အခန်း (၁၀၇၈-၁၀၈၀)
Vol. 72 Ch. 1078-1080
အခန်း (၁၀၇၈) ကျောက်စိမ်းရတနာ စားသောက်ဖွယ်ရာ ပွဲတော်
အမျိုးသမီးတပည့်တစ်စုသည် ရွမ်ကျင်းရှိုးကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လေးနက်သွားကြပြီး ရိုသေလေးစားစွာ မတ်တတ်ရပ်လိုက်ကြသည်။
"စီနီယာအစ်မရွမ်..."
"စီနီယာအစ်မရွမ်ကို ဂါရဝပြုပါတယ်..."
နှုတ်ဆက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာလေသည်။ ရွမ်ကျင်းရှိုးက မာနကြီးစွာဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
"ဒါက ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က သခင်လေးချီပဲ၊ သူ့အတွက် ထိပ်တန်းအဆင့် နေရာထိုင်ခင်း စီစဉ်ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ... လောလောဆယ် ကောင်းကင် အဆင့် သတ်မှတ်ထားတဲ့ ဝင်းခြံတစ်ခု လွတ်နေပါတယ်၊ သခင်လေးချီ အခုပဲ တက်ရောက်တည်းခိုလို့ ရပါတယ်"
အစောက အခန်းမရှိပါဟု ပြောခဲ့သော အမျိုးသမီးတပည့်သည် ယခုအချိန်တွင်မူ မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ဝေဆာကာ ပြောလိုက်လေသည်။
ရွမ်ကျင်းရှိုးသည် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... ဒါဆို လမ်းပြပေးလိုက်တော့"
"ဟုတ်ကဲ့"
အမျိုးသမီးတပည့်က အလျင်အမြန် ပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အမြန်ပြောလိုက်သည်။
"စီနီယာအစ်မရွမ်... ချူရှောင်ယွင် ခုနလေးတင် ရောက်လာတယ်"
"ဟမ်..."
ရွမ်ကျင်းရှိုးသည် ထိုစကားကို ကြားသောအခါ လန့်ဖျပ်သွားသည်။
လှည့်ထွက်ရန် ပြင်နေသော ချီဟုန်ပေါ်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြန်လှည့်ကြည့်လာသည်။
"အဲ့ဒီ ချူရှောင်ယွင်ဆိုတာ ငါတို့ လမ်းမှာတွေ့ခဲ့တဲ့ မိန်းမလား"
ရွမ်ကျင်းရှိုးသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရဲခြင်း မရှိဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်ရသည်။
"ဟုတ်ပါတယ်..."
ချီဟုန်ပေါ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။
"စိတ်ဝင်စားစရာပဲ... ပျံသန်းလှေကို ထိန်းချုပ်မောင်းနှင်လာတဲ့ ငါ့ထက်တောင် သူက အရင်ရောက်နေပါလား"
ထို့နောက် သူက ဂရုမစိုက်သလို ပြောလိုက်သည်။
"ဒီည ကျောက်စိမ်းပွဲတော်ဆောင် မှာ အပျော်သဘော တွေ့ဆုံပွဲလေး လုပ်ဖို့ မိတ်ဆွေတွေဆီက ဖိတ်ကြားစာ ရထားတယ်၊ အချိန်ကျရင် အဲ့ဒီ ချူရှောင်ယွင်ကိုပါ ဖိတ်လိုက်ပါ"
ရွမ်ကျင်းရှိုးသည် ခေါင်းကို နက်ရှိုင်းစွာ ငုံ့လိုက်ပြီး သူမ မျက်လုံးထဲမှ အမုန်းတရားများကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမသည် တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ..."
"ဒါနဲ့... ဟိုကောင်လေးကိုပါ ဖိတ်ခဲ့"
"နားလည်ပါပြီ..."
ချီဟုန်ပေါ်သည် ပြုံးလိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။ သူထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွမ်ကျင်းရှိုးသည် လက်ကိုမြှောက်ကာ ထိုအမျိုးသမီးတပည့်၏ ပါးကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဖြောင်း!
"ခွေးမ... နင့်ပါးစပ်က ယားလို့ လျှောက်ပြောနေတာလား"
နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာသော ထိုအမျိုးသမီးတပည့်သည် သွေးကိုပင် သုတ်ရဲခြင်းမရှိဘဲ ငိုသံပါကြီးဖြင့် ပြောရှာသည်။
"စီနီယာအစ်မရွမ်... အစ်မပဲ အရင်တုန်းက မှာခဲ့တာလေ၊ ချူရှောင်ယွင်ရဲ့ လှုပ်ရှားမှု မှန်သမျှကို အချိန်မဆွဲဘဲ သတင်းပို့ရမယ် ဆိုပြီးတော့..."
ရွမ်ကျင်းရှိုးသည် ထိုစကားကို ကြားမှ အနည်းငယ် ကြောင်အသွားပြီး သူမ ထိုသို့ အမှန်တကယ် မှာခဲ့ဖူးသည်ကို သတိရသွားသည်။
သို့သော် ချက်ချင်းပင် သူမ ဒေါသပြန်ထွက်လာပြီး ကျန်လက်တစ်ဖက်ကို မြှောက်ကာ ထိုအမျိုးသမီးတပည့်ကို နောက်ထပ်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။ ထို့နောက် ကြမ်းတမ်းစွာ ပြောလိုက်လေသည်။
"ငါပြောနေတာကို နင်က ပြန်ပြောရဲသေးတာလား"
အမျိုးသမီးတပည့်မှာ ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားလေသည်။
"စီနီယာအစ်မရွမ်... ကျွန်မ မှားပါတယ်၊ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"
ရွမ်ကျင်းရှိုးက နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒီ ချူရှောင်ယွင် အခု ဘယ်မှာ တည်းခိုနေလဲ"
"စီနီယာအစ်မ ရွမ်... ကျွန်မ သူ့ကိုရော၊ သူခေါ်လာတဲ့ ကောင်လေးကိုရော C အဆင့် အမှတ် ၇ ဝင်းခြံမှာ နေရာချပေးထားပါတယ်"
" Cအဆင့် အခန်းပေါ့... ကောင်းတယ်၊ လုပ်တာကောင်းတယ်"
ရွမ်ကျင်းရှိုးသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်သွားလေသည်။
အကြောင်းမဲ့သက်သက် ပါးနှစ်ချက် အဆော်ခံလိုက်ရသော အမျိုးသမီးတပည့်မှာ အဆုံးတွင် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ထွက်ခွာသွားသော ရွမ်ကျင်းရှိုး၏ ကျောပြင်ကို မုန်းတီးသော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ကျိန်စာမြို့တော်၏ ထောင့်တစ်နေရာတွင် တည်ရှိသော Cအဆင့် ခြံသည် အမှန်တကယ်ပင် အခြေအနေ မကောင်းလှဘဲ နေ၍ရရုံသာ ရှိသည်။
ဤနေရာတွင် တည်းခိုရန် စီစဉ်ခံရသူများမှာ နတ်ဘုရားမျိုးနွယ်ဝင် သာမန်အဆင့်များ၊ နတ်ဘုရားအဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း အဆင့်များသာဖြစ်ပြီး စစ်မှန်အင်မော်တယ်အဆင့်သို့ ခြေတစ်လှမ်းလှမ်းထားသူများပင် မဟုတ်ကြပေ။
ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့သည် Cအဆင့် အမှတ် ၇ ခြံရှေ့တွင် ရပ်လိုက်သောအခါ လူအများအပြားက သူတို့ကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင်ပင်လျှင် ဤဝင်းခြံသည် အစုတ်ပြတ်ဆုံးဟု သတ်မှတ်ခံထားရသောကြောင့် ဖြစ်သည်။
သစ်သားတံခါးသည်ပင် စောင်းနေပြီး တွန်းလိုက်သည်နှင့် ပြုတ်ကျမတတ် ဖြစ်နေသည်။ ရွှယ်အန်းသည်တော့ ဤသည်ကို နည်းနည်းလေးမှ စိတ်မရှိပေ။ သို့သော် ချူရှောင်ယွင်မှာမူ အလွန်အမင်း ရှက်ရွံ့နေမိသည်။
"သခင်ကြီး..."
