နတ်ဘုရားအတွက်အမှုထမ်း၍ သက်ရှိများကိုထိန်းကျောင်းခြင်း
Vol. 25 Ch. 386
ယွီဟွာနတ်ဘုရားနန်းတော်ကတော့ ကွေ့ရှန်းသောင်းကျန်းခဲ့သည့် ဒီဆယ်စုနှစ်တွေအတွင်း ရပ်တန့်မနေဘဲ ပိုမို အင်အားကြီးထွားလာသည်။
တပည့်အရေအတွက် ၃ သောင်းကျော်ရှိလာပြီ။
အများစုက အမတနယ်မြေရှိ နတ်ဘုရားဓားဂိုဏ်းမှ ပျံသန်းတက်ရောက်လာသူများ ဖြစ်ကြသည်။
ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံး မလုံလောက်မှုကြောင့် လူအများစုက အခြေခံတည်ဆောက်ခြင်းအဆင့် မရောက်နိုင်သေးပေ။
ဒီတစ်ခါ လီချန်က အခွင့်အရေးကို အသုံးချပြီး မွေးရာပါဝိညာဉ်ပစ္စည်းတွေနဲ့ နတ်ဆေးပင်တွေကို အလုံးအရင်းနဲ့ စုဆောင်းခိုင်းလိုက်သည်။
ယွီဟွာနတ်ဘုရားနန်းတော်မှ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့်၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်၊ မူလဝိညာဉ်အသွင်ပြောင်းခြင်းနှင့် တာအိုပေါင်းစည်းခြင်းအဆင့် ဒါဇင်ပေါင်းများစွာအပါအဝင် အားလုံးနီးပါး ထွက်ခွာလှုပ်ရှားကြသည်။
ယွီဟွာနတ်ဘုရားနန်းတော်တစ်ခုလုံး အင်အားအကုန်ထုတ်သုံးလိုက်ခြင်းဖြစ်သည်။
အရင်းအမြစ် ရှာဖွေစုဆောင်းရေး စစ်ဆင်ရေးကြီးက နှစ်ဝက်လောက် ကြာမြင့်ခဲ့ပြီး ရိတ်သိမ်းရရှိမှုက ကြီးမားလှသည်။
၃၃ ဘုံရှိ အင်အားကြီး ဂိုဏ်းအသီးသီးတွင် မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားများ ကွပ်ကဲမှု မရှိတော့သဖြင့်၊ ယွီဟွာနတ်ဘုရားနန်းတော်၏ လျှို့ဝှက်လုယူမှုကို ခုခံနိုင်စွမ်း မရှိကြပေ။
မတတ်နိုင်ဘူးလေ။ မွေးရာပါဝိညာဉ်ပစ္စည်းနဲ့ နတ်ဆေးပင်ထွက်ရှိရာနေရာတွေကို အင်အားကြီး ဂိုဏ်းတွေက လက်ဝါးကြီးအုပ်ထားတာကိုး။ လီချန်အနေနဲ့ ကျားပါးစပ်ထဲက အသားကို နှိုက်ယူရုံမှတပါး ရွေးချယ်စရာမရှိဘူး။
အခုအချိန်မှာ အဲဒီဂိုဏ်းကြီးတွေကအထိနာနေပြီး ခေါင်းဆောင်ပိုင်းတွေကလည်း ပုန်းအောင်းနေရတာမို့ ခေါင်းမထောင်ရဲကြဘူး။
ဒါကြောင့် ယွီဟွာနတ်ဘုရားနန်းတော်အတွက် အခွင့်ကောင်းဖြစ်လာသည်။
လုပ်ရပ်က နည်းနည်းအရှက်မရှိရာကျပေမဲ့... အရင်းအမြစ်တွေကို သူတို့ပဲ ယူထားကြတာလေ။ လိုချင်ရင် လုရမှာပဲ။
