← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အပိုင်း (၁၀၀) ပေါက်ကွဲသံကြီး

ရှဖေးအား အလိုရှိကြောင်း ဝရမ်းသည် ကြယ်တာရာနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အာကာသထဲတွင် ခရီးသွားနေသည့် သင်္ဘောအားလုံးသည် ဤသတင်းကို သိရှိသွားကြပေတော့သည်။

ထိုအသိပေးချက်ပါ စာသားများသည် အလွန်ထူးဆန်းလှသည်။ ရှဖေး မည်သည့်ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ စုံစမ်းစစ်ဆေးရန်အတွက် အနီးဆုံး စစ်တပ်စခန်းသို့ သတင်းပို့ရန်နှင့် သူ့ကို တွေ့ရှိသူ မည်သူမဆို စစ်တပ်ထံ ချက်ချင်း အကြောင်းကြားရန်သာ ဖော်ပြထားသည်။

လောကကြီးသည် တစ်ခါတစ်ရံတွင် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ ရှဖေး နှင့် ချန်သုန်း တို့၏ အကျပ်အတည်းအဆင့် အကဲဖြတ်စဉ်က ၂၁ ရက်ကြာ တိုက်ပွဲမှာ လူတိုင်း၏ စိတ်ထဲတွင် လတ်ဆတ်နေဆဲ ဖြစ်သော်လည်း လပိုင်းမျှအကြာတွင် ကြယ်တာရာနယ်မြေ တစ်ခုလုံး၏ အားကျမှုကို ခံခဲ့ရသော လူငယ်လေးသည် မည်သည့်ပြစ်မှုမှ မရှိဘဲ ဝရမ်းပြေးတစ်ဦး ဖြစ်လာခဲ့ရသည်။

ရှဖေးသည် ဖန်သားပြင်ကို ပိတ်လိုက်ပြီး သူ၏ ကုလားထိုင်တွင် မှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ တစ်စုံတစ်ယောက်နောက်သို့ လိုက်ရခြင်းမှာ အလွန်ပင် ပင်ပန်းလှသဖြင့် ရှဖေးသည် ဝပ် အာကာသခုန်ကျော် လမ်းကြောင်းကို ဖြတ်သန်းနေစဉ် ခေတ္တမျှ အနားယူရင်း အင်းဆက်မျိုးနွယ် သင်္ဘောကို မည်သို့ တားဆီးရမည်ကို စဉ်းစားနေသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှဖေးသည် ဝပ်လမ်းကြောင်းထဲမှ ပြန်လည် ထွက်ပေါ်လာသည်။ ဤနေရာသည် မဟာမိတ်နယ်မြေ၏ အစွန်အဖျားနှင့် အလင်းနှစ် နှစ်သောင်းခန့် ကွာဝေးပြီး မိမိတို့ နယ်မြေအတွင်း ထိုသင်္ဘောကို တားဆီးနိုင်မည့် နောက်ဆုံး အခွင့်အရေးပင် ဖြစ်သည်။ သို့မဟုတ်ပါက သူသည် လူသူကင်းမဲ့သော စစ်ရေးကြားခံဇုန်အတွင်းသို့ ဝင်ရောက်စွန့်စားရပေလိမ့်မည်။

ခြေရာခံစနစ်အရ အင်းဆက်မျိုးနွယ် သင်္ဘောသည် နယ်စပ်သို့ တိုက်ရိုက် ဦးတည်နေကြောင်း ပြသနေ၏။ သူတို့၏ ဝပ်အင်ဂျင်သည် နောက်ထပ် မိနစ် လေးဆယ်အတွင်း နောက်တစ်ကြိမ် ဝပ်ခုန်နိုင်ရန် စွမ်းအင် ပြည့်ဝလာမည် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် လကြတ် သင်္ဘောတွင် အင်းဆက်မျိုးနွယ် သင်္ဘောထက် အများကြီး ပိုမိုမြန်ဆန်သော ဘလက်မန်ဘာ ၁၃၀ အင်ဂျင် တပ်ဆင်ထားသည်။ ရန်သူများကို မှီရန်အတွက် ဆယ့်ရှစ်မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။

ထို့ကြောင့် ရှဖေးအနေဖြင့် မဟာမိတ်နယ်မြေအတွင်း သင်္ဘောကို တားဆီးရန်အတွက် နှစ်ဆယ့်နှစ်မိနစ် အချိန်ရသည်။

ရှဖေးသည် ကွပ်ကဲမှု ဘောင်တွင် ရပ်ကာ တည်ကြည်သော မျက်လုံးများဖြင့် အပြင်ဘက်ကို ကြည့်နေစဉ် လကြတ် သင်္ဘောသည် အင်းဆက်မျိုးနွယ် သင်္ဘောဆီသို့ အမြန်နှုန်းအပြည့်ဖြင့် ပြေးဝင်သွားလေတော့သည်။

“Overclock စနစ်ကို အသင့်ပြင်ထားပါ” ဟု ရှဖေးက နက်ရှိုင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။

သူ စကားပြောပြီးသည်နှင့် တပ်ဆင်ထားသောစွမ်း‌ဆောင်ရည်မြှင့်ချစ်ပ်သည် သင်္ဘော၏ အစိတ်အပိုင်း အမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီး စနစ်များ၏ အမြင့်ဆုံး ခံနိုင်ရည်ကို စတင် ရှာဖွေလေတော့သည်။

လကြတ် သင်္ဘောသည် တုန်ခါမှုဗုံး၏ အဟုန်ကြောင့် ပျက်စီးမှုအချို့ ရှိနေခဲ့ပြီးဖြစ်ရာစွမ်း‌ဆောင်ရည်မြှင့်စနစ်ကို အသုံးပြုခြင်းမှာ ပျက်စီးနေသော အစိတ်အပိုင်းများကို ပိုမို ဝန်ပိစေမည် ဖြစ်သဖြင့် အကောင်းဆုံး အကြံဉာဏ်တော့ မဟုတ်ပေ။

အင်းဆက်မျိုးနွယ် သင်္ဘောနှင့် နီးကပ်လာသည်နှင့်အမျှ လကြတ် သင်္ဘော၏ ပင်မအမြောက် လေးခုမှ အဖြူရောင် အလင်းတန်းများ ထွက်ပေါ်ကာ စတင် ပစ်ခတ်လေတော့သည်။ ရှဖေးသည် စွမ်းအင် ဒိုင်းလွှားများကို အမြင့်ဆုံးတွင် ထားပြီး ရန်သူ့ ပစ်ခတ်မှုများကို ကျွမ်းကျင်စွာ ရှောင်တိမ်းနေသည်။

ဝုန်း

ဂေါက်စ် အမြောက်ကျည် တစ်ခုသည် လကြတ် သင်္ဘော၏ ဒိုင်းလွှားကို ထိမှန်သွားသောအခါ သင်္ဘော တစ်စင်းလုံး တုန်ခါသွားသည်။ ဒိုင်းလွှားမှာ ချက်ချင်း ခုနစ်ရာခိုင်နှုန်း ကျဆင်းသွားသဖြင့် ဒိုင်းလွှား ဖြည့်တင်းရေးစနစ်က စတင် လည်ပတ်လေတော့သည်။

“သူတို့ သင်္ဘောရဲ့ ဘေးကနေ မိုင် ငါးဆယ် အကွာအဝေးကို ထိန်းထားပါ။ ဆွဲငင်ထိန်းချုပ်ရေးစနစ်ကို အသင့်ပြင်ပါ” ရှဖေးက အမိန့်ပေးလိုက်သည်။

မိုင် ငါးဆယ် အကွာအဝေးပြောလိုက်သည်မှာ တိုက်ပွဲအတွက် အလွန် နီးကပ်သော အကွာအဝေး ဖြစ်သည်။ ရန်သူ့ တိုက်ခိုက်မှုမှာ ပိုမို ပြင်းထန်နိုင်သော်လည်း ရှဖေးကတော့ ရန်သူ့ သင်္ဘောကို ပိုမို တိကျစွာ ပစ်ခတ်နိုင်ရန်အတွက် တတ်နိုင်သမျှ နီးကပ်စွာ နေရန်သာ ဆုံးဖြတ်လိုက်သည်။

“ဆွဲငင်ထိန်းချုပ်ရေးစနစ်ကို ဖွင့်လိုက်။ သူတို့ သင်္ဘောရဲ့ အမြန်နှုန်းကို လျှော့ချပစ်စမ်း”

ရှပ်

လကြတ် သင်္ဘော၏ ဘေးဘက်မှ အဝါရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အင်းဆက်မျိုးနွယ် သင်္ဘောကို လွှမ်းခြုံသွားရာ ဆယ်စက္ကန့်ခန့် အကြာတွင် ၎င်း၏ အမြန်နှုန်းမှာ ၉၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပေတော့သည်။

အမြန်နှုန်းပြင်းသော ပစ်မှတ်ထက်စာလျှင် နှေးကွေးသော ပစ်မှတ်ကို ပစ်ခတ်ရန်မှာ အများကြီး ပိုမို လွယ်ကူလှသည်။ ထို့ကြောင့် ရှဖေးသည် သူတို့ကို အပြင်းအထန် မတိုက်ခိုက်မီ အမြန်နှုန်းကို အရင် လျှော့ချရန် ကြံစည်ခြင်း ဖြစ်၏။

“ပစ်ခတ်မှုစနစ်ကို ဖွင့်လိုက်။ နှောင့်ယှက်ရေးဗုံး တစ်လုံး လွှတ်လိုက်စမ်း”

ရှပ်

ဘဲဥပုံ ဗုံးတစ်လုံး ပစ်လွှတ်လိုက်သည်။ ဤသည်မှာ ရှဖေး၏ နောက်ဆုံးကျန်သော နှောင့်ယှက်ရေးဗုံး ဖြစ်သည်။ ၎င်းသည် ရန်သူ့ အမြောက်များကို တစ်မိနစ်ခန့် ရပ်တန့်သွားစေမည် ဖြစ်သော်လည်း ထိုအချိန် ကျော်လွန်သွားပါက သူသည် ရန်သူ့ တိုက်ခိုက်မှု အားလုံးကို အောင့်ခံရပေလိမ့်မည်။

“လက်နက်စနစ်ကို အသက်သွင်းပါ။ သူတို့ရဲ့ ဝပ်အင်ဂျင်ကို ပစ်မှတ်ထား။စွမ်း‌ဆောင်ရည်မြှင့်ချစ်ပ်ကို အသုံးပြုပြီး အမြင့်ဆုံး အခြေအနေမှာ ထားလိုက်စမ်း” ရှဖေးက ထပ်မံ အမိန့်ပေးလိုက်၏။

နျူထရွန် အမြောက်မှ မီးတောက်များ ထွက်ပေါ်လာပြီး ဆန့်ကျင်ဘက် အမှုန်ကျည်များသည် ရန်သူ့ သင်္ဘော၏ ဒိုင်းလွှားကို ဗုံးကြဲ တိုက်ခိုက်လေတော့သည်။စွမ်း‌ဆောင်ရည်မြှင့်စနစ်ကြောင့် အမြောက်များနှင့် ဒုံးကျည်များ၏ တိုက်ခိုက်ရေးစွမ်းအားမှာ နှစ်ဆယ်ရာခိုင်နှုန်းကျော် တိုးတက်လာသည်။

