ကြက်သွန်မြိတ်ရနံ့၏ကြီးမြတ်သောတာအို
Vol. 10 Ch. 93
ဝမ်ယန်သည်ကြက်သွန်မြိတ်ရနံ့ ဝိညာဉ်အားဖြည့်ဆေးလုံးနှစ်လုံးကို ကျောက်စိမ်းပန်းကန်လုံးလေးထဲ ထည့်၍ ဂရုတစိုက် ကိုင်ဆောင်ထားသည်။ စစ်ချန်နှင့် အခြားသူများ နေထိုင်ရာ ခြံဝန်းငယ်လေး၏ ဝင်ပေါက်ဆီသို့ အပြေးအလွှား ရောက်ရှိသွားသည်။
ယခင်က အကြိမ်ကြိမ် ကျရှုံးမှုများကြောင့် လာရောက်ရန် မျက်နှာမရှိခဲ့သော်လည်း ယခုအခါ အောင်မြင်မှု အသီးအပွင့်များကို သယ်ဆောင်လာပြီဖြစ်ရာ သူ့ရင်ခုန်သံများမှာ လည်ချောင်းပေါက်မှ ထွက်ကျမတတ် ပြင်းထန်နေသည်။
သူ့ဆရာသခင်ကို အခုချက်ချင်း တွေ့ပြီး ကျယ်လောင်စွာ ပြောလိုက်ချင်သည် "ဆရာသခင်ရဲ့ တာအိုလမ်းစဉ်ကို ဒီတပည့် တတ်မြောက်သွားပါပြီ" ဟု။
အသိအမှတ်ပြုစကား တစ်ခွန်းလောက် ကြားလိုက်ရရင်ပဲ ယခင်က ခံစားခဲ့ရသော ဒုက္ခများ အားလုံး တန်ဖိုးရှိသွားပြီ ဖြစ်သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်လှုပ်ရှားနေသော နှလုံးခုန်သံကို မနည်းငြိမ်အောင် လုပ်ကာ ခြံဝန်းတံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
တံခါးလာဖွင့်ပေးသူမှာ ဟေးစန်း ဖြစ်သည်။ သူ၏ ဧရာမခန္ဓာကိုယ်ကြီးက ဝင်ပေါက်ကို ပိတ်ဆို့ထားသည်။ ဝမ်ယန် ဖြစ်နေသည်ကို မြင်သောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး "အော်... မွှေကြော်ဆေးဖော် ဆရာသခင်ကြီး ပြန်လာပြီကိုး" ဟု ကြမ်းတမ်းစွာ ပြောလိုက်သည်။
ဝမ်ယန်သည် စိတ်အခြေအနေ ကောင်းမွန်နေသဖြင့် ဟေးစန်း၏ စနောက်မှုကို ဂရုမစိုက်ပေ။ ကျောကို မတ်လိုက်ပြီး မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"စီနီယာဟေးစန်း... ကျွန်တော် အောင်မြင်ပြီ။ ကျွန်တော် ဆေးလုံး မွှေကြော်နိုင်ခဲ့ပြီ။"
"ဘာပြောလိုက်တာလဲ။" ဟေးစန်း နားကြားမှားသည်ဟု ထင်မှတ်ကာ နားကလော်လိုက်သည်။
ဝမ်ယန်သည် သူ့ဘေးမှ စိတ်မရှည်စွာ တိုးဝင်သွားပြီး ခြံဝန်းထဲတွင် ကုလားထိုင်ရှည်ပေါ် လှဲနေသော စစ်ချန်ကို လှမ်းမြင်လိုက်သည်။
"ဆရာ... ဆရာသခင်... ဒီတပည့် အောင်မြင်ပြီ။ ကြည့်ပါဦး။"
ဝမ်ယန်သည် အမြန်လျှောက်သွားပြီး ကျောက်စိမ်းပုလင်းကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ စစ်ချန်၏ ရှေ့မှောက်တွင် ဆက်သလိုက်သည်။
စစ်ချန် မျက်လုံးဖွင့်လိုက်ပြီး စူးစမ်းချင်စိတ်ဖြင့် ထထိုင်လိုက်သည်။ ပဲနီလေးလည်း အနှောင့်အယှက် ဖြစ်သွားပြီး ခေါင်းလေး မော့ကြည့်သည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့လည်း ဝိုင်းအုံလာကြသည်။ ဒီကောင်လေး ဘယ်လိုရလဒ်မျိုး ချက်ပြုတ်လာလဲ ဆိုတာ သိချင်ကြသည်။
ဝမ်ယန် အသက်ရှူအောင့်ထားပြီး ပုလင်းအဖုံးကို ညင်သာစွာ ဖွင့်လိုက်ကာ ဆေးလုံးနှစ်လုံးကို လက်ဖဝါးထဲသို့ လောင်းထည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ထူးခြားသော ရနံ့တစ်ခု ထွက်ပေါ်လာသည် ပြင်းထန်စူးရှပြီး လုံးဝ လျစ်လျူရှုထား၍ မရနိုင်သော... ကြက်သွန်မြိတ်နံ့။
ဟေးစန်း "..."
ဟုန်ဖုန်း "..."
ပဲနီလေး "...ကျိ။"
ခဏတာအတွင်း ခြံဝန်းထဲတွင် လေတိုက်၍ သစ်ရွက်လှုပ်သံသာ ကြားရတော့သည်။
လူတိုင်း၏ တိတ်ဆိတ်သော အကြည့်အောက်တွင် ဝမ်ယန်၏ မျက်နှာ ဖြည်းဖြည်းချင်း နီရဲလာပြီး အလျင်စလို ရှင်းပြသည် "ဆရာသခင်... အနံ့က နည်းနည်း ထူးခြားနေပေမဲ့ ဆေးအာနိသင်က အစစ်အမှန်ပါဗျ။ ဒီတပည့် ကိုယ်တိုင် စမ်းသပ်ပြီးပါပြီ။ ဝိညာဉ်စွမ်းအားကို တကယ် ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်"
သို့သော် လူတိုင်း အံ့ဩသွားအောင်... အထူးသဖြင့် ဝမ်ယန် အံ့ဩသွားအောင် စစ်ချန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ဆေးလုံးတစ်လုံးကို ကောက်ယူကာ တုန့်ဆိုင်းခြင်းမရှိဘဲ ပါးစပ်ထဲ ထည့်လိုက်သည်။
ဆေးလုံးသည် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး သန့်စင်သော ဝိညာဉ်စွမ်းအားများ ပြန့်နှံ့သွားသည်။ ကြက်သွန်မြိတ်အရသာ နည်းနည်း ပြင်းတာကလွဲရင် အာနိသင်က သာမန် ဝိညာဉ်အားဖြည့်ဆေးလုံးထက်တောင် ပိုကောင်းနေသလိုပဲ။
"ဆရာသခင်... ခင်ဗျား..."
စစ်ချန် ကိုယ်တိုင် မြည်းစမ်းကြည့်သည်ကို မြင်သောအခါ ဝမ်ယန်သည် ခံစားချက်များ လှိုင်တက်လာပြီး နှာခေါင်းများ ရှုံ့ပွလာသည်။ ဆရာသခင်က သူ့ကို ယုံကြည်လွန်းလို့ ဒီလို ထူးဆန်းတဲ့ ပုံစံရှိတဲ့ ဆေးလုံးကိုတောင် ကိုယ်တိုင် စမ်းသပ်ပေးတယ်ပေါ့။
ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ ယုံကြည်မှုနဲ့ အားပေးမှုမျိုးလဲ။
"ဆရာသခင်" ဝမ်ယန်၏ အသံ တုန်ရီနေပြီး စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့် မဖော်ပြနိုင်တော့ပေ။ "အကယ်၍... အကယ်၍ ခင်ဗျား သဘောမကွက်ဘူးဆိုရင် ဒီတပည့်က မွှေကြော်ဆေးဖော်နည်းကို အခုချက်ချင်း လက်တွေ့ သရုပ်ပြပါရစေ"
သူသည် အနှစ်သာရကို အမှန်တကယ် သဘောပေါက်သွားကြောင်း ဆရာသခင်အား သက်သေပြလိုစိတ် ပြင်းပြနေသည်။
စစ်ချန်လည်း တော်တော် စိတ်ဝင်စားနေပြီး သူ ဘယ်လိုလုပ်မလဲ ဆိုတာ သိချင်သဖြင့် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ။"
ဝမ်ယန် ချက်ချင်း တက်ကြွလာသည်။ ခြံဝန်းထဲရှိ ကွင်းပြင်တွင် ကိုယ့်မီးဖိုချောင်ထဲ ရောက်နေသကဲ့သို့ အနေအထား ပြင်လိုက်သည်။ သူ့သံဒယ်အိုးနှင့် ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် တီးတိုးရွတ်ဆိုလိုက်သည်
"ဒယ်အိုးသည် တာအို၏ အခြေခံဖြစ်သည်"
"မီးသည် ဆေးလုံး၏ ဝိညာဉ်ဖြစ်သည်"
"လှန်ခြင်းသည် နည်းစနစ်၏ စည်းချက်ဖြစ်သည်"
သူ သဘောပေါက်ထားသော "မွှေကြော်ဆေးဖော်ခြင်း၏ အချက်လေးချက်" နှင့် ယခင် အောင်မြင်မှု အတွေ့အကြုံများကို တိကျစွာ လိုက်နာပြီး စေ့စပ်သေချာစွာ လုပ်ဆောင်လိုက်သည်။
မီးမွှေးသည်၊ ပါဝင်ပစ္စည်း ထည့်သည်၊ မွှေကြော်သည်... သူ့လှုပ်ရှားမှုများက ချောမွေ့ပြီး ယုံကြည်မှု အပြည့်ရှိသည်။
ဟေးစန်းနှင့် ဟုန်ဖုန်းတို့လည်း စူးစမ်းချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြသည်။
သို့သော် မိနစ်အနည်းငယ် ကြာသောအခါ... ရွှဲ...
ရင်းနှီးနေသော မီးကျွမ်းနံ့ ထွက်ပေါ်လာပြီး ဒယ်အိုးအောက်ခြေတွင် နောက်တစ်ကြိမ် မည်းတူးသွားပြန်သည်။
ဝမ်ယန်၏ မျက်နှာပေါ်မှ ယုံကြည်မှုများ ချက်ချင်း ခဲသွားပြီး ဇဝေဇဝါ ဖြစ်ခြင်းနှင့် ထိတ်လန့်ခြင်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
"မဟုတ်ဘူး... မဟုတ်သေးဘူး... စောစောက အောင်မြင်ခဲ့တာပဲဟာ" မယုံကြည်နိုင်စွာဖြင့် သူ ဒယ်အိုးကို ဆေးကြောလိုက်သည်။ "ဆရာသခင်... ခဏစောင့်ပါ... နောက်တစ်ခါ ထပ်စမ်းပါရစေ"
ဒုတိယအကြိမ် ကျရှုံးသည်။
တတိယအကြိမ် မီးသွေးခဲ ဖြစ်နေဆဲပင်။
ဝမ်ယန်၏ နဖူးတွင် ချွေးသီးများ ထွက်လာပြီး လက်မောင်းများ တုန်ရီလာသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဆင့်တွေက အတူတူပဲဟာ။
လေထုက ခဏတာ အလွန် အနေရခက်သွားသည်။
ဟုန်ဖုန်း ဆက်မကြည့်နိုင်တော့ပေ။ ယခင်က ကြက်သွန်မြိတ်နံ့ ဆေးလုံးကို ကြည့်ပြီး စကားမပြောနိုင်စွာ ဝင်ပြောလိုက်သည်
"အဲ... ကောင်လေး... မင်း အရင်တစ်ခါ အောင်မြင်တုန်းက... တခြားအရာ တစ်ခုခုများ မတော်တဆ ထည့်မိလိုက်သေးလား။ ဥပမာ... ကြက်သွန်မြိတ်လိုမျိုးလေ။"
ကြက်သွန်မြိတ် ဟုတ်လား။
ဝမ်ယန် ကြောင်သွားပြီး အလိုအလျောက် ပြန်ငြင်းချင်သွားသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အဂ္ဂိရတ်ပညာဆိုတာ ဝိညာဉ်ပစ္စည်းတွေရဲ့ သန့်စင်မှုကို အလေးထားတဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ ကိစ္စလေ။ ဘယ်လိုလုပ် ဒီလို... ဒီလို သာမန်အရာမျိုးကို ထည့်လို့ရမှာလဲ။
သူ့စိတ်ထဲတွင် ဤအကြံပြုချက်သည် မဖြစ်နိုင်ဘူးဟု ထင်နေပြီး "မွှေကြော်ဆေးဖော်နည်း" ဟူသော မြင့်မြတ်သော ပညာရပ်ကို စော်ကားရာ ရောက်သည်ဟုပင် ခံစားနေရသည်။
"စမ်းကြည့်တာ ဘာမှ မဖြစ်ပါဘူး" စစ်ချန် ပြောလိုက်သည်။ သူက ရိုးရှင်းစွာပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ပြီး ရလဒ်ကို မြင်ချင်နေသည်။
ဆရာသခင် ပြောလိုက်သည်ကို မြင်သောအခါ ဝမ်ယန် လုံးဝ မယုံကြည်သော်လည်း စိတ်ကို တင်းလိုက်သည်။ နောက်ထပ် ကုန်ကြမ်းပစ္စည်းတစ်သုတ် ဒယ်အိုးထဲ ရောက်သွားချိန်တွင် သူသည် ကြက်သွန်မြိတ် အပိုင်းအစလေး တစ်ခုကို လှီးဖြတ်ပြီး ကြေကွဲဝမ်းနည်းစွာဖြင့် ပစ်ထည့်လိုက်သည်။
မီးမွှေးသည်၊ မွှေကြော်သည်၊ အဖုံးအုပ်သည်... ဒီတစ်ခါ မီးကျွမ်းနံ့ မထွက်ပေ။
