← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အပိုင်း (၁၀၃) ပြင်းထန်သော ပျက်စီးမှုများ

“အယ်လန်... အပိုပစ္စည်းတွေကို ဘယ်မှာ ဝယ်လို့ရမလဲ။ ကျွန်တော့်သင်္ဘောကို ပြုပြင်ဖို့ လိုအပ်နေလို့ပါ” ရှဖေးက မေးမြန်းလိုက်သည်။

အယ်လန်သည် ပြတင်းပေါက်အပြင်ဘက်ရှိ ကြီးမားသော မီးမောင်းကြီးတစ်ခုကို ညွှန်ပြလိုက်၏။ ဂြိုဟ်သိမ်ဂြိုဟ်မွှားအတွင်း၌ လုံးဝ မှောင်အတိ ကျနေသောကြောင့် ထိုမီးမောင်းကြီးသည် နေ့နှင့်ညကို ခွဲခြားနိုင်ရန်အတွက် လူလုပ်နေမင်းကြီးအဖြစ် အသုံးတော်ခံနေခြင်းပင် ဖြစ်သည်။

“မကြာခင် မှောင်တော့မယ်။ ဒီကျောက်နီစခန်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်။ အဲ့ဒါက မှောင်သွားပြီဆိုရင် လူတိုင်း အိမ်မှာပဲ ရှိရမယ်။ ဘယ်သူမှ အပြင်မှာ လျှောက်မသွားရဘူး။ မင်း ပစ္စည်းဝယ်ချင်တယ်ဆိုရင်တော့ အစောဆုံး မနက်ဖြန်အထိ စောင့်ရလိမ့်မယ်” အယ်လန်က ပြောလိုက်သည်။

“ညမထွက်ရ အမိန့်လား” ရှဖေးက သိချင်စိတ်ဖြင့် မေးလိုက်၏။

“ဒါက လွတ်လပ်တဲ့ ဆိပ်ကမ်း မဟုတ်ဘူးလား။ ဘာလို့ ညမထွက်ရ အမိန့် ရှိနေရတာလဲ”

အယ်လန်က ရယ်မောလိုက်ပြီး

“လွတ်လပ်တယ် ဟုတ်လား။ ဒီနေရာမှာ လွတ်လပ်မှုဆိုတာ မရှိပါဘူး။ ကျောက်နီစခန်းကို လွတ်လပ်တဲ့ ဆိပ်ကမ်းလို့ ခေါ်တာက ဘယ်သူမဆို ဒီမှာ လာပြီး စီးပွားရေး လုပ်နိုင်လို့ပဲ။ ဝရမ်းပြေးပဲဖြစ်ဖြစ် ပင်လယ်ဓားပြပဲဖြစ်ဖြစ် မူးယစ်ဆေးစွဲနေသူပဲဖြစ်ဖြစ် အားလုံးကို ကြိုဆိုတယ်”

“ဒါပေမဲ့ ဒီမှာ ဘာကန့်သတ်ချက်မှ မရှိဘူးလို့တော့ မဆိုလိုပါဘူး။ နင် မျိုးနွယ်စုက ဒီနေရာရဲ့ စည်းမျဉ်းတွေကို သတ်မှတ်တာ။ ဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီစည်းမျဉ်းကို ချိုးဖောက်ရင် အပြစ်ပေးခံရလိမ့်မယ်။ အခု နင်မျိုးနွယ်တွေဟာ အိုးလ် လို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ ပြဿနာ ဖြစ်နေကြတာ။ အဲ့ဒီကိစ္စကြောင့် လူပေါင်း ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ရလို့ သူတို့က ညတိုင်း ကင်းလှည့်နေကြတာ။ အထူးသဖြင့် မျက်နှာသစ်တွေကိုဆိုရင် ပိုပြီးတော့ တင်းတင်းကျပ်ကျပ် စစ်ဆေးကြတယ်” ရှင်းပြလေသည်။

“လူအနည်းငယ် သေဆုံးခဲ့ရပေမဲ့ ဒီနေရာရဲ့ လေထုကတော့ ပုံမှန်အတိုင်းပါပဲ။ လူတွေက အရင်အတိုင်းပဲ အလုပ်လုပ်နေကြ။ စားသောက်နေကြတာ ဘာမှ ထူးခြားတာ မတွေ့မိဘူး” ရှဖေးက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“အရူး မလုပ်စမ်းနဲ့ ကျောက်နီစခန်းမှာ နေတဲ့သူတွေရဲ့ စိတ်ထဲမှာ ကြင်နာမှုဆိုတာ မရှိပါဘူး။ လူအနည်းငယ် သေတာက ဘာမှ မဖြစ်ဘူး။ နင်မျိုးနွယ်တွေပဲ စိုးရိမ်နေကြတာ။ ဘာလို့လဲဆိုတော့ သေသွားတဲ့သူတွေက သူတို့ရဲ့ သက်တော်စောင့်တွေနဲ့ ကြေးစားစစ်သားတွေ ဖြစ်နေလို့ပဲ” အယ်လန်က ရှဖေး၏ ပုခုံးကို ပုတ်ကာ ပြောကြားသည်။

ရှဖေးသည် အယ်လန်နှင့် ခေတ္တမျှ ဆက်လက် စကားပြောဖြစ်ရာ ကျောက်နီစခန်းတွင် လူပေါင်း သုံးသောင်းခန့် နေထိုင်ကြောင်း သိရှိရသည်။ထိုအထဲမှ တစ်သောင်းမှာ အမြဲတမ်း နေထိုင်သူများ ဖြစ်ကြပြီး ကျန်လူများမှာမူ ခရီးသွား ကုန်သည်များ ပြည့်တန်ဆာများ ဝရမ်းပြေးများနှင့် အခြားသော လူအမျိုးမျိုးတို့ ဖြစ်ကြသည်။

တောရိုင်းကြယ်တာရာနယ်မြေ တစ်ခုလုံးတွင် လူသားများ နေထိုင်ရန် သင့်တော်သော ဂြိုဟ်ဟူ၍ တစ်လုံးမျှ မရှိဘဲ ကျောက်နီစခန်းကဲ့သို့သော လူလုပ် အခြေစိုက်စခန်းများသာ ရှိသည်။

ကျောက်နီစခန်းသည် တောရိုင်းကြယ်တာရာနယ်မြေတွင် ပျမ်းမျှ အရွယ်အစား ရှိသော စခန်းတစ်ခု ဖြစ်၏။ ပိုမိုကြီးမားသော စခန်းများတွင် လူပေါင်း တစ်သိန်းကျော်အထိ နေထိုင်နိုင်ပြီး ရှုပ်ထွေးသော ဆက်ဆံရေးများရှိသည့် ဂိုဏ်းပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံ ရှိနေကြသည်။

လူသားများနှင့် အင်းဆက်မျိုးနွယ်များအကြား မည်သည့် ကုန်သွယ်မှု သဘောတူညီချက်မျှ မရှိသောကြောင့် စကြဝဠာ၏ အင်အားအကြီးဆုံး အဖွဲ့အစည်း နှစ်ခုကို ဆက်သွယ်ပေးထားသော ဤတောရိုင်းကြယ်တာရာနယ်မြေသည် ကုန်သည်များအတွက် နေရာတစ်ခု ဖြစ်လာသည်။ ၎င်းသည် လူသားများအနေဖြင့် အစားအစာ အဝတ်အထည် ကော်ဖီ အရက် စသည်တို့ကို အင်းဆက်မျိုးနွယ်များထံ ရောင်းချနိုင်စေပြီး အင်းဆက်မျိုးနွယ်များကလည်း တွင်းထွက်ပစ္စည်း အမြောက်အမြားကို လူသားများထံ ပြန်လည် ရောင်းချနိုင်သည်။

အင်းဆက်မျိုးနွယ်များသည် ‘ဝိညာဉ်နှလုံးသား’ နှင့် ‘သလင်းကျောက်’ ထုတ်လုပ်မှု အများစုကို ထိန်းချုပ်ထားကြသည်။ အင်းဆက်မျိုးနွယ် ကမ္ဘာတွင် အရက်ကောင်းကောင်း တစ်ပုလင်းကို ဝိညာဉ်နှလုံးသား တစ်ဂရမ်ခန့်နှင့် လဲလှယ်နိုင်ပြီး ထိုတစ်ဂရမ်ကို လူသားနယ်မြေတွင် ပြန်လည် ရောင်းချပါက ကြယ်တာရာဒင်္ဂါး သောင်းနှင့်ချီ၍ ရရှိနိုင်သဖြင့် သူတို့၏ အမြတ်အစွန်းမှာ အဆပေါင်း ရာနှင့်ချီ၍ ရှိသည်။

အင်းဆက်မျိုးနွယ် အများစုမှာ ကော်ဖီ သို့မဟုတ် အရက်ကို မသောက်သုံးကြပေ။ ထိုဉာဏ်ရည်နိမ့်သော သတ္တဝါများသည် သာမန် တိရစ္ဆာန်များနှင့် မခြားနားလှပေ။ သို့သော် အဆင့်မြင့် အင်းဆက်မျိုးနွယ် အချို့မှာမူ လူသားများ၏ နေထိုင်မှု ပုံစံကို အတုယူကာ အရက်ကို စွဲလန်းခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ဖြင့် ဘဝကို ကုန်ဆုံးစေကြသည်။

ဤကဲ့သို့သော တရားမဝင် ကုန်သွယ်မှုများသည် အလွန် အမြတ်အစွန်း များသော်လည်း ၎င်းတွင် အန္တရာယ်များလည်း ရှိနေသည်။ နာမည်နှင့် လိုက်ဖက်စွာပင် တောရိုင်းကြယ်တာရာနယ်မြေသည် လူသူကင်းမဲ့ပြီး ကြမ်းတမ်းကာ ခန့်မှန်းရ ခက်ခဲလှသည်။

ဆက်သွယ်ရေး အချက်ပြမှုများ ရုတ်တရက် ပြတ်တောက်သွားခြင်း။ သင်္ဘောများ ပျောက်ကွယ်သွားခြင်းနှင့် ပင်လယ်ဓားပြများ၏ လုယက်ခြင်းကို ခံရခြင်းတို့မှာ ဒေသခံများအတွက် အလွန် ရိုးရှင်းသော ကိစ္စများ ဖြစ်ကြသည်။ အမှန်စင်စစ် ဤကြယ်တာရာနယ်မြေအတွင်း တစ်နှစ်လျှင် သင်္ဘောပေါင်း မည်မျှ ပျက်စီးသွားသည်ကိုပင် မည်သူမျှ မသိနိုင်ကြပေ။

ကုန်သည်များသည် သဘာဝအတိုင်း အမြတ်အစွန်းနောက်ကိုသာ လိုက်ကြသည်။ နှစ်စဉ် လူသားနှင့် အင်းဆက်မျိုးနွယ် ကုန်သည် အများအပြားသည် ဤနေရာတွင် စီးပွားရေး လုပ်ရန်အတွက် သူတို့၏ အသက်ကို စွန့်စားကြသည်။ တစ်ညတည်းနှင့် ချမ်းသာသွားသူများ၏ ပုံပြင်များ ရှိသော်လည်း ထိုသူများသည် အသက်ရှင်ကျန်ရစ်သော လူနည်းစုသာ ဖြစ်ကြောင်းကိုမူ မည်သူမျှ မကြားမိကြပေ။ ဘဝ၏ အခြားသော အရာများကဲ့သို့ပင် မရေမတွက်နိုင်သော ကျရှုံးမှုများ၏ တောင်ပုံရာပုံကြီးကိုတော့ မည်သူမျှ မသိရှိကြပေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ကြီးမားသော မီးမောင်းကြီးမှာ နောက်ဆုံးတွင် ပိတ်သွားသည်။ ထိုအခါ အယ်လန်သည် ရှဖေး နှင့် စာရာ တို့အား ညစာ စားရန်အတွက် ဧည့်ခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်၏။