ရန်သူ့ သင်္ဘော၏ ဒိုင်းလွှားပေါ်တွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ စစ်ဆေးရေး စနစ်အရ သူတို့၏ ကာကွယ်ရေးမှာ အလျင်အမြန် ကျဆင်းနေပြီး တစ်မိနစ်ခန့် အကြာတွင် ဒိုင်းလွှားမှာ သုံးဆယ်ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

ထိုတစ်မိနစ် ကုန်ဆုံးသွားသည်နှင့် နှောင့်ယှက်ရေးဗုံး၏ အာနိသင်မှာ ပျက်ပြယ်သွားပြီး အင်းဆက်မျိုးနွယ် သင်္ဘော၏ ပင်မအမြောက် လေးခုမှ ပြန်လည် တိုက်ခိုက်မှုများ စတင်လာပေတော့သည်။

ဒိုင်း ဒိုင်း

ဆက်တိုက် ပစ်ခတ်မှု နှစ်ခုသည် လကြတ် သင်္ဘော၏ ဒိုင်းလွှားကို ထိမှန်သွားသဖြင့် ပြင်းထန်စွာ ပျက်စီးသွားသည်။

သီအိုရီအရဆိုလျှင် ရန်သူက တိုက်ခိုက်ရေးစွမ်းအား ပိုမို ပြင်းထန်ပါက သူသည် အဝေးမှနေ၍ စစ်သင်္ဘောငယ်၏ လျင်မြန်သော ရှောင်တိမ်းမှုကို အသုံးပြု၍ ပြန်လည် ပစ်ခတ်သင့်သော်လည်း ရှဖေးကတော့ ထိုသို့ မလုပ်ခဲ့ပေ။

အချိန် သိပ်မကျန်တော့ဘဲ ရန်သူများအား စစ်ရေးကြားခံဇုန်အတွင်းသို့ လွတ်မြောက်သွားခြင်းကို ရှဖေး မလိုလားသောကြောင့် သူသည် အသေခံ တိုက်ပွဲဝင်ရန်သာ ဆုံးဖြတ်လိုက်သည်။

အာကာသ၏ ဤနေရာတွင် အလွန်ပင် ကြေကွဲဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာပေတော့သည်။ စစ်သင်္ဘောငယ်လေး တစ်စင်းသည် မိမိထက် ငါးဆကျော် ပိုမိုကြီးမားသော ဖျက်သင်္ဘော တစ်စင်းနှင့် အပြန်အလှန် ပစ်ခတ်နေကြသည်။

တစ်ချက်ချင်းစီကို အလွတ်မပေးဘဲ တိုက်ခိုက်နေခြင်းပင် ဖြစ်၏။ တောက်ပသော အလင်းတန်းများသည် သင်္ဘောများပေါ်တွင် အဆက်မပြတ် ပေါ်ထွက်နေပြီး မှောင်မည်းနေသော ဟင်းလင်းပြင်ကို လင်းထိန်စေကာ အမြောက်သံများကလည်း စကြဝဠာ တစ်ခုလုံးကို တုန်ခါစေသည်။

“ပြန်ပစ်စမ်း။ ပြန်ပစ်။ ဒိုင်းလွှား ဖြည့်တင်းရေးစနစ်ကိုစွမ်း‌ဆောင်ရည်မြှင့်လုပ်လိုက်စမ်း။ စွမ်းအင် ထုတ်လုပ်စက်ကိုလည်း အမြင့်ဆုံး အထိ တွန်းတင်လိုက်။ ဆွဲငင်ထိန်းချုပ်ရေး စနစ်ကိုလည်းစွမ်း‌ဆောင်ရည်မြှင့်လုပ်စမ်း။ သူတို့ အမြန်နှုန်းကို မနားတမ်း လျှော့ချထားစမ်း”

လကြတ် သင်္ဘောအား ထိမှန်မှု တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသဖြင့် သင်္ဘော တစ်စင်းလုံးမှာ သိသိသာသာ တုန်ခါနေသည်။ ရှဖေးသည် ကွပ်ကဲမှုခုံကို လက်နှစ်ဖက်ဖြင့် မြဲမြဲဆုပ်ကိုင်ထားသည်။ သူ၏ အသက်ရှုသံမှာ ပြင်းထန်နေပြီး သူ၏ မျက်လုံးများမှာလည်း နီရဲနေသည်။

ရှဖေးအနေဖြင့် မိမိထက် အဆင့်အတန်း လုံးဝ ကွဲပြားသော ဖျက်သင်္ဘော တစ်စင်းကို ထိပ်တိုက် ရင်ဆိုင်ရန် မည်သည့်အရာက သတ္တိ ပေးနေသနည်းဟု မေးလျှင် ၎င်းမှာ လကြတ် သင်္ဘော၏ အကောင်းဆုံး ပြင်ဆင်ထားမှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ဘာပဲပြောပြော ၎င်းမှာ နေဗီထုတ် စစ်သင်္ဘောငယ် တစ်စင်း ဖြစ်သည် မဟုတ်ပါလား။ ထိပ်တန်း လက်နက်များစွာ တပ်ဆင်ထားသော စစ်သင်္ဘောငယ် တစ်စင်းပင် ဖြစ်၏။

အလွန် ဈေးကြီးသော ဘလက်မန်ဘာ ၁၃၀ အင်ဂျင်နှင့် ရှေးဟောင်းယဉ်ကျေးမှုမှ စွမ်း‌ဆောင်ရည်မြှင့်ချစ်ပ်တို့ကို ထည့်မတွက်လျှင်ပင် ဤသင်္ဘော၏ ထုတ်လုပ်မှုစရိတ်မှာ ကြယ်တာရာဒင်္ဂါး သန်း ခုနစ်ရာကျော် ရှိပြီး သာမန် စစ်သင်္ဘောငယ် တစ်စင်းထက် အများကြီး ပိုမို ကုန်ကျခဲ့သည်။

ရှဖေးအနေဖြင့် လကြတ် သင်္ဘောကို တည်ဆောက်စဉ်က ငွေကြေးကို အကန့်အသတ်မရှိ သုံးစွဲခဲ့ခြင်းမှာ ယခုကဲ့သို့ အရေးကြီးသော အချိန်များတွင် ထိပ်တန်း စစ်သင်္ဘောငယ် တစ်စင်း၌ ရှိအပ်သော ပေါက်ကွဲအားကို ပြသနိုင်ရန်အတွက်ပင် ဖြစ်သည်။

“အားလုံးကို တိုက်စစ်မှာပဲ သုံးလိုက်စမ်း။ ခံစစ်ကို ဂရုမစိုက်နဲ့တော့။ စွမ်းအင် အားလုံးကို အမြောက်တွေဆီ ပို့ပြီး အဲ့ဒီကောင်ကို အမှုန်အမွှား ဖြစ်အောင် ပစ်ချလိုက်စမ်း” ရွှေရောင် သွေးပိုးကောင်က အမိန့်ပေးလိုက်သည်။

သူသည် ရှဖေးနှင့် ထိပ်တိုက် တိုက်ပွဲကို စောင့်မျှော်နေခဲ့ခြင်း ဖြစ်သော်လည်း ရှဖေးက အမှန်တကယ် ထိပ်တိုက် ရင်ဆိုင်လာသောအခါ ဤစစ်သင်္ဘောငယ်မှာ ထင်ထားသည်ထက် ပိုမို ကိုင်တွယ်ရ ခက်ခဲကြောင်း သူ သတိပြုမိလိုက်သည်။

သူ့တွင် ရှဖေးထက် ပိုမို ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအား ရှိသော်လည်း နှစ်ဖက်စလုံးမှာ ထိခိုက်မှု ပမာဏ အတူတူပင် ဖြစ်နေသည်။

သွေးပိုးကောင် တပ်မှူးမှာ ထိုအချက်ကြောင့် အလွန်ပင် ဒေါသထွက်နေသည်။ ကြီးကျယ်သော အင်းဆက်မျိုးနွယ် ဖျက်သင်္ဘော တစ်စင်းသည် သာမန် လူသား စစ်သင်္ဘောငယ် တစ်စင်းကို မနိုင်နိုင်ဟု သူ လုံးဝ မယုံကြည်နိုင်ဘဲ ရှိနေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် နှစ်ဖက်စလုံး၏ စွမ်းအင် ဒိုင်းလွှားများမှာ ကုန်ဆုံးသွားပြီး ယခုအခါ သံချပ်ကာချင်း တိုက်ပွဲ ဖြစ်လာပေတော့သည်။

သင်္ဘောအားလုံးတွင် ကာကွယ်ရေး အဆင့် သုံးဆင့် ရှိသည်။ ပထမမှာ စွမ်းအင် ဒိုင်းလွှားဖြစ်ပြီး ဒုတိယမှာ ဒိုင်းလွှား ကုန်ဆုံးသွားပါက သံချပ်ကာ ဖြစ်သည်။ အကယ်၍ သံချပ်ကာပါ ပျက်စီးသွားပါက သင်္ဘောတွင် တတိယနှင့် နောက်ဆုံး ကာကွယ်ရေးဖြစ်သော ‘တည်ဆောက်ပုံ’ သာ ကျန်ရှိတော့သည်။

သင်္ဘော၏ တည်ဆောက်ပုံသည် သူ၏ နောက်ဆုံး ခံစစ်ပင် ဖြစ်၏။ တစ်ခါတစ်ရံ တည်ဆောက်ပုံ ထိခိုက်သွားပါက သင်္ဘောမှာ လုံးဝ ပျက်စီးသွားပြီဟု သတ်မှတ်နိုင်သည်။

ဝုန်း

ဗုံးတစ်လုံးသည် လကြတ် သင်္ဘော၏ သံချပ်ကာပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး တိုက်တေနီယံ သတ္တုစပ် သံချပ်ကာကို ဖောက်ထွက်သွားသည်။

ရှပ်

ပြုပြင်ထိန်းသိမ်းရေး ဒရုန်းအချို့သည် သိုလှောင်ရုံအတွင်းမှ ထွက်လာပြီး သင်္ဘော၏ ပျက်စီးနေသော အစိတ်အပိုင်းကို အလျင်အမြန် ဖုံးအုပ်လိုက်ကြသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ပြုပြင်ထိန်းသိမ်းရေး ဒရုန်းများသည် အရည်ပျော် သတ္တုများ ဖြစ်သွားကြ၏။ ဟာကွက်တစ်ခုကို ကော်ဖြင့် ကပ်လိုက်သကဲ့သို့ သူတို့သည် လျင်မြန်စွာ မာကျောသွားပြီး ပျက်စီးနေသော သံချပ်ကာကို ပြုပြင်လိုက်ကြသည်။

အင်းဆက်မျိုးနွယ် သင်္ဘော၏ အင်ဂျင်ခန်းမှ အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပြီး မီးပွားများကိုလည်း ခဏခဏ မြင်တွေ့နေရသည်။