ဒီအချိန်ကျမှ အင်မော်တယ်နန်းတော်အင်အားစုတွေက ကွေ့ရှန်း ပျောက်ဆုံးသွားကြောင်း နောက်ကျမှ သတိထားမိကြသည်။
ဂိုဏ်းအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ စမ်းတဝါးဝါးနဲ့ ခေါင်းပြန်ထောင်လာကြသည်။
ကွေ့ရှန်း ထပ်မပေါ်လာတော့တာသေချာမှ ၃၃ ဘုံက ဂိုဏ်းကြီးတွေ ဝမ်းသာလွန်းလို့ ငိုကြွေးကြသည်။
ကွေ့ရှန်း ဘယ်လိုပျောက်သွားလဲ မသိပေမဲ့ ဒီတစ္ဆေကပ်ဘေးဆိုးကြီး ပြီးဆုံးသွားပြီလို့ ယူဆရသည်။
သို့သော် ဆုံးရှုံးမှုစာရင်းပြန်တွက်လိုက်တဲ့အခါ အားလုံး ငိုချင်ရက် လက်တို့ ဖြစ်ကုန်ကြသည်။
ကံကောင်းတဲ့ ဂိုဏ်းတွေတောင် ရွှေနတ်ဘုရား ၃ ပုံ ၁ ပုံလောက်ပဲ ကျန်တော့တယ်။ ကံဆိုးတဲ့ ဂိုဏ်းတွေဆိုရင် မျိုးတုန်းလုနီးပါးဖြစ်ကုန်ကြပြီ။
အထူးနတ်ဘုရားဂိုဏ်းကြီး ၄ ခုတောင်မှ အကြီးအကျယ် အထိနာခဲ့ရသည်။
ဒါက ရွှေနတ်ဘုရားတွေရဲ့ ဆုံးရှုံးမှုပဲရှိသေးတယ်။ ထိုက်ယိ၊ တာ့လော်၊ ဟွမ်ယွမ်အဆင့် တာအိုသခင်တွေရဲ့ဆုံးရှုံးမှုက ပိုများတယ်။ မျိုးဆက်ပြတ်လုနီးပါး ဖြစ်သွားပြီ။
အတိုချုပ်ပြောရရင် ၃၃ ဘုံရဲ့ ကျင့်ကြံခြင်း အင်အားစုတွေရဲ့ စွမ်းအား ၄ ပုံ ၃ ပုံကျော် ဆုံးရှုံးသွားခဲ့ပြီ။
ဒီလိုအခြေအနေမှာ ကိုယ့်ဂိုဏ်းက အရင်းအမြစ်တချို့ အခိုးခံလိုက်ရတာလောက်က ဘာမှ မပြောပလောက်တော့ဘူး။
ဒါ့အပြင် ပိုကြီးမားတဲ့ပြဿနာတွေ နောက်က လိုက်လာသည်။
ငရဲဘုံသား တစ္ဆေမျိုးနွယ်၊ နတ်ဘုရားသွေး ရှားမန်ဂိတ်၊ ရှေးဟောင်းမိစ္ဆာဂိုဏ်း စတဲ့ ပြင်ပကမ္ဘာ အင်အားစုတွေ အလုံးအရင်းနဲ့ ကျူးကျော်လာကြပြီ။
အရင်တုန်းကလို အသေးစားတိုက်ပွဲလေးတွေ မဟုတ်တော့ဘူး။
အထူးသဖြင့် ငရဲဘုံသားတွေက ၃၃ ဘုံ အနှံ့အပြားက တစ္ဆေနယ်မြေတွေကနေတဆင့် နယ်မြေဖြတ်ကျော် ဝင်ရောက်လာပြီး၊ သတ္တဝါဆန်းအမြောက်အမြားကို ဦးဆောင်ကာ အရာအားလုံးကို တိုက်ခိုက်ချေမှုန်းနေကြသည်။
အသက်ရှူချောင်ဖို့ အချိန်မရလိုက်တဲ့ အင်မော်တယ်နန်းတော်နဲ့ ဂိုဏ်းကြီးတွေ ထပ်မံအထိနာကြပြန်သည်။
၃၃ ဘုံ တစ်ခုလုံး စစ်မီးလျှံများအတွင်း ပြန်လည်ကျရောက်သွားသည်။
....
