နတ်ဘုရားအစေခံ
Vol. 25 Ch. 387
"စိတ်မရှိပါနဲ့... ကျွန်တော်က နတ်ဘုရားတွေရဲ့အစေခံကျွန်လုပ်ဖို့ စိတ်မဝင်စားပါဘူး"
လီချန် ခေါင်းခါလိုက်သည်။
သူ့ခေါင်း တံခါးညပ်ခံထားရမှပဲ ဟွန်တွန်ပြင်ပနတ်ဘုရားတွေရဲ့ ကျွန်အဖြစ် ခံယူမှာ။
ဟွန်တွန်အဖွဲ့အစည်းထဲ ဝင်လိုက်ရင် ဘယ်လိုကန့်သတ်ချုပ်ချယ်မှုတွေ၊ ထိန်းချုပ်မှုတွေ ခံရမလဲ ဘယ်သူသိမှာလဲ။ အခု သူက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေရတာ ဘယ်လောက်ကောင်းလဲ။
"တာအိုရောင်းရင်း... ဟွေ့ယွမ်ကပ်ဘေးအောက်မှာ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ဟွန်တွန်အဖွဲ့အစည်းထဲဝင်ပြီး နတ်ဘုရားအတွက် အမှုထမ်းမှသာ ကင်းလွတ်ခွင့်ရမှာ။ ဒါက ခင်ဗျားအတွက် မိုးပေါ်ကကျလာတဲ့ အခွင့်အရေးပဲ။ လက်လွှတ်လိုက်ရင် နောက်ထပ်ရမှာ မဟုတ်တော့ဘူးနော်" ဖုန်းက ဆက်လက် စည်းရုံးနေသည်။
ဝမ်းနည်းစရာက လီချန် လုံးဝ စိတ်မလှုပ်ရှားပေ။
"ထားလိုက်ပါတော့... တာအိုရောင်းရင်းက လောလောဆယ် စိတ်ကူးမရှိသေးဘူးဆိုတော့လည်း သေချာ ပြန်စဉ်းစားကြည့်ပါဦး။ တကယ်လို့ စိတ်ပြောင်းသွားရင် ဒီကျောက်စိမ်းပြားလေးကို ချိုးလိုက်ပါ... ကျွန်တော် ခင်ဗျားကို ဟွန်တွန်အဖွဲ့အစည်းထဲဝင်ဖို့ လမ်းပြပေးပါ့မယ်"
ထို့နောက် ဖုန်းက ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်သည်။
လီချန်က လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားကို လက်နဲ့ တိုက်ရိုက်မထိဘဲ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲသို့ သိမ်းဆည်းလိုက်သည်။
"ခွင့်ပြုပါဦး" ဖုန်းက လက်သီးဆုပ် အရိုအသေပြုပြီးနောက် ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားသည်။ ကောင်းကင်ပေါ်မှ သင်္ဘောရိပ်လည်း တံလျှပ်တစ်ခုလို တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လီချန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူ ထွက်ခွာသွားတာ နည်းနည်းတော့ လွယ်ကူလွန်းနေသလားလို့။
နတ်ဘုရားအကြေးခွံ နဲ့ ကွေ့ရှန်း နှစ်ခုစလုံး သူ့လက်ထဲ ရောက်နေတာလေ။ ပြန်မတောင်းတော့ဘူးလား။
ဒါပေမဲ့ ဒီလူက အလိုလိုထွက်သွားတော့ ထိပ်တိုက်ပဋိပက္ခ မဖြစ်တော့ဘူးပေါ့။
စောစောက ဒီလူ ထုတ်သုံးလိုက်တဲ့ နည်းလမ်းတွေကိုကြည့်ရင် အင်အားက သေးလှတာမဟုတ်ဘူး။ တကယ် တိုက်ခိုက်ရင် ဘယ်သူနိုင်မလဲဆိုတာ မသေချာဘူး။
ထို့နောက် လီချန်လည်း ယွီဟွာနတ်ဘုရားဂိုဏ်းအတွင်းသို့ ပြန်ဝင်သွားလိုက်သည်။
တပြိုင်နက်တည်းမှာပင်၊ အမြင့်ပိုင်းလေထုလှိုင်းတံပိုးများကြားတွင် ထူးဆန်းသော စစ်သင်္ဘောကြီးတစ်စင်း ငြိမ်သက်စွာရပ်တန့်နေသည်။
ဖုန်းသည် သင်္ဘောဦးပိုင်းတွင်ရပ်ပြီး အောက်ဘက် မြေပြင်ကိုငုံ့ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။
သူက တစ်ဖက်လူကို ဟွန်တွန်အဖွဲ့အစည်းထဲဝင်ဖို့ ကောင်းကောင်းမွန်မွန် ဖိတ်ခေါ်နေတာက တကယ်စေတနာပါလို့ မဟုတ်ပါဘူး။
တစ်ဖက်လူ ပေါ့ဆသွားအောင် လှည့်စားတာသက်သက်ပါပဲ။
ဘာပဲပြောပြော နတ်ဘုရားအကြေးခွံရော ကွေ့ရှန်းရော တစ်ဖက်လူလက်ထဲ ရောက်နေတာလေ။
ဒါက အဆင့် ၉ နိယာမစွမ်းအား ထုတ်သုံးနိုင်တဲ့ ကွေ့ရှန်းတစ်ကောင်နော်။
ခြိမ်းခြောက်မှုက ကြီးမားလွန်းတယ်။ သူ အတင်းအဓမ္မ ဝင်မလုရဲဘူး။
သူ့ရဲ့ စည်းမျဉ်းနည်းလမ်းတွေကလည်း တစ်ဖက်လူအပေါ် သက်ရောက်မှု မရှိခဲ့ဘူး...
တကယ်တိုက်ရင် ပစ္စည်းတွေကို ပြန်ယူနိုင်ဖို့ မလွယ်ကူဘူး။
ဒါပေမဲ့ နတ်ဘုရားအကြေးခွံနဲ့ ကွေ့ရှန်းကို ပြန်မယူနိုင်ရင် သူ ငရဲဘုံသား တစ္ဆေမျိုးနွယ်နဲ့ ပူးပေါင်းထားတဲ့ကိစ္စ ပေါက်ကြားသွားနိုင်တယ်။
"ကြည့်ရတာ... တခြားနည်းလမ်း စဉ်းစားမှဖြစ်တော့မယ်" ဖုန်း ရေရွတ်လိုက်သည်။
လီချန် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ ထဲ ပြန်ရောက်ပြီးနောက် နတ်ဘုရားအကြေးခွံကို ဆက်လက်လေ့လာမှုပြုလုပ်သည်။
ကွေ့ရှန်းကို သူ ထိန်းချုပ်ထားနိုင်ပြီဆိုပေမဲ့၊ သိပ်တော့ စိတ်တိုင်းမကျသေးဘူး။ ပြန်လည် တိုက်ခိုက်ချင်တဲ့ လက္ခဏာတွေရှိနေတုန်းပဲ။
.....
နောက်ထပ် နှစ် ၂၀၀ ကျော်အတွင်း လီချန် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံကနေ အပြင်ထွက်ခဲသည်။
ပြင်ပလောကကြီးကတော့ အပြောင်းအလဲတွေ ကြီးမားနေပြီ။
ပြင်ပကမ္ဘာအင်အားစု အသီးသီးက ၃၃ ဘုံလုံးကို ကျူးကျော်ဝင်ရောက်လာကြပြီး၊ ၃၃ ဘုံလုံး ကစဥ့်ကလျားဖြစ်နေပြီ။
ဒါပေမဲ့... ပြင်ပကမ္ဘာ အင်အားစုတွေ တစ်ခါမှ မကျူးကျော်ရဲတဲ့နေရာတစ်ခုရှိတယ်။
အဲဒါကတော့ ၁၀ ခုမြောက်ဘုံပါပဲ။
ရှေးဟောင်းမိစ္ဆာဂိုဏ်းပဲ ဖြစ်ဖြစ်၊ နတ်ဘုရားသွေး ရှားမန်ဂိတ်ပဲ ဖြစ်ဖြစ်၊ ကြာနီမိစ္ဆာမျိုးနွယ်ပဲ ဖြစ်ဖြစ်... ၁၀ ခုမြောက်ဘုံ ကို လာသမျှ အကုန်လုံး ကျိုးပဲ့ပျက်စီးပြီး ပြန်သွားရတာချည်းပဲ။
ပြင်ပကမ္ဘာ အင်အားစုတွေ ကျူးကျော်လာတိုင်း ကွေ့ရှန်းပေါ်လာတတ်တယ်။
ဒါကြောင့် ၁၀ ခုမြောက်ဘုံ က တားမြစ်နယ်မြေတစ်ခု ဖြစ်လာတယ်။
၃၃ ဘုံမှာ တစ်ခေတ်ဆန်းခဲ့တဲ့ ကွေ့ရှန်းက ၁၀ ခုမြောက်ဘုံမှာ ပုန်းအောင်းနေပုံရတယ်။
ဒါကြောင့် ပြင်ပကမ္ဘာ အင်အားစုတွေတင်မကဘူး၊ ၃၃ ဘုံက အင်မော်တယ်နန်းတော် အင်အားစုတွေတောင် ၁၀ ခုမြောက်ဘုံကို အလွယ်တကူ မဆင်းသက်ရဲကြဘူး။
ဒီလိုနဲ့ ၁၀ ခုမြောက်ဘုံက အေးချမ်းငြိမ်သက်နေခဲ့သည်။
ဒါတွေအားလုံးက လီချန် တမင်တကာ ဖန်တီးထားတာပါ။
ကွေ့ရှန်းကို ၁၀ ခုမြောက်ဘုံမှာ မကြာခဏ ထုတ်သုံးပြလိုက်ရင် ကျူးကျော်သူတွေကို ခြိမ်းခြောက်ပြီးသားဖြစ်သွားမယ်။
တခြားနေရာတွေကိုတော့ သူ ဂရုမစိုက်သလို၊ ဂရုစိုက်ဖို့လည်း ပျင်းတယ်။
ဟွေ့ယွမ်ကပ်ဘေးက တားဆီးလို့ရတာမှမဟုတ်တာ။
သူ့အနေနဲ့ ၁၀ ခုမြောက်ဘုံ မပါသွားရင်ပြီးရော။
မဟုတ်ရင် ယွီဟွာနတ်ဘုရားဂိုဏ်းအတွက် သူ ခဏခဏ မီးလိုက်ငြှိမ်းပေးနေရမှာ။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် ကျင့်ကြံခြင်း ပြီးဆုံးသွားပြီး စနစ်မျက်နှာပြင်ကို ကြည့်ကာ အချိန်တွက်ချက်နေသည်။
အိမ်ရှင်: လီချန်။
နတ်ဝိညာဉ် (ကောင်းကင်တာအို)။
မဟာယာနနယ်ပယ် (ကနဦးပိုင်း ၈၉/၁၀၀)။
အချိန်ခေါင်းလောင်း (နတ်ဘုရားကိရိယာ ၅၈၃၄၅၆/၁၀၀၀၀၀၀၀)။
ကောင်းကင်ဘုံအဌမဓား (အဆင့်ကြီးအောင်မြင်မှု ၃၈/၁၀၀)။
မျက်လုံးခြောက်လုံးပိုင်ဆိုင်သော ဟွန်တွန်လျှို့ဝှက်နတ်ဘုရား သက်ဆင်းခြင်းပညာ (ကြီးမားသော သက်ဆင်းခြင်း ၉၉/၁၀၀)။
လင့်တုန်းလောကသစ်ပင် (အဆင့် ၇ ၃၉/၁၀၀)။
အရန်နိယာမများ: အားလုံး အဆင့် ၆ (၅၅/၁၀၀)။
ချန်ယွမ်အစီအရင်ကျမ်း (နှစ်ဆယ့်လေးအခြေခံ ၇၁/၁၀၀)။
ဝိညာဉ်ဆေးပင်စိုက်ပျိုးသူ(အဆင့်ဆယ့်နှစ် ၄၁/၁၀၀)။
လက်နက်သန့်စင်သူ (အဆင့်ဆယ့်နှစ် ၂၇/၁၀၀)။
အဂ္ဂိရတ်ဆရာ (အဆင့်ဆယ့်နှစ် ၉၉/၁၀၀)။
သားရဲထိန်းကျောင်းသူ (အဆင့် ၈ ၇၀/၁၀၀)။
ဟွေ့ယွမ်ကပ်ဘေးစတင်တဲ့ ဟွန်တွန်ကပ်ဘေးအငွေ့အသက်စပေါ်ကတည်းက တွက်မယ်ဆိုရင် အခုဆို နှစ် ၈၀၀ လောက် ရှိသွားပြီ။
ဟွေ့ယွမ်ကပ်ဘေးတစ်ခုက နှစ် ၁၀၀၀ လောက်ကြာတယ်ဆိုရင် အခုက နောက်ဆုံးအဆင့်ကို ရောက်ခါနီးနေပြီ။
နောက်ထပ် နှစ် ၂၀၀ လောက် ကျန်သေးတယ်။
ကျန်တဲ့ နှစ် ၂၀၀ က ပိုပြီး ပြင်းထန်လိမ့်မယ်။
အခု ၃၃ ဘုံ ဘယ်လောက်ဆိုးရွားနေလဲ သူ သိတယ်။
အင်မော်တယ်နန်းတော်ရဲ့ ဂိုဏ်းကြီး တော်တော်များများ ပျက်စီးကုန်ပြီ။
ကျန်တဲ့ဂိုဏ်းတွေလည်း တောင့်ခံနေရုံပဲ ရှိတော့တယ်။
အခု ပြင်ပကမ္ဘာ အင်အားစုကြီးတွေ ၃၃ ဘုံမှာ သောင်းကျန်းနေကြတာ... ၁၀ ခုမြောက်ဘုံ တစ်ခုပဲ သန့်ရှင်းတဲ့နယ်မြေအဖြစ် ကျန်ရှိနေတော့တယ်။
ဒီနှစ် ၂၀၀ ကျော် ကာလအတွင်း ယွီဟွာနတ်ဘုရားနန်းတော်လည်း အများကြီး တိုးတက်လာခဲ့သည်။
တပည့်အင်အား ၁ သိန်းကျော်ပြီ။
အဲဒီအထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်အထက် တပည့် ၇ သောင်းကျော်ရှိတယ်။
တာအိုပေါင်းစည်းခြင်းအဆင့်ရောက်သူ ၃၀၀ ကျော်ရှိတယ်။
အဆင့် ၂ နိယာမရောက်သူ ၁၀ ယောက်ကျော်ရှိတယ်။
ဒါပေမဲ့ နိယာမအဆင့်ပိုမြင့်ဖို့က အချိန်တိုအတွင်း မဖြစ်နိုင်ဘူး။ အချိန်အများကြီး လိုသေးတယ်။
တပည့်တွေရဲ့ စွမ်းရည်ကိုမြှင့်တင်ဖို့ လီချန်က သူ့ရဲ့ အစီအရင်ပညာနဲ့ ဓားအစီအရင်တချို့ကို သုတေသနပြုပြီး တီထွင်ပေးခဲ့သည်။
ဥပမာ - သူ့ရဲ့ မွေးရာပါ ဓားအစီအရင်ဖြစ်တဲ့ ၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင်ကို လွယ်ကူအောင်ပြုပြင်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်တပည့်တွေ သုံးလို့ရအောင် လုပ်ပေးထားသည်။ တပည့် ၁၀ ယောက်၊ အယောက် ၁၀၀ လောက် ပေါင်းပြီး သုံးရင် အဆင့် ၅ နိယာမ ပိုင်ဆိုင်တဲ့ အထူးရွှေနတ်ဘုရားကိုတောင် ယှဉ်ပြိုင်နိုင်တယ်။
အတိုချုပ်ပြောရရင် လက်ရှိ ယွီဟွာနတ်ဘုရားနန်းတော်ရဲ့အင်အားနဲ့ အုတ်မြစ်က မသေးတော့ပါဘူး။
ဒါပေမဲ့ သူက ယွီဟွာနတ်ဘုရားနန်းတော်ကို လုံးဝ ထွက်ပေါ်လာခွင့် မပေးသေးဘူး။
မတတ်နိုင်ဘူးလေ။ အခုက ဟွေ့ယွမ်ကပ်ဘေးကာလပဲ။
ယွီဟွာနတ်ဘုရားနန်းတော် ဘယ်လောက်စွမ်းအားကြီးကြီး ဘာလုပ်နိုင်မှာလဲ။
ဟွန်တွန်အဖွဲ့အစည်းကို ယှဉ်ပြိုင်နိုင်မှဖြစ်မှာ။
မဟုတ်ရင် အခု ထွက်လာတာက ဟွန်တွန်အဖွဲ့အစည်းရဲ့ပစ်မှတ်ဖြစ်အောင် လုပ်သလိုဖြစ်နေမှာ။
ဟွေ့ယွမ်ကပ်ဘေးပြီးတဲ့အထိ စောင့်ပြီး အင်အားဆက်မွေးထားတာ ပိုကောင်းတယ်။ နောက်ထပ် ဟွေ့ယွမ် (နှစ် ၁၂၉၆၀၀) ကျမှ အင်အားကြီးလာအောင် လုပ်မယ်။
"ဟူး... ကျင့်ကြံမှု တိုးတက်နှုန်းက နှေးလွန်းတယ်" လီချန် သက်ပြင်းချလိုက်သည်။
နှစ် ၂၀၀ ကျော် ကြာတာတောင် မဟာယာနနယ်ပယ် ကနဦးပိုင်း အမှတ်အနည်းငယ်ပဲ တက်လာတယ်။ အလယ်ပိုင်း ရောက်ဖို့ ဝေးလွန်းနေသေးတယ်။
လုရှန်ကလည်း အဆင့်ကြီးအောင်မြင်မှု ၃၈ မှတ်ပဲ ရှိသေးတယ်။ အထွတ်အထိပ်ရောက်ဖို့ နှစ်ဘယ်လောက် ကြာဦးမလဲ မသိဘူး။
လင့်တုန်းလောကသစ်ပင် တိုးတက်မှုလည်း နှေးကွေးနေသည်။
ဒီနှစ် ၂၀၀ ကျော် ရိတ်သိမ်းမှုက သာမန်ပါပဲ။ အဓိကကတော့ နိယာမ အသုံးချမှုနဲ့ ကွေ့ရှန်းကို ထိန်းချုပ်မှုအပိုင်းမှာ တိုးတက်တာများတယ်။
အခုဆိုရင် သူက နတ်ဘုရားအကြေးခွံ နဲ့ ကျောက်ခေါင်းတလားကိုသုံးပြီး ကွေ့ရှန်းကို လုံးဝနီးပါး ထိန်းချုပ်နိုင်နေပြီ။
အဆင့် ၉ နိယာမ ပိုင်ဆိုင်တဲ့ ကွေ့ရှန်းတစ်ကောင်က သူ့လက်ထဲက အစွမ်းထက်ဝှက်ဖဲတစ်ခု ဖြစ်နေပြီ။
....
လီချန် ကျင့်ကြံခြင်း ခန်းမဆောင်မှ ထွက်ခွာပြီး အခြားခန်းမဆောင်တစ်ခုသို့ ရောက်ရှိလာသည်။
ဒီနေရာမှာ ကျောက်ခေါင်းတလားတစ်ခု ထားရှိသည်။
အတွင်းထဲမှာ ပေါင်လင်းမယ်တော် (ကွေ့ရှန်း) အိပ်စက်နေသည်။
ကလေးမလေး အားရို့က ကျောက်ခေါင်းတလား ဘေးမှာ မှောက်အိပ်နေသည်။
ဒီနှစ် ၂၀၀ လုံးလုံး သူမ ဒီလိုပဲနေခဲ့တာ။ အမေနားမှာနေရတာ သဘောကျတယ်တဲ့။
လီချန် တစ်ချက်ကြည့်ပြီး အတွင်းထဲ မဝင်တော့ဘဲ ဝူရွှမ်းခန်းမဆောင်ဘက် ထွက်လာခဲ့သည်။
ဒီနှစ်တွေအတွင်း ဝူရွှမ်းက အမြဲ တံခါးပိတ်ကျင့်ကြံနေပြီး အပြင်ထွက်ခဲသည်။
သူမက ယွီဟွာနတ်ဘုရားနန်းတော်မှာ လီချန်ပြီးရင် ဒုတိယမြောက် အဆင့် ၂ နိယာမ ရောက်ရှိသူဖြစ်သည်။
သူမရဲ့ နိယာမတိုးတက်မှုက ကိုယ့်ဖာသာ ဉာဏ်အလင်းပွင့်အောင်လုပ်ရတာဖြစ်လို့၊ အချိန်ခေါင်းလောင်း အကူအညီပါရင်တောင် အရမ်းကြီးမြန်ဆန်လို့မရဘူး။
အဆင့် ၃ ရောက်ဖို့ နှစ်ဘယ်လောက် ကြာဦးမလဲ မသိဘူး။
နိယာမ တစ်ဆင့်တက်တိုင်း ကြာမြင့်ချိန်နဲ့ ခက်ခဲမှုက ဆတိုး ကိန်းဂဏန်း တက်သွားတာကိုး။
လီချန်တုန်းက ပြင်ပအကူအညီတွေ အများကြီးသုံးပြီး အမြန်မြှင့်တင်ခဲ့လို့သာ အချိန်တိုအတွင်း အဆင့် ၇ ရောက်ပြီး အရန်နိယာမ ၇ ခုပါ အဆင့် ၆ ရောက်ခဲ့တာ။
ပုံမှန်အတိုင်း ကျင့်ကြံရင် လုံးဝ မဖြစ်နိုင်ဘူး။
.....
ဟွန်တွန်ကမ္ဘာ။
ဟွန်တွန်အဖွဲ့အစည်း၏ ဌာနချုပ်တည်ရှိရာ။
ရိုးရှင်းစွာ ပြင်ဆင်ထားသော ခန်းမဆောင်တစ်ခုအတွင်း၌။
"စီနီယာအစ်ကို ဟော့... ကျွန်တော့်ကို ကယ်ပါဦး"
ဖုန်းသည် တိမ်တိုက်ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူတစ်ယောက်ရှေ့တွင် ဒူးထောက်ပြီး အသနားခံနေသည်။
ဖုန်း ပါပဲ။
ဒီနှစ်တွေအတွင်း သူက နတ်ဘုရားအကြေးခွံနဲ့ ကွေ့ရှန်းကို ပြန်မယူနိုင်ခဲ့ဘူး။
အချိန်တွေ ကုန်လာတာနဲ့အမျှ သူ လုံးဝ ထိတ်လန့်လာပြီး၊ ဒီလူဆီမှာ မျှော်လင့်ချက်လာထားရတော့တာပဲ။
"ငတုံးကောင်... ဒီလိုကိစ္စမျိုးတောင် မင်း လုပ်ရဲတယ်ပေါ့" တိမ်တိုက်ခုတင်ပေါ်က လူသည် ဖြူဖွေးသော ဆံပင်နှင့် ချောမောသော မျက်နှာထားရှိသည်။
"စီနီယာအစ်ကို ဟော့... ကျွန်တော် မှားမှန်း သိပါပြီ..." ဖုန်း တုန်ရီစွာ ပြောလိုက်သည်။
"ပေါင်လင်းမယ်တော်ဆိုတာ သာမန် ကွေ့ရှန်း မဟုတ်ဘူး... အမှားအယွင်းခံလို့မရဘူး။ ဟွန်တွန်ကောင်စီကသာ သိသွားရင်၊ မင်းရဲ့ နတ်ဘုရားအဆင့်အတန်းကို ရုပ်သိမ်းပြီး၊ အပြစ်သားချောက်နက်ထဲ ရိုက်ချခံရမှာ သေချာတယ်" ဆံပင်ဖြူနှင့်လူက လေးနက်စွာ ပြောလိုက်သည်။
ဖုန်း၏မျက်နှာ ဖြူဖပ်ဖြူရောဖြစ်သွားပြီး ပိုမိုကြောက်လန့်တကြား ဖြစ်လာသည်။ "ကျေးဇူးပြုပြီး ကယ်ပါဦး အစ်ကိုကြီး..."
"အခုလုပ်နိုင်တာ တစ်ခုပဲရှိတယ်။ နတ်ဘုရားအကြေးခွံကို ပြန်ယူပြီး ပေါင်လင်းမယ်တော်ကို ပြန်ထိန်းချုပ်ရမယ်" ဆံပင်ဖြူနှင့် လူက ဆက်ပြောသည်။ "ထားလိုက်ပါတော့... ငါ မင်းအစား တစ်ခေါက် ဝင်ကူညီပေးမယ်။ ဒါပေမဲ့ ဘာလုပ်ရမလဲဆိုတာ မင်း သိတယ်မလား"
"စိတ်ချပါ အစ်ကို ဟော့" ဖုန်း ဝမ်းသာအားရ ပြောလိုက်သည်။
ဒီစီနီယာအစ်ကို ဟော့ရဲ့အင်အားကို သူ သိတယ်လေ။
ပြီးတော့ သူက ဟွန်တွန်အဖွဲ့အစည်းရဲ့ အလယ်အလတ်နတ်ဘုရားအစေခံအဆင့် ရှိတာ။
ဖုန်းက အနိမ့်စားနတ်ဘုရားအစေခံပဲ ရှိသေးတာ။ အဆင့်အတန်းနဲ့ အင်အား ကွာခြားချက်က ကြီးမားတယ်။
ယေဘုယျအားဖြင့် အလယ်အလတ်နတ်ဘုရားအစေခံ ဖြစ်လာရင်၊ အခြေခံအားဖြင့် အဆင့် ၉ နိယာမ ရောက်ရှိနေပြီဖြစ်သလို၊ ပိုင်ဆိုင်ထားတဲ့ နတ်ဘုရားစွမ်းအားကလည်း ပိုမြင့်မားတယ်။
နတ်ဘုရားစွမ်းအားဆိုတာ... တကယ်တမ်းကျတော့ စည်းမျဉ်းပါပဲ။
ဟွန်တွန်ပြင်ပနတ်ဘုရားတွေ ပိုင်ဆိုင်တဲ့ စွမ်းအား။
နတ်ဘုရားအစေခံဖြစ်လာရင် နတ်ဘုရားကောင်းချီးကိုရရှိပြီး နတ်ဘုရားစွမ်းအားကို ထိန်းချုပ်ခွင့် ရကြတယ်။
သေချာတာကတော့ ဒီနတ်ဘုရားစွမ်းအားက ကိုယ်ပိုင်မဟုတ်ဘူး။ အချိန်မရွေး ပြန်သိမ်းခံရနိုင်တယ်။
အဆင့်မတူညီတဲ့ နတ်ဘုရားအစေခံတွေ ပိုင်ဆိုင်တဲ့ နတ်ဘုရားစွမ်းအား ပြင်းထန်မှုကလည်း မတူဘူး။
ဟွန်တွန်အဖွဲ့အစည်း မှာ အနိမ့်စား၊ အလယ်အလတ်၊ အထက်တန်းနတ်ဘုရားအစေခံတွေရဲ့ အထက်မှာ နတ်ဘုရားတစ်ပိုင်းဆိုတာ ရှိသေးတယ်။ နတ်ဘုရားတစ်ပိုင်းဖြစ်လာမှသာ တကယ် ထိပ်ဆုံးရောက်ပြီလို့ ပြောလို့ ရတာ။
ဒါက နတ်ဘုရားအစေခံအားလုံးရဲ့ အန္တိမရည်မှန်းချက်ပဲ။
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် ကျင့်ကြံနေရင်း ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
ဒီကျောက်စိမ်းပြားက ဟိုတုန်းက ဟွန်တွန်အဖွဲ့အစည်းက ဖုန်း ဆိုသူ ပေးခဲ့တာ။
ဒီနှစ်တွေအတွင်း သူ ဒီလူနဲ့ ၂ ကြိမ်လောက် တွေ့ဆုံခဲ့ဖူးတယ်။ ၂ ကြိမ်စလုံး ဟွန်တွန်အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးခံရပေမဲ့ ငြင်းပယ်ခဲ့တယ်။
နောက်ပိုင်း ၁၀ ခုမြောက်ဘုံကို ပြင်ပကမ္ဘာ အင်အားစုတွေ ခဏခဏကျူးကျော်လာတာက ဒီလူ့လက်ချက်မကင်းဘူးလို့ လီချန် သံသယ ဖြစ်ခဲ့တယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်ကျမှ ၁၀ ခုမြောက်ဘုံ ငြိမ်သက်သွားတာ။
"ငါ့ကို တွေ့ချင်တယ်?" လီချန် မျက်မှောင်ကြုတ်လိုက်သည်။
ဟွန်တွန်အဖွဲ့အစည်းကို သတိထားနေပေမဲ့ သူ သွားတွေ့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
အနည်းဆုံးတော့ အခုအချိန်ထိ သူနဲ့ ဒီလူနဲ့က ဗြောင်ကျကျ ရန်မဖြစ်သေးဘူး။
ထို့နောက် လီချန် အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံမှထွက်ခွာပြီး ၁၀ ခုမြောက်ဘုံသို့ ရောက်ရှိလာသည်။
ယွီဟွာနတ်ဘုရားဂိုဏ်း အပြင်ဘက်တွင် ဖုန်း ကို တွေ့လိုက်ရသည်။
"တာအိုရောင်းရင်းဖုန်း... မတွေ့တာ ကြာပြီနော်။ ဘာကိစ္စရှိလို့လဲ" လီချန်က ပြုံးပြီး လက်သီးဆုပ် အရိုအသေပြုလိုက်သည်။
"တာအိုရောင်းရင်းလီချန်... ပြီးခဲ့တဲ့ တစ်ခေါက် ကျွန်တော် ပြောခဲ့တဲ့ကိစ္စကို ဘယ်လိုသဘောရလဲ" ဖုန်းက မေးလိုက်သည်။
"တာအိုရောင်းရင်းဖုန်း... ကျွန်တော် ပြောခဲ့သလိုပါပဲ။ လောလောဆယ် ဘယ်အဖွဲ့အစည်းထဲမှ မဝင်ချင်သေးပါဘူး။ တောင်းပန်ပါတယ်" လီချန် ခေါင်းခါလိုက်သည်။
"နှမြောစရာ ကောင်းလိုက်တာ" ဖုန်း သက်ပြင်းချလိုက်သည်။
ပြောပြောဆိုဆိုနဲ့ သူက ရုတ်တရက် တစ်ဖက်သို့ လှည့်ပြီး လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။ "စီနီယာအစ်ကို ဟော့... ကျေးဇူးပြုပြီး ဝင်ပါပေးပါ"
လီချန် ဒီလူ့ရဲ့အပြုအမူကိုမြင်တော့ ချက်ချင်း သတိဝင်သွားသည်။
တပြိုင်နက်တည်းမှာပင် သူ မရေရာသော အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူ တွန့်ဆုတ်မနေတော့ဘဲ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲသို့ ချက်ချင်း တယ်လီပို့ လုပ်ရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက်... ထူးဆန်းသော အသံလှိုင်းတစ်ခု ပျံ့နှံ့လာပြီး ဟင်းလင်းပြင်တစ်ခုလုံးကို ခဲသွားစေသကဲ့သို့ ဖြစ်သွားသည်။
လီချန်၏တွေးခေါ်မှုအသိစိတ်များပင် ထိခိုက်ခံလိုက်ရသည်။ တစ်ခဏလေးဖြစ်ပြီး အချိန်ခေါင်းလောင်းသံကြောင့် ချက်ချင်း ပြန်လည်လွတ်မြောက်လာသော်လည်း၊ ပတ်ဝန်းကျင် ဟင်းလင်းပြင်တွင် မရေမတွက်နိုင်သော ထူးဆန်းသည့် ဂီတသင်္ကေတများ ပေါ်လာပြီး ဂီတပင်လယ်ကြီး တစ်ခုသဖွယ် ဖွဲ့စည်းထားသည်ကို တွေ့လိုက်ရသည်။
သူက ဒီဂီတပင်လယ်ကြီးထဲက ငါးလေးတစ်ကောင်လို ဖြစ်နေသည်။
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ နေရာကူးပြောင်းဖို့လုပ်တာတောင် အဟန့်အတား ဖြစ်သွားသည်။
ဒီလောက် နှစ်တွေအကြာကြီးအတွင်း ဒါ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ။
ဒီအခိုက်အတန့်မှာ လီချန် စိတ်ထဲ ထိတ်လန့်သွားသည်။
ထို့ကြောင့် သူက နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းကို လျှို့ဝှက်စွာ အသက်သွင်းပြီး အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဆံပင်ဖြူနှင့် လူရိပ်တစ်ခုသည် ပရိုဂျက်တာ ပုံရိပ်တစ်ခုသဖွယ် ဟင်းလင်းပြင်ထဲမှ ထိုးထွက်လာသည်။
ထိုလူ၏လက်ထဲတွင် ကျောက်စိမ်းပလွေတစ်ချောင်း ကိုင်ထားသည်။
"မင်း ယူမထားသင့်တဲ့ ပစ္စည်းတွေကို ပြန်ပေးလိုက်ပါ" ဆံပင်ဖြူနှင့် စီနီယာအစ်ကိုဟော့က အေးဆေးစွာပြောလိုက်သည်။
"ဘာပစ္စည်းတွေလဲ" လီချန် သဘောပေါက်လိုက်သည်။
ကြည့်ရတာ ဒီဖုန်းရဲ့ ပစ်မှတ်က နတ်ဘုရားအကြေးခွံနဲ့ ကွေ့ရှန်း ပဲ။
အရင်တုန်းက အကြိမ်ကြိမ်လာစည်းရုံးတာတွေက သူ့ကို ပေါ့ဆသွားအောင် လှည့်စားတာသက်သက်ပဲ။
ဒီတစ်ခါတော့ သားကောင်ကိုဖမ်းဖို့ ဓားထုတ်လာပြီ။
ဒီအချိန်မှာ လီချန် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။
ဘာလို့လဲဆိုတော့ သူ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြန်ဝင်လို့ ရနိုင်သေးမှန်း သိလိုက်ရလို့ပဲ။
သိသာထင်ရှားတာက စောစောက နေရာကူးပြောင်းတာလုပ်လို့မရအောင် တားဆီးထားတာက ဟိုဂီတသင်္ကေတတွေရဲ့စွမ်းအားကြောင့်ဖြစ်မယ်။
အခု အဲဒီအနှောင့်အယှက်တွေ ပျောက်သွားပြီ။
တစ်ဖက်လူပိုင်ဆိုင်တဲ့စွမ်းအားက ဖုန်းထက် ပိုပြင်းထန်ပေမဲ့၊ သူ လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြန်ဝင်မှာကိုတော့ တားဆီးနိုင်စွမ်းမရှိဘူး။
ဒါကို သိလိုက်ရတော့ လီချန် စောစောကလောက် မကြောက်တော့ဘူး။
အနည်းဆုံးတော့ လှိုဏ်ဂူကောင်းကင်ဘုံထဲ ပြန်ဝင်လို့ရရင် အားလုံးအဆင်ပြေတယ်။
အခု သူ ချက်ချင်း မပြန်ချင်သေးဘူး။
"ဪ... ခင်ဗျားပြောတာ ဟိုအကြေးခွံ နဲ့ ကွေ့ရှန်း လား" လီချန် ရုတ်တရက် သဘောပေါက်သွားသလို ပြောလိုက်သည်။
"သိရင်လည်း အမြန်ပြန်ပေးလိုက်တော့။ ဒါဆိုရင် မင်းကို အသက်ချမ်းသာပေးမယ်" ဆံပင်ဖြူနှင့် လူက အေးဆေးစွာ ပြောလိုက်သည်။
"တကယ်လို့ ကျွန်တော် ပြန်မပေးဘူးဆိုရင်ရော" လီချန် ခေါင်းခါလိုက်သည်။
ဆံပင်ဖြူနှင့်လူ၏မျက်နှာ မည်းမှောင်သွားသည်။ "ငါ မင်းကို ပုရွက်ဆိတ်တစ်ကောင်လို အချိန်မရွေး ချေမွပစ်လိုက်နိုင်တယ်ဆိုတာ မင်း သိလား"
သူ နတ်ဘုရားအကြေးခွံ နဲ့ ကွေ့ရှန်းကိုမမြင်ရသေးလို့ မဟုတ်ရင် လက်က သေချာပေါက် ပါသွားပြီ။
"ဟုတ်လား" လီချန်က ပေါ့ပါးစွာ ရယ်မောလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူ့နောက်ကျော၌ ကျောက်ခေါင်းတလားတစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။
"အစ်ကိုဟော့... အဲဒါ ဟိုကွေ့ရှန်း ပဲ..." ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။
ဒီကွေ့ရှန်းက အရမ်းကြောက်စရာကောင်းတာ။
နတ်ဘုရားအကြေးခွံနဲ့မှ ထိန်းချုပ်လို့ရတာ။
အစ်ကိုဟော့သာ မပါလာရင် သူ ချက်ချင်း ထွက်ပြေးမိမှာ။
"သေချင်နေတာပဲ" ဆံပင်ဖြူနှင့် လူ (စီနီယာအစ်ကို ဟော့) က လီချန်အနေနဲ့ ပေါင်လင်းမယ်တော် (ကွေ့ရှန်း) ကို သုံးပြီး ပြန်တိုက်ဖို့ ကြိုးစားနေတာတွေ့တော့ အေးစက်စွာ ပြုံးလိုက်သည်။ သူ့လက်ထဲက ကျောက်စိမ်းပလွေ တုန်ခါသွားပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော ဂီတသင်္ကေတများ ပွင့်အာလာကာ၊ ဂီတသင်္ကေတလက်ကြီးတစ်ဖက်အဖြစ် စုစည်းသွားပြီး လီချန်ရှိနေသော ဟင်းလင်းပြင်နေရာလွတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဖြူဖွေးသောလက်အစုံက ဂီတသင်္ကေတလက်ကြီးကို ဖြည်းညှင်းစွာ တွန်းဖယ်လိုက်ပြီး၊ အဖြူရောင်ဝတ်စုံနှင့် လူရိပ်တစ်ခု တိုးထွက်လာကာ လီချန်၏ရှေ့တွင် ကာကွယ်ရပ်တည်လိုက်သည်။
***