သူတော်စင်မက ကျွန်တော်နဲ့ ကံမစပ်ပါဘူးခင်ဗျာ
Vol. 1-5 Ch. 57
အခန်း (၅၇) : သူတော်စင်မက ကျွန်တော်နဲ့ ကံမစပ်ပါဘူးခင်ဗျာ
“အဟွတ်… အဟွတ်… ဟို… ကျိုးအာက အရမ်းသစ္စာရှိနေမှတော့ မောင်လေးရှန် သူ့ကို အတင်း ဖိအားမပေးပါနဲ့လေ”
ကျန်းယွင်ရှီးက သူမ၏ လက်ကျန် ဓမ္မစွမ်းအားဖြင့် မျက်နှာပေါ်က ချွေးကို အငွေ့ပျံအောင် တိတ်တဆိတ် လုပ်လိုက်သည်။
ကျိုးအာကိုလည်း ပြန်လည်ဝင်စားလို့ရအောင် လုပ်ပေးဖို့ ရှန်ထျန်းက တောင်းဆိုလာမှာကို သူမ အနည်းငယ် စိုးရိမ်မိသည်။ သူမက ပြန်လည်မွေးဖွားခြင်းဂါထာကို အသုံးပြုသည့်နေရာမှာ သိပ်ပြီး မကျွမ်းကျင်ပေ။ ထို့ကြောင့် သရဲအမေကိုပါ ဘဝကူးပြောင်းပေးရန်မှာ သူမအတွက် ခက်ခဲလှသည်။
သူမ ဝိညာဉ်တွေကို လွှတ်ပေးနေတုန်းက ရှန်ထျန်းက သူမကို အခွင့်ကောင်းယူပြီး မတိုက်ခိုက်ခဲ့သည့်အတွက် သူမအနေနှင့် ရှန်ထျန်းကို အရင်ကထက် ပိုပြီးတော့ ယုံလာမိပြီ။
ဒီရှန်ထျန်းက လူကောင်းတစ်ယောက် ဖြစ်မှာပါ။
ကလေးသရဲတွေကို ဘဝကူးပြောင်းပေးပြီးနောက်မှာတော့ ကျန်းယွင်ရှီးက စိပ်ပုတီးကို ရှန်ထျန်းဆီသို့ ပြန်ပေးလိုက်သည်။
ထို့နောက် သူမက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒီပုတီးထဲမှာ တစ္ဆေတွေ ကျင့်ရမယ့် ကျင့်စဉ်နည်းလမ်းကို ချန်ထားခဲ့တယ်။ မိန်းကလေးကျိုးအာအနေနဲ့ သေချာကြိုးစားလေ့ကျင့်ပြီးတော့ သူမရဲ့ မကောင်းတဲ့ စိတ်ဝိညာဉ်ကို ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲပစ်လို့ ရနိုင်တယ်။
သူမရဲ့ အငြိုးအတေးတွေ အားလုံးကို ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲသွားနိုင်တာနဲ့ ဒုက္ခတွေကို ကျော်လွန်ပြီးတော့ ထာဝရရှင်သန်နိုင်တဲ့ တစ္ဆေတစ်ကောင် ဖြစ်လာမှာပါ”
ကျန်းယွင်ရှီးကလည်း ကျိုးအာကို ဘဝကူးမပေးချင်သလို ကာယကံရှင်ကိုယ်တိုင်ကလည်း မသွားချင်သောကြောင့် ရှန်ထျန်းလည်း ဘာမှမတတ်နိုင်ပဲ ခေါင်းကိုသာ ညိတ်ပြလိုက်ရသည်။
“အခုလိုမျိုး လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်… နတ်မိမယ်ကျန်း”
ကဲပါ… ကျိုးအာကလည်း မသွားချင်ဘူးဆိုတော့ နေခိုင်းလိုက်တာပေါ့လေ…
ဒါပေမဲ့ ကျိုးအာကို ကျွေးမွေးထားဖို့က မလွယ်လှပေ…
သူ့ကျောက်ကပ်ထဲရှိ ရှေးဦးအဆီအနှစ် လေးလံရေစင်က ကြီးမားသော်လည်း ထိုအရာ၏ တစ်စိတ်တစ်ပိုင်းကို ဖဲ့ထုတ်ပြီး ကျိုးအာကို ကျွေးထားမှသာ အဆင်ပြေနိုင်တော့မည်။
သူ့ဘေးပတ်ဝန်းကျင်မှာ ရှိနေသောသူတွေ အကုန်လုံးကြောင့် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်နေရသည်။
သူက ဝိညာဉ်ကျောက်တုံးတွေကို လွယ်လွယ်နှင့် မြန်မြန် ရှာဖွေနိုင်သူသာ မဟုတ်ပါက သူတို့ကို ထောက်ပံ့ပေးထားနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းယွင်ရှီးကလည်း အခုမှ သက်ပြင်းချလိုက်နိုင်တော့သည်။
