← Chapters

အခန်း (၂၈၅)

Vol. 28 Ch. 285

အခန်း (၂၈၅)

Vol. 28 Ch. 285

အခန်း။ ၂၈၅

လွန်ခဲ့သော လဝက်ခန့်က ယန်ချန်းလန်တစ်ယောက် ရောဂါဝေဒနာများမှ အလုံးစုံ ပြန်လည်သက်သာလာပြီဟူသော သတင်းသည် စစ်သူကြီးအိမ်တော်သို့ ရောက်ရှိလာသောအခါ ယန်ပါးဟို တစ်ယောက် အလွန်ဝမ်းမြောက်သွားခဲ့သည်။ အိမ်တော်ထိန်းကြီးမှာလည်း စစ်သူကြီးဟောင်း၏ မျက်နှာထက်တွင် ရှားရှားပါးပါး ပြုံးရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ အကြောင်းမှာ သားကြီးဖြစ်သူ ထွက်ခွာသွားပြီးနောက်နှင့် သားလတ်ဖြစ်သူ ဒုက္ခနှင့်ကြုံရပြီးနောက်ပိုင်းတွင် စစ်သူကြီးဟောင်းမှာ အရယ်အပြုံးမရှိသလို ဖြစ်သွားခဲ့သောကြောင့်ပင်။

သို့သော် ထိုသတင်းနောက်တွင် ပိုမိုတုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခု ထပ်မံရောက်ရှိလာခဲ့သည်။ ၎င်းမှာ စစ်သူကြီးငယ် ယန်ချန်းလန်သည် စစ်သူကြီးဟောင်းအား ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ရာထူးမှ နုတ်ထွက်ကာ စစ်အာဏာများကို လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။ ၎င်းအပြင် ရာထူးမှ နုတ်ထွက်ပြီးနောက်တွင် မုဆိုးစစ်သည်သမဂ္ဂသို့ သွားရောက်စာရင်းသွင်းကာ မုဆိုးစစ်သည်တစ်ဦး ဖြစ်လာခဲ့သည်ဟု ပြောကြသည်။

စစ်သူကြီးငယ်သည် ယန်မိသားစုစစ်တပ်ကိုလည်း ကောင်းကင်ခရီးစဉ်ဟု အမည်ရသော မုဆိုးစစ်သည်တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ဤကိစ္စမှာ ယန်စံအိမ်တော်အတွင်း၌ ကြီးမားသော ဂယက်ရိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

တတိယမြောက်သခင်မလေး ယန်ချန်းရွှယ်ကမူ ဤအမှုမှာ ယွင်ရှန်း၏ သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ဖြစ်ရမည်ဟု ဓားလှံတုတ်များဖြင့် ထိုးနှက်သကဲ့သို့ ပြင်းထန်စွာ ဝေဖန်တော့သည်။ ယွင်ရှန်းသည် မုဆိုးစစ်သည်အချို့နှင့် အလွန်နီးစပ်ကြောင်း သူမ သိရှိထားသဖြင့် ယန်ချန်းလန်မှာ ယွင်ရှန်း၏ ပြုစားမှုကို ခံလိုက်ရပြီး ဓားပြဘဝသို့ ကူးပြောင်းခြင်းနှင့် အလားသဏ္ဌာန်တူသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု သူမက ခိုင်ခိုင်မာမာ ယုံကြည်နေသည်။ သူမ၏ အမြင်တွင် မုဆိုးစစ်သည်ဆိုသည်မှာ နိမ့်ကျသော အသက်မွေးဝမ်းကျောင်းမှုတစ်ခုဖြစ်ပြီး သူမ၏ အစ်ကိုဖြစ်သူက ဂုဏ်သိက္ခာရှိသော စစ်သူကြီးရာထူးကို စွန့်လွှတ်ကာ မုဆိုးစစ်သည် လုပ်ဆောင်ခြင်းမှာ ယန်မိသားစု၏ ဂုဏ်သိက္ခာကို အညှိုးနွမ်းစေသည်ဟု ယူဆထားသည်။

စစ်သူကြီးဟောင်းသည် ဤအကြောင်းကို သိရှိလိုက်ရသောအခါ မကျေမနပ် ရေရွတ်ခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော် နောက်တစ်နေ့တွင်မူ သူသည် ယန်မိသားစုစစ်တပ် စခန်းချရာနေရာသို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။ ယန်ပါးဟို ရောက်ရှိသွားချိန်တွင် သူ၏ ဒေါသမှာ အလွန်အမင်း ထွက်နေသဖြင့် အကယ်၍ စစ်သူကြီးငယ်နှင့်သာ တွေ့ပါက နေရာမှာတင် ဝိုင်းဆော်တော့မည်လားဟု အိမ်တော်ထိန်းကြီးမှာ စိုးရိမ်ပူပန်နေခဲ့ရသည်။

