ့ဒီမိန်းမနာမည်က ချူရှောင်ယွင်ပါ၊ ပြောရရင်တော့ ကျွန်မရဲ့ ဂိုဏ်းတူအစ်မပေါ့၊ ဒါပေမဲ့ ဆရာက သူ့ကိုလက်ခံတုန်းက တခြားရည်ရွယ်ချက်တွေ ရှိခဲ့တာလေ၊ သူ့ကို အသုံးချပြီးတဲ့နောက်မှာ အနိမ့်ဆုံး စွန့်ပစ်နယ်မြေကို ပို့ပြီး ဟာသဖြစ်စရာ မြို့စားမင်းအဖြစ် ပစ်ထားလိုက်တာ... ဘယ်သူမှ သူ့ကို အရေးတယူ မလုပ်ကြပါဘူး"
"ချူရှောင်ယွင်... ချူမိသားစု..."
ချီဟုန်ပေါ်က သူ့ဘာသာ ရေရွတ်လိုက်သည်။ ရွမ်ကျင်းရှိုးက မာယာကြွယ်စွာ တခစ်ခစ်ရယ်လိုက်သည်။
"သခင်လေးချီ မသိဘူးလား... သူတို့ ချူမိသားစုက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက ပျက်စီးသွားခဲ့ပြီလေ၊ အခုဆို ချူမိသားစု ဆိုတာ မရှိတော့ပါဘူး"
"ဒါဆို သူ့ဘေးက အမျိုးသားကရော ဘယ်သူလဲ"
ချီဟုန်ပေါ်က ဆက်မေးလိုက်သည်။
"ဘယ်သူသိမှာလဲ...၊ ချူရှောင်ယွင် ပြောတာတော့ လေးစားရတဲ့ လူကြီးမင်းတဲ့၊ ဒါပေမဲ့ သခင်လေးချီ မြင်တဲ့အတိုင်းပါပဲ... သူတို့နှစ်ယောက်လုံးမှာ ပျံသန်းရွက်လှေတောင် မရှိဘဲ ပျက်သုဉ်းနယ်မြေကို ကိုယ်ခန္ဓာအစစ်နဲ့ မနည်းဖြတ်ကျော်လာရတာလေ၊ အဲ့ဒါကများ လေးစားရတဲ့ လူကြီးမင်းတဲ့လား"
ရွမ်ကျင်းရှိုးသည် အထင်အမြင်သေးသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
ရွမ်ကျင်းရှိုး၏ စကားကိုကြားသော်အခ့ ချီဟုန်ပေါ်၏ မျက်လုံးများထဲတွင် အကြံအစည်များသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ဖြည်းညင်းစွာ အမိန့်ပေးလိုက်လေသည်။
"ကောင်းပြီ... မွေးနေ့ပွဲပြီးရင် အဲ့ဒီမိန်းမကို ငါ့အိပ်ရာပေါ်ရောက်လာအောင် လုပ်ပေးစမ်း"
ရွမ်ကျင်းရှိုးသည် အနည်းငယ် တုန်လှုပ်သွားသော်လည်း မျက်လွှာကိုချကာ တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ပါ..."
ချီဟုန်ပေါ်သည် လက်ကိုဆန့်ထုတ်ကာ ရွမ်ကျင်းရှိုး၏ ချောမွတ်သော ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။
"မင်း စိတ်ဆိုးနေတာလား"
"မ... မဆိုးပါဘူး"
"ဒါဆိုရင် အကောင်းဆုံးပဲ၊ မင်းနေရာမင်း နားလည်သင့်တယ်၊ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်းက ငါ့ရဲ့ ကစားစရာအရုပ်သက်သက်ပဲ ဖြစ်ထိုက်တာ"
ရွမ်ကျင်းရှိုးသည် စကားတစ်ခွန်းမျှ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာသာ တိတ်ဆိတ်နေလိုက်တော့သည်။
ထို့နောက် ချီဟုန်ပေါသည် ပျံသန်းရွက်လှေ၏ ပြတင်းပေါက်နားသို့ လျှောက်သွားကာ လက်နောက်ပစ်လျက် မာနထောင်လွှားသော မျက်နှာထားဖြင့် ရပ်နေလိုက်သည်။
သူသည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ တစ်ဦးတည်းသော တရားဝင် အမွေဆက်ခံသူအနေဖြင့် မွေးဖွားလာကတည်းက အကောင်းဆုံး ဆက်ဆံမှုများကို ခံစားခဲ့ရသူ ဖြစ်သည်။ငယ်စဉ်ကတည်းက သူလိုချင်၍ မရခဲ့သည်ဟူ၍ မရှိခဲ့ဖူးပေ။
သူသည်လည်း နှစ်တစ်ရာအတွင်း အင်မော်တယ်သခင်အဆင့်သို့ ရောက်ရှိကာ အင်မော်တယ်ဘုရင်အဆင့် အင်အားကိုပင် ပိုင်ဆိုင်နိုင်သူဖြစ်သည်။
