နတ်ဘုရားဆင်းသက်ခြင်း
Vol. 25 Ch. 398
လီချန် ဟွန်တွန်မဟာကမ္ဘာမှ ထွက်ခွာပြီး အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံသို့ တိုက်ရိုက်ပြန်ရန် ပြင်ဆင်လိုက်ချိန်တွင်၊ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကမ္ဘာကြီးတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ဝိုးတဝါး အာရုံခံမိလိုက်သည်။
ထို့ပြင် သူသည် လှိုဏ်ဂူကောင်းကင်ဘုံသို့ တိုက်ရိုက် နေရာကူးပြောင်းမှုလုပ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။
သိသာထင်ရှားတာက ဒီကမ္ဘာထဲမှာ ဆန်းကြယ်တဲ့စွမ်းအားတစ်ခုက သူ့ကို နှောင့်ယှက်နေခြင်း ဖြစ်သည်။
ဒီလိုနှောင့်ယှက်မှုမျိုးက အရင်တုန်းက ဟွန်တွန်အဖွဲ့အစည်းက ဆံပင်ဖြူနဲ့ စီနီယာအစ်ကို ဟော့ရဲ့ ဂီတသင်္ကေတ စွမ်းအားတွေနဲ့ ယှဉ်လို့မရအောင် ကွာခြားသည်။
အခု သူ့ရဲ့ နိယာမ ၉ ခုစလုံးက အဆင့် ၉ အကန့်အသတ်ကို ရောက်နေပြီလေ။ ဟိုတုန်းက ဟော့ရဲ့ စွမ်းအားလောက်နဲ့ဆိုရင် သူ့ကို ဘယ်လိုမှ သက်ရောက်မှုရှိမှာမဟုတ်ဘူး။
"ဟွန်တွန်မဟာကမ္ဘာအတွင်းကနေ တိုက်ရိုက်ထွက်ခွာလို့မရတာများလား"
လီချန် တွန့်ဆုတ်မနေတော့ဘဲ ဟွန်တွန်မဟာကမ္ဘာ အပြင်ဘက်သို့ အမြန်ဆုံး ပျံသန်းထွက်ခွာရန် ပြင်လိုက်သည်။
"ငါ့ရဲ့ ဟွန်တွန်ကမ္ဘာထဲ ရောက်လာပြီးမှ၊ မင်း ထွက်သွားလို့ရမယ်များ ထင်နေသလား"
ရုတ်တရက် ဟင်းလင်းပြင်ထဲမှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူရိပ်တစ်ခု တဖြည်းဖြည်းစုစည်းလာပြီး ယဲ့မော်အဖြစ် ပြန်လည်ပေါ်ထွက်လာသည်။
ယခုအချိန်တွင် ယဲ့မော်ဆီ၌ အားနည်းသွားသည့်ပုံစံ လုံးဝမရှိပေ။
စောစောက အသတ်ခံခဲ့ရခြင်းမရှိသကဲ့သို့ပင်။
ပုံမှန်အားဖြင့် အစက်အပြောက် သွေးတစ်စက်ကနေ ပြန်လည်ရှင်သန်နိုင်တဲ့ မပျက်စီးနိုင်သော နတ်ဘုရားခန္ဓာရှိရင်တောင်မှ၊ တစ်ခါ သေပြီးရင် ပြန်ရှင်လာတဲ့အခါ အားနည်းသွားရစမြဲပါ။
ဒါက နည်းနည်းတော့ ပုံမှန် မဟုတ်တော့ဘူး။
"မင်း မသေသေးဘူးလား" လီချန် အံ့သြသွားသည်။
သူ့ရဲ့ လုရှန်နိယာမက အဆင့် ၉ အကန့်အသတ် ရောက်နေပြီဖြစ်သလို၊ နတ်ဘုရားသတ်နတ်ဓားနဲ့ပါ ပေါင်းစပ်ထားတာမို့၊ ပုံမှန်ဆိုရင် ဒီယဲ့မော်ကို လုံးဝအမြစ်ပြတ် သတ်ဖြတ်နိုင်ရမှာ။
"မင်းရဲ့ နိယာမအဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက်မြင့်မားသွားလဲ ငါ မသိပေမဲ့... အပြင်လောကမှာဆိုရင် ငါ မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ဟွန်တွန်ကမ္ဘာထဲ ရောက်လာမိတာ အမှားပဲ" ယဲ့မော် က အေးစက်စွာ ပြောလိုက်သည်။
သူက ဒီလူရဲ့လက်ချက်နဲ့ တစ်ကြိမ် အသတ်ခံလိုက်ရတယ်။ ဘာမှ ပြန်မလုပ်နိုင်ဘဲ အသတ်ခံလိုက်ရတာ။
သူ့ကို အဒေါသထွက်ဆုံး ဖြစ်စေတာကတော့ နတ်ဘုရားကောင်းချီးအလင်းလုံး အလုခံလိုက်ရတာပဲ။
ဒါက သူ ဟွေ့ယွမ်ပေါင်းများစွာ စီစဉ်ထားခဲ့တဲ့အရာလေ။ နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းဖို့အတွက် ရည်ရွယ်ထားတာ။ အခုတော့ မျက်စိရှေ့တင် ပါသွားခဲ့ပြီ။
သူ့ရင်ထဲမှာ နာကျည်းမုန်းတီးမှုတွေ ပြည့်နှက်နေသည်။