သခင်ကြီး၏ လက်ချက်မှာ မသေးလှပေ။ သားကြီးနှင့် စစ်သူကြီးငယ်တို့မှာ ငယ်စဉ်ကပင် ဖခင်ဖြစ်သူ၏ ရိုက်နှက်ဆုံးမမှုကို မကြာခဏ ခံခဲ့ရသူများပင်။

အိမ်တော်ထိန်းကြီးသည် စိုးရိမ်တကြီးဖြင့် စစ်သူကြီးဟောင်း နောက်သို့ လိုက်ပါလာခဲ့ရာ ယန်မိသားစုစစ်တပ်၏ စခန်းသို့ ရောက်ရှိလာခဲ့သည်။ ယန်ပါးဟို၏ ကျင့်စဉ်အဆင့်မှာ အလွန်မြင့်မားသကဲ့သို့ အိမ်တော်ထိန်းကြီးမှာလည်း လက်ရုံးရည် မနိမ့်လှပေ။ ထို့ကြောင့် သူတို့နှစ်ဦး စစ်စခန်းအတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွားသည်ကို မည်သူမျှ သတိမပြုမိခဲ့ကြချေ။

သူတို့ မျှော်လင့်ထားသည်မှာ ယခင်က စည်းကမ်းပျက်ပြားနေသည့် ယန်မိသားစုစစ်တပ်ကဲ့သို့ လူစုလူဝေးကို မြင်တွေ့ရမည်ဟု ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးစလုံး အံ့အားသင့်သွားရသည်မှာ သူတို့တွေးထင်ထားသကဲ့သို့ ဆူညံပွေလီနေသော မုဆိုးစစ်သည်အုပ်စုကို မတွေ့ရဘဲ တောက်ပသော ချပ်ဝတ်တန်ဆာများနှင့် ယူနီဖောင်းများကို စနစ်တကျ ဝတ်ဆင်ထားသည့် စစ်သည်တော်များကိုသာ တွေ့လိုက်ရခြင်းပင်။

ထိုစစ်သည်တော်များ၏ ကျင့်စဉ်အဆင့်မှာ ယခင်နှစ်များက ယန်မိသားစုစစ်တပ်ထက်ပင် ပိုမိုတောင့်တင်းခိုင်မာနေသေးသည်။ စစ်သည်တိုင်းမှာ သိုင်းဆရာအဆင့်ရှိကြပြီး အချို့မှာ သိုင်းသူရဲကောင်းအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့သည် မနက်၊ မွန်းတည့်နှင့် ညဖက်တို့တွင် မည်သူမျှ တိုက်တွန်းစရာမလိုဘဲ မိမိအသိစိတ်ဖြင့်သာ တက်ကြွစွာ လေ့ကျင့်နေကြပြီး ပျင်းရိခြင်း၊ ပေါ့ဆခြင်း အလျင်းမရှိကြပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်းကြီးမှာ ၎င်းသည် အမည်ပြောင်းထားသော မုဆိုးစစ်သည်တပ်ဖွဲ့တစ်ခုဟု မထင်မှတ်ဘဲ စစ်သူကြီးငယ်၏ လက်ထက် အရှိန်အဝါ အတောက်ပဆုံးအချိန်က စည်းကမ်းစနစ်အလွန်ကျနသော ယန်မိသားစုစစ်တပ်ကို ပြန်လည်မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။

တစ်နေကုန် အကဲခတ်ပြီးနောက် စစ်သူကြီးဟောင်းသည် ယန်စံအိမ်တော်သို့ တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။ ထိုအချိန်မှစ၍ သူသည် ယန်မိသားစုစစ်တပ်အကြောင်း သို့မဟုတ် သားဖြစ်သူ ထွက်ခွာသွားသည့်အကြောင်းကို မည်သည့်အခါမျှ ထပ်မံ၍ မပြောတော့ပေ။