ဤသည်မှာ အင်းဆက်မျိုးနွယ် သင်္ဘောတွင် အင်ဂျင် ပြဿနာများ ရှိနေပြီဖြစ်ကြောင်း ပြသနေသည်။ အကယ်၍ သူသာ ဤအတိုင်း ဆက်လက် လုပ်ဆောင်နိုင်ပါက သူတို့၏ အင်ဂျင်ကို လုံးဝ ဖျက်ဆီးပစ်နိုင်မည်မှာ အသေအချာပင် ဖြစ်၏။

ပြင်းထန်လှသော တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေပြီး သင်္ဘော နှစ်စင်းလုံးမှာ ပြင်းထန်စွာ ပျက်စီးနေကြသည်။ ပြုပြင်ထိန်းသိမ်းရေး ဒရုန်းများမှာ အကန့်အသတ် ရှိသောကြောင့် သံချပ်ကာပေါ်ရှိ ထိမှန်မှု အများစုမှာ ပြုပြင်၍ မရတော့ဘဲ ကျန်ရစ်နေသည်။

“သတိပေးချက်။ သတိပေးချက်။ စစ်သင်္ဘော၏ တည်ဆောက်ပုံ အနီးတွင် ပျက်စီးမှုများ ရှိနေပါသည်။ အရေးပေါ် ထွက်ပေါက် အခန်းများကို အသက်သွင်းလိုက်ပါပြီ။ ဝန်ထမ်းများအားလုံး စွန့်ခွာရန် ပြင်ဆင်ထားကြပါ” အိုင်အေ ကွန်ပျူတာမှ အေးစက်သော စက်ရုပ် အမျိုးသမီး အသံ ထွက်ပေါ်လာပြီး လကြတ် သင်္ဘောအတွင်းရှိ အနီရောင် သတိပေးမီးများမှာလည်း မနားတမ်း မြည်နေပေတော့သည်။

ဝုန်း

ရှဖေးသည် သတိပေးစနစ်ကို သူ၏ လက်သီးဖြင့် ထုလိုက်ရာ အသံမှာ တိတ်သွားသည်။

“ရန်သူ့ သင်္ဘောရဲ့ ဝပ်အင်ဂျင်ကိုပဲ ဆက်ပစ်စမ်း။ အဲ့ဒါကို ဖျက်ဆီးပစ်လိုက်” ဟု ရှဖေးက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ရှဖေးသည် မည်သည့်အခါမျှ ဆုတ်ခွာမည် မဟုတ်ပေ။ အထူးသဖြင့် အောင်ပွဲမှာ လက်တစ်ကမ်း အကွာအဝေးသို့ ရောက်ရှိနေသော ယခုကဲ့သို့ အချိန်မျိုးတွင် ဖြစ်သည်။

ရုတ်တရက် အင်းဆက်မျိုးနွယ် သင်္ဘော၏ ရှေ့တွင် ဝပ် လမ်းကြောင်းတစ်ခု ပွင့်လာပြီး ၎င်းသည် ဝပ်လမ်းကြောင်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားပေတော့သည်။

“သူတို့မှာ ဝပ်ခုန်ဖို့ စွမ်းအင် ကျန်သေးတာလား” ရှဖေးက အလွန်ပင် အံ့အားသင့်သွားသည်။

တစ်ချိန်တည်းမှာပင် အနီးအနား၌ ဝပ်လမ်းကြောင်း ငါးဆယ်ခန့် ပွင့်လာသည်။ မဟာမိတ် သင်္ဘောတစ်စင်းသည် ထိုလမ်းကြောင်းများထဲမှ တစ်ခုမှတစ်ဆင့် ထွက်ပေါ်လာသည်။ သူတို့သည် အဆင့်မြင့် စစ်ဆေးရေး စနစ်များကို အသုံးပြု၍ အနီးနားရှိ စွမ်းအင်လှိုင်းများ၏ ထူးခြားမှုကို သိရှိပြီးနောက် ဤနေရာသို့ ရှာဖွေ တွေ့ရှိသွားပုံရသည်။

ရှဖေးကတော့ ထိုအရာများကို အများကြီး မစဉ်းစားတော့ဘဲ ရန်သူ့ သင်္ဘော ဝပ်လမ်းကြောင်းထဲ ဝင်သွားခြင်းကို တားဆီးရန်သာ မည်သို့ပင်ဖြစ်စေ ကြိုးစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နောက်ထပ် ဝပ်ခုန်မှုသည် သူတို့ကို စစ်ရေးကြားခံဇုန်အတွင်းသို့ ရောက်ရှိသွားစေမည် ဖြစ်သောကြောင့်ပင်။

“အမြန်နှုန်းအပြည့်နဲ့ ရှေ့ကို သွားစမ်း။ အဲ့ဒီသင်္ဘောကို ဝပ်လမ်းကြောင်းထဲကနေ တိုက်ထုတ်ပစ်စမ်း” ရှဖေးက ကြမ်းတမ်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

အင်းဆက်မျိုးနွယ် သင်္ဘောမှာ ပျက်စီးလုနီးပါး ဖြစ်နေပေပြီ။ အကယ်၍ ၎င်းကို ဝပ်လမ်းကြောင်းအတွင်းမှ တိုက်ထုတ်နိုင်ပါက ဒုတိယအကြိမ် ဝပ်ခုန်ရန်အတွက် စွမ်းအင် မလုံလောက်တော့ဘဲ လက်နက်ချရန်သာ ရှိပေတော့သည်။

လကြတ် သင်္ဘောသည် ရုတ်တရက် အမြန်နှုန်းမြှင့်လိုက်ပြီး သူ၏ ဘေးကင်းမှုကို ဂရုမစိုက်ဘဲ အင်းဆက်မျိုးနွယ် သင်္ဘောဆီသို့ ဦးတည် ပြေးဝင်သွားလေတော့သည်။

ဝုန်း

သင်္ဘော နှစ်စင်း တိုက်မိသွားကြသည်။ သင်္ဘောကိုယ်ထည်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သံချပ်ကာ အပိုင်းအစများစွာ လွင့်ထွက်သွားသည်။ အင်းဆက်မျိုးနွယ် သင်္ဘောမှာ လမ်းကြောင်း အနည်းငယ် လွဲချော်သွားပြီး ဝပ်လမ်းကြောင်း၏ အစွန်းကိုသာ ထိမိသွားသည်။

သို့သော် သေးငယ်သော လကြတ် သင်္ဘောမှာမူ ဝပ်လမ်းကြောင်းအတွင်းသို့ အမြန်နှုန်းဖြင့် ဝင်သွားလေတော့သည်။ အခြားသူ၏ ဝပ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းမှာ အလွန် အန္တရာယ်များလှပြီး သင်္ဘောမောင်းနှင်မှု အတွေ့အကြုံ အနည်းငယ် ရှိသူ မည်သူမဆို ဤကဲ့သို့ လုပ်ဆောင်မည် မဟုတ်ပေ။

ရှပ်

ဝပ်လမ်းကြောင်းမှာ ပြန်လည် ပိတ်သွားပြီး လကြတ် သင်္ဘောသည် ရှဖေးနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။။

အပိုင်း (၁၀၁) တောရိုင်းကြယ်တာရာနယ်မြေ

ရှဖေးသည် ပြတင်းပေါက်နားတွင် စီးကရက်တစ်လိပ်ကို မီးညှိပြီး ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်သည်။

နောက်ဆုံးစက္ကန့်တွင် ရှဖေးက ဝပ်လမ်းကြောင်းထဲမှ တိုက်ထုတ်လိုက်သော အင်းဆက်မျိုးနွယ်သင်္ဘောသည် သူ့ကို မျက်ခြေဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ မဟာမိတ်ရေတပ်က ထိုသင်္ဘောကို လွယ်လွယ်ကူကူ ဖမ်းဆီးနိုင်မည်ဖြစ်ပြီး အကယ်၍ ရှောင်ယွီ သာ ထိုသင်္ဘောပေါ်တွင် ရှိနေခဲ့ပါက သူမကိုလည်း ကယ်တင်နိုင်ပေလိမ့်မည်။

ထိုအချက်က ရှဖေးအား စိတ်သက်သာရာရစေသော်လည်း ယခုအခါ သူသည် ဝပ်လမ်းကြောင်း၏ အခြားတစ်ဖက်ရှိ လုံးဝအသစ်စက်စက် နေရာတစ်ခုသို့ ရောက်ရှိနေပေပြီ။

အပြင်ဘက်တွင် ပြင်းထန်သော လေပြင်းတိုက်ခတ်ပြီး လွိုင်အက်စ်ကုန်းပြင်မြင့် ကဲ့သို့ တစ်ပြင်လုံး ဝါထိန်နေကာ အရာအားလုံးသည် ဝါကျင့်ကျင့် မြူများအောက်တွင် ဖုံးလွှမ်းနေသကဲ့သို့ပင်။

ဆယ်မီတာပတ်လည်ခန့်ရှိသော ကျောက်တုံးအပိုင်းအစတစ်ခုသည် လကြတ်သင်္ဘောအနားမှ ဖြည်းညှင်းစွာ ဖြတ်သန်းသွား၏။ ထိုကျောက်တုံးသည် သင်္ဘော၏ အမြီးပိုင်းကို တိုက်မိသွားပြီး သင်္ဘောကို ဘေးသို့ အနည်းငယ် ယိမ်းသွားစေသည်။ မိနစ်အနည်းငယ်အကြာတွင် နောက်ထပ် ကျောက်တုံးတစ်ခုက သင်္ဘောကို ထပ်မံတိုက်မိပြန်ရာ ရှဖေး၏သင်္ဘောသည် ဘီလီယက် ဘောလုံးများကဲ့သို့ တစ်ခုနှင့်တစ်ခု ဆင့်ကဲတိုက်မိနေသော အာကာသကျောက်တုံး အမြောက်အမြားကြားတွင် ရောက်ရှိသွားပေတော့သည်။

ဤသည်မှာ လူမသိသူမသိ ဂြိုဟ်သိမ်ဂြိုဟ်မွှားခါးပတ်တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။ ဤကဲ့သို့သောနေရာမျိုးသည် မည်သည့်စစ်သင်္ဘောမျှ လာလေ့မရှိဘဲ ရှဖေး၏သင်္ဘောကဲ့သို့ သေးငယ်သော စစ်သင်္ဘောငယ်များအတွက် ပို၍ပင် အန္တရာယ်များလှသည်။ အကယ်၍ သူသာ အမြန်နှုန်းအပြည့်ဖြင့် ဤခါးပတ်အတွင်းသို့ ဝင်ရောက်ခဲ့ပါက လကြတ်သင်္ဘောသည် ထိုကျောက်တုံးများကြောင့် ပြင်းထန်စွာ ပျက်စီးသွားပေလိမ့်မည်။

“တကယ်ကို ကံကောင်းသွားတာပဲ” ဖန်တန်က ရှဖေးအနားတွင် ရပ်လျက် ပြတင်းပေါက်မှ အတူတူ လှမ်းကြည့်ရင်း ပြောလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်ပြီး သူ၏စီးကရက်ကို ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးလိုက်ကာ တည်ငြိမ်စွာပင် “ဟုတ်တယ်။ အဲ့ဒီအင်းဆက်မျိုးနွယ်သင်္ဘောကို လွတ်သွားအောင် ငါတို့ မလုပ်နိုင်ဘူးလေ” ဟု ဆို၏။

