← Chapters

အခန်း (၂၇၅)

Vol. 27 Ch. 275

အခန်း (၂၇၅)

Vol. 27 Ch. 275

“မင်း တကယ်သွားဖို့ လိုလို့လား”

ရှန်းယွီက လီယောင်းအား စိတ်ဝိညာဉ်ပင်လယ်အတွင်းမှနေ၍ မေးလိုက်သည်။ သူတို့တွင် အလွန်အင်အားကြီးမားသော ရန်သူအရေအတွက် အတော်များများ ရှိနေသည်ဟု သူတွေးနေမိသည်။ အထူးသဖြင့် ယခုအချိန်တွင် လူအများစုက လီယောင်းကို ဝိညာဉ်တစ်ခုအဖြစ် သိရှိထားကြရာ သူမ အပြင်ထွက်သွားခြင်းမှာ ရန်သူများအတွက် ပစ်မှတ်တစ်ခု အလွယ်တကူ ဖြစ်သွားစေမည်ပင်။

[တကယ်တော့ သူမ သွားချင်မှ သွားလို့ရမှာ။ ဒါပေမဲ့ မသွားဘူးဆိုရင်တော့ သူမရဲ့ ဝိညာဉ်

အဆင့်အတန်းဆုံးရှုံးသွားနိုင်တယ်]

ဧကရီက ပြောလိုက်သည်။

“ဆုံးရှုံးတော့ ဘာဖြစ်လဲ သူမမှာ တခြားပုံစံတွေ ရှိနေတာပဲ။ ဝိညာဉ်ပုံစံက တကယ်လိုအပ်လို့လား ကြည့်ရတာ အဲဒီလောက်လည်း အစွမ်းမထက်ပါဘူး”

ရှန်းယွီက စိုးရိမ်တကြီး ပြောလိုက်သည်။

လီယောင်းကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူမလည်း မသွားချင်ဘဲ စီနီယာအစ်ကိုနှင့်သာ အတူရှိနေချင်သည်။ သူ့ကို မျက်စိအောက်က အပျောက်ခံလိုက်တိုင်း အန္တရာယ်တစ်ခုခု ဖြစ်လာတတ်သည်ဟု သူမ ခံစားနေရသောကြောင့် ဖြစ်သည်။

ဧကရီက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်၏။

[အဲဒါက ထင်သလောက် မရိုးရှင်းဘူး။ ဝိညာဉ်ပုံစံက အားအကောင်းဆုံး မဟုတ်နိုင်ပေမယ့် ဝိညာဉ်ဆိုတဲ့ အဆင့်အတန်းကတော့ တကယ်ကို အရေးကြီးတယ်]

“ဘယ်လိုမျိုးလဲ”

ရှန်းယွီက မေးလိုက်သည်။

[ကောင်းပြီ... ကျင့်ကြံခြင်းရဲ့ နောက်ထပ်လမ်းစဉ်တစ်ခုအကြောင်း ငါရှင်းပြမယ်]

ဧကရီက စတင်ပြောကြားသည်။

[ပုံမှန်လမ်းစဉ်ကတော့ ငါအရင်က ပြောဖူးသလိုပဲ ဝိညာဉ်နှင့်ခန္ဓာ ပေါင်းစည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ မသေမျိုး ဘေးဒုက္ခကို ရင်ဆိုင်ရမယ်။ အောင်မြင်ရင် မသေမျိုးအဖြစ် နတ်ပြည်ကို ပျံတက်သွားရတာပေါ့]

[နောက်ထပ် လမ်းစဉ်တစ်ခုကတော့...]