ဤအချက်က သူ့အတွက် အလွန်တောက်ပသော အနာဂတ်လမ်းကို ခင်းပေးခဲ့သည်။ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ နောက်ထပ်ဘုရင်သည် သူမှလွဲ၍ တခြားသူမဖြစ်နိုင်သလို နတ်ဘုရားနယ်ပယ်တွင် အစစ်အမှန် ခမ်းနားကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လာနိုင်ပေသည်။
ယခု ကျိန်စာနတ်ဘုရားမ ၏ မွေးနေ့ပွဲအတွက် ထျန်းကျောက်နယ်မြေသို့ လာရောက်ခြင်းသည် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ သခင်လေးအနေဖြင့် ပထမဆုံးအကြိမ် လူသိရှင်ကြား ပွဲထုတ်ခြင်းလည်း ဖြစ်သည်။ အနာဂတ်တွင်လည်း ဤကဲ့သို့သော ပွဲလမ်းသဘင်များကို သူပို၍ တက်ရောက်ရမည်မှာ အသေအချာပင်။
ဤအချက်များက ချီဟုန်ပေါ်ကို ယုံကြည်မှုအပြည့်ရှိစေပြီး တက်ကြွစေသည်။ ထိုသည်နှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက ရွမ်ကျင်းရှိုးကဲ့သို့ မိန်းမမျိုးသည် ဤခရီးစဉ်အတွက် အပျင်းပြေ သရေစာမျှသာဖြစ်ပြီး လုံးဝ အရေးမပါသောသူ ဖြစ်သည်။
သို့သော် စောစောကတွေ့ခဲ့သော မိန်းမကမူ အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေသည်။ မြွေတစ်ကောင်ကဲ့သို့ သွယ်လျကာ ဆွဲဆောင်မှုရှိသော ချူရှောင်ယွင်၏ ခန္ဓာကိုယ်ကို ပြန်တွေးမိသောအခါ သူ၏အသက်ရှူသံများ တဖြည်းဖြည်း ကြမ်းတမ်းလာပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ဒူးထောက်ပြီး ဒီကို တွားသွားခဲ့စမ်း"
ယခင်ကတည်းက မျက်နှာပျက်နေသော ရွမ်ကျင်းရှိုးသည် ထိုစကားကို ကြားသောအခါ ခဏတာ ကြောင်အသွားသည်။ ထို့နောက် နှုတ်ခမ်းကိုကိုက်ကာ ဖြည်းညင်းစွာ ကုန်းလိုက်ပြီး အရှက်တရားများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ့ဆီသို့ လေးဖက်ထောက်ကာ တွားသွားလိုက်ရလေသည်။
"ဒါ ထျန်းကျောက်နယ်ပယ်လား"
နောက်ထပ် တစ်ရက်တာ ခရီးနှင်ပြီးနောက် ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့သည် အတားအဆီးများစွာကို ဖြတ်ကျော်ပြီး မြင့်မားသော တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာကြသည်။
ရွှယ်အန်းသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ကာ သူ့ကို ဝန်းရံထားသော တောင်တန်းများနှင့် မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးများကို တွေ့လိုက်ရသည်။
လေထုထဲရှိ ဝိညာဉ်စွမ်းအင်သည် အလွန်သိပ်သည်းလွန်းသဖြင့် အဖြူရောင် မြူခိုးတန်းများသဖွယ် ဖြစ်ပေါ်နေသည်။ အာကာသဟင်းလင်းပြင် ကိုယ်တိုင်ကပင် ပိုမို ခိုင်ခံ့တောင့်တင်းနေပုံရသည်။
ဤနယ်ပယ်၏ ကောင်းကင်တာအို နီယာမများသည် သာမန်ကမ္ဘာများထက် ပိုမိုအားကောင်း ခိုင်မာနေခြင်းကြောင့် အင်အား၏ အကန့်အသတ်ကို မြင့်တက်စေပြီး နေရာဒေသကိုပါ ပိုမိုခိုင်ခံ့စေခြင်းဖြစ်ကြောင်း ရွှယ်အန်း နားလည်လိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး၊ ဒါ ထျန်းကျောက်နယ်ပယ်ပါ"
