← Chapters

အခန်း (၂၈၈)

Vol. 28 Ch. 288

အခန်း (၂၈၈)

Vol. 28 Ch. 288

အခန်း။ ၂၈၈

ဦးလေးယန်သည် ဘေးမှ ရပ်ကြည့်နေသော်လည်း ယန်ပါးဟို၏ ထွားကျိုင်းလှသော ကျောပြင်ကြီးကြောင့် သခင်ကြီးနှင့် သခင်မလေးငယ်တို့၏ စိတ်ဓာတ်ချင်း ယှဉ်ပြိုင်တိုက်ခိုက်မှုကို အကဲခတ်ရုံသာ တတ်နိုင်ရှာသည်။

ထိုစဉ် သူသည် သခင်ကြီး၏ ပခုံးနှစ်ဖက်မှာ အနည်းငယ် တုန်ခါသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်ပြီး ထို့နောက်တွင်မူ ယန်ပါးဟိုသည် နောက်သို့ ခြေတစ်လှမ်းမျှ မသိမသာ ဆုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

"သခင်ကြီး"

ဦးလေးယန်မှာ အံ့အားသင့်ကာ ရေရွတ်မိသွားသည်။

ဤခြေတစ်လှမ်းမှာ အကယ်၍ ဦးလေးယန်သာ အနီးကပ်ရပ်နေခဲ့ခြင်း မရှိပါက သတိပြုမိရန်ပင် ခက်ခဲလှသည်။ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများမှာလည်း ထိုခြေလှမ်းကို သတိမထားမိကြချေ။ သို့သော် ဤခြေတစ်လှမ်းကြောင့်ပင် ဦးလေးယန်၏ မျက်နှာမှာ မသိမသာ ပျက်သွားတော့သည်။

သခင်မလေးက အပ်တစ်ချောင်းတည်းနဲ့ သခင်ကြီးကို နောက်ဆုတ်အောင် လုပ်လိုက်တာလား...

ယန်ပါးဟိုဆိုသည်မှာ မဟာကျိုးနိုင်ငံ၏ သိုင်းသူတော်စင်တစ်ဦးပင်။ ဂုဏ်သိက္ခာချင်း တူညီလှသော ပိုချင်နိုင်ငံမှ သိုင်းသူတော်စင် ထျန်းချွဲကျိနှင့် သုံးရက်သုံးညတိုင်တိုင် တိုက်ပွဲဝင်ခဲ့စဉ်ကပင် သခင်ကြီးသည် ခြေတစ်လှမ်း၏ ထက်ဝက်မျှပင် နောက်သို့ မဆုတ်ပေးခဲ့ဖူးချေ။

သို့သော် ယခုမူ... သခင်မလေးငယ်သည် ပန်းထိုးအပ်ကလေးနှင့်တူသော အပ်တစ်စိုက်ဖြင့် သခင်ကြီးကို နောက်သို့ ဆုတ်သွားအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ဦးလေးယန်သည် သူ၏သခင် ကျိုးပမ်းအားထုတ်နေရပုံကို ဘေးမှနေ၍ ရင်တမမဖြင့် ကြည့်နေမိတော့သည်။

သောက်ကျိုးနည်းပဲ... တကယ်ကို နာလွန်းလှချည်လား။

အကယ်၍သာ ဝါးခမောက်ကြီး ဆောင်းမထားခဲ့လျှင် ယန်ပါးဟို၏ သိက္ခာမှာ အမှန်တကယ်ပင် မြေခသွားပေလိမ့်မည်။ သူ၏ မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး နဖူးမှ ချွေးစက်များမှာ တလိမ့်လိမ့် စီးကျလာနေသည်။ နှုတ်ခမ်းများမှာလည်း မနားတမ်း တုန်ယင်နေကာ လျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်နေသဖြင့် စကားကိုပင် ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ပေ။

ဤခဏတွင် ယန်ပါးဟိုသည် သူ၏အသည်းမှာ မီးလောင်နေသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ ယွင်ရှန်း၏ အပ်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။ ထိုအပ်မှတစ်ဆင့် စီးဝင်လာသော ချီစွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်းပင်။

"အဘိုးကြီး... အဆင်ပြေရဲ့လား"

ဦးလေးယန်၏ စိုးရိမ်တကြီး မေးသံကြောင့် ယန်ပါးဟို၏ အသိစိတ်များ အနည်းငယ် ပြန်လည်ဝင်ရောက်လာသည်။

ပြေပါ့မလားဟ...