အယ်လန်သည် ဗီဒိုတစ်ခုအတွင်းပိုင်းတွင် ဖုန်များ ဖုံးလွှမ်းကာ ဝှက်ထားသော ကြွေပန်းကန်ဟောင်း အချို့ကို ထုတ်ယူလာသည်။ ထိုအရာများသည် အယ်လန်၏ တန်ဖိုးထားသော ပစ္စည်းများ ဖြစ်ကြပြီး သူသည် အလွန်တရာမှ ခဲယဉ်းစွာသာ ထုတ်ယူ အသုံးပြုလေ့ ရှိသည်မှာ ထင်ရှားလှသည်။

“ဒါတွေပဲ ထပ်စားရမှာလား ရှဖေး ဆီကနေ အမြတ်တွေ အများကြီး ရထားတာ မဟုတ်ဘူးလား ဘယ်တော့မှ ငါတို့ တကယ့် ဟင်းသီးဟင်းရွက်တွေနဲ့ ကြက်ဥတွေ စားရမှာလဲ ငါ့ရဲ့ အသက်ရှုသံတောင် ‘ပြာလွင်မြက်’ နံ့တွေ နံနေပြီ” စာရာသည် ပူတင်း တစ်ဆုပ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်ရင်း ညည်းတွားလိုက်သည်။

အယ်လန်က စာရာ၏ လက်မောင်းကို ရိုက်ရန် သူ၏ လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူမက အချိန်မီ ရှောင်တိမ်းနိုင်ခဲ့သည်။

“ယဉ်ယဉ်ကျေးကျေး နေစမ်းပါ။ ငါတို့မှာ ဧည့်သည် ရှိနေတယ်လေ။ မင်း ဒီထက်ပိုပြီး ယဉ်ကျေးလို့ မရဘူးလား” အယ်လန်က ပြစ်တင် ပြောဆိုလိုက်၏။

“ဧည့်သည် တဲ့” စာရာသည် ပူတင်းကို မျိုချလိုက်ပြီး အယ်လန် ရှေ့တွင် လက်ဝေ့ယမ်းပြကာ

“ဒီနေ့ နေ့လယ်ကပဲ ရှဖေး ဆီကနေ အမြတ်အစွန်း အနည်းငယ် ရှာမယ်လို့ အဘိုး ပြောခဲ့တာလေ။ ဘယ်တုန်းက သူက ဧည့်သည် ဖြစ်သွားတာလဲ”

“စီးပွားရေးဆိုတာ စီးပွားရေးပဲ။ ငါတို့ စီးပွားရေး လုပ်နေတာဆိုတော့ သူက ဧည့်သည်ပေါ့။ ဒါနဲ့ ငါ မေးဖို့ မေ့နေတယ်။ ဘာလို့ ‘နှင်းဖြူသီး’ ဆယ်လုံး လျော့နေတာလဲ” အယ်လန်သည် အနည်းငယ် ရှက်သွားပြီး နှုတ်ခမ်းဆူကာ မေးလိုက်သည်။

“အဲ့ဒါက ကျွန်မရဲ့ အခကြေးငွေလေ။ ကျွန်မရဲ့ ဝေစုကို အရင် ယူထားတာပေါ့” စာရာက ပုခုံးတွန့်ပြကာ ပြောလိုက်၏။

အယ်လန်က ခေါင်းခါကာ “မင်းကတော့လေ” ဟုသာ ဆိုပေတော့သည်။ ရှဖေးက ပြုံးလိုက်ပြီး သူ၏ အာကာသလက်စွပ်အတွင်းမှ ချောကလက်ဘား အချို့ စည်သွပ် အမဲသား ဇီးသီးထုပ် တစ်ထုပ်နှင့် ဝိုင်တစ်ပုလင်းကို ထုတ်ယူလိုက်သည်။

စာရာက ရှဖေးအား သူ၏ အာကာသလက်စွပ်ကို ဝှက်ထားရန် ပြောခဲ့သော်လည်း ရှဖေးအနေဖြင့် ထိုသို့ လုပ်ရန်မှာ အလွန် အဆင်မပြေဟု ခံစားရသဖြင့် လက်စွပ်ကို အတွင်းဘက်သို့ လှည့်ဝတ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် ကြည့်ရှုသူများအတွက် သာမန်လက်စွပ် တစ်ကွင်းကဲ့သို့ ထင်ရမည်ဖြစ်ပြီး သူ၏ လက်ဖဝါးကို မြင်မှသာ ၎င်းမှာ အာကာသလက်စွပ် ဖြစ်ကြောင်း သိရှိကာ အံ့အားသင့်သွားကြပေလိမ့်မည်။

“ချောကလက်” စာရာသည် အော်ဟစ်လိုက်ပြီး တစ်ခုကို ဖွင့်ကာ ကလေးတစ်ယောက်ကဲ့သို့ ပါးစပ်ထဲ အပြည့် ထည့်လိုက်သည်။

“ဖြည်းဖြည်းစားပါ။ နင်မသွားပါစေနဲ့ဦး။ ဒီမှာ အများကြီး ကျန်ပါသေးတယ်” ရှဖေးက ပြုံးလျက် ဆို၏။

စာရာ ကဲ့သို့သော မိန်းကလေး တစ်ဦးကို စိတ်ကျေနပ်စေရန်မှာ အလွန် လွယ်ကူလှသည်။ ချောကလက်ဘား အနည်းငယ်ကပင် သူမ၏ စိတ်ကို အလွန်အမင်း ပျော်ရွှင်သွားစေသည်။ မြို့ပြက မိန်းကလေး တစ်ယောက်ဆိုလျှင်တော့ မျက်မှောင်ကြုတ်ကာ “တောင်းပန်ပါတယ်။ ကျွန်မ ဝိတ်ချနေတာမို့လို့ တစ်နေ့ကို ပန်းသီး တစ်လုံးပဲ စားတာပါ” ဟု ပြောပေလိမ့်မည်။

ထိုသို့သော မိန်းကလေးများကိုတော့ ကားတစ်စီး။ အိမ်တစ်လုံးနှင့် ငွေကြေး အမြောက်အမြား မပါဘဲနှင့် စိတ်ကျေနပ်စေရန် မဖြစ်နိုင်ပေ။ ထိုအရာများကို ပေးအပ်ခဲ့လျှင်ပင် ၎င်းမှာ သူတို့ ရသင့်ရထိုက်သော အရာများဟု ထင်မြင်ကာ မည်သည့်အခါမျှ ကျေးဇူးတင်ကြမည် မဟုတ်ပေ။

စာရာသည် နောက်ထပ် ချောကလက် တစ်ုံးကို စားပြီးနောက် သူမ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ကျန်ရှိသော အရာများကိုတော့ နောက်မှ စားရန်အတွက် သူမ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

အယ်လန်သည် ဝိုင်ကို ဖန်ခွက် နှစ်ခွက်အတွင်းသို့ လောင်းထည့်လိုက်ပြီး တစ်ခွက်ကို အနံ့ခံကြည့်ကာ မော့သောက်လိုက်၏။

“အင်း... ဝိုင်ကောင်းပဲ” ဟု ထိုလူက အရသာကို ခံစားရင်း မှတ်ချက်ပေးလေသည်။

အရုဏ်တက်ချိန်တွင် ရှဖေးသည် စာရာ နှင့်အတူ ကျောက်နီစခန်း၏ လမ်းများအတိုင်း လျှောက်လာခဲ့သည်။

သူတို့သည် လကြတ် သင်္ဘော၏ ပျက်စီးမှုများကို စစ်ဆေးရန်အတွက် သင်္ဘောဆိပ်သို့ အရင်ဆုံး သွားခဲ့ကြသည်။ ရှဖေးသည် အတွင်းပိုင်းတွင် ဘာတွေ ပျက်စီးနေသည်ကို သိရှိပြီးဖြစ်သော်လည်း အပြင်ဘက် သံချပ်ကာနှင့် အစိတ်အပိုင်းများ၏ ပျက်စီးမှုကိုတော့ အတည်ပြုရန် လိုအပ်နေသေး၏။

အရင်က တောက်ပလှပခဲ့သော လကြတ် သင်္ဘောသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော အပျက်အစီးတစ်ခုနှင့် တူနေသည်။ ၎င်းမှာ ပျံသန်းနေသော လင်းယုန်ပျို တစ်ကောင်မှသည် မိုးရေထဲတွင် စိုရွှဲနေသော ကြက်ကလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

“ဒါက တကယ့်ကို ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တာပဲ။ မင်းရဲ့ သင်္ဘော အသက်ရှင်ကျန်ခဲ့တာက အံ့သြစရာပဲ” သင်္ဘောကို လျှို့ဝှက် သိုလှောင်ရုံတစ်ခုအတွင်းသို့ ဆွဲသွင်းပြီးနောက် စာရာသည် သူမ၏ လက်အင်္ကျီဖြင့် ချွေးများကို သုတ်လိုက်ကာ ပြောလိုက်သည်။

ရှဖေးက ခေါင်းညိတ်လိုက်၏။ စစ်သင်္ဘောငယ် တစ်စင်းဖြင့် ဖျက်သင်္ဘော တစ်စင်းကို ထိပ်တိုက် ရင်ဆိုင်ရန်မှာ အမြဲတမ်း ရူးသွပ်သော အကြံတစ်ခု ဖြစ်သည်။ သဘာဝအတိုင်းပင် ထိုသို့သော လုပ်ဆောင်မှု၏ အကျိုးဆက်မှာ ပြင်းထန်လှသည်။

“ကျွန်မ မနက်ပိုင်းမှာ လူတစ်ယောက်ကို ကျွန် တစ်ယောက် သွားပို့ပေးဖို့ ကူညီရဦးမယ်။ နေ့လယ်စာ မစားခင်တော့ အိမ်ပြန်ရောက်မှာပါ” စာရာက ဆို၏။

“ကျွန် လား” ရှဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

စာရာက အေးစက်စွာပင် ပြန်လည် ဖြေကြားသည်။

“အဲ့ဒီ ပိုးကောင်တွေက လူသား လူငယ်လေးတွေကို အရမ်း ကြိုက်ကြတာလေ။ အင်းဆက်မျိုးနွယ် ထိန်းချုပ်ထားတဲ့ နယ်မြေမှာဆိုရင် ကျွန်တစ်ယောက်ကို ဝိညာဉ်နှလုံးသား ဆယ်ဂရမ်လောက် ရနိုင်တယ်။ ဒါက တကယ်ကို အမြတ်ရတဲ့ အလုပ်ပဲ”

ရှဖေးက ဘာမှ ပြန်မပြောခဲ့ပေ။ သူသည် ‘တင်သွင်းသူများ’ က မဟာမိတ်အဖွဲ့အတွင်းရှိ လူငယ်လေးများကို လိုက်လံ ရှာဖွေကာ တိရစ္ဆာန်များကဲ့သို့ လှောင်အိမ်ထဲ ထည့်ပြီး ရောင်းချနေကြသည်ကို မြင်ယောင်ကြည့်နိုင်သည်။