ချူရှောင်ယွင်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် အနောက်မြောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။
"သခင်ကြီး... အစစ်အမှန် ကျိန်စာမြို့တော်က ဒီဘက်အခြမ်းမှာပါ"
"ကောင်းပြီ... သွားကြစို့"
ဤနယ်မြေသည် ရွှယ်အန်း ဖြတ်သန်းဖူးသမျှ ကမ္ဘာများထက် ပိုမိုကျယ်ပြောလှပြီး နတ်ဘုရားနယ်ပယ် ဟူသော အမည်နှင့် အမှန်တကယ် လိုက်ဖက်ပေသည်။
ရွှယ်အန်း၏ အမြန်နှုန်းဖြင့်ပင် တောင်တန်းများကို ကျော်ဖြတ်ရန် ပျံသန်းချိန် နာရီဝက်နီးပါး ကြာမြင့်ခဲ့သည်။ ခန့်မှန်းရလျှင် ဤတောင်တန်းများသည် အနည်းဆုံး မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းပေလိမ့်မည်။
ချူရှောင်ယွင်ကအရှေ့ရှိ မြို့တော်အရိပ်အယောင်များကို မြင်လိုက်ရသောအခါ လေးနက်စွာ ပြောလိုက်သည်။
"သခင်ကြီး... ဒါက ကျိန်စာနတ်ဘုရားမရဲ့ ပိုင်နက်နယ်မြေပါ၊ ဒီမြို့တော်တွေအားလုံးက သူ့ကိုကိုးကွယ်တဲ့ ဘာသာရေးအုပ်ချုပ်မှုအောက်က နိုင်ငံတွေပါ"
ရွှယ်အန်းသည် သူပျံသန်းကျော်ဖြတ်လာသော မြို့တော်များကို ငုံ့ကြည့်လိုက်ရာ ၎င်းတို့သည် သေသပ်လှပပြီး ကြီးမားကျယ်ပြန့်သော်လည်း လူသားဆန်သော သက်ဝင်လှုပ်ရှားမှုမရှိဘဲ ခြောက်ခြားဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်ကို သတိပြုမိလိုက်သည်။
ထို့အပြင် မြို့သူမြို့သားများသည် ကြိုးဆွဲရာကသော ရုပ်သေးရုပ်များကဲ့သို့ တွေဝေငေးငိုင်နေကြပြီး လူသားတစ်ယောက်တွင် ရှိသင့်သော တက်ကြွလန်းဆန်းမှုများ ကင်းမဲ့နေသည်။
ရွှယ်အန်းသည် အနည်းငယ် အံ့သြသွားပြီးနောက် သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာလေသည်။ ချူရှောင်ယွင်က တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။
"သခင်ကြီး... အခုမြင်နေရတဲ့ လူတွေက ကျိန်စာနတ်ဘုရားမရဲ့ စကားအရဆိုရင် ကျွန်ပြုခံ ယုံကြည်သူတွေပါ"
"ကျိန်စာနတ်ဘုရားမက ယုံကြည်မှုစွမ်းအား စုဆောင်းတာကို မြန်ဆန်စေဖို့နဲ့ သူ့ရဲ့ နတ်ဘုရားအဆင့်အတန်း မြင့်တက်ဖို့အတွက် နည်းလမ်းမျိုးစုံ သုံးခဲ့တာပါ"
"ဒီလူတွေ ရုပ်သေးရုပ်လို ဖြစ်နေရတာက ကျိန်စာနတ်ဘုရားမက သူတို့ရဲ့ ဝိညာဉ်အသီးသီးမှာ သံခြေချင်း ခတ်ထားပြီး ကျိန်စာနတ်ဘုရားမကို ကိုးကွယ်ရမယ်ဆိုတဲ့ အတွေးကလွဲလို့ ကျန်တဲ့ ဆန္ဒမှန်သမျှကို ဖယ်ရှားပစ်လိုက်လို့ပါ"
"ကျိန်စာနတ်ဘုရားမ ကိုယ်တိုင် ပြောဖူးပါတယ်၊ ဒီလူတွေ အသက်ရှင်နေရခြင်းရဲ့ ရည်ရွယ်ချက်က သူ့ကို သန့်စင်တဲ့ ယုံကြည်မှုစွမ်းအားတွေ ထောက်ပံ့ပေးဖို့ သက်သက်မို့လို့ တခြား ဘာအတွေးမှ မရှိသင့်ဘူးတဲ့"
ရွှယ်အန်းသည် တိတ်ဆိတ်နေလိုက်သည်။ ခဏကြာမှ အေးစက်စွာ ပြောလိုက်၏။
"သေချင်နေတာပဲ"
နောက်ထပ် ၁၅ မိနစ်ခန့် ဆက်သွားသောအခါ အောက်ဘက်ရှိ မြို့တော်များသည် ပိုမိုသိပ်သည်းလာသော်လည်း အခြေအနေမှာ အတူတူပင် ဖြစ်သည်။
ရုတ်တရက်ပင်...