ဖန်တန်က ရှဖေးကို မျက်စောင်းထိုးကြည့်ကာ

“ငါက မင်းကို ပြောနေတာပါ။ တခြားလူ ဖွင့်ထားတဲ့ ဝပ်လမ်းကြောင်းထဲကို ဝင်ရတာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ မင်း သိတာပဲ။ ငါတို့သာ နည်းနည်းလေး ကံဆိုးခဲ့မယ်ဆိုရင် အမှုန်အမွှားဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကံကောင်းလို့ ငါတို့ ဝပ်လမ်းကြောင်းကို ဘေးကင်းကင်း ဖြတ်ကျော်နိုင်ခဲ့တာ”

ရှဖေးက ခေါင်းညိတ်လိုက်ပြီး စစ်သင်္ဘော၏ ကိုယ်တိုင်စစ်ဆေးရေးစနစ်ကို ကြည့်ရန် ကွပ်ကဲမှုဌာနသို့ လျှောက်သွား၏။

“အဲ့ဒီအခြေအနေမျိုးမှာ လကြတ်သင်္ဘောကို သုံးပြီး ရန်သူ့သင်္ဘောကို တိုက်ထုတ်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူး။ သူ့ကို လွတ်သွားအောင် ငါ မလုပ်နိုင်ဘူးလေ”

ဖန်တန်က သက်ပြင်းချလိုက်ပြီး “မင်းကတော့ တကယ်ကို ဇွတ်သမားပဲ။ ကဲ... အခု ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ”

ကိုယ်တိုင်စစ်ဆေးမှုက အချိန်အနည်းငယ် ယူရသောကြောင့် ရှဖေးသည် တပ်မှူးထိုင်ခုံတွင် ထိုင်ကာ ခေါင်းငုံ့စဉ်းစားနေသည်။ သူသည် တည်ငြိမ်ပုံရပြီး စိမ်းသက်သောနေရာသို့ ရောက်နေရသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိပေ။

“ငါတို့ ဘာလုပ်နိုင်ဦးမှာလဲ။ အခြေအနေအရပဲ ကြည့်လုပ်ကြတာပေါ့” ရှဖေးက ပြန်လည်ဖြေကြားသည်။

မိနစ်အနည်းငယ်အကြာတွင် ကိုယ်တိုင်စစ်ဆေးမှု ရလဒ်များ ထွက်လာသည်။ ထိုရလဒ်များကို မြင်လိုက်ရသောအခါ ရှဖေးသည် မျက်မှောင်ကြုတ်သွားရ၏။ လကြတ်သင်္ဘောသည် ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားပြီဖြစ်ပြီး အရာအားလုံးမှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။

ပိုဆိုးသည်မှာ ဝပ်အင်ဂျင်၏ ဝပ်စနစ်မှာ ပျက်စီးနေသဖြင့် ဖွင့်၍မရခြင်းပင် ဖြစ်သည်။ မည်သည့်နေရာမှန်းမသိသော နေရာတစ်ခုတွင် ဝပ်အင်ဂျင်မပါဘဲ ပိတ်မိနေခြင်းမှာ သေဒဏ်ပေးခံရသည်နှင့် တူလှသည်။

လကြတ်သင်္ဘော၏ တစ်စက္ကန့်လျှင် ၈၀၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့်ဆိုလျှင် ကမ္ဘာမှ လသို့ရောက်ရန် ဆယ်ရက်ကျော် ကြာဦးမည် ဖြစ်သည်။ ဤသည်မှာ ဟင်းလင်းပြင်အလယ်တွင် တွားသွားနေသည့် အမြန်နှုန်းမျိုးပင် ဖြစ်၏။

အဆိုးဝါးဆုံးအပိုင်းမှာ တည်နေရာပြစနစ်နှင့် ဆက်သွယ်ရေးစနစ်များပါ ပြင်းထန်စွာ ပျက်စီးနေခြင်းပင် ဖြစ်သည်။ တည်နေရာပြစနစ်မှာ လုံးဝအလုပ်မလုပ်တော့ဘဲ ဆက်သွယ်ရေးစနစ်မှာလည်း အလွန်နိမ့်သော လှိုင်းနှုန်းကိုသာ ထောက်ပံ့ပေးနိုင်တော့သည်။

ရှဖေးသည် သူ၏ကွန်ပျူတာ အသေးစားလေးကို ဖွင့်လိုက်ပြီး ကြယ်တာရာကြားခံ အင်တာနက်ကို အသုံးပြုကာ SOS အချက်ပြစနစ် ပို့နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ရှဖေး မည်သို့ပင် ကြိုးစားပါစေ ဆက်သွယ်မှု မရရှိခဲ့ပေ။

ကြယ်တာရာကြားခံ အင်တာနက်သည် လူသားများ ထိန်းချုပ်ထားသော နယ်မြေအားလုံးကို လွှမ်းခြုံထားသဖြင့် ယခုအခါ ရှဖေးသည် လူသားနယ်မြေအတွင်း မရှိတော့ကြောင်း ထင်ရှားလှသည်။

အတန်ကြာ စဉ်းစားပြီးနောက် ရှဖေးသည် အလွန်နိမ့်သော လှိုင်းနှုန်းရှိ SOS အချက်ပြစနစ်ကို လွှတ်လိုက်သည်။ လှိုင်းနှုန်းနိမ့်သော အချက်ပြမှုများသည် ပတ်ဝန်းကျင်ကြောင့် လွယ်လွယ်ကူကူ နှောင့်ယှက်ခံရနိုင်သဖြင့် အကွာအဝေး အကန့်အသတ်ရှိသော်လည်း ယခုအခြေအနေတွင် ဤသည်မှာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။ နှောင့်ယှက်မှုများ သိပ်မရှိဘဲ အချက်ပြမှု ပိုမိုဝေးဝေးသို့ ရောက်ရှိနိုင်ပါစေဟုသာ သူတို့ မျှော်လင့်နိုင်ပေတော့သည်။

အာကာသထဲတွင် အရပ်မျက်နှာဟူ၍ မရှိပေ။ ရှဖေးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ တိုက်မိမှုကို ရှောင်ရှားရန်အတွက် စွမ်းအင်ဒိုင်းလွှားကို ၂၅ ရာခိုင်နှုန်းအဆင့်တွင် ဖွင့်ထားပြီး မသိရသော အရပ်မျက်နှာတစ်ခုသို့ ဖြည်းညှင်းစွာ ရှေ့ဆက်နေသည်။

“မစဉ်းစားဘဲ လုပ်ခဲ့တဲ့ အကျိုးဆက်ကို မင်း အခုတော့ နားလည်လောက်ပြီ ထင်တယ်” ဖန်တန်က သူတစ်ပါး အခက်တွေ့သည်ကို ကြည့်ပျော်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။

“ဟုတ်ပ။ လကြတ်သင်္ဘောက အတော်လေး ပျက်စီးသွားတာပဲ။ ဒါကို ပြန်ပြင်ဖို့ ဘယ်လောက်ကုန်မလဲ မသိဘူး” ရှဖေးက သက်ပြင်းချလိုက်ပြီး ညီးညူလိုက်သည်။

ဖန်တန်သည် သူကြားလိုက်ရသည့် စကားကို မယုံနိုင်လောက်အောင် မျက်တောင်ခတ်ကြည့်လိုက်ပြီး “ရှဖေး... မင်းကတော့ တကယ်ပဲ။ ငါတို့ ဒီမှာ ပိတ်မိနေတာတောင် မင်းက စစ်သင်္ဘော ပြန်ပြင်ဖို့ကိုပဲ ပူနေတာလား။ မင်းက အကောင်းမြင်လွန်းတာလား။ ဒါမှမဟုတ် တုံးအတာလား။ တခြားလူဆိုရင် ဒီလိုအခြေအနေမျိုးမှာ အသက်လုပြီး ငိုနေကြပြီ”

“အသက်လုပြီး ငိုနေလို့ရော ဘာထူးမှာလဲ” ရှဖေးက ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ခေတ္တမျှ ကြာပြီးနောက် ဖန်တန်က “အနည်းဆုံးတော့ စိတ်ထဲက အရာတွေကို ထုတ်ဖော်ပြလိုက်တာပေါ့” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ရှဖေးသည် အလိုအလျောက် ပျံသန်းရေးစနစ်ကို ပြင်ဆင်လိုက်ပြီး “ငါက ရူးနေတာ မဟုတ်ပါဘူး။ အဲ့ဒီတုန်းက အင်းဆက်မျိုးနွယ်သင်္ဘောကို တိုက်ထုတ်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိခဲ့သလို အခု အသက်လုပြီး မငိုတာကလည်း အရှိဆုံး ရွေးချယ်မှုပဲလေ။ တစ်ခါတစ်ရံမှာ အကောင်းဆုံး ရွေးချယ်မှုက အရူးသွပ်ဆုံး အလုပ် ဖြစ်နေတတ်တယ်။ အဲ့ဒါကို ငါ ဘာလုပ်နိုင်မှာလဲ”

ရှဖေးသည် သူ၏တိုက်ခိုက်ရေးဝတ်စုံကို ချွတ်လိုက်ပြီး သက်သောင့်သက်သာရှိသော ဘောင်းဘီရှည်နှင့် ရော်ဘာဖိနပ်တစ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။

“အခု အကောင်းဆုံး ရွေးချယ်မှုက ဘာလဲဆိုတာ ငါ ပြောပြမယ်- ရေချိုးပြီး ကောင်းကောင်း အိပ်လိုက်ဖို့ပဲ။ နိုးလာရင် ကြက်ဥကျော်လေး တစ်လုံး။ နှစ်လုံးလောက် လုပ်စားရင်း ရုပ်ရှင်ကြည့်တာမျိုးပေါ့”

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှဖေးသည် ဤဂြိုဟ်သိမ်ဂြိုဟ်မွှားခါးပတ်အတွင်း လွင့်မျောနေသည်မှာ ရက်ပေါင်း နှစ်ဆယ် ရှိသွားပေပြီ။

ရှဖေးသည် နေ့တိုင်း တစ်ချိန်တည်းမှာပင် နိုးထလေ့ရှိပြီး နံနက်စာ စားပြီးနောက် ပါးနပ်သော ထိုးနှက်ချက် နှင့် အသက်ရှု ထိန်းချုပ်ခြင်း နည်းစနစ်များကို လေ့ကျင့်သည်။ လေ့ကျင့်ခန်းပြီးနောက် သူသည် ပြုပြင်ထိန်းသိမ်းရေး ဝတ်စုံကို ဝတ်ဆင်ကာ စက်ပစ္စည်းများကို စတင် ပြင်ဆင်သည်။

မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းများ မရှိသောကြောင့် ပြုပြင်ထိန်းသိမ်းမှုမှာ အလွန်နှေးကွေးနေပြီး နေရာအတော်များများကို ပြင်၍ မရခဲ့ပေ။