မဟာမိတ်အဖွဲ့အတွင်းရှိ အချို့သော ကြမ်းတမ်းသည့် ဂြိုဟ်များတွင် ကျွန်စနစ်မှာ ရှိနေဆဲပင် ဖြစ်သည်။ အာကာသထဲတွင် နေထိုင်သော လူသားများသည် အင်အားကြီးမားသော မဟာမိတ်များ ရရှိရန် ကြိုးစားနေကြသော်လည်း သူတို့ကြားရှိ ကွာဟချက်များမှာ ကြီးမားနေဆဲ ဖြစ်၏။

လူသားများသည် မရေမတွက်နိုင်သော ဘာသာတရားများ။ ယဉ်ကျေးမှုများနှင့် အလေ့အကျင့်များရှိသည့် ရှုပ်ထွေးသော မျိုးနွယ်စု တစ်ခု အမြဲတမ်း ဖြစ်နေခဲ့သည်။ သူတို့အားလုံးသည် အပြင်ပန်းတွင် ပုံစံတူ ရှိနေနိုင်သော်လည်း အတွင်းပိုင်းတွင်မူ လုံးဝ ကွဲပြားနေကြပေလိမ့်မည်။

စာရာသည် ငယ်စဉ်ကတည်းက တောရိုင်းကြယ်တာရာနယ်မြေတွင် နေထိုင်ခဲ့သူ ဖြစ်သောကြောင့် ဤနေရာတွင် ဖြစ်ပျက်သမျှ အရာအားလုံးမှာ သူမအတွက် ပုံမှန်အတိုင်းပင် ဖြစ်သည်။ သူမတွင် ကောင်းခြင်း။ ဆိုးခြင်းဟူသော အယူအဆ မရှိဘဲ ပိုမို သန်မာသောသူက ထိပ်ဆုံးတွင် ရှိနေရမည်ဟူသော အချက်သာ ရှိသည်။ ဤသည်မှာ တောရိုင်းကြယ်တာရာနယ်မြေ၏ တစ်ခုတည်းသော ဥပဒေ ဖြစ်သည်။

“ကျွန်မ တံခါးကို ခတ်ထားခဲ့မယ်။ အဲ့ဒါဆိုရင် ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး။ နေ့လယ်ကျမှ ကျွန်မ လာခေါ်မယ်” စာရာက ထွက်သွားရင်း ပြောလိုက်၏။

“လမ်းမှာ စားသွားလိုက်ဦး” ရှဖေးက မက်မွန်သီး စည်သွပ်ဗူး တစ်ဗူးကို သူမရှိရာသို့ လှမ်းပစ်ပေးလိုက်ကာ ပြောလိုက်သည်။

“အသီး ” စာရာသည် စည်သွပ်ဗူးကို ဝပ်သာအားရ ဆုပ်ကိုင်လိုက်ပြီး ရှဖေးဘက်သို့ လှည့်ကာ ချိုသာသော အပြုံးတစ်ခု ပြုံးပြပြီးမှ အပြင်သို့ အပြေးအလွှား ထွက်သွားလေတော့သည်။

တရုတ်လူမျိုးများသည် ယဉ်ကျေးမှုနှင့် အပြန်အလှန် ပေးကမ်းမှုကို အမြဲတမ်း အလေးထားလေ့ ရှိကြသည်။ လက်ဆောင်ပေးခြင်းသည် စကြဝဠာ လူ့အဖွဲ့အစည်းတွင်ပင် အလွန် ကောင်းမွန်သော ရလဒ်များ ရရှိစေသည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း ရှဖေး သိရှိလိုက်ရသည်။

ငွေကြေး အမျိုးသမီး နှင့် အကြမ်းဖက်မှုတို့သည် စကြဝဠာ၏ အကြီးမားဆုံးသော လက်နက် သုံးခု ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအရာများကို ထိန်းချုပ်နိုင်ပါက သူတို့ လိုချင်သမျှ အရာအားလုံးကို ရရှိနိုင်ပြီး သူတို့ ဖြစ်ချင်သမျှကို လုပ်ဆောင်နိုင်သည်။ ဤသည်မှာ လူသားများ ရှိသည့် မည်သည့်နေရာတွင်မဆို အလုပ်ဖြစ်ပေလိမ့်မည်။

ရှဖေးသည် ကိုယ်တိုင်စစ်ဆေးရေး စနစ်မှ အစီရင်ခံထားသော ပျက်စီးမှု စာရင်းကို ကိုင်ဆောင်ကာ လကြတ် သင်္ဘော၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းကို တစ်ခုမကျန် စစ်ဆေးလိုက်သည်။ ကိုယ်တိုင်စစ်ဆေးရေး စနစ်သည် အလွန် အဆင့်မြင့်လှသဖြင့် အမှားအယွင်း ဖြစ်ပေါ်ရန်မှာ အလွန် ခဲယဉ်းလှသည်။ သို့သော်လည်း ရှဖေးကတော့ သူကိုယ်တိုင် စစ်ဆေးပြီးမှသာ စိတ်ကျေနပ်မှု ရှိပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ အာကာသထဲတွင် ခရီးနှင်နေသော စစ်သင်္ဘော တစ်စင်း ဖြစ်သည်။

အန္တရာယ်များလှပြီး မည်သည့်အချိန်တွင် အကျပ်အတည်းများ ပေါ်ပေါက်လာမည်ကို မသိနိုင်သော စကြဝဠာထဲတွင် ပျံသန်းနေစဉ် ရှဖေးအနေဖြင့် သူ၏ သင်္ဘောရှိ အစိတ်အပိုင်း တစ်ခုချင်းစီကို သေချာ နားလည်ထားလိုသည်။ ဂလက်ဆီအတွင်း ခရီးသွားနေစဉ် မူလီ တစ်လုံးမျှပင် နေရာလွဲမှားနေခြင်း မရှိစေလိုပေ။

နေ့လယ် ရောက်သောအခါ ရှဖေးတွင် ဆယ့်ခြောက်မျက်နှာ ရှည်လျားသော ပြုပြင်ထိန်းသိမ်းမှု စာရင်းတစ်ခု ရရှိနေပေပြီ။ ပထမ လေးမျက်နှာမှာ ချက်ချင်း လဲလှယ်ရန် လိုအပ်သော အစိတ်အပိုင်းများ ဖြစ်ကြပြီး ကျန်ရှိသော အရာများကိုတော့ သူ စခန်းသို့ ပြန်ရောက်မှသာ လုပ်ဆောင်နိုင်သည်။

ထို့နောက် ရှဖေးသည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ စီးကရက် အနည်းငယ်ကို သောက်လိုက်၏။ သူ ငါးလိပ်မြောက် စီးကရက်ကို ငြှိမ်းလိုက်ချိန်တွင် စာရာသည် သိုလှောင်ရုံ တံခါးကို ဖွင့်ကာ ဝင်လာသည်။

“ဘယ်လိုလဲ... မင်းရဲ့ သင်္ဘောကို ပြင်လို့ရမလား” စာရာက မေးမြန်းလိုက်သည်။ ကြည့်ရသည်မှာ သူမ၏ အလုပ်မှာ အောင်မြင်ခဲ့ပုံရသည်။

စာရာ၏ ပါးစပ်ဘေးတွင် အဝါရောင် အစက်လေး တစ်စက် ရှိနေသည်ကို ရှဖေး မြင်လိုက်ရပြီး ၎င်းမှာ မက်မွန်သီး စည်သွပ်ဗူးမှ အရည်များ ဖြစ်ကြောင်း သူ ချက်ချင်း သိရှိလိုက်၏။ သူမသည် အချိန်အတော်ကြာ အစာမစားခဲ့ရသော တောကြောင်မလေး တစ်ကောင်နှင့် တူနေပြီး မက်မွန်သီး စည်သွပ်ဗူး တစ်ဝက်ခန့်ကပင် သူမအား အချိန်အကြာကြီး စိတ်ကျေနပ်မှု ပေးနိုင်ပုံရသည်။

ရှဖေးသည် သူမ၏ ပါးစပ်ပေါ်ရှိ မက်မွန်သီး အရည်များကို သူ၏ လက်အင်္ကျီဖြင့် သုတ်ပေးလိုက်ပြီးမှ ဆယ့်ခြောက်မျက်နှာပါသော စာရင်းကို သူမထံ ပေးလိုက်သည်။

“အလိုလေး... ဒီလောက်တောင် များတာလား” စာရာက အော်ဟစ်လိုက်၏။

“အားလုံး မလိုအပ်ပါဘူး။ ပထမ လေးမျက်နှာမှာ ပါတဲ့ အရာတွေကိုပဲ စုဆောင်းနိုင်ရင် အိမ်ပြန်ဖို့ လုံလောက်ပါပြီ” ရှဖေးက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

“တောရိုင်းကြယ်တာရာနယ်မြေဆိုတာ မင်းလာတဲ့ နေရာနဲ့ မတူဘူး။ ပထမ လေးမျက်နှာမှာ ပါတဲ့ အစိတ်အပိုင်း အားလုံးကို စုဆောင်းဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ အကယ်၍ မင်း တကယ် လိုအပ်နေတယ်ဆိုရင်တော့ ရှေးဟောင်း စစ်မြေပြင်တွေမှာ အဲ့ဒီ အစိတ်အပိုင်းတွေကို သွားရောက် ရှာဖွေကြည့်လို့ ရနိုင်တယ်” စာရာက မျက်မှောင်ကြုတ်လိုက်ကာ အကြံပြုလေသည်။

အပိုင်း (၁၀၄) ရှေ့တိုးမရ နောက်ဆုတ်မရ

ကျောက်နီစခန်း၏ လမ်းမများသည် အားကစားကွင်းတစ်ခု၏ ပွဲကြည့်စင်များကဲ့သို့ စခန်းအား ဝန်းရံထားသည့် အလွှာအထပ်ထပ် ပုံစံရှိသည်။ စာရာ နှင့် ရှဖေး တို့သည် သိုလှောင်ရုံမှ ထွက်ခွာလာပြီးနောက် ငွေကြေးအချို့ လဲလှယ်ရန်အတွက် ထိုလမ်းမများအတိုင်း လျှောက်လာခဲ့ကြသည်။

ဤနေရာတွင် ကြယ်တာရာဒင်္ဂါးများကို လက်မခံသောကြောင့် ရှဖေးအနေဖြင့် ကုန်ပစ္စည်းချင်း ဖလှယ်သည့်စနစ်ကိုသာ အသုံးပြုရပေတော့မည်။ ရှဖေးတွင်ရှိသော တန်ဖိုးအရှိဆုံး ပစ္စည်းများမှာ နှင်းဖြူသီး နှင့် မြွေမျက်လုံးသီး များ ဖြစ်ကြသည်။ ထိုအသီးများသည် တိုက်ခိုက်ရေးသမားများအတွက် တိုက်ပွဲအတွင်း စွမ်းအင်ပြန်လည်ဖြည့်တင်းရန် အလွန်ပင် အသုံးဝင်လှသည်။ ရှဖေးသည် ထိုအသီးများ အပြည့်ထည့်ထားသော သေတ္တာတစ်လုံးကို အမြဲတမ်း ယူဆောင်လာလေ့ ရှိသည်။