ခမ်းနားထည်ဝါသော ကောင်းကင်မြို့တော်တစ်ခုသည် အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် ပေါ်လာခဲ့သည်။ ထိုမြို့တော်ကို ကောင်းကင်အထက်ရှိ လေပေါ်ပျံ တောင်ပြားကြီးတစ်ခုပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထိုအချိန်သည် ဆည်းဆာချိန် နေဝင်ရီတရော အချိန်ဖြစ်ပြီး နေမင်းကြီးထက် အဆပေါင်းများစွာ ကြီးမားသော ဧရာမ အလင်းလုံးကြီးတစ်ခုသည် အနောက်ဘက်သို့ ဖြည်းညင်းစွာ ဝင်ရောက်သွားလေသည်။
ရွှေရောင်အလင်းတန်းများသည် မြို့တော်၏ အနောက်ဘက်မှ ထိုးထွက်နေပြီး မြို့တော်ကို အထွတ်အထိပ် ခမ်းနားမှုများနှင့် ပြည့်နှက်သွားစေသည်။
အင်အားနည်းပါးသော သူများဆိုလျှင် ဤမြို့တော်ကို မြင်လိုက်ရုံဖြင့် ဒူးထောက်ဝပ်တွား ချင်စိတ်များ ဖြစ်ပေါ်လာနိုင်သည်။ အမှန်တကယ်ပင် မြေပြင်ပေါ်ရှိ လူအများအပြားသည် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လျက် ထိုနေရာသို့ တစ်လှမ်းချင်း တရွေ့ရွေ့ သွားနေကြသည်။
"အဲ့ဒါက ကျိန်စာနတ်ဘုရားမရဲ့ နတ်ဘုရားစွမ်းအားနဲ့ ဖန်ဆင်းထားတဲ့ မြို့တော်ပါ၊ ဒီမြင်ကွင်းကို မြင်ရတဲ့ သာမန်လူသားတိုင်းက အဆုံးမဲ့ ကိုးကွယ်ဆည်းကပ်မှုတွေ ဖြစ်ပေါ်လာပြီး ခရီးလမ်းမှာတင် လူပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်"
ချူရှောင်ယွင်က ဝမ်းနည်းစွာ ရေရွတ်လိုက်သည်။ ရွှယ်အန်းသည် ထိုမြို့တော်ကို တိတ်ဆိတ်စွာ ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ အေးစက်သော အပြုံးတစ်ခု ပေါ်လာလေသည်။
ကောင်းကင်ယံတွင် ရွှယ်အန်းတို့အဖွဲ့သာ ရှိနေသည် မဟုတ်ပေ။ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်ထားသည့် အလင်းတန်းများသည်လည်း ကောင်းကင်ကို ဖြတ်ကျော်ကာ ထိုမြို့တော်ဆီသို့ ဦးတည်သွားနေကြသည်။ ရွှယ်အန်း အကြည့်ကို ပြန်လွှဲလိုက်ပြီး ဂရုမစိုက်သလို ပြောလိုက်လေသည်။
"သွားကြစို့... ဒီပြဇာတ်ကြီး ဘယ်လိုစမလဲ ကြည့်ကြတာပေါ့”
အခန်း(၁၀၇၇) အစစ်အမှန် ကျိန်စာမြို့တော်
ထိုအချိန်တွင် ကျိန်စာမြို့တော်သည် ဆူညံသံများနှင့် စိတ်လှုပ်ရှားဖွယ်ရာများဖြင့် စည်ကားသိုက်မြိုက်နေသည်။
နတ်ဘုရားနယ်ပယ်ရှိ အမျိုးမျိုးသော နတ်ဘုရားမျိုးနွယ်များမှ အစွမ်းထက် ကျင့်ကြံသူများသည် ဤနေရာတွင် စုရုံးနေကြသည်။ လမ်းမပေါ်တွင် လမ်းလျှောက်နေသော မည်သူမဆိုသည် မိသားစုခေါင်းဆောင် သို့မဟုတ် ရှေးဟောင်းမျိုးနွယ်ကြီးများ၏ ဘိုးဘေးတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ထိုသို့သော အခြေအနေမျိုးအောက်တွင် ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့ မြို့ထဲသို့ ဝင်ရောက်လာသောအခါ မည်သူ့အာရုံစိုက်မှုကိုမှ မရရှိခဲ့ပေ။