သို့သော် မကြာမီမှာပင် ယွီကျင်းမြို့တော်၌ သန့်စင်မွန်မြတ်အဆင့်ဆေးလုံး၏ ရောင်ဝါထွက်ပေါ်လာသည်ဟူသော သတင်း ရောက်ရှိလာခဲ့သည်။ စစ်သူကြီးဟောင်းသည် ထိုဆေးလုံးကို ဖော်စပ်ခဲ့သူမှာ သူ၏ မြေးမလေးဖြစ်ကြောင်း ချက်ချင်း သိရှိသွားခဲ့သည်။ မြေးမလေးက ထိုမျှအစွမ်းထက်သော ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်ကို သိရသောအခါ စစ်သူကြီးဟောင်းမှာ ဘာမှမပြောခဲ့သော်လည်း ထိုနေ့ညစာစားချိန်တွင် ပုံမှန်ထက် ဝိုင်သုံးလုံး ပို၍ သောက်ခဲ့သည်။

စစ်သူကြီးဟောင်းနှင့်အတူ ကြီးပြင်းလာခဲ့သည့် အိမ်တော်ထိန်းကြီးအနေဖြင့်မူ ဤအပြုအမူမှာ စစ်သူကြီးဟောင်း စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကောင်းစွာ သိရှိနေတော့သည်။

စစ်သူကြီးဟောင်းသည် သူ၏မြေးမလေးအပေါ် အမှန်တကယ်ပင် အလေးအနက်ထား ဂရုစိုက်နေသည်မှာ ထင်ရှားလှသည်။

အိမ်တော်ထိန်းကြီးသည်လည်း သခင်မလေးငယ်အပေါ် အထင်ကြီးလေးစားမှု ရှိနေခဲ့သည်။ အခြားအကြောင်းကိစ္စများကို ထားလိုက်ပါက သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် အပြင်လောကတွင် တစ်ကိုယ်တည်း ကျင်လည်ခဲ့ရသော်လည်း အကျင့်စာရိတ္တ ပျက်ပြားသွားခြင်းမရှိသည့်

အပြင် ဆေးပညာနှင့် မှော်ပညာရပ်များစွာကိုပါ သင်ယူတတ်မြောက်ခဲ့သည်။ ဤကဲ့သို့သော သခင်မလေးမျိုးသည် စစ်သူကြီးအိမ်တော်၏ အမွေဆက်ခံသူဟူသော ဘွဲ့ထူးနှင့် အမှန်တကယ်ပင် ထိုက်တန်လှသည်။

သို့သော်လည်း အဘိုးကြီးမှာမူ အလွန်ပင် ခေါင်းမာလွန်းလှသည်။ သူသည် မြေးမလေးကို မိသားစုဆီ ပြန်လာစေပြီး ဘိုးဘွားများကို အသိအမှတ်ပြုစေချင်နေသော်လည်း မာနကြောင့် ထိုစကားကို တစ်ခွန်းမှ ထုတ်မပြောဘဲ နေခဲ့သည်။ ယခုတစ်ခေါက်လည်း ထိုနည်းတူပင်။ သခင်မလေးငယ် အခမဲ့ဆေးကုသရေးပွဲ ပြုလုပ်မည်ကို သိသောအခါ စိတ်ထဲမှ စိုးရိမ်နေသဖြင့် အရက်ဆိုင်သို့ တိတ်တဆိတ် လာရောက်ကာ တစ်မနက်လုံး ချောင်းကြည့်နေခဲ့ခြင်း ဖြစ်သည်။

အိမ်တော်ထိန်းကြီးသည် သူ့သခင်၏ မျက်နှာရိပ်မျက်ကဲကို အကဲခတ်လိုက်ရာ ဤအချိန်တွင် သခင်ကြီး၏ လက်ထဲမှ ဝိုင်ခွက်မှာ လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။

"သခင်ကြီး... ဒီအတိုင်း ဆက်ကြည့်နေလို့တော့ မဖြစ်တော့ဘူးထင်တယ်။ ကျွန်တော်တို့ စစ်သည်တော်တချို့ကို ရှာပြီးတော့..."

အိမ်တော်ထိန်းကြီးက ယန်ပါးဟို၏ အမူအရာကို ကြည့်ရင်း စကားကို အစဖော်လိုက်သည်။ သူ ဆိုလိုသည်မှာ ယန်စံအိမ်တော်မှ အစောင့်အကြပ်နှင့် စစ်သည်အချို့ကို လူနာအဖြစ် ဟန်ဆောင်ခိုင်းကာ ယွင်ရှန်း၏ ဆေးတိုက်တွင် လူစည်ကားအောင် လုပ်ပေးရန် ဖြစ်သည်။

"ဟင်း... မင်းက သူမအတွက် လူနာတွေ ရှာပေးချင်တာလား။ သူမမှာ အရည်အချင်းမရှိလို့ လူမလာတာဆိုရင်လည်း ထားလိုက်စမ်းပါ။ ယန်စံအိမ်တော်က ကူညီလိမ့်မယ်လို့တော့ စိတ်ကူးတောင်မယဉ်နဲ့"

ယန်ပါးဟိုသည် ခွက်ထဲမှ ဝိုင်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင်သောက်လိုက်ပြီးနောက် ဝတ်ရုံစကို ခါထုတ်ကာ မတ်တတ်ထရပ်လိုက်သည်။ သူသည် ခေါင်းကိုမော့၍ မျက်လုံးကို ပြူးကာ အရက်ဆိုင်ထဲမှ ဒေါသတကြီး ထွက်ခွါသွားတော့သည်။

အိမ်တော်ထိန်းကြီးမှာမူ ဝိုင်အိုးကို ကိုင်ထားရင်း ကျန်ရစ်ခဲ့ကာ ခေါင်းကိုသာ တရစပ် ခါယမ်းနေမိတော့သည်။

ယွင်ရှန်းနှင့် ဂူဖုန်းတို့သည် စီအန်းဆေးတိုက်၏ အခမဲ့ဆေးကုသရေး စခန်းသို့ ပြန်

ရောက်လာကြသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ မကောင်းလှပေ။ စီအန်းဆေးတိုက်၏ ရှေ့တွင် လူတစ်ယောက်မျှပင် မရှိသေးဘဲ ခြောက်ကပ်နေဆဲပင်။ လင်းယောင်အာနှင့် အခြားသူများသည်လည်း ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေကြပြီး လက်ထဲမှ ဆေးဖက်ဝင်အပင်များကိုသာ ဟိုရွှေ့ဒီရွှေ့ လုပ်နေကြသည်။

"ထပ်ပြီး စောင့်ကြည့်ကြတာပေါ့။ ငါတို့တွေရဲ့ ဆေးကုသရေးပွဲက သုံးရက်တောင် ကြာမှာပဲလေ။ ဆေးဧကရာဇ်ခန်းမကလည်း သုံးရက်လုံးလုံး အခမဲ့ကုပေးလိမ့်မယ်လို့ ငါတော့ မယုံဘူး"

ဆရာဝန်ကြီးဖန်က ပြောလိုက်သည်။ ပုံမှန်အားဖြင့် ဆေးဧကရာဇ်ခန်းမ၏ အခမဲ့ဆေးကုသမှုမှာ တစ်ရက်သာ ကြာမြင့်လေ့ရှိသောကြောင့် ဖြစ်သည်။

ယွီကျင်းမြို့တော်သား အများစုမှာ ဆေးဧကရာဇ်ခန်းမ၏ စခန်းတွင် ရောက်ရှိနေကြသော်လည်း အခမဲ့ဆေးကုသမှုသတင်းကို မကြားသိလိုက်ရသူများ သို့မဟုတ် ခရီးအကွာအဝေးကြောင့် နောက်ကျမှ ရောက်လာသူများမှာ ဆေးဧကရာဇ်ခန်းမ၏ ကုသမှုကို မမီတော့ဘဲ လွဲချော်သွားနိုင်သည်။

ယွင်ရှန်းကမူ စိတ်မလောဘဲ အခြားသူများကို သူတို့လုပ်စရာရှိသည်များကိုသာ ဆက်လက်လုပ်ကိုင်ရန် ညွှန်ကြားထားလိုက်သည်။

နောက်ထပ် တစ်နာရီခန့် ကုန်ဆုံးသွားပြီးနောက်...

ဝါးခမောက် ဆောင်းထားသော အဖိုးအိုတစ်ဦးသည် စီအန်းဆေးတိုက်၏ ဆေးကုသရေးစခန်း ရှေ့မှ ဖြတ်လျှောက်သွားသည်။

မျက်စိလျင်သော ဂူဖုန်းသည် ချက်ချင်းပင် ယဉ်ကျေးပျူငှာစွာ ချဉ်းကပ်သွားပြီး "အဘိုး... နေမကောင်းလို့ ဆရာဝန်နဲ့ ပြချင်လို့လားခင်ဗျာ။ ကျွန်တော်တို့က စီအန်းဆေးတိုက်က ဆရာဝန်တွေပါ။ ဒီနေ့ အဘိုး ကံကောင်းတယ်လို့ ပြောရမယ်... ကျွန်တော်တို့ ဆေးတိုက်မှာ နာမည်အကြီးဆုံး ဆရာဝန်တွေနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရတာပဲ။ အခမဲ့လည်း ကြည့်ပေးမယ့်အပြင် ဆေးကိုလည်း အလကား ပေးဦးမှာဆိုတော့ ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူးနော်" ဟု နွေးထွေးစွာ မေးလိုက်သည်။

ဝါးခမောက်ဆောင်းထားသော ထိုအဖိုးအိုသည် လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။ ခမောက်အနားသတ်မှာ အလွန်နိမ့်နေသဖြင့် အဖိုးအို၏ မျက်နှာကို အသေအချာ မမြင်ရပေ။

"ဟွတ်... ဟွတ်..."