“ဒီစခန်းမှာ နာမည်ကြီးတဲ့ ဆိုင် သုံးဆိုင် ရှိတယ်။ ဈေးနှုန်းလည်း သင့်တင့်သလို ဆိုင်ရှင်တွေကလည်း သဘောကောင်းကြတယ်။ ကျွန်မ အဲ့ဒီကို ခေါ်သွားပေးမယ်” စာရာက ပြောကာ ရှေ့မှ ဦးဆောင်သွားလိုက်သည်။

ရှဖေး၏ လက်ဆောင်ပေးကာ ဆက်ဆံရေး တည်ဆောက်ခဲ့သည့် နည်းဗျူဟာမှာ အလုပ်ဖြစ်ခဲ့ပုံရသည်။ စာရာသည် ရှဖေးအတွက်ပါ ထည့်သွင်း စဉ်းစားပေးနေပြီ ဖြစ်သည်။ အတွေ့အကြုံ နည်းပါးသော မိန်းကလေးများသည် ပုံမှန်အားဖြင့် ပိုမို သတိကြီးတတ်ကြသော်လည်း သူတို့၏ ယုံကြည်မှုကို ရရှိသွားပြီးနောက်တွင်မူ လုံးဝ ကွဲပြားခြားနားသော ပုံစံမျိုး ဖြစ်သွားတတ်ကြသည်။

“အသီးတွေကို သုံးပုံ ပုံလိုက်မယ်။ ပြီးတော့ အဲ့ဒီဆိုင် သုံးဆိုင်မှာ ခွဲပြီး ရောင်းကြတာပေါ့။ အဲ့ဒါဆိုရင် တစ်နေရာတည်းမှာ အများကြီး ရောင်းတာကြောင့် ဖြစ်လာနိုင်တဲ့ သံသယတွေကို ရှောင်ရှားနိုင်လိမ့်မယ်” ရှဖေးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

“ဟုတ်တာပေါ့။ ဒီနေရာမှာတော့ အမြဲတမ်း သတိရှိနေရမယ်။ မင်းက အခုဆိုရင် ဒီက ဒေသခံတစ်ယောက်လို ပိုပြီး တွေးတတ်လာပြီပဲ” စာရာက အလျင်အမြန် ခေါင်းညိတ်ကာ ချီးကျူးလိုက်၏။

မဟာမိတ်နယ်မြေများတွင် ဝိညာဉ်နှလုံးသားမှာ အလွန် ဈေးကြီးသကဲ့သို့ ဤနေရာတွင်လည်း ဈေးမနည်းလှပေ။ မြွေမျက်လုံးသီး တစ်လုံးလျှင် ဆယ်ဒေါ်လာ တန်ဖိုးရှိသော ဝိညာဉ်နှလုံးသားနှင့် လဲလှယ်နိုင်ပြီး နှင်းဖြူသီး တစ်လုံးလျှင် လေးဒေါ်လာ ရရှိသည်။

ရှဖေးသည် အသီး တစ်မျိုးစီကို သုံးရာစီ ရောင်းချလိုက်ရာ သူ၏ လက်ထဲတွင် လေးထောင့် နှစ်ရာ ဒေါ်လာ ရရှိလာသည်။

ကြယ်တာရာကြားခံ မှောင်ခို ကုန်သွယ်မှုတွင် ကြီးမားသော အမြတ်အစွန်းများ ရှိနေကြောင်း ရှဖေး ကိုယ်တိုင် အတည်ပြုနိုင်ခဲ့ပေပြီ။ သူ ရရှိခဲ့သော ဝိညာဉ်နှလုံးသား အစအနလေးများသည်ပင် အနည်းဆုံး ကြယ်တာရာဒင်္ဂါး သန်း ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့် တန်ကြေး ရှိနိုင်ပြီး ထိုအသီးများအတွက် သူ သုံးစွဲခဲ့ရသည်မှာ ဆယ့်နှစ်သန်းခန့်သာ ရှိသဖြင့် အမြတ်အစွန်းမှာ ခြောက်ဆခန့် ရှိနေသည်။

အမှန်စင်စစ် သူ၏ လက်ထဲတွင်ရှိသော ပိုမို ဈေးသက်သာသည့် အစားအစာများကိုလည်း ဝိညာဉ်နှလုံးသားနှင့် လဲလှယ်နိုင်ပြီး ၎င်းတို့တွင် ပို၍ပင် အံ့အားသင့်စရာကောင်းသော လဲလှယ်နှုန်းထားများ ရှိနေသည်။ ဥပမာအားဖြင့် ချောကလက် အနည်းငယ်ကိုပင် တစ်ဒေါ်လာ တန်ဖိုးရှိ ဝိညာဉ်နှလုံးသားနှင့် လဲလှယ်နိုင်သဖြင့် မြွေမျက်လုံးသီးထက်ပင် ပိုမို တွက်ခြေကိုက်လှသည်။

သို့သော် ရှဖေးသည် ထိုအစားအစာများကို အခြား ကိစ္စများအတွက် အသုံးပြုရန် အစီအစဉ် ရှိနေသည်။ ထို့အပြင် သူသည် သူ၏ အာဟာရဓာတ်ကို ထိန်းသိမ်းရန်အတွက် နေ့စဉ် အစားအစာ အမြောက်အမြား လိုအပ်နေသည်။ လကြတ် သင်္ဘောအား ပြုပြင်ရန်အတွက် ရက်အနည်းငယ် ကြာဦးမည်ဖြစ်ရာ ဤအစားအစာများသည် ရှဖေးအတွက် အလွန် အရေးကြီးလှသည်။

ငွေကြေးများ လဲလှယ်ပြီးနောက် ရှဖေး နှင့် စာရာ တို့သည် အနိမ့်ဆုံးထပ်ရှိ ပြုပြင်ရေး အလုပ်ရုံသို့ ရောက်ရှိလာခဲ့ကြသည်။ စခန်းအတွင်းရှိ တစ်ခုတည်းသော ထိုအလုပ်ရုံမှာ အတော်လေး ကြီးမားလှသည်။ ယာဉ်ရပ်နားရန် နေရာ ခြောက်ခုနှင့် သီးခြား ပြုပြင်ရေးဆိုင် နှစ်ဆိုင် ရှိသကဲ့သို့ ဝန်ထမ်းပေါင်း နှစ်ဆယ်ခန့်လည်း ရှိနေသည်။

ရှဖေးက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ ထိုဆိုင်ရှိ စက်ကိရိယာများမှာ အလွန် အိုဟောင်းနေသည်ကို တွေ့ရှိလိုက်ရ၏။ အသုံးပြုနေသော စက်အများအပြားမှာ လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီက ထုတ်လုပ်ထားသော အရာများ ဖြစ်ကြသည်။

“စာရာ... ဒီနေ့ ငါတို့ဆီကို အလည်လာဖို့ ဘယ်လိုဖြစ်ပြီး အချိန်ရတာလဲ။ မင်းကို ငါ အရမ်း သတိရနေတာ”

“ဒီနေ့ည ငါ မင်းကို အသားကင် ကျွေးမယ် အရက်လည်း နည်းနည်း သောက်ကြတာပေါ့”

အလုပ်ရုံ ဝန်ထမ်းများသည် စာရာအနားသို့ လျှောက်လာကြပြီး နောက်ပြောင်ရင်း နှုတ်ဆက်ကြသည်။ စာရာကတော့ ထိုဝန်ထမ်းများကို အေးစက်စွာ ကြည့်ကာ လက်သီးဖြင့် ထိုးခြင်း။ ခြေထောက်ဖြင့် ကန်ခြင်းတို့ ပြုလုပ်လိုက်သည်။

“အလုပ်ပြန်လုပ်ကြစမ်း” ဟု အသက် ငါးဆယ်ခန့်ရှိသော အဘိုးကြီး တစ်ဦးက အော်ဟစ်လိုက်သည်။ အလုပ်သမားများသည် ရှေ့နောက် ယိမ်းထိုးနေသော စာရာ၏ တင်ပါးများကို ကြည့်ရင်း သူတို့၏ နေရာများသို့ အလျင်အမြန် ပြန်သွားကာ အလုပ်ပြန်လုပ်ကြလေတော့သည်။

“ဦးလေး အန်ဒီ” စာရာက ချက်ချင်း နှုတ်ဆက်လိုက်၏။

အန်ဒီ က ခေါင်းညိတ်ပြကာ ရှဖေး နှင့် စာရာ တို့ကို သူ၏ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားသည်။ သူမသည် ရှဖေးအား အန်ဒီနှင့် မိတ်ဆက်ပေးရာတွင် သူတို့ ပထမဆုံး တွေ့စဉ်ကအတိုင်း အဝေးတစ်နေရာမှလာသော အယ်လန် ၏ တူ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

အန်ဒီ သည် ပြုပြင်ရေး စာရင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ဒါတွေက အဆင့်မြင့် ပစ္စည်းတွေပဲ။ တောရိုင်းကြယ်တာရာနယ်မြေမှာ ဒီပစ္စည်းတွေကို ရှာဖို့က အရမ်း ခက်ခဲလိမ့်မယ်လို့ ငါ ထင်တယ်”

“တခြား စခန်းတွေမှာကော ရှာလို့ ရနိုင်မလား” ရှဖေးက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး မေးလိုက်သည်။

“မဖြစ်နိုင်လောက်ဘူး ငါ့ရဲ့ အလုပ်ရုံက တောရိုင်းကြယ်တာရာနယ်မြေ တစ်ခုလုံးမှာ အကြီးဆုံးတွေထဲက တစ်ခုပဲ။ တခြား စခန်းတွေမှာ ပြင်လို့ မရတဲ့ သင်္ဘောတွေတောင် ဒီကို ရောက်လာကြတာ။ ငါ မင်းအတွက် လိုက်မေးပေးပါ့မယ်။ ဒါပေမဲ့ သိပ်တော့ မျှော်လင့်မထားနဲ့ပေါ့” အန်ဒီ က ရှဖေးကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။

“ကျွန်တော်ကတော့ ဒါကို ပြင်နိုင်ဖို့ မျှော်လင့်နေတုန်းပါပဲ။ ဘာပဲဖြစ်ဖြစ် တခြား နည်းလမ်းတစ်ခုခုကိုလည်း စဉ်းစားထားပါ့မယ်” ရှဖေးက ပြောလိုက်သည်။

အန်ဒီ သည် စာရင်းကို စားပွဲပေါ် တင်လိုက်ပြီး သူတို့ကို တံခါးအထိ လိုက်ပို့ပေး၏။ “မင်း သိတဲ့အတိုင်း ဒီနယ်မြေမှာ ဆက်သွယ်ရေး နှောင့်ယှက်မှုတွေက အရမ်း ပြင်းထန်တယ်။ ဒီအစိတ်အပိုင်းတွေကို နယ်မြေတစ်ခုလုံးမှာ ရှာဖွေဖို့အတွက် ငါ့ကို နှစ်ရက်လောက် အချိန်ပေးပါ။ ဒါကြောင့် သဘက်ခါ မနက်မှ ပြန်လာခဲ့ပါ”

ရှဖေးက ခေါင်းညိတ်လိုက်၏။ သူသည် အန်ဒီထံသို့ စပေါ်ငွေအဖြစ် ငါးရာဒေါ်လာ ထည့်ထားသော အိတ်တစ်အိတ်ကို ပေးအပ်ခဲ့ပြီးမှ စာရာ နှင့်အတူ လာလမ်းအတိုင်း ပြန်ထွက်လာခဲ့သည်။