ဤကျိန်စာမြို့တော်သည် အပေါ်ယံကြည့်လျှင် အခြားမြို့တော်များနှင့် သိသိသာသာ ကွဲပြားသည်။ လမ်းမများပေါ်တွင် ဈေးဆိုင်မျိုးစုံဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်ဆေးမြစ်များနှင့် အင်မော်တယ်ဆေးများ ရောင်းချသည့် ဆေးဆိုင်များ၊ နတ်ဘုရားလက်နက်များ ရောင်းချသည့် လက်နက်ဆိုင်များနှင့် အဆောင်စာလုံးသွင်း သံချပ်ကာဆိုင်များ အစရှိသဖြင့် ဆိုင်ပေါင်းစုံ လင်းလက်တောက်ပနေပြီး မျက်စိကျိန်းလောက်အောင် များပြားလှသည်။
စားသောက်ဆိုင်များနှင့် တည်းခိုခန်းများစွာလည်း စီတန်းနေပြီး အစားအသောက် ရနံ့များသည် လမ်းတစ်ဝက်လောက်အထိ ပျံ့နှံ့နေသည်။ ဆူညံနေပြီး လူပြည့်နေသော နေရာများသည် စီးပွားရေး ကောင်းမွန်ကြောင်း သိသာထင်ရှားလှသည်။
ဤမြင်ကွင်းသည် ရွှယ်အန်းကို အနည်းငယ် အံ့အားသင့်စေသည်။ ရွှယ်အန်း၏ စိတ်ထဲမှ သံသယကို သတိပြုမိပုံရသော ချူရှောင်ယွင်သည် အသံကိုနှိမ့်ကာ ရှင်းပြလိုက်သည်။
"သခင်ကြီး... ဒီဆိုင်တွေက နေရာအနှံ့က နတ်ဘုရားတွေကို လာရောက် အရောင်းအဝယ် လုပ်ကြအောင်လို့ ကျိန်စာနတ်ဘုရားမ ကိုယ်တိုင် အထူး ဖွင့်လှစ်ပေးထားတာပါ၊ အဲ့ဒီဈေးနှုန်းကွာခြားချက်ကနေ သူက နေရာခယူတာလေ"
သူတို့ စကားပြောနေစဉ် ဘားဆိုင်တစ်ခုအတွင်းတွင် မူးရူးနေသော အမျိုးသားနှစ်ဦး ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး၏ ကိုယ်ခန္ဓာမှ ဖျော့တော့သော အလင်းရောင်များ ထွက်ပေါ်နေရာ နတ်ဘုရားအဆင့် ရောက်ရှိပြီးသော နတ်ဘုရားများဖြစ်ကြောင်း ထင်ရှားလှသည်။
ထိုအရာကို မြင်လိုက်ရသောအခါ ချူရှောင်ယွင်၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
"လူတော်တော်များများက နတ်ဘုရားတွေဆိုတာ လက်လှမ်းမမီနိုင်တဲ့ အရာလို့ ထင်နေကြတယ်၊ ဒါပေမဲ့ နတ်ဘုရားတွေဆိုတာ အစွမ်းထက်တဲ့ သာမန်လူသားတွေပဲ ဆိုတာကို သူတို့ သတိမထားမိကြဘူး၊ သူတို့ရဲ့ ဆန္ဒအာသီသတွေက သာမန်လူတွေထက်တောင် ပိုပြင်းထန်နိုင်သေးတယ်၊ ဥပမာ ဒီစားသောက်ဆိုင်တွေနဲ့ တည်းခိုခန်းတွေကို ကြည့်ပါလား၊ တကယ်တမ်းဆိုရင် ကျင့်ကြံဆင့်တစ်ခု ရောက်သွားပြီဆိုတာနဲ့ စားသောက်ဖို့ မလိုတော့ဘူးလေ"