တပြိုင်နက်တည်းမှာပင်။
လီချန်က ယွီဟွာနတ်ဘုရားနန်းတော် လူတွေကို ပြန်လည်ပုန်းအောင်းခိုင်းလိုက်သည်။
အပြင်လောကကြီးက အရမ်းရှုပ်ထွေးနေပြီ။
ယွီဟွာနတ်ဘုရားနန်းတော်က အင်အားမသေးပေမဲ့ ဂိုဏ်းကြီးတွေနဲ့ယှဉ်ရင် အုတ်မြစ်မခိုင်မာသေးဘူး။
ဆက်ပြီး ပုန်းအောင်းပြီး အင်အားမွေးနေတာ ပိုကောင်းမယ်။
ပြီးတော့ အခုက ဟွေ့ယွမ်ကပ်ဘေးကာလလေ။
မလိုအပ်ဘဲ ဝင်မပါမိဖို့ အရေးကြီးတယ်။
ဒါ့အပြင် သူက ပေါင်လင်းမယ်တော် (ကွေ့ရှန်း) ကို ထိန်းချုပ်နိုင်ဖို့အတွက် အချိန်နဲ့ ခွန်အားတွေ အများကြီးစိုက်ထုတ်ပြီး လေ့လာနေရတယ်။
ဒီကွေ့ရှန်းကိုသာ ထိန်းချုပ်နိုင်ရင် တန်ဖိုးကြီးမားလိမ့်မယ်။
ကွေ့ရှန်းကို ဖမ်းဆီးထားပြီးနောက်၊ နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားခဲ့တယ်။ အားရို့ကို သုံးပြီး ပေါင်လင်းမယ်တော်ရဲ့ မှတ်ဉာဏ်တွေ ပြန်နှိုးဆွဖို့ ကြိုးစားပေမဲ့ လုံးဝအလုပ်မဖြစ်ခဲ့ဘူး။
ဒါကြောင့် တခြားနည်းလမ်းတွေသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေရတာ။
သေချာတာကတော့ ကွေ့ရှန်းနောက်ကွယ်က ဟွန်တွန်အဖွဲ့အစည်းကို ထည့်သွင်းစဉ်းစားရမယ်... ကွေ့ရှန်းကို တကယ် ထိန်းချုပ်နိုင်ရင်တောင် လွယ်လွယ်နဲ့ ထုတ်မသုံးသင့်ဘူး။
ဟွန်တွန်အဖွဲ့အစည်းရဲ့ ပစ်မှတ်ထားတာကို မခံချင်ဘူးလေ။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး စနစ်မျက်နှာပြင်ကို ခေါ်ယူကာ သက်ပြင်းချလိုက်သည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
မဟာယာနနယ်ပယ် (ကနဦးပိုင်း ၄၀/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၃၉၉၅၁၅/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံဓား သတ္တမအထိ: (ကျွမ်းကျင်)။
ကောင်းကင်ဘုံအဌမဓား (အဆင့်ကြီးအောင်မြင်မှု ၁၇/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
လင့်တုန်းလောကသစ်ပင် (အဆင့် ၇ ၂၀/၁၀၀)။
အရန်နိယာမများ: အားလုံး အဆင့် ၆ (၃၅/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ့်လေးအခြေခံ ၁၂/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်ဆယ့်တစ် ၉၉/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့်ဆယ့်တစ် ၉၉/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့်ဆယ့်နှစ် ၉၉/၁၀၀)။
သားရဲထိန်းကျောင်းသူ (အဆင့် ၇ ၆၆/၁၀၀)။
နှစ် ၁၀၀ နီးပါး ကြာခဲ့ပေမဲ့ သူ့ ကျင့်ကြံမှု၊ လင့်တုန်းလောကသစ်ပင်၊ ကောင်းကင်ဘုံအဌမဓား (လုရှန်ဓား) နဲ့ အရန်နိယာမ ၇ ခုရဲ့ တိုးတက်မှုက သိပ်မများလှဘူး။
အဓိကက သူ အချိန်အများစုကို နတ်ဘုရားအကြေးခွံနဲ့ အစီအရင်လေ့လာရေးမှာ ပေးထားလို့ပင်။
ကျင့်ကြံဖို့ အချိန်နည်းသွားတယ်။ ပြီးတော့ ကျင့်ကြံမှုအဆင့်က မြင့်လွန်းနေပြီမို့ တိုးတက်မှု မြန်ဆန်ဖို့ မဖြစ်နိုင်တော့ဘူး။
အထူးသဖြင့် နိယာမတိုးတက်မှုက ကိုယ့်ဖာသာ ကျင့်ကြံရရင် လိပ်သွားသလို နှေးကွေးလွန်းတယ်။
တစ္ဆေနယ်မြေတွေကို သွားရှင်းလင်းချင်ပေမဲ့... လက်ရှိအခြေအနေက အန္တရာယ်များလွန်းတယ်။
သူ့ တိုက်ခိုက်နိုင်စွမ်းက ရှန်ဝမ် (မသေမျိုးဘုရင်) အဆင့် ရှိနေပြီဆိုပေမဲ့...