ရွှယ်အန်းက ပြုံးလိုက်သည်။
"ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးတာ ကြည့်ရတာ... သူတို့စရိုက်က R နိုင်ငံက လူတွေနဲ့ တော်တော်တူတာပဲ"
ထိုသို့ပြောကာ ရွှယ်အန်းသည် တံခါးကို ပေါ့ပေါ့ပါးပါး တွန်းဖွင့်ကာ ဝင်သွားလေသည်။ ချူရှောင်ယွင်မှာ အံ့သြသွားသော်လည်း အလျင်အမြန်ပင် နောက်မှ လိုက်ဝင်သွားသည်။
ခြံသည် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် လိုအပ်သည်များတော့ အဆင်သင့်ရှိနေသည်။ ယခုအချိန်တွင် ချူရှောင်ယွင်သည် အိမ်ဖော်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ နတ်ဘုရားစွမ်းအားများကို အသုံးပြုကာ အိမ်နှင့် ခြံကို သန့်ရှင်းရေး လုပ်လိုက်လေသည်။
အရာအားလုံး သပ်ရပ်သွားချိန်၌ပင် ရွမ်ကျင်းရှိုးမှာ ရောက်လာခဲ့သည်။ ခြံထဲသို့ ဝင်လာသည်နှင့် ရွမ်ကျင်းရှိုးသည် သူမ၏ ပါးစပ်ကို ချဲ့ကားပြီး အုပ်လိုက်လေသည်။
"ဘုရားရေ... ဒီကောင်တွေက ညီမလေးချူရဲ့ ဧည့်သည်ကို ဒီလိုနေရာမျိုးမှာ ထားရဲကြတယ်ပေါ့၊ တော်တော် လွန်တာပဲ"
ချူရှောင်ယွင်က သူမကို အေးစက်စွာ ကြည့်လိုက်သည်။
"ရွမ်ကျင်းရှိုး... နင် ဒီစကားလာပြောဖို့ သက်သက် လာတာလား"
ရွမ်ကျင်းရှိုးက တခစ်ခစ် ရယ်မောလိုက်ပြီး ခပ်လှမ်းလှမ်းတွင် လက်ဖက်ရည်သောက်နေသော ရွှယ်အန်းဆီသို့ တမင်တကာလိုလို အကြည့်ရောက်သွားသည်။
"ဒါပေါ့ မဟုတ်ပါဘူး ညီမလေးချူရယ်... ရှင့်အတွက် သတင်းကောင်းလေး ပါလာလို့ပါ"
"သတင်းကောင်း ဟုတ်လား"
"ဟုတ်တယ်၊ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်က သခင်လေးချီ၊ ချီဟုန်ပေါ်က ဒီည ကျောက်စိမ်းပွဲတော်ဆောင်မှာ လုပ်မယ့် တွေ့ဆုံပွဲလေးကို သူ့မိတ်ဆွေ ဂုဏ်သရေရှိ လူကြီးမင်းတွေနဲ့အတူ တက်ရောက်ဖို့ ရှင့်ကို အထူးဖိတ်ကြားလိုက်တယ်၊ ဒါ သတင်းကောင်း မဟုတ်လို့ ဘာလဲ"
ချူရှောင်ယွင်၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်ခုံးများ မြင့်တက်လာသည်။
"ရွမ်ကျင်းရှိုး... ဒါက နင့်အတွက် ဝမ်းသာစရာ ကိစ္စဖြစ်ရင် ဖြစ်မယ်၊ ဒါပေမဲ့ ငါစိတ်မဝင်စားဘူး၊ အဲ့ဒီ သခင်လေးချီ ဆိုတဲ့လူကို ပြန်ပြောလိုက်... ငါ့မှာ အချိန်မရှိဘူးလို့"
"အိုး..."
ရွမ်ကျင်းရှိုးက တိတ်တဆိတ် ဝမ်းသာသွားသည်။ ဤသည်မှာ သူမ လိုချင်နေသော ရလဒ်ပင် ဖြစ်သည်။
သူမအနေဖြင့် ချီဟုန်ပေါ်ဆိုသော သစ်ပင်ကြီးပေါ်သို့ မနည်းတက်ထားရာ ချူရှောင်ယွင်ကို အလွယ်တကူ တက်လှမ်းခွင့် ဘယ်ပေးနိုင်မည်နည်း
"ဒါဆိုရင်တော့ ကျွန်မ ပြန်ပြီး သခင်လေးချီကို ရှင့်စကားအတိုင်း ပြောလိုက်ပါ့မယ်။ ဒါပေမဲ့..."
ရွမ်ကျင်းရှိုးသည် ရွှယ်အန်းဘက်သို့ မထီမဲ့မြင် ကြည့်လိုက်သည်။
"သခင်လေးချီက ပြောသေးတယ်၊ ဒီလူကြီးမင်းကိုပါ ဖိတ်ခေါ်ပါတယ် တဲ့"
ရွမ်ကျင်းရှိုးသည် ရွှယ်အန်း လက်ခံလိမ့်မည်ဟု မထင်ထားပေ။ ဤကောင်လေး၏ ယခင်က အပြုအမူကို ကြည့်ပါက ဤသို့ဖိတ်ကြားမှုကို သူသေချာပေါက် လာရဲမှာ မဟုတ်ဟု သူမ တွေးထားသည်။
ထို့ကြောင့် ဤဖိတ်ကြားမှုကို ပြီးစလွယ် ပြောလိုက်ပြီးနောက် လှည့်ထွက်ရန် ပြင်လိုက်သည်။ မထင်မှတ်ထားစွာပင် ရွှယ်အန်းသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အနည်းငယ် ပြုံးလိုက်လေသည်။
"အို... ငါ့ကိုပါ ဖိတ်တယ်ပေါ့"
ရွမ်ကျင်းရှိုးသည် အနည်းငယ် ကြောင်အသွားသည်။
"ဟုတ်တယ်...၊ ဒီပွဲက သခင်လေးချီနဲ့အတူ ရှေးဟောင်းမျိုးနွယ်ကြီးတွေက ထိပ်တန်း အထက်တန်းလွှာတွေ စုဝေးကြမယ့် ပွဲလေးပါ၊ ရှင်က..."