"ဒါပေမဲ့ ဘယ်နှယောက်ကများ သူတို့ရဲ့ ဆန္ဒကို တကယ် ထိန်းချုပ်နိုင်လို့လဲ၊ ဒီဆိုင်တွေက အစွမ်းထက်တဲ့ နတ်ဘုရားတွေရဲ့ အာသီသကို ဖြည့်ဆည်းပေးဖို့အတွက် ရှားပါးပါဝင်ပစ္စည်းတွေကို နေရာအနှံ့ကနေ အပင်ပန်းခံ စုဆောင်းထားရတာ"
ရွှယ်အန်းက ပြုံးလိုက်သည်။
"မင်းက ဒီကောင်တွေကို သိပ်လေးစားပုံ မရဘူးပဲ"
ချူရှောင်ယွင်သည် ခေါင်းခါလိုက်သည်။
"ကျွန်မ သူတို့ကို မထီမဲ့မြင်ပြုတာ မဟုတ်ပါဘူး၊ ကျွန်မက အခုရှိသမျှ နတ်ဘုရားမျိုးနွယ်တွေ အကုန်လုံးကို ရွံရှာတာပါ"
"သိမ်ဖျင်းပြီး နိမ့်ကျလွန်းတာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်၊ တကယ်လို့ နတ်ဘုရားမျိုးနွယ်တွေသာ မပြောင်းလဲဘူးဆိုရင် တစ်နေ့ကျရင်တော့ မျိုးနွယ်စုများစွာကြားမှာ ပျက်စီးသွားကြမှာပဲ"
ရွှယ်အန်းသည် ချူရှောင်ယွင်ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်သည်။ အမျိုးသမီးတစ်ဦးထံမှ ဤကဲ့သို့သော ထိုးထွင်းသိမြင်မှုမျိုး ထွက်ပေါ်လာခြင်းသည် တကယ်ပင် ထူးခြားလှသည်။
ထိုအချိန်တွင် ကျိန်စာနတ်ဘုရားမ၏ မွေးနေ့ပွဲ ကျင်းပရန် ၅ ရက်သာ လိုတော့သည်။ ပွဲတော်၏ မကြုံစဖူး ကြီးမားကျယ်ပြန့်မှုကြောင့် ဧည့်သည်အများအပြား ရောက်ရှိနေကြပြီဖြစ်သည်။
နေရာအရပ်ရပ်မှ အစွမ်းထက် ကျင့်ကြံသူများကို ဧည့်ခံရန်အတွက် ကျိန်စာနတ်ဘုရားမ၏ တပည့်များကို စုပေါင်းစည်းရုံးကာ ဧည့်သည်တစ်ဦးချင်းစီအတွက် နေရာထိုင်ခင်း စီစဉ်ပေးစေသည်။
ချူရှောင်ယွင်နှင့် ရွှယ်အန်းတို့ တည်းခိုရာ နေရာချထားရေးစခန်းသို့ ရောက်ရှိလာချိန်တွင် အလုပ်ရှုပ်နေသော အမျိုးသမီးတပည့်အချို့သည် အနားရရုံ ရှိသေးသည်။
ချူရှောင်ယွင်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးတပည့်များသည် အံ့အားသင့် မသွားဘဲ မနေနိုင်ကြပေ။
"ချူ... ချူရှောင်ယွင်လား"
အမျိုးသမီးတပည့်တစ်ဦးက အံ့သြတကြီး ရေရွတ်လိုက်သည်။ သူမ စကားဆုံးသည်နှင့် ထိုအမျိုးသမီးတပည့်သည် သူမ၏ အမှားကို သတိပြုမိသွားသော်လည်း တည်ငြိမ်စွာပင် အခေါ်အဝေါ် ပြောင်းလိုက်သည်။
"စီနီယာအစ်မချူ... ပြန်ရောက်လာတာပဲ"
ချူရှောင်ယွင်သည် ထိုတုံ့ပြန်မှုများကို သတိမထားမိသကဲ့သို့ ခေါင်းအနည်းငယ်သာ ညိတ်ပြလိုက်သည်။
"ဒါက ဆရာ့ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့လာတဲ့ လူကြီးမင်းပါ၊ ကျေးဇူးပြုပြီး သူတည်းခိုဖို့ နေရာတစ်ခုလောက် စီစဉ်ပေးပါဦး"
"အိုး... ဟုတ်ကဲ့"
ထိုအမျိုးသမီးတပည့်သည် ရွှယ်အန်းကို တစ်ချက်လှမ်းကြည့်ပြီး စာရင်းကို စစ်ဆေးလိုက်သည်။
"စီနီယာအစ်မချူ... C တန်းက အခန်းလွတ်တစ်ခုတော့ ရှိတယ်၊ ဘယ်လိုသဘောရလဲ..."