၃၃ ဘုံမှာ ပြိုင်ဘက်ကင်းတယ်လို့ သူ မယူဆရဲဘူး။
၃၃ ဘုံမှာ ရှန်ဝမ် မရှိပေမဲ့... တခြားကမ္ဘာတွေက ဝင်ရောက်လာနိုင်တယ်လေ။ ပြီးတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ ဟွန်တွန်အဖွဲ့အစည်းလည်း ရှိသေးတယ်။
ဒီအချိန်မှာ အစွမ်းအစ အကုန်ထုတ်ပြလိုက်ရင် ဟွန်တွန်အဖွဲ့အစည်းရဲ့ မျက်စိကျတာခံရပြီး ဒုက္ခရောက်ကုန်လိမ့်မယ်။
တကယ်တမ်းကျတော့ သူ့မှာ စိတ်ကူးတစ်ခု ရှိတယ်။ ပေါင်လင်းမယ်တော် (ကွေ့ရှန်း) ကို ပြန်လွှတ်ပေးပြီး ၃၃ ဘုံကို ကျူးကျော်နေတဲ့ ပြင်ပကမ္ဘာ အင်အားစုတွေကို ရှင်းလင်းခိုင်းလိုက်ရင် ကောင်းမလားလို့။
ဒါပေမဲ့ အဲဒီလိုလုပ်ရင် ၃၃ ဘုံက ဒေသခံ အင်အားစုတွေလည်း ရောပြီး ထိခိုက်ကုန်ကြမှာ။
ပြီးတော့ ကွေ့ရှန်းကို လွှတ်ပေးပြီးရင် ပြန်ဖမ်းဖို့က ခက်ခဲလိမ့်မယ်။
ကွေ့ရှန်းမှာ မှတ်ဉာဏ်မရှိပေမဲ့... ဉာဏ်မရှိတာ မဟုတ်ဘူး။
သူ့လက်ချက်နဲ့ တစ်ခါခံထားရဖူးတော့ နောက်တစ်ခါ သူ့ကိုမြင်ရင် ပုန်းနေလောက်တယ်။
ဒါကြောင့် ကွေ့ရှန်းကို လုံးဝ မထိန်းချုပ်နိုင်မချင်း ပြန်မလွှတ်တာ အကောင်းဆုံးပဲ။
.....
၁၀ ခုမြောက်ဘုံ။
ယွီဟွာနတ်ဘုရားဂိုဏ်း။
၃၃ ဘုံ တစ်ခုလုံး စစ်ပွဲတွေ ဖြစ်ပွားနေကတည်းက ယွီဟွာနတ်ဘုရားဂိုဏ်းက အင်အားတွေကို ပြန်လည် ရုပ်သိမ်းပြီး ကျုံ့နေခဲ့သည်။
လီချန်က ၁၀ ခုမြောက်ဘုံရှိ တစ္ဆေနယ်မြေတွေကို ရှင်းလင်းပေးထားလို့ ဒီနေရာက လောလောဆယ် ငြိမ်းချမ်းနေပြီး ပြင်ပကမ္ဘာ အင်အားစုတွေ မရောက်လာသေးပေ။
ယခုအခါ ယွီဟွာနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကြီးသည် စွမ်းအားပြည့် လည်ပတ်နေသည်။
ဒီအစီအရင်ကို လီချန်ကိုယ်တိုင် မွမ်းမံပြင်ဆင်ပေးထားတာ။
၂၄ အခြေခံအဆင့် မရောက်သေးပေမဲ့ ၂၃ အခြေခံအဆင့်တော့ ရှိသည်။ ၃၃ ဘုံတစ်ခုလုံး အတိုင်းအတာနဲ့ ကြည့်ရင်တောင် ယွီဟွာနတ်ဘုရားဂိုဏ်းရဲ့အစီအရင်က မသေးလှဘူး။
၁၀ ခုမြောက်ဘုံလို အောက်ပိုင်းဘုံအတွက်ဆိုရင်တော့ လုံးဝ ကောင်းကင်အဆင့် အစီအရင်ကြီးပါပဲ။
ဟွေ့ယွမ်ကပ်ဘေးကာလသာမဟုတ်ရင် ဒီလောက်အဆင့်မြင့်တဲ့အစီအရင်ရှိနေတာကြောင့် ယွီဟွာနတ်ဘုရားဂိုဏ်းက တောင်လို ခိုင်ခံ့နေမှာ။
ဒါပေမဲ့ အခုချိန်မှာ ယွီဟွာနတ်ဘုရားဂိုဏ်းကို ကြောက်မက်ဖွယ် တစ္ဆေတိမ်တိုက်မည်းကြီး ဝန်းရံထားသည်။
တစ္ဆေတိမ်တိုက်ထဲတွင် ကြောက်မက်ဖွယ် ငရဲဘုံသား ၃ ဦး မတ်တတ်ရပ်နေပြီး သတ္တဝါဆန်း အမြောက်အမြားကို ထိန်းချုပ်ကာ ယွီဟွာနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်နေကြသည်။