ရွမ်ကျင်းရှိုး စကားမဆုံးလိုက်သော်လည်း သူမ ဆိုလိုရင်းက ရှင်းနေသည်။
တက်ရောက်ခွင့် ရှိသူများသည် ထူးခြားသော နောက်ခံရှိသူများ ဖြစ်သည်။ အကယ်၍ သူသွားချင်လျှင် ကိုယ့်အင်အားကိုယ် ချင့်ချိန်သင့်သည် ဟူသော သဘောဖြစ်သည်။ သို့သော် ရွှယ်အန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒါဆိုရင် နင့်ရဲ့ သခင်လေးချီကို ပြန်ပြောလိုက်ပါ၊ ငါ သေချာပေါက် လာခဲ့မယ်၊ မိန်းကလေးချူလည်း ငါနဲ့အတူ လိုက်လာလိမ့်မယ်လို့သာ ပြောလိုက်"
"ရှင်..."
ရွမ်ကျင်းရှိုး စိတ်ပျက်ဒေါသထွက်မှုကြောင့် ဆို့နင့်သွားသော်လည်း နောက်ထပ် စကားမပြောရဲတော့ပေ။ သူမသည် ရွှယ်အန်းကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။
သူမ ထွက်သွားပြီးနောက် ချူရှောင်ယွင်က နားမလည်နိုင်စွာ မေးလိုက်သည်။
"သခင်ကြီး... ဘာဖြစ်လို့ ဒီဖိတ်ကြားမှုကို လက်ခံလိုက်တာလဲ၊ ဒီသခင်လေးချီက ရည်ရွယ်ချက်ကောင်း မရှိဘူးဆိုတာ သခင်ကြီးလည်း သိသားနဲ့"
ရွှယ်အန်းသည် ပြုံးလိုက်သည်။
"သူ့မှာ ရည်ရွယ်ချက်ကောင်း မရှိဘူးဆိုတာ ငါသိတာပေါ့၊ ဒါပေမဲ့ ပွဲတော်စဖို့က ၅ ရက်တောင် လိုသေးတယ်၊ ဒီအတိုင်း ထိုင်နေရတာ ပျင်းစရာ မကောင်းလွန်းဘူးလား၊ အပျင်းပြေစရာ တစ်ခုလောက်တော့ ရှာရမှာပေါ့"
အကယ်၍ ချီဟုန်ပေါ်သာ သူသည် ရွှယ်အန်းအတွက် အပျင်းပြေစရာ ဖြစ်သွားမှန်း သိလိုက်လျှင် ဒေါသထွက်လွန်း၍ သွေးအန်မိမလား မပြောတတ်ပေ။
သို့သော် ယခုအချိန်တွင်မူ သူသည် တိမ်တိုက်ခုတင်ထက်၌ စိတ်ကျေနပ်စွာ ထိုင်နေပြီး လှပသော အစေခံမလေးများ၏ နှိပ်နယ်ပေးမှုကို ခံယူနေလေသည်။ ရွမ်ကျင်းရှိုး ပြန်ရောက်လာသောအခါ သူ အနည်းငယ် မော့ကြည့်လိုက်သည်။
"ဘယ်လိုလဲ... အဆင်ပြေလား"
ရွမ်ကျင်းရှိုးက တိုးညှင်းစွာ ပြောလိုက်သည်။
"သူတို့ သဘောတူလိုက်ပါတယ်"
ချီဟုန်ပေါ်သည် အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတယ်၊ မင်း တမင်သက်သက် ဖျက်လိုဖျက်ဆီး လုပ်မလားလို့ ငါတွေးနေတာ"
ရွမ်ကျင်းရှိုးသည် တိတ်ဆိတ်နေလိုက်သည်။ ချီဟုန်ပေါ်က ဂရုမစိုက်သလို ပြောလိုက်သည်။
"သွား ပြင်ဆင်တော့၊ ဒီည ကျောက်စိမ်းပွဲတော်ဆောင်မှာ တခြားဘယ်သူမှ မရှိစေနဲ့၊ ဆိုင်တစ်ခုလုံးကို ငါငှားလိုက်ပြီ”
အခန်း (၁၀၇၉) မျိုးနွယ်ကြီးများမှ ပါရမီရှင်များ စုဝေးခြင်း
ကျောက်စိမ်းပွဲတော်ဆောင်သည် ကျိန်စာမြို့တော်တွင် အဆင့်အမြင့်ဆုံး ဇိမ်ခံတည်းခိုခန်း ဖြစ်သည်။ အမြင့်ပေပေါင်းများစွာ မြင့်မားပြီး ၃၃ ထပ် ခွဲခြားထားကာ အထပ်တိုင်းသည် သီးခြားကမ္ဘာတစ်ခုသဖွယ် တည်ရှိသည်။
ရာထူးဂုဏ်ရှိန်နှင့် ကျင့်ကြံဆင့်မြင့်မားသူများသာ ဤနေရာတွင် လာရောက်စားသောက်နိုင်ကြပြီး အမှန်တကယ် အစွမ်းထက်သူများသာ ခြေချနိုင်သည့် နေရာဖြစ်သည်။
ထို့အပြင် ကျောက်စိမ်းပွဲတော်ဆောင်၏ နောက်ကွယ်မှ ပိုင်ရှင်သည် ကျိန်စာနတ်ဘုရားမ၏ အချစ်ဆုံးတပည့် မြို့စားမင်းအဖြစ် လူသိများသော ပုယန်ရုဖြစ်သည်ဟုလည်း ဆိုကြသည်။ ထို့ကြောင့် သူမ၏ အရှိန်အဝါသည် သာမန်မဟုတ်ပေ။
ညအချိန် ရောက်လာပြီး မီးရောင်စုံများ လင်းလက်လာသောအခါ ပုံမှန်ဆိုလျှင် စည်ကားနေတတ်သော ကျောက်စိမ်းပွဲတော်ဆိုင်သည် ယနေ့တွင်မူ ထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်နေသည်။
ကျောက်စိမ်းပွဲတော်ဆိုင်၏ အကြီးတန်းမန်နေဂျာသည် လက်အောက်ငယ်သား တစ်စုနှင့်အတူ ဝင်ပေါက်တွင် ရပ်နေလေသည်။
ရာထူးဂုဏ်ရှိန်၊ ကျင့်ကြံဆင့် မည်မျှပင်မြင့်ပါစေ လာရောက်စားသောက်သူများကို အထဲသို့ ဝင်ခွင့်မပေးဘဲ ယဉ်ကျေးသော်လည်း ပြတ်သားစွာဖြင့် ပြန်လွှတ်နေသည်။
လူအများစုက မကျေမနပ် ဖြစ်ကြသော်လည်း လက်ရှိမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ကြွယ်ဝချမ်းသာပြီး ဂုဏ်ရှိန်ကြီးမားသော ဧည့်သည်တစ်ဦးက ဆိုင်တစ်ခုလုံးကို ငှားရမ်းထားကြောင်း ရှင်းလင်းစွာ သိလိုက်ရသဖြင့် မတတ်သာဘဲ ပြန်လှည့်ထွက်သွားကြရသည်။
သို့သော် မိမိကိုယ်မိမိ ဂုဏ်ရှိန်ကြီးသည်ဟု ယူဆသူ အများအပြားကမူ ငြင်းပယ်ခံရသည်ကို လက်မခံနိုင်ဘဲ ကျောက်စိမ်းပွဲတော်ဆိုင်၏ လုပ်ရပ်သည် ၎င်းတို့၏ သိက္ခာကို စော်ကားသည်ဟု ယူဆကာ ဒေါသတကြီး မေးခွန်းထုတ်ကြတော့သည်။
"ဘာ... ငါတောင် ဝင်မရဘူး ဟုတ်လား၊ မင်းတို့ကောင်တွေ မျက်လုံးကန်းနေကြတာလား... ဒီသခင်လေးကို မမှတ်မိကြဘူးလား"
ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားပြီး အစွမ်းထက်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည့် အမျိုးသားတစ်ဦးက အေးစက်စွာ မေးလိုက်သည်။
"သခင်လေးယွဲ့... ခင်ဗျားကို ကျွန်တော်တို့ မှတ်မိတာပေါ့၊ ဒါပေမဲ့ ဒီနေ့က တကယ်ကို ထူးခြားတဲ့ နေ့တစ်နေ့မို့ပါ၊ ပြင်ပလူ ဘယ်သူ့ကိုမှ အဝင်မခံနဲ့လို့ အထက်က အမိန့်ရထားလို့ပါခင်ဗျာ၊ တကယ်ပဲ တောင်းပန်ပါတယ်"
အကြီးတန်းမန်နေဂျာက ရိုသေလေးစားမှုဖြင့် ခေါင်းကို အနည်းငယ်ညွတ်ကာ ပြောလိုက်သည်။
"ပြင်ပလူ? ငါက ပြင်ပလူလို့ သတ်မှတ်ခံရတာလား"
ထိုစကားကို ကြားသောအခါ သခင်လေးယွဲ့ ပို၍ ဒေါသထွက်လာပြီး အထဲသို့ အတင်းဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ အကြီးတန်းမန်နေဂျာသည် ရှေ့သို့ ညင်သာစွာ တိုးလိုက်ပြီး လမ်းကိုပိတ်ကာ လေးစားစွာ ပြောလိုက်သည်။
"သခင်လေးယွဲ့... ဒီစကားက နားထောင်ရ ခက်ကောင်းခက်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီနေ့ ကျောက်စိမ်းပွဲတော်ဆောင်ကို ငှားထားတဲ့သူက အလွန်အမင်း ထူးခြားတဲ့ ဂုဏ်ပုဒ်ရှိသူမို့လို့ သခင်လေး တကယ်ပဲ ဝင်လို့မရပါဘူး"
"ဖယ်စမ်း... ဒီနေ့ ဘယ်ကောင်ကများ ဒီလောက် အရေးပါနေလဲ ငါကြည့်ချင်သေးတယ်၊ ဒီသခင်လေးယွဲ့ကိုတောင် မျက်နှာသာမပေးရဲလောက်အောင် သူတို့သတ္တိက ဘယ်လောက်ရှိလဲ သိချင်စမ်းပါရဲ့"
ပြောပြောဆိုဆိုဖြင့် သခင်လေးယွဲ့သည် ရှေ့သို့ တိုးဝင်ကာ အတင်း ဝင်ရောက်ရန် ကြိုးစားလေသည်။ အကြီးတန်းမန်နေဂျာ၏ မျက်နှာတွင် အခက်တွေ့သော အရိပ်အယောင်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သခင်လေးယွဲ့သည် ထျန်းကျောက်နယ်ပယ်မှ အဆင့်မြင့် နတ်ဘုရားတစ်ပါး၏ မျိုးဆက်ဖြစ်ပြီး ကျိန်စာမြို့တော်သို့ အပျော်အပါးအတွက် မကြာခဏ လာရောက်လေ့ရှိရာ သူ့ကို ပြစ်မှားရန် ခက်ခဲသောကြောင့် ဖြစ်သည်။
ထိုစဉ် အလင်းတန်းတစ်ခုသည် ကျောက်စိမ်းပွဲတော်ဆောင်၏ အရှေ့သို့ ပျံသန်းရောက်ရှိလာပြီး မြေပြင်သို့ ဆင်းသက်လိုက်ရာ ခန္ဓာကိုယ် အဖုအထစ် အကောက်အကွေး ပေါ်လွင်ပြီး အဝတ်အစား နည်းပါးစွာ ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော မိန်းမလှတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမ ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ လူအားလုံး တိတ်ဆိတ်သွားကြသည်။
ထိုအမျိုးသမီးသည် ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်ပြီး ပါးစပ်ကို ညင်သာစွာ အုပ်လျက် မာယာကြွယ်စွာ ရယ်မောလိုက်သည်။ ထို့နောက် ကျောက်စိမ်းပွဲတော်ဆောင်ဆီသို့ ကျက်သရေရှိစွာ လျှောက်လှမ်းသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အပေါက်ဝကို ပိတ်ထားသော မန်နေဂျာများသည် ချက်ချင်းပင် လမ်းဖယ်ပေးလိုက်ပြီး ဘေးတစ်ဖက်စီတွင် ရိုသေစွာ ရပ်လိုက်ကြသည်။
အစောက မာနထောင်လွှားနေသော သခင်လေးယွဲ့ပင်လျှင် ယခုအခါ ကြောင်အသွားပြီး ထိုအမျိုးသမီး အထဲသို့ ဝင်ရောက်သွားသည်ကို ငေးကြည့်နေမိသည်။ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ သခင်လေးယွဲ့သည် တုန်လှုပ်သွားပြီး တံတွေးကို မျိုချကာ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
"ဒါ... ဒါက ဒီညလာတဲ့ ဧည့်သည်လား"
အကြီးတန်းမန်နေဂျာက သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။
"သခင်လေးယွဲ့... သူက ဒီညလာမယ့် ဧည့်သည်တွေထဲက တစ်ယောက်ပဲ ရှိပါသေးတယ်၊ နောက်ထပ်လည်း လာဖို့ရှိပါသေးတယ်၊ ပြီးတော့ ဒီညပွဲရဲ့ အိမ်ရှင်က..."