ဘာလို့လဲဆိုတော့ သူ မျှော်လင့်ချက် ကုန်ဆုံးသွားပြီဆိုတာသိလို့ပဲ။
နတ်ဘုရားတစ်ပိုင်းဖြစ်ဖို့ ကျရှုံးသွားရင်၊ နတ်ဘုရားသားတော်အဆင့်အတန်းလည်း ပျောက်ဆုံးသွားတော့မယ်။
နောက်ပိုင်းကျရင် အများဆုံး ကောင်စီဝင် မဟာနတ်ဘုရားအစေခံပဲ ဖြစ်လာနိုင်တော့မှာ။ ဘာအနာဂတ်မှ မရှိတော့ဘူး။
ဒါကို တွေးမိတိုင်း လီချန်အပေါ်ထားရှိတဲ့ အမုန်းတရားက အထွတ်အထိပ် ရောက်သွားသည်။
ဒီလူ သေကို သေရမယ်။
ပြီးတော့ ဟိုရှေးဟောင်းနတ်ဘုရားလက်နက်ကိုလည်း ဒီမှာ ချန်ထားခဲ့ရမယ်။
"နတ်ဘုရားသခင်ကို ပြစ်မှားစော်ကားသူ... သေလိုက်တော့"
ရုတ်တရက် ယဲ့မော်၏ ကိုယ်ပေါ်မှ ပြင်းထန်သော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး၊ မိုးထိအောင် မြင့်မားသော အလင်းတိုင်ကြီးတစ်ခုဖြစ်ပေါ်ကာ အမည်မသိ နယ်ပယ်တစ်ခုကို ထိုးဖောက်သွားသကဲ့သို့ ဖြစ်သွားသည်။
ယဇ်ပလ္လင်ကြီးသည်လည်း ဆန်းကြယ်သော စွမ်းအားတစ်ခု၏ဆွဲငင်မှုကြောင့် ယဲ့မော်၏ခြေရင်းသို့ ရောက်ရှိလာသည်။
နောက်တစ်စက္ကန့်တွင် ယဲ့မော်၏အရှိန်အဝါ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ ခန္ဓာကိုယ် စတင်ပြောင်းလဲကာ ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဧရာမလူသားသတ္တဝါကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သာမန်သက်ရှိတို့၏လက္ခဏာများ မရှိတော့ပေ။
လီချန်သည် ယဲ့မော် ပြောင်းလဲသွားသောပုံစံကို ကြည့်လိုက်သောအခါ မူးဝေအော့အန်ချင်သလို ခံစားလိုက်ရသည်။ ထိုဧရာမ သတ္တဝါကြီးကို ကြည့်နေသော မြင်ကွင်းများ ဝါးတားတား ဖြစ်လာပြီး၊ ကြားနေရသော အသံများနှင့် နတ်ဘုရားအာရုံခံစားမှုများပါ တွန့်လိမ်ရှုံ့တွကုန်သည်။
ကံကောင်းထောက်မစွာ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်း၏ ခေါင်းလောင်းသံများ ချက်ချင်း ထွက်ပေါ်လာပြီး၊ ထိုထူးဆန်းသော ဆိုးကျိုးများကို ဖယ်ရှားပေးလိုက်သည်။
"ကြောက်စရာ ကောင်းလိုက်တဲ့ ညစ်ညမ်းမှု စွမ်းအားပဲ... ဒါ နတ်ဘုရားဆင်းသက်ခြင်းလား"
ဒီယဲ့မော်ဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအားတွေက အလွန်သန့်စင်သော စည်းမျဉ်းလှိုင်းတံပိုးတွေဖြစ်နေကြောင်း၊ သို့မဟုတ် ယခု ယဲ့မော်သည် စည်းမျဉ်းများ စုစည်းထားသော အရာတစ်ခုဖြစ်သွားပြီဖြစ်ကြောင်း လီချန် အာရုံခံမိလိုက်သည်။
သိသာထင်ရှားတာက အလွန်အစွမ်းထက်သော ဟွန်တွန်ပြင်ပနတ်ဘုရား၏ စွမ်းအားများ ယဲ့မော်၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခြင်းဖြစ်သည်။
ဒီလိုအဆင့်ရှိတဲ့စွမ်းအားကို လက်ခံရယူလိုက်တဲ့အတွက်၊ ယဲ့မော်၏ ကိုယ်ပိုင်အသိစိတ်ဟာ လုံးဝ ဝါးမျိုခံလိုက်ရပြီး ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ လီချန် ယုံမှားသံသယမရှိပါဘူး။
"ဒါက စစ်မှန်တဲ့ နတ်ဘုရားဆင်းသက်ခြင်းလား" လီချန် စိတ်ထဲ တွေးလိုက်သည်။
သူ့ရဲ့ စနစ်မျက်နှာပြင်ပေါ်မှာလည်း "နတ်ဘုရားဆင်းသက်ခြင်းပညာရပ်" ရှိပါတယ်။
ဒါပေမဲ့ အထွတ်အထိပ် မရောက်သေးသလို၊ သူ တစ်ခါမှ ထုတ်မသုံးဖူးသေးဘူး။