"ဂိုဏ်းသေးသေးလေးတစ်ခုက ဂိုဏ်းကာကွယ်ရေးအစီအရင် ဒီလောက် အဆင့်မြင့်နေမယ်လို့ မထင်ထားဘူး..." ခေါင်းဆောင် ငရဲဘုံသားက အေးစက်စွာ ပြောလိုက်သည်။
သူတို့ ၃ ယောက် ၃၃ ဘုံကို ရောက်နေတာ နှစ် ၁၀၀ ကျော်ပြီ။
ထိန်းချုပ်မှုလွတ်သွားတဲ့ ကွေ့ရှန်း ဘယ်လိုပျောက်သွားလဲ မသိပေမဲ့ သူတို့မှာ မပြီးပြတ်သေးတဲ့ တာဝန်တစ်ခုရှိနေသေးတယ်။ အဲဒါက ခေါင်းသုံးလုံးငရဲခွေးကြီးကို သတ်သွားတဲ့သူကို ရှာဖွေဖို့ပဲ။
"ဒီအစီအရင်က အနည်းဆုံး အခြေခံ ၂၂ အထက် ရှိတယ်။ ဟိုလီချန်က အစီအရင်ဆရာလေ။ အရင်တုန်းက ခေါင်းသုံးလုံးခွေးကြီးကို သတ်ခဲ့တာလည်း ဓားအစီအရင်သုံးပြီး သတ်ခဲ့တာ... ဒီအစီအရင်က သေချာပေါက် အဲဒီလူ စီစဉ်ထားတာပဲ။ ကောင်းတယ်... ဒါကို အခွင့်ကောင်းယူပြီး အဲဒီလူကို ဆွဲထုတ်ရမယ်"
"အဲဒီလူ ထွက်လာပါ့မလား မသိဘူး"
"မထွက်လာရင် ဒီယွီဟွာနတ်ဘုရားဂိုဏ်း တစ်ခုလုံးကို ပြာကျအောင် လုပ်ပစ်လိုက်မယ်..."
"တကယ်လို့ အဲဒီလူက ၃၃ ဘုံကနေ ထွက်ခွာပြီး ကျီမိသားစုနောက်လိုက်သွားပြီဆိုရင်ရော... ကျီမိသားစု လူတွေ ပြန်သွားကြပြီလေ"
"အင်း... အဲဒီလို ဖြစ်နိုင်ချေလည်းရှိတယ်။ အဲဒီလူသာ ကျီမိသားစုနောက် လိုက်သွားရင် ငါတို့ အလကား အလုပ်ရှုပ်ရတာပေါ့"
"ဒါဆိုရင်လည်း ယွီဟွာနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးပြီး အတိုးအရင် ကောက်လိုက်ကြတာပေါ့။ အနည်းဆုံးတော့ ခေါင်းဆောင်ဆီ ပြန်တင်ပြစရာရှိတယ်လေ။"
"ဒီလိုလဲ ကောင်းပါတယ်"
ငရဲဘုံသား ၃ ဦး တိုင်ပင်ပြီးနောက် ယွီဟွာနတ်ဘုရားဂိုဏ်း အစီအရင်ကို ပိုမို ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။
ရုတ်တရက်...
တစ္ဆေတိမ်တိုက်ထဲတွင် တစ္ဆေရိပ်တစ်ခု ပေါ်လာသည်။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး၊ မျက်လုံးများက ဟာလာဟင်းလင်း ဖြစ်နေသည်။
"ကွေ့... ကွေ့ရှန်း ..."
ခေါင်းဆောင် ငရဲဘုံသား တစ်ကိုယ်လုံး တုန်ခါသွားသည်။ ဒီအဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး ဆီမှ ထွက်ပေါ်နေသော ထူးဆန်းသည့် အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် သွားများ တုန်ရီလာသည်။
ဒီကွေ့ရှန်းက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကွေ့ရှန်း ပျောက်သွားပြီ မဟုတ်ဘူးလား"
"သွားပြီ..."