သူမ ရှင်းပြသည်မှာ လူတစ်ယောက်သည် ဝိညာဉ်နှင့် ခန္ဓာ ပေါင်းစည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်သောအခါ မသေမျိုးဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း ဤနေရာတွင် ကွာခြားချက်မှာ သူတို့သည် မသေမျိုးရတနာ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုကို အသုံးပြု၍ နတ်ပြည်သို့ ပျံတက်ခြင်းကို တားဆီးထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ဘေးဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်ပြီး နတ်ပြည်မတက်ဘဲ နေနိုင်သူများသည် ဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်သို့ ရောက်ရှိသွားကြသည်။

ဤနယ်ပယ်သည် စစ်မှန်သော မသေမျိုးလောက် မသန်မာသော်လည်း ဝိညာဉ်နှင့် ခန္ဓာ ပေါင်းစည်းခြင်းအဆင့်ထက်မူ အဆပေါင်းများစွာ ပိုမိုအစွမ်းထက်သည်။ ဤအဆင့်ရှိ ကျင့်ကြံသူများသည် သူတို့ အလိုရှိသည့် အချိန်မရွေး နတ်ပြည်သို့ ပျံတက်ရန် ရွေးချယ်နိုင်ပြီး နောက်ထပ် ဘေးဒုက္ခတစ်ခု ထပ်မံရင်ဆိုင်စရာမလိုဘဲ မသေမျိုးလောကသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။

[ဒီနယ်ပယ်ကို နောင်တစ်ချိန် နတ်ပြည်တက်သွားတဲ့အခါ ပိုပြီးခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်တာလို့ မှတ်ယူလို့ရတယ်]

ဧကရီက ရှင်းပြသည်။ ထိုနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သော်လည်း နတ်ပြည်မတက်သေးဘဲ ဆက်လက်ကျင့်ကြံပါက လူသားလောက ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းမှာ မသေမျိုးဘေးဒုက္ခနှင့် မတူပေ။ လူသားလောက၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးနောက် ထိုကျင့်ကြံသူအား မဟာယာနအဆင့်သို့မဟုတ် ပြီးပြည့်စုံသော သတ္တဝါအဖြစ် သတ်မှတ်ခြင်း ခံရသည်။

မဟာယာနအဆင့်၏ အထွတ်အထိပ်သည် လူသားကမ္ဘာ၏ အမြင့်ဆုံး အထွက်အထိပ်ပင် ဖြစ်သည်။ သူတို့သည် လူသားလောကတစ်ခုလုံးကို လွှမ်းမိုးထားနိုင်ပြီး အလင်း၏ အလျင်ဖြင့် သွားလာနိုင်ကာ ဟင်းလင်းပြင်ထဲသို့ ခုန်ကူးပြီး အခြားကမ္ဘာများကို အလွယ်တကူ စူးစမ်းလေ့လာနိုင်သည်။ ဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်ရှိသူများမှာလည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သော်လည်း မဟာယာနအဆင့် ကျင့်ကြံသူများကဲ့သို့ မပြည့်စုံဘဲ အကန့်အသတ်များ ရှိနေပေသည်။

အထွတ်အထိပ်သို့ ရောက်ရှိသော မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ခြေတစ်လှမ်းလှမ်းလျှင် မသေမျိုးဟု ခေါ်ဆိုနိုင်သည်။

[အဲဒီလို အခြေခံအုတ်မြစ်မျိုးရှိထားရင် မသေမျိုးလောကကို တက်သွားတဲ့အခါပေါင်းစည်းခြင်းအဆင့်ကနေ တိုက်ရိုက်တက်သွားတဲ့သူထက် အနည်းဆုံး အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်လိမ့်မယ်]

ဧကရီက ရှင်းပြသည်။

[ဒီကိစ္စတွေက ဝိညာဉ်အဆင့်အတန်းနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတော့... ဝိညာဉ်ဆိုတာ ဒီကမ္ဘာကြီးရဲ့ ပိုင်ဆိုင်မှုတစ်ခုလို့ သတ်မှတ်ခံရတာ။ ဆိုလိုတာက မင်းဟာ ဒီကမ္ဘာနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် နတ်ပြည်ပျံတက်တာကို တားဆီးဖို့ ဘယ်ရတနာမှ မလိုဘူး။ မင်းဟာ မသေမျိုးဖြစ်သွားရင်တောင်မှ ဒီကမ္ဘာထဲမှာပဲ လွတ်လွတ်လပ်လပ် ဆက်ပြီး နေထိုင်သွားလို့ရတယ်]

ဧကရီက ရှင်းပြသည်။

[ဒါကြောင့် နောက်ဆုံးမှ နတ်ပြည်တက်ဖို့ ဆုံးဖြတ်တဲ့အထိ အခိုင်မာဆုံးသော အခြေခံအုတ်မြစ်တွေကို မင်း တည်ဆောက်နိုင်မှာပေါ့]

သူမက နိဂုံးချုပ်လိုက်သည်။

ရှန်းယွီကမူ ဤသည်မှာ အဓိပ္ပာယ်ရှိသည်ဟု တွေးမိသည်။ အကယ်၍ လီယောင်းသာ မသေမျိုးဖြစ်သွားပါက နတ်ပြည်သို့ အတင်းအကျပ် အခေါ်မခံရဘဲ သူတို့ကို ဆက်လက်ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ၎င်းအပြင် အခြားဂိုဏ်းချုပ်များနှင့်လည်း မိစ္ဆာများကို တိုက်ခိုက်ရန် သဘောတူညီပြီးသားဖြစ်ရာ ဘာမှထူးခြားသွားသည်တော့ မဟုတ်ပေ။

အမှန်အတိုင်းပြောရလျှင် သူသည် ဤကဲ့သို့သော အစီအစဉ်မျိုးကို ပိုကြိုက်သည်။

ထိုအချိန်ကို အသုံးချ၍ အင်အားများကို အပြည့်အဝစုဆောင်းပြီး အမှန်တကယ် အဆင်သင့်ဖြစ်မှသာ မိမိစိတ်ကြိုက် နတ်ပြည်တက်ရန် ရွေးချယ်နိုင်သည်။

ထို့နောက် ဧကရီက ရှန်းယွီကို စိတ်ဝင်တစား တည့်တည့်ကြည့်လိုက်သည်။

[မင်းကော မလိုက်ဘူးလား မိစ္ဆာတွေကို လိုက်လံနှိမ်နင်းတာက တခြား အကျိုးကျေးဇူးတွေ အများကြီးရှိတယ်နော်]

သူမက မေးလိုက်သည်။

...

“ဘယ်သူလဲ ကျွန်တော်လား”

ရှန်းယွီက ဧကရီ ပြောနေသည်မှာ အခြားသူတစ်ယောက်ယောက်များလားဟု ထင်ကာ သူ့နောက်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။

[ဒါပေါ့... မင်းပေါ့ တခြားဘယ်သူရှိဦးမှာလဲ]

ဧကရီက စိတ်မရှည်သလို ပြောလိုက်၏။

“စီနီယာအစ်ကိုလည်း လိုက်မှာလား ဒါဆို ချိန်းတွေ့သလိုမျိုး ဖြစ်မှာပေါ့”

လီယောင်းမှာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်တော့သည်။

“ဟင့်အင်း ငါမလိုက်ဘူး။ အဲဒါက အန္တရာယ်များလွန်းတယ်”

ရှန်းယွီက ပြတ်သားစွာ ခေါင်းခါလျက် ငြင်းလိုက်သည်။

[အကျိုးကျေးဇူးတွေကို မသိချင်ဘူးလား]

ဧကရီက မေးလိုက်သည်။

ရှန်းယွီကမူ သူ တကယ်ကို စိတ်မဝင်စားကြောင်း တွေးနေမိသည်။ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်လောက်သည့် အကျိုးကျေးဇူးမျိုး ရှိနိုင်မည်မဟုတ်ဘူးဟု သူယူဆထားသည်။

“ဘာအကျိုးကျေးဇူးတွေလဲ”

သူက မေးလိုက်၏။

[ကမ္ဘာကြီးက မိစ္ဆာကျူးကျော်မှုကြောင့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဆိုတော့ မိစ္ဆာတွေကို သတ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ပါဝင်ကူညီတဲ့သူတွေကို ကောင်းကင်ဘုံ ကုသိုလ်တော်တွေ ချီးမြှင့်မှာလေ]

သူမက ရှင်းပြသည်။

“ကောင်းကင်ဘုံ ကုသိုလ်တော် ယောင်းယောင်း အဲဒါကို စားလို့ရလား”

ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိသော ယောင်းယောင်းလေးက ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။

ဧကရီက သူမကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်ရာ ယောင်းယောင်းလေးမှာ ရှန်းယွီ၏ နောက်ကွယ်သို့ အမြန်ပုန်းလိုက်တော့သည်။

[လူကြီးတွေ စကားပြောနေရင် ဟိုမှာ သွားထိုင်နေပါလို့ ငါပြောမထားဘူးလား]

ဧကရီက တင်းမာစွာ ပြောလိုက်သည်။

“စီနီယာအစ်ကို... အဘွားကြီးက စိတ်တိုနေတယ်”

သူမက ရှန်းယွီနောက်မှ ချောင်းကြည့်ရင်း ပြောလိုက်၏။

[အဘွားကြီး….]

ဧကရီသည် သူမ၏ ရင်ဘတ်ကို လက်ဖြင့်ဖိကာ အမှန်တကယ်ပင် စိတ်ထိခိုက်သွားပုံရသည်။ သူမဘဝတစ်လျှောက်လုံးတွင် ဤသို့ အခေါ်ခံရဖူးခြင်း မရှိပေ။ သူမသည် အသက်အနည်းငယ် ရလာပြီဟု ဆိုနိုင်သော်လည်း ယခုအချိန်အထိ သူမသည် သူမ၏ အထွတ်အထိပ်အရွယ်တွင်ရှိသော မိန်းမပျိုလေးသာ ဖြစ်သည်။ အလှနတ်ဘုရားမ သို့မဟုတ် ဖီးနစ်သန့်စင်သူတို့နှင့် ယှဉ်လျှင်ပင် သူမ၏အလှမှာ လျော့ပါးသွားမည် မဟုတ်ချေ။

ရှန်းယွီက ယောင်းယောင်း၏ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်သည်။

“ယောင်းယောင်း... စကားပြောနေတုန်း ကြားဖြတ်မပြောရဘူးလေ။ ပြီးရင် အတူတူ ဆော့ကြမယ် ဟုတ်ပြီလား”

သူက စိတ်ရှည်လက်ရှည် ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့”

သူမက ရွှင်ပျစွာ ပြန်ဖြေပြီးနောက် တခြားတစ်နေရာတွင် ကိုယ့်ဘာသာ ဆော့ကစားရန် ပြေးထွက်သွားတော့သည်။

[အဟမ်း... ငါပြောနေတာကတော့ မိစ္ဆာတွေကို သတ်ရင် ကောင်းကင်ဘုံ ကုသိုလ်တော်တွေကို ရရှိနိုင်မယ်ဆိုတာပဲ]

ဧကရီက သူမ၏ ဟန်ပန်ကို ပြန်လည်ထိန်းသိမ်းရင်း ဆက်ပြောသည်။

“အဲဒါက ဘာလဲ”

ရှန်းယွီက မေးလိုက်၏။

[ကမ္ဘာကြီးဆီက ရတဲ့ ကောင်းချီးတစ်ခုလို့ မှတ်ယူလိုက်ပါ။ အဲဒီ ကုသိုလ်တော်တွေကို သုံးပြီး မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လို့ရသလို ကုသိုလ်တော်တွေ လုံလောက်အောင် ရှိမယ်ဆိုရင် မင်းရဲ့ ပါရမီကိုတောင် အဆင့်မြှင့်လို့ရတယ်]

သူမက စိတ်အားထက်သန်စွာ ရှင်းပြသည်။

ဤသည်ကို ကြားလိုက်ရသောအခါ ရှန်းယွီ အံ့ဩသွားမိသည်။

ပါရမီကို အဆင့်မြှင့်နိုင်တယ်။

သို့သော် သူ ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။ သူ၏ စနစ်ကလည်း အတွေ့အကြုံ နှစ်ဆတိုးသည့် အာနိသင်မှတစ်ဆင့် ထိုသို့လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ထိုအချက်ကို သာမန်ကာလျှံကာ တွေးနေရင်းမှပင် ရုတ်တရက် တစ်ခုခုကို သတိပြုမိသွားသဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။

“နေဦး... ဒါဆို အဲဒါက ဆိုလိုတာက...”

ဧကရီက အထာနပ်စွာဖြင့် ပြုံးလိုက်သည်။

[မင်း သဘောပေါက်သွားပြီလား]

All Chapters