“ဒီ အန်ဒီ ဆိုတဲ့ လူက ယုံကြည်လို့ ရပါ့မလား” ရှဖေးက မေးလိုက်သည်။ ဤလုပ်ငန်းနယ်ပယ်မှ လူ မည်သူမဆို ရှဖေး၏ စာရင်းကို ကြည့်ရုံဖြင့် လကြတ် သင်္ဘောမှာ အဆင့်မြင့် စစ်သင်္ဘော တစ်စင်း ဖြစ်ကြောင်း ချက်ချင်း သိရှိနိုင်သည်။ ထို့ကြောင့် သူတို့က ငွေပိုတောင်းရန် ကြိုးစားလျှင်လည်း အံ့သြစရာ မဟုတ်ပေ။

“အဘိုး ပြောတာတော့ အန်ဒီ က သူ၏ ဇနီးရဲ့ ရည်စားကို မတော်တဆ သတ်မိခဲ့လို့ ဒီကို ရောက်လာတာတဲ့။ သူက ပြုပြင်ရေး အလုပ်သမား ဘဝကနေ စတင်ခဲ့ပြီး အခုတော့ ဒီနယ်မြေမှာ အကောင်းဆုံး အလုပ်ရုံ ပိုင်ရှင်တွေထဲက တစ်ယောက် ဖြစ်နေပြီ။ အဲ့ဒါက သူက နှုတ်လုံသလို ပြဿနာတွေကိုလည်း ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိလို့ပဲ။ ဒီမှာနေတဲ့သူတွေက ဟိုဟိုဒီဒီ လွင့်မျောနေတဲ့သူတွေနဲ့ မတူဘူး။ လျှို့ဝှက်ချက်ကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ မသိရင် တောရိုင်းကြယ်တာရာနယ်မြေမှာ မင်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

စာရာက ရှင်းပြလေသည်။

စာရာ၏ စကားမှာ ကျိုးကြောင်းဆီလျော်လှသည်။ တောရိုင်းကြယ်တာရာနယ်မြေရှိ ဒေသခံများ၏ စီးပွားရေးမှာ ပင်လယ်ဓားပြများနှင့် လူမိုက်များအပေါ်တွင် မူတည်နေသည်။ ထိုသို့သော လူမျိုးများသည် သဘောကောင်းသူများ မဟုတ်ကြသဖြင့် ဒေသခံများအနေဖြင့် စည်းကျော်မိပါက အလွယ်တကူ အသက်ဆုံးရှုံးနိုင်သည်။

ရှဖေးသည် ဤနေရာတွင် သူစိမ်း တစ်ယောက်သာ ဖြစ်ပြီး သူစိမ်း တစ်ယောက်သည် လူကောင်း ဖြစ်မည်ဟု မည်သူက အာမခံနိုင်သနည်း။ အမှန်စင်စစ် ရှဖေး မည်သူမှန်း မသိခြင်းကပင် သူ့အား တစ်ဖက်တစ်လမ်းမှ ကူညီပေးနေခြင်း ဖြစ်နိုင်သည်။

မြေဝါရောင် ဝတ်စုံဝတ်ထားသော စစ်သား တစ်စုသည် လမ်းမအတိုင်း လျှောက်လာကြသည်။ သူတို့သည် ဦးထုပ်များကို အနည်းငယ် စောင်းဆောင်းထားကြပြီး ပုခုံးတွင် လေဆာ သေနတ်များကို ချိတ်ဆွဲထားကြ၏။ ကြည့်ရသည်မှာ အတော်ပင် ခြိမ်းခြောက်မှု ရှိလှသည်။

ထိုအုပ်စုသည် သူတို့ စိတ်ကြိုက် လမ်းလျှောက်နေကြသည်။ လမ်းပေါ်ရှိ ခြေထောက် မရှိသော တောင်းရမ်းသူ တစ်ဦးသည် ထိုစစ်သားများကို မြင်လိုက်ရသောအခါ လက်နှစ်ဖက်ဖြင့် အပြေးအလွှား တွားသွား၍ ရှောင်တိမ်းရန် ကြိုးစားလေတော့သည်။ စစ်သား တစ်ဦးက လျှောက်လာပြီး ထိုလူ၏ ကျောကို ကန်လိုက်ကာ “အဘိုးကြီး... ဒီထက် ပိုမြန်အောင် မတွားနိုင်ဘူးလား” ဟု မေးလိုက်၏။

လမ်းသွားလမ်းလာများသည် သူတို့ အလွန် ရွံရှာသော်လည်း ပြန်လည် မတွန်းလှန်ဝံ့သော ထိုအုပ်စုအား အသည်းအသန် ရှောင်တိမ်းနေကြရသည်။

ထိုအုပ်စု၏ နောက်ကွယ်တွင် လူငယ် တစ်ဦးလည်း လိုက်ပါလာသည်။ သူသည် အလွန် ဖြူစင်သော အသားအရေရှိပြီး ချောမောလှပသူ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် အရက်စွဲနေပုံရပြီး ယိမ်းထိုးလျက် လမ်းလျှောက်နေသည်။

စာရာသည် ရှဖေးအား လမ်းကြားတစ်ခုအတွင်းသို့ ဆွဲခေါ်ကာ ပုန်းအောင်းလိုက်သည်။

“အဲ့ဒါတွေက နင် မျိုးနွယ်စုရဲ့ စစ်သားတွေပဲ။ ဒီမနက် ကျွန်သွားပို့တုန်းက သူတို့ရဲ့ သက်တော်စောင့် နှစ်ယောက် ထပ်ပြီး အသတ်ခံရလို့ လူသတ်သမားကို လိုက်ရှာနေကြတယ်လို့ ကြားခဲ့တယ်။ မင်းက ဒီမှာ လူသစ်ဆိုတော့ သူတို့ကို ရှောင်တာ အကောင်းဆုံးပဲ” ဟု စာရာက စိုးရိမ်တကြီး ပြောလိုက်သည်။

ရှဖေးသည် လမ်းထောင့်တွင် မှီရပ်ရင်း ထိုဖြူဖျော့ဖျော့ လူငယ်ကို ညွှန်ပြကာ “အဲ့ဒါက ဘယ်သူလဲ” ဟု မေးလိုက်၏။

“နင်တျန့် လေ။ နင် မျိုးနွယ်စု အဘိုးကြီးမှာ သား သုံးယောက် ရှိပေမဲ့ နင်တျန့် က သူတို့ မျိုးဆက်ရဲ့ တစ်ဦးတည်းသော သားယောကျ်ား ဖြစ်နေလို့ သူက အရမ်းကို ဘဝင်မြင့်နေတာ။ ကျောက်နီစခန်းက လူတိုင်းက သူ့ကို ရှောင်ကြတယ်” စာရာက ထိုလူငယ်အပေါ် သူမ၏ မုန်းတီးမှုကို ပြသရင်း ခပ်တိုးတိုး ပြောပြလေသည်။

သဘက်ခါ အရုဏ်တက်ချိန်တွင် ရှဖေးသည် ကတိအတိုင်း အန်ဒီ၏ အလုပ်ရုံသို့ ပြန်ရောက်လာခဲ့သည်။

“စာရာ ရော... မင်းနဲ့အတူ ပါမလာဘူးလား” အန်ဒီ က မေး၏။

“သူမက ကျွန်သွားပို့ဖို့ ကူညီပေးနေရလို့ အလုပ်ရှုပ်နေတယ်။ နေ့လယ်ပိုင်းလောက်မှ အားမယ် ထင်တယ်” ရှဖေးက ပြန်လည် ဖြေကြားလိုက်သည်။ အန်ဒီ က ခေါင်းညိတ်ပြကာ သူ၏ စားပွဲပေါ်မှ ရှဖေး၏ စာရင်းကို ပြန်လည် ပေးအပ်လိုက်၏။

ထိုစာရင်းတွင် အစိတ်အပိုင်း တစ်ခုချင်းစီအတွက် အသေးစိတ် ဖော်ပြချက်များ ပါဝင်နေပြီး ၎င်းတို့သည် ဤနယ်မြေတွင် ရှိ။ မရှိ။ ဘယ်နေရာမှာ ရှိသလဲ။ ဘယ်တော့ ရောက်မလဲနှင့် ဈေးနှုန်း ဘယ်လောက်လဲ စသည်တို့ ပါဝင်နေသည်။ ကြည့်ရသည်မှာ အန်ဒီ သည် ဤကိစ္စအတွက် အချိန်အတော်များများ သုံးစွဲခဲ့ပုံရသည်။

သို့သော် ပထမ လေးမျက်နှာတွင် ပါဝင်သော အစိတ်အပိုင်း သုံးဆယ်ခန့်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထိုအစိတ်အပိုင်းများသည် လကြတ် သင်္ဘောအတွက် အလွန် အရေးကြီးလှပြီး ၎င်းတို့ မပါဘဲနှင့် ဤကြယ်တာရာနယ်မြေမှ ထွက်ခွာရန် မဖြစ်နိုင်ပေ။

“ကျေးဇူးတင်ပါတယ်” ရှဖေးက ပြုံးလျက် ပြောလိုက်သည်။ အစိတ်အပိုင်းများ မပြည့်စုံခြင်းမှာ အန်ဒီ၏ အမှား မဟုတ်သဖြင့် သူသည် အန်ဒီအား အပြစ်မတင်ဘဲ ထိုလူ၏ ကြိုးစားမှုကိုသာ အသိအမှတ်ပြုလိုက်သည်။

“ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ” အန်ဒီ က မေး၏။

“ရှေးဟောင်း စစ်မြေပြင်တွေမှာ ကံစမ်းကြည့်ချင်တယ်။ အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ စက်မှုသင်္ဘော တစ်စင်း ဝယ်ပြီး ကျွန်တော့်သင်္ဘောကို မဟာမိတ်နယ်မြေအထိ ဆွဲသွားပြီးမှ ပြင်တော့မယ်” ရှဖေးက ပြောလိုက်သည်။

“ရှေးဟောင်း စစ်မြေပြင်မှာ ရှာဖွေတာကို ခဏထားလိုက်ဦး။ သင်္ဘောကို မဟာမိတ်နယ်မြေအထိ ဆွဲသွားဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ” အန်ဒီ က ခေါင်းခါလိုက်ပြီး ဆို၏။

“အော်... အဲ့ဒါက ဘာလို့လဲ” ရှဖေးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“စက်မှုသင်္ဘောတွေက သဘာဝအတိုင်း နှေးကွေးကြတယ်။ ဝပ်ခုန်မှု တစ်ခုပြီးတိုင်း ပြန်လည် ပြင်ဆင်ဖို့ အနည်းဆုံး နှစ်နာရီလောက် ကြာတတ်သလို အကွာအဝေး ဝေးလေ စွမ်းအင် ဖြည့်တင်းချိန် ကြာလေပဲ။ စက်မှုသင်္ဘောတွေက အရွယ်အစား ကြီးမားတဲ့အတွက် ရေဒါမှာ မိဖို့ ပိုပြီး လွယ်ကူတယ်”

“တောရိုင်းကြယ်တာရာနယ်မြေရဲ့ ပတ်ဝန်းကျင်က အလွန် ဆိုးရွားလှတယ်။ လျှပ်စစ် မုန်တိုင်းတွေနဲ့ ပရိုတွန် ပေါက်ကွဲမှုတွေက နေရာတိုင်းမှာ ဖြစ်နေတာ။ နှေးကွေးပြီး အားနည်းတဲ့ စက်မှုသင်္ဘော တစ်စင်းက အဲ့ဒီ အန္တရာယ်တွေကို ဘယ်လို ရှောင်တိမ်းနိုင်မှာလဲ”