သူမ ယခုတစ်ခေါက် ပြန်ရောက်သည်နှင့် ပြန်လည်မွေးဖွားခြင်းဂါထာကို သုံးသည့်နေရာမှာ ကျွမ်းကျင်လာအောင် လုပ်မည်ဟု ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်သည်။
သူမသာ ဒီလိုအခြေအနေမျိုးနဲ့ ထပ်ကြုံတွေ့ရပြီးတော့ ဝိညာဉ်တွေကို ဘဝကူးမပေးနိုင်ဘူးဆိုရင် ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်မလဲ…
အထူးသဖြင့် အရေးကြီးသည့် တစ်ချက်က ထိုသရဲမ ရှန်ထျန်းအနားမှာ ဝေ့လည်ကြောင်ပတ် လုပ်နေသည်ကို ကျန်းယွင်ရှီး စိတ်ထဲ မသက်မသာဖြစ်နေခြင်း ဖြစ်သည်။
ဟင်း… ငါသာ ပြန်လည်မွေးဖွားခြင်းဂါထာကို ဆရာ သင်ပေးတဲ့အချိန် သေချာအာရုံစိုက်ပြီး ကြိုးစားပြီးရင် ဒီသရဲမကို ဘဝကူးပေးနိုင်မှာ အသေအချာပဲ…
ရှန်ထျန်းက ပုတီးကို ဝိညာဉ်ကျောက်တုံးပါသော နောက်ထပ် အိတ်တစ်အိတ်ထဲသို့ ပြောင်းထည့်လိုက်ပြန်သည်။
သူက လက်နှစ်ဖက်ယှက်ကာ ကျန်းယွင်ရှီးကို ပြောလိုက်သည် “ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ နတ်မိမယ်ကျန်း”
ကျန်းယွင်ရှီးက ဂုဏ်ယူစွာဖြင့် ခါးကို မတ်ကာ ပြောလိုက်သည် “ရပါတယ် မလိုပါဘူး”
ကျန်းယွင်ရှီးက ပြောပြီးသွားတော့ ရှန်ထျန်းကို အေးစက်စွာ စိုက်ကြည့်နေသလို ရှန်ထျန်းကလည်း ကျန်းယွင်ရှီးကို စိုက်ကြည့်နေသည်။
သူတို့နှစ်ယောက်လုံး စကားမပြောတော့သည့်အတွက် အခန်းက တိတ်ဆိတ်သွားသည်။
အဟမ်း… အဟမ်း… ငါက မိစ္ဆာဝိညာဉ်ရဲ့နောက်လိုက် မဟုတ်တာကို သိပြီးသွားရင်လည်း ပြန်တော့လေ… ဘာလို့ ငါ့အခန်းထဲမှာ ရှိနေရသေးတာလဲ…
နောက်ကျနေပြီ… ငါ အိပ်တော့မယ်လေကွာ…
ရှန်ထျန်းတစ်ယောက် ကူကယ်ရာမဲ့နေသည်။
ဒီသူတော်စင်မက ဘာတွေ ထပ်လုပ်ဖို့ ကြိုးစားနေတာလဲ…
ကျန်းယွင်ရှီးကလည်း ဤသို့ ကို့ရို့ကားရာနိုင်သော အခြေအနေကို အကဲခတ်မိပုံကြောင့် ချောင်းဟန့်ကာ ပြောလိုက်သည်
“အဟမ်း… မောင်လေးရှန်က ဝိညာဉ်သတ္ထုရိုင်းတုံးတွေ ရှာဖွေအကဲဖြတ်တဲ့ နေရာမှာ ကျွမ်းကျင်တယ်လို့ ကြားထားတယ်”
ကျန်းယွင်ရှီက ထိုကဲ့သို့ မေးလိုက်သည်ကို ရှန်ထျန်း မအံ့ဩပေ။ သူ့ကို မိစ္ဆာဝိညာဉ်၏ နောက်လိုက်ဟု သံသယရှိခဲ့ကတည်းက ရှန်ထျန်းဆီ ရောက်မလာခင် သူနှင့်ပတ်သက်သမျှကို စုံစမ်းမှုတွေ လုပ်ထားပြီးပြီဆိုတာ သေချာသည်။
ရှန်ထျန်းက ကံစပ်သူတွေကို ဝိညာဉ်သတ္ထုရိုင်းတုံးတွေ ကူရှာပေးကြောင်း အဆုံးမဲ့ဝိညာဉ် ဥယျာဉ်တစ်ခုလုံး သိသည်။
ထိုအကြောင်းကို ကျန်းယွင်ရှီး မသိလျှင်မှ ထူးဆန်းရာကျပေမည်။
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ဟုတ်ကဲ့… အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းတော့ အကျွမ်းတဝင် ရှိပါတယ်”