အကြီးတန်းမန်နေဂျာသည် သခင်လေးယွဲ့၏ နားနားသို့ ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
ထိုအရာကို ကြားလိုက်ရသောအခါ သခင်လေးယွဲ့၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားသည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူကာ နောက်သို့လှည့်ပြီး ပြန်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။
သူ့အဆင့်အတန်းသည် မြင့်မားသည်ဟု ထင်ရသော်လည်း ဒီည တက်ရောက်မည့်သူများနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေလို ကွာခြားကြောင်း သူ ကောင်းကောင်း သိလိုက်ရပြီ ဖြစ်သည်။
ဥပမာအားဖြင့် အစောက ရောက်လာသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်မှ မျိုးဆက်သစ် ပါရမီရှင်များကြားတွင် ကျော်ကြားသော ကျုံးအန်းအန်းဖြစ်သည်။
ထိုသို့သော တည်ရှိမှုမျိုးသည် သူ မှန်းဆနိုင်သည့် အရာမဟုတ်ပေ။
ကျုံးအန်းအန်း ကျောက်စိမ်းပွဲတော်ဆောင်၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိပြီး ထိုင်ခုံတွင် နေရာမယူရသေးခင်မှာပင် တောက်ပသော အလင်းတန်းများ ပေါ်ထွက်လာပြီး နောက်ထပ် လူတစ်ဦး ရောက်ရှိလာသည်။
ထိုသူသည် တစ်ကိုယ်လုံးမှ မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေပြီး စက္ကူကဲ့သို့ ဖြူဖျော့သော မျက်နှာထားကြောင့် ကြည့်လိုက်သည်နှင့် တစ္ဆေသရဲ တစ်ကောင်နှင့် တူနေသည်။
ထိုအမျိုးသားက ကျုံးအန်းအန်းကို မြင်လိုက်ရသောအခါ ပြုံးလိုက်သည်။
"ငါတို့ နည်းနည်း စောရောက်နေပုံရတယ်၊ လူရှင်းတုန်းလေး... နတ်မိမယ်၊ ငါတို့ ကျင့်ကြံရင်း ပျော်ပကြမလား"
ကျုံးအန်းအန်းသည် ခန္ဓာကိုယ် တုန်ခါသွားသည်အထိ ရယ်မောလိုက်သော်လည်း သူမ၏ မျက်လုံးများကမူ ရေခဲတမျှ အေးစက်နေသည်။
"ကျီဟောင်ချုံး... နှစ်တွေအများကြီး ကြာသွားပြီ၊ ရှင်က အရင်အတိုင်းပဲနော်၊ ကျင့်ကြံမယ်ဆိုလည်း ကျွန်မ ကန့်ကွက်စရာ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်မ ရှင့်ကို ခြောက်ကပ်သွားအောင် စုပ်ယူလိုက်မှာ မကြောက်ဘူးလား"
အကယ်၍ အခြားသူများသာ ရှိနေခဲ့လျှင် ထိုစကားကို ကြားပြီး လန့်ဖျပ်သွားကြမည်မှာ အသေအချာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားသည် ဝူထုန် နတ်ဘုရားဂိုဏ်း၏ သခင်လေး ကျီဟောင်ချုံး ဖြစ်သောကြောင့်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ ကျီဟောင်ချုံးသည် မြွေတစ်ကောင်ကဲ့သို့ လျှာကိုထုတ်ကာ အက်ကွဲနေသော နှုတ်ခမ်းများကို သပ်လိုက်လေသည်။
"မစမ်းသပ်ကြည့်ဘဲနဲ့ ဘယ်သူက ဘယ်သူ့ကို စုပ်ယူမလဲဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ"
ကျုံးအန်းအန်း၏ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူမသည် ထိုက်ယင် နတ်ဘုရားမျိုးနွယ်၏ ကောင်းကင်ဂုဏ်ဆောင် တစ်ဦးအနေဖြင့် အပျော်အပါးမက်သူဟု ထင်ရသော်လည်း သူမ၏ ဆန်းကြယ်သော အရာဆီကို မည်သူမျှ ကျူးကျော်ခွင့်မရှိပေ။ သို့မဟုတ်ပါက သူမ၏ ကျင့်ကြံဆင့်တွင် ဆိုးကျိုးများ ဖြစ်ပေါ်ပြီး ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်ပေသည်။
[အရာဆိုတာ အဲ့အရာပါပဲ🌚]
ထို့ကြောင့် သူမ အလွန် မကျေမနပ် ဖြစ်သွားသည်။
ထိုစဉ် ရယ်မောသံများနှင့်အတူ လူရိပ်အများအပြား အလျင်အမြန် ရောက်ရှိလာကြသည်။
အသစ်ရောက်လာသူများသည် ကိုယ်ပိုင်နယ်မြေအသီးသီးကို ကာကွယ်စောင့်ရှောက်နေကြသော ပါရမီရှင်များ ဖြစ်ကြပြီး အချင်းချင်း ရင်းနှီးသူများ ဖြစ်သဖြင့် ထိုကိစ္စကို ခေတ္တခဏ ဘေးဖယ်ထားလိုက်ကြသည်။
အခန်းတွင်း၌ သက်ဝင်လှုပ်ရှားလာပြီး စိတ်ဓာတ်တက်ကြွနေသော ပါရမီရှင်များသည် အားပါးတရ ဆွေးနွေးပြောဆိုနေကြသည်။ ထိုအချိန်တွင် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးသည် ယပ်တောင်ကို ဖြန့်ခတ်ကာ ရယ်မောလိုက်သည်။
"သခင်လေးချီက ငါတို့ ဒီပွဲကို ဘာအကြောင်းကြောင့် ဖိတ်လဲဆိုတာ သိချင်မိတယ်"
"ဆံပင်ဖြူနဲ့ စကားများတဲ့ကောင်ရာ... စားသောက်ပွဲတစ်ခုကို ပျော်ပျော်ပါးပါး စားဖို့အတွက် ဘာအကြောင်းပြချက် လိုသေးလို့လဲ၊ သခင်လေးချီက အိမ်မှာပဲ တောက်လျှောက် ကျင့်ကြံနေခဲ့တာလေ၊ အခုမှ အပြင်ထွက်လာရတော့ ငါတို့နဲ့အတူ အပန်းဖြေပြီး တွေ့ဆုံပွဲ လုပ်ချင်တာ နေမှာပေါ့၊ ဟုတ်တယ်မလား"
အသားမည်းမည်း လူကောင်ကြီးကြီးနှင့် လူတစ်ယောက်က ရယ်မောပြောဆိုလိုက်သည်။
"ကျွတ်... ကျွတ်... ငါကြားတာတော့ ကျိန်စာနတ်ဘုရားမက သခင်လေးချီရဲ့ တပည့်မလေးကို ဖိတ်လိုက်တယ်တဲ့၊ အဲ့ဒီကောင်မလေးက သခင်လေးချီရဲ့ လက်ရာမကင်းတော့ဘူး ဆိုလားပဲ... မင်းတို့ သိကြလား"
အခြားတစ်ယောက်က ရယ်မောကာ ဝင်ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ အဖြူရောင်ဝတ်စုံနှင့် လူငယ်မှလွဲ၍ ကျန်သော အမျိုးသားများ၏ မျက်လုံးများ အရောင်တောက်သွားကြသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်ကမူ ကျုံးအန်းအန်းကို လှည့်ကြည့်လိုက်သည်။
"မိန်းကလေးကျုံး..."
ကျုံးအန်းအန်းက မူရာမာယာကြွယ်စွာ ပြုံးလိုက်သည်။
"ကျွန်မကို အားနာစရာ မလိုပါဘူး၊ ပြောချင်တာ ပြောကြပါ... ကျွန်မလည်း စိတ်ဝင်စားနေတာပဲ"
"ဟုတ်တယ်လေ... နတ်မိမယ်က ဒီလိုကိစ္စတွေကို စိတ်ဆိုးနေဦးမှာလား"
အသားမည်းနှင့် လူကောင်ကြီးကလည်း ပြုံးစိစိဖြင့် ပြောလိုက်သည်။ အခန်းတစ်ခုလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။ ထိုစဉ် တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဘာတွေများ ဆွေးနွေးပြီး ပျော်နေကြတာလဲ"
ထိုအသံနှင့်အတူ ပြတင်းပေါက် အပြင်ဘက်မှ လရောင်ကို နင်းလျှောက်လျက် လူရိပ်အချို့ အခန်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။ ဦးဆောင်လာသူမှာ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်၏ သခင်လေး ချီဟုန်ပေါ်ပင်ဖြစ်သည်။ အခန်းထဲရှိ လူအားလုံး ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။
"မင်္ဂလာပါ သခင်လေးချီ..."