ခဏအကြာတွင် ဆေးရနံ့နှင့် ပြင်းထန်သော ကြက်သွန်မြိတ်နံ့ ရောနှောနေသည့် ထူးခြားသော ရနံ့တစ်ခု ခြံဝန်းငယ်လေးထဲတွင် နောက်တစ်ကြိမ် ပျံ့နှံ့သွားသည်။
ဝမ်ယန် သံသယဖြင့် အဖုံးဖွင့်ကြည့်လိုက်ရာ... သာမန်ပုံစံ ဖြစ်သော်လည်း ပြီးပြည့်စုံစွာ ဖွဲ့စည်းထားသော ဆေးလုံးသုံးလုံး ဒယ်အိုးအောက်ခြေတွင် ငြိမ်သက်စွာ ရှိနေသည်ကို တွေ့လိုက်ရသည်။ "ကြက်သွန်မြိတ်ရနံ့ ဝိညာဉ်အားဖြည့်ဆေးလုံး" အစစ်အမှန်ပင် ဖြစ်သည်။
ဒါ... ဒါက အောင်မြင်သွားပြန်ပြီလား။
ဟေးစန်း "..."
ဟုန်ဖုန်း "..."
ပဲနီလေး "..."
ဒီအရာက... တကယ်ကြီး ကြက်သွန်မြိတ်ကို အားကိုးနေရတာလား။
ဒါက ရယ်စရာကောင်းရုံတင် မကတော့ဘူး၊ လုံးဝကို အဓိပ္ပာယ်မရှိတော့တာ။
ဝမ်ယန်သည် နေရာတွင် ကျောက်ရုပ်ကဲ့သို့ ရပ်နေပြီး မျက်နှာတွင် အနီရောင်နှင့် အဖြူရောင်များ ပြောင်းလဲနေသည်။ "မွှေကြော်ဆေးဖော်ခြင်း၏ အချက်လေးချက်" ကို အကြာကြီး လေ့ကျင့်ခဲ့ရပြီးမှ အရေးအကြီးဆုံး အဆင့်က ကြက်သွန်မြိတ် ထည့်ခြင်း ဖြစ်နေသည်လား။
စကားမပြောဘဲ နေခဲ့သော စစ်ချန်သည် ဤပြဇာတ်ဆန်သော မြင်ကွင်းကို ကြည့်နေသည်။ ပါးစပ်ထဲတွင် စွဲကျန်နေသော ကြက်သွန်မြိတ် အရသာကို ခံစားရင်း ရုတ်တရက် တိုးတိုးလေး ရယ်မောလိုက်သည်။
သူ ဝမ်ယန်နားသို့ လျှောက်သွားပြီး စိတ်ဓာတ်ကျနေသော လူငယ်၏ ပုခုံးကို ပုတ်လိုက်သည်။
"ကြီးမြတ်သော တာအိုလမ်းစဉ်တွေက ထောင်သောင်းချီ ရှိတယ်။ ဘယ်သူက ပြောလဲ... အဲဒီထဲက တစ်ခုက ကြက်သွန်မြိတ်အရသာ မဖြစ်နိုင်ဘူးလို့။"
ဝမ်ယန် တစ်ကိုယ်လုံး တုန်ခါသွားသည်။ ဆရာသခင်၏ မျက်လုံးများထဲမှ အပြုံးကို ကြည့်လိုက်ရာ အောက်ဆုံးထိ ထိုးကျသွားသော သူ့စိတ်ဓာတ်များသည် ဤစကားလုံးများကြောင့် ချက်ချင်း ပြန်လည် တောက်လောင်လာသည်။
ဟုတ်တယ်... ကြီးမြတ်သော တာအိုလမ်းစဉ် သုံးထောင် ရှိတယ်။ ကြက်သွန်မြိတ်ရနံ့က နက်နဲမှုဆီ မရောက်ရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ။
ကြက်သွန်မြိတ်ရနံ့ပါတဲ့ တာအိုကလည်း တာအိုပဲ။ ဒါက သူ ဝမ်ယန် တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ တာအိုပဲ။
"ဆရာသခင်" သူ့မျက်လုံးများ မျက်ရည် ပြန်လည် ပြည့်လာပြီး တာအိုကို ရိပ်စားမိလိုက်သူတစ်ဦး၏ စိတ်လှုပ်ရှားမှုများ ရင်ထဲတွင် လှိုင်းထနေသည်။
ဆရာသခင်ရဲ့ အဆင့်အတန်းက သူ နားလည်နိုင်တဲ့ အရာ မဟုတ်ဘူးပဲ။ သူ လမ်းပျောက်နေတိုင်း စကားတစ်ခွန်းတည်းနဲ့ အမြဲတမ်း ဉာဏ်အလင်း ပွင့်စေတယ်။
စစ်ချန်သည် သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သော "အကြံဉာဏ်" စကားအနည်းငယ်ကြောင့် စိတ်လှုပ်ရှားနေပြီး တစ်နည်းနည်းဖြင့် သူ့တပည့် ဖြစ်လာသော ဤလူငယ်ကို ကြည့်လိုက်သည်။ လူအချင်းချင်း ကြုံတွေ့ရသော ကံကြမ္မာသည် တကယ်ကို အံ့ဩဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။
သူ ခဏ စဉ်းစားလိုက်ပြီး ပြောလိုက်သည် "ငါတို့ ဆေးပေါင်းဖိုမြို့တော်ကနေ မကြာခင် ထွက်ခွာတော့မယ်။"
"ဗျာ။" ဝမ်ယန်၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများ ချက်ချင်း ခဲသွားသည်။
"ဆရာသခင်... ခင်ဗျား... ခင်ဗျား ထွက်သွားတော့မလို့လား။ ဘယ်သွားမလို့လဲ။ ဒီတပည့်..."
"မင်း ဒီမှာပဲ နေခဲ့။"
စစ်ချန် ခေါင်းခါလိုက်ပြီး စကားဖြတ်ပြောလိုက်သည် "ဒီခြံဝန်းကို ဒီနေ့ကစပြီး မင်းနဲ့ မင်းအမေအတွက် ထားခဲ့ပေးမယ်။"
ဝမ်ယန် ကြောင်သွားသည်။
ဒီခြံဝန်းက သူတို့ရဲ့ ဟောင်းနွမ်းနေတဲ့ တဲအိမ်လေးထက် အဆပေါင်းများစွာ ပိုကောင်းသလို ဝိညာဉ်စွမ်းအားလည်း ကြွယ်ဝသည်။
"ဆရာသခင်... ဒီတပည့်ကို ခေါ်သွားပါဗျာ။ ကျွန်တော် ရေနွေးကြမ်းငှဲ့ပေးမယ်၊ ရေခပ်ပေးမယ်၊ ထင်းခွဲပေးမယ်၊ မီးမွှေးပေးမယ်..." ဝမ်ယန် စိုးရိမ်တကြီး ပြောလိုက်သည်။ သူ့အပေါ် ဤမျှ ကြင်နာသော လူတစ်ယောက်ကို ခွဲခွာရမည်ကို သူ တကယ် မခံစားနိုင်ပေ။
စစ်ချန် ခေါင်းခါလိုက်သည် "မင်းမှာ မင်းလျှောက်ရမယ့်လမ်း ရှိတယ်။"
စစ်ချန် ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း မြင်သောအခါ ဝမ်ယန်သည် ဆက်ပြောနေလည်း အပိုပဲဟု သိလိုက်သည်။ သူသည် မျက်လုံးရဲရဲဖြင့် လေးလေးနက်နက် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည် "ဒီတပည့်... နာခံပါ့မယ်။ သေချာပေါက် ကြိုးစားကျင့်ကြံပြီး ဆရာသခင်ရဲ့ မျှော်လင့်ချက်တွေကို အလဟဿ မဖြစ်စေရပါဘူး။ တစ်နေ့ကျရင် ဆရာသခင် ပြန်လာတဲ့အခါ ဒီတပည့်က ထိပ်တန်းအဆင့် ဝိညာဉ်ဆေးလုံးတွေ ပြည့်နေတဲ့ ဆေးပေါင်းဖို... အဲ... ဒယ်အိုးနဲ့ သေချာပေါက် ကြိုဆိုပါ့မယ်။"
စစ်ချန် ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ...
တစ်ချိန်တည်းမှာပင် မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးကွာသော ညမိုးစွေမျှော်စင်၏ မှောင်မည်းသော ခန်းမဆောင်ကြီး အတွင်း၌...
လိုက်ကာနောက်ကွယ်မှ ကျက်သရေရှိသော ပုံရိပ်တစ်ခုသည် လက်အောက်ငယ်သား၏ အစီရင်ခံစာကို နားထောင်နေသည်။
"မျှော်စင်သခင်မ... ဆေးပေါင်းဖိုမြို့တော်ကနေ သတင်းရောက်လာပါတယ်။ စစ်ချန်က... နတ်ဘုရားဝိညာဉ် ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလတွေ နေရာတိုင်းမှာ ပျံ့နှံ့နေပါတယ်။"
"အို..."
မျှော်စင်သခင်မ၏ အသံတွင် အံ့ဩမှုများ ပါဝင်နေသည်။ "မြန်လိုက်တာ... ဒီကောင်လေးက ဟိုတုန်းက အဲဒီကောင်စုတ်ထက်တောင် ပိုပြီး ပါရမီပါနေတာလား။"
အောက်ဘက်မှ အစီရင်ခံနေသော အနက်ရောင်ဝတ်လူသည် ခေါင်းငုံ့ထားပြီး သခင်မပြောသည့် အဲဒီကောင်စုတ်ဆိုသည့်လူအကြောင်း မှတ်ချက်မပေးရဲပေ။ သူ ဆက်ပြောလိုက်၏။
"ဒါ့အပြင် ဖန်မိသားစုက နတ်ဘုရားဝိညာဉ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူ အများအပြား ပါဝင်တဲ့ အင်အားစုတစ်ခုကို တိတ်တဆိတ် စုစည်းထားတယ်လို့ သိရပါတယ်။ သူတို့ ပြင်ဆင်ထားတဲ့ အစီအရင်တွေနဲ့ လက်နက်တွေကို ကြည့်ရတာ... စစ်ချန် နတ်ဘုရားဝိညာဉ် ဖွဲ့စည်းတဲ့ လျှပ်စီးဘေးဒုက္ခ ခံယူနေချိန် အားအနည်းဆုံး အခိုက်အတန့်မှာ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပုံရပါတယ်။"
လိုက်ကာနောက်ကွယ်တွင် ခေတ္တ တိတ်ဆိတ်သွားသည်။
"ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူ ၁၀ ယောက် လွှတ်လိုက်..."
သူမ စကားတစ်ဝက်နှင့် ရပ်တန့်လိုက်သည်။ ခေတ္တ စဉ်းစားပြီးနောက် စိတ်ပြောင်းသွားကာ နှုတ်ခမ်းထောင့်တွင် စနောက်လိုသော အပြုံးတစ်ခု ပေါ်လာသည်။
"ထားလိုက်တော့။"
သူမ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူမ၏ ပုံရိပ်လွှာသည် မှိန်ဖျော့သော အလင်းရောင်ထဲတွင် လှုပ်ရှားနေသော မျဉ်းကွေးတစ်ခုကို ဖော်ကျူးနေသည်။
"ငါ... ကိုယ်တိုင် သွားလိုက်မယ်။"
လက်အောက်ငယ်သားသည် ထိုဆုံးဖြတ်ချက်ကို အံ့ဩပုံမရပေ။ ရိုသေစွာဖြင့် "ဟုတ်ကဲ့" ဟုသာ ပြန်ဖြေလိုက်သည်။
"အဲဒီလူ" နဲ့ ပတ်သက်တဲ့ ကိစ္စဆိုရင် မျှော်စင်သခင်မက အမြဲတမ်း အထူးဂရုစိုက်တတ်ကြောင်း သူ သိသည်။
ပြီးတော့ စစ်ချန်က "အဲဒီလူ" ရဲ့ တူအရင်း ဖြစ်နေတယ်လေ။
(ဝါး တတိယဦးလေးက စော်ကြည်ဘဲကိုး)