ကျန် ငရဲဘုံသား ၂ ဦးလည်း ကြောက်ဒူးတုန်နေပြီး လှည့်ပြေးဖို့ ပြင်လိုက်ကြသည်။
သူတို့ ၃ ဦး လမ်းခွဲပြီး နေရာ ၃ ခုဆီ ပြေးကြသည်။
လမ်းခွဲပြေးမှ အသက်ရှင်နိုင်မယ့် အခွင့်အရေး ရှိမယ်လို့ သူတို့ သိထားကြသည်။
ဝမ်းနည်းစရာက ပေါင်လင်းမယ်တော် (ကွေ့ရှန်း) က သူတို့ကို ထွက်ပြေးခွင့် မပေးပါဘူး။
ကွေ့ရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် သံကြိုး ၃ ချောင်း ပျံထွက်သွားပြီး ငရဲဘုံသား ၃ ဦး၏ ခန္ဓာကိုယ်များကို ဖောက်ထွင်းလိုက်သည်။
ငရဲဘုံသား ၃ ဦး လေထဲတွင် တွဲလောင်း ပါသွားပြီး သံကြိုးဖြင့် သီကုံးခံလိုက်ရသည်။
သူတို့ သနားစရာကောင်းစွာ အော်ဟစ်ပြီး ရုန်းကန်နေကြသော်လည်း... အရာမထင်ပေ။
ဒီကွေ့ရှန်းက သူတို့ရဲ့ သဘာဝရန်သူဖြစ်နေသလိုပါပဲ။
သူတို့ ခန္ဓာကိုယ်ထဲက နိယာမ စွမ်းအားတွေ လျင်မြန်စွာ စီးဆင်းသွားပြီး ကွေ့ရှန်းရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ခဏအကြာတွင် ငရဲဘုံသား ၃ ဦးလုံး ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားကြသည်။
သူတို့ သေဆုံးသွားသည်နှင့် ထိန်းချုပ်မှု ကင်းမဲ့သွားသော သတ္တဝါဆန်း အမြောက်အမြားလည်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
ထူထပ်သော တစ္ဆေတိမ်တိုက်ကြီးလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
အဖြူရောင်ဝတ်စုံနှင့် ကွေ့ရှန်းသည် ငရဲဘုံသား ၃ ဦးကို ဝါးမျိုပြီးနောက် အရှိန်အဝါ ပိုမိုအားကောင်းလာသည်။ ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်ပေါ်တွင် သံကြိုးများပေါ်လာပြီး သူမက အစွမ်းကုန် ရုန်းကန်တော့မည့်ပုံ ပေါက်နေသည်။
ထိုအချိန်တွင် လူတစ်ယောက် ပေါ်လာသည်။ လီချန်ပင် ဖြစ်သည်။
သူ့နောက်ကျောတွင် ကျောက်ခေါင်းတလားတစ်ခု ပေါ်လာပြီး၊ ကွေ့ရှန်းကို တိုက်ရိုက်လွှမ်းခြုံကာ ပြန်လည်သိမ်းဆည်းလိုက်သည်။
ဟူး!
လီချန် သက်ပြင်းချလိုက်သည်။
သူ ကွေ့ရှန်းကို ထိန်းချုပ်မယ့်နည်းလမ်း ရှာတွေ့ခဲ့ပြီ။
ဒါပေမဲ့ အကြွင်းမဲ့ ထိန်းချုပ်နိုင်တာတော့ မဟုတ်သေးဘူး...
ဒီကွေ့ရှန်းရဲ့ တွန်းလှန်လိုစိတ်က အရမ်းပြင်းထန်တယ်။ အထူးသဖြင့် ငရဲဘုံသား ၃ ဦးကို ဝါးမျိုပြီးတဲ့နောက် ပြန်လည်တိုက်ခိုက်ချင်တဲ့ သဘောထား ချက်ချင်းပြလာတယ်။
ကံကောင်းတာက သူ နတ်ဘုရားအကြေးခွံ နဲ့ ကျောက်ခေါင်းတလားကို အသုံးပြုပြီး ပေါင်လင်းမယ်တော် (ကွေ့ရှန်း) ကို သေချာ ဖိနှိပ်ထားနိုင်ခဲ့လို့ သူမ ဘာမှ ပြန်မလုပ်နိုင်ခဲ့တာ။
ငရဲဘုံသားတွေ ယွီဟွာနတ်ဘုရားဂိုဏ်းကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းရရချင်း သူ ကိုယ်တိုင် လာတိုက်မလို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်ပြီး ကွေ့ရှန်းကို စမ်းသပ်သုံးကြည့်လိုက်တာ။
ကြည့်ရတာ ဒီကွေ့ရှန်းက တော်တော် အသုံးဝင်သားပဲ။
လီချန် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံသို့ပြန်ရန် ပြင်လိုက်စဉ်၊ ရုတ်တရက် ဟင်းလင်းပြင် တုန်ခါသွားပြီး အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခု ကျဆင်းလာပြီး ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးကို ခဲသွားစေသကဲ့သို့ ဖြစ်သွားသည်။
လီချန် ပတ်ဝန်းကျင် ဟင်းလင်းပြင်၏ ချုပ်နှောင်မှုကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ၊ ကွဲအက်နေသော ဟင်းလင်းပြင်ထဲတွင် ထူးဆန်းသော သင်္ဘောရိပ်တစ်ခု၏ အစိတ်အပိုင်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။
"အဲဒါ..." သူ လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ ချက်ချင်းပင် လင့်တုန်းလောကသစ်ပင် နိယာမကို လည်ပတ်လိုက်ပြီး၊ ဘာမှ ဖုံးကွယ်မထားတော့ဘဲ ၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင်ကို ထုတ်သုံးကာ ခေါင်းလောင်းရိပ်တစ်ခု ဖန်တီးလိုက်သည်။
ဒေါင်! ဒေါင်! ဒေါင်!
သူ့ခန္ဓာကိုယ် ပြန်လည်လှုပ်ရှားနိုင်သွားသည်။
ထိုအချိန်တွင် သင်္ဘောရိပ်ထဲမှ လူရိပ်တစ်ခု ကျဆင်းလာပြီး လီချန် ရှေ့သို့ ရောက်လာသည်။
"မထင်မှတ်ထားဘူး... နတ်ဘုရားအကြေးခွံကို ယူသွားပြီး ကွေ့ရှန်း ကို ထိန်းချုပ်လိုက်တာ မင်း ဖြစ်နေတာကိုး..." ထိုလူက အံ့သြသော မျက်နှာထားဖြင့် လီချန်ကို အကဲခတ်နေသည်။
ဒီနှစ်တွေအတွင်း သူက ၃၃ ဘုံမှာ နတ်ဘုရားအကြေးခွံ ရဲ့ သဲလွန်စကို ရှာဖွေနေခဲ့တာ။
ဘာမှ မတွေ့ခဲ့ဘူး။
နောက်ပိုင်း ကွေ့ရှန်းပါ ပျောက်သွားတယ်။
ဒီနေ့မှပဲ ကွေ့ရှန်းနဲ့ နတ်ဘုရားအကြေးခွံရဲ့အရှိန်အဝါကို အာရုံခံမိပြီး ချက်ချင်းရောက်လာခဲ့တာ။
တော်သေးတယ်... လွတ်မသွားဘူး။
"ခင်ဗျား ဘယ်သူလဲ" လီချန် သတိကြီးစွာထားပြီး ကြည့်လိုက်သည်။
ထိုလူ့ဆီက အရှိန်အဝါက အလွန်ထူးဆန်းပြီး ဝိုးတဝါး ဖြစ်နေပေမဲ့ ပြောမပြတတ်အောင် ကြောက်စရာကောင်းသော ခံစားမှုမျိုး ပေးနေသည်။
ထိုလူ့ ခန္ဓာကိုယ်တွင် စည်းမျဉ်းအဆင့်ရှိသော စွမ်းအားများ ပါဝင်နေသကဲ့သို့ပင်။
ပုံမှန်အားဖြင့် လီချန်က အဆင့် ၇ နိယာမ (ရှန်ဝမ်) အဆင့်ရှိနေပြီမို့... အဆင့် ၉ နိယာမ (ပေါင်လင်းမယ်တော် ကွေ့ရှန်း) အဆင့်လောက်ဆိုရင်တောင် ခြိမ်းခြောက်မှု ကြီးမားတယ်လို့ပဲ ခံစားရမှာ ဒီလို ခံစားချက်မျိုး မဖြစ်သင့်ဘူး။
ဒီလူက အဆင့် ၉ နိယာမ မသေမျိုးဧကရာဇ်အထက် ရောက်နေတာများလား။
"ဟမ်... မင်း စကားပြောနိုင်သေးတယ်... လှုပ်ရှားနိုင်သေးတယ် ဟုတ်လား" ထိုလူက လီချန်ကို ကြည့်ပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိကာ မျက်မှောင်ကြုတ်လိုက်သည်။
"တကယ်လို့ မိတ်ဆွေက ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ချင်ဘူး ဆိုရင်လည်း... ကျွန်တော် သွားတော့မယ်..." လီချန် ဒီလူနဲ့ အကြာကြီး မနေချင်ဘူး။ အန္တရာယ် အရမ်းများတယ်။
အကောင်းဆုံးနည်းလမ်းက အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ချက်ချင်း ပြန်ပြေးတာပဲ။
"နေဦး..." ထိုလူက အလျင်အမြန် တားလိုက်သည်။
လီချန် တကယ် ထွက်သွားနိုင်စွမ်းရှိမှန်း သူ ခံစားလိုက်ရလို့ပါ။
ပုံမှန်အားဖြင့် ဒီနေရာက ဟင်းလင်းပြင်ကို သူ ချုပ်နှောင်ထားတာဖြစ်လို့၊ အဆင့် ၉ နိယာမ မသေမျိုးဧကရာဇ်အဆင့်မရှိရင် လှုပ်ရှားဖို့မပြောနဲ့ စကားပြောဖို့တောင် မဖြစ်နိုင်ဘူး။ တွေးခေါ်မှုတွေတောင် နှေးကွေးသွားရမှာ။
ဘာလို့လဲဆိုတော့ သူ သုံးလိုက်တဲ့ စွမ်းအားက စည်းမျဉ်းအဆင့်လေ။
"ငါက ဟွန်တွန်အဖွဲ့အစည်းက... နာမည်ဝှက်က ဖုန်း ပါ။ ဒီတစ်ခေါက် ကွေ့ရှန်း ကြိုတင်နိုးထလာပြီး ထိန်းချုပ်မှု လွတ်သွားတဲ့ကိစ္စကို လာစုံစမ်းတာ... မိတ်ဆွေက နတ်ဘုရားအကြေးခွံ ကို ဘယ်လို ယူသွားပြီး ကွေ့ရှန်းကို ဘယ်လို ထိန်းချုပ်လိုက်တာလဲ" ထိုလူက မေးလိုက်သည်။
"ဟွန်တွန်အဖွဲ့အစည်း?" လီချန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
တကယ်ပဲ ဟွန်တွန်အဖွဲ့အစည်းနဲ့ ပတ်သက်နေတာကိုး။
ငါ စိုးရိမ်ခဲ့တာ မှန်နေတာပဲ။
သိရင် ကွေ့ရှန်းကို ထုတ်မသုံးခဲ့ပါဘူး။
"ဒါဆို မိတ်ဆွေက နတ်ဘုရားအကြေးခွံကို ပြန်ယူချင်တာလား" လီချန် တည်ငြိမ်အောင် ကြိုးစားပြီး မေးလိုက်သည်။
"ဒါပေါ့ မဟုတ်ပါဘူး..." ဖုန်း က ခေါင်းခါလိုက်သည်။ "မင်းက နတ်ဘုရားအကြေးခွံကို ရင်ဆိုင်နိုင်ရုံမက၊ အသုံးပြုပြီး ကွေ့ရှန်းကိုပါ ထိန်းချုပ်နိုင်တယ် ဆိုကတည်းက... မင်းနဲ့ နတ်ဘုရားအကြေးခွံကြားမှာ ကံစပ်တယ်ဆိုတာ ပြသနေတယ်။ ငါတို့ ဟွန်တွန်အဖွဲ့အစည်းက နတ်ဘုရားကံတရားကို အမြဲ တန်ဖိုးထားပါတယ်"
"ဒါကြောင့်... မိတ်ဆွေကို ဟွန်တွန်အဖွဲ့အစည်းထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ နတ်ဘုရားအတွက်အမှုထမ်း၍ သက်ရှိများကိုထိန်းကျောင်းခြင်းလုပ်ငန်းစဉ်မှာ ပါဝင်စေချင်ပါတယ်"
သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး အလွန်ဆွဲဆောင်မှုရှိသောလေသံဖြင့် ကမ်းလှမ်းလိုက်သည်။
***