"သခင်လေးချီကို နှုတ်ခွန်းဆက်သပါတယ်..."
ချီဟုန်ပေါ်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ဂရုမစိုက်သလို ခေါင်းညိတ်ပြလိုက်သည်။
"နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်၊ စောင့်နေပေးကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်"
ဤနေရာရှိ လူများထဲတွင် အဆင့်အတန်းနှင့် ကျင့်ကြံဆင့် အမြင့်ဆုံးသူ ဖြစ်သောကြောင့် အားလုံးက ပြုံးရွှင်စွာဖြင့် ပြောကြသည်။
"သခင်လေးချီက ယဉ်ကျေးလွန်းနေပါပြီ"
ကျီဟောင်ချုံး တစ်ယောက်သာ တိတ်ဆိတ်နေခဲ့ပြီး ချီဟုန်ပေါ် ဘေးနားရှိ ရွမ်ကျင်းရှိုးကို မြင်လိုက်ရမှ မျက်လုံးများ အနည်းငယ် တောက်ပလာကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
"သခင်လေးချီ... ဒီအမျိုးသမီးက..."
ချီဟုန်ပေါ်သည် ခေါင်းညိတ်လိုက်သည်။
"ဘာလဲ... သခင်လေးကျီက စိတ်ဝင်စားလို့လား၊ ကြိုက်ရင် ယူလိုက်လေ... ကျောက်စိမ်းပွဲတော်ဆောင်က ဝူထုန်နတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်လောက်ကိုတော့ ဂရုစိုက်နေမှာ မဟုတ်ပါဘူး”
အခန်း (၁၀၈၀) ငါက ဘယ်သူ့ကိုမှ ရည်ရွယ်ပြောနေတာ မဟုတ်ပါဘူး၊ ဒီမှာထိုင်နေတဲ့ လူတိုင်းက အမှိုက်တွေလို့ ပြောချင်ရုံသက်သက်ပါ
ထိုစကားကို ကြားလိုက်ရသောအခါ ရွမ်ကျင်းရှိုး၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။
"သခင်လေးချီ..."
သို့သော် ကျီဟောင်ချုံးကမူ ပြုံးဖြဲဖြဲလုပ်ကာ ရယ်မောလိုက်လေသည်။
"ငါ့မှာ အကျင့်တစ်ခုရှိတယ်၊ တခြားသူတွေ သုံးပြီးသားအရာဆို ဘယ်တော့မှ မထိဘူး၊ အထူးသဖြင့် မိန်းမတွေပေါ့"
ထိုစကားကို ကြားသောအခါ ချီဟုန်ပေါ်သည် အားပါးတရ ရယ်မောလိုက်သည်။
"သခင်လေးကျီ ပြောတာ အမှန်ပဲ၊ ကြည့်ရတာ ငါလည်း နောက်ဆိုရင် ငါ့အကျင့်ကို ပြင်ရတော့မယ် ထင်တယ်"
ထိုသို့သော စကားလုံးများ၏ ရိုက်ခတ်မှုအောက်တွင် ရွမ်ကျင်းရှိုးသည် ခေါင်းငုံ့ထားရုံမှတစ်ပါး ဘာမျှမတတ်နိုင်ရှာပေ။ သူမ၏ မျက်နှာတစ်ခုလုံး သွေးစက်ကျမတတ် နီမြန်းနေလေသည်။
ထိုအချိန်တွင် သေသပ်လှပစွာ ဝတ်ဆင်ထားသော ရုပ်ရည်ချောမောသည့် အစေခံမိန်းကလေးများသည် ဟင်းပွဲများကို အဆက်မပြတ်အောင် လာရောက်ချပေးကြသည်။
အလွန်တရာ အဖိုးတန်သော ပါဝင်ပစ္စည်း အမျိုးမျိုးကို စေ့စပ်သေချာစွာ ချက်ပြုတ်ထားသဖြင့် မွှေးကြိုင်သော ရနံ့များ သင်းပျံ့နေသည်။
စားပွဲပေါ်တွင် ပေါ့ပါးစွာ တင်လိုက်သော မည်သည့်ဟင်းပွဲမဆိုသည် သာမန်ကျင့်ကြံသူတစ်ဦး၏ တစ်သက်တာ ပိုင်ဆိုင်မှု ပမာဏနှင့် ညီမျှနေပေလိမ့်မည်။
သို့သော် ဤမျှ ဖြုန်းတီးသုံးစွဲထားသော ဇိမ်ခံပစ္စည်းများကို ရင်ဆိုင်ရချိန်တွင် မျိုးနွယ်ကြီးများမှ သခင်လေးများသည် ပုံမှန်ကိစ္စတစ်ခုကဲ့သို့ပင် ဂရုမစိုက်ဘဲ နေကြသည်။
"သခင်လေးချီ... ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို ကိုယ်စားပြုပြီး ဒီကို ရောက်လာတယ် ဆိုကတည်းက သခင်လေးရဲ့ နေရာက ခိုင်မာနေပြီ ဆိုတာ သိသာပါတယ်၊ မကြာခင်မှာ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကို တရားဝင် ရယူနိုင်တော့မယ် ထင်ပါရဲ့၊ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ကို ကူညီပါဦးနော်"
ကြေးနီရောင် အသားအရေနှင့် လူကောင်ကြီးက မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ချီဟုန်ပေါ်က မာနကြီးစွာ ရယ်မောလိုက်သည်။
"အစ်ကိုကြီးလီက ယဉ်ကျေးလွန်းနေပါပြီ၊ ငါသာ ကောင်းကင်မီးတောက် နတ်ဘုရားမျိုးနွယ်ကို ဦးဆောင်ခွင့်ရရင် အရာအားလုံး အဆင်ပြေစေရမယ်"
ထိုလူကောင်ကြီးသည် ဝမ်းသာအားရ ဖြစ်သွားပြီး ခွက်ကို မြှောက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေးချီ"
ထိုသို့ပြောပြီးသည်နှင့် သူသည် ခွက်ထဲမှ အရည်များကို မော့သောက်လိုက်ရာ သူ၏ အမူအရာနှင့် အပြုအမူများတွင် ဖားလိုသည့် ပုံစံများ အပြည့်နှက်နေသည်။
အကယ်၍ ဒးဤလူကောင်ကြီးကို သိသောသူသာ ဒီမြင်ကွင်းကို မြင်လိုက်ရပါက တုန်လှုပ်သွားကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လီကန်းဟု အမည်ရသော ဤလူကောင်ကြီးသည် အင်အားနတ်ဘုရားကျောင်းတော်၏ နံပါတ်တစ် တပည့်ရင်းဖြစ်ပြီး သူ့နယ်ပယ်တွင် ထိပ်သီးခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ချီဟုန်ပေါ်၏ ရှေ့မှောက်တွင် ခယဝပ်တွားနေသော ပုံစံက နတ်ဘုရားနယ်ပယ်၌ အစွမ်းထက်သူကသာ အရာရာကို လွှမ်းမိုးသည် ဆိုသော အယူအဆ မည်မျှ နက်ရှိုင်းနေကြောင်း ပြသနေသည်။