ထိုအဖိုးအိုသည် တမင်တကာ ဟန်ဆောင်ကာ အကြိမ်အနည်းငယ် ချောင်းဆိုးပြပြီးနောက် စခန်းအတွင်းသို့ ဝင်လာကာ အသာအယာ ထိုင်ချလိုက်သည်။

နိမ့်ကျနေသော ခမောက်အနားသတ်အောက်မှနေ၍ သူသည် ယွင်ရှန်းကို ခြေဆုံးခေါင်းဆုံး အကဲခတ်ကြည့်ရှုနေသည်။ ယွင်ရှန်းသည်လည်း တစ်စုံတစ်ယောက်က သူမကို စူးစမ်းနေသည်ဟု ခံစားလိုက်ရပြီး ထိုခမောက်အောက်မှ အကြည့်များမှာ သူမ၏ အရည်အချင်းအပေါ် သံသယရှိနေကြောင်း ရိပ်မိလိုက်သည်။

ထူးဆန်းသည်မှာ ယွင်ရှန်းသည် ဤအဖိုးအိုထံမှ အလွန်ရင်းနှီးနေသော အငွေ့အသက်တစ်ခုကို ထူးထူးခြားခြား ခံစားနေရခြင်းပင်။

"မိန်းကလေး... မင်းက ဆရာဝန်လို့ ပြောတာလား။ ဟိုးရှေ့လမ်းက ဆေးဧကရာဇ်ခန်းမက ဆရာဝန်တွေကို သွားကြည့်လိုက်ဦး... အဲဒါမှ တကယ့်ဆရာဝန်လို့ ခေါ်တာဟဲ့"

အဖိုးအိုက လှောင်ပြောင်သရော်သော လေသံဖြင့် ပြောလိုက်ရာ ဘေးနားရှိလူများမှာ မျက်မှောင်ကြုတ်သွားကြပြီး ဂူဖုန်းကို အပြစ်တင်သကဲ့သို့ စိုက်ကြည့်လိုက်ကြသည်။

ဒီကောင်လေးက ဘယ်လိုလူစားမျိုးကို ခေါ်လာတာလဲ။

ဂူဖုန်းသည်လည်း အရှက်ရသွားပြီး အဖိုးအိုက ဤမျှအထိ ဂျီကျလိမ့်မည်ဟု သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။

"အဘိုး... ဆေးပညာနဲ့ အသက်အရွယ်ဆိုတာက အမြဲတမ်း တိုက်ရိုက်သက်ဆိုင်နေတာ မဟုတ်ပါဘူး။ မှော်ဘုရားကျောင်းက ရှာဝန်ရွှီဆိုရင်လည်း အသက်သိပ်မကြီးသေးပေမယ့် ကျွန်မအရွယ်တုန်းကဆိုရင် သူ့ရဲ့ မှော်ကုထုံးက တစ်လောကလုံးမှာ နာမည်ကျော်နေပြီဆိုတာ အဘိုး သိမှာပါ"

ယွင်ရှန်းက စိတ်မဆိုးဘဲ ပြုံးလိုက်ရင်း အဖိုးအို၏ ရန်စမှုကို ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

ဟင်း... သတ္တိတော့ ရှိသားပဲ။ သူ့ကိုယ်သူ မှော်ဘုရားကျောင်းက ပါရမီရှင် စီမင်နဲ့တောင် နှိုင်းယှဉ်ရဲတယ်ပေါ့။

သို့သော်လည်း ယခုတစ်ခေါက် သူမပြောသော လေသံမှာ အတော်လေး ယဉ်ကျေးသွားသည်ဟု သူ ခံစားလိုက်ရသည်။

အော်... ဒီကလေးမလေးက လူကြီးလူကောင်းကို ရိုသေတတ်သားပဲ။ ဒါဆို ဘာဖြစ်လို့ စစ်သူကြီးအိမ်တော်မှာတုန်းကတော့ ဒီအဘိုးကြီးကို အမြဲတမ်း ပြန်ပြန်ပြောနေရတာလဲ။

ဝါးခမောက်အောက်၌ ယန်ပါးဟို၏ မျက်နှာအမူအရာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေတော့သည်။

All Chapters