← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း 94

ရှဖေးသည် လက်ဖက်ရည် နှစ်ခွက်ခန့် သောက်လိုက်ပြီးနောက် တာဝန်ပေးချက် အကျဉ်းချုပ်ကို ရိုးရှင်းစွာ ခွဲခြမ်းစိတ်ဖြာကြည့်လေသည်။ ထို့နောက် သူသည် စာကြည့်တိုက်အား စတင်သန့်ရှင်းရေး လုပ်နေစဉ် ချင်မန်သည် တိတ်ဆိတ်စွာ ထရပ်ကာ မြေအောက်ခန်းသို့ ဆင်းသွား၏။ သူ၏ အိတ်ကပ်ထဲမှ ကွန်ပျူတာ အသေးစားလေးကို ထုတ်ယူကာ ရဲ့ကျင်းရှန်းထံသို့ ဗီဒီယို ဖုန်းခေါ်ဆိုမှု တစ်ခု ပြုလုပ်လိုက်သည်။

စာရွက်စာတမ်းအချို့ကို ကိုင်တွယ်ဖြေရှင်းနေသည့် ရဲ့ကျင်းရှန်းသည် ချင်မန်၏ ဖုန်းခေါ်ဆိုမှုကို မြင်သောအခါ ချက်ချင်းပင် ထရပ်လိုက်ပြီး သူ၏ ဝတ်စုံနှင့် ဆံပင်ကို သပ်ရပ်အောင် ပြင်ဆင်ကာ ရင်ဘတ်ကို မတ်ထားလျက် တည်ကြည်သော မျက်နှာထားကို ဖော်ဆောင်လိုက်လေသည်။

“ဆရာ... ကျွန်တော့်ကို ရှာနေတာလားခင်ဗျာ” ရဲ့ကျင်းရှန်းသည် အလွန်ရိုသေစွာဖြင့် ကိုးဆယ်ဒီဂရီ တိတိကျကျ ဦးညွှတ်ကာ မေးမြန်းလိုက်၏။

“ကျင်းရှန်း... ဒီလောက်ကြီး တည်ကြည်နေဖို့ မလိုပါဘူးလို့ ငါ မင်းကို အကြိမ်ကြိမ် ပြောပြီးပြီပဲ။ အပေါ်ယံ ဟန်ဆောင် တည်ကြည်ပြနေတဲ့ လူတွေကို ငါ အမြဲတမ်း မုန်းတာ မင်းအသိပဲလေ” ချင်မန်က လက်ကို ခပ်ပေါ့ပေါ့ ဝေ့ယမ်းလိုက်ပြီး ပြောလိုက်၏။

“ဟုတ်ကဲ့ပါ... တပည့် နားလည်ပါပြီ” ရဲ့ကျင်းရှန်းသည် ပြန်လည် မတ်တပ်ရပ်လိုက်ပြီး ချင်မန်အပေါ် အလွန်အမင်း ရိုသေလေးစားသည့် အမူအရာဖြင့် ခေါင်းကို အသာအယာ ညိတ်ပြလိုက်လေသည်။

“မကြာသေးခင်က မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ ရှိသလား” ချင်မန်က သက်ပြင်းတစ်ချက် ချလိုက်ကာ မေးမြန်း၏။

“ဆရာ့ကို ဘာက ဒီလိုပြောစေတာလဲခင်ဗျာ” ရဲ့ကျင်းရှန်းသည် မှင်သက်သွားပြီးနောက် အလျင်အမြန် ပြန်လည် ဖြေကြားလိုက်သည်။

“ရှဖေးအကြောင်းကနေ စပြောကြစို့” ချင်မန်သည် ကုလားထိုင်တစ်လုံးကို ရှာဖွေကာ ခြေထောက်ချိတ်လျက် သက်သောင့်သက်သာ ထိုင်လိုက်ပြီး “လေ့ကျင့်ရေးစခန်းက သင်တန်းသားတစ်ယောက်ဟာ လေ့ကျင့်ခန်းတွေနဲ့ အကဲဖြတ်တဲ့ တာဝန်တွေကိုပဲ ယူရမှာလေ။ ဒါပေမဲ့ မင်းက ရှဖေးကို ဒုတိယအဆင့်ရှိတဲ့ တာဝန်ပေးချက် အကျဉ်းချုပ်ကို ပေးလိုက်တယ်လို့ ငါ ခုလေးတင် သိလိုက်ရတယ်။ ဒါက ဘာသဘောလဲ” ဟု မေးခွန်းထုတ်လေသည်။

“ဒါက...” ရဲ့ကျင်းရှန်းသည် တွန့်ဆုတ်နေသည်။ အပြစ်လုပ်ထားသော ကျောင်းသားတစ်ယောက်ကဲ့သို့ သူ၏ ခေါင်းကို ပိုမို ငုံ့ထားလိုက်၏။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တပည့် ဘာမှ ထုတ်ဖော် မပြောနိုင်ပါဘူး” ရဲ့ကျင်းရှန်းသည် ဤကဲ့သို့သာ ပြန်လည် ဖြေကြားရန် ရွေးချယ်လိုက်ရသည်။

“ဒါလည်း ဟုတ်တာပါပဲ။ ငါက အလုပ်လက်မဲ့ ဖြစ်နေပြီဆိုတော့ ငါ မမေးသင့်တဲ့ အရာတွေလည်း ရှိမှာပေါ့” ချင်မန်သည် အားရပါးရ ရယ်မောလိုက်ကာ ပြောလိုက်၏။

ရဲ့ကျင်းရှန်း၏ မျက်နှာသည် ရှက်စိတ်ကြောင့် နီလိုက်ဖြူလိုက် ဖြစ်နေပြီး “ဆရာ... ဒါက တကယ်ကို အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ တပည့် တစ်လုံးတစ်ပါဒမျှ မပြောနိုင်တာကို ခွင့်လွှတ်ပါ” ဟု ပြောလိုက်သည်။

“ကျင်းရှန်း... မင်းက ငါ့သင်တန်းသားတွေထဲမှာ အတော်ဆုံး။ အကြိုးစားဆုံး ဖြစ်ပေမဲ့ အနုံအအဆုံးလည်း ဖြစ်တယ်။ မင်းကို ပြစ်တင် မောင်းမဲနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို ဘဝမျိုးနဲ့ ရှင်သန်နေရင် မင်းပဲ ပင်ပန်းရလိမ့်မယ်။ ထားပါတော့... မင်းကို ငါ အကျပ်ကိုင်မှာ မဟုတ်ပါဘူး။ ငါ ရှဖေးကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတာ မင်းကို အသိပေးချင်ရုံတင်ပါ” ချင်မန်သည် ရဲ့ကျင်းရှန်းကို မျက်မှောင်ကြုတ်ကြည့်ကာ ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရဲ့ကျင်းရှန်းသည် ချက်ချင်းပင် စိုးရိမ်ပူပန်သွားကာ ချင်မန်ကို မျက်နှာပျက်ပျက်ဖြင့် ပြောလိုက်၏။

“ဆရာ... ဆရာ့အနေနဲ့ တပည့်တစ်ယောက် လက်ခံသင့်တာ မှန်ပါတယ်။ ရှဖေးအတွက်လည်း ကျွန်တော် ဝပ်သာပါတယ်။ ဒါပေမဲ့... ဆရာ အဲ့ဒီအရာကို သူ့ကို လက်ဆင့်ကမ်းဖို့ မရည်ရွယ်ထားဘူးမလား။ အဲ့ဒီလူငယ်လေးက အရမ်းကို ပေါ့ပျက်ပျက်နိုင်လွန်းလို့ အားကိုးလို့ ရပါ့မလား”

“အဲ့ဒီအရာကို သူ့ကို ပေးဖို့ ငါ့စိတ်ထဲမှာ မတွေးရသေးတာကို ခဏထားလိုက်ဦး။ တကယ်လို့ ငါ အဲ့ဒီလို လုပ်ခဲ့ရင်တောင် ဘာဖြစ်လဲ။ အနည်းဆုံးတော့ သူက တခြား လူအအတွေလို မဟုတ်ဘဲ ပါးနပ်တယ်။ မင်းလက်ထဲ ငါ ပေးအပ်လိုက်ရင်တောင် မင်း အဲ့ဒီအရာကို ကာကွယ်နိုင်မှာ မဟုတ်ဘူး” ချင်မန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဆရာ့ရဲ့ ဝေဖန်မှုက မှန်ကန်ပါတယ်ခင်ဗျာ” ရဲ့ကျင်းရှန်းက ကြောက်ရွံ့တုန်လှုပ်သော အသံဖြင့် ခပ်တိုးတိုး ပြန်လည် ဖြေကြားလေသည်။

ချင်မန်က လက်လျှော့သည့် အမူအရာဖြင့် ပုခုံးတွန့်ပြကာ “မင်း ဘာလို့ ဒီလောက် တောင့်တင်းနေရတာလဲ။ ထားလိုက်ပါတော့... မင်းကို ငါ စကားအရှည်ကြီး မပြောတော့ပါဘူး။ မင်း ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘယ်လောက်ပဲ ကြီးမားနေပါစေ။ ရှဖေးရဲ့ ဆံပင်တစ်ပင်တောင် အနာအဆာ မရှိစေဖို့ပဲ သေချာအောင် လုပ်ပါ” ဟု ဆိုကာ စကားကို အဆုံးသတ်လိုက်သည်။

ဖန်သားပြင်ကို ပိတ်လိုက်ပြီးနောက် ချင်မန်သည် မြေအောက်ခန်းတွင် ခေတ္တမျှ စဉ်းစားနေပြီးမှ အပေါ်ထပ်သို့ ပြန်တက်လာလေသည်။ ရှဖေးသည် နေရာတစ်ခုလုံးကို သန့်ရှင်းရေး လုပ်နေဆဲဖြစ်ပြီး သူ၏ အစွမ်းမှာ အမြန်နှုန်း ဖြစ်သောကြောင့် စာကြည့်တိုက် အကြီးကြီးကို ဖုန်ခါရာတွင် အချိန်အများကြီး မယူလိုက်ရပေ။

ချင်မန်သည် ရှဖေးကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ထိုလူငယ်လေးအား အနားသို့ ခေါ်လိုက်၏

“လက်ဖက်ရည်က နည်းနည်း ပေါ့သွားလို့လားဟင်။ ကျွန်တော် အခုပဲ အသစ်တစ်အိုး ဖျော်ပေးပါ့မယ်” ရှဖေးက ပြုံးလျက် ဆိုလေသည်။

ချင်မန်က ခေါင်းခါပြကာ “ရှဖေး... မင်းရဲ့ အမြန်နှုန်းက ထပ်ပြီး တိုးတက်လာပြန်ပြီ ထင်တယ်” ဟု ပြော၏။

“ဟဲဟဲ... မနေ့က အတွင်းပိုင်းဌာနက လေ့ကျင့်ရေးစခန်းမှာ ရှိနေတုန်း မတော်တဆ အဆင့်တက်သွားလို့ အခု အဆင့်မြင့် ကြယ်တာရာအခြေခံ အဆင့်ကို ရောက်သွားပါပြီ”

“အော်... အဲ့ဒီလိုကိုး” ချင်မန်က ရယ်မောလိုက်ပြီး “အမြန်နှုန်း အစွမ်းကို မြှင့်တင်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စပဲ။ မင်း နေ့တိုင်း အများကြီး ကြိုးစားအားထုတ်ခဲ့ပုံရတယ်။ ဒါက ကောင်းတဲ့ အချက်ပဲ” ဟု ချီးကျူးလေသည်။

“သွားပြီးတော့ နံပါတ် ၆၅၈၉၄ ကို ယူလာခဲ့စမ်း”

ရှဖေးသည် အပြေးအလွှား သွားရောက်ကာ ချင်မန် တောင်းဆိုသည့် စာအုပ်ကို ယူဆောင်လာပြီး စားပွဲပေါ်သို့ တင်လိုက်လေသည်။

ချင်မန်သည် စာအုပ်ကို ကောက်ယူကြည့်လိုက်၏။ စာအုပ်မျက်နှာဖုံးတွင် ‘အေမာ ၅ အာကာသစခန်း ရှေ့တန်းကင်းစခန်းအတွက် အရေးပေါ် လမ်းညွှန်ချက်’ ဟု ရေးသားထားသည်။

“မင်း တာဝန်ထမ်းဆောင်ဖို့ သွားရမယ့်နေရာက ဒီလို အာကာသစခန်း အမျိုးအစားပဲ။ အဲ့ဒါကို မင်းရဲ့ ကွန်ပျူတာထဲမှာ စကန်ဖတ်ထားလိုက်ဦး။ မင်းအတွက် အသုံးဝင်ကောင်း ဝင်လာနိုင်တယ်” ချင်မန်က စာအုပ်ကို ရှဖေးထံ ပေးအပ်ရင်း အကြံပြုလိုက်သည်။

“ကျွန်တော် အေမာ ၅ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဒေါင်းလုဒ် ဆွဲထားပြီးပါပြီ။ အဲ့ဒါတွေက ဒီစာအုပ်ထဲမှာ ပါတာထက် အများကြီး ပိုစုံပါတယ်” ရှဖေးက ပြုံးလိုက်ကာ ဆို၏။

“ကောင်းပြီ... ကြိုတင်ပြင်ဆင်မှု လုပ်တာက တော်တဲ့ အလုပ်ပဲ။ ဒါပေမဲ့ မင်း သိထားရမှာက ကြယ်တာရာကြားခံ အင်တာနက်ပေါ်မှာ မရရှိနိုင်တဲ့ အထိခိုက်မခံနိုင်တဲ့ အချက်အလက်အချို့ ရှိတယ်ဆိုတာပဲ။ ဒီစာအုပ်က စကြဝဠာရဲ့ ထုတ်လုပ်ရေး ကုမ္ပဏီကြီး လေးခုထဲက တစ်ခုဖြစ်တဲ့ အေမာ ကနေ အထူး ထုတ်ဝေထားတာ ဖြစ်လို့ မင်း အွန်လိုင်းကနေ ဒေါင်းလုဒ် ဆွဲထားတာတွေနဲ့ မတူဘူး” ချင်မန်က ခေါင်းညိတ်ကာ ရှင်းပြလေသည်။

ရှဖေးသည် အံ့အားသင့်သွားပြီး “ဒီလိုမျိုးလည်း ရှိတာပဲလား” ဟု မေးလိုက်၏။

“ဒီစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တိုင်းမှာ တန်ဖိုး ရှိတယ်။ ကြယ်တာရာကြားခံ အင်တာနက်ကိုပဲ မျက်စိမှိတ်ပြီး မယုံကြည်ပါနဲ့။ မဟာမိတ်အဖွဲ့ထဲက လူတိုင်း လွယ်လွယ်ကူကူ သိနိုင်တဲ့ အချက်အလက်မျိုးဆိုရင် အဲ့ဒါက သိပ်ပြီး ကောင်းမွန်တဲ့ အရာ မဟုတ်ဘူးဆိုတာ မှတ်ထားရမယ်။ တကယ့် တန်ဖိုးရှိတဲ့ အရာတွေကိုတော့ အမြဲတမ်း လျှို့ဝှက်ထားလေ့ ရှိကြတယ်” ချင်မန်က သူ၏ လက်ဖြင့် စာကြည့်တိုက်အား ညွှန်ပြကာ ပြောကြားနေသည်။

ရှဖေးက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး စင်ပေါ်ရှိ ထောင်နှင့်ချီသော စာအုပ်များကို လှမ်းကြည့်လိုက်လေသည်။

‘တကယ့် တန်ဖိုးရှိတဲ့ အရာတွေလား... ဒီစာကြည့်တိုက်မှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာ ငါ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကောင်း ဖြစ်နိုင်တယ်’

အေမာ အင်ကွီစစ်တာ အမျိုးအစား စစ်သင်္ဘောငယ် တစ်စင်းသည် ကောင်းကင်ပြစ်ဒဏ် လေ့ကျင့်ရေးစခန်း၏ မြောက်ဘက် အာကာသဆိပ်ကမ်းမှ ပျံတက်သွားပြီး ကြယ်တာရာ ဟင်းလင်းပြင်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလေသည်။ သူတို့ သွားမည့် ဦးတည်ရာမှာ GPP1796 စွန့်ပစ် အာကာသစခန်းပင် ဖြစ်သည်။

အင်ကွီစစ်တာ အမျိုးအစား စစ်သင်္ဘောငယ်သည် အခြား စစ်သင်္ဘောငယ်များထက် အရွယ်အစား ပိုမိုကြီးမားပြီး သင်္ဘောသား အယောက် တစ်ရာအထိ တင်ဆောင်နိုင်သည့်အပြင် လိုအပ်သော ကိရိယာများနှင့် အာဟာရများကိုလည်း သယ်ဆောင်ကာ အာကာသထဲတွင် အချိန်ကြာမြင့်စွာ အဆက်မပြတ် ပျံသန်းနိုင်သည်။

သမဂ္ဂ၏ အထူးချွန်ဆုံးအဖွဲ့ ဖြစ်သည့် အဖွဲ့ ၁၃ တွင် အထူးပြု စစ်သင်္ဘောငယ် နှစ်စင်း ရှိပြီး အင်ကွီစစ်တာ အမျိုးအစားကို ခရီးဝေး တာဝန်များ သို့မဟုတ် ကိရိယာ အများအပြား လိုအပ်သော တာဝန်များအတွက် အသုံးပြုလေ့ ရှိကြ၏။ အခြား တစ်စင်းမှာ မစ်တယ် ရစ်ဖ်တာ အမျိုးအစား ဖြစ်ပြီး သေးငယ်လျင်မြန်သောကြောင့် အရေးပေါ် တာဝန်များ သို့မဟုတ် လိုက်လံ ဖမ်းဆီးမှုများတွင် အသုံးပြုသည်။

ရှဖေးသည် သင်္ဘောပေါ်တွင် တစ်ပတ် လှည့်ပတ်ကြည့်ရှုရာတွင် ကုန်းပတ်ပေါ်၌ စွမ်းအင်သုံးစွဲမှု မြင့်မားပြီး အစွမ်းထက်သည့် ကိရိယာ အများအပြားကို တွေ့ရှိခဲ့လေသည်။ ကုန်တင်ခန်းထဲတွင် လုပ်ဆောင်ချက်စုံလင်သော သံချပ်ကာယာဉ် တစ်စီးပင် ရပ်နားထားသည်ကို မြင်ရ၏။

အင်ကွီစစ်တာ၏ ကြီးမားသော ဆံ့ငံ့နိုင်စွမ်းနှင့် အရွယ်အစားကြောင့် ဤသင်္ဘောပေါ်ရှိ ကိရိယာများ၏ သုံးပုံတစ်ပုံခန့်ကိုပင် ရှဖေး၏ လကြတ် သင်္ဘောပေါ်သို့ တင်ဆောင်နိုင်မည် မဟုတ်ပေ။

‘အရာရာတိုင်းမှာ အားသာချက်နဲ့ အားနည်းချက် ရှိတယ်’ ဟူသော စကားအတိုင်းပင် ဤစစ်သင်္ဘောငယ်သည် အရာအားလုံး တပ်ဆင်ထားသောကြောင့် ပျံသန်း လှုပ်ရှားနိုင်စွမ်းမှာ ကျဆင်းသွားရသည်။ ရှဖေး၏ တွက်ချက်မှုအရ သူ၏ လကြတ် သင်္ဘောနှင့် နှိုင်းယှဉ်ပါက ဤအင်ကွီစစ်တာ အမျိုးအစား စစ်သင်္ဘောငယ်ကို စကြဝဠာထဲမှ ပျောက်ကွယ်သွားအောင် လုပ်ရန် ဆယ့်ငါးမိနစ်သာ လိုအပ်ပေလိမ့်မည်။

အကြောင်းမှာ လကြတ် သင်္ဘောသည် တိုက်ခိုက်ရေး သက်သက်အတွက်သာ ပြင်ဆင်ထားခြင်း ဖြစ်ပြီး မလိုအပ်သော ကိရိယာများကို ဖယ်ရှားထားသောကြောင့်ပင် ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် ဤအာကာသယာဉ်မှာမူ တာဝန်ပေါင်းစုံ ထမ်းဆောင်နိုင်ရန် တပ်ဆင်ထားသောကြောင့် ကြီးမားလေးလံပြီး လုပ်ဆောင်ချက် စုံလင်သော်လည်း ထိပ်တန်း တိုက်ခိုက်ရေး စွမ်းရည်များမှာမူ အားနည်းနေသည်။

စစ်သင်္ဘောသည် အလိုအလျောက် ပျံသန်းစနစ်ဖြင့် သွားနေစဉ် ရှောင်ဟိုင်လီသည် ရှဖေးနှင့် အခြားသူများကို သင်္ဘော၏ စားသောက်ခန်းထဲသို့ ခေါ်ယူကာ တာဝန်နှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။

စစ်သင်္ဘောငယ်များတွင် သင်္ဘောသား အများအပြား မပါဝင်သောကြောင့် အစည်းအဝေးခန်း သီးသန့် မရှိကြပေ။ ထို့ကြောင့် သင်္ဘော၏ စားသောက်ခန်းကိုပင် အစားအသောက် စားရန်။ အပန်းဖြေရန်နှင့် အစည်းအဝေး လုပ်ရန် စသည်ဖြင့် ဘက်စုံ အသုံးပြုနိုင်အောင် ပြင်ဆင်ထားလေ့ ရှိကြ၏။

စားသောက်ခန်းသည် ကျယ်ဝန်းပြီး အထောက်အပံ့ ပစ္စည်းများလည်း စုံလင်လှသည်။ သက်သောင့်သက်သာရှိသော ဆိုဖာအရှည် သုံးလုံးနှင့် အပန်းဖြေရန် ဂိမ်းစက်အချို့ပင် ရှိသေး၏။ နှိုင်းယှဉ်ကြည့်ရလျှင် လကြတ် သင်္ဘောမှာမူ တိုက်ခိုက်ရေးအတွက် နေရာပိုပေးထားရသောကြောင့် စားသောက်ခန်းမှာ သတ္တုစားပွဲ တစ်လုံးနှင့် ကုလားထိုင် လေးလုံးသာ ရှိပြီး အလွန်ပင် ရိုးရှင်းလွန်းလှသည်။

ကွီရို့စ်သည် မွန်းဆောင်း အတွက် ကော်ဖီ တစ်ခွက်ကို ဂရုတစိုက် ဖျော်ပေးနေ၏။ သင်္ဘောပေါ် ရောက်ကတည်းက ချစ်ရေးဆိုတတ်သည့် ကွီရို့စ်သည် မွန်းဆောင်းကို လိုက်လံ နှောင့်ယှက်နေသည်။ သူမ၏ လိင်စိတ်ခံယူမှုမှာ အခြား မိန်းကလေးများနှင့် မတူညီဘဲ ကွဲပြားနေသည်ကို သူ လုံးဝ မသိနိုင်ပေ။ သူမ၏ စိတ်ဝင်စားမှုကို ရရှိရန်အတွက်ဆိုလျှင် သူသည် လိင်ပြောင်းလဲမှု လုပ်ရန်ပင် ပြင်ဆင်ထားရမည် ဖြစ်သည်။

ရှောင်ဟိုင်လီ ကွီရို့စ် နှင့် ဘိုစင်ဝါ တို့သည် ရှဖေးနှင့် အခြားသူများ၏ ရှေ့တွင် နည်းပြများကဲ့သို့ ရပ်နေကြ၏။ ရှောင်ဟိုင်လီသည် တမင်တကာ ချောင်း နှစ်ချက် ဟန့်လိုက်ပြီး စားသောက်ခန်းရှိ ပရိုဂျက်တာ ဖန်သားပြင်ကြီးကို ဖြန့်ချလိုက်ကာ “မင်းတို့အားလုံး တာဝန်ပေးချက် အကျဉ်းချုပ်ကို ဖတ်ပြီးကြပြီလား” ဟု မေးမြန်းလိုက်သည်။

အားလုံးက ခေါင်းညိတ် ပြကြ၏။ သူတို့အားလုံးသည် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သောကြောင့် အလွန် စိတ်လှုပ်ရှားနေကြပြီး ပေးထားသော တာဝန်ပေးချက် အကျဉ်းချုပ်ကိုလည်း အချိန်ပေးကာ သေချာစွာ လေ့လာထားကြသည်။

ရှောင်ဟိုင်လီသည် ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဖန်သားပြင်ပေါ်ရှိ အာကာသစခန်း ပုံရိပ်ကို ညွှန်ပြကာ

“ဒါက ငါတို့ သွားရမယ့်နေရာ GPP1796 အာကာသစခန်းပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကုန်တင်သင်္ဘော တစ်စင်း ဒီနေရာကို ဖြတ်သွားတုန်း သူတို့ရဲ့ ရေဒါစနစ်က ဒီစခန်းကို မတော်တဆ စကန်ဖတ်မိခဲ့တယ်။ အဲ့ဒီမှာ မဟာမိတ် ကုဒ် မရှိတဲ့ အာကာသယာဉ် တစ်စင်း ဒီစခန်းမှာ ချိတ်ဆက်ထားတာကို သတိပြုမိခဲ့ကြတယ်။ အဲ့ဒီယာဉ်ရဲ့ အရွယ်အစားအရ ဆိုရင် စစ်သင်္ဘောငယ် နဲ့ ဖျက်သင်္ဘော ကြားမှာ ရှိတဲ့ အရွယ်အစားပဲ”

“ဒါကြောင့် ဒီတစ်ခေါက် ငါတို့ရဲ့ တာဝန်က အဲ့ဒီ အာကာသစခန်းကို ပုံမှန် ရှာဖွေမှုတွေ ပြုလုပ်ဖို့။ တရားမဝင် လူပုဂ္ဂိုလ်တွေ ကျူးကျော် ဝင်ရောက်နေတာမျိုး ရှိ။ မရှိ စစ်ဆေးဖို့ ဖြစ်ပြီး လိုအပ်ရင် အာကာသစခန်းထဲကို ဝင်ရောက် ရှာဖွေရမယ်”

“ဒါက ဒုတိယအဆင့် တာဝန်ဖြစ်ပြီး အဆင့်နိမ့် တာဝန်လို့ သတ်မှတ်နိုင်ပေမဲ့ ငါတို့မှာ အကူအညီ ရနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အကူအညီ လိုအပ်လာခဲ့ရင်တောင် အနီးဆုံး အဖွဲ့က လာရောက် ကူညီဖို့အတွက် ဆယ့်နှစ်နာရီ ကြာလိမ့်မယ်။ တစ်ခုခု ထူးထူးခြားခြား ဖြစ်လာခဲ့ရင် ငါတို့ကိုယ်တိုင်ပဲ ဖြေရှင်းရမယ်” ရှောင်ဟိုင်လီက လေးနက်စွာ သတိပေးလိုက်သည်။

“ဟိုင်အစ်ကိုကြီးရာ... သူတို့က အတွေ့အကြုံ မရှိသေးတဲ့ သူတွေပဲလေ။ အဲ့လောက်ထိ ခြောက်လှန့်နေဖို့ မလိုပါဘူး။ အကူအညီ ကိစ္စကလည်း... ဒါက ပုံမှန် စစ်ဆေးရေး တစ်ခုပဲဟာ။ မွန်းဆောင်း... မင်း မကြောက်ပါနဲ့။ ငါ မင်းနဲ့အတူ ရှိနေမှာပါ” ကွီရို့စ်က ရယ်မောလိုက်ပြီး ပြောလိုက်၏။

“တာဝန်ဆိုတာ တာဝန်ပဲလေ။ အဆင့် ၁ တာဝန်ပဲဖြစ်ဖြစ်။ အဆင့် ၉ တာဝန်ပဲဖြစ်ဖြစ် ဘာမှ မခြားနားဘူး။ ငါတို့အနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ သေချာ ကိုင်တွယ်ရမယ်။ ကဲ... မင်းတို့မှာ မေးစရာ မေးခွန်းရှိရင် အခု မေးလို့ရပြီ။ မရှိရင်တော့ အနားယူချိန် စလို့ရပါပြီ” ရှောင်ဟိုင်လီသည် ပြောင်ချော်ချော် လုပ်နေသည့် ကွီရို့စ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

ပေဟိုင် နှင့် မန်ကျွင်း တို့က အပေါ်ယံ မေးခွန်းအချို့ မေးမြန်းပြီးနောက် အစည်းအဝေး ပြီးဆုံးသွားကာ အားလုံး အနားယူလိုက်ကြလေသည်။

ရှဖေးသည် သူ၏ အခန်းထဲသို့ သွားကာ ချင်မန် ပေးလိုက်သည့် အာကာသစခန်း အချက်အလက်များကို အာရုံစိုက် ဖတ်ရှုနေသည့်အပြင် သူ၏ ပါးနပ်သော ထိုးနှက်ချက် နှင့် အသက်ရှု ထိန်းချုပ်ခြင်း နည်းစနစ်များကိုလည်း အကြိမ်ကြိမ် လေ့ကျင့်နေလေသည်။

ရှဖေးသည် အဆင့်တက်သွားသည်မှာ မကြာသေးသောကြောင့် တစ်စက္ကန့်လျှင် မီတာ ၄၀၀ အမြန်နှုန်းဖြင့် တိုက်ခိုက်ခြင်းနှင့် မီတာ ၈၀၀ အမြန်နှုန်းဖြင့် တိုက်ခိုက်ခြင်းမှာ လုံးဝ ကွဲပြားခြားနားသည်။ သူသည် တိုးတက်လာသော အမြန်နှုန်းနှင့် အသားကျစေရန်အတွက် လေ့ကျင့်ခန်း အများအပြား ပြုလုပ်ရပေဦးမည်။

ဆယ့်ခြောက်နာရီကြာ ပျံသန်းမှုသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ စစ်သင်္ဘောအတွင်း၌ အဝါရောင် အချက်ပြမီးများ လင်းလာခြင်းသည် သူတို့ သွားလိုသည့် နေရာသို့ ရောက်ရှိပြီ ဖြစ်ကြောင်းနှင့် စစ်ဆေးမှု စတင်နိုင်ပြီ ဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်သည်။

ရှဖေးသည် သူ၏ အခန်းမှ ထွက်ကာ သင်္ဘောဦးပိုင်းသို့ သွားလိုက်လေသည်။ တံခါးဝသို့ မရောက်မီမှာပင် ကွပ်ကဲမှုခန်းထဲမှ ဘိုစင်ဝါ၏ အသံကို ကြားလိုက်ရ၏။

“ဒါက ဘာဖြစ်တာလဲ။ ဒီအာကာသစခန်းက စွန့်ပစ်ထားတာ ဖြစ်ပေမဲ့ အသက်ရှု အထောက်အကူပြု စနစ်နဲ့ ဒြပ်ဆွဲအား စနစ်တွေက ဘာလို့ ပွင့်နေရတာလဲ။ အထဲမှာ လူတွေ နေထိုင်နေတာများလား”

ရှောင်ဟိုင်လီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျယ်လောင်သော အသံဖြင့် အမိန့်ပေးလိုက်သည်။

“အာကာသစခန်းကို မိုင် ခြောက်ရာ အကွာအဝေးကနေ ၂၀ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ပတ်ပြီး ပျံသန်းပါ။ သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာကို ဖွင့်ပြီး အဲ့ဒီနေရာကို စကန်ဖတ်ပါ။ ပင်မ လက်နက်စနစ်နဲ့ ရေဒါစနစ်တွေကို ဖွင့်ထားပါ။ စွမ်းအင် ဒိုင်းလွှားတွေကို ၅၀ ရာခိုင်နှုန်း ပမာဏနဲ့ ထားပြီး ဒိုင်းလွှား ပြန်လည် ဖြည့်တင်းစနစ်ကို အသင့်ပြင်ထားပါ။ နောက်ဆုံးအနေနဲ့ ပြုပြင်ထိန်းသိမ်းရေး ဒရုန်းတွေကိုလည်း အသင့်အနေအထားမှာ ထားရှိပါ”

အပိုင်း (၉၅) ပိတ်၍မရသော တံခါးတစ်ချပ်

အခြေအနေများမှာ အတန်ငယ် ရှုပ်ထွေးနေပုံရသည်။ သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာအရ အတွင်း၌ မည်သူမျှ မရှိကြောင်း ပြသနေသော်လည်း အခြေခံအားဖြင့် ဆိတ်သုဉ်းနေရမည့် ဤအာကာသစခန်းသည် ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်၏။ ၎င်း၏ အသက်ရှု အထောက်အကူပြု စနစ်များသည် လေထုကိုပင် ထုတ်လွှတ်ပေးနေပြီး သောက်သုံးရေကိုပါ ထုတ်လုပ်ပေးနေသည်။

ဤအာကာသစခန်းသည် အရည်အသွေး ကောင်းမွန်လွန်းသဖြင့် နှစ်ပေါင်း ရာနှင့်ချီ၍ ကြံ့ခိုင်နေနိုင်သည်ဟု ဆိုလျှင်ပင် မည်သူတစ်ဦးတစ်ယောက်မျှ လာရောက် မဖွင့်ဘဲနှင့် အလိုအလျောက် လည်ပတ်နေရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ တစ်စုံတစ်ယောက်က လာရောက် ဖွင့်လှစ်ထားခြင်းမှာ ထင်ရှားလှသည်။

ရှဖေးသည် ကွပ်ကဲမှုခန်းထဲသို့ မဝင်သေးဘဲ ခြေလှမ်းလှည့်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။

သူ၏ ကွန်ပျူတာ အသေးစားလေးကို ဖွင့်လိုက်ပြီး ရှဖေးသည် လကြတ် သင်္ဘော၏ တည်နေရာကို တစ်ဖန် ပြန်လည် အတည်ပြုလိုက်၏။

လကြတ် သင်္ဘောတွင် အဝေးထိန်းစနစ် တပ်ဆင်ထားသောကြောင့် ရှဖေးသည် သူ၏ ကွန်ပျူတာမှတစ်ဆင့် အဝေးမှ ထိန်းချုပ်နိုင်သည်။ ယခုအချိန်တွင် လကြတ် သင်္ဘောသည် သူရှိရာနေရာနှင့် ဝပ် တစ်ခုစာ အကွာအဝေး၌သာ ရှိနေပြီး စွမ်းအင်စနစ်မှာလည်း အပြည့်အဝ လည်ပတ်နေသည်။ ရှဖေးက အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် လကြတ် သင်္ဘောသည် ဆယ်မိနစ်အတွင်း ဤစွန့်ပစ် အာကာသစခန်း၏ အနီးအနားသို့ ရောက်ရှိလာနိုင်သည်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ရှဖေးသည် ဤတာဝန်နှင့် ပတ်သက်ပြီး သံသယစိတ်နှင့် စိုးရိမ်စိတ်များကို မဖျောက်ဖျက်နိုင်ဘဲ ဖြစ်နေသည်။ လကြတ် သင်္ဘောသည် အနီးအနားတွင် ရှိနေခြင်းကသာ သူ့အား ပိုမို လုံခြုံမှု ရှိစေသည်။

ထိုစဉ် ချန်သုန်းက တံခါးလာခေါက်၏။

“အခြေအနေက ငါတို့ အရင်က မျှော်လင့်ထားတာနဲ့ ကွဲပြားနေတယ်။ အရေးပေါ် အစည်းအဝေး လုပ်ဖို့ လူစုနေကြပြီ။ ငါကြားတာတော့ ရှောင်ဟိုင်လီက အာကာသစခန်းထဲကို လူလွှတ်ဖို့ ရည်ရွယ်ထားပုံပဲ”

“အော်...” ရှဖေးက ခေါင်းညိတ်လိုက်ပြီး ချန်သုန်းနှင့်အတူ စားသောက်ခန်းသို့ ထွက်လာခဲ့သည်။

“အခု ငါတို့ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ GPP1796 အာကာသစခန်းဟာ မသိရတဲ့ အကြောင်းရင်းကြောင့် လည်ပတ်နေတဲ့အတွက် ငါ ဌာနချုပ်ကို အစီရင်ခံစာ ပို့ထားတယ်။ နောက် ၃ နာရီအတွင်းမှာ အကူအညီပေးမယ့် စစ်သင်္ဘော နှစ်စင်း ရောက်လာလိမ့်မယ်။ အဲ့ဒီအတောအတွင်းမှာ ဌာနချုပ်က ငါတို့ကို အာကာသစခန်းထဲက ပထမလက်ဦး အချက်အလက်တွေကို စုဆောင်းဖို့ ခွင့်ပြုချက် ပေးထားတယ်” ဟု ရှောင်ဟိုင်လီက ပြောလိုက်သည်။

“အခု ငါ သိချင်တာက မင်းတို့ထဲမှာ စစ်သင်္ဘော မောင်းတတ်တဲ့သူ ရှိလား”

ပေဟိုင်က အလွန် စိတ်လှုပ်ရှားစွာဖြင့် လက်ထောင်လိုက်၏။ “ကျွန်တော် ရေဒါ။ ဆက်သွယ်ရေးနဲ့ ပစ်ခတ်မှုစနစ်တွေကို ကိုင်တွယ်တတ်အောင် သင်ဖူးပါတယ်”

ရှောင်ဟိုင်လီက ခေါင်းညိတ်ကာ “အရမ်းကောင်းတယ်။ မင်းက ဘိုစင်ဝါနဲ့အတူ ကွပ်ကဲမှုခန်းမှာ နေခဲ့ပြီး အဖွဲ့ဝင်တွေအတွက် အကူအညီပေးရမယ်”

“နောက်တစ်ခုကတော့ တာဝန်ခွဲဝေမှုပဲ။ ကွီရို့စ်။ ရှဖေးနဲ့ ငါတို့က အာကာသစခန်းထဲကို ဝင်ပြီး ရှာဖွေမှုတွေ စတင်မယ်။ ချန်သုန်း။ မန်ကျွင်းနဲ့ မွန်းဆောင်းတို့က ဒုတိယအဖွဲ့အနေနဲ့ နေရမယ်။ လိုအပ်လာရင် အားလုံးကို အထဲဝင်ဖို့ ငါ ညွှန်ကြားမယ်။ ဘိုစင်ဝါနဲ့ ပေဟိုင်ကတော့ သင်္ဘောပေါ်မှာပဲ ကျန်ခဲ့ရမယ်”

ရှဖေးသည် အတန်ငယ် အံ့အားသင့်သွားသည်။ ရှောင်ဟိုင်လီက သူ့အား အထဲဝင်မည့် အဖွဲ့တွင် ပါဝင်စေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

“ဘာလို့ ရှဖေးက သွားရပြီး ကျွန်မတို့က ကျန်ခဲ့ရတာလဲ” မွန်းဆောင်းသည် သိသိသာသာ မကျေမနပ် ဖြစ်သွားကာ နှုတ်ခမ်းဆူလျက် မေးမြန်းလိုက်၏။

“ဘိုစင်ဝါက အကူအညီပေးဖို့ သင်္ဘောပေါ်မှာ နေခဲ့ရမှာဖြစ်ပြီး ရှဖေးက မင်းတို့အားလုံးထဲမှာ တစ်ဦးတည်းသော အမြန်နှုန်း အစွမ်းပိုင်ရှင် ဖြစ်လို့ သူက ဘိုစင်ဝါရဲ့ နေရာမှာ အစားဝင်ပေးရမှာ ဖြစ်တယ်” ကွီရို့စ်က ပြုံးလိုက်ပြီး ရှင်းပြလေသည်။

စစ်သင်္ဘောတွင် အရေးပေါ် အခြေအနေများအတွက် လွန်းပျံယာဉ်ငယ် တစ်စင်း အမြဲတမ်း ချိတ်ဆက်ထားလေ့ ရှိသည်။ ရှဖေး။ ကွီရို့စ်နှင့် ရှောင်ဟိုင်လီတို့သည် ထိုလွန်းပျံယာဉ်ပေါ်သို့ တက်လိုက်ကြပြီး အာကာသစခန်း၏ ယာဉ်ရပ်နားခန်းဆီသို့ ဦးတည် ပျံသန်းသွားကြသည်။

ဤအာကာသစခန်းသည် လည်ပတ်နေသော ဂျင်တစ်ခုနှင့် သဏ္ဌာန်တူပြီး အလွန်ပင် ကြီးမားလှသည်။ နှစ်ပေါင်းများစွာ အာကာသ အမှိုက်သရိုက်များ၏ တိုက်စားမှုကို ခံထားရသဖြင့် ၎င်း၏ အပြင်ဘက် အခွံမှာ ပွန်းပဲ့နေပြီး အာကာသထဲတွင် လွင့်မျောနေသော သံတိုသံစ ပုံကြီးတစ်ခုနှင့် တူနေသည်။

လွန်းပျံယာဉ်က အထဲဝင်ခွင့် ကုဒ်ကို ပို့လိုက်သောအခါ အာကာသစခန်း၏ အလုံပိတ် တံခါးများ ပွင့်သွားသည်။ ကွီရို့စ်သည် လွန်းပျံယာဉ်ကို ယာဉ်ရပ်နားခန်းထဲသို့ ကျွမ်းကျင်စွာ မောင်းနှင်လိုက်ပြီးနောက် ထူထဲသော တံခါးကြီးများ ပြန်လည် ပိတ်သွားလေသည်။

လေထု ဖြည့်သွင်းပြီး၍ လေဖိအား တည်ငြိမ်သွားသောအခါ လွန်းပျံယာဉ်နှင့် ယာဉ်ရပ်နားခန်း တစ်ဝိုက်ရှိ ဘေးကင်းလုံခြုံရေး မီးများ တစ်ပြိုင်နက်တည်း လင်းလာပြီး တံခါးပွင့်သွားကာ လူသုံးယောက် သင်္ဘောပေါ်မှ ဆင်းလာကြသည်။

“သွားကြစို့။ ငါတို့ အာကာသစခန်းရဲ့ ဗဟိုကွပ်ကဲမှု ဌာနကို အရင်ဆုံး သွားကြည့်မယ်” ရှောင်ဟိုင်လီက ရှဖေးထံသို့ လက်ကိုင် သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာတစ်ခု ပေးလိုက်ကာ ပြောလိုက်သည်။

ကြီးမားလှသော အာကာသစခန်းအတွင်းရှိ ထူးဆန်းသော တိတ်ဆိတ်မှုက လူတိုင်းအား ကြက်သီးထစေသည်။ လေထုထဲတွင်လည်း ဖုန်နံ့ကဲ့သို့ အနံ့အသက်အချို့ ရှိနေ၏။ ရှဖေးသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ရှောင်ဟိုင်လီနှင့် ကွီရို့စ်တို့နောက်မှ လိုက်ပါလာကာ ပတ်ဝန်းကျင်ကို သတိရှိရှိဖြင့် ကြည့်ရှုနေသည်။

“ငါတို့ ရှေ့က မီတာ ၁၅၀ အကွာမှာရှိတဲ့ နံပါတ် ၁၆ ဓာတ်လှေကားကို စီးမယ်။ သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာမှာ ဘာထူးခြားလဲ” ရှောင်ဟိုင်လီသည် ဘိုစင်ဝါနှင့် အဆက်အသွယ် မပြတ်စေရန် လုပ်ဆောင်ရင်း မြေပုံကို စစ်ဆေးလိုက်သည်။

“သင်္ဘောပေါ်က ကိရိယာအရ မင်းတို့ သုံးယောက်ရဲ့ အသက်အချက်ပြမှုကိုပဲ ဖမ်းမိနေတယ်။ တခြား ဘာမှ မတွေ့သေးဘူး” ဘိုစင်ဝါက အစီရင်ခံသည်။

“စစ်ဆေးတဲ့ နယ်ပယ်ကို ထပ်ချဲ့လိုက်ဦး။ တစ်ချိန်တည်းမှာပဲ အပူလှိုင်း စစ်ဆေးတဲ့ ကိရိယာနဲ့ စွမ်းအင် အချက်ပြစနစ်တွေကို သုံးပြီး နောက်တစ်ကြိမ် စကန်ဖတ်ပါဦး” ရှောင်ဟိုင်လီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ညွှန်ကြားလိုက်၏။

“နားလည်ပါပြီ”

လူသုံးယောက်သည် အာကာသစခန်း၏ ကွပ်ကဲမှု ဌာနထဲသို့ ဝင်ရောက်လိုက်ကြရာ လူဝင်လာသည်နှင့် လှုပ်ရှားမှုအာရုံခံ မီးများ ချက်ချင်း ပွင့်လာသည်။ ကွပ်ကဲမှု ဌာနသည် စတုရန်းမီတာ ငါးရာခန့် ကျယ်ဝန်းပြီး နံရံတစ်လျှောက်တွင် မသိရသော ကိရိယာများနှင့် စက်ပစ္စည်းများ အစီအရီ ရှိနေသည်။

ရှဖေးသည် စားပွဲမျက်နှာပြင်ကို သူ၏ လက်ချောင်းများဖြင့် အသာအယာ ထိကြည့်လိုက်ရာ ဖုန်မှုန့်များ ကပ်ပါလာသည်။ ဤနေရာတွင် လူမရှိသည်မှာ အတော်ကြာပြီဖြစ်ကြောင်း သိသာလှသည်။

ရှောင်ဟိုင်လီသည် အခန်းထဲရှိ စက်ပစ္စည်းများကို ချက်ချင်း ဖွင့်လိုက်ပြီးနောက် အာကာသစခန်းအတွင်းရှိ စစ်ဆေးရေး စနစ်ကို အသုံးပြုကာ အသက်အချက်ပြမှုများကို ရှာဖွေလေသည်။ တစ်ချိန်တည်းမှာပင် ကွီရို့စ်သည် ကွပ်ကဲမှု ခုံတွင် ထိုင်လိုက်ပြီး ကွန်ပျူတာမှတစ်ဆင့် အာကာသစခန်း၏ လည်ပတ်မှု မှတ်တမ်းများကို စစ်ဆေးသည်။

“မှတ်တမ်းတွေထဲမှာ ဘာတွေ့လဲ” ရှောင်ဟိုင်လီက မေး၏။

ကွီရို့စ်၏ လက်ချောင်းများသည် ဖန်သားပြင်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားနေပြီး မျက်တောင်မခတ်တမ်း မှတ်တမ်းများကို ကြည့်ရှုနေသည်။ ရုတ်တရက် သူက တစ်ခုခုကို နှိပ်လိုက်ပြီး ဖန်သားပြင်ကို ရပ်လိုက်လေသည်။

“မှတ်တမ်းတွေအရ ဒီအာကာသစခန်းကို လွန်ခဲ့တဲ့ လေးရက်ကမှ စတင် လည်ပတ်ခဲ့တာပဲ။ အဲ့ဒီလို ဖွင့်လိုက်တဲ့ နည်းလမ်းက ပင်မ ထိန်းချုပ်ရေးစခန်းကို ကျော်ခွပြီးတော့

စွမ်းအင်စနစ်ကို အတင်းအကျပ် နှိုးလိုက်တာ ဖြစ်တယ်” ကွီရို့စ်က ပြောလိုက်သည်။

“ဆက်ပြီး ရှာကြည့်ဦး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အတွင်းမှာ ထူးခြားတဲ့ လှုပ်ရှားမှု ရှိ မရှိ စစ်ဆေးပါဦး” ရှောင်ဟိုင်လီက အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ”

တိတ်ဆိတ်ခြောက်ကပ်နေသော ဟင်းလင်းပြင်ထဲတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော ကြယ်များကိုသာ မြင်ရပြီး ရှဖေးသည် ရုတ်တရက် ကြယ်တာရာ ကောင်းကင်၏ အပေါ် ဘယ်ဘက်ထောင့်သည် မြူများ ဖုံးလွှမ်းနေသကဲ့သို့ ဝေဝါးနေသည်ဟု ခံစားလိုက်ရသည်။

ရှဖေးသည် သူ၏ မျက်လုံးများကို အနည်းငယ် ပွတ်သပ်လိုက်ပြီး ပြန်ကြည့်လိုက်သောအခါ ထိုဝေဝါးမှုမှာ ပျောက်ကွယ်သွားပြီး ကြယ်များကို ပုံမှန်အတိုင်း ပြန်မြင်ရလေသည်။

“အဲ့ဒီ အတင်းအကျပ် နှိုးထားတဲ့ တစ်ကြိမ်ကလွဲလို့ မှတ်တမ်းတွေထဲမှာ ဘာမှ ထူးခြားတာ မတွေ့ရတော့ဘူး။ ကျူးကျော်သူက လွန်ခဲ့တဲ့ အချိန်ကတည်းက ထွက်သွားတာလည်း ဖြစ်နိုင်တယ်”

“ဟင်...” ရှောင်ဟိုင်လီသည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယရှိသော အသံ ထွက်လာသည်။

ရှဖေးသည် သိချင်စိတ်ဖြင့် အနားသို့ သွားကြည့်လိုက်ရာ အံ့အားသင့်သွားရသည်။

ဖန်သားပြင်ပေါ်တွင် အာကာသစခန်း တစ်ခုလုံး၏ ပုံစံငယ်ကို ပြသနေပြီး ၎င်းပေါ်တွင် အနီရောင် အစက်လေး တစ်စက်က မရပ်မနား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ၎င်းမှာ ၁၉ လွှာရှိ E131 အလိုအလျောက် လေဖိအား တံခါးသည် ဓာတ်လှေကား တံခါးတစ်ခု ပိတ်မရဘဲ တစ်ခုခုက ခံနေသကဲ့သို့ တတွတ်တွတ် ပွင့်လိုက် ပိတ်လိုက် ဖြစ်နေခြင်းပင် ဖြစ်သည်။

ရှောင်ဟိုင်လီသည် အခြေအနေကို သိရှိနိုင်ရန် စောင့်ကြည့်ရေး စနစ်ကို ဖွင့်လိုက်သော်လည်း စောင့်ကြည့်ရေး မီးမှာ အနီရောင် ပြောင်းသွားသည်။ အာကာသစခန်း တစ်ခုလုံး၏ စောင့်ကြည့်ရေး စနစ်များမှာ ပျက်စီးနေသည်မှာ ကြာပြီဖြစ်၍ အသုံးမပြုနိုင်တော့ပေ။

လူသုံးယောက်လုံး စကားတစ်လုံးမျှ မဆိုကြဘဲ လေထုမှာ လေးလံသွားသည်။

ထိုစဉ် အာကာသစခန်း၏ သက်ရှိ စုံစမ်းစစ်ဆေးရေး စနစ်မှ ရလဒ် ထွက်လာရာ အာကာသစခန်း တစ်ခုလုံးတွင် ရှဖေးတို့ သုံးယောက်အပြင် အခြားသော သက်ရှိ သုံးဦးသာ ရှိကြောင်း ထင်ရှားစွာ ပြသနေသည်။

ရှောင်ဟိုင်လီသည် အလျင်အမြန်ပင် စွမ်းအင်စနစ် စစ်ဆေးရေး ကိရိယာကို ဖွင့်လိုက်ရာ ရလဒ်ကို မြင်လိုက်ရသောအခါ လူသုံးယောက်လုံး ပို၍ပင် တုန်လှုပ်သွားကြသည်။ တစ်စုံတစ်ယောက်က စွမ်းအင်စနစ်ကို ပြင်ဆင်ထားခြင်းပင် ဖြစ်၏။ ယခုအခါ စွမ်းအင်စနစ်ကို သီးခြားဇုန်များအဖြစ် ခွဲထုတ်ထားပြီး ၎င်းတို့သည် ဗဟိုကွပ်ကဲမှု ဌာနကို ကျော်လွန်ကာ သီးခြား လည်ပတ်နိုင်သည်။

“မစိုးရိမ်ပါနဲ့။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ပင်လယ်ဓားပြတွေနဲ့ ရာဇဝတ်ကောင်တွေက သူတို့ရဲ့ လျှို့ဝှက်စခန်းတွေကို တည်ဆောက်တဲ့အခါ ဒီလို နည်းလမ်းမျိုး သုံးတတ်ကြတယ်။ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး”

ကွီရို့စ်က ရှဖေး၏ ပုခုံးကို ပုတ်ကာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ မကောင်းသော အတိတ်နိမိတ် ခံစားချက်မှာ ပိုမို ပြင်းထန်လာသည်။ သို့သော် သူ ဘာမှတော့ ထုတ်မပြောခဲ့ပေ။

ရှောင်ဟိုင်လီသည် သူ၏ ဆက်သွယ်ရေး ကိရိယာမှ ခလုတ်ကို နှိပ်လိုက်ပြီး စစ်သင်္ဘောပေါ်ရှိ ဘိုစင်ဝါကို ဆက်သွယ်လိုက်၏။

“ငါ ဒီမှာ ပြဿနာသစ် တစ်ခု တွေ့ထားတယ်။ ရေဒီယိုဓာတ်မှန် စနစ်ကို သုံးပြီး E131 အလိုအလျောက် လေဖိအား တံခါး။ စွမ်းအင် ထုတ်လုပ်စက်ခန်း နဲ့ စွမ်းအင် ထိန်းချုပ်ခန်းတွေကို အတင်းအကျပ် စကန်ဖတ်စမ်း”

“ဘာဖြစ်လို့လဲ ရှောင်ဟိုင်လီ။ ရေဒီယိုဓာတ်မှန် စနစ်ကို အတင်းအကျပ် သုံးဖို့ဆိုရင် စွမ်းအင် အများကြီး လိုအပ်တယ်။ အဲ့ဒါဆိုရင် ငါတို့ရဲ့ စွမ်းအင် ဒိုင်းလွှားတွေနဲ့ ပင်မ တွန်းကန် စက်အင်ဂျင်တွေကို ခေတ္တ ပိတ်ထားရလိမ့်မယ်”

ဘိုစင်ဝါက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ရပါတယ်။ ငါ နည်းနည်း သံသယ ရှိလို့ပါ။ ငါ ခိုင်းတဲ့အတိုင်းပဲ လုပ်ပါ”

မကြာမီတွင် ရေဒီယိုဓာတ်မှန် စနစ်မှ ပုံရိပ် ထွက်လာပြီး လူသုံးယောက်ထံ ပေးပို့လိုက်သည်။ ၎င်းမှာ အတန်ငယ် ဝေဝါးနေပြီး အစက်အပြောက်များ ပါဝင်နေသော ပုံရိပ်တစ်ခု ဖြစ်သည်။

စွမ်းအင် ထုတ်လုပ်စက်ခန်းနှင့် ထိန်းချုပ်ခန်းတို့မှာ ပုံမှန်အတိုင်း ဖြစ်သော်လည်း E131 အလိုအလျောက် လေဖိအား တံခါးမှာမူ တစ်ခုခု ထူးခြားနေပြီး အနက်ရောင် အစုအဝေး တစ်ခု တံခါးကြားတွင် ညပ်နေသဖြင့် တံခါး ပိတ်မရဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

ရှောင်ဟိုင်လီသည် မျက်မှောင်ကြုတ်ကာ “ဒီထက် ပိုကြည်အောင် လုပ်လို့ မရဘူးလား” ဟု မေး၏။

“ဒီနေရာမှာ လျှပ်စစ်သံလိုက် နှောင့်ယှက်မှုတွေက အရမ်း ပြင်းထန်နေတယ်။ ဒါက ငါတို့ရဲ့ ကိရိယာတွေနဲ့ ရနိုင်သမျှ အကြည်လင်ဆုံး ပုံရိပ်ပဲ” ဘိုစင်ဝါက ခေါင်းခါလိုက်ပြီး ပြန်လည် ဖြေကြားသည်။

“အဝေးထိန်း စနစ်ကို သုံးပြီး ဒီအာကာသစခန်းကို ထိန်းချုပ်လိုက်စမ်း။ အဲ့ဒီ အနက်ရောင် အစုအဝေးက ဘာလဲဆိုတာ ငါတို့ အောက်ဆင်းပြီး သွားကြည့်မယ်” ရှောင်ဟိုင်လီက သွားကြိတ်လိုက်ပြီး တည်ကြည်စွာ အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ။ အာကာသစခန်းကို တစ်စုံတစ်ယောက်က ပြင်ဆင်ထားတဲ့အတွက် ငါတို့ အခု မသိရသေးတဲ့ သက်ရှိ တစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ထင်ရှားတယ်။ တာဝန် အဆင့်ကိုလည်း အဆင့် ၃ ထိ အလိုအလျောက် မြှင့်တင်လိုက်ပြီ။ ဌာနချုပ်ကို အသိပေးရမလား”

“ခုလောလောဆယ်တော့ မလိုသေးဘူး။ သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာတွေမှာ ဘာသက်ရှိမှ မတွေ့ရသေးတဲ့အတွက် အာကာသစခန်းဟာ ဘေးကင်းနိုင်ပါသေးတယ်”

လူသုံးယောက်သည် ကွပ်ကဲမှု ဌာနမှ ထွက်လာကာ ဓာတ်လှေကား စီး၍ အာကာသစခန်း၏ ၁၉ လွှာသို့ ဦးတည် သွားကြသည်။

ဓာတ်လှေကား တံခါး ပိတ်သွားသည်နှင့် ဆက်သွယ်ရေး ကိရိယာမှ ဘိုစင်ဝါ၏ ထိတ်လန့်တုန်လှုပ်နေသော အသံ ထွက်လာသည်။

“တစ်ခုခု ဖြစ်သွားပြီ။ E131 အလိုအလျောက် လေဖိအား တံခါးက ရုတ်တရက် သူ့အလိုလို ပိတ်သွားတယ်။ ဒါပေမဲ့ သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာမှာတော့ ဘာအပြောင်းအလဲမှ မပြဘူး”

ရှဖေးသည် သူ၏ စိတ်ထဲတွင် တစ်ခုခု မကောင်းတော့ဟု ခံစားလိုက်ရသည်။ တံခါး ပိတ်မရအောင် ပိတ်ဆို့ထားသည့် အရာသည် ပုံရိပ်ထဲတွင် မသေးလှပေ။ အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသနည်း။ ဤအာကာသစခန်းပေါ်တွင် လူများ ရှိနေသလား။ အကယ်၍ ရှိနေလျှင်လည်း သက်ရှိ စုံစမ်းစစ်ဆေးရေး ကိရိယာက ဘာကြောင့် မဖမ်းမိရသနည်း။

ရှောင်ဟိုင်လီနှင့် ကွီရို့စ်တို့၏ မျက်နှာများသည်လည်း ထူးထူးခြားခြား တုန်လှုပ်နေကြပြီး မည်ကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရသည်ကို မည်သူမျှ မသိနိုင်ကြပေ။

ရှဖေးသည် သူ၏ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော သဲမှုန်လေးများ ရှိနေပြီး ထိုသဲမှုန်လေးများသည် သူ့အား ဝန်းရံကာ ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

သေချာ ကြည့်လိုက်သောအခါ ထိုအရာများသည် သူ့ပတ်ဝန်းကျင်၌သာ မကဘဲ ရှောင်ဟိုင်လီနှင့် ကွီရို့စ်တို့၏ ပတ်ဝန်းကျင်တွင်လည်း ရှိနေသည်ကို တွေ့လိုက်ရသည်။

ကွီရို့စ်က ရှဖေးဘက် လှည့်ကာ ရယ်မောလိုက်ပြီး “မင်းကို ကာကွယ်ဖို့အတွက် ‘သဲမြုပ်ခြင်း ကာကွယ်ရေး’ စနစ်ပဲ” ဟု ပြော၏။

“ကာကွယ်ရေး အစွမ်းလား...” ရှဖေးသည် မှင်သက်သွားပြီးနောက် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဓာတ်လှေကားသည် ၁၉ လွှာသို့ ရောက်ရှိသွားသောအခါ ကွီရို့စ်က ပထမဆုံး ပြေးထွက်သွားပြီး ရှောင်ဟိုင်လီက နောက်မှ လိုက်ပါသွားသည်။ ရှဖေးမှာမူ ဘေးကင်းစေရန်အတွက် သူ၏ အမြန်နှုန်း အစွမ်းကို အသုံးမပြုဘဲ သူတို့နောက်မှ ခပ်သွက်သွက် လိုက်ပါလာခဲ့၏။ အကြောင်းမှာ သူသည် သူတို့ သုံးယောက်ထဲတွင် အဆင့်အနိမ့်ဆုံး ဖြစ်သောကြောင့် ရှေ့ဆုံးမှ သွားရန် အကြောင်းမရှိပေ။

“မကောင်းတော့ဘူး။ အာကာသစခန်းရဲ့ အောက်ထပ်တွေမှာ စောင့်ကြည့်မှု ဆန့်ကျင်ရေး ကိရိယာတွေ တပ်ဆင်ထားတဲ့အတွက် ဘိုစင်ဝါနဲ့ ငါတို့ကြားက ဆက်သွယ်မှု ပြတ်တောက်သွားပြီ” ရှောင်ဟိုင်လီက ပြေးနေရင်း အရေးတကြီး ပြောလိုက်ရာ သူ၏ လက်ထဲရှိ ကွန်ပျူတာမှာ ဘာမှ မပြတော့ပေ။

ရှပ်

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှဖေးသည် အခြေအနေ၏ အရေးကြီးပုံကို နားလည်လိုက်သည်။ သူသည် သူ၏ ညာဘက်လက်မောင်းရှိ ‘အလင်းလိုက်တန်း’ ဓားကို ပါးနပ်စွာ ဆွဲထုတ်လိုက်သည်။

E131 အလိုအလျောက် လေဖိအား တံခါးဆီသို့ ရောက်ရှိသွားသောအခါ သူတို့ မြင်လိုက်ရသည်မှာ ကြမ်းပြင်ပေါ်တွင် လတ်လတ်ဆတ်ဆတ် သွေးများဖြင့် ပြည့်နှက်နေပြီး ထိုသွေးကွက်ကြီးမှာ တံခါးမှတစ်ဆင့် အထဲသို့ ရှည်လျားစွာ တရွတ်တိုက် ပါသွားခြင်းပင် ဖြစ်သည်။

ဤနေရာတွင် တစ်စုံတစ်ယောက် သေဆုံးသွားခဲ့ပြီး သူ၏ အလောင်းမှာ အတွင်းဘက်သို့ ဆွဲယူသွားခြင်း ခံခဲ့ရသည်မှာ ထင်ရှားလှသည်။ ရှဖေးသည် ကိုယ်ကို ငုံ့လိုက်ပြီး ထိုသွေးများကို သူ၏ လက်ချောင်းဖြင့် အသာအယာ ထိကြည့်လိုက်ရာ သူ၏ ထိတ်လန့်မှုကြောင့် ချွေးစေးများပင် ထွက်လာရသည်။

ထိုသွေးများသည် နွေးနေဆဲပင် ဖြစ်သည်။။

အပိုင်း (၉၆) သွေးပိုးကောင်များ

“ဒီလူသေဆုံးတာ မိနစ်သုံးဆယ်တောင် မပြည့်သေးဘူး” ရှဖေးသည် သူ၏လက်ချောင်းပေါ်ရှိ သွေးများကို နမ်းကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

ရှောင်ဟိုင်လီသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် တစ်ဖက်သွားဓားတစ်လက်ကို ထုတ်ယူကာ တံခါးဘက်သို့ မျက်နှာမူလျက် တိုက်ခိုက်ရန် အသင့်ပြင်ကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ကွီရို့စ်က ခလုတ်ကို နှိပ်လိုက်သောအခါ E131 လေဖိအားတံခါး ပွင့်သွားသည်။ ရှဖေးနှင့် ရှောင်ဟိုင်လီတို့သည် တံခါးအတွင်းသို့ တစ်ပြိုင်နက်တည်း ပြေးဝင်သွားကြပြီး တစ်ယောက်က ဘယ်ဘက်။ တစ်ယောက်က ညာဘက်သို့ အသီးသီး နေရာယူလိုက်ကြ၏။

သို့သော်လည်း စင်္ကြံလမ်းမှာ ဗလာကျင်းနေပြီး သွေးကွက်များမှာမူ အလောင်းအား ညာဘက်စင်္ကြံအတွင်းသို့ တရွတ်တိုက် ဆွဲသွားကြောင်း ညွှန်ပြနေသည်။

“သူတို့နောက်ကို လိုက်ကြစို့”

ရှောင်ဟိုင်လီသည် ဓားကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ ဦးဆောင်ပြီး ရှဖေးက နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ကွီရို့စ်မှာမူ သူ၏ ကာကွယ်ရေးအစွမ်းကို အသုံးပြု၍ ဘေးဘက်နှင့် နောက်ဘက်တို့ကို အကာအကွယ် ပေးထားသည်။

ထိုအဖွဲ့သည် လမ်းကွေ့တစ်ခုအရောက်တွင် နောက်ထပ် သွေးကွက်တစ်ခုကို ထပ်မံတွေ့ရှိရပြန်၏။ ဤတစ်ကြိမ်တွင် သွေးကွက်မှာ အခြားအရပ်မျက်နှာမှ လာခြင်းဖြစ်ပြီး အလွန်လတ်ဆတ်နေပုံရသည်။ သေဆုံးသူအရေအတွက်မှာ အနည်းဆုံး နှစ်ဦးရှိနေပြီဖြစ်ပြီး သူတို့ အာကာသစခန်းထဲသို့ ဝင်လာသည့် အချိန်ဝန်းကျင်မှာပင် သေဆုံးခဲ့ကြခြင်း ဖြစ်နိုင်သည်။

သွေးကွက်များသည် ကြီးမားသော သံတံခါးကြီးတစ်ခုအရှေ့တွင် ဆုံးသွားပြီး အလောင်းများကို ထိုတံခါးနောက်ဘက်သို့ ဆွဲယူသွားပုံရသည်။ တံခါးပေါ်ရှိ စာသားများအရ ဤနေရာမှာ အာကာသစခန်း၏ သိုလှောင်ရုံပင် ဖြစ်သည်။

ရှောင်ဟိုင်လီက ရှဖေးအား သူ၏နောက်မှ လိုက်ရန် အချက်ပြလိုက်ပြီး ကွီရို့စ်ကိုမူ ထွက်ပေါက်အား စောင့်ကြပ်ရန် တံခါးဝတွင် ထားရစ်ခဲ့သည်။

ရှဖေးနှင့် ရှောင်ဟိုင်လီတို့သည် သိုလှောင်ရုံအတွင်းသို့ ဂရုတစိုက် ဝင်ရောက်လိုက်ကြ၏။ အာကာသစခန်းမှာ စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် နေရာအနှံ့ ပျံ့ကျဲနေသော သံကွန်တိန်နာများမှလွဲ၍ အခြားဘာမျှ မရှိပေ။

သိုလှောင်ရုံအတွင်းသို့ ဦးတည်နေသည့် ဝင်ပေါက်အသီးသီးမှ သွေးကြောင်း ငါးကြောင်းကို ရှဖေး ရေတွက်မိလိုက်သည်။ ထိုသွေးကြောင်းများအားလုံးသည် သိုလှောင်ရုံအလယ်ရှိ ကွန်တိန်နာအနည်းငယ် အနီးတွင် စုဆုံနေကြ၏။

ရှောင်ဟိုင်လီနှင့် ရှဖေးတို့သည် ကွန်တိန်နာများအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားရာ သွေးနံ့များ ပြင်းထန်စွာ ထွက်ပေါ်နေသော စွန့်ပစ်အလောင်း ငါးလောင်းကို တွေ့ရှိလိုက်ရသည်။ ထိုအလောင်းများအားလုံးတွင် စက်လုံးပုံသဏ္ဌာန် ဒဏ်ရာ တစ်ဒါဇင်ကျော်စီ ရှိနေကြသည်။

ဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် ဤလူများသည် လုံးဝန်းသောအရာတစ်ခုခုဖြင့် အထိုးခံထားရခြင်း ဖြစ်နိုင်သည်။ ထို့ပြင် ဒဏ်ရာအားလုံးမှာ နှလုံး။ ဦးနှောက် သို့မဟုတ် အဆုတ်ကဲ့သို့သော အရေးကြီးသည့် နေရာများတွင်သာ ရှိနေသည်။ ဒဏ်ရာများမှာ အလွန်တိကျလွန်းလှပြီး လွဲချော်မှုမရှိစေရန် တွက်ချက်ထားပုံရသည်။

သေဆုံးသူများမှာ တူညီသော အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ရှဖေးက ဝတ်စုံတစ်ခု၏ အတွင်းဘက်ကို ကြည့်လိုက်ရာ ငွေရောင် ကြယ်နှစ်ပွင့်အဆင့်ရှိ တရားစီရင်သူ’ တံဆိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။

“သူတို့က တရားစီရင်သူတွေလား” ဟု ရှဖေးက သံသယဝင်မိသည်။ သူနှင့် ရှောင်ဟိုင်လီတို့သည် အခြားဝတ်စုံများ၏ အတွင်းဘက်ကိုပါ စစ်ဆေးကြည့်လိုက်ကြ၏။ အမှန်တကယ်ပင် အားလုံးတွင် တရားစီရင်သူတံဆိပ်များ ရှိနေကြပြီး ငွေရောင် နှစ်ခုနှင့် ကြေးနီရောင် သုံးခု ဖြစ်သည်။

“ကီဗင်ဟန်တင်း... လျှို့ဝှက်စုံစမ်းစစ်ဆေးရေးဌာန” ရှောင်ဟိုင်လီက တံဆိပ်၏ နောက်ကျောဘက်ရှိ စာသားများကို ခပ်တိုးတိုး ဖတ်လိုက်သည်။

တရားစီရင်သူ ငါးဦးစလုံးမှာ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးဌာနမှ ဖြစ်ကြသည်။ သို့သော် သူတို့ ဘာကြောင့် ဤနေရာကို ရောက်နေကြသနည်း။ သူတို့ကို မည်သူက သတ်ခဲ့သနည်း။

ရှဖေး၏ မျက်မှောင်များ ကြုတ်သွားသည်။ ငွေရောင်အဆင့် နှစ်ဦးနှင့် ကြေးနီရောင်အဆင့် သုံးဦးကို သတ်နိုင်သူမှာ သာမန်လူ မဖြစ်နိုင်ပေ။ ဤလူများ သေဆုံးသည့်အချိန်ကို ထောက်ဆလျှင် လူသတ်သမားမှာ အာကာသစခန်းအတွင်း၌ ရှိနေဆဲ ဖြစ်ပေလိမ့်မည်။

ထိုစဉ် သိုလှောင်ရုံ၏ လေးလံသော သံတံခါးကြီးမှာ မမျှော်လင့်ဘဲ ပိတ်သွားပြီး ရှဖေးနှင့် ရှောင်ဟိုင်လီတို့ကို အတွင်း၌ ပိတ်မိသွားစေသည်။ သူတို့ကို ကာကွယ်ပေးထားသည့် သဲမှုန်လေးများသည်လည်း မကြာမီမှာပင် ကြမ်းပြင်ပေါ်သို့ ကြွေကျသွား၏။ ရန်သူသည် ရှဖေးနှင့် ရှောင်ဟိုင်လီတို့အား ကွီရို့စ်ပေးထားသည့် ‘သဲမြုပ်ခြင်း ကာကွယ်ရေး’ အစွမ်းကို ဖြတ်တောက်ရန် နည်းလမ်းတစ်ခုခု သုံးလိုက်ခြင်းမှာ သိသာလှသည်။

“တောက်... ငါတို့ သူတို့ထောင်ချောက်ထဲ မိသွားပြီ” ရှဖေးက ခပ်တိုးတိုး ပြောလိုက်သည်။

ရှဖေးသည် ခြေထောက်ကို အားပြုကာ တံခါးဆီသို့ အလျင်အမြန် ပြေးသွားပြီး တံခါးကို ဖွင့်ရန် ကြိုးစားလိုက်၏။

အကယ်၍ ရှဖေးသာ တိုက်ခိုက်မှုကို စီစဉ်သူဖြစ်ပါက တိုက်စစ်ရော ခံစစ်ပါ အသုံးပြုနိုင်သည့် ‘သဲမြုပ်ခြင်း ကာကွယ်ရေး’ အစွမ်းရှိသော ကွီရို့စ်ကို အရင်ဆုံး ရှင်းလင်းရန် ကြိုးစားပေလိမ့်မည်။ ၎င်းမှာ အဖွဲ့ငယ်လေးတစ်ခုအတွက် အကောင်းဆုံး လက်နက်ပင် ဖြစ်သည်။

တံခါး၏ အခြားတစ်ဖက်တွင် ကျန်ခဲ့သော ကွီရို့စ်မှာ အန္တရာယ်ရှိနေမည်မှာ အသေအချာပင် ဖြစ်၏။

ရှဖေးသည် သူ၏ ‘အလင်းလိုက်တန်း’ ဓားကို အသုံးပြု၍ ကြီးမားသော သံတံခါးကြီးအား အကြိမ်ကြိမ် ခုတ်ပိုင်းကြည့်သော်လည်း တံခါးမှာ ဆယ်စင်တီမီတာကျော် ထူသဖြင့် ပျက်စီးသွားခြင်း မရှိပေ။

ထိုအချိန်တွင် သူတို့ထံသို့ ခြေသံအချို့ ချဉ်းကပ်လာသည်။

“လူတစ်ယောက် လာနေပြီ” ရှဖေးသည် ကိုယ်ကို လှည့်လိုက်ပြီး ‘အလင်းလိုက်တန်း’ ဓားကို ရှေ့တွင် ကိုင်ဆောင်ကာ ခုခံသည့် အနေအထားကို ယူလိုက်၏။ ရှောင်ဟိုင်လီသည်လည်း လေးနက်သော မျက်နှာထားဖြင့် ရှဖေးရှိရာသို့ ဆုတ်ခွာလာသည်။

သိုလှောင်ရုံ၏ အခြားတစ်ဖက်မှ လူလေးယောက် ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။ သူတို့သည် သဲရောင်ဝတ်စုံများကို တင်းကျပ်စွာ ဝတ်ဆင်ထားပြီး လမ်းလျှောက်နေပုံမှာ လမ်းလျှောက်နေသော ပုစွန်ထုပ်ကြီး လေးကောင်ကဲ့သို့ ထူးဆန်းစွာ ကုန်းကုန်းကွကွ ဖြစ်နေသည်။

ရှဖေး၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ လုံးဝ အံ့အားသင့်သွားရသည်။

ထိုလေးဦး၏ မျက်နှာတစ်ခုလုံးတွင် အကြေးခွံများ ရှိနေပြီး သူတို့၏ ပါးစပ်များမှာ ကြောက်မက်ဖွယ် သွားများဖြင့် ပြည့်နှက်နေကာ အပြင်သို့ ပြူးထွက်နေသော အနက်ရောင် မျက်လုံးတစ်စုံစီ ရှိကြသည်။ သူတို့မှာ ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်နိုင်သော လိပ်ပြာသဏ္ဌာန် ရှိပြီး နောက်ဘက်တွင် ကြီးမားသော အမြီးကြီးများ ပါရှိသည်။

သူတို့၏ လက်တစ်ဖက်စီတွင် လက်ချောင်း ငါးချောင်းစီ ရှိပြီး လက်သည်းများမှာ အလွန်ထက်မြက်သော သံချောင်းများကဲ့သို့ ဖြစ်နေသည်။ သေဆုံးသွားသော တရားစီရင်သူများ၏ ဒဏ်ရာမှာ ဤလက်ချောင်းများကြောင့် ဖြစ်သည်မှာ ထင်ရှားလှသည်။

“သွေးပိုးကောင်တွေ... သူတို့က အဆင့်မြင့် အင်းဆက်မျိုးနွယ်ဝင်တွေပဲ” ဖန်တန်က ခပ်တိုးတိုး ပြောလိုက်သည်။

“သူတို့က ရုပ်ဖျက်နိုင်တဲ့သူတွေလား။ ကျွန်တော် အကျပ်အတည်းအဆင့် အကဲဖြတ်တုန်းက ရုပ်ဖျက်နိုင်တဲ့ အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ် ထင်တယ်” ရှဖေးမှာ ထိတ်လန့်သွားပြီး မေးလိုက်၏။

“ကြည့်ရတာ ဆင်တူပေမဲ့ သူတို့ရဲ့ မျက်လုံးတွေကို သေချာကြည့်ပါ။ ရုပ်ဖျက်နိုင်တဲ့သူတွေက တောရိုင်းတိရစ္ဆာန်တွေနဲ့ တူအောင် သူတို့ရဲ့ ရုပ်သွင်ကို ပြောင်းလဲနိုင်ပေမဲ့ မျက်လုံးကိုတော့ မပြောင်းလဲနိုင်ဘူး။ အင်းဆက်မျိုးနွယ်တွေရဲ့ မျက်လုံးတွေကတော့ တစ်ရောင်တည်းပဲ ရှိတာ။ အဲ့ဒါက သူတို့ကြားက ကွာခြားချက်ပဲ” ဖန်တန်က ခေါင်းခါလိုက်ပြီး ရှင်းပြလေသည်။

အင်းဆက်မျိုးနွယ် အများစုမှာ ဉာဏ်ရည်နိမ့်ပါးသော တွားသွားသတ္တဝါများ ဖြစ်ကြသည်။ သူတို့၏ အရေအတွက်မှာ များပြားလှပြီး တိုက်ခိုက်ရေးတွင်လည်း မဆိုးလှပေ။ သို့သော် သူတို့မှာ အသေခံစစ်သည်များသာ ဖြစ်ပြီး ကြီးမားသော ခြိမ်းခြောက်မှု မရှိလှပေ။

အင်းဆက်မျိုးနွယ်များ၏ တကယ့် ခေါင်းဆောင်များမှာ လူသားများကဲ့သို့ တွေးခေါ်နိုင်ပြီး နောက်ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်နိုင်သည့်အပြင် စစ်သင်္ဘောများနှင့် လက်နက်များကိုပင် ထုတ်လုပ်နိုင်သော ဉာဏ်ရည်ထက်မြက်သည့် ပိုးကောင်များ ဖြစ်ကြသည်။

သွေးပိုးကောင်များသည် ဉာဏ်ရည်ရှိသော အင်းဆက်မျိုးနွယ်တစ်မျိုး ဖြစ်ကြသည်။ သူတို့သည် အင်းဆက်မျိုးနွယ်များထဲတွင် ဉာဏ်ရည် ပျမ်းမျှအထက် ရှိသည်ဟု ယူဆရပြီး ရက်စက်ကြမ်းကြုတ်သော လျှို့ဝှက်တာဝန်များကို ထမ်းဆောင်လေ့ရှိသောကြောင့် လူသားများက ‘သွေးပိုးကောင်များ’ ဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

လူသားမဟာမိတ်အဖွဲ့နှင့် အင်းဆက်မျိုးနွယ်စုများအကြား နောက်ဆုံးစစ်ပွဲမှာ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ဖြစ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ သို့ဖြစ်ပါက ဤသွေးပိုးကောင်များသည် မဟာမိတ်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေအတွင်းသို့ အဘယ်ကြောင့် ရောက်ရှိလာကြသနည်း။

သွေးပိုးကောင် လေးဦးသည် ရှဖေးနှင့် ရှောင်ဟိုင်လီကို ဝိုင်းရံထားလိုက်ကြသည်။

“ငါတို့ တိုက်ကြမှာလား” ရှဖေးက မေးလိုက်၏။

ရဲ့ရှောင်ဟန် နှင့် ရှဖေး တို့၏ ဆက်ဆံရေးကြောင့် ရှောင်ဟိုင်လီသည် ရှဖေးအပေါ် နာကျည်းချက် ပြင်းထန်နေသည်။ အမှန်စင်စစ် သူသည် ရှဖေးအား သင်ခန်းစာပေးရန်အတွက် ဤအာကာသစခန်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အခွင့်ကောင်းကြီး ပေါ်ပေါက်လာပေပြီ။ ကွီရို့စ်မှာ တံခါး၏ အခြားတစ်ဖက်တွင် ရှိနေပြီး အာကာသစခန်း၏ စောင့်ကြည့်ရေးစနစ်နှင့် အသက်စစ်ဆေးရေးစနစ်တို့မှာလည်း ပြတ်တောက်နေသည်။

သူသာ ရှဖေးအား ဤနေရာတွင် သတ်လိုက်ပါက မည်သူမျှ သိနိုင်မည် မဟုတ်ပေ။

ရုတ်တရက် အကြံရသွားသော ရှောင်ဟိုင်လီသည် သူ၏ အာကာသလက်စွပ်ထဲမှ ထူးဆန်းသော ပုံစံရှိသည့် ဆက်သွယ်ရေးကိရိယာတစ်ခုကို ထုတ်ယူကာ ရှဖေးထံ ကမ်းပေးလိုက်၏။

“ဒါက ဌာနချုပ်ကို တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ ကိရိယာပဲ။ ငါတို့ ခွဲသွားကြမယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီဆက်သွယ်ရေး ပြတ်တောက်နေတဲ့ နေရာကနေ အရင်ဆုံး ထွက်နိုင်တဲ့သူက ဌာနချုပ်ကို အကူအညီလှမ်းတောင်းပါ”

ရှဖေးက ခေါင်းညိတ်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို ကမ်းလိုက်သည်။ သို့သော် သူတို့၏လက်များ ထိတွေ့ခါနီးအချိန်တွင် ရှောင်ဟိုင်လီသည် ယုတ်မာသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ရှဖေး၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲရန် လက်ကို လှည့်လိုက်သည်။

ရှောင်ဟိုင်လီသည် ဒဏ္ဍာရီအဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် အန်ဒါရိုကြယ်တာရာနယ်မြေအဆင့် တရားစီရင်သူများသမဂ္ဂတွင် အဆင့်အမြင့်ဆုံး အလယ်အလတ် တရားစီရင်သူများထဲမှ တစ်ဦးဖြစ်ပြီး သူ၏ အစွမ်းမှာ ရှဖေးထက် အများကြီး သာလွန်သည်။ အကယ်၍ သူသာ ရှဖေး၏ လက်ကောက်ဝတ်ကို ဖမ်းမိသွားပါက ရှဖေးသည် သူ၏ အမြန်နှုန်းအစွမ်းကို အသုံးမပြုနိုင်တော့ဘဲ သေဘေးနှင့် ရင်ဆိုင်ရမည်မှာ အမှန်ပင် ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ရှဖေး၏ သာမန်ထက်ထူးကဲသော တုံ့ပြန်မှုအစွမ်းက ပေါ်ထွက်လာသည်။ ရှောင်ဟိုင်လီ၏ လက်ဖဝါးက သူ့ကို ထိတွေ့တော့မည့်အချိန်တွင် ရှဖေးသည် သူ၏လက်ကို အမြန်ဆုံး ဆွဲထုတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သိုလှောင်ရုံ၏ နံရံများတစ်လျှောက် တစ်စက္ကန့်လျှင် မီတာ ရှစ်ရာ အမြန်နှုန်းဖြင့် ဝှေ့ယမ်းကာ နောက်သို့ ဆုတ်ခွာသွားသည်။

ရှောင်ဟိုင်လီ ဘာဖြစ်သွားမှန်း သတိမထားမိခင်မှာပင် ရှဖေးသည် သူနှင့် မီတာ ရာနှင့်ချီ၍ ဝေးကွာသွားပြီ ဖြစ်သည်။ ရှဖေးသည် သူ၏ အမြန်နှုန်းအားသာချက်ကို ပါးနပ်စွာ အသုံးပြု၍ သွေးပိုးကောင်များ၏ ဘေးမှ ဖြတ်ကျော်ပြေးထွက်သွားပြီး နောက်သို့ပင် လှည့်မကြည့်တော့ပေ။

သွေးပိုးကောင် လေးဦးသည် ကိုယ်ကို လှည့်ကြည့်လိုက်သော်လည်း ရှဖေးအား လိုက်မမီနိုင်တော့မှန်း သိသဖြင့် သူ့ကို လွှတ်ပေးလိုက်ကြ၏။ ထို့နောက် သူတို့သည် ရှောင်ဟိုင်လီကို အလျင်အမြန် ဝိုင်းရံထားလိုက်ကြသည်။ ရလဒ်အနေဖြင့် ရှောင်ဟိုင်လီသည် သွေးပိုးကောင်များကြားတွင် တစ်ဦးတည်း ပိတ်မိသွားရပေတော့သည်။

ယခုအခါ ရှောင်ဟိုင်လီမှာ ထိတ်လန့်သွားရပေပြီ။ အကယ်၍ ရှဖေးသာ လွတ်မြောက်သွားပြီး သမဂ္ဂသို့ အစီရင်ခံလိုက်ပါက သူ၏ အနာဂတ်နှင့် ဂုဏ်သိက္ခာအားလုံး ပျက်စီးသွားပေလိမ့်မည်။ ဤသည်မှာ သူ လုံးဝ လက်မခံနိုင်သော အဆုံးသတ်ပင် ဖြစ်သည်။

ရှောင်ဟိုင်လီသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ လက်များမှ ကြီးမားသော မီးတောက်များ ထွက်ပေါ်လာပြီး သူကိုင်ဆောင်ထားသော ဓားကို လွှမ်းခြုံသွားသည်။ သွေးပိုးကောင် လေးဦးနှင့် ရှောင်ဟိုင်လီတို့သည် တစ်ချိန်တည်းမှာပင် တစ်ဦးကိုတစ်ဦး တိုက်ခိုက်လိုက်ကြသည်။

ရှောင်ဟိုင်လီတွင် သဘာဝအမျိုးအစား အထူးအစွမ်းဖြစ်သော ‘မီးတောက်’ အစွမ်း ရှိသည်။ ၎င်းမှာ မီးကို ထိန်းချုပ်နိုင်သည့် အစွမ်းထက်သော အစွမ်းပင် ဖြစ်၏။

ကံမကောင်းစွာဖြင့် သွေးပိုးကောင် လေးဦးတွင် ထူထဲသော အကာအကွယ် အကြေးခွံများ ရှိနေကြသည်။ ရှောင်ဟိုင်လီ၏ မီးတောက်များမှာ အလွန်နာကျင်စေသော်လည်း သူတို့ကို သတ်နိုင်လောက်သည့် အထိတော့ မပြင်းထန်ပေ။

ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်လာပေပြီ။ ရှောင်ဟိုင်လီ၏ ဓားမှာ မီးဖိုထဲမှ ထွက်လာသကဲ့သို့ နီရဲနေ၏။ ဓားဖြင့် ခုတ်လိုက်တိုင်း သွေးပိုးကောင်များ၏ ကိုယ်ပေါ်တွင် ရေနွေးငွေ့များ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ဒဏ်ရာများကို ချန်ထားရစ်သည်။

အင်းဆက်မျိုးနွယ်များမှာ လူသားများ မဟုတ်ကြသောကြောင့် သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ဆုတ်ခွာလိုခြင်းဟူ၍ မရှိကြပေ။ ရှောင်ဟိုင်လီ၏ ရက်စက်သော တိုက်ခိုက်မှုများက သွေးပိုးကောင်များ၏ ဗီဇတွင်ရှိသော အကြမ်းဖက်လိုစိတ်ကို ပိုမို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

သွေးပိုးကောင်များသည် ပိုမို ရူးသွပ်လာကြပြီး မီးလောင်ဒဏ်ရာနှင့် နာကျင်မှုများကို ဂရုမစိုက်တော့ဘဲ ရှောင်ဟိုင်လီအား အသေခံ တိုက်ခိုက်ကြပေတော့သည်။

ရှဖေးသည် ကွန်တိန်နာတစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းနေရင်း ဤအရာအားလုံးကို မြင်တွေ့နေရသည်။ ရှောင်ဟိုင်လီမှာ ဒဏ္ဍာရီအဆင့် ကျွမ်းကျင်သူဖြစ်သဖြင့် ရန်သူလေးဦးကို ရင်ဆိုင်ရန်မှာ မခဲယဉ်းလှပေ။ သို့သော် အဓိက ပြဿနာမှာ ဤသွေးပိုးကောင်များသည် သူ၏ အပြင်းထန်ဆုံး လက်နက်ဖြစ်သော မီးတောက်ကို မကြောက်ကြခြင်းပင် ဖြစ်သည်။ သူတို့မှာ သေခြင်းတရားကိုပင် မကြောက်ကြပေ။

ဤအခြေအနေမှာ ရှောင်ဟိုင်လီအတွက် အလွန် စိုးရိမ်စရာ ဖြစ်လာသည်။ သူသည် တိုက်ပွဲတွင် အသာစီးရနေသော်လည်း တိုက်ပွဲကို အဆုံးသတ်ရန် ခက်ခဲနေသည်။

နှစ်ဖက်စလုံး အထိနာကြလိမ့်မည်ဟု ရှဖေး ခန့်မှန်းလိုက်သည်။

သူသည် ခြေထောက်ကို အားယူကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြီး ရှောင်ဟိုင်လီအား အချိန်မရွေး အပြတ်ရှင်းရန် အသင့်ပြင်ထားသည်။ သူ့ကို သတ်ရန် ကြိုးစားခဲ့သော ရန်သူအပေါ် သူ၌ သနားညှာတာစိတ် မရှိပေ။ ထိုလူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ပြသခဲ့ပြီးဖြစ်သောကြောင့် ရှဖေးအနေဖြင့် သူ့အား ဆက်လက် အသက်ရှင်ခွင့် ပေးရန် အကြောင်းမရှိပေ။

ရုတ်တရက် သိုလှောင်ရုံ တစ်ဝိုက်တွင် အနီရောင် သတိပေးမီးများ အမြောက်အမြား လင်းလာသည်။

“သတိပေးချက်။ သတိပေးချက်။ အာကာသစခန်း၏ အလိုအလျောက် ဖျက်ဆီးရေးစနစ်ကို စတင်လိုက်ပြီ ဖြစ်သည်။ အာကာသစခန်းသည် မိနစ်သုံးဆယ်အတွင်း ပေါက်ကွဲပျက်စီးသွားမည် ဖြစ်သည်။ တာဝန်ကျ ဝန်ထမ်းများအားလုံး အာကာသစခန်းမှ ချက်ချင်း စွန့်ခွာကြပါရန်”

All Chapters