ချူရှောင်ယွင်၏ မျက်နှာထား အေးစက်သွားသည်။
"ငါခေါ်လာတဲ့ ဧည့်သည်ကို Cတန်း အခန်းမှာ တည်းခိုစေချင်တာလား"
အမျိုးသမီးတပည့်၏ မျက်လုံးထဲတွင် မသိမသာ မထီမဲ့မြင်ပြုသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ဟန်ဆောင်ပြောဆိုသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"စီနီယာအစ်မချူ... ကျွန်မက အစ်မနဲ့ အစ်မရဲ့ဧည့်သည်ကို မလေးစားလို့ မဟုတ်ပါဘူး၊ အစ်မတို့ ရောက်လာတာ နောက်ကျလွန်းလို့လေ၊ Aတန်းနဲ့ Bတန်း အခန်းတွေ အကုန်ပြည့်သွားပြီ၊ အစ်မ မလိုချင်ဘူးဆိုရင်တော့ စောင့်ရမှာပဲ"
ချူရှောင်ယွင် ဒေါသထွက်လာသည်။ သူမသည် အရူးမဟုတ်ပေ။ အခန်းနေရာချထားပေးသော အမျိုးသမီးတပည့်၏ စကားထဲမှ ဖြစ်ကတတ်ဆန်း ပြောဆိုသော လေသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
သို့သော် သူမပေါက်ကွဲတော့မည့် ဆဲဆဲတွင် ရွှယ်အန်းက လျစ်လျူရှုသော ပုံစံဖြင့် ပြောလိုက်သည်။
"Cအဆင့် တံဆိပ်ပြားပဲ ထားလိုက်ပါ၊ ဒီလောက် သေးသိမ်တဲ့ ကိစ္စလေးအတွက် ငြင်းခုံနေစရာ မလိုပါဘူး"
ထိုစကားကို ကြားသောအခါ ချူရှောင်ယွင်၏ စိတ်မှာ အနည်းငယ် အေးသွားသည်။ သူမသည် ရင်ထဲမှ ဒေါသကို အတင်းဖိနှိပ်ကာ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
အမျိုးသမီးတပည့်၏ မျက်နှာတွင် ကျေနပ်သော အမူအရာပေါ်လာပြီး သစ်သားပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
"စီနီယာအစ်မချူက မြို့ထဲကို ရင်းနှီးပြီးသားဆိုတော့ ကျွန်မတို့ လိုက်ပို့စရာ မလိုတော့ဘူးပေါ့၊ အခန်းသော့ပြားကို ကိုယ့်ဘာသာပဲ ယူသွားလိုက်ပါတော့"
ချူရှောင်ယွင်၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေသည်။ သူမ ထပ်ပြီး ပြောဆိုနေရလည်း အလကားပဲဟု တွေးမိကာ အခန်းသော့ပြားကို ယူပြီး လှည့်ထွက်လာခဲ့သည်။ သို့သော် သူတို့နှစ်ဦး အခန်းထဲမှ ထွက်လိုက်သည်နှင့် အနောက်ဘက်မှ တခစ်ခစ် ရယ်မောသံများကို ကြားလိုက်ရသည်။
ထိုအသံက ချူရှောင်ယွင်၏ ဒေါသကို မီးလောင်ရာလေပင့် ဖြစ်စေသည်။ သူမသည် ကျိန်စာနတ်ဘုရားမ၏ လက်အောက်တွင် ဘေးဖယ်ခံထားရသူ တစ်ဦးဖြစ်သော်လည်း အနည်းဆုံးတော့ စီနီယာအစ်မကြီး တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။
ရွမ်ကျင်းရှိုးကဲ့သို့ တပည့်ရင်းများသာ သူမကို မထီမဲ့မြင် ပြုပိုင်ခွင့်ရှိသည်။ သို့သော် သာမန်တပည့်များကမူ သူမကို တွေ့လျှင် လေးစားမှု ပြသသင့်ပေသည်။ အံ့သြစရာကောင်းသည်မှာ ယခုသူမ ပြန်ရောက်လာသည့်အခါ ဤသာမန်တပည့်များပင် သူမကို မာနထောင်လွှားစွာ ဆက်ဆံရဲပြီး သူမကို ဆန့်ကျင်ရဲနေကြသည်။
ဤအချက်က ချူရှောင်ယွင်၏ ဒေါသကို လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားစေသည်။ ထိုအချိန်တွင် ရွှယ်အန်းက ဂရုမစိုက်သလို ပြောလိုက်သည်။