တောရိုင်းကြယ်တာရာနယ်မြေတွင် ပင်လယ်ဓားပြ အမြောက်အမြား နေထိုင်ကြသည်။ လူအများစုမှာ ပုံမှန် အလုပ်တစ်ခု လုပ်ကိုင်ကြပြီး ထိုအလုပ် ပြီးဆုံးသွားသောအခါ ဝတ်စုံလဲ၍ အာကာသထဲတွင် လုယက်မှုများ ပြုလုပ်ကြသည်။ ဤနယ်မြေတွင် နေထိုင်သူများ၏ အမြင်တွင် လုယက်ခြင်းနှင့် အလုပ်လုပ်ခြင်းမှာ အတူတူပင် ဖြစ်ပြီး နှစ်ခုစလုံးမှာ အသက်မွေးဝပ်ကျောင်း အလုပ်များသာ ဖြစ်ကြသည်။

“စာရာ က ဘာလို့ မနက်ပိုင်းမှာပဲ အပြင်ထွက်လဲဆိုတာ မင်း သိလား” အန်ဒီ က မေး၏။

ရှဖေးက ခေါင်းခါပြလိုက်သည်။ သူသည် စာရာအား သူမ၏ အလုပ်အကြောင်း တစ်ခါမျှ မမေးမြန်းခဲ့သလို သူမကလည်း သူ့အား တစ်ခါမျှ မပြောပြခဲ့ပေ။

“အဲ့ဒါက စာရာ က ကုန်ပစ္စည်းတွေကို အနီးဆုံး ဘေးကင်းတဲ့ နေရာအထိ ပို့ဆောင်ပေးဖို့ပဲ တာဝန်ယူလို့ပဲ။ အဲ့ဒီကုန်ပစ္စည်းကို နယ်မြေအပြင်ဘက်အထိ ဘယ်လို သယ်ထုတ်မလဲဆိုတာကတော့ ဝယ်ယူသူရဲ့ အလုပ်ပဲ။ တောရိုင်းကြယ်တာရာနယ်မြေမှာ စက်မှုသင်္ဘောတွေကို ဘေးကင်းတဲ့ နေရာတွေအကြား ကုန်စည် ပို့ဆောင်ဖို့အတွက်ပဲ အသုံးပြုကြတာ။ ခရီးဝေး သွားဖို့အတွက် ဘယ်တော့မှ အသုံးမပြုကြဘူး”

“အကယ်၍ မင်းက ခရီးဝေးကို ကုန်ပစ္စည်း သယ်ချင်တယ်ဆိုရင်တော့ ပိုပြီး လျင်မြန်တဲ့ စစ်သင်္ဘောငယ် တစ်စင်းကို သုံးသင့်တယ်။ ပြီးတော့ တစ်ခါ ဝပ်ခုန်ရင်လည်း အလင်းနှစ် တစ်ရာထက် ပိုမသွားသင့်ဘူး။ အဲ့ဒါမှ စွမ်းအင် ဖြည့်တင်းချိန်ကို လျှော့ချနိုင်သလို ရေဒါတွေမှာ မိဖို့လည်း ခဲယဉ်းသွားလိမ့်မယ်”

ရှဖေးသည် မျက်မှောင်ကြုတ်လိုက်၏။ ဝပ်အင်ဂျင်မှ ယာယီ ဝပ်လမ်းကြောင်း တစ်ခု ဖန်တီးလိုက်တိုင်း စွမ်းအင် အမြောက်အမြား ထွက်ပေါ်လာသည်ကို သူ သိရှိထားသည်။ ဝပ် အကွာအဝေး တိုလေ စွမ်းအင် ထွက်ပေါ်မှု နည်းလေ ဖြစ်သောကြောင့် ရေဒါများတွင် မိရန် ပိုမို ခဲယဉ်းပေလိမ့်မည်။

“ဒီလောက် အကွာအဝေး အတိုလေးတွေပဲ ဝပ်ခုန်နေရင် အချိန်ကုန်မှာ မဟုတ်ဘူးလား” ရှဖေးက မေးလိုက်သည်။

“အဲ့ဒါကတော့ ဘာမှ လုပ်လို့ မရဘူးလေ။ ပတ်ဝန်းကျင် နေရာတွေမှာ ဘယ်သူမှ ဝပ် အဝေးကြီး မခုန်ဝံ့ကြဘူး။ သူတို့ ဂရုစိုက်နေတဲ့ ကြားကတောင် သင်္ဘော ဆယ်စင်းမှာ သုံးစင်းလောက်ပဲ တောရိုင်းကြယ်တာရာနယ်မြေကို ဖြတ်ကျော်နိုင်ကြတာ။ အဲ့ဒါကြောင့်လည်း ဒီမှာ အရာရာတိုင်းက ဈေးကြီးနေရတာပေါ့”

အန်ဒီ က အားရပါးရ ရယ်မောလိုက်ပြီး ရှင်းပြလေသည်။

“ဒါဆိုရင်တော့ ကျွန်တော် ရှေးဟောင်း စစ်မြေပြင်တွေမှာပဲ ကံစမ်းကြည့်ရတော့မှာပေါ့” ရှဖေးသည် ခေါင်းငုံ့ကာ စဉ်းစားနေပြီးမှ သူ့ဘာသာ ပြုံးလိုက်ကာ ဆိုပေတော့သည်။

အပိုင်း (၁၀၅) ရှေးဟောင်းစစ်မြေပြင်များ

သမိုင်းကို ကျွမ်းကျင်သူ မည်သူမဆို လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က ဖြစ်ပွားခဲ့သည့် လူသားမဟာမိတ်အဖွဲ့နှင့် အင်းဆက်မျိုးနွယ်စုများအကြား စစ်ပွဲအကြောင်းကို သိကြပေလိမ့်မည်။

စစ်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းမှာ အတန်ငယ် ရယ်စရာကောင်းလှ၏။ အင်းဆက်မျိုးနွယ်မှ ဂုဏ်သရေရှိ မှူးမတ်တစ်ဦးသည် လှပသော လူသားအမျိုးသမီးတစ်ဦးကို သူ၏ ဝတ်စားဆင်ယင်မှုနှင့် အစားအသောက် ဝေယျာဝစ္စများကို ကူညီရန် ကိုယ်ပိုင်ကျွန်အဖြစ် ဝယ်ယူခဲ့သည်။ အချိန်အတန်ကြာ အတူတူရှိနေပြီးနောက် သူတို့နှစ်ဦး ချစ်ကြိုက်သွားခဲ့ကြ၏။

အချစ်စိတ် မွှန်နေသော အင်းဆက်မှူးမတ်သည် သူပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ကာ အန္တရာယ်များလှသော တောရိုင်းကြယ်တာရာနယ်မြေမှ သူ၏ချစ်သူမလေး၏ နေရပ်ဂြိုဟ်သို့ သူမ၏ မိဘများကို သွားရောက်တွေ့ဆုံရန် ခေါ်ဆောင်လာခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အိုမင်းမစွမ်းဖြစ်သည်အထိ စကြဝဠာအနှံ့ ခရီးသွားရန် ရည်ရွယ်ခဲ့ကြသည်။

ကံဆိုးစွာဖြင့် သူတို့၏ ဆန္ဒများမှာ မပြည့်ဝခဲ့ဘဲ ရက်စက်လှသော လက်တွေ့လောကနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်တွင် လူသားများသည် အင်းဆက်မျိုးနွယ်များနှင့် စစ်ခင်းရန် ပြင်ဆင်နေကြပြီဖြစ်ကာ စကြဝဠာအနှံ့မှ အရင်းအမြစ်များကို ရယူရန် ပြိုင်ဆိုင်နေကြ၏။

နှစ်ဖက်စလုံးမှ စစ်တပ်များသည် နယ်စပ်တစ်လျှောက် စုရုံးနေကြပြီး စစ်ပွဲမှာ မလွဲမသွေ ဖြစ်ပွားတော့မည်ကို လူတိုင်း သိရှိထားကြသည်။ မည်သည့်အချိန်တွင် ဖြစ်ပွားမည်နှင့် မည်သူက အရင်စမည်ပြောလိုက်သည်မှာသာ မေးခွန်းထုတ်စရာ ဖြစ်နေ၏။

အင်းဆက်မှူးမတ်မှာမူ ကံမကောင်းစွာဖြင့် မှားယွင်းသောနေရာသို့ မှားယွင်းသောအချိန်တွင် ရောက်ရှိလာခဲ့သည်။ သူသည် နယ်စပ်သို့ ရောက်ရှိလာသည်နှင့် မဟာမိတ်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူလျှိုလုပ်မှုဖြင့် သေဒဏ်ပေးခံခဲ့ရကာ အမျိုးသမီးမှာမူ သူမ၏ နေရပ်ဂြိုဟ်သို့ ပြန်လည် ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ဤသည်မှာ မူလက သာမန် ပဋိပက္ခလေးတစ်ခုသာဖြစ်ပြီး စစ်ပွဲဖြစ်ပွားရန်အတွက် မလုံလောက်ခဲ့ပေ။

သို့သော်လည်း ထိုအမျိုးသမီးက ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သော မိန့်ခွန်းကို အင်းဆက်မျိုးနွယ်တို့၏ သူလျှိုတစ်ဦးက သူတို့၏ ဌာနချုပ်သို့ ပို့ဆောင်လိုက်သောအခါတွင်မူ အင်းဆက်စစ်သည်တော်များသည် သူတို့၏ ဒေါသကို မထိန်းနိုင်တော့ဘဲ စစ်ပွဲကို တောင်းဆိုလာကြတော့သည်။

ထိုအမျိုးသမီးက သူမသည် အင်းဆက်မှူးမတ်၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပြီး နေ့စဉ်နှင့်အမျှ နှိပ်စက်ညှင်းပန်းမှုများကို ခံခဲ့ရသည်ဟု ဆိုခဲ့၏။ သူတို့ကြားမှ အချစ်မှာ သူမ၏ လွတ်မြောက်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ပြောကြားကာ အင်းဆက်မျိုးနွယ်များသည် မည်မျှ ရက်စက်ကြမ်းကြုတ်ကြောင်းနှင့် ထိုရက်စက်သော အင်းဆက်မှူးမတ်လက်မှ သူမ မည်သို့ လွတ်မြောက်အောင် ကြံစည်ကာ အိမ်ပြန်လာခဲ့ရကြောင်း ပုံဖော်ပြောဆိုခဲ့သည်။

အမှန်တရားကို မသိရှိကြသော လူထုမှာ ဒေါသထွက်ခဲ့ကြ၏။ အင်းဆက်မျိုးနွယ်များအပေါ် ထားရှိသော သူတို့၏ အမြင်မှာ ဆိုးရွားသွားခဲ့ပြီး ထိုရက်စက်သော သတ္တဝါများကို စကြဝဠာမှ ထာဝရ ဖယ်ရှားပစ်ရန် မဟာမိတ်အဖွဲ့အား တောင်းဆိုခဲ့ကြသည်။

ဤသည်မှာ မဟာမိတ်စစ်တပ်မှ ဗိုလ်ချုပ်များနှင့် စစ်သူကြီးများအတွက် သတင်းကောင်းပင် ဖြစ်သည်။ အကြောင်းမှာ ထိုအမျိုးသမီး၏ ပုံပြင်မှာ သူတို့ကိုယ်တိုင် စီစဉ်ဖန်တီးထားခြင်း ဖြစ်သောကြောင့်ပင်။