ဒါပေမဲ့ သူ ခန့်မှန်းတာကတော့ သူ့ရဲ့ နတ်ဘုရားဆင်းသက်ခြင်းနဲ့ ဟွန်တွန်အဖွဲ့အစည်းရဲ့ နတ်ဘုရားဆင်းသက်ခြင်းက ယှဉ်လို့မရနိုင်ဘူး။ စနစ် မတူဘူး။
ဘာလို့လဲဆိုတော့ ဟွန်တွန်အဖွဲ့အစည်းက ဟွန်တွန်ပြင်ပနတ်ဘုရားနဲ့ တကယ် ဆက်သွယ်နိုင်လို့လေ။
သူ့ စနစ်ထဲက နတ်ဘုရားဆင်းသက်ခြင်းက ကျင့်ကြံခြင်းကနေရလာတာ... ပါဝင်ပတ်သက်နေတာက သာမန် နတ်ဘုရား၊ ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းအဆင့်လောက်ပဲ ဖြစ်လောက်တယ်။
ကျီမိသားစုဆီက ရလာတဲ့ ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်ပြီးတဲ့နောက် လီချန် ဒီလို ကောက်ချက်ချလိုက်တာပါ။
ဟွန်တွန်ပြင်ပနတ်ဘုရားဆိုတာ သဘာဝအလျောက် ဖြစ်တည်လာတဲ့ အရာဖြစ်ပြီး၊ နတ်ဘုရားမျိုးနွယ်တစ်ခုလုံးရဲ့ အရင်းအမြစ်ဖြစ်သည်။
သာမန် နတ်ဘုရား (သို့) နတ်ဘုရားတစ်ပိုင်း ဆိုတာကတော့ ဟွန်တွန်ပြင်ပနတ်ဘုရားကို ကိုးကွယ်ယုံကြည်တဲ့ သက်ရှိတွေက ကျင့်ကြံခြင်း (သို့) နတ်ဘုရားကောင်းချီးကနေတဆင့် ရောက်ရှိလာတဲ့ အဆင့်ဖြစ်ပြီး၊ ရှန် အဆင့်နဲ့ တူညီတယ်။
ယဲ့မော် အသုံးပြုလိုက်တဲ့ နတ်ဘုရားဆင်းသက်ခြင်းက ဟွန်တွန်ပြင်ပနတ်ဘုရားနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာမို့၊ အဆင့်အတန်းချင်း မတူတာ သဘာဝပါပဲ။
သူက နတ်ဘုရားကောင်းချီးအလင်းလုံးကို လုယူသွားလို့ ယဲ့မော်က နတ်ဘုရားဆင်းသက်ခြင်း ကို တိုက်ရိုက်ထုတ်သုံးလိုက်တာ နားလည်ပေးလို့ရပါတယ်။
ယခုအချိန်တွင် ယဲ့မော်သည် ဘီလူးသရဲကြီးတစ်ကောင်အဖြစ် လုံးဝပြောင်းလဲသွားပြီ။
အေးစက်သော မျက်လုံးများဖြင့် လီချန်ကို စိုက်ကြည့်နေပြီး၊ နက်ရှိုင်းသော မလိုမုန်းထားစိတ်များ ပြည့်နှက်နေသည်။
နောက်တစ်စက္ကန့်တွင် ထိုဘီလူးကြီး၏ မျက်လုံးတစ်ဖက်မှ ခရမ်းရင့်ရောင် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
လီချန် ရှောင်တိမ်းဖို့ ကြိုးစားလိုက်ပေမဲ့၊ လုံးဝ တုံ့ပြန်ချိန်မရလိုက်ကြောင်း တွေ့လိုက်ရသည်။
ထိုခရမ်းရင့်ရောင် အလင်းတန်းသည် သူ ခန္ဓာကိုယ် ပတ်လည်တွင် တည်ဆောက်ထားသော ၂၄ အခြေခံ စန်းချန်အချိန်ခေါင်းလောင်း ဓားအစီအရင်ကို ထိမှန်သွားသည်။
ခွမ်း!
တခဏချင်းမှာပင် သူ့ ဓားအစီအရင် ရိုက်ချိုးခံလိုက်ရသည်။
ဟုတ်တယ်။
ရိုက်ချိုးခံလိုက်ရတာ။
သူ့ရဲ့ နိယာမ ၉ ခုစလုံးက အဆင့် ၉ ရောက်နေပြီဖြစ်သလို၊ ဒီဓားအစီအရင်ထဲမှာလည်း အဆင့် ၉ နိယာမ စွမ်းအားတွေ ပေါင်းစပ်ထည့်သွင်းထားတာနော်။
ဒါတောင်မှ ခရမ်းရင့်ရောင်အလင်းတန်း တစ်ချက်တည်းနဲ့ ကျိုးပျက်သွားခဲ့တာ။
ဒီတစ်ခေါက်... သူ့ရဲ့ တာအိုဓားအားလုံး ပျက်စီးကုန်ပြီ။
ဆုံးရှုံးမှု ကြီးမားလိုက်တာ။
ကံကောင်းတာက ခရမ်းရင့်ရောင် အလင်းတန်းက ဓားအစီအရင်ကို ဖျက်ဆီးပြီးနောက် အရှိန်လျော့သွားသဖြင့်၊ သူက နတ်ဘုရားသတ်ဓားကို ထိန်းချုပ်ပြီး တားဆီးနိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူ လျင်မြန်စွာ ရွေ့လျားလိုက်ပြီး၊ တွန့်ဆုတ်မနေဘဲ အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်း ပွင့်ဖူးသွားပြီး၊ ယဲ့မော် အသွင်ပြောင်းထားသော ဘီလူးကြီးအပေါ် ကျရောက်သွားသည်။
ရွှပ်!
