နတ်ဘုရားပြစ်မှားသူသတ်ဖြတ်ရေးအမိန့်
Vol. 25 Ch. 389
ဟွန်တွန်မဟာကမ္ဘာ။
နက်ရှိုင်းသောခန်းမဆောင်တစ်ခုအတွင်း၌။
"ဖုန်း။"
အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
"တပည့် ရှိပါတယ်" ဖုန်းသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ရိုသေစွာ ပြန်ဖြေလိုက်သည်။
"မင်းဘာသာမင်း မိုးကြိုးမီးတောက်လှိုဏ်ဂူကို သွားပြီး အပြစ်ဒဏ်ခံယူချေ" အိုမင်းသော အသံက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ" ဖုန်း ဒီအမိန့်ကို ကြားလိုက်ရတော့ စိတ်သက်သာရာရသွားသည်။ မိုးကြိုးမီးတောက်လှိုဏ်ဂူဆိုတာ အရမ်းခံစားရခက်တဲ့နေရာဖြစ်ပေမဲ့၊ နတ်ဘုရားအဆင့်အတန်း ရုပ်သိမ်းခံရတာထက်စာရင် အများကြီး သက်သာသေးသည်။
ဖုန်း ထွက်ခွာသွားပြီးနောက် ခန်းမဆောင်ထဲတွင် ဆံပင်ဖြူနှင့် စီနီယာအစ်ကို ဟော့နှင့် ဝိုးတဝါး အရိပ်မည်းကြီးတစ်ခုသာ ကျန်ရစ်တော့သည်။ ထိုအိုမင်းသော အသံသည် ထိုအရိပ်မည်းကြီးဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
"ဟော့။" အိုမင်းသော အသံပိုင်ရှင်က စီနီယာအစ်ကိုဟော့ကို လှမ်းကြည့်လိုက်သည်။
"ဆရာသခင်... တပည့်ရှိပါတယ်" ဆံပင်ဖြူနှင့်ဟော့က အလျင်အမြန် ဖြေကြားလိုက်သည်။
"ရှင်းချီ ၁၈ နယ်မြေရဲ့ ဟွေ့ယွမ်ကပ်ဘေး အဆုံးသတ်ရေးလုပ်ငန်းစဉ်ကို မင်း ယာယီ တာဝန်ယူလိုက်" ဆရာသခင်က ပြောလိုက်သည်။
"ဆရာသခင်... ဒီဘက်က ဟွေ့ယွမ်ကပ်ဘေးကို စောစော အဆုံးသတ်တော့မလို့လား" ဟော့ အံ့သြသွားသည်။
"ဒီဘက်မှာ ကြီးမားတဲ့ ကိန်းရှင်တစ်ခု ပေါ်လာမှတော့ စောစောအဆုံးသတ်လိုက်ရုံပဲရှိတော့တယ်" ဆရာသခင်က သက်ပြင်းချလိုက်သည်။ "ဒါက ဟွန်တွန်ကောင်စီက ဆုံးဖြတ်လိုက်တဲ့ ရလဒ်ပဲ။ မင်း ဒီအတိုင်း ဆောင်ရွက်လိုက်ပါ"
ပြောပြောဆိုဆိုနှင့် သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားတစ်ခု ဟော့၏ရှေ့သို့ ရောက်ရှိလာသည်။
ဟော့က ကျောက်စိမ်းပြားကိုယူပြီး စစ်ဆေးကြည့်လိုက်ရာ အံ့သြသွားသည်။ "ဆရာသခင်... ဘာလို့ နတ်ဘုရားအစေခံတပ်ကို တိုက်ရိုက် မသုံးဘဲ၊ နတ်ဘုရားအစေခံနေရာလွတ်တစ်ခုပေးပြီး ဆွဲဆောင်ရတာလဲ"
"မင်းတောင်မှ ရှုံးနိမ့်ခဲ့တယ် ဆိုကတည်းက တစ်ဖက်လူ ပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းနတ်ဘုရားလက်နက်က သာမန်မဟုတ်ဘူးဆိုတာ ပြသနေတယ်။ နတ်ဘုရားအစေခံတပ်ကို လွှတ်လိုက်ရင်လည်း သိပ်ထူးမှာမဟုတ်ဘူး။ ပြီးတော့ တစ်ဖက်လူက ကွေ့ရှန်းတစ်ကောင်ကိုပါ ထိန်းချုပ်ထားသေးတယ်။ နတ်ဘုရားတစ်ပိုင်းတွေကိုယ်တိုင် ဝင်မပါသရွေ့ သိပ်အရာရောက်မှာ မဟုတ်ဘူး"
ဆရာသခင်က သက်ပြင်းချပြီး ဆက်ပြောသည်။ "ငါတို့က နတ်ဘုရားစွမ်းအားကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေ၊ ချုပ်ချယ်မှုတွေ ရှိနေသေးတယ်။ ဒါကြောင့် အဲဒီကမ္ဘာတွေထဲက အင်အားကြီးဂိုဏ်းတွေကို လက်ငှားသုံးမှဖြစ်မယ်"
"ဟုတ်ကဲ့ပါ... နတ်ဘုရားအစေခံနေရာလွတ်တစ်ခုပေးမယ်ဆိုရင် အဲဒီကမ္ဘာကြီးတွေက အင်အားစုတွေ ရူးသွပ်သွားကြမှာ သေချာတယ်။ ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးဖို့ အလုအယက် ဖြစ်ကုန်ကြမှာပါ" ဟော့ ခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာအသီးသီးက ကျင့်ကြံသူတွေအတွက် ဟွန်တွန်အဖွဲ့အစည်းရဲ့ နတ်ဘုရားအစေခံဖြစ်ခွင့်ရတာက တစ်ခုတည်းသော လွတ်မြောက်ရာလမ်းကြောင်းပဲလေ။
မဟုတ်ရင် ဟွေ့ယွမ်ကပ်ဘေး တစ်ခုကို ကျော်ဖြတ်နိုင်ရင်တောင် တစ်နေ့ကျရင် မကျော်ဖြတ်နိုင်တဲ့နေ့ ရောက်လာပြီး ရိတ်သိမ်းခံရမှာပဲ။
အဲဒီအချိန်ကျရင် ကမ္ဘာအသီးသီးက ထိပ်တန်း ရှန်ဝမ်တွေတောင် ထွက်လာကြလိမ့်မယ်။
.....
၃၃ ဘုံမြောက်ဘုံ။
ဟုန်ယွင်နတ်ဘုရားဂိုဏ်း။
ရာစုနှစ်များစွာ ကြာမြင့်ခဲ့သော ဟွေ့ယွမ်ကပ်ဘေးအတွင်း၊ ကွေ့ရှန်းကပ်ဘေးနှင့် ပြင်ပကမ္ဘာမှ ကျူးကျော်မှုများကြောင့် ဟုန်ယွင်နတ်ဘုရားဂိုဏ်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့သည်။ မူလက အထူးရွှေနတ်ဘုရား ၃ ပါး ရှိခဲ့သော်လည်း၊ ယခုအခါ ၂ ပါး ကျဆုံးသွားခဲ့ပြီး ရွှေမျက်လုံးနှင့် မင်းယွမ်တစ်ပါးသာ ကျန်ရစ်တော့သည်။
သာမန် ရွှေနတ်ဘုရားတွေဆိုရင်လည်း သေကြေကုန်ကြတာ အများကြီး။
ယခုအခါ ခန်းမဆောင်တစ်ခုအတွင်း၌ မင်းယွမ်သည် လက်ကျန် ရွှေနတ်ဘုရား အနည်းငယ်ကို ခေါ်ယူတွေ့ဆုံနေသည်။
"မကြာသေးခင်က သတင်းတစ်ခုရလိုက်တယ်။ ဟွန်တွန်အဖွဲ့အစည်းက သတ်ဖြတ်ရေးအမိန့် တစ်ခု ထုတ်လိုက်တယ်။ ဒီလူ (လီချန်) ကို သတ်နိုင်တဲ့သူက နတ်ဘုရားအဆင့်အတန်းရရှိပြီး ဟွန်တွန်အဖွဲ့အစည်းထဲ ဝင်ခွင့်ရမယ်တဲ့" မင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။
ဒီအမိန့်က "နတ်ဘုရားပြစ်မှားသူသတ်ဖြတ်ရေးအမိန့်" ဖြစ်ပြီး စကြဝဠာ ကမ္ဘာပေါင်းများစွာဆီ ပျံ့နှံ့သွားလောက်ပြီ။
လီချန်က ဟွန်တွန်အဖွဲ့အစည်း ကို ဘယ်လို စော်ကားလိုက်လဲဆိုတာ သူ မသိပေမဲ့ နတ်ဘုရားအဆင့်အတန်းရဲ့ ဆွဲဆောင်မှုက ကြီးမားလွန်းတာကြောင့် ကမ္ဘာအသီးသီးက အင်အားစုတွေ ငြိမ်နေမှာ မဟုတ်ဘူး။
"မျိုးနွယ်စုအကြီးအကဲ... ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" ရွှေနတ်ဘုရား တစ်ပါးက မေးလိုက်သည်။
"အခြေအနေကို စောင့်ကြည့်တာပဲ ကောင်းမယ်။ ဟွန်တွန်အဖွဲ့အစည်းကိုယ်တိုင်က သတ်ဖြတ်ရေးအမိန့်ထုတ်ရတယ်ဆိုကတည်းက၊ ဒီလူက လွယ်လွယ်နဲ့ ကိုင်တွယ်လို့ရမယ့်သူ မဟုတ်ဘူး" မင်းယွမ် ခေါင်းခါလိုက်သည်။ "ယဲ့ယွီ ... မင်း ဒီအကြောင်းကို တာအိုရောင်းရင်းလီချန်ဆီ ဆက်သွယ်ပြီး သတိပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဆရာသခင်" ယဲ့ယွီ အလျင်အမြန် ပြောလိုက်သည်။
....
၁၀ ခုမြောက်ဘုံ။
"ဟွန်တွန်အဖွဲ့အစည်းက ကျွန်တော့်အပေါ် နတ်ဘုရားပြစ်မှားသူသတ်ဖြတ်ရေးအမိန့် ထုတ်လိုက်တယ် ဟုတ်လား" လီချန်သည် ကျီယင်း၏ပြောစကားကို နားထောင်ပြီး အံ့သြသွားသည်။
သူ ထင်ထားတာက ဟွန်တွန်အဖွဲ့အစည်းက သူ့ကို ကိုယ်တိုင်လာတိုက်မယ် ထင်နေတာ။ ဒီလို ကမ္ဘာအသီးသီးက အင်အားစုတွေကို မြှောက်ပင့်ပြီး ဝိုင်းတိုက်ခိုင်းမယ်လို့ မထင်ထားဘူး။
"ဒီနတ်ဘုရားအစေခံ နေရာလွတ်က အရမ်းဆွဲဆောင်မှုရှိတာလား" သူ မေးလိုက်သည်။
"ဒါပေါ့... ကမ္ဘာအသီးသီးက အင်အားစုတွေအတွက် နတ်ဘုရားအစေခံဖြစ်ခွင့်ရတာက သံသရာကနေ လွတ်မြောက်ခြင်းတစ်မျိုးပဲ။ ဟွေ့ယွမ်ကပ်ဘေးရဲ့ဒုက္ခတွေကို ဘယ်တော့မှ ခံစားစရာ မလိုတော့ဘူးလေ" ကျီယင်း ခေါင်းညိတ်လိုက်သည်။
သူက ကွေ့ရှန်းကပ်ဘေးစဖြစ်ကတည်းက ၃၃ ဘုံကနေ ထွက်ခွာသွားခဲ့တာ။ မကြာသေးခင်ကမှ ၁၀ ခုမြောက်ဘုံ ကို ပြန်ရောက်လာတာ။
"ဒါကြောင့်... အထူးရွှေနတ်ဘုရားတွေ တင်မကဘူး၊ ရှန်ကျွင်း၊ ရှန်ဝမ်အဆင့်တွေ... အဆင့် ၉ နိယာမ ပိုင်ဆိုင်တဲ့ မသေမျိုးဧကရာဇ်တွေတောင်မှ သတင်းကြားရင် ရောက်လာကြလိမ့်မယ်" ကျီယင်း လေးနက်စွာ ပြောလိုက်သည်။
"ဒီလိုကြည့်ရင် ကျွန်တော့်ခေါင်းက တော်တော်တန်ဖိုးရှိတာပဲ" လီချန် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"တာအိုရောင်းရင်းလီချန်... ဒါက ရယ်စရာ မဟုတ်ဘူး။ ခင်ဗျား အခြေအနေက အရမ်းအန္တရာယ်များနေပြီ။ ကျွန်တော်နဲ့အတူ ကျီကမ္ဘာကို လိုက်ခဲ့ပါ။ ကျီကမ္ဘာရဲ့ အကာအကွယ်အောက်မှာ ဆိုရင် ဟွန်တွန်အဖွဲ့အစည်းလည်း ခင်ဗျားကို ဘာမှမလုပ်နိုင်ပါဘူး" ကျီယင်း ပြောလိုက်သည်။
"တာအိုရောင်းရင်းကျီ... ခင်ဗျားတို့ ကျီမိသားစုက ကမ္ဘာအသီးသီးက အင်အားစုတွေ ဝိုင်းတိုက်မှာကို မကြောက်ဘူးလား" လီချန် မေးလိုက်သည်။
"မကြောက်ပါဘူး... တကယ်တမ်းကျတော့ ကျွန်တော်တို့ ကျီမိသားစုက ဟွန်တွန်အဖွဲ့အစည်းရဲ့ နတ်ဘုရားပြစ်မှားသူသတ်ဖြတ်ရေးစာရင်းမှာ ပါနေတာ ကြာလှပြီ" ကျီယင်း ခေါင်းခါလိုက်သည်။
"ကျွန်တော် သိချင်တာက... ဟွန်တွန်အဖွဲ့အစည်းက ဒီလောက် စွမ်းအားကြီးတာ၊ ဘာလို့ ခင်ဗျားတို့ ကျီမိသားစုကို မနိုင်ရတာလဲ" လီချန် မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကျီမိသားစုမှာ ပြီးပြည့်စုံလုနီးပါးရှိတဲ့ ရှေးဟောင်းနတ်ဘုရားလက်နက်တစ်ခု ရှိနေလို့ပဲ" ကျီယင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ရှေးဟောင်းနတ်ဘုရားလက်နက်ရှိနေသရွေ့ ဟွန်တွန်အဖွဲ့အစည်းရဲ့ နတ်ဘုရားပစ္စည်းတွေက ကျွန်တော်တို့ ကျီမိသားစုကို ခြိမ်းခြောက်နိုင်စွမ်းသိပ်မရှိဘူး။ ဒါကြောင့် သူတို့ လွယ်လွယ်နဲ့ မတိုက်ရဲကြဘူး"
"ဟွန်တွန်အဖွဲ့အစည်း မနိုင်ရင်တောင်၊ ဟွန်တွန်ပြင်ပနတ်ဘုရားတွေကိုယ်တိုင် မဆင်းသက်လာဘူးလား" လီချန် အံ့သြသွားသည်။
"အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ကျီမိသားစု သမိုင်းမှတ်တမ်းတွေအရ... နတ်ဘုရားကမ္ဘာ ပျက်စီးပြီးကတည်းက၊ ဟွန်တွန်ပြင်ပနတ်ဘုရားတွေက နတ်ဘုရားကမ္ဘာနယ်ပယ်ထဲမှာ တစ်ခါမှ မပေါ်လာဖူးတော့ဘူး" ကျီယင်း ခေါင်းခါလိုက်သည်။
.......
နောက်ဆုံးတော့ လီချန် ကျီကမ္ဘာကို မလိုက်သွားခဲ့ပေ။
သူ့အတွက်တော့ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထက် ဘယ်နေရာမှ ပိုစိတ်မချရဘူး။
ဟွန်တွန်အဖွဲ့အစည်းက သူ့ကို သတ်ဖြတ်ရေးအမိန့် ထုတ်ထားတယ်ဆိုရင်လည်း၊ သူ ပုန်းနေလိုက်ရုံပဲရှိတာ။
ကျီယင်း ပြန်သွားပြီးနောက်၊ လီချန်သည် ယွီဟွာနတ်ဘုရားနန်းတော်တစ်ခုလုံးကို မြေနတ်ဘုရားကမ္ဘာရှိ ကောင်းကင်တာအိုနယ်ပယ်ထဲသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။
ဟွန်တွန်အဖွဲ့အစည်းရဲ့ သတ်ဖြတ်ရေးအမိန့် ထွက်လာပြီဆိုတော့ နောက်ပိုင်း ၁၀ ခုမြောက်ဘုံက ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး။
ဒါကြောင့် အကောင်းဆုံးနည်းလမ်းက ဂိုဏ်းတစ်ခုလုံးကို ရွှေ့ပြောင်းလိုက်တာပဲ။
သေချာတာကတော့ အကုန်လုံးကို ရွှေ့ပြောင်းတာ မဟုတ်ဘူး။ လူဦးရေက များလွန်းတယ်။
တရားဝင် တပည့်တွေကိုသာ ကောင်းကင်တာအိုနယ်ပယ်ထဲ ခေါ်သွားမယ်။ မလိုက်ချင်တဲ့သူတွေရှိရင်လည်း ဒီမှာပဲ ထားခဲ့မယ်။
လဝက် မကြာခင်မှာပဲ ယွီဟွာနတ်ဘုရားနန်းတော် တစ်ခုလုံး ရွှေ့ပြောင်းပြီးစီးသွားသည်။
မရွှေ့ပြောင်းတဲ့သူတွေကိုလည်း ဖျက်သိမ်းပေးလိုက်သည်။
တခြားကမ္ဘာက အင်အားစုတွေ ၁၀ ခုမြောက်ဘုံကို ရောက်လာကြတဲ့အခါ၊ ယွီဟွာနတ်ဘုရားနန်းတော်က အခွံလွတ်ကြီးဖြစ်နေတာကို တွေ့လိုက်ရသည်။
သူတို့ မြေလှန်ရှာဖွေကြသော်လည်း ယွီဟွာနတ်ဘုရားနန်းတော်က လူတွေကို ရှာမတွေ့တော့ပေ။ ၃၃ ဘုံထဲကနေ အငွေ့ပျံသွားသလို ပျောက်ကွယ်သွားကြသည်။
....
လက်ရှိအချိန် ကောင်းကင်တာအိုနယ်ပယ်အတွင်း၌။
လီချန် အလုပ်ရှုပ်နေသည်။
ကျင့်ကြံတယ်၊ ဆေးဖော်တယ်၊ လက်နက်သွန်းလုပ်တယ်၊ နတ်ဆေးပင်တွေ စိုက်ပျိုးတယ်။
ကောင်းကင်တာအိုနယ်ပယ်ထဲမှာ လူဦးရေ တိုးလာပေမဲ့... နယ်ပယ်ဧရိယာက မသေးတော့ဘူးလေ။ ယွီဟွာနတ်ဘုရားနန်းတော် တစ်ခုလုံးကို လက်ခံထားဖို့ ပြဿနာမရှိပါဘူး။
အခု ယွီဟွာနတ်ဘုရားနန်းတော်က ကောင်းကင်တာအိုနယ်ပယ်ထဲမှာ လည်ပတ်မှု ပုံမှန်ဖြစ်နေပြီ။
......
ဟွန်တွန်မဟာကမ္ဘာ။
"ဆရာသခင်... အဲဒီလူ လုံးဝ ပျောက်ချင်းမလှ ပျောက်သွားပါပြီ။ ယွီဟွာနတ်ဘုရားနန်းတော် တစ်ခုလုံးလည်း တစ်ညတည်းနဲ့ ပျောက်သွားပါတယ်" ဟော့က အိုမင်းသော အရိပ်မည်းကြီးကို ရိုသေစွာ ပြောလိုက်သည်။
"လုံးဝ ပျောက်သွားတာလား။ ၃၃ ဘုံမှာ မရှိတော့တာလား" အိုမင်းသော အသံက မေးလိုက်သည်။
"ဆရာသခင်... ကျွန်တော် သံသယရှိတာက... အဲဒီလူ ၃၃ ဘုံကနေ ထွက်ခွာပြီး ကျီကမ္ဘာဆီ သွားလိုက်တာများလားလို့ပါ။ ကျီမိသားစုက အဲဒီလူကို အမြဲစည်းရုံးနေခဲ့တာလေ။ ပြီးတော့ အဲဒီလူက ကောင်းကင်ဘုံကိုးလွှာဓားကို ကျင့်ကြံပြီး နတ်ဘုရားဓားကို နားလည်သဘောပေါက်ထားသူ ဖြစ်နေတာကိုး" ဟော့ က ပြောလိုက်သည်။
"သူ ကျီကမ္ဘာကို ရောက်မရောက် ဂရုစိုက်မနေနဲ့။ ဒီအခွင့်အရေးကို ယူပြီး... ကျီမိသားစုကိုပါ အပြတ်ရှင်းပစ်လိုက်" အိုမင်းသော အသံက ပြောလိုက်သည်။
"ဆရာသခင်... ဟိုလီချန်ရဲ့လက်ထဲက ရှေးဟောင်းနတ်ဘုရားလက်နက်က ကျီမိသားစုဆီက ရတာများ ဖြစ်နေမလား" ဟော့က မေးလိုက်သည်။
"မဖြစ်နိုင်ဘူး... ကျီမိသားစုရဲ့ ရှေးဟောင်းနတ်ဘုရားလက်နက်က ရှန်ရှောင်မသေမျိုးဧကရာဇ်ဆီက ဆင်းသက်လာတာ။ ကောင်းကင်ဘုံကိုးလွှာဓားနဲ့ တွဲဖက်လိုက်ရင် နတ်ဘုရားကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ ကျီမိသားစု ဘိုးဘေးကြီးက လုရှန်ဓားအထွတ်အထိပ် ရောက်နေလို့သာ အဲဒီလက်နက်ကို သုံးနိုင်တာ... ဒါပေမဲ့ ကျီမိသားစု ဘိုးဘေးကြီးရဲ့ သက်တမ်းက မကျန်တော့ဘူး။ သူ သေဆုံးသွားတာနဲ့ ငါတို့ ကျီမိသားစုကို ရှင်းပစ်ရတာ လွယ်ကူသွားလိမ့်မယ်။ ကျီမိသားစုက ဟိုလီချန်ကို စည်းရုံးနေတာကလည်း ကျီမိသားစုရဲ့အနာဂတ်အတွက် ပြင်ဆင်နေတာဖြစ်မယ်" အိုမင်းသော အသံက လေးနက်စွာ ပြောလိုက်သည်။
"ဆရာသခင်... ကျီမိသားစု ဘိုးဘေးကြီးက မသေသေးသလို၊ သူတို့လက်ထဲမှာ ရှေးဟောင်းနတ်ဘုရားလက်နက်လည်း ရှိနေသေးတယ်... သူတို့ကို တိုက်ခိုက်ဖို့က မလွယ်ဘူး မဟုတ်လား" ဟော့ က မေးလိုက်သည်။
"နတ်ဘုရားသားတော် ယဲ့မော်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီ။ ဒါကြောင့် ကျီမိသားစုကို တိုက်ခိုက်ဖို့ ဦးဆောင်စီစဉ်လိုက်တာ" အိုမင်းသော အသံက ပြောလိုက်သည်။
"ဘာ..." ဟော့ တုန်လှုပ်သွားသည်။ "ဒါကြောင့်ကိုး... တကယ်လို့ နတ်ဘုရားသားတော် ယဲ့မော်သာ ကျီမိသားစုကို ရှင်းလင်းနိုင်ခဲ့ရင် အဲဒီအခွင့်အရေးရှိလာမှာ သေချာတယ်..."
သူ့လေသံထဲတွင် အားကျမှုများ ပါဝင်နေသည်။
ဟွန်တွန်အဖွဲ့အစည်းတွင် အဆင့်အတန်းခွဲခြားမှု ပြင်းထန်သည်။ အနိမ့်စား၊ အလယ်အလတ်၊ အထက်တန်း နတ်ဘုရားအစေခံများနှင့် အမြင့်ဆုံးအဆင့် ကောင်စီဝင် မဟာနတ်ဘုရားအစေခံများ ရှိသည်။ ယေဘုယျအားဖြင့် ကောင်စီဝင် မဟာနတ်ဘုရားအစေခံဖြစ်လာမှသာ ဌာနခွဲတစ်ခုကို ဦးဆောင်ခွင့်ရကြသည်။
ဟွန်တွန်အဖွဲ့အစည်းတစ်ခုလုံးမှာ ကောင်စီဝင်မဟာနတ်ဘုရားအစေခံ ၁၀ ယောက်ကျော်ပဲ ရှိတာ။
သူ့ဆရာသခင်တောင်မှ အထက်တန်းနတ်ဘုရားအစေခံပဲ ရှိသေးတာ။ ကောင်စီဝင်ဖြစ်ဖို့ နည်းနည်း လိုသေးတယ်။
နတ်ဘုရားသားတော်ဆိုတာကတော့... အလွန်ထူးခြားသော အဆင့်အတန်းဖြစ်ပြီး၊ ကောင်စီဝင် မဟာနတ်ဘုရားအစေခံတွေနဲ့ တန်းတူရှိသည်။
ယေဘုယျအားဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းနိုင်မယ့် အလားအလာရှိသူတွေကို ပေးအပ်သော ရာထူးဖြစ်သည်။
တကယ်လို့ နတ်ဘုရားတစ်ပိုင်းဖြစ်သွားရင်တော့ လုံးဝကွာခြားသွားပြီ။
နတ်ဘုရားသားတော် ယဲ့မော်က အဲဒီအထဲက တစ်ယောက်ဖြစ်သည်။
ဒီတစ်ခေါက် ကျီမိသားစုကို တိုက်ခိုက်တာကို ဦးဆောင်တယ်ဆိုတာ နတ်ဘုရားတစ်ပိုင်း အဆင့် တက်လှမ်းဖို့ တရားဝင်ပြင်ဆင်လိုက်တာပဲ။
ယေဘုယျအားဖြင့် နတ်ဘုရားတစ်ပိုင်းဖြစ်ချင်ရင် လမ်းတစ်ခုပဲရှိတယ်။ အဲဒါက မဟာနတ်ဘုရား (သို့မဟုတ် ဟွန်တွန်ပြင်ပနတ်ဘုရား) ရဲ့ ကောင်းချီးကို ရရှိမှဖြစ်တာ။
တကယ်လို့ ကျီမိသားစုကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ရင်၊ နတ်ဘုရားသားတော် ယဲ့မော်အနေနဲ့ ဒီကုသိုလ်ကြီးကို အကြောင်းပြပြီး မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ ကျင်းပခွင့်ရလိမ့်မယ်။ ဒီနှစ်တွေအတွင်း ရိတ်သိမ်းထားတဲ့ နိယာမအမြောက်အမြားကို ပူဇော်ပြီး မဟာနတ်ဘုရားဆီက ဆုလာဘ်တောင်းခံကာ နတ်ဘုရားတစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်မှာ။
နတ်ဘုရားသားတော်တွေပဲ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲကို ကျင်းပခွင့်ရှိတာပင်။
"ဒါပေမဲ့... နတ်ဘုရားသားတော် ယဲ့မော်က ဘာလို့ ဒီလောက် စွန့်စားရတာလဲ" ဟော့ မနေနိုင်ဘဲ မေးလိုက်သည်။ "ကျီမိသားစုဆိုတာ အရိုးမာတယ်လေ။ အရင်တုန်းက နတ်ဘုရားသားတော် အဆက်ဆက် တိုက်ခိုက်ခဲ့ပေမဲ့ ကျရှုံးခဲ့ကြတာ"
နတ်ဘုရားသားတော် ရာထူးကလည်း သက်တမ်းကန့်သတ်ချက်ရှိတယ်။
နတ်ဘုရားတစ်ပိုင်းဖြစ်ဖို့ ကြိုးစားလို့ မအောင်မြင်ရင် နတ်ဘုရားသားတော်နေရာကနေ ဆင်းပေးရတယ်။ ကံကောင်းရင် ကောင်စီဝင် မဟာနတ်ဘုရားအစေခံဖြစ်လာနိုင်ပေမဲ့၊ ကံဆိုးရင်တော့ သာမန် အထက်တန်းနတ်ဘုရားအစေခံအဆင့်လောက်ပဲဖြစ်သွားရော။
"အဲဒါတော့ မသိဘူး" အိုမင်းသော အသံက ခေါင်းခါလိုက်သည်။ "ဒါပေမဲ့ နတ်ဘုရားသားတော် ယဲ့မော်က လုပ်ရဲတယ်ဆိုမှတော့ သူ့မှာ ယုံကြည်ချက်တစ်ခုခုရှိလို့ဖြစ်မှာပါ"
.....
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
ဓားအလင်းတန်းများ ပွင့်ဖူးလာပြီး၊ ဟင်းလင်းပြင်တွင် ကြီးမားသော ခေါင်းလောင်းရိပ်တစ်ခု တည်ဆောက်လိုက်သည်။ ထိုဓားအလင်းတန်းများကြားတွင် လူရိပ်များ ရှိနေသည်။
လူတစ်ယောက်ချင်းစီသည် တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
သူတို့သည် တာအိုဓားများကို မောင်းနှင်ပြီး ၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း ဓားအစီအရင်တစ်ခုကို တည်ဆောက်ထားကြသည်။
လူအရေအတွက် မလုံလောက်သောကြောင့် ဓားအစီအရင်တစ်ခုလုံးတွင် လူ ၂၁၆ ဦးသာ ပါဝင်သည်။
လူတစ်ယောက်က တာအိုဓား ၂ လက်ကို ထိန်းချုပ်ထားသည်။
ဒီလို ပူးပေါင်းလိုက်တော့ ပြီးပြည့်စုံတဲ့ ၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း ဓားအစီအရင် ဖြစ်လာသည်။
လီချန် လက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းရိပ်တစ်ခုပေါ်လာပြီး၊ ထိုကြီးမားသော ခေါင်းလောင်းရိပ်ကြီးနှင့် ဝင်တိုက်လိုက်သည်။
ဒေါင်! ဒေါင်! ဒေါင်!
ပြင်းထန်သော တိုက်မိသံများနှင့်အတူ ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။
လီချန် သုံးသပ်ကြည့်လိုက်ရာ ဒီဓားအစီအရင်ကြီးရဲ့ စွမ်းအားက မဆိုးလှဘူး။
သူ့ကိုယ်ပိုင် ဓားအစီအရင်လောက်တော့ စွမ်းအားမကြီးဘူး။ ဘာလို့လဲဆိုတော့ သူ့မှာက အဆင့် ၇ နိယာမ နဲ့ အဆင့်ကြီးအောင်မြင်မှု ရောက်နေတဲ့ လုရှန်ဓားရှိနေလို့ သူ့ရဲ့ ၂၄ အခြေခံ ဓားအစီအရင် စွမ်းအားက ကြောက်စရာ ကောင်းနေတာ။
ယွီဟွာနတ်ဘုရားနန်းတော်က တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၂၀၀ ကျော် ပေါင်းပြီး တည်ဆောက်ထားတဲ့ ဓားအစီအရင်ကတော့ နိမ့်ကျနေသေးတယ်။ အများစုက အဆင့် ၁ နိယာမ ပဲ ရှိကြပြီး၊ အဆင့် ၂ နိယာမ ရောက်သူက ၂၀၊ ၃၀ လောက်ပဲ ရှိတာကိုး။
ဒါတောင်မှ လီချန် စမ်းသပ်ကြည့်သလောက် ဒီဓားအစီအရင်ကြီးရဲ့ စွမ်းအားက အတော်လေး ကောင်းမွန်နေပြီ။ အဆင့် ၅ နိယာမ ပိုင်ဆိုင်တဲ့ ရှန်းကျွင်းအဆင့် အထူးရွှေနတ်ဘုရား တစ်ပါးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ။
ဒါက အလွန်ကြောက်မက်ဖွယ် ကောင်းလှသည်။
အဆင့် ၅ နိယာမ ပိုင်ဆိုင်တဲ့ ရှန်းကျွင်းဆိုတာ သာမန်အထူးရွှေနတ်ဘုရား မဟုတ်ဘူးလေ။ အင်မော်တယ်နန်းတော် တစ်ခုလုံးမှာတောင် ရှန်းကျွင်းအဆင့်က လက်ချိုးရေလို့ရတာ။
"ဒါပေမဲ့ လူများလေလေ၊ ဓားအစီအရင် ပူးပေါင်းဆောင်ရွက်ရတာ ခက်ခဲလေလေပဲ။ အခု အခြေအနေထိရောက်အောင်လုပ်နိုင်တာက အကန့်အသတ် ရောက်နေပြီ" လီချန် စိတ်ထဲ တွေးလိုက်သည်။
လူအင်အားထပ်တိုးရင် ပူးပေါင်းရတာ ပိုခက်သွားလိမ့်မယ်။
ဒါကြောင့် ဒီလို ဓားအစီအရင်ကြီးကို အရေးကြီးတဲ့ အချိန်ကျမှပဲ သုံးသင့်တယ်။ ပုံမှန်အားဖြင့်တော့ အသေးစား ဓားအစီအရင်တွေပဲသုံးတာ ပိုကောင်းမယ်။
လီချန်က တပည့်တွေအတွက် လူအရေအတွက်အမျိုးမျိုး (၉ ယောက်ကနေ ၁၀၀ အထိ) ပါဝင်နိုင်တဲ့ ဓားအစီအရင် အမျိုးမျိုးကို ဒီဇိုင်းဆွဲပေးထားတယ်။ အခြေအနေအလိုက် လိုအပ်သလို အင်အားစုစည်းပြီး သုံးနိုင်အောင်ပေါ့။
"ကဲ... ဒီနေ့ ဓားအစီအရင် လေ့ကျင့်တာ ဒီလောက်ပါပဲ" လီချန် လက်ကာပြပြီး လူစုခွဲခိုင်းလိုက်သည်။
အခု ယွီဟွာနတ်ဘုရားနန်းတော်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေ များလာတော့ အရင်းအမြစ် ကုန်ကျစရိတ်ကလည်း များလာသည်။
ကံကောင်းတာက မြေနတ်ဘုရားကမ္ဘာဆိုတဲ့ ရတနာသိုက်ကြီးရှိနေလို့... နတ်ဘုရားချီ မပြတ်လပ်သလို၊ နတ်ဆေးပင် စိုက်ပျိုးမှုလည်း အရှိန်ရနေပြီမို့ ဆေးလုံးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်။
ဒါပေမဲ့ သူက အချိန်အပိုင်းအခြားအလိုက် ဆေးဖော်ပေးနေရတယ်။
ဒီတာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေကိုင်တဲ့ တာအိုဓားတွေ အကုန်လုံးကိုလည်း သူပဲ သွန်းလုပ်ပေးရတာ။
ယွီဟွာနတ်ဘုရားနန်းတော်အတွက် သူ အသည်းကွဲမတတ် ကြိုးစားပေးနေရတယ်လို့ပြောရမယ်။
နတ်ဘုရားဓားခန်းမဆောင်ထဲ ပြန်ရောက်တော့၊ လီချန် အချိန်ခေါင်းလောင်းအောက်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း မွေးရာပါဓားအစီအရင်ကို ထုတ်လွှတ်လိုက်ရာ ခေါင်းလောင်းရိပ်တစ်ခုအဖြစ် ဖြန့်ကျက်သွားပြီး သူ့ခန္ဓာကိုယ်ကို မ,တင်ထားလိုက်သည်။
"အခု လျန်ချီးဓားအစီအရင်က အကန့်အသတ်ရောက်နေပြီ... နောက်တစ်ဆင့် ထပ်တက်ပြီး လျန်ချီး ကနေ စန်းချန်အဆင့် မြှင့်တင်ရင်ကောင်းမလား" လီချန် မေးစေ့ကို ပွတ်သပ်လိုက်သည်။
ဓားအစီအရင် အဆင့်မြှင့်ဖို့အတွက်၊ သူ့ရဲ့ အစီအရင်ပညာက အခြေခံ ၂၅ အဆင့် ရောက်မှ ရမယ်။ ဒါပေမဲ့ ကာလတိုအတွင်းရောက်ဖို့ခက်ခဲတယ်။
ဒါကြောင့် တခြားနည်းလမ်းနဲ့ မြှင့်တင်ရမယ်။
၂၄ အခြေခံ လျန်ချီးအချိန်ခေါင်းလောင်း ဓားအစီအရင် ကို ၂၄ အခြေခံ စန်းချန်အချိန်ခေါင်းလောင်း ဓားအစီအရင်အဖြစ် ပြောင်းလဲလိုက်ရင်၊ တာအိုဓား ၂၁၆ လက် ထပ်ပေါင်းထည့်ရမှာဖြစ်ပြီး၊ စုစုပေါင်း တာအိုဓားအရေအတွက်က ၆၄၈ လက်အထိ ရောက်သွားလိမ့်မယ်။
သေချာတာကတော့ လျန်ချီးကနေ စန်းချန် ပြောင်းတာက ဓားအရေအတွက် တိုးလိုက်ရုံနဲ့ ပြီးတာ မဟုတ်ဘူး။ ဓားအစီအရင်တစ်ခုလုံးကို ပြုပြင်မွမ်းမံရဦးမှာ။ အချိန်အများကြီး ပေးရလိမ့်မယ်။
ပြီးတော့ တာအိုဓား ၂၀၀ ကျော် ထပ်သွန်းလုပ်ရမယ်ဆိုတာကလည်း မသေးငယ်တဲ့ အလုပ်ကြီးပဲ။
"ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့" လီချန် ခေါင်းခါလိုက်သည်။
ထို့နောက် မျက်လုံးမှိတ်ပြီး စတင် ကျင့်ကြံတော့သည်။
***