သူတို့၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှသည်။ စစ်ပွဲမစမီတွင် ရက်စက်သော အင်းဆက်မျိုးနွယ်လက်မှ လွတ်မြောက်လာသည့် အားနည်းသော အမျိုးသမီးလေးတစ်ဦး၏ ပုံပြင်သည် သူတို့၏ စစ်သည်များအတွက် ကိုယ်ချင်းစာစိတ်နှင့် တိုက်ခိုက်လိုစိတ်ကို ဖြစ်ပေါ်စေရန် အကောင်းဆုံး နည်းလမ်းဖြစ်သကဲ့သို့ သူတို့၏ စစ်အင်အား စုဆောင်းမှုကိုလည်း ကောင်းစွာ ဖုံးကွယ်ပေးနိုင်ခဲ့သည်။

လူသားစစ်တပ် မမျှော်လင့်ထားခဲ့သော အချက်မှာ ထိုပုံပြင်သည် အင်းဆက်မျိုးနွယ်တို့ထံ ရောက်ရှိသွားသောအခါ လူသားများသည် မည်မျှ ရယ်စရာကောင်းပြီး ယုတ်မာကြောင်း ပြသသည့် လက်နက်တစ်ခုအဖြစ် ပြန်လည် အသုံးပြုခြင်း ခံခဲ့ရခြင်းပင် ဖြစ်၏။ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော စစ်ပွဲမှာ နှစ်ဖက်စလုံးမှ စစ်သည်များ၏ ဒေါသအဟုန်ကြားတွင် နောက်ဆုံး၌ ပေါက်ကွဲထွက်လာခဲ့ပြီး ဤစစ်ပွဲသည် နှစ်ပေါင်း သုံးရာကျော် ကြာမြင့်ခဲ့သည်။

စစ်ပွဲစတင်ချိန်မှ ပြီးဆုံးချိန်အထိ စုစုပေါင်း နှစ်ပေါင်း သုံးရာ့နှစ်ဆယ့်ခုနစ်နှစ်။ ငါးလနှင့် ဆယ့်တစ်ရက် ကြာမြင့်ခဲ့သည်။ မရေမတွက်နိုင်သော စစ်သည်များနှင့် စစ်သင်္ဘောများသည် စစ်ပွဲ၏ သားကောင်များ ဖြစ်ခဲ့ရပြီး ကျယ်ပြောလှသော အာကာသ၏ ထောင့်တစ်နေရာတွင် ထာဝရ ပျောက်ကွယ်သွားခဲ့ကြ၏။

နှစ်ပေါင်း သုံးရာကြာ အပြန်အလှန် တိုက်ခိုက်ပြီးနောက် နှစ်ဖက်စလုံး၏ စီးပွားရေးနှင့် စိတ်ဓာတ်မှာ အနိမ့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ မည်သည့်ဖက်ကမျှ စစ်ပွဲကို ဆက်လက် ဆင်နွှဲနိုင်စွမ်း မရှိတော့သောအခါ ရှည်လျားလှသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။

ဤသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသော ပြဇာတ်တစ်ခုနှင့် တူလှသည်။ နှစ်ပေါင်း သုံးရာကြာ စစ်ပွဲ။ မရေမတွက်နိုင်သော အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရသော်လည်း အဆုံးသတ်တွင် မည်သူကမျှ နယ်မြေ တစ်လက်မမျှ မရရှိခဲ့ပေ။ ဆန့်ကျင်ဘက်အားဖြင့် နှစ်ဖက်စလုံးမှာ နယ်မြေများ ဆုံးရှုံးခဲ့ရ၏။ နှစ်ဖက်စလုံးက တန်းတူ ပိုင်ဆိုင်ခဲ့သော တောရိုင်းကြယ်တာရာနယ်မြေသည် စစ်ရေးကြားခံဇုန် ဖြစ်လာခဲ့ပြီး ပင်လယ်ဓားပြများနှင့် လူမိုက်များအတွက် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်လာခဲ့ပေတော့သည်။

မှန်သည်။ ဤအရာများသည် ရှဖေး စာကြည့်တိုက်ရှိ လျှို့ဝှက်စာရွက်စာတမ်းများမှတစ်ဆင့် သိရှိခဲ့ရသော အချက်များပင် ဖြစ်၏။ အခြားသော အစိုးရများကဲ့သို့ပင် လူသားမဟာမိတ်အဖွဲ့သည် သူတို့၏ အမှားများကို မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ဘဲ လှပသော စကားလုံးများဖြင့်သာ ဖုံးကွယ်ထားကြပေလိမ့်မည်။

ရှဖေးသည် အေမာ အိပ်စီကျူးရှင်းနာ အမျိုးအစား စစ်သင်္ဘောငယ်ပေါ်သို့ တက်လိုက်စဉ် ထိုစစ်ပွဲ၏ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားနေမိသည်။ ဤသင်္ဘောကို အန်ဒီ ထံမှ တစ်ရက်လျှင် ငါးဒေါ်လာဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်၏။ သူသည် သူလိုအပ်သော အစိတ်အပိုင်းများကို ရှာဖွေနိုင်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က စစ်မြေပြင်ဆီသို့ ဤသင်္ဘောဖြင့် ပျံသန်းသွားပေလိမ့်မည်။

ရှဖေးသည် လကြတ် သင်္ဘောအတွက် သူ၏ သွေး။ ချွေးနှင့် မျက်ရည်များကို ရင်းနှီးထားရသောကြောင့် ၎င်းကို တောရိုင်းကြယ်တာရာနယ်မြေတွင် ထားပစ်ခဲ့ရန် လုံးဝ မလိုလားပေ။ ကြည့်ရသည်မှာ ထိုရှေးဟောင်း စစ်မြေပြင်များသည် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်မည်။

“မင်းနဲ့အတူ လိုက်ခဲ့စေချင်လား။ ရပါတယ်။ ကျွန်မရဲ့ အလုပ်တွေကို တခြားလူတစ်ယောက်ကို ကူလုပ်ခိုင်းထားလို့ ရပါတယ်” စာရာက ရှဖေးအား သင်္ဘောအဝင်ဝအထိ လိုက်ပို့ရင်း မေးမြန်းလိုက်၏။

“ငါက ရှာဖွေရေး ကိရိယာကို သုံးပြီး အစိတ်အပိုင်းအချို့ကို သွားရှာမှာပဲလေ။ ဒါကို တစ်ယောက်တည်း လုပ်လို့ ရပါတယ်။ မင်းရဲ့ အလုပ်တွေကိုပဲ သွားလုပ်ပါ” ရှဖေးက ပြုံးလျက် ပြန်လည် ဖြေကြားသည်။

စာရာက ခေါင်းညိတ်ပြကာ ထပ်ပြီး မမေးတော့ပေ။

အယ်လန်သည် ရှဖေးကို ကြည့်နေသော စာရာအား တစ်ခုခု ပြောလိုက်သောအခါ သူမ၏ ဝပ်နည်းနေသော မျက်လုံးများမှာ တောက်ပလာပြီး မျက်နှာတွင်လည်း အပြုံးများ ပေါ်လာသည်။ သူမကို ပျော်ရွှင်စေမည့် တစ်ခုခုကို ကြားလိုက်ရပုံရသည်။

ရှဖေးသည် အယ်လန် နှင့် စာရာ တို့ကို လက်ဝေ့ယမ်း နှုတ်ဆက်လိုက်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က စစ်မြေပြင် အပျက်အစီးများဆီသို့ ပျံသန်းသွားလေတော့သည်။

အေမာ၏ အိပ်စီကျူးရှင်းနာ အမျိုးအစား စစ်သင်္ဘောငယ်မှာ စကြဝဠာအတွင်း အသေးငယ်ဆုံးသော စစ်သင်္ဘောငယ် ဖြစ်၏။ ၎င်းတွင် အလွန်ကောင်းမွန်သော ပျံသန်းလှုပ်ရှားနိုင်စွမ်း ရှိသော်လည်း သံချပ်ကာနှင့် ဒိုင်းလွှားစနစ်များမှာမူ အားနည်းလှသည်။

အန်ဒီ သည် သင်္ဘောပေါ်တွင် စစ်ဆေးရေး ကိရိယာ နှစ်ခုနှင့် ရှာဖွေရေး ကိရိယာ နှစ်ခု တပ်ဆင်ပေးထားသဖြင့် ရှဖေးအနေဖြင့် စစ်သင်္ဘော အပျက်အစီးများကို စကန်ဖတ်ကာ အစိတ်အပိုင်းများကို ရှာဖွေနိုင်သည်။

တောရိုင်းကြယ်တာရာနယ်မြေတွင် ရှေးဟောင်း စစ်မြေပြင်များ မရေမတွက်နိုင်အောင် ရှိနေသည်။ ရှဖေး သွားမည့် နေရာမှာ စခန်းမှ အလင်းနှစ် ခုနစ်ရာ့လေးဆယ် ကွာဝေးသည်။ ထိုနေရာတွင် လူသား ရေတပ်အုပ်စု တစ်စုသည် အင်းဆက်မျိုးနွယ်တို့၏ ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသဖြင့် သေးငယ်သော သင်္ဘော ရာနှင့်ချီ၍ ကျန်ရစ်ခဲ့သည်။

အလင်းနှစ် ခုနစ်ရာ ပြောလိုက်သည်မှာ အာကာသထဲတွင် အလွန် တိုတောင်းသော အကွာအဝေး ဖြစ်သဖြင့် ရှဖေးသည် အိပ်စီကျူးရှင်းနာ သင်္ဘောဖြင့် တစ်ကြိမ်တည်း ဝပ်ခုန်ကာ ဦးတည်ရာသို့ ရောက်ရှိသွားသည်။

အဝေးမှနေ၍ ကြည့်လိုက်လျှင် အာကာသထဲတွင် လွင့်မျောနေသော မရေမတွက်နိုင်သော သင်္ဘော အပျက်အစီးများကို တွေ့ရပြီး ၎င်းတို့ ပတ်ဝန်းကျင်တွင်လည်း သတ္တု အပိုင်းအစလေးများ ရှိနေကြရာ အခြားသော ခေတ်ကာလတစ်ခုမှ အကြွင်းအကျန်များ ဖြစ်ကြောင်း ခံစားမိစေသည်။

အပျက်အစီးများကြားသို့ မောင်းဝင်လိုက်စဉ် ရှဖေးသည် စကန်ဖတ်စက် နှစ်ခုလုံးကို ဖွင့်ကာ အပျက်အစီး အမျိုးမျိုးကို စတင် စစ်ဆေးလိုက်၏။ ရလဒ်များကိုလည်း ဖန်သားပြင်ပေါ်တွင် အလျင်အမြန် ပြသလာသည်။

ရှဖေးသည် သူ၏ စာရင်းကို ကြိုတင် ထည့်သွင်းထားသောကြောင့် ထိုအစိတ်အပိုင်းများ ပေါ်လာသည်နှင့် ကွန်ပျူတာက သူ့အား အလိုအလျောက် အချက်ပြပေလိမ့်မည်။

ဤနေရာမှာ စခန်းနှင့် အတန်ငယ် နီးကပ်သောကြောင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်အတွင်း လူအများအပြား လာရောက် ရှာဖွေခဲ့ကြခြင်းမှာ သိသာလှသည်။ ရှဖေးသည် စစ်မြေပြင် တစ်ခုလုံးကို တစ်နာရီခန့် စကန်ဖတ်ကြည့်သော်လည်း အရေးမကြီးသော အစိတ်အပိုင်း အနည်းငယ်ကိုသာ တွေ့ရှိခဲ့ရသည်။

ထိုအစိတ်အပိုင်းများကို အန်ဒီ ၏ ဆိုင်တွင်လည်း ဝယ်ယူနိုင်သော်လည်း ရှာဖွေတွေ့ရှိခြင်းဖြင့် ငွေကုန်ကြေးကျ သက်သာစေမည် ဖြစ်သောကြောင့် ရှဖေးကတော့ မည်သည့် အစိတ်အပိုင်းကိုမျှ လက်မလွှတ်ခဲ့ပေ။

ရှဖေးသည် သူ၏ စာရင်းထဲမှ ပစ္စည်းအချို့ကို ပြုံးလျက် ပယ်ဖျက်လိုက်၏။ သူသည် ယခုမှ စတင် ရှာဖွေခြင်း ဖြစ်သောကြောင့် အာကာသထဲတွင် အပျက်အစီးများ ရှာဖွေရသည်ကို အလွန် စိတ်ဝင်စားနေပြီး ထိုအချိန်များကိုလည်း ပျော်ရွှင်စွာ ဖြတ်သန်းနေသည်။

“ဒီအလုပ်မှာ အချိန် ဘယ်လောက် ပေးဦးမှာလဲ။ လကြတ် သင်္ဘောကို ဒီမှာပဲ ထားခဲ့ပြီး သင်္ဘော အသစ်တစ်စင်း ဝယ်လိုက်တာ ပိုမကောင်းဘူးလား” ဖန်တန် က မောစတုန်း ထဲမှ ထွက်ပေါ်လာရင်း ပြောလိုက်သည်။

“လကြတ် သင်္ဘောကို ထားခဲ့မယ်ဆိုရင် အဲ့ဒါနဲ့ တန်းတူတဲ့ ထိပ်တန်း စစ်သင်္ဘော တစ်စင်းကို ငါ ဘယ်မှာ ရှာလို့ ရဦးမှာလဲ။ မင်း စိတ်ရော ကျန်းမာရဲ့လား။ ထို့ပြင် ငါ အဲ့ဒီသင်္ဘောအတွက် ကြယ်တာရာဒင်္ဂါး သန်း ခုနစ်ရာတောင် သုံးထားတာလေ။ အဲ့ဒီအတိုင်းတော့ အဆုံးရှုံး မခံနိုင်ပါဘူး” ရှဖေးက မျက်စောင်းထိုးကြည့်ကာ ပြန်လည် ဖြေကြားသည်။

ဖန်တန် က သက်ပြင်းချလိုက်ပြီး သူ၏ ကမ္ဘာထဲသို့ ပြန်ဝင်သွားလေတော့သည်။

“ဒါဆိုလည်း ပျော်ပျော်ကြီးသာ ရှာဖွေနေပေတော့။ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက် ကြာရင်တော့ မင်း လိုချင်တာတွေ စုံသွားနိုင်ပါတယ်”

ရှဖေးက နှုတ်ခမ်းဆူလိုက်ပြီး ဖန်တန် ကို လျစ်လျူရှုထားလိုက်၏။

သင်္ဘောသည် နောက်တစ်ကြိမ် ဝပ်ခုန်လိုက်ပြန်ရာ နောက်ထပ် အပျက်အစီးများရှိရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာလည်း အစိတ်အပိုင်း တစ်ခုတည်းသာ တွေ့ရှိခဲ့ရသဖြင့် ရှေ့က နေရာထက်ပင် ပိုမို ဆိုးရွားနေသည်။

ရှာဖွေရခြင်း၏ စိတ်လှုပ်ရှားမှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရှဖေးမှာ စတင် ပျင်းရိလာပေပြီ။ ယခုတစ်ကြိမ်တွင် သူသည် အန်ဒီ ပေးလိုက်သော အပျက်အစီး တည်နေရာ မြေပုံကို သေချာစွာ ကြည့်ရှုလိုက်၏။

ထိုမြေပုံပေါ်တွင် လူသိများသော ရှေးဟောင်း စစ်မြေပြင် အားလုံးကို အမှတ်အသား ပြုထားသည်။ အစိမ်းရောင် နယ်မြေများမှာ စခန်းနှင့် နီးကပ်သဖြင့် ဘေးကင်းသော်လည်း လူအများအပြား ရှာဖွေပြီး ဖြစ်သဖြင့် ရှာဖွေတွေ့ရှိနှုန်းမှာ အလွန် နိမ့်ကျနေပေလိမ့်မည်။

အဝါရောင် နယ်မြေများမှာမူ အန္တရာယ် အနည်းငယ် ရှိသော နေရာများ ဖြစ်ကြ၏။ ထိုနေရာများမှာ ပတ်ဝန်းကျင် မတည်ငြိမ်ခြင်း သို့မဟုတ် ပင်လယ်ဓားပြများ ထိန်းချုပ်ထားခြင်းတို့ ဖြစ်နိုင်သည်။ အနီရောင် နယ်မြေများမှာ သေမင်းတမန် နယ်မြေများကို ကိုယ်စားပြုပြီး အနက်ရောင် နယ်မြေများကိုတော့ မည်သည့်နည်းနှင့်မျှ မသွားသင့်ကြောင်း ဖော်ပြထားသည်။

ရှဖေးသည် စီးကရက်တစ်လိပ်ကို မီးညှိကာ သူ၏ ရွေးချယ်စရာများကို စဉ်းစားလိုက်၏။ ရှာဖွေတွေ့ရှိနှုန်း နိမ့်ကျလွန်းလှသော အစိမ်းရောင် နယ်မြေများကို ကျော်သွားရန် သူ ဆုံးဖြတ်လိုက်သည်။

သင်္ဘောသည် နောက်တစ်ကြိမ် ဝပ်ခုန်လိုက်ပြန်ရာ ရှဖေးနှင့် အနီးဆုံးရှိ အဝါရောင် နယ်မြေတစ်ခုသို့ ရောက်ရှိသွားပေတော့သည်။

ဤရှေးဟောင်း စစ်မြေပြင်မှာ အလွန်ပင် ကြီးမားလှပြီး အပျက်အစီး အရေအတွက်နှင့် အခြေအနေများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်မှာ ထင်ရှားလှသည်။ အင်းဆက်မျိုးနွယ်နှင့် လူသား စစ်သင်္ဘော အမြောက်အမြားမှာ တစ်ခုပေါ်တစ်ခု ထပ်လျက် ရှိနေကြ၏။ နှစ်ဖက်စလုံးမှာ အလွန် နီးကပ်စွာ ဖြစ်နိုင်လျှင် အလွန်အမင်း နီးကပ်စွာပင် အပြန်အလှန် ပစ်ခတ်ခဲ့ကြပုံရသည်။

စကန်ဖတ်စက်မှာ ချက်ချင်း အလုပ်လုပ်လေတော့သည်။ သင်္ဘော၏ အပေါ်ဘက်မှ အနီရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး အပျက်အစီး တစ်ခုချင်းစီ၏ အခြေအနေနှင့် အသုံးပြုနိုင်သော အစိတ်အပိုင်းများကို အိုင်အေ ကွန်ပျူတာထံသို့ အစီရင်ခံသည်။

ရှဖေးသည် ယခုတစ်ကြိမ်တွင် သူ၏ နည်းဗျူဟာကို ပြောင်းလဲလိုက်သည်။ ဝယ်ယူ၍ ရနိုင်သော ပစ္စည်းများကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်ပြီး အရေးကြီးသော အစိတ်အပိုင်း သုံးဆယ့်လေးခုကိုသာ ရှာဖွေရေး စာရင်းတွင် ထားရှိလိုက်သည်။

သင်္ဘောသည် ရှဖေး ရှာဖွေနေသော အစိတ်အပိုင်းများကို ရှာဖွေရန်အတွက် အပျက်အစီးများကြားတွင် ပျံသန်းနေသည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် ဖန်သားပြင်မှာ လင်းလက်လာပြီး ရှဖေးသည် ကယ်လ်ဒါရီ ဟယ်ရွန် အမျိုးအစား စစ်သင်္ဘောငယ် တစ်စင်းပေါ်တွင် ပျက်စီးခြင်း မရှိသော လေဆာ တည်နေရာပြ စနစ် တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုစနစ်မှာ အတန်ငယ် ဟောင်းနွမ်းနေသော်လည်း လကြတ် သင်္ဘောပေါ်တွင် အသုံးပြုနိုင်ဆဲပင် ဖြစ်၏။

ရှဖေးသည် အလွန်ပင် ဝပ်သာသွားသည်။ သူသည် ရှာဖွေရေး လုပ်ငန်းစဉ်ကို ချက်ချင်း စတင်နိုင်ရန်အတွက် ဖန်သားပြင်ပေါ်တွင် နှိပ်လိုက်သည်။

ရှာဖွေရေး လုပ်ငန်းစဉ်တွင် အဆင့် သုံးဆင့် ရှိသည်။ ပထမမှာ စနစ်က ပစ္စည်း၏ တည်နေရာကို အတည်ပြုရန် ဖြစ်၏။ ဒုတိယမှာ ရှာဖွေရေး ကိရိယာမှ လေဆာရောင်ခြည်တစ်ခု ထွက်ပေါ်လာပြီး ထူထဲသော သံချပ်ကာကို အပေါက်ဖောက်ကာ ပစ္စည်းကို ထုတ်ယူချိန် အနှောင့်အယှက် ဖြစ်နေသည့် အရာများကို ဖယ်ရှားရန် ဖြစ်သည်။ တတိယမှာမူ ဆွဲငင်ရေး အလင်းတန်းကို အသုံးပြု၍ ထိုအစိတ်အပိုင်းကို မိမိ၏ သင်္ဘောပေါ်သို့ ဆွဲယူရန် ဖြစ်သည်။

အိုင်အေ ကွန်ပျူတာမှ ထိန်းချုပ်ထားသော ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ မိနစ်အနည်းငယ်သာ ကြာမြင့်ပြီး မည်သူမျှ ဝင်ရောက် လုပ်ဆောင်ရန် မလိုအပ်ပေ။ နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက်တွင် ရှဖေးသည် သူလိုအပ်သော နောက်ထပ် အစိတ်အပိုင်း တစ်ခုကို ရှာဖွေတွေ့ရှိကာ ယူဆောင်နိုင်ခဲ့သည်။

ဤသို့ဖြင့် သူသည် နေရာတစ်ခုမှ တစ်ခုသို့ ကူးပြောင်းကာ ရှာဖွေနေသည်။ ရှဖေးသည် လကြတ် သင်္ဘောအား ပြုပြင်နိုင်မည့် မျှော်လင့်ချက်ကို တဖြည်းဖြည်း မြင်တွေ့လာရပေပြီ။ သူသည် အဝါရောင် နယ်မြေအတွင်းရှိ အပျက်အစီးများကြားတွင် တစ်နေရာပြီး တစ်နေရာ ကူးပြောင်း ရှာဖွေနေသော်လည်း အလွန် အန္တရာယ်များလှသော အနီရောင် နယ်မြေဆီသို့ တစ်စထက်တစ်စ ပိုမို နီးကပ်လာပေတော့သည်။

All Chapters