ထိုဘီလူးကြီး၏ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ဒဏ်ရာတစ်ခု စုတ်ပြဲသွားပြီး၊ ထူးဆန်းသော အနက်ရောင်သွေးများ စီးကျလာသည်။
လီချန် ဒါကိုမြင်တော့ စိတ်သက်သာရာရသွားသည်။ ကြည့်ရတာ နတ်ဘုရားသတ်ဓားရဲ့ တိုက်ခိုက်မှုက ဒီဘီလူးကြီးအပေါ် ထိရောက်မှုရှိပုံရသည်။
ပြီးတော့ ခရမ်းရင့်ရောင်အလင်းတန်း ထုတ်လွှတ်ပြီးနောက် ဒီဘီလူးကြီးရဲ့အရှိန်အဝါ အများကြီး ကျဆင်းသွားသည်။
ထိုအချိန်တွင် ဘီလူးကြီး၏ အခြားမျက်လုံးတစ်ဖက်မှ မီးခိုးရင့်ရောင် အလင်းတန်းတစ်ခု ထပ်မံ ပစ်လွှတ်လိုက်သည်။
လီချန် ထပ်မံ၍ တုံ့ပြန်ချိန် မရလိုက်ပေ။
ချက်ချင်း ထိမှန်သွားသည်။
ပြီးတော့... ဘာမှ မဖြစ်ဘူး။
ဒီမီးခိုးရင့်ရောင် အလင်းတန်းက ထိခိုက်ဒဏ်ရာရစေပုံမရဘူး။ ဒါဆို ဘာအကျိုးသက်ရောက်မှု ရှိတာလဲ။
လီချန်လည်း မသိဘူး။
ဘာလို့လဲဆိုတော့ သူ အလင်းတန်း ထိမှန်ပြီးနောက် ဘာဆိုးကျိုးမှ မခံစားရလို့ပဲ။
ဒါ နည်းနည်းတော့ ထူးဆန်းနေတယ်။
တုံ့ပြန်မှုက နှောင့်နှေးနေတာများလား။
ဒါမှမဟုတ် နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းက ဒီမီးခိုးရင့်ရောင် အလင်းတန်းကို တားဆီးပေးလိုက်တာလား။
ဒါပေမဲ့ စောစောက အချိန်ခေါင်းလောင်း လှုပ်ရှားသွားတာမျိုး သူ သတိမထားမိပါဘူး။
လီချန် မတွန့်ဆုတ်ရဲတော့ဘဲ နတ်ဘုရားသတ်ဓားကို ထိန်းချုပ်ကာ ထိုဘီလူးကြီးကို ရူးမိုက်စွာ တိုက်ခိုက်တော့သည်။
ဘီလူးကြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခုပေါ်လာပြီး အနက်ရောင်သွေးများ စီးကျလာသည်။
ဘီလူးကြီး၏ခန္ဓာကိုယ် အရွယ်အစားကလည်း လျင်မြန်စွာ ကျုံ့ဝင်သွားသည်။
နောက်ဆုံးတွင် ဘီလူးကြီးသည် မူလပုံစံ ယဲ့မော်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
သို့သော် သူ့ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်နေသကဲ့သို့ အပေါက်အပြဲများနှင့် ဖြစ်နေသည်။
"မင်း... မင်း ဘယ်လိုလုပ် မသေရတာလဲ"
ယဲ့မော်၏အသိစိတ် ပြန်လည်ဝင်ရောက်လာပုံ ရသည်။
သူက အသက်ရှင်နေသေးတဲ့၊ ဒဏ်ရာတောင်မရတဲ့ လီချန်ကိုကြည့်ပြီး မယုံနိုင်အောင်ဖြစ်နေသည်။
ဘာလို့လဲဆိုတော့ သူ အသုံးပြုလိုက်တဲ့ နတ်ဘုရားဆင်းသက်ခြင်းက မဟာနတ်ဘုရားရဲ့ စွမ်းအား အနည်းငယ်ကို ဆင်းသက်စေပြီး၊ သူ အသွင်ပြောင်းသွားတဲ့ ခန္ဓာကိုယ်ကို စည်းမျဉ်းနတ်ဘုရားစွမ်းရည် ၂ ခု ပိုင်ဆိုင်စေတာကိုး။
ပထမတစ်ခုက ပျက်သုဉ်းခြင်းနတ်ဘုရားအလင်းတန်း။
နာမည်ကိုကြည့်ရုံနဲ့ ဖျက်ဆီးအား ဘယ်လောက်ပြင်းလဲ သိနိုင်တယ်။ ပုံမှန်ဆိုရင် တစ်ဖက်လူက ဒီစည်းမျဉ်းနတ်ဘုရားစွမ်းရည် ကို ခုခံနိုင်ဖို့ မဖြစ်နိုင်ဘူး။
ဒုတိယတစ်ခုက သေခြင်းတရားနတ်ဘုရားအလင်းတန်း။
ဒီအလင်းတန်းမိသွားရင် သက်တမ်းကို တိုက်ရိုက်ဖြတ်တောက်ပစ်တာ။
ဒီသေခြင်းတရားအလင်းတန်းရဲ့ အကြောက်စရာအကောင်းဆုံး အချက်က သာမန် ကာကွယ်ရေးမှန်သမျှကို လျစ်လျူရှုနိုင်တာပဲ။ ကိုယ့်ရဲ့သက်တမ်းနဲ့ရင်းပြီး ခုခံတာ၊ ဒါမှမဟုတ် တူညီတဲ့ စည်းမျဉ်းအဆင့် ကာကွယ်ရေးရှိမှသာ ခံနိုင်တာ။
အခု သူ့ကိုယ်ထဲက နတ်ဘုရားစွမ်းအားတွေ ကုန်ဆုံးသွားပြီ။
တစ်ဖက်လူက မသေသေးဘူး။
ဆိုလိုတာက တစ်ဖက်လူက နတ်ဘုရားအလင်းတန်း ၂ ခုစလုံးကို တောင့်ခံနိုင်ခဲ့တယ် ဆိုတဲ့ သဘောပဲ။
"မင်း ဘယ်လို လုပ်လိုက်တာလဲ"
ယဲ့မော် ရေရွတ်လိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ် စတင်ပြိုကွဲပျက်စီးလာပြီး ပြာမှုန့်အဖြစ်ပြောင်းလဲကာ လုံးဝပျောက်ကွယ်သွားတော့သည်။
သူ ဘာ သွေး၊ ဘာအသားစ မှ မချန်ထားခဲ့နိုင်တော့ဘူး... ဘာလို့လဲဆိုတော့ သူက မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ ကျင်းပပြီး နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းဖို့အတွက်၊ သူ့ရဲ့ သွေး၊ အသား၊ ဝိညာဉ် အားလုံးကို ပြီးပြည့်စုံအောင် စုစည်းထားခဲ့ရလို့လေ။ မဟုတ်ရင် အဆင့်တက်တာကို ထိခိုက်မှာကိုး။
"နောက်ဆုံးတော့ လုံးဝ သေသွားပြီလား"
လီချန် ယဲ့မော်၏အရှိန်အဝါ လုံးဝပျောက်ကွယ်သွားတာ အာရုံခံမိတော့ စိတ်သက်သာရာရသွားသည်။
ပြီးတော့ ဟိုနှောင့်ယှက်နေတဲ့စွမ်းအားလည်း လျော့ပါးသွားတာ ခံစားမိလိုက်သည်။ အခု သူ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲ နေရာကူးပြောင်းလို့ ရပြီ။
ကြည့်ရတာ ယဲ့မော် နတ်ဘုရားဆင်းသက်ခြင်းသုံးလိုက်တုန်းက ဆင်းသက်လာတဲ့ ပြင်ပနတ်ဘုရား စွမ်းအားကြောင့် ဖြစ်ပေါ်လာတဲ့ ပုံမှန်မဟုတ်တဲ့ လှိုင်းတွေက သူ့နဲ့ အချိန်ခေါင်းလောင်း ကြားက ဆက်သွယ်မှုကို နှောင့်ယှက်ခဲ့တာဖြစ်မယ်။
ဒါက သူ့ရင်ကို လေးလံစေသည်။
စွမ်းအား အနည်းငယ်လေး ဆင်းသက်လာတာတောင် ဒီလောက်ကြောက်စရာကောင်းနေရင်... စစ်မှန်တဲ့ ဟွန်တွန်ပြင်ပနတ်ဘုရားက ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။
ဒါကိုကြည့်ရင် သူ့ရဲ့ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းက မလုံလောက်သေးဘူး။ ထပ်မံ အဆင့်မြှင့်တင်ပြီး နတ်ဘုရားကိရိယာအထက်အဆင့်ကို ရောက်မှ ဖြစ်မယ်။ အဲဒါ ဘယ်လို အဆင့်မျိုးလဲတော့ မသိဘူး။
"သွားစရာရှိတာ သွားမှ"
လီချန် အချိန်မဆွဲရဲတော့ဘဲ၊ အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံထဲသို့ ချက်ချင်း နေရာကူးပြောင်းပြီး ပျောက်ကွယ်သွားသည်။
......