ကျန်းယွင်ရှီးက ရှန်ထျန်းကို စိုက်ကြည့်ကာ မေးလိုက်သည် “မောင်လေးရှန်က ကံစပ်သူတွေအတွက်ပဲ ဝိညာဉ်သတ္ထုရိုင်းတုံးတွေ ရှာဖွေအကဲဖြတ်ပေးတာလို့လည်း ကြားထားတယ်။ အဲဒါ ဟုတ်လား”
ရှန်ထျန်းက ခေါင်းညိတ်ပြပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည် “ဟုတ်ပါတယ်… ပိုက်ဆံ ဘယ်လောက်ပဲပေးပေး… ကျွန်တော်နဲ့ ကံမစပ်ရင်တော့ ရှာမပေးပါဘူးခင်ဗျာ”
ကျန်းယွင်ရှီးက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည် “ဒါဆို… အစ်မကကော မောင်လေးရှန်နဲ့ ကံစပ်လား”
ကျန်းယွင်ရှီး၏ မျက်နှာက ယုံကြည်မှု၊ ဂုဏ်မောက်မှုတို့နဲ့ ပြည့်နှက်နေသည်။
သူမက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်မ တစ်ယောက် ဖြစ်သည်။ သူမကျင့်စဉ်၏ ပန်းတိုင်က ဝိညာဉ်သတ္ထုရိုင်းတုံးတွေ ရှာဖို့ မဟုတ်သော်လည်း သူမက ဝိညာဉ်သတ္ထုဥယျာဉ်ကြီးတွေဆီ ရောက်ဖူးတာကြောင့် သတ္ထုရိုင်းတုံးနှင့် ပတ်သက်ပြီး သိထားတာတွေ အများကြီးပဲရှိသည်။
ကံကြမ္မာကို ပုံအပ်ပြီး အကဲဖြတ်သော သတ္ထုရိုင်းတုံး အကဲဖြတ်သူကိုတော့ သူမ တစ်ခါမှ မတွေ့ဖူးသေးပေ။
သူမ အမြင်ကတော့ ရှန်ထျန်းက သူ လိုချင်သောသူကို ရွေးနိုင်ဖို့ ဆင်ခြေပေးသည်ဟုသာ မြင်သည်။
ကျန်းယွင်ရှီးက သူမကိုယ်သူမ အရှေ့ပိုင်းလွင်ပြင် တစ်ခွင်လုံးမှာ လှပပြီး ကျင့်ကြံဆင့်လည်း အဆင့်မြင့်သည့် တစ်ဦးတည်းသော သူတော်စင်မဟု သတ်မှတ်ထားလေသည်။
သူမက ကလေးသရဲတွေကို ဘဝကူးပြောင်းပေးဖို့လည်း ရှန်ထျန်းကို ကူညီခဲ့သည်။
ထိုအကြောင်းပြချက်တွေကြောင့် ရှန်ထျန်းက သူမကို သူနှင့်ကံစပ်သည်ဟု ပြောသင့်သည် ဖြစ်သည်။
ရှန်ထျန်း၏ အတွေးတွေကတော့ သူမ မျှော်လင့်ထားတာနှင့် မတူပေ။
ဘာ…… အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မကတောင် သူမအတွက် သတ္ထုရိုင်းတုံးတွေ ရှာပေးစေချင်တာတဲ့လား…
မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မတောင် ဖြစ်နေပြီလေ… အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ထဲက သတ္ထုရိုင်းတုံးလေးတွေကို စိတ်ဝင်စားနေသေးတာလား…
အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ထဲမှာ ရှိနေသည့် ဝိညာဉ်ကျောက်တုံးတွေက များပြားပေမဲ့ သူတို့၏ အဆင့်က သာမန်ဆိုတာကို သိထားသင့်၏။
အထွတ်အမြတ်မြေနဲ့ ချိုင့်ဝှမ်းက ထိပ်တန်းပညာရှင်တွေဆိုရင် ဝိညာဉ်ကျောက်တုံးကို ကြည့်တောင် မကြည့်တော့ဘူး။ ကျင့်ကြံရေးကမ္ဘာက သာမန်အဆင့်ရှိတဲ့သူတွေပဲ ဒီနေရာကိုလာတာမျိုး။
ပြီးတော့ သူတော်စင်မတွေက အဆင့်မြင့်တဲ့ ဝိညာဉ်သတ္ထုဥယျာဉ်တွေဆီကို သွားဖူးမှာပဲလေ…
အဲဒီမှာ အဆင့်အမြင့်ဆုံးဆိုတဲ့ သတ္ထုရိုင်းတုံးတွေကို သေချာပေါက် စုစည်းထားမှာပဲ…