ယန်ပါးဟိုသည် စိတ်ထဲမှ ကျိန်ဆဲနေမိသလို တစ်ဖက်မှာလည်း သံသယများ စတင်ဝင်

ရောက်လာသည်။

တကယ်ပဲ ငါ့ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ပြဿနာတစ်ခုခု ရှိနေလို့လား။ ဒီအပ်တစ်ချာင်းတည်းနဲ့ ငါ့ကိုယ်ထဲက ငုပ်လျှိုးနေတဲ့ ရောဂါကို ဆွလိုက်တာလား။

ယခင်က အသံဗလံကောင်းကောင်းဖြင့် အာဏာပြနေသော ယန်ပါးဟိုမှာ ယခုမူ ဒေါသများ လုံးဝပျောက်ကွယ်သွားရရှာသည်။ သူသည် အတော်လေး အားယူကာ တောင့်ခံပြီးနောက် နောက်ဆုံးတွင် စကားလုံးနှစ်လုံးကိုသာ ခက်ခဲစွာ ညှစ်ထုတ်ပြောလိုက်ရသည်။

"ဆေး... ရေးပေး"

"ဆေး ဟုတ်လား"

ဦးလေးယန်သည်လည်း လန့်ဖျပ်သွားသည်။

သခင်ကြီး တကယ်ပဲ နေမကောင်းဖြစ်နေတာပဲ။

ဦးလေးယန်သည် ယွင်ရှန်းထံသို့ ချက်ချင်း ပြေးသွားပြီး "ဆရာဝန်မလေး... ကျွန်တော်တို့ရဲ့... အဲ... သူ့မှာ ဘာဖြစ်နေတာလဲ ပြောပါဦး။ ကုလို့ရတဲ့ နည်းလမ်းရှိလားဗျာ"

ယွင်ရှန်းကမူ မျက်မှောင်ပင် မကြွဘဲ အေးဆေးတည်ငြိမ်စွာပင် "ကံကောင်းလို့ စောစောစီးစီး သိလိုက်ရတာပါ။ အသည်းကို သန့်စင်ပေးပြီး အပူငြိမ်းစေမယ့် ဆေးတချို့ကို သွားပြင်

လိုက်ပါ။ လာမယ့် သုံးလအတွင်းမှာတော့ အရက် လုံးဝရှောင်ရမယ်။ ဒေါသမထွက်ရဘူး။ ပေါ့ပေါ့ပါးပါး အစားအသောက်တွေကိုပဲ စားရမယ်။ အဲဒီနောက်ပိုင်းမှာလည်း အရက်ကို လျှော့သောက်ရလိမ့်မယ်" ဟု ပြန်ပြောလိုက်သည်။

အရက်မသောက်ရဘူး။ ဒေါသမထွက်ရဘူး ပြီးတော့ ပေါ့ပေါ့ပါးပါး အစားအသောက်တွေပဲ စားရမယ် ဟုတ်လား။

အရက်သောက်ကြူးခြင်းကြောင့် နာမည်ကြီးလှသည့်အပြင် ခြင်္သေ့တစ်ကောင်လို ဟိန်းဟောက်တတ်ပြီး ထမင်းစားတိုင်း အသားငါးမပါလျှင် မစားတတ်သော သခင်ကြီးအဖို့ ဤစည်းကမ်းများကြားတွင် ဘယ်လိုလုပ် အသက်ဆက်နိုင်မှာလဲ။

ဦးလေးယန်၏ မျက်နှာမှာ ဖြတ်ခနဲ ပျက်သွားပြီး သူ၏သခင်ကို လှမ်းကြည့်လိုက်မိသည်။ ကံကောင်းထောက်မစွာဖြင့် သခင်ကြီးမှာ ဝါးခမောက် ဆောင်းထားသဖြင့် သူ၏မျက်နှာထား အစစ်အမှန်ကို မည်သူမျှ မမြင်နိုင်ကြချေ။

"လုပ်လိုက်စမ်း"

ယခုအချိန်တွင် အသည်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရဆဲဖြစ်သော ယန်ပါးဟိုသည် သူမခိုင်းသည့်အတိုင်း မလုပ်ပါက သူ၏မြေးမလေးက ဤစူးရှသော နာကျင်မှုကို ဖယ်ရှားပေးလိမ့်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိနေသည်။

"ဒါမှ လိမ္မာတဲ့ လူနာပေါ့"

ယွင်ရှန်းက ခပ်ပါးပါးလေး ပြုံးလိုက်ရင်း သူမ၏ လေးရာသီဖန်စီအပ်ကို ကျွမ်းကျင်စွာ ပြန်လည်နှုတ်ယူလိုက်သည်။

နာကျင်မှုများမှာ ချက်ချင်းပင် လျော့ပါးသွားသဖြင့် ယန်ပါးဟိုမှာ အသက်ကို ဝဝရှူလိုက်နိုင်တော့သည်။ သူသည် ယွင်ရှန်းကို တစ်ခုခု ပြန်လည်ပြောဆိုရန် ပြင်လိုက်စဉ်မှာပင်...

ဦးလေးယန်သည် ဆေးညွှန်းအချို့ကို လက်ခံရရှိပြီးနောက် ယွင်ရှန်းကို ရိုရိုသေသေ ကျေးဇူးတင်စကား ပြောလိုက်သည်။

ထိုစဉ်မှာပင် လူတစ်ယောက်က ဦးလေးယန်ကို လက်ညှိုးထိုးပြကာ ရုတ်တရက် အော်ပြောလိုက်သည်။

"ဟေး... ဟိုလူက စစ်နတ်ဘုရား စစ်သူကြီးအိမ်တော်က အိမ်တော်ထိန်းကြီး မဟုတ်လား။ သူတောင်မှ ဒီအခမဲ့ဆေးကုသရေးစခန်းမှာ လာပြနေတာပဲ"

လူအပေါင်း၏ အကြည့်များမှာ ဦးလေးယန်ကို အမိန့်ပေးနေသော ဝါးခမောက်ဆောင်း အဖိုးအိုဆီသို့ ချက်ချင်းဆိုသလို ကျရောက်သွားတော့သည်။

မဖြစ်နိုင်တာ... ဒီသံသယဖြစ်ဖွယ် အဖိုးအိုက တကယ့် စစ်နတ်ဘုရား စစ်သူကြီးများလား။

သို့သော် စစ်သူကြီးယန်ပါးဟိုသည် ဆေးဧကရာဇ်ခန်းမမှ ဂိုဏ်းချုပ်ဆရာကြီးဝမ်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းများပင်။

၎င်းအပြင် စစ်သူကြီးကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးသာ အကယ်၍ တကယ်နေမကောင်းဖြစ်ပါက နန်းတွင်းသမားတော် အဆင့်ရှိသူများကသာ လာရောက်ကုသပေးကြမည် ဖြစ်သည်။

ထိုသို့သောသူက စီအန်းဆေးတိုက်လေးကိုမှ ရွေးပြီး လာပြတယ်ဆိုတော့...

ဟုတ်ပြီ... ဖြစ်နိုင်တာက စစ်သူကြီးမှာ ဂိုဏ်းချုပ်ဆရာကြီးဝမ်ကိုတောင် ထုတ်ပြောဖို့ ရှက်စရာကောင်းတဲ့ ရောဂါမျိုး ရှိနေလို့နေမှာ။ အဲဒါကြောင့်ပဲ ဒီဆေးတိုက်လေးမှာ လာပြနေတာ ဖြစ်ရမယ်။

ဆေးဧကရာဇ်ခန်းမတောင် မသိနိုင်တဲ့ ရောဂါမျိုးကို စီအန်းဆေးတိုက်က တကယ်ပဲ ရှာဖွေဖော်ထုတ်နိုင်လို့လား။

လူအများ၏ စိတ်ကူးယဉ်မှုများမှာ အမှန်တကယ်ပင် အကန့်အသတ်မဲ့လှသည်။ စစ်သူကြီးအိမ်တော်မှ အိမ်တော်ထိန်းကြီးကိုယ်တိုင်ကပင် စကားနားထောင်ပြီး ဆေးတောင်းနေရသည်ဆိုလျှင် ဤအဖိုးအိုမှာ...

ယန်ပါးဟိုမှာမူ ဒေါသနှင့် အရှက်ကြောင့် သွေးအန်မတတ် ခံစားလိုက်ရတော့သည်။ သူသည် ယွင်ရှန်း၏ စခန်းတွင် ဆက်လက်မနေရဲတော့ဘဲ အသက်လုပြေးသကဲ့သို့ ထွက်ပြေးသွားလေတော့သည်။ အိမ်တော်ထိန်း ဦးလေးယန်သည်လည်း အားနာသလို မျက်နှာပေးဖြင့် ဆေးထုပ်များကို ပိုက်ကာ သူ၏သခင်နောက်သို့ အပြေးလိုက်သွားရတော့သည်။

"ဝါး... ယွင်ရှန်း ဟိုအဖိုးကြီးက တကယ်ပဲ အဲဒီလူလား"

ဂူဖုန်း၏ အတင်းအဖျင်းပြောလိုသော စိတ်ဆန္ဒများမှာ ပြင်းပြနေပြီး ဘေးမှနေ၍ ကပ်မေးလိုက်သည်။

"ဟိုအဖိုးကြီးမှာ တကယ်ပဲ ကုလို့မရတဲ့ နောက်ဆုံးအဆင့် ရောဂါဆိုးကြီး ရှိနေတာလား"

ဂူဖုန်းသည် ယွင်ရှန်း၏ အပ်စိုက်ပညာကို ယခင်က မြင်ဖူးသော်လည်း ယခုကဲ့သို့ ဤတိုက်ကြီးတစ်ခုလုံးတွင် မမြင်ဖူးသော ဆန်းကြယ်လှသည့် အပ်စိုက်နည်းပညာမျိုးမှာ အမှန်တကယ်ပင် မှော်ဆန်လှသည်ဟု သူ ယူဆထားသည်။

"ဒါက ပြင်းထန်တဲ့ရောဂါ မဟုတ်ပါဘူး။ သူက သိုင်းပညာရှင်တစ်ယောက်ဖြစ်လို့ ခန္ဓာကိုယ်အခြေခံက သန်မာပြီးသားပါ။ ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ သူ့ကိုယ်သူ ဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်။ အခုပေးလိုက်တဲ့ဆေးကလည်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သာမန်ဆေးပါပဲ။ အပ်စိုက်လိုက်တာကတော့... ကျွန်မက အသည်းရဲ့ စီရင်စုကြောထဲကို အပ်စိုက်လိုက်လို့ပါ"

ယွင်ရှန်းသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ဆေးပညာနှစ်မျိုးစလုံးကို လေ့လာထားသူဖြစ်သဖြင့် ကုထုံးနှစ်မျိုးစလုံး၏ အနှစ်သာရကို ကောင်းစွာ နားလည်ထားသည်။

အသည်းသည် လူ့ခန္ဓာကိုယ်၏ အဓိကအင်္ဂါတစ်ခုဖြစ်ပြီး အသည်းစီရင်စုကြောဆိုသည်မှာ တရုတ်ရိုးရာဆေးပညာ၏ အယူအဆတစ်ခုဖြစ်သည်။ အမှန်စင်စစ် ယွင်ရှန်း အပ်စိုက်လိုက်သော ထိုအချက်သည် အသည်း၏ သွေးကြောများနှင့် အာရုံကြောများ အထူထပ်ဆုံး စုစည်းရာနေရာနှင့် ကိုက်ညီနေသည်။

မှော်ဒြပ်စင်များပါဝင်သော အပ်တစ်ချောင်းဖြင့် ထိုနေရာကို ထိုးစိုက်လိုက်ခြင်းက အသည်းတွင် ပြင်းထန်သော နာကျင်မှုကို ခံစားရစေသော်လည်း ၎င်းသည် ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးခြင်း မရှိစေပေ။ ယန်ပါးဟို၏ အသည်းမှာ အမှန်တကယ်ပင် အခြေအနေမကောင်းသဖြင့် ယွင်ရှန်းသည် အပ်တစ်ချောင်းတည်းဖြင့်ပင် ကုသမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယန်ပါးဟို၏ ယခုတစ်ခေါက် နှောင့်ယှက်မှုမှာ မထင်မှတ်ထားသော ရလဒ်ကောင်းကို ဖြစ်ပေါ်စေခဲ့သည်။

စစ်နတ်ဘုရား စစ်သူကြီးအိမ်တော်မှ အိမ်တော်ထိန်းကြီးနှင့် စစ်သူကြီးဟောင်းနှင့် ဆင်တူသော လျှို့ဝှက်ဆန်းပြားသည့် ပုဂ္ဂိုလ်ကြီးတို့ စီအန်းဆေးတိုက်၌ လာရောက်ကုသမှုခံယူသည်ကို လူအများက မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် ဆေးဧကရာဇ်ခန်းမ၌ လူနာတန်းမှာ အလွန်ရှည်လျားလွန်းနေသောကြောင့်လည်း ဖြစ်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် လူအများမှာ စီအန်းဆေးတိုက်၏ အခမဲ့ဆေးကုသရေးစခန်းဆီသို့ တဖြည်းဖြည်း ရွှေ့လျားလာကြတော့သည်။

ယွင်ရှန်းသည်လည်း လူနာအချို့ကို ဆက်တိုက် လက်ခံကုသပေးခဲ့သည်။

မွန်းလွဲပိုင်းမှ ညနေစောင်းအထိ ယွင်ရှန်းသည် လူနာပေါင်း ၂၀ ကျော်ကို ကြည့်ရှုပေးခဲ့သည်။ သို့သော် ပထမဆုံးရောက်လာသော ယန်ပါးဟိုမှလွဲလျှင် ကျန်လူနာများမှာ သာမန်နှာစေးချောင်းဆိုးများသာ ဖြစ်ကြသဖြင့် ယွင်ရှန်း၏ ထူးခြားသော ဆေးပညာအရည်အချင်းကို အမှန်တကယ် ထုတ်ဖော်ပြသရန် အခွင့်အရေး မရခဲ့ချေ။

နေဝင်ရိုးရီ အချိန်သို့ ရောက်သောအခါ စီအန်းဆေးတိုက်၏ ရှေ့တွင် လူနာများ မရှိတော့ပေ။ ဂူဖုန်းနှင့် အခြားသူများက စခန်းကို စတင်သိမ်းဆည်းနေကြသော်လည်း ဆေးဧကရာဇ်ခန်းမ၏ ရှေ့တွင်မူ ကုသမှုခံယူရန် စောင့်ဆိုင်းနေသော လူနာပေါင်း ဒါဇင်နှင့်ချီ၍ ကျန်ရှိနေသေးသည်။

ချန်စီဟိုင်သည် သူ၏ရှေ့မှ အခမဲ့ကုသရန် စောင့်ဆိုင်းနေသူများကို စိတ်မရှည်စွာ ကြည့်

လိုက်သည်။ အမှန်စင်စစ် စီအန်းဆေးတိုက်ကို သိက္ခာချရန်သာ မဟုတ်ပါက သူသည် ဤကဲ့သို့သော ပရဟိတအလုပ်မျိုးကို လုံးဝသဘောတူမည်မဟုတ်ပေ။ အခမဲ့ဆေးကုသပေးခြင်းဆိုသည်မှာ ပင်ပန်းရုံသာရှိပြီး ဂုဏ်သတင်းကောင်း ရရှိရန်အတွက်သာ လုပ်ဆောင်ရခြင်း ဖြစ်သည်။

တစ်နေကုန် အလုပ်လုပ်ပြီးနောက် ချန်စီဟိုင်မှာ အတော်လေး ပင်ပန်းနေပြီဖြစ်သည်။ သူသည် သိုင်းပညာရှင်လည်းမဟုတ်သလို မှော်ဆရာလည်းမဟုတ်သဖြင့် သူ၏ကိုယ်ကာယ ကြံ့ခိုင်မှုမှာ သာမန်လူထက် မပိုပေ။

"ချီထျန်း... ကျန်တဲ့ လူနာအနည်းငယ်ကို မင်းပဲ ကြည့်ပေးလိုက်တော့"

ချန်စီဟိုင်သည် လူတန်းကို တစ်ချက်ကြည့်ကာ သမ်းဝေလိုက်ပြီး ထရပ်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုစဉ်မှာပင် လူတန်းနောက်ဘက်မှ လူနာတစ်ဦးမှာ အရှေ့သို့ တိုးထွက်လာပြီး "ဆရာဝန်ကြီးချန်... ကျွန်တော်က ဆရာဝန်ကြီးနဲ့ပဲ ပြချင်လို့ အထူးတလည် လာခဲ့တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ချက်လောက် ကြည့်ပေးပါဦး" ဟု အသနားခံလိုက်သည်။

ထိုသို့ပြောလိုက်သူမှာ အသက် ၃၀ ဝန်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး တောသူအမျိုးသမီးတစ်ဦးလည်း ပါလာသည်။ သူတို့နှစ်ဦးစလုံးမှာ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းကြပြီး ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားကြသဖြင့် ဆင်းရဲသားနွယ်ဖွားများဖြစ်ကြောင်း ထင်ရှားလှသည်။

တစ်မွန်းလွဲလုံး လူအုပ်ကြား၌ ရပ်စောင့်နေခဲ့ရသဖြင့် ထိုဇနီးမောင်နှံ၏ နှုတ်ခမ်းများမှာ ခြောက်ကပ်နေပြီး နဖူးတွင်လည်း ချွေးများ စိုရွှဲနေကာ သူတို့၏ မျက်နှာထက်၌ အရေးတကြီး လိုလားတောင့်တမှုများ ပြည့်နှက်နေသည်။ ချန်စီဟိုင် တကယ်ထွက်သွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် လမ်းကို အလျင်အမြန် ပိတ်လိုက်ကြခြင်း ဖြစ်သည်။

ချန်စီဟိုင်မှာ အတော်လေး စိတ်ပျက်သွားသော်လည်း လူအများ၏ စောင့်ကြည့်နေသော အကြည့်များကြောင့် ပြန်ထိုင်လိုက်ရသည်။

All Chapters