ဟွန်တွန်အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းတွေ ကြောင်အသွားကြသည်။
နတ်ဘုရားကောင်းချီးအလင်းလုံး အလုခံလိုက်ရတယ်။
ယဲ့မော်က နတ်ဘုရားဆင်းသက်ခြင်း ကို ထုတ်သုံးတာတောင်မှ တစ်ဖက်လူကို မသတ်နိုင်ဘဲ၊ နောက်ဆုံးမှာ နေရာတင် ပြာကျသွားခဲ့ရတယ်။
ဒါ ယုတ္တိမရှိလွန်းဘူး။
ဒီနေရာက ဟွန်တွန်မဟာကမ္ဘာလေ။ အပြည့်စုံဆုံး အကာအကွယ် အစီအရင်တွေရှိတဲ့နေရာ။ ဟွေ့ယွမ် ဘယ်နှခု ကြာခဲ့ပြီလဲ၊ ဘယ်သူမှ တိုက်ရိုက်ကျူးကျော်ဝင်ရောက်လာနိုင်တာ မရှိခဲ့ဖူးဘူး။
ပြီးတော့ အဲဒီလူက နတ်ဘုရားဆင်းသက်ခြင်းရဲ့ စည်းမျဉ်းနတ်ဘုရားအလင်းတန်း ၂ ခုစလုံးကို မာမာထန်ထန် ခုခံနိုင်ခဲ့တယ်။
ရှိနေကြသော ကောင်စီဝင် မဟာနတ်ဘုရားအစေခံများ စိုးရိမ်ပူပန်နေကြသည်။
ယဲ့မော် နတ်ဘုရားတစ်ပိုင်းအဆင့်တက်တာ ကျရှုံးရုံလောက်ဆိုရင် ကိစ္စမရှိပါဘူး။
ဒါပေမဲ့ အခုက အပြင်လူက လာတားဆီးပြီး သတ်သွားတာ။ နတ်ဘုရားဆင်းသက်ခြင်းတောင် မနိုင်လိုက်ဘူး။ ဆိုလိုတာက ဒီစကြဝဠာ ကမ္ဘာပေါင်းများစွာထဲမှာ ဟွန်တွန်အဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်တဲ့ ကြောက်မက်ဖွယ်အင်အားစု ပေါ်လာပြီဆိုတဲ့ သဘောပဲ။
နောက်ပိုင်း ဟွေ့ယွမ်ကပ်ဘေး ဖန်တီးဖို့က အများကြီးခက်ခဲသွားတော့မယ်။
နိယာမတွေ လုံလောက်အောင်မရရင်၊ နတ်ဘုရားကောင်းချီးရဖို့ ခက်ခဲလိမ့်မယ်။
"အခု ဘယ်လိုလုပ်ကြမလဲ" ကောင်စီဝင် မဟာနတ်ဘုရားအစေခံတစ်ဦးက မေးလိုက်သည်။
"တခြားနည်းလမ်း မရှိတော့ဘူး။ နတ်ဘုရားသားတော်အသစ် ရွေးချယ်ပြီးမှပဲ နတ်ဘုရားအမိန့်တော် ဘာလာမလဲ စောင့်ကြည့်ရတော့မှာပဲ"
"အင်း... ဒီလိုပဲလုပ်ရတော့မယ်"
"ဟိုကျီမိသားစုရဲ့ ရှေးဟောင်းနတ်ဘုရားလက်နက်ကို ထိန်းချုပ်နိုင်တဲ့သူ နောက်တစ်ယောက် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလက်နက်ကို အပြီးတိုင်မဖျက်ဆီးနိုင်ရင် ငါတို့ ဟွန်တွန် အတွက် ရေရှည်ခြိမ်းခြောက်မှုကြီးဖြစ်နေလိမ့်မယ်"
"ဒီတစ်ခေါက် ရှေးဟောင်းနတ်ဘုရားလက်နက် ကိုင်ဆောင်သူက ကျီမိသားစုဘိုးဘေးကြီး ထက် အများကြီး ပိုစွမ်းအားကြီးနေတယ်။ ဒါ ဘယ်လိုဖြစ်တာလဲ"
အခြားကောင်စီဝင်မဟာနတ်ဘုရားအစေခံများလည်း ဆွေးနွေးနေကြသည်။
ဒါပေမဲ့ ဘယ်သူမှ ယဲ့မော်အကြောင်း ထပ်မပြောကြတော့ဘူး။
နတ်ဘုရားတစ်ပိုင်းအဆင့်တက်ဖို့ ကျရှုံးသွားကတည်းက ယဲ့မော်က နတ်ဘုရားသားတော် အဆင့်အတန်း လုံးဝဆုံးရှုံးသွားပြီ။
ပြီးတော့ ဒီတစ်ခေါက် လုံးဝသေဆုံးသွားခဲ့ပြီလေ။
နတ်ဘုရားတစ်ပိုင်းအဆင့် တက်လှမ်းဖို့အတွက် သွေး၊ အသား မျိုးစေ့ ချန်ထားခဲ့လို့ မရဘူးကိုး။
နောက်ဆက်တွဲအနေနဲ့ ဟွန်တွန်အဖွဲ့အစည်းအတွင်းမှာ နတ်ဘုရားသားတော် ရွေးချယ်ပွဲ ပြန်လုပ်ရတော့မယ်။
ဒီလုပ်ငန်းစဉ်က အလွန်ပြင်းထန်လိမ့်မယ်။
ပုံမှန်အားဖြင့် အထက်တန်းနတ်ဘုရားအစေခံတွေမှ အရည်အချင်း ပြည့်မီတာ။
