ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းသည် သူတစ်ပါးကို အားကိုးခြင်းထက် ပိုကောင်း၏
Vol. 10 Ch. 94
ဝမ်ယန်သည် သူ၏ အဖိုးတန်သံဒယ်အိုးနှင့် "ကြက်သွန်မြိတ်ရနံ့ ဝိညာဉ်အားဖြည့်ဆေးလုံး" အနည်းငယ်ကို ပိုက်လျက် သုံးလှမ်းလျှောက်တစ်ခါ ပြန်လှည့်ကြည့်ကာ ခြံဝန်းငယ်လေးထဲမှ ထွက်ခွာသွားသည်။
သူ့ရင်ထဲတွင် ဟာတာတာနှင့် လေးလံသော ခံစားမှုနှစ်ခုစလုံး ဖြစ်ပေါ်နေသည်။
ဟာတာတာဖြစ်ရခြင်းမှာ သူ့ဆရာသခင် ထွက်ခွာသွားတော့မည် ဖြစ်သောကြောင့် ဖြစ်ပြီး၊ လေးလံရခြင်းမှာ ဆရာသခင်၏ ကျေးဇူးတရား ကြီးမားလွန်းသောကြောင့် ဖြစ်သည်။
ဟေးစန်းသည် ကောင်လေး ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ပြီး ဤတစ်ကြိမ်တွင် မလှောင်ပြောင်တော့ပေ။ နှုတ်ခမ်းကို သပ်လိုက်ပြီး စစ်ချန်ကို ကြမ်းတမ်းစွာ ပြောလိုက်သည် "ဒီကောင်လေးက ခေါင်းနည်းနည်းမာပေမဲ့ သူ့ရဲ့ ဇွဲလုံ့လကတော့ ငါ့လို ဝက်ဝံအိုကြီးရဲ့ မျက်လုံးထဲမှာ တော်တော် အမြင်တင့်တယ် တယ်ကွ"
ဟုန်ဖုန်းလည်း ခေါင်းညိတ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ ဤမိစ္ဆာကြီးနှစ်ကောင်သည် ဝမ်ယန်အပေါ် သံယောဇဉ် အနည်းငယ် တွယ်လာကြသည်။
စစ်ချန်က သူ့ကို တပည့်အဖြစ် တကယ် လက်ခံလိုက်သလား ဆိုတာ သူတို့ မသိပေမဲ့ သူတို့ရင်ထဲမှာတော့ အသိအမှတ် ပြုပြီးသား ဖြစ်နေသည်။
"ပြောရရင် ငါတို့ ဝမ်ဂျီတောင်တန်းက ထွက်လာကတည်းက ဒီလို ထူးဆန်းတာတွေပဲ ကြုံနေရတာနော်"
ဟေးစန်းက ခေါင်းကုတ်လိုက်သည် "ပထမက မသေမျိုးအင်ပါယာ မျိုးစေ့ဆိုတဲ့ကောင်၊ အခုကျတော့ မွှေကြော်ဆေးဖော် ဆရာသခင်ကြီးတဲ့... ဒါပေမဲ့ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဝန်ခံရမယ်"
သူတို့အားလုံး စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်း၏ တိမ်တိုက်တက်လှေကားထစ်တွင် ကြွေးကြော်သံများ အော်ဟစ်ခဲ့သော လူငယ်လေးကို ပြိုင်တူ သတိရလိုက်ကြသည်။
လီထယ်ကျူး... စကြာဝဠာအနှံ့ကို လွှမ်းမိုးမယ်လို့ ကြွေးကြော်ခဲ့တဲ့ အဲဒီကောင်လေး အခုလောက်ဆို ဘယ်နေရာမှာ ကြိုးစားကျင့်ကြံနေမလဲ မသိဘူး။
ဒါကို ကြားလိုက်ရသောအခါ စစ်ချန် အလိုအလျောက် ပြုံးလိုက်မိသည်။ တကယ်တော့ ဒီခရီးစဉ်က မိသားစုနဲ့ နေခဲ့ရတဲ့ အချိန်တွေထက် အများကြီး ပိုစိတ်ဝင်စားစရာ ကောင်းတာ အမှန်ပါပဲ။
သူ ကုလားထိုင်ရှည်ပေါ်မှ ထလိုက်ပြီး အကြောဆန့်လိုက်သည်။