ထိုအချိန်တွင် စက္ကူယပ်တောင်ကို ခတ်နေသော အဖြူရောင် ဝတ်စုံနှင့် လူငယ်က ပြုံးလျက် ပြောလိုက်သည်။
"သခင်လေးချီ... ထိုင်ခုံတစ်လုံး လွတ်နေသေးတာ မြင်တယ်၊ နောက်ထပ် လူလာဖို့ ရှိသေးလား"
လူတိုင်း နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် ထိုင်ခုံတစ်လုံး လွတ်နေသေးသည်။ ချီဟုန်ပေါ်က ရယ်မောလိုက်သည်။
"ညီအစ်ကိုပိုင်က တကယ့်ကို အကဲခတ်တော်တာပဲ၊ ဟုတ်တယ်... နောက်ထပ် လူတစ်ယောက် လာဖို့ရှိတယ်"
လူအုပ်ကြီးက တီးတိုး ရေရွတ်လိုက်ကြသည်။ အဖြူရောင်ဝတ်စုံနှင့် လူငယ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ကျိန်စာမြို့တော်ကို ရောက်နေတဲ့ မျိုးနွယ်ကြီးတွေက ပါရမီရှင်တွေ အကုန်လုံး ဒီရောက်နေကြပြီလေ၊ နောက်ထပ် ဘယ်သူများ ကျန်နေသေးလို့လဲ"
အဖြူရောင်ဝတ်စုံနှင့် လူငယ်၏ နာမည်မှာ ပိုင်ချုံးဖြစ်ပြီး ရှေးဟောင်းသိုင်းနတ်ဘုရားမျိုးနွယ်၏ တရားဝင် အမွေခံဖြစ်သည်။ သူ၏ ကျယ်ပြန့်သော လူမှုအသိုင်းအဝိုင်းကြောင့် ကျိန်စာမြို့တော်သို့ ရောက်ရှိလာသော အစွမ်းထက် ပုဂ္ဂိုလ်များကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။
ထို့ကြောင့် ချီဟုန်ပေါ် စောင့်ဆိုင်းနေသောသူမှာ မည်သူဖြစ်မည်ကို သူ သိချင်နေခြင်း ဖြစ်သည်။ ချီဟုန်ပေါ်က ခေါင်းခါလိုက်သည်။
"မျိုးနွယ်ကြီးတွေက ပါရမီရှင် မဟုတ်ပါဘူး၊ မိန်းမတစ်ယောက်ပါ"
လူအုပ်ကြီးသည် ပထမတော့ ကြောင်အသွားပြီးမှ ရုတ်တရက် သဘောပေါက်သွားကြသည်။ လီကန်းက လှောင်ပြောင်လိုက်သည်။
"သခင်လေးချီက ထိုင်ခုံချန်ထားတယ် ဆိုလို့ ဘာများလဲလို့၊ မိန်းမတစ်ယောက်အတွက် ဖြစ်နေတာကိုး"
ပိုင်ချုံးလည်း ပြုံးလိုက်သည်။
"ဒါဆိုရင်တော့ ဒီနေ့ သခင်လေးချီ သဘောကျနေတဲ့ မိန်းကလေးက ဘယ်လောက်လှလဲ ဆိုတာ ကြည့်ရတော့မှာပဲ"
ထိုစဉ် လှေကားထစ်များဆီမှ ခြေသံများ ကြားလိုက်ရသည်။ ထို့နောက် ရွှယ်အန်းနှင့် ချူရှောင်ယွင်တို့ ဖြည်းညင်းစွာ တက်လာကြသည်။
တစ်ခဏအတွင်း မျက်လုံးအားလုံးသည် ချူရှောင်ယွင်ထံသို့ စုပြုံရောက်ရှိသွားသည်။ ချူရှောင်ယွင် အသုံးပြုထားသော ရုပ်ဖျက်အတတ်သည် မျိုးနွယ်ကြီးများမှ သခင်လေးများအပေါ်တွင် အလုပ်မဖြစ်ပေ။
ထို့ကြောင့် အနည်းငယ် အကဲခတ်ကြည့်ရုံဖြင့် ဝေဖန်အပိုင်းခြားဆုံးသော သူများပင်လျှင် အသိအမှတ်ပြု ခေါင်းညိတ်လိုက်ကြရသည်။ အမှန်တကယ်ပင် သူမသည် ပြိုင်ဘက်ကင်း အလှပိုင်ရှင် ဖြစ်ပေသည်။
အထူးသဖြင့် မြွေတစ်ကောင်ကဲ့သို့ သွယ်လျကောက်ကြောင်းပီပြင်သော သူမ၏ ကိုယ်လုံးသည် ယောကျ်ားများ အနှစ်သက်ဆုံး ပုံစံဖြစ်သည်။ ယှဉ်ကြည့်လိုက်လျှင် သူမဘေးနားမှ ရွှယ်အန်းသည် အလွန် သာမန်ဆန်နေသည်။
ကျုံးအန်းအန်း တစ်ဦးတည်းသာ ချူရှောင်ယွင်ကို အနည်းငယ် ကြည့်ပြီးနောက် ရွှယ်အန်းအပေါ် အာရုံစိုက်လိုက်သည်။
အထူးသဖြင့် ထိုလူငယ်၏ ပုံစံမှာ ရိုးရှင်းသော်လည်း သူ၏ မျက်လုံးများက ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းပြီး တည်ငြိမ်နေသည်ကို သတိထားမိလိုက်သောအခါ သူမ အံ့သြသွားသည်။ ထို့နောက် သူမ စိတ်ဝင်စားစွာ ပြုံးလိုက်လေသည်။
ထိုအချိန်တွင် ပိုင်ချုံးသည် စက္ကူယပ်တောင်ကို ဖျပ်ခနဲ မြည်အောင် ပိတ်လိုက်ပြီး သဘောကျစွာ ရေရွတ်လိုက်သည်။
"တကယ့်ကို သခင်လေးချီ စိတ်ဝင်စားလောက်တဲ့ မိန်းကလေးပါပဲ၊ တကယ့်ကို နတ်သမီးလေးလို လှတာပဲဗျာ၊ ကြည့်ချင်စဖွယ်ပါပဲ"
ထိုစကားကြောင့် လူတိုင်း သတိဝင်လာကြသည်။
"ဟုတ်တယ် ဟုတ်တယ်... ရှောင်ပိုင်ပြောတာ အမှန်ပဲ"
"တကယ်ကို ရင်သပ်ရှုမောစရာ အလှပါပဲကွာ"
မျိုးနွယ်ကြီးများမှ မာနကြီးသော သခင်လေးများ အားလုံး ဝိုင်းဝန်း ဩဘာပေးကြသည်။
ချီဟုန်ပေါ်၏ အနောက်တွင် ကိုယ်ပိုင်ထိုင်ခုံပင်မရှိဘဲ မတ်တတ်ရပ်နေရသော ရွမ်ကျင်းရှိုးသည် သူတို့၏ ချီးကျူးသံများကို ကြားသောအခါ မနာလိုဝန်တိုစိတ်ကြောင့် ရူးသွပ်မတတ် ဖြစ်လုနီးပါး ဖြစ်သွားသည်။
ဘာဖြစ်လို့ ဒီကောင်မစုတ်က ငါ့ထက် မျိုးရိုးနိမ့်ကျပြီး ကျင့်ကြံဆင့် နိမ့်နေတာတောင် ငါ့ထက် အမြဲတမ်း သာလွန်နေရတာလဲ...
သို့သော် ဤခံစားချက်များကို သူမသည် ရင်ထဲ၌သာ မျိုးသိပ်ထားရပြီး အပြင်ဘက်သို့ ထုတ်မပြရဲပေ။ ထို့ကြောင့် မည်သူမျှ သူမကို သတိမထားမိကြပေ။
ထိုအချိန်တွင် ချီဟုန်ပေါ်၏ မျက်လုံးများပင် အံ့သြမှုကြောင့် အရောင်တောက်သွားပြီးနောက် မာနကြီးစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မိန်းကလေးချူ... ငါတို့ မင်းကို စောင့်နေကြတာ၊ ထိုင်ပါဦး"
ချီဟုန်ပေါ်သည် ကိုယ်ကို အနည်းငယ်ကိုင်းကာ လက်ဖြန့်ပြီး ဖိတ်ခေါ်လိုက်သည်။ ထိုအပြုအမူကြောင့် လူအုပ်ကြီးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
သို့သော် ချူရှောင်ယွင်ကမူ မည်သည့် တုံ့ပြန်မှုမှ မပြဘဲ မျက်လွှာကိုချကာ ဘေးသို့ ဖယ်လိုက်လေသည်။
ဟေး... ဒါ ဘာသဘောလဲ
လူအများအပြား နားမလည်နိုင် ဖြစ်သွားကြသည်။ ထိုအချိန်တွင် ရွှယ်အန်းသည် အေးဆေးတည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်လာခဲ့သည်။
ထိုအခါမှသာ လူအများစုသည် ချူရှောင်ယွင်၏ ဘေးနားမှ ရွှယ်အန်းကို သတိပြုမိသွားကြပြီး အနည်းငယ် အံ့အားသင့်သွားကြသည်။
သူက ဘာလုပ်မလို့လဲ...
သူတို့ သံသယများ မြင့်တက်လာနေစဉ်မှာပင် ရွှယ်အန်းသည် စားပွဲဆီသို့ လျှောက်သွားပြီး ထိုင်ခုံတွင် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရသည်။
တစ်နေရာလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
လူအများအပြား၏ မျက်နှာထား ပြောင်းလဲသွားပြီး မျက်လုံးအားလုံးသည် ချီဟုန်ပေါ်ထံသို့ ပြိုင်တူ ရောက်သွားကြသည်။
သူတို့အမြင်တွင် ဤလူငယ်၏ လုပ်ရပ်သည် သခင်လေးချီ၏ ဂုဏ်သိက္ခာကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ယခု သခင်လေးချီ ဘယ်လို ဖြေရှင်းမလဲ ဆိုတာသာ ကြည့်ရတော့မည်။
သူတို့ ထင်ထားသည့်အတိုင်းပင် သခင်လေးချီ၏ မျက်နှာထားမှာ မည်းမှောင်သွားပြီး သူည မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"ဟွန့်"
ထိုနှာခေါင်းရှုံ့သံသည် အမိန့်ပေးလိုက်သကဲ့သို့ပင် စိတ်မရှည် ဖြစ်နေသော လီကန်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်နှာလိုမျက်နှာရ အမူအရာဖြင့် ရွှယ်အန်းကို ပြောလိုက်သည်။
"ဟေ့ကောင်... မင်း ဘယ်ရောက်နေလဲ မင်းသိလား"
လီကန်း၏ အလွန်အမင်း မာနထောင်လွှားသော မေးခွန်းထုတ်မှုကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းသည် ဒေါသထွက်ခြင်း မရှိသည့်အပြင် ဖျော့တော့စွာပင် ပြုံးလိုက်သည်။
"အို... ဒါ ဘယ်နေရာမို့လို့လဲ"
"ဟွန့်... ဒါ ကျောက်စိမ်းပွဲတော်ဆိုင်ကွ၊ ပြီးတော့ ဒီမှာရှိနေတဲ့လူတွေ အကုန်လုံးက မျိုးနွယ်ကြီးတွေက ထူးချွန်ပြောင်မြောက်တဲ့ မျိုးဆက်သစ်တွေ၊ အထက်တန်းစားထဲက အထက်တန်းစားတွေပဲ၊ မင်းကရော... ဘယ်ဂိုဏ်း၊ ဘယ်မျိုးနွယ်က နာမည်ကြီး သခင်လေးမို့လို့လဲ"
လီကန်း၏ ပုံစံမှာ ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အမှန်တွင် သူသည် အလွန် သတိရှိသူ ဖြစ်သည်။ အမှန်တကယ်ပင် နတ်ဘုရားနယ်ပယ်၌ နာမည်တစ်ခု ရယူနိုင်သူများတွင် အရူးဟူ၍ မရှိပေ။
ရွှယ်အန်း၏ အမူအရာမှာ ရိုးရှင်းသော်လည်း လှုပ်ရှားမှုတိုင်းတွင် ခန့်ညားထည်ဝါမှု ရှိနေသည်ကို သူသတိပြုမိသည်။ ရွှယ်အန်းသည် မျိုးနွယ်ကြီးတစ်ခု သို့မဟုတ် ချမ်းသာသော မိသားစုတစ်ခု၏ အမြတ်တနိုးထားရသော သခင်လေး ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ဦးစွာပထမ ရှင်းလင်းအောင် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပဲ သူ လက်ပါမိပြီးမှ သူဘက်က အခြေအနေ မကောင်း ဖြစ်သွားနိုင်သည်။
သူ၏ မေးခွန်းကို ကြားသောအခါ ပရိသတ်အားလုံး နားစွင့်လိုက်ကြသည်။ ထိုမေးခွန်းကို ကြားလိုက်ရချိန် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာသည်။
"ငါက နာမည်ကြီး သခင်လေး မဟုတ်သလို၊ ဘယ်မျိုးနွယ်ကြီး ဘယ်မိသားစုရဲ့ အမွေခံမှလည်း မဟုတ်ပါဘူး၊ ငါ့နာမည်က ရွှယ်အန်း"
သူသည် အခန်းထဲရှိ လူများကို ဝေ့ဝဲကြည့်ရင်း ဆက်ပြောလိုက်သည်။
"ဒီလူတွေ ပြောပြောနေတဲ့ ရွေးချယ်ခံရသူများဆိုတာ ဘယ်လိုလဲဆိုတာ ကိုယ်တိုင်လာကြည့်တာ..."
"ရလဒ်ကတော့... ငါ လုံးဝ စိတ်ပျက်သွားတယ်"
ရွှယ်အန်းသည် မည်သည့် မျိုးနွယ်ကြီးမှ သခင်လေး မဟုတ်ကြောင်း ကြားလိုက်ရသောအခါ လီကန်း စိတ်အေးသွားပြီး အလွန်အမင်း မာနထောင်လွှားလာကာ စူးရှသော အသံဖြင့် မေးလိုက်သည်။
"မင်း ဘာကိုပြောချင်တာလဲ"
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"ထွေထွေထူးထူး အဓိပ္ပာယ် မရှိပါဘူး၊ ငါက ဘယ်သူ့ကိုမှ သီးသန့် ရည်ရွယ်ပြောနေတာ မဟုတ်ပါဘူး၊ ဒီမှာထိုင်နေတဲ့ လူတိုင်းက အမှိုက်တွေလို့ ပြောချင်ရုံသက်သက်ပါ”