ကောင်စီဝင် မဟာနတ်ဘုရားအစေခံတွေကတော့ အရည်အချင်း မရှိတော့ဘူး။
ဒါကြောင့် နတ်ဘုရားသားတော်နေရာကို ဝင်ပြိုင်ခွင့်ရှိသူတွေက လုပ်သက်ရင့်နေရင်တောင် ကောင်စီဝင် မဟာနတ်ဘုရားအစေခံရာထူးကိုမယူဘဲ နတ်ဘုရားသားတော်နေရာကိုပဲ ဝင်ပြိုင်ကြလေ့ရှိတယ်။
ဒီတစ်ခေါက် ဟွန်တွန်အဖွဲ့အစည်းမှာ ကောင်စီဝင် မဟာနတ်ဘုရားအစေခံ ၄ ယောက် သေဆုံးသွားခဲ့လို့ နေရာလွတ် ၄ ခု ရှိနေတယ်။ အထက်တန်းနတ်ဘုရားအစေခံတချို့ ရာထူးတိုးကြမှာ သေချာတယ်။
ဒီအချိန်မှာ အထက်တန်းနတ်ဘုရားအစေခံတွေရဲ့ ရွေးချယ်မှုက အရေးကြီးလာပြီ။
နတ်ဘုရားသားတော်နေရာကို ဝင်ပြိုင်မလား၊ ကောင်စီဝင် မဟာနတ်ဘုရားအစေခံ ရာထူးတိုးမလား။
နတ်ဘုရားသားတော်ပြိုင်ပွဲက သေချာပေါက် ပြင်းထန်မှာ။
ပြိုင်လို့ရှုံးသွားရင် ကောင်စီဝင်ဖြစ်ခွင့်လည်း ဆုံးရှုံးသွားမှာ။
ပြီးတော့ နတ်ဘုရားသားတော် ဘယ်သူလဲဆိုတာ အတည်ပြုပြီးရင် နတ်ဘုရားယဇ်ပူဇော်ပွဲအငယ်စားတစ်ခု ကျင်းပလို့ရတယ်။
ဒီယဇ်ပူဇော်ပွဲအငယ်စားက နိယာမတွေ ပူဇော်စရာမလိုဘူး။
ဒါကြောင့်လည်း နတ်ဘုရားသားတော် ရွေးချယ်တဲ့ အချိန်ကျမှသာ အသုံးပြုကြတာ။
မဟာနတ်ဘုရားနဲ့ ဆက်သွယ်တဲ့အခါ၊ နိယာမပူဇော်သက္ကာမပါရင် တုံ့ပြန်မှုမရနိုင်ဘူးလေ။
ဟွန်တွန်အဖွဲ့အစည်းက ပြင်ပနတ်ဘုရားအတွက် အလုပ်လုပ်ပေးရတာမို့၊ ဟွေ့ယွမ်တစ်ခုတိုင်းမှာ မဟာနတ်ဘုရားယဇ်ပူဇော်ပွဲ တစ်ကြိမ်ကျင်းပပြီး နိယာမတွေ ပူဇော်ပေးရတယ်။ ဒါက တာဝန်ပဲ။
ဒါကြောင့်လည်း ဟွေ့ယွမ်ကပ်ဘေးဆိုတာ ပေါ်ပေါက်လာရတာ။
ဒီတစ်ခေါက် ဟွန်တွန်အဖွဲ့အစည်းက ဒီလောက် အပြတ်ရှင်းလင်း ရိတ်သိမ်းရတာက၊ နတ်ဘုရားသားတော် ယဲ့မော်က နတ်ဘုရားတစ်ပိုင်း အဆင့်တက်ဖို့နဲ့ မဟာယဇ်ပူဇော်ပွဲအတွက် နိယာမ အမြောက်အမြား လိုအပ်နေလို့ပဲ။
.......
အချိန်ခေါင်းလောင်း လှိုဏ်ဂူကောင်းကင်ဘုံ။
လီချန် လုံးဝ စိတ်ပေါ့ပါးသွားသည်။
ဒီတစ်ခေါက် ဟွန်တွန်မဟာကမ္ဘာကိုသွားပြီး ယဲ့မော်ကို တားဆီးတာက တကယ်ပဲ စွန့်စားလွန်းရာ ကျခဲ့တယ်။
ကံကောင်းလို့ နတ်ဘုရားလက်နက် အချိန်ခေါင်းလောင်းရှိနေတာ၊ မဟုတ်ရင် သူ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး။
သေချာတာကတော့ အကျိုးအမြတ်ကလည်း ကြီးမားပါတယ်။
ဟိုနတ်ဘုရားကောင်းချီးအလင်းလုံးက သူ့ရဲ့ နိယာမ ၉ ခုစလုံးကို အဆင့် ၉ အကန့်အသတ်အထိ ရောက်အောင် တွန်းပို့ပေးခဲ့တယ်။
နောက်တစ်ဆင့် တက်လိုက်ရင် နိယာမအထက်က စည်းမျဉ်းအဆင့်ကို ရောက်ပြီ။
ဒီတစ်ခေါက် စွန့်စားမှုက သူ့အတွက် နှစ်ပေါင်းများစွာကြာမယ့် ကျင့်ကြံချိန်ကို သက်သာစေခဲ့တယ်။
ပြီးတော့ ယဲ့မော် နတ်ဘုရားတစ်ပိုင်းဖြစ်လာမှာကိုလည်း တားဆီးနိုင်ခဲ့ပြီး၊ ဟွန်တွန်အဖွဲ့အစည်း ရဲ့ ခြိမ်းခြောက်မှုကို လျှော့ချနိုင်ခဲ့တယ်။
ခြုံကြည့်လိုက်ရင် တန်ပါတယ်။
အနည်းဆုံးတော့ နောက်ထပ် ဟွေ့ယွမ်ကပ်ဘေး မရောက်ခင်အထိ ကမ္ဘာလောကကြီးက ပိုပြီး ဘေးကင်းသွားလောက်ပြီ။
"ယွီဟွာနတ်ဘုရားနန်းတော်ကို ပြန်လည်ထွက်ပေါ်လာခွင့်ပေးသင့်ပြီ" လီချန် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
အနည်းဆုံးတော့ နောက်ထပ် ဟွေ့ယွမ်ကပ်ဘေး မရောက်ခင်အထိ ကိစ္စတိုင်းကို သူ ကိုယ်တိုင် လိုက်လုပ်စရာ မလိုတော့ဘူး။
ဝူရွှမ်းက လီချန် ပြန်ရောက်လာတာမြင်တော့မှ ရင်ထဲက အလုံးကြီး ကျသွားသည်။
"အောင်မြင်ခဲ့လား" သူမ တိုးတိုးလေး မေးလိုက်သည်။
"အင်း... အောင်မြင်ခဲ့တယ်" လီချန် ခေါင်းညိတ်လိုက်သည်။
ဒါပေမဲ့ ဒီရိုးရှင်းတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်မှာ ဘယ်လောက်ခက်ခဲပြီး အန္တရာယ်များခဲ့လဲ ဆိုတာ ဝူရွှမ်း သိနေပါတယ်။
ထို့နောက် လီချန်က ယွီဟွာနတ်ဘုရားနန်းတော် ပြန်လည်ထွက်ပေါ်ရေး စီမံကိန်းကို ဝူရွှမ်းနှင့် ဆွေးနွေးလိုက်သည်။
လီချန်မှာ စိတ်ကူးရှိပြီးသားပါ။
ယွီဟွာနတ်ဘုရားနန်းတော်နာမည်နဲ့ တိုက်ရိုက်ထွက်ပေါ်လာမှာ မဟုတ်ဘဲ၊ ပြင်ပစေလွှတ်ရေးစနစ်ကို ကျင့်သုံးမှာ။ ဆိုလိုတာက တပည့်တွေကို အသုတ်လိုက်ခွဲပြီး ကမ္ဘာအသီးသီးဆီ စေလွှတ်မယ်။
အဲဒီမှာ အင်အားစုတွေ တည်ထောင်ခိုင်းမယ်။ အင်အားစုတစ်ခုချင်းစီက လွတ်လပ်မှုရှိပေမဲ့၊ ယွီဟွာနတ်ဘုရားနန်းတော်ရဲ့အမိန့်ကို နာခံရမယ်။
ဒီပြင်ပစေလွှတ်တဲ့ အင်အားစုတွေက ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ အဆင့်မြင့်ကျင့်ကြံရေး အရင်းအမြစ်တွေကို လိုချင်ရင်၊ သူတို့ ရှာဖွေရရှိတဲ့ အရင်းအမြစ်တွေနဲ့ လာလဲလှယ်ရမယ်။
ဝူရွှမ်းနဲ့တိုင်ပင်ပြီး အစီအစဉ် ပြည့်စုံသွားတဲ့အခါ၊ လီချန်က ယွီဟွာနတ်ဘုရားနန်းတော်မှ တာအိုပေါင်းစည်းခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများကို ခေါ်ယူတွေ့ဆုံပြီး ဒီကိစ္စကို ကြေညာလိုက်သည်။
အခု ယွီဟွာနတ်ဘုရားနန်းတော်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ၁၀၀၀ ကျော်ရှိနေပြီ။ အများစုက အဆင့် ၁ နိယာမ သာရှိပေမဲ့၊ အဆင့် ၂ ရောက်သူ ဆယ်ဂဏန်းရှိတယ်။ အဆင့် ၃ ရောက်သူကတော့ ဝူရွှမ်းကလွဲရင် ကျီမိသားစုဝင်တွေပဲရှိတယ်။
အရင်တုန်းကဆိုရင် ငရဲဘုံသား တစ္ဆေမျိုးနွယ်လို အင်အားကြီး ဂိုဏ်းတွေကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။
ဒါပေမဲ့ အခုတော့ မတူတော့ဘူး။
ဟွန်တွန်အဖွဲ့အစည်းက အပြတ်ရှင်းလင်း ရိတ်သိမ်းမှုလုပ်လိုက်လို့... အခု စကြဝဠာ ကမ္ဘာပေါင်းများစွာမှာ မပျက်သုဉ်းနိုင်သော ရွှေနတ်ဘုရားအရေအတွက် အလွန်နည်းပါးသွားပြီ။
ဟွန်တွန်အဖွဲ့အစည်း ထွက်မလာသရွေ့၊ လက်ရှိ ယွီဟွာနတ်ဘုရားနန်းတော်ရဲ့ အင်အားက စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးဖို့ လုံလောက်နေပြီ။
လီချန်ကိုယ်တိုင်တောင် ဝင်ပါစရာ မလိုတော့ဘူး။
***