ဆေးပေါင်းဖိုမြို့တော်တွင် နေထိုင်ရခြင်းသည် တကယ်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။ နေ့တိုင်းလိုလို ဟေးစန်း ရှာဖွေတွေ့ရှိလာသော အစားအသောက်မျိုးစုံကို မြည်းစမ်းခြင်း သို့မဟုတ် ဝမ်ယန် သူ့ဒယ်အိုးနှင့် ရှုပ်နေသည်ကို ကြည့်ခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။
ဒါပေမဲ့ အခုတော့ ဆက်သွားဖို့ အချိန်တန်ပြီ။
သူ့ဒန်တျန်ထဲမှ ထူးဆန်းသော ဆေးလုံးသည် သူ့ကို တိုက်တွန်းနေသကဲ့သို့ ဂနာမငြိမ် ဖြစ်နေသည်။ နတ်ဘုရားဝိညာဉ် ဖွဲ့စည်းရန် အချိန်တန်ပြီ။
ပြီးတော့ အမှန်အတိုင်း ပြောရရင် ဆေးပေါင်းဖိုမြို့တော်က အစားအသောက် အကုန်လုံးနီးပါး သူတို့ စားပြီးသလောက် ဖြစ်နေပြီ။
"သွားကြစို့" စစ်ချန် ပြောလိုက်သည်။
ပစ္စည်းများ အားလုံး သိုလှောင်လက်စွပ်ထဲတွင် ရှိနေသဖြင့် ထုပ်ပိုးစရာ သိပ်မရှိပေ။ ခြံဝန်းငယ်လေးထဲမှ ထွက်ခွာလာရင်း စစ်ချန်သည် ယာယီနေအိမ်လေးကို နောက်ဆုံးတစ်ခေါက် လှမ်းကြည့်လိုက်သည်။
သူက ခြေဖနောင့်တချက်ပေါက်လိုက်ရာ ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု သူ့ခြေဖဝါးအောက်မှ ပျံ့နှံ့သွားပြီး ခြံဝန်း၏ သစ်သားတံခါးနှင့် နံရံများထဲသို့ တိတ်တဆိတ် ပေါင်းစပ်သွားသည်။
ဒါက မကြာသေးမီကမှ သူ တီထွင်ထားသော လှည့်ကွက်လေးတစ်ခု ဖြစ်သည်။ မသမာသူများ ကျူးကျော်ဝင်ရောက်ခြင်းမှ တားဆီးပေးနိုင်မည့် လျှပ်စီးစွမ်းအား အကြွင်းအကျန်လေး ဖြစ်သည်။ ဝမ်ယန်နှင့် သူ့အမေအတွက် ရိုးရှင်းသော အကာအကွယ် လက်ဖွဲ့တစ်ခု အဖြစ် ဆောင်ရွက်ပေးပေလိမ့်မည်။
ဒီနေ့ကစပြီး ဒီနေရာက ဝမ်ယန်နဲ့ သူ့အမေရဲ့ အိမ်ဖြစ်သွားပြီ။
ဟုန်ဖုန်းက အနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲပြီး ကောင်းကင်သို့ ဦးစွာ ပျံတက်သွားသည်။ ဟေးစန်းက မိစ္ဆာလေပြင်းစီးလျက် နောက်မှ ကပ်လိုက်သွားသည်။ ဝမ်ယန်၏ အိမ်ပေါ်မှ ဖြတ်သန်းသွားသောအခါ သူတို့အားလုံး အရှိန်လျှော့လိုက်ကြသည်။
အောက်ဘက် ခြံဝန်းထဲတွင် သံဒယ်အိုးကို ငေးကြည့်နေသော ဝမ်ယန်သည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ရုတ်တရက် မော့ကြည့်လိုက်သည်။
ကောင်းကင်တွင် ဟုန်ဖုန်း အသွင်ပြောင်းထားသော ဆံနီလူကောင်ကြီးနှင့် ဆံပင်စုတ်ဖွား ဟေးစန်းတို့က သူ့ကို လက်ပြနေကြသည်။
ပြီးတော့ သူ့ဘဝကို ပြောင်းလဲပေးခဲ့သော ဆရာသခင်စစ်ချန်သည် တိမ်တိုက်များကြားတွင် ငြိမ်သက်စွာ ရပ်နေပြီး သူ့ကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်ယန်၏ မျက်လုံးများ ချက်ချင်း နီရဲလာသည်။ သူ လက်များကို အားကုန် ဝှေ့ယမ်းလိုက်ပြီး ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။
ဤခွဲခွာမှုသည် ရှည်လျားသော ခရီးတစ်ခု ဖြစ်ပေလိမ့်မည်။ ဆရာသခင်၏ ဆိုဆုံးမစကားများကို ဘယ်တော့မှ ပြန်လည် နားထောင်ခွင့် ရမလဲဆိုတာ သူ မသိပေ။
သို့သော် နောက်တစ်ခဏတွင် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်းနည်းမှု အားလုံးကို ရင်ထဲသို့ ပြန်လည် ဖိနှိပ်လိုက်သည်။
စားပွဲထိုးဘဝတုန်းက အကျင့်ပါနေသော ကုန်းနေသည့် ကျောပြင်ကို မတ်လိုက်ပြီး ကောင်းကင်ဆီသို့... စစ်ချန် ထွက်ခွာသွားရာ အရပ်မျက်နှာဆီသို့ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ အကြာကြီး ခေါင်းမမော့တော့ပေ။
ဒီတပည့်... ဆရာသခင်ရဲ့ ကျေးဇူးတရားကို အလဟဿ မဖြစ်စေရပါဘူး။
စစ်ချန် သူ့ကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။ ဟေးစန်းနှင့် ဟုန်ဖုန်းတို့ နောက်မှ ကပ်လိုက်သွားကြပြီး သူတို့၏ ပုံရိပ်များသည် မိုးကုပ်စက်ဝိုင်းထဲတွင် မကြာခင် ပျောက်ကွယ်သွားတော့သည်။
ဝမ်ယန်သည် ဗလာဖြစ်နေသော ကောင်းကင်ပြင်ကို အချိန်အတော်ကြာ ငေးမောကြည့်နေပြီးမှ ရုတ်တရက် လှည့်ကာ မီးဖိုချောင်ထဲသို့ အပြေးဝင်သွားပြီး ပြောင်လက်နေသော သံဒယ်အိုးကို ကောက်ကိုင်လိုက်သည်။
ဒီနေ့ သူအခြေခံအုတ်မြစ်ပျိုးထောင်ဆေးလုံးစုံတစ်သုတ် မွှေကြော်ကြည့်ရမည်။
"ဒယ်အိုးသည် တာအို၏ အခြေခံဖြစ်သည်"
... တိမ်တိုက်များထက်တွင် ပုံရိပ်သုံးခု လေကိုခွင်း၍ ပျံသန်းနေကြသည်။
"ညီလေး..."
ဟေးစန်း အနားကပ်လာပြီး သူ့မျက်နှာကြမ်းကြီးက ပုံမှန်မဟုတ်ဘဲ လေးနက်နေသည် "နောက်တစ်ဆင့် မင်း... အဲဒါကို လုပ်ဖို့ စီစဉ်နေတာလား"
သူ လက်ညှိုးတစ်ချောင်း ထောင်ပြပြီး အပေါ်ဘက်ကို မသေချာမရေရာ ညွှန်ပြလိုက်သည်။
နတ်ဘုရားဝိညာဉ် ဖွဲ့စည်းခြင်းအကြောင်း ပြောနေမှန်း စစ်ချန် သိသဖြင့် ခေါင်းညိတ်လိုက်သည် "အင်း... အချိန်တန်ပြီလို့ ခံစားရတယ်"
ဒါကို ကြားလိုက်ရသောအခါ ဟုန်ဖုန်း၏ မျက်လုံးများထဲတွင် လေးနက်မှု အရိပ်အယောင် ဖြတ်သန်းသွားသည် "ယုံကြည်မှု ရှိရဲ့လား"
ကောင်းကင်ဘေးဒုက္ခ ဆိုသည်မှာ နောက်စရာ မဟုတ်ပေ။ သူတို့ မိစ္ဆာအသွင်ပြောင်းစဉ်က ခံစားခဲ့ရသော မိုးကြိုးပစ်ဒဏ်များကို ယခုထက်ထိ အမှတ်ရနေဆဲ ဖြစ်သည်။
စစ်ချန်က ရိုးသားမှုနှင့် စူးစမ်းလိုစိတ် ရောထွေးနေသော ပုံစံဖြင့် ခေါင်းခါလိုက်သည် "မသိဘူး... မစမ်းဖူးသေးဘူးလေ"
ဟေးစန်းက ရှားရှားပါးပါး ဂရုစိုက်တတ်သော ပုံစံဖြင့် စစ်ချန်၏ ပုခုံးကို အားပါပါ ပုတ်လိုက်သည် "ကိစ္စမရှိပါဘူး။ ညီလေး... မင်း သေချာပေါက် လုပ်နိုင်မှာပါ။ ဒီကိစ္စပြီးသွားရင် ငါတို့ နောက်တစ်နေရာကို သွားပြီး ကောင်းကောင်း စားသောက်ကြ... အဲ... ခရီးသွားကြတာပေါ့"
ပဲနီလေးလည်း စစ်ချန်၏ ပါးကို ချစ်ခင်စွာ ပွတ်သပ်ပေးပြီး အားပေးနေသကဲ့သို့ "ကျိကျိ" အသံလေးများ ပြုလုပ်နေသည်။
စကားပြော ရယ်မောရင်းနှင့်ပင် သူတို့သည် ဘေးဒုက္ခ ခံယူရန် သင့်လျော်မည့် လူသူကင်းမဲ့သော နေရာတစ်ခုကို စတင် ရှာဖွေကြတော့သည်။
သူ့ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော ဆေးလုံးသည် ပိုမိုမြန်ဆန်စွာ လည်ပတ်နေပြီး ကောင်းကင်ဘေးဒုက္ခနှင့် တွေ့ဆုံရန် မျှော်လင့်နေသကဲ့သို့ ဖြစ်နေကြောင်း စစ်ချန် ခံစားနေရသည်...
မိုင်ထောင်ချီ ဝေးကွာသော လူသူကင်းမဲ့သည့် တောင်ကြားတစ်ခုတွင်...
【တင်း! ပိုင်ရှင်၏နေ့စဉ် ကျင့်ကြံခြင်း တာဝန် ပြီးဆုံးပါပြီ။ ဆုလာဘ် ချီသန့်စင်ခြင်း အဆင့် ၇ ကျင့်ကြံမှု၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀】
အေးစက်သော စနစ်အသံတစ်ခု လီထယ်ကျူး၏ ခေါင်းထဲတွင် မြည်လာသော်လည်း သူ မျက်ခွံပင် မပင့်ပေ။
"သွားစမ်း... ထွက်သွားစမ်း... ငါ မင်းကို မလိုချင်တော့ဘူး"
သူ အဝတ်အစားပေါ်မှ ဖုန်များကို ပုတ်ခါလိုက်ပြီး တရားထိုင်နေသော ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းလိုက်သည်။
မြေလှန်ခံလိုက်ရသော စီးဆင်းနေသော တိမ်တိုက်ဓားဂိုဏ်းမှ ထွက်ခွာလာကတည်းက "စကြာဝဠာအနှံ့ အထွတ်အထိပ် ပြိုင်ဘက်ကင်း" ဟု ကြွေးကြော်ထားသော စနစ်တခုက ဘယ်ကဘယ်လိုပေါ်လာလဲမသိပေ။ သူ့အား လာရောက်ချိတ်ဆက်ပါတော့သည်။
ပေးသော တာဝန်များက သေးနုပ်ပြီး ဆုလာဘ်များကလည်း ကပ်စေးနည်းသည်။
အရင်က အဲဒီသောက်ကျိုးနည်း တိမ်တိုက်တက်လှေကားထစ်ကို တက်ခဲ့ရတာ တွေးမိတိုင်း သူ ဒေါသထွက်သည်။
ဂိုဏ်းက မရှိတော့ပါဘူးဆိုမှ တိမ်တိုက်တက်လှေကားထစ်ကို တက်ပါဆိုတဲ့ တာဝန် ပေးနေသေးတယ်။ မင်းအနိုင်ကျင့်တဲ့ခေတ်က ကုန်သွားပြီ အကိုကြီးရဲ့။
အဆိုးဆုံးက သူ အပင်ပန်းခံ တက်ခဲ့ပြီး ဆုလာဘ်ရတော့မယ်ဆိုပြီး ပျော်နေတုန်း အဲဒီ စနစ်ခွေးမသားက သေချင်ယောင် ဆောင်နေတာပဲ။ ဘယ်လောက်ခေါ်ခေါ် ပြန်မထူးဘူး။
ဒီလောက် စိတ်မချရတဲ့ စနစ်ကြီးကြောင့် သူ အထင်သေးမိသွားသည်။
စနစ်ကို အားကိုးတာက ကိုယ့်ကိုယ်ကိုယ် အားကိုးတာလောက် မကောင်းဘူး၊ စနစ်ကို အားကိုးတာက ဆရာသခင်ကို အားကိုးတာလောက်တောင် မကောင်းဘူး ဆိုတာ သူ နားလည်သွားပြီ။
လမ်းမှာ အသားပေါက်စီနဲ့ ကျင့်စဉ်ပေးခဲ့တဲ့ သဘောကောင်းတဲ့ သခင်လေးနဲ့ မတွေ့ခဲ့ရင်၊ ပြီးတော့ သူ့ရဲ့ ရိုးသားမှုကြောင့် တပည့်အဖြစ် အောင်မြင်စွာအသိအမှတ်ပြု မခံခဲ့ရရင်...
လီထယ်ကျူးတစ်ယောက် အခုအချိန်ထိ တောင်ကြားထဲမှာ ဟင်းရွက် တူးနေရဦးမှာ သေချာသည်။
【ပိုင်ရှင်၏ ပြင်းထန်သော ငြင်းဆန်မှုကို တွေ့ရှိရပါသည်... လျော်ကြေးပေးမည့် အစီအစဉ် စတင်ပါတော့မည်...】
【အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုးမြှင့်ခြင်း၊ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၂၅၀】
လီထယ်ကျူး ကြောင်သွားသည်။ သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ဒန်တျန် ပူနွေးလာပြီး သန့်စင်သော ဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် စီးဝင်လာသည်။
ချီသန့်စင်ခြင်းအဆင့် အတားအဆီး ချက်ချင်း ကွဲကြေသွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
ကြိုးစားပမ်းစား ကျင့်ကြံသူများနှင့် မတူဘဲ ဤစနစ်မှ တိုးမြှင့်ပေးလိုက်သော ကျင့်ကြံမှုအဆင့်သည် အနည်းငယ်မျှ မတည်မငြိမ် ဖြစ်ခြင်း မရှိပေ။
"ဒီလိုနဲ့ပဲ... အခြေခံတည်ဆောက်ခြင်း ပြီးသွားတာလား"
【စနစ်ထုတ်ကုန်များသည် အရည်အသွေးမြင့်မားရန် အာမခံပါသည်။】
"အရည်အသွေးမြင့်မားတာ ငါ့ခြေထောက်ပဲ"
လီထယ်ကျူး မျက်လုံးလှန်ကြည့်လိုက်သည်။ သူ ညည်းညူနေသော်လည်း ဤအရာသည်သာ ဒီစနစ်ပျက်ကြီး၏ တစ်ခုတည်းသော ကောင်းကွက်ဖြစ်ကြောင်း သူ သိသည်။
သူ့လေသံ အနည်းငယ် ပျော့သွားသည် "ဒီလောက်နဲ့ ငါ့ကို လာချော့လို့ ရမယ် မထင်နဲ့။ ငါ ပြောလိုက်မယ်... ဒီကိစ္စ မပြီးသေးဘူး"
စကားဆုံးသည်နှင့် လီထယ်ကျူး ရုတ်တရက် သတိထားမိလိုက်သည် အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၂၅၀ ဟုတ်လား။
"နှစ်ရာ့ငါးဆယ် (ငတုံး) ဟုတ်လား"
သူ့ဒေါသများ ချက်ချင်း ထောင်းခနဲ ထသွားပြီး လေထဲကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ "မင်း ငါ့ကို သောက်ငတုံးလို့ ပြောချင်တာလားကွ"