အလွန်နိမ့်သော လှိုင်းနှုန်းရှိ SOS အချက်ပြစနစ်ကိုလည်း တစ်နေ့ ၂၄ နာရီလုံး ဖွင့်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် ရှဖေး လွင့်မျောနေသည့် ရက်ပေါင်း နှစ်ဆယ်အတွင်း မည်သူမျှ ရောက်မလာခဲ့သလို မည်သူမျှလည်း ဆက်သွယ်မလာခဲ့ပေ။

ရှဖေးသည် သူ၏ ပြုပြင်ရေး ကိရိယာများကို ချထားလိုက်ပြီး စက်ဆီနံ့များ နံစော်နေသော အင်ဂျင်ခန်းထဲမှ ထွက်လာသည်။

“ဘယ်လိုလဲ... အင်ဂျင်ကို ပြင်လို့ရပြီလား” ဖန်တန်က ဝတ္တရားအရ မေးမြန်းလိုက်၏။

ရှဖေးက ခေါင်းခါပြကာ “မရဘူး။ ကွမ်တမ် နှိုးစက်က ပျက်သွားပြီ။ တကယ်လို့ အဲ့ဒါ အလုပ်လုပ်ရင်တောင် စွမ်းအင် ပြောင်းလဲရေးယူနစ်ကလည်း ပျက်နေတာဆိုတော့ ဘာမှ မထူးပါဘူး”

ရှဖေးသည် အိမ်သာထဲရှိ ရေအေးဖြင့် သူ၏ကိုယ်ပေါ်မှ ဆီများကို ဆေးကြောလိုက်သည်။ သင်္ဘောပေါ်ရှိ ရေများကို ပြန်လည်အသုံးပြုစနစ်ဖြင့် ထိန်းသိမ်းထားသောကြောင့် လက်ရှိတွင် ရှဖေး၏ ရေချိုးလိုမှုကို ဖြည့်ဆည်းပေးနိုင်သည်။

သူ ဆပ်ပြာတိုက်ပြီးစ အချိန်မှာပင် အလွန်နိမ့်သော လှိုင်းနှုန်းမှတစ်ဆင့် အိုမင်းပြီး အက်ကွဲနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်းတို့ အမှုန်အမွှား ဖြစ်မသွားချင်ရင် အဲ့ဒီ နံစော်နေတဲ့ SOS အချက်ပြစနစ်ကို ပိတ်လိုက်ကြစမ်း။ လူမရှိတဲ့ နေရာမှာ SOS ပို့နေတာက တခြားလူတွေ လာပြီး မင်းတို့ကို အနိုင်ကျင့်ဖို့ တောင်းပန်နေသလိုပဲ”

ရှဖေးသည် မှင်သက်သွားပြီးနောက် ကိုယ်ကို တဘက်ဖြင့် ပတ်ကာ အပြင်သို့ အပြေးအလွှား ထွက်လာသည်။

ဆက်သွယ်ရေး ကိရိယာ၏ ဖန်သားပြင်ပေါ်တွင် အသားညိုညို။ ပိန်ပိန်ပါးပါး အဘိုးကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။ ထူထဲသော မျက်မှန်အနက်ကြီးကို တပ်ထားပြီး သူ၏ခေါင်းပေါ်တွင် ဆံပင်ဟူ၍ မရှိသလောက်ပင်။ မေးစေ့တွင်လည်း မသပ်ရပ်သော မုတ်ဆိတ်မွေးအချို့ ရှိနေသည်။

ရှဖေးသည် ခေတ္တမျှ စဉ်းစားပြီးနောက် SOS အချက်ပြစနစ်ကို ပိတ်လိုက်ပြီး မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်၏။

“တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရှဖေး ပါ။ ကျွန်တော် ဒီမှာ အခက်အခဲလေးနဲ့ ကြုံနေလို့ပါ”

“ငါ့ကို အယ်လန် လို့ ခေါ်ပါ” ထိုပိန်လှီလှီ အဘိုးကြီးက တဘက်တစ်ထည်တည်း ပတ်ထားသော ရှဖေးကို ကြည့်ကာ “ဟာဟာ... လူငယ်လေး။ မင်း တော်တော်လေး ဒုက္ခရောက်နေပုံရတယ်နော်” ဟု ပြောလိုက်သည်။

ရှဖေးက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်။ ကျွန်တော့်သင်္ဘောက ဂြိုဟ်သိမ်ဂြိုဟ်မွှားခါးပတ် အလယ်မှာ ပျက်သွားလို့ပါ။ ဒါကို ပြန်ပြင်ဖို့ နေရာတစ်ခုခုမှာ ခေတ္တ ရပ်နားချင်လို့ပါ။ ခင်ဗျားတို့ရဲ့ စခန်းက အနီးအနားမှာ ရှိပါသလား”

“မင်းက ‘ကျောက်နီစခန်း’ နဲ့ အလင်းနှစ် ၀.၃၇ ကွာဝေးတဲ့ နေရာမှာ ရှိနေတာပဲ” အယ်လန်က ရေဒါပေါ်ရှိ တည်နေရာပြ စနစ်ကို ကြည့်ကာ ပြောလိုက်၏။

ဤသည်မှာ ရှဖေးအတွက် သတင်းကောင်းပင် ဖြစ်သည်။

“ဒါဆိုရင် အရမ်းကောင်းတာပဲ။ ကျွန်တော့်ကို အဲ့ဒီစခန်းမှာ ပြန်ပြင်ဖို့ ခွင့်ပြုနိုင်မလား။ လကြတ်သင်္ဘော ပြင်ပြီးတာနဲ့ ကျွန်တော် ချက်ချင်း ထွက်သွားပါ့မယ်”

အယ်လန်က အားရပါးရ ရယ်မောလိုက်ပြီး ရှဖေးအား လက်ဟန်ခြေဟန်ဖြင့် “လူငယ်လေး... ကျောက်နီစခန်းဆိုတာ လွတ်လပ်တဲ့ နယ်မြေတစ်ခုပါ။ မင်းမှာ ပေးနိုင်တဲ့ အင်အားရှိမယ်ဆိုရင်ပေါ့”

“အဲ့ဒါက ပြဿနာ မရှိပါဘူး။ ခင်ဗျားတို့ ကြယ်တာရာဒင်္ဂါးတွေကို လက်ခံပါသလား” ရှဖေးက မေးလိုက်၏။

အယ်လန်က ခေါင်းခါပြကာ “လူသားမဟာမိတ် ငွေကြေးလား။ တောင်းပန်ပါတယ်။ ကျောက်နီစခန်းမှာ ဒါမျိုးကို လက်မခံပါဘူး”

အယ်လန်က သူ၏အိတ်ကပ်ထဲမှ တောက်ပနေသော အပြာရောင် ကျောက်တုံးလေး တစ်တုံးကို ထုတ်ယူကာ ရှဖေးအား ပြသလိုက်သည်။ ရှဖေးသည် ထိုအရာကို ချက်ချင်း မှတ်မိလိုက်၏။ ၎င်းမှာ စကြဝဠာ၏ မူလစွမ်းအင်များ ပါရှိသော ‘ဝိညာဉ်နှလုံးသား’ပင် ဖြစ်သည်။

ရှဖေးသည် သူ၏လက်စွပ်ကို ပွတ်သပ်လိုက်ပြီး ‘နှင်းဖြူသီး’ နှင့် ‘မြွေမျက်လုံးသီး’ တစ်ဒါဇင်ကျော်ခန့်ကို ထုတ်ယူလိုက်၏။ “ကျွန်တော့်မှာ အဲ့ဒါ မရှိပါဘူး။ ဒါပေမဲ့ တခြား အရာတွေနဲ့ လဲလှယ်လို့ ရမလား”

အယ်လန်သည် ရှဖေး၏လက်ထဲရှိ အသီးများကို သေချာကြည့်ရန် မျက်စိမှိတ်ကြည့်လိုက်ပြီး “ကောင်းပြီ... မြွေမျက်လုံးသီးနဲ့ နှင်းဖြူသီးတွေက ‘တောရိုင်းကြယ်တာရာနယ်မြေ’ မှာတော့ မဆိုးတဲ့ ငွေကြေးတွေပဲ။ ကြည့်ရတာ မင်းက ဒီအရပ်က မဟုတ်ဘူး ထင်တယ်။ မင်း ဒီကို ဘယ်လို ရောက်လာတာလဲ”

ရှဖေးက ပြုံးလိုက်ကာ “ဝပ်လမ်းကြောင်းထဲမှာ ကျွန်တော့်သင်္ဘောကို မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားပြီး ဒီကို ဘယ်လိုရောက်လာမှန်း မသိဘူး ဖြစ်သွားတာပါ။ ကျွန်တော့်သင်္ဘောရဲ့ အစိတ်အပိုင်း အတော်များများ ပျက်စီးသွားသလို ကျွန်တော်ကလည်း ဒီနယ်မြေအကြောင်း ဘာမှ မသိပါဘူး”

အယ်လန်က တံတွေး တစ်ချက် ထွေးလိုက်ပြီး “ဝပ်လမ်းကြောင်းထဲမှာ အမှုန်အမွှား ဖြစ်မသွားတာပဲ မင်းက ကံကောင်းလှပြီ။ မင်း အခု ရောက်နေတဲ့နေရာက ‘တောရိုင်းကြယ်တာရာနယ်မြေ’ လို့ ခေါ်တယ်။ အဲ့ဒါက လူသားတွေနဲ့ အင်းဆက်မျိုးနွယ်တွေကြားက စစ်ရေးကြားခံဇုန်ပေါ့။ ဒီမှာ နေတဲ့သူ အားလုံးက ပင်လယ်ဓားပြတွေ။ မှောင်ခိုသမားတွေ ဒါမှမဟုတ် ဝရမ်းပြေးတွေပဲ”

“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်တုန်းက လူသားတွေနဲ့ အင်းဆက်မျိုးနွယ်တွေ တိုက်ခိုက်ခဲ့ကြတဲ့ ပင်မ စစ်မြေပြင်ပဲလေ။ စစ်ပွဲပြီးလို့ သူတို့ ဆုတ်ခွာသွားကြတော့ စွန့်ပစ်ထားတဲ့ စစ်စခန်းတွေ အများကြီး ကျန်ခဲ့တယ်။ ကျောက်နီစခန်း ဆိုတာလည်း အဲ့ဒီထဲက တစ်ခုပေါ့”

ရှဖေးက ခေါင်းညိတ်လိုက်သည်။ သူသည် အင်းဆက်မျိုးနွယ်များ ထိန်းချုပ်ထားသော နယ်မြေသို့ ရောက်မသွားဘဲ ဤနေရာသို့ ရောက်လာခြင်းမှာ အနည်းဆုံးတော့ ကံကောင်းသည်ဟု ဆိုနိုင်သည်။ သို့မဟုတ်ပါက သူ အသတ်ခံရနိုင်သည်။

“ကဲ... အတိုချုပ် ပြောရရင်တော့ ဆက်သွယ်ရေးဌာနက လူယုတ်မာတွေက ငါတို့ ဆက်သွယ်နေတာကို မသိကြသေးဘူး။ ဒါပေမဲ့ သူတို့ သိသွားရင်တော့ မင်း သေပြီပဲ။ မင်းကို ငါ စခန်းထဲ ခိုးသွင်းပေးမယ်။ အဲ့ဒီအတွက် မြွေမျက်လုံးသီး နဲ့ နှင်းဖြူသီး အလုံး တစ်ရာစီ ပေးရမယ်။ ဘယ်လိုလဲ” အယ်လန်က မေးမြန်းလိုက်သည်။

“ပြဿနာ မရှိပါဘူး” ရှဖေးသည် ချက်ချင်းပင် သဘောတူလိုက်၏။ သူ၏လက်စွပ်ထဲတွင် ထိုအသီးများ အလုံးပေါင်း တစ်ထောင်ကျော် ရှိနေသဖြင့် ဤပေးချေမှုကို သူ တတ်နိုင်သည်။

“အသီးတွေ အဆင်သင့် ဖြစ်ပြီဆိုရင် ငါ့လူတွေကို လွှတ်ပြီး မင်းကို လာခေါ်ခိုင်းလိုက်မယ်။ မှတ်ထား- တောရိုင်းကြယ်တာရာနယ်မြေမှာ အသက်ရှင်ချင်ရင် SOS အချက်ပြစနစ်ကို ဘယ်တော့မှ မသုံးပါနဲ့။ ဒီမှာတော့ မင်းကိုယ်မင်းပဲ အားကိုးရလိမ့်မယ်”

စကားပြောပြီးသည်နှင့် အယ်လန်က ဆက်သွယ်ရေးကို ဖြတ်လိုက်သဖြင့် ဖန်သားပြင်မှာ ဗလာ ဖြစ်သွားပေတော့သည်။

ရှဖေးသည် အိမ်သာသို့ ပြန်သွားကာ ကိုယ်ပေါ်မှ ဆပ်ပြာများကို ဆေးကြောပြီးနောက် သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ကာ ဝင်းရှိတ် မတ် ၄ တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်၍ ‘အလင်းလိုက်တန်း’ ဓားကို သူ၏လက်တွင် မြဲမြံစွာ တပ်ဆင်လိုက်သည်။

အယ်လန်နှင့် ခေတ္တမျှ စကားပြောလိုက်ရုံဖြင့် ဤနေရာသည် အလွန် ကြမ်းတမ်းသော နေရာဖြစ်ကြောင်း ရှဖေး သိရှိလိုက်ပြီး အရာရာအတွက် ပြင်ဆင်ထားရပေမည်။ အယ်လန် ပြောခဲ့သကဲ့သို့ပင် မိမိကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်ပြီး ဤသည်မှာလည်း ရှဖေး၏ ဘဝခံယူချက်ပင် ဖြစ်သည်။

သုံးနာရီခန့် ကြာပြီးနောက် အလွန်နိမ့်သော လှိုင်းနှုန်းမှတစ်ဆင့် နောက်ထပ် ဗီဒီယို ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိလိုက်၏။ ၎င်းမှာ အသက် ဆယ့်ရှစ်နှစ်။ ဆယ့်ကိုးနှစ်ခန့်ရှိသော မိန်းကလေး တစ်ဦး ဖြစ်သည်။ သူမသည် ဆီများ ပေကျံနေသော အလုပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပီကေ တစ်ခုကို ဝါးနေသည်။ သူမ၏ ခေါင်းပေါ်တွင် အနီရောင် ဦးထုပ်ကို အနည်းငယ် စောင်း၍ ဆောင်းထားသဖြင့် ကြည့်ရသည်မှာ ယောကျ်ားလေးဆန်ဆန် ကျွဲကူးရေပါ အမူအရာမျိုး ရှိသည်။

သူမ၏ မျက်နှာပေါ်ရှိ တင်းတိပ်အချို့က သူမ၏ အရွယ်ထက် အနည်းငယ် ပိုရင့်ပုံရစေသော်လည်း ခြုံငုံကြည့်လျှင်တော့ သူမသည် အတော်လေး ချောမောလှပသော မိန်းကလေး တစ်ဦးပင် ဖြစ်သည်။

“ထိုင်ခုံကို မြဲမြဲကိုင်ထားနော်။ နည်းနည်းတော့ လှုပ်လိမ့်မယ်” ထိုမိန်းကလေးက ပီကေကို ဝါးရင်း ပြောလိုက်သည်။

ရှဖေးကတော့ ဘာမှ မပြောဘဲ ပုခုံးတွန့်ပြလိုက်၏။

ထိုမိန်းကလေးသည် စက်မှုလုပ်ငန်းသုံး ကုန်တင်သင်္ဘော တစ်စင်းကို လကြတ်သင်္ဘော၏ အပေါ်ဘက်မှနေ၍ ကျွမ်းကျင်စွာ ထိန်းချုပ်လိုက်သည်။ ကုန်တင်ခန်း ပွင့်သွားပြီး လကြတ်သင်္ဘော တစ်စင်းလုံး ထိုသင်္ဘောကြီးအတွင်းသို့ ရောက်ရှိသွားသောအခါ ရှဖေး၏ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်အတိ ကျသွားလေတော့သည်။

အပိုင်း (၁၀၂) ကျောက်နီစခန်း

လကြတ်သင်္ဘောသည် ယခုအခါ မက်မို့ အမျိုးအစား စက်မှုလုပ်ငန်းသုံး သင်္ဘောကြီး၏ ကုန်တင်ခန်းအတွင်းသို့ ရောက်ရှိနေပေပြီ။ ရှဖေးသည် သူ၏သင်္ဘောပေါ်မှ ဆင်းလိုက်ရင်း ကိုယ်လက်အကြောဆန့်လိုက်၏။ ဤသည်မှာ လွန်ခဲ့သော ရက်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် သင်္ဘောပြင်ပသို့ ခြေချလိုက်ခြင်းပင် ဖြစ်သည်။ ဖန်တန်ပြောသည်မှာ မှန်သည်။ သင်္ဘောထဲတွင် အချိန်အကြာကြီး ပိတ်မိနေရခြင်းမှာ တကယ်ပင် ပျင်းစရာကောင်းလှသည်။

ရှဖေးသည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး စက်မှုသင်္ဘော၏ ကွပ်ကဲမှုကုန်းပတ်ဆီသို့ လျှောက်သွားလိုက်သည်။

ဂျုံရောင်အသားအရေရှိသော အမျိုးသမီးငယ်သည် ပီကေကို ဝါးရင်း တပ်မှူးထိုင်ခုံတွင် ထိုင်နေသည်။ သူမသည် ထိုင်ခုံပေါ်တွင် ခြေထောက်ကို လှုပ်ယမ်းနေရင်း ရှဖေးကို ကြည့်နေ၏။

သူမသည် အလွန်ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။ သူမ၏ အလုပ်ဝတ်စုံမှာ အရောင်များပင် လွင့်ပြယ်နေပြီဖြစ်၏။ ထို့ပြင် သူမသည် မတူညီသော အမျိုးသားသားရေဖိနပ် တစ်စုံကိုလည်း စီးထားသည်။ ထိုဖိနပ်များမှာ သူမ၏ခြေထောက်နှင့် မမျှအောင် ကြီးမားနေပြီး တစ်ဖက်က အနက်ရောင်ဖြစ်ကာ အခြားတစ်ဖက်မှာ အညိုရောင် ဖြစ်သည်။ ထို့ပြင် တစ်ဖက်က အခြားတစ်ဖက်ထက် ဆိုဒ်ပိုကြီးနေသေး၏။ သူမ၏ အနီရောင်ဦးထုပ်အောက်တွင် ဆံပင်အရှည် သို့မဟုတ် အတို ရှိမရှိကိုလည်း ရှဖေး သေချာမပြောနိုင်ပေ။

သူက ပြုံးလိုက်ပြီး နှုတ်ဆက်ရန်အတွက် လက်ကမ်းလိုက်ကာ “ရှဖေး ပါ” ဟု မိတ်ဆက်လိုက်သည်။

“စာရာ ပါ။ ပေးချေရမယ့် အသီးတွေ ပါလာရဲ့လား” ထိုအမျိုးသမီးသည် သူ၏လက်ကို ပြန်မဆွဲဘဲ သူ၏လက်ဖဝါးကို ရိုက်လိုက်ကာ ခပ်ပေါ့ပေါ့ပင် မေးလိုက်၏။

စာရာ၏ လက်ဖဝါးမှာ အသားမာများ တက်နေပြီး ကြမ်းတမ်းခိုင်မာနေသည်ကို ရှဖေး ခံစားလိုက်ရသည်။ ဤလက်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ လက်ထက် ပင်ပန်းသောအလုပ်များကို အချိန်အကြာကြီး လုပ်ကိုင်ခဲ့သော အမျိုးသားတစ်ဦး၏ လက်နှင့် ပိုတူနေသည်။

ရှဖေးသည် သူ၏လက်စွပ်ကို ပွတ်သပ်လိုက်ပြီး အလိုအလျောက် လတ်ဆတ်အောင် ထိန်းသိမ်းသည့် စက်ထဲမှ နှင်းဖြူသီး နှင့် မြွေမျက်လုံးသီး တစ်ရာစီကို စာရာအတွက် ထုတ်ပေးလိုက်သည်။

စာရာသည် ထိုအသီးများကို အရင်က စည်သွပ်ဗူးများ ထည့်ခဲ့သော စက္ကူသေတ္တာဟောင်းတစ်ခုထဲသို့ ထည့်လိုက်ပြီးနောက် အရေအတွက် မှန်။ မမှန် အလျင်အမြန် စစ်ဆေးလိုက်၏။ ထို့နောက် သူမသည် ကျေနပ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

“မင်းက ပွင့်လင်းတဲ့သူမို့လို့ ငါ မင်းကို အကြံပေးချက်တစ်ခု အလကားပေးမယ်”

“မင်းမှာ တန်ဖိုးရှိတဲ့ အရာတွေရှိရင် ဘယ်သူ့ရှေ့မှာမှ ထုတ်မပြပါနဲ့။ အဲ့ဒါ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ နောက်ပြီး မင်းရဲ့ အာကာသလက်စွပ်ကလည်း အရမ်းကို မျက်စိကျစရာ ကောင်းနေတယ်။ အဲ့ဒါကို ဘောင်းဘီထဲမှာ ဝှက်ထားဖို့ ငါ အကြံပေးချင်တယ်။ ဒါက တောရိုင်းကြယ်တာရာနယ်မြေလေ။ မင်း အသက်ရှည်ချင်ရင် ငါ့စကားကို နားထောင်ပါ” စာရာက သေတ္တာကို လှုပ်ယမ်းလိုက်ရင်း ပြောလိုက်သည်။

စာရာသည် ရှဖေး အရင်က တွေ့ဖူးသော မိန်းကလေးများနှင့် မတူဘဲ ကွဲပြားနေသည်။ အကယ်၍ အေဗရယ်သည် အိမ်မွေးကြောင်လေး တစ်ကောင်ဆိုလျှင် စာရာမှာမူ ယဉ်ပါးခြင်း မရှိသော တောကြောင်တစ်ကောင်နှင့် တူလှသည်။

စာရာသည် ထရပ်လိုက်ပြီး သူမ၏ လေးလံသော ဖိနပ်များကို တရွတ်တိုက် ဆွဲရင်း ညစ်ပတ်အိုဟောင်းနေသော အလုပ်ဝတ်စုံ တစ်စုံကို ထုတ်ကာ ရှဖေးထံသို့ ပစ်ပေးလိုက်၏။

“ဒါကို လဲလိုက်ဦး။ အခု မင်းပုံစံက တောရိုင်းကြယ်တာရာနယ်မြေက လူနဲ့ လုံးဝမတူဘူး”

ရှဖေးကတော့ ဘာဝတ်ဝတ် ဂရုမစိုက်ပေ။ ယခု သူဝတ်ထားသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဝယ်ထားသည့် လီနင်းအားကစားဝတ်စုံဟောင်း တစ်စုံပင် ဖြစ်သည်။ ရှဖေးမှာ အရင်ကထက် အရပ်ရှည်လာသဖြင့် ထိုအဝတ်အစားများမှာ သူ့အတွက် သေးနေပေပြီ။ သူ၏ ညာဘက် လက်မောင်းတွင်လည်း စီးကရက်မီး ပေါက်ထားသော အပေါက်လေး တစ်ခု ရှိနေသေး၏။

အမျိုးသမီးတစ်ဦး၏ ရှေ့တွင် အဝတ်အစားလဲရန် မသင့်တော်သဖြင့် ရှဖေးသည် အဝတ်အစားများကို ကိုင်ကာ အခန်းအပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

“မင်းက ရှက်နေတာလား” စာရာက လှောင်ပြောင်သလို မေးလိုက်၏။

“ကျွန်တော့်လို အဘိုးကြီးတွေက မရှက်တတ်ပါဘူး။ ခင်ဗျားပဲ ရှက်သွားမှာ စိုးလို့ပါ” ရှဖေးသည် ခြေလှမ်းများကို ရပ်လိုက်ပြီး ကိုယ်ကို လှည့်ကာ စာရာကို ပြုံးပြရင်း ပြန်လည် တုံ့ပြန်လိုက်သည်။

ထို့နောက် ရှဖေးသည် စာရာ၏ စိုက်ကြည့်နေမှုအောက်တွင်ပင် အဝတ်အစားများကို စတင် လဲလှယ်လေတော့သည်။ သူ၏ အပြုအမူမှာ အနည်းငယ် ရိုင်းစိုင်းသလို ဖြစ်နေသော်လည်း စာရာကတော့ ဂရုမစိုက်ဘဲ သူမ၏ မေးစေ့ကို လက်ဖြင့် ထောက်ကာ သူ့ကို စိုက်ကြည့်နေဆဲပင်။

“မင်း စီးပွားရေး တစ်ခုလောက် လုပ်ချင်လား” စာရာက မေး၏။

“ဘာစီးပွားရေးလဲ” ဟု ရှဖေးက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။ စာရာပေးသော ဝတ်စုံတွင် ပြဿနာအချို့ ရှိနေသည်ကို သူ သတိပြုမိလိုက်၏။ ဝတ်စုံမှာ အပေါက်များစွာ ရှိနေသည်ဖြစ်စေ။ ဆီများ ပေကျံနေသည်ဖြစ်စေ ရှဖေး ဂရုမစိုက်ပေ။ ချွေးနံ့များကိုလည်း သူ သည်းခံနိုင်သည်။ သို့သော် ပြဿနာမှာ ထိုဝတ်စုံသည် သူနှင့် လုံးဝ မတော်ခြင်းပင် ဖြစ်သည်။

ဝတ်စုံ၏ လက်အင်္ကျီမှာ ရှဖေး၏ လက်များကို ကျော်လွန်ကာ ဒူးအထိ ရောက်နေပြီး ဘောင်းဘီမှာလည်း သုံးပတ်ခန့် ခေါက်တင်ထားလျှင်ပင် သူ၏ ဖိနပ်များကို ဖုံးအုပ်နေဆဲ ဖြစ်၏။ ဤဝတ်စုံသည် အရပ် နှစ်မီတာကျော်ပြီး ကိုယ်အလေးချိန် ကီလိုဂရမ် နှစ်ရာခန့်ရှိသော လူတစ်ဦးမှသာ တော်ပေလိမ့်မည်ဟု ရှဖေး တွေးမိလိုက်သည်။

ရှဖေးသည် အမြန်နှုန်း အစွမ်းပိုင်ရှင် ဖြစ်သောကြောင့် ဤကဲ့သို့သော ပွယောင်းယောင်း ဝတ်စုံသည် သူ အမြန်နှုန်းမြှင့်လိုက်သောအခါ မလိုအပ်သော အနှောင့်အယှက်များကို ဖြစ်ပေါ်စေနိုင်သည်။

စာရာသည် သူမ၏ အလုပ်ဝတ်စုံ အရှေ့အိတ်ကပ်ထဲမှ ပြားချပ်ချပ် ချိုချဉ်သေတ္တာ တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းကို လှုပ်လိုက်သောအခါ ဆူညံသံများ ထွက်ပေါ်လာသည်။

ထို့နောက် သူမသည် ဝိညာဉ်နှလုံးသား အချို့ကို ထုတ်ယူလိုက်၏။ သေးငယ်သော အရာများမှာ ပဲနောက်စိခန့် ရှိပြီး ကြီးမားသော အရာများမှာ ပဲပုပ်စိခန့် ရှိသည်။

“ဒါက တောရိုင်းကြယ်တာရာနယ်မြေရဲ့ ငွေကြေးပဲ” သူမက ပြောလိုက်သည်။

“သေးတာလေးတွေက တစ်ဒေါ်လာ။ ကြီးတာတွေက ဆယ်ဒေါ်လာ။ မင်းရဲ့ မြွေမျက်လုံးသီး ရှစ်ဆယ့်တစ်လုံးအတွက် ငါ နှစ်ဆယ့်ခုနစ်ဒေါ်လာ ပေးမယ်။ ဘယ်လိုလဲ”

ရှဖေးမှာ မှင်သက်သွားသည်။ အသီး သုံးလုံးလျှင် တစ်ဒေါ်လာ ပြောလိုက်သည်မှာ အတော်လေး တန်လှသည်။ လက်သီးဆုပ်ခန့်ရှိသော ဝိညာဉ်နှလုံးသား တစ်ခုလျှင် ကြယ်တာရာဒင်္ဂါး သန်း နှစ်ရာခန့် တန်ကြေးရှိပြီး မြွေမျက်လုံးသီး တစ်လုံးလျှင် သုံးသောင်းခန့်သာ တန်ကြေးရှိသဖြင့် ဤသည်မှာ အလွန်တန်သော အရောင်းအဝယ်ပင် ဖြစ်သည်။

“ဟင့်အင်း... မလုပ်တော့ပါဘူး” ရှဖေးက ခေါင်းခါလိုက်သည်။

တန်သော ဈေးနှုန်းဟု ဆိုနိုင်သော်လည်း စာရာ၏ မျက်နှာအမူအရာအရ သူမသည် သူ့အား အနိုင်ကျင့်နေခြင်း ဖြစ်ကြောင်း ရှဖေး သိနိုင်သည်။ ဤတောကြောင်မလေးသည် သူမ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရန် မတတ်သေးပုံရသည်။

“နှမြောစရာကြီး” စာရာက ညည်းတွားရင်း သေတ္တာကို ပြန်သိမ်းလိုက်သည်။

ရှဖေးသည် ဤပွယောင်းယောင်း ဝတ်စုံကို ဝတ်ဆင်ကာ ကွပ်ကဲမှု ကုန်းပတ်ပေါ်တွင် လမ်းလျှောက်နေရသည်မှာ အတော်ပင် ခံရခက်လှသည်။

“မဆိုးပါဘူး။ အခုတော့ မင်းပုံစံက တောရိုင်းကြယ်တာရာနယ်မြေက လူနဲ့ နည်းနည်း တူသွားပြီ။ တစ်ယောက်ယောက်က မေးရင် မင်းက အဝေးတစ်နေရာကလာတဲ့ အယ်လန် ရဲ့ တူ လို့သာ ပြောလိုက်”

ရှဖေးအား အကျိုးအကြောင်း ရှင်းပြပြီးနောက် မမ္မုသ် သင်္ဘောမှာ စွမ်းအင် ဖြည့်တင်းမှု ပြီးဆုံးသွားပေပြီ။ ထိုအိုဟောင်းနေသော စက်မှုသင်္ဘောကြီးသည် လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့၏။

ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် ဝါကျင့်ကျင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားခါးပတ်ကြီးကို တွေ့ရသည်။ ၎င်းမှာ နေရာတစ်ခုလုံးကို ဝန်းရံထားသည့် စက်ဝိုင်းပုံစံ ရှိနေသည်။

သင်္ဘောသည် ကြီးမားသော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားသည်။ အပြင်ဘက်မှ ကြည့်လျှင် ဤအနီရောင်ရင့်ရင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားမှာ အခြားသော အာကာသ ကျောက်တုံးများနှင့် မခြားနားလှပေ။ ၎င်း၏ မျက်နှာပြင်မှာ အလွန် မှောင်မည်းနေပြီး သက်ရှိဟူ၍ မည်သည့်အရိပ်အယောင်မျှ မရှိပေ။

အတည်ပြုပြီးနောက် ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါ်ရှိ တံခါးတစ်ခု ပွင့်သွားသည်။ ထိုအခါမှသာ ထိုကျောက်တုံးကြီးအတွင်း၌ တစ်ခုခု ရှိနေကြောင်း ရှဖေး သိရှိလိုက်ရသည်။ အခေါင်းပေါက် ဖြစ်နေသော ကျောက်တုံးကြီးအတွင်း၌ သင်္ဘောဆိပ်ကမ်းများစွာ ရှိနေပြီး ပုံစံအမျိုးမျိုး။ အရွယ်အစားအမျိုးမျိုးရှိသော သင်္ဘောများစွာ ရှိနေသည်။

စက်မှုသင်္ဘောကြီးသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားအတွင်းပိုင်းရှိ စင်မြင့်တစ်ခုပေါ်တွင် ဆိုက်ကပ်လိုက်သည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ အပြင်ဘက်တွင် စွမ်းအင်စက်ကွင်း တစ်ခု ရှိနေသောကြောင့် စခန်းအတွင်းရှိ လေထုမှာ အပြင်သို့ ယိုစိမ့်မသွားပေ။ ထို့ကြောင့် ရှုပ်ထွေးသော လေအေးပေးစနစ်များလည်း မလိုအပ်ပေ။

သင်္ဘော ဆိုက်ကပ်ပြီးနောက် စာရာသည် ရှဖေးအား အပြင်သို့ ခေါ်ဆောင်လာခဲ့၏။

“ဟေး... စာရာ။ ဒီလို ချောမောတဲ့ လူတစ်ယောက်ကို နင် ဘယ်ကနေ မြှူဆွယ်လာတာလဲ” မုတ်ဆိတ်မွေး ဖားဖားနှင့် အမျိုးသားတစ်ဦးက မေးမြန်းလိုက်သည်။ သူ၏ မျက်နှာ တစ်ခြမ်းမှာ အရည်ပျော်နေသကဲ့သို့ ဖြစ်နေသောကြောင့် ကြည့်ရသည်မှာ အတော်ပင် ကြောက်စရာ ကောင်းလှသည်။

“ရယ်စရာ မဟုတ်ဘူးနော်” စာရာက ထိုမုတ်ဆိတ်မွေးနှင့် လူ၏ ဖင်ကို ရက်စက်စွာ ကန်လိုက်ပြီး တံတွေး တစ်ချက် ထွေးလိုက်၏။ “ဒါက အယ်လန် ရဲ့ တူ ပဲ။ သူက တခြား စခန်းကနေ လာတာ”

ထိုမုတ်ဆိတ်မွေးနှင့် လူသည် စာရာ၏ ကန်ချက်ကို ဂရုမစိုက်ဘဲ အားရပါးရ ရယ်မောလိုက်သည်။ ထို့နောက် သူက ရှဖေးအနားသို့ လျှောက်လာပြီး ပုခုံးကို လှမ်းဖက်ကာ “မင်းက ဘယ်ကလာတာလဲ။ မင်းအတွက် ဖင်ကြီးကြီးနဲ့ မိန်းကလေးလှလှလေးတွေ မိတ်ဆက်ပေးဖို့ လိုမလား” ဟု မေး၏။

“ငရဲသွားလိုက်” စာရာသည် ထိုလူကို တွန်းထုတ်လိုက်ပြီး ရှဖေးအား သင်္ဘောဆိပ်ကမ်းဘက်သို့ ဆွဲခေါ်သွားလေတော့သည်။

ရှဖေးသည် ဆင်းရဲသားရပ်ကွက်များကို အရင်က မြင်ဖူးသော်လည်း ကျောက်နီစခန်းမှာ ထိုနေရာများထက် ပိုမို ဆိုးရွားလှသည်။ လမ်းမလယ်တွင် အရက်မူးပြီး လဲလျောင်းနေသူများ ရှိသကဲ့သို့ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အိမ်ငယ်လေးများ ရှိနေသည်။ လမ်းပေါ်တွင်လည်း လူသားများကို လုံးဝ မကြောက်သော ကြက်အုပ်များနှင့် ဝက်အမည်းကြီး တစ်ကောင် လမ်းလျှောက်နေကြသည်။

ရန်ဖြစ်နေသူများ သီချင်းဆိုနေသူများ တောင်းရမ်းနေသူများလည်း ရှိနေကြသည်။ ဗလာကျင်းနေသော ဝဖြိုးသည့် အမျိုးသားတစ်ဦးသည် အင်းဆက်မျိုးနွယ် အမည်းကြီး တစ်ဦးနှင့် ပုခုံးချင်းဖက်ကာ အတူတူ သီချင်းဆိုနေကြသည်ကိုလည်း တွေ့ရ၏။ နှစ်ယောက်လုံး၏ လက်ထဲတွင် အရက်ပုလင်း တစ်လုံးစီ ရှိနေပြီး ယိမ်းထိုးလျက် လမ်းလျှောက်နေကြရာ သူတို့မှာ အတော်လေး မူးနေကြသည်မှာ သိသာလှသည်။

လူသားများနှင့် အင်းဆက်မျိုးနွယ်များအကြား စစ်ပွဲမှာ လွန်ခဲ့သော အချိန်ကတည်းက ပြီးဆုံးသွားခဲ့သော်လည်း နှစ်ဖက်စလုံးမှာ တင်းမာမှုများ ရှိနေဆဲ ဖြစ်ပြီး ငြိမ်းချမ်းမှုနှင့် ဝေးကွာနေဆဲပင် ဖြစ်၏။

သို့သော် ဤနေရာတွင်မူ မျိုးနွယ်စု နှစ်ခုစလုံးမှာ သဟဇာတဖြစ်စွာ အတူတူ နေထိုင်နေကြသည်။ ထူးဆန်းသော အဆင်တန်ဆာများကို ဝတ်ဆင်ကာ ဖောက်သည်များကို ဆွဲဆောင်ရန် ကြိုးစားနေသော အင်းဆက်မျိုးနွယ် အမျိုးသမီးငယ် အချို့ကိုပင် တွေ့ရသေး၏။ ဝဖြိုးပြီး အစိမ်းရောင်ရှိသော အင်းဆက်မျိုးနွယ် အမျိုးသမီး တစ်ဦး၏ အကြည့်ကို ခံလိုက်ရသောအခါ ရှဖေးမှာ ကြောက်စိတ်ကြောင့် ချွေးစေးများပင် ထွက်လာရသည်။

ရှုပ်ထွေးနေသော လမ်းများအတိုင်း သွားလာပြီးနောက် စာရာ နှင့် ရှဖေး တို့သည် လူနေရပ်ကွက် တစ်ခုသို့ ရောက်ရှိလာကြသည်။ အိမ်များအားလုံးမှာ လေတိုက်လျှင်ပင် ပြိုကျသွားနိုင်လောက်အောင် စုတ်ပြတ်နေသော တဲငယ်လေးများသာ ဖြစ်ကြ၏။ ကံကောင်းသည်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားအတွင်း၌ လေတိုက်ခတ်ခြင်း မရှိပေ။

စာရာ၏ နေအိမ်မှာမူ ထိုရပ်ကွက်ရှိ အခြားသော အိမ်များနှင့် နှိုင်းယှဉ်လျှင် အတော်လေး ကောင်းမွန်လှသည်။ စတုရန်းမီတာ ဆယ်မီတာခန့် ကျယ်ဝန်းသော ခြံဝင်းငယ်လေး ရှိသကဲ့သို့ သတ္တုများကို ဂဟေဆက်၍ ပြုလုပ်ထားသော အိမ်ငယ် သုံးလုံးလည်း ရှိနေသည်။ ထို့ပြင် ဟင်းသီးဟင်းရွက် အချို့ကို စိုက်ပျိုးထားသော ရေစိုက်ခင်း တန်း သုံးတန်းလည်း ရှိသေး၏။

ဤနေရာတွင် မြေကွက်လပ် မရှိသောကြောင့် အပင်အားလုံးကို ရေစိုက်စနစ်ဖြင့်သာ စိုက်ပျိုးရခြင်း ဖြစ်သည်။

“အဘိုးကြီး... သူ ရောက်ပြီ ” စာရာသည် အိမ်ထဲသို့ ကန်ဖွင့်၍ ဝင်သွားရင်း အော်ဟစ်လိုက်သည်။

ရှဖေးသည် သူမနောက်မှ အိမ်ထဲသို့ လိုက်ဝင်သွား၏။ အိမ်ထဲရှိ သစ်သားစားပွဲအိုကြီးပေါ်တွင် အစားအစာဟု ထင်ရသော အရာများ ထည့်ထားသည့် သတ္တုပန်းကန် တစ်လုံး ရှိနေသည်။ ထို့ပြင် ဆီများ ပေကျံနေသော ဆိုဖာဟောင်း တစ်လုံးလည်း ရှိသေး၏။

စာရာသည် သူမ၏ လက်များကိုပင် မဆေးဘဲ ဂျုံမှုန့်များဖြင့် ဖုံးအုပ်ထားသော အဖြူရောင် အတုံးလေးအချို့ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။ သူမသည် ထိုအစာကို အတော်လေး နှစ်သက်ပုံရသည်။

သူမသည် ရှဖေးဘက် လှည့်ကြည့်လိုက်ပြီး နောက်ထပ် လက်တစ်ဆုပ်စာခန့်ကို ကောက်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်၏။ “ရော့... အလကား ပေးတာ”

၎င်းမှာ ဂျုံမှုန့်ဖြင့် ဖုံးအုပ်ထားသော အပင်တစ်မျိုးနှင့် တူလှသည်။ အနံ့မှာ အနည်းငယ် ပေါ့ပါးသော်လည်း မွှေးပျံ့နေသည်။ ရှဖေးသည် အတုံးတစ်တုံးကို သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။

“အင်း... မဆိုးပါဘူး။ ဒါက ဘာလဲ”

စာရာက ပြုံးလိုက်ပြီး “ပူတင်း လေ။ မိလ္လာမြောင်းတွေထဲက ရေမှော်တွေနဲ့ လုပ်ထားတာ။ ဂျုံမှုန့်နဲ့ ဖုံးပြီး ပေါင်းထားတာပေါ့”

“အော်...” ရှဖေးသည် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် အတုံးတစ်တုံးကို စားကြည့်လိုက်ပြန်၏။

“မိလ္လာမြောင်းထဲက ပေါင်းထားတဲ့ ရေမှော်ရဲ့ အရသာကိုတော့ ကျွန်တော် ဆယ်မှတ်မှာ ရှစ်မှတ် ပေးပါတယ်”

“မင်းကတော့ တကယ့် လူပဲ။ ပြီးခဲ့တဲ့ တစ်ခေါက်က လူသားမဟာမိတ်အဖွဲ့က ဝရမ်းပြေး မှောင်ခိုသမား တစ်ယောက် ဒီကို လာတုန်းက ဒီပူတင်းဟာ မိလ္လာမြောင်းက လာတာလို့ ကြားလိုက်တာနဲ့ ချက်ချင်း အန်တော့တာပဲ” စာရာက ရယ်မောလိုက်ပြီး ပြောလိုက်သည်။

ရှဖေးက ဘာမှ ပြန်မပြောဘဲ ထိုအမည်မသိ အပင်ကို တိတ်ဆိတ်စွာ စားလိုက်ပြီးမှ လက်ပေါ်ရှိ ဂျုံမှုန့်များကို ခါထုတ်လိုက်၏။ ထို့နောက် သူသည် ဆိုဖာပေါ်တွင် ထိုင်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

ထိုအချိန်တွင် အယ်လန် သည် အခန်းထဲမှ ထွက်လာသည်။ “ဘယ်တုန်းက ‘ပြာလွင်မြက်’ က မိလ္လာမြောင်းထဲမှာ ပေါက်တဲ့ အရာ ဖြစ်သွားတာလဲ”

စာရာသည် အယ်လန် ကို မျက်နှာပြောင်ပြကာ သူမ၏ အခန်းထဲသို့ ဝင်သွားလေတော့သည်။

“ကျွန်မ ခဏ အိပ်ဦးမယ်။ ထမင်းစားချိန်ကျမှ နှိုးလိုက်ပါ”

“စာရာက အရာရာမှာ တော်ပါတယ်။ ဒါပေမဲ့ သူမက အရမ်းကို ထိန်းမရ သိမ်းမရနိုင်လွန်းတယ်” အယ်လန်သည် စောင်းနေသော ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ခေါင်းခါကာ ပြောလိုက်၏။

ရှဖေးက ပြုံးလိုက်ပြီး ဘာမှ မပြောဘဲ နေလိုက်သည်။ သူမတွင် သူမ၏ ကိုယ်ပိုင် စရိုက် ရှိနေခြင်းမှာ ဘာမှ မမှားပေ။ ခေတ္တမျှ ကြာပြီးနောက် ရှဖေးသည် တိုက်ရိုက်ပင် မေးမြန်းလိုက်၏။

“အယ်လန်... အပိုပစ္စည်းတွေကို ဘယ်မှာ ဝယ်လို့ရမလဲ။ ကျွန်တော့်သင်္ဘောကို ပြုပြင်ဖို့ လိုအပ်နေလို့ပါ”

All Chapters