"မင်းက အကုန်လုံးကို လက်စားချေဖို့ စိတ်ကူးနေတာလား၊ ဒါမှမဟုတ် ဒီလောက် အရေးမပါတဲ့ ကိစ္စလေးတွေအပေါ် ပြဿနာရှာပြီး အချိန်ကုန်ခံနေဦးမှာလား"
ထိုစကားလုံးများသည် သူမကို တူဖြင့်ထုလိုက်သကဲ့သို့ ဖြစ်သွားစေပြီး ချူရှောင်ယွင် ချက်ချင်း သတိဝင်လာသည်။ သူမ၏ ဒေါသများသည် ရေခဲနှင့်နှင်းများ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့ ထွက်ခွာသွားကြသည်။
အခန်းထဲမှ အမျိုးသမီးတပည့် အနည်းငယ်သည် တက်ကြွစွာ ဆွေးနွေးလာကြသည်။
"ဟီးဟီး... ဒီ ချူရှောင်ယွင်က သူ့ကိုယ်သူ အစ်မကြီးလို့ ထင်နေတုန်းပဲလား၊ အရင်တုန်းကတော့ ဆရာက သူ့ကို အနည်းငယ် တန်ဖိုးထားခဲ့လို့ ငါတို့က ကြောက်ခဲ့ရတာ၊ အခုတော့ မေ့လျော့နယ်မြေကို အပို့ခံလိုက်ရပြီဟာကို... အခုထိ စီနီယာအစ်မကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လာဖိနေတုန်းပဲ၊ ကိုယ့်အခြေအနေကိုယ် တကယ် မသိတာပဲ"
တာဝန်ကျ အမျိုးသမီးတပည့်က လှောင်ပြောင်လိုက်သည်။
"ဟေး... အဲ့ဒီအမျိုးသားကကော ဘယ်သူလဲ"
အမျိုးသမီးတပည့်တစ်ဦးက မေးလိုက်သည်။
"နင်မကြားလိုက်ဘူးလား၊ အဲ့ဒါ ချူရှောင်ယွင် ကိုယ်တိုင် ဖိတ်ကြားလာတဲ့ ဂုဏ်သရေရှိ လူကြီးမင်းတဲ့လေ"
နောက်ထပ် အမျိုးသမီးတပည့်တစ်ဦးက သရော်လိုက်သည်။ ထိုစကားကြောင့် ကျန်သူများပါ ဝိုင်းရယ်ကြလေသည်။
"ဒီကောင်လေးက သူ့ကိုယ်သူတော့ အသိတရား ရှိပုံရပါတယ်၊ ဒါပေမဲ့ ယောကျ်ားတစ်ယောက် ဖြစ်ပြီးတော့ ဝင်မပြောရဲဘဲနဲ့ လူကြီးမင်းလို့ အခေါ်ခံရဲသေးတယ်၊ ရယ်စရာကောင်းလိုက်တာ"
တာဝန်ကျတပည့်မက ထပ်မံ လှောင်ပြောင်လိုက်သည်။
"ဟီးဟီး... ငါထင်တာတော့ ဆရာ့ရဲ့ ဒီနတ်ဘုရားမွေးနေ့ပွဲမှာ ချူရှောင်ယွင် ကံဆိုးပြန်တော့မယ် ထင်တယ်၊ သူ အသက်တောင် ဆုံးရှုံးသွားနိုင်တယ်"
"အို... ဘာလို့ အဲ့လိုပြောတာလဲ"
"ငါကြားတာတော့ ဆရာက မကြာခင် အဆင့်တက်တော့မလို့တဲ့၊ အဲ့ဒါကြောင့် ဒီမွေးနေ့ပွဲက ဒီလောက် ခမ်းနားနေတာပေါ့၊ စဉ်းစားကြည့်လေ... ချူရှောင်ယွင် အခုထိ အသက်ရှင်နေရတာက ဆရာက သူ့ရဲ့ မွေးရာပါ ပါရမီနဲ့ သွေးမျိုးဆက်ကို လိုချင်နေလို့၊ ဆရာသာ အဆင့်တက်သွားရင် သူက တန်ဖိုးမရှိတော့ဘူး၊ ငါတို့ဆရာရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူသေရမှာ မသေချာဘူးလား"
ထိုစကားကို ကြားသောအခါ အခန်းထဲရှိ လူတိုင်း ရုတ်တရက် နားလည်သွားကြသည်။
"သြော်... မဆန်းပါဘူး၊ ဒါကြောင့်ကိုး"
"ဟီးဟီး... ဒါဆို ချူရှောင်ယွင် ဘာလုပ်မလဲ ကြည့်ကြတာပေါ့"
သူတို့ စကားကောင်းနေစဉ် တံခါးအပြင်ဘက်မှ ရှုပ်ထွေးသော ခြေသံများကို ကြားလိုက်ရပြီးနောက် ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ သခင်လေး ချီဟုန်ပေါ်၊ ရွမ်ကျင်းရှိုးနှင့် လူတစ်စုတို့ ဝင်ရောက်လာကြလေသည်။