အဲဒီနေရာမှာရှိတဲ့ ဘယ်ဝိညာဉ်သတ္ထုရိုင်းတုံးမဆို အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်ကြေးရှိမှာပဲ…
တကယ်လို့ ကံသာကောင်းသွားရင် သတ္ထုရိုင်းတုံးထဲကနေ ရလာတဲ့ပစ္စည်းတွေက အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းလိုမျိုး တန်ကြေးကြီးပြီး ရှားပါးတဲ့ ပစ္စည်းတွေကို စုဆောင်းနိုင်လိမ့်မယ်…
အဲဒီသတ္ထုရိုင်းတုံးတွေထဲမှာ နှစ်ပေါင်းသောင်းချီပြီး အိပ်ပျော်ပြီး ပိတ်မိနေတဲ့ ရှေးနတ်ဘုရားမတစ်ယောက်တောင် ပါလာနိုင်တယ်…
ကံကောင်းသူတွေ ရရှိနိုင်တာ များပြားလှသည်။
ကောလဟာလတွေအရ ခရမ်းစံအိမ် အထွတ်အမြတ်မြေရဲ့ သူတော်စင် ဆိုရင် လွန်ခဲ့သော နှစ်အနည်းငယ်က ရှေးဟောင်းဝိညာဉ် ဥယျာဉ်ထဲမှာ ကျောက်စိမ်းပေလွှာ အပိုင်းအစကို ရှာတွေ့ခဲ့တယ်တဲ့…
ထိုကျောက်စိမ်းပေလွှာထဲ နိဗာနတော်ဝင်ကျမ်း ပါဝင်နေသည်။ ကျောက်စိမ်းပေလွှာထဲရှိ ကျင့်ကြံနည်းကြောင့် ခရမ်းစံအိမ် အထွတ်အမြတ်မြေမှာ ရှိနေသည့် အသက်အကြီးဆုံး ကျင့်ကြံသူက ဒုတိယအသက်ကို ရရှိခဲ့သည်ဟု ဆိုကြသည်။ ထို့ကြောင့် သူတို့က အခြေခိုင်ပြီးတော့ ပိုမိုတိုးတက်လာတာ ဖြစ်၏။
ရှေးဟောင်းသတ္ထု ဥယျာဉ်လိုနေရာမျိုးကသာ ကျန်းယွင်ရှီးလို လူမျိုးတွေ သွားသင့်သောနေရာ တစ်ခု ဖြစ်သည်ဟု ရှန်ထျန်းတွေးမိသည်။
ဒါပေမဲ့ သူမက ဘာလို့ အဆုံးမဲ့ဝိညာဉ်ဥယျာဉ်ကို နှစ်သက်နေရတာလဲ…
အမှန်အတိုင်းပြောရလျှင် ကျန်းယွင်ရှီး၏ ရောင်ဝါစက်ဝန်းကို ရှန်ထျန်းက အစကတည်းက သေချာကြည့်ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူမက ဤနေရာနှင့် ဆက်စပ်ပြီး ကံအပြောင်းအလဲ အခွင့်အရေး မရှိသည်ကိုလည်း သိထားပြီးပြီဖြစ်သည်။
ရောင်ဝါစက်ဝန်းထဲမှာ ပုံရိပ်တွေ ရှိမနေပါက သူမရဲ့ ရောင်ဝါစက်ဝန်းက ဘာအရောင်ပဲ ဖြစ်နေပါစေ အသုံးမဝင်ပေ။
ထို့ကြောင့် ရှန်ထျန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ပြောလိုက်သည် “နတ်မိမယ်ကျန်းက ကျွန်တော်နဲ့ ကံမစပ်ပါဘူးဗျာ”
သူ ပြောပြီးသွားတာနှင့် အခန်း၏ အပူချိန်က စိုးရိမ်ရလောက်သည့်အထိ ကျသွားသည်ကို ရှန်ထျန်းခံစားမိသည်။
ရှန်ထျန်းက သူ မှားလား မှန်လားဆိုတာ သေချာမသိတော့ပေ။ သို့သော် ကျန်းယွင်ရှီး၏ အကြည့်ကြောင့် သူမ ပျော်ရွှင်နေတာ မဟုတ်မှန်းတော့ သူ ခံစားမိသည်။
သူမက နည်းနည်းတောင် မကျေမနပ်ဖြစ်နေသလိုပဲ…
ကျန်းယွင်ရှီးက အတော်လေး ဒေါသထွက်သွားတာကို ချုပ်ထိန်းဖို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
ရှင်နဲ့ မိတ်ဆွေဖြစ်လာနိုင်ဖို့ ကျွန်မက အရင်ဆုံး စပြီးပြောခဲ့တာတောင် ရှင်က ကျွန်မကို မျက်နှာသာ မပေးဘူးတဲ့လား…
သိမ်ငယ်လိုက်တာ… ရှက်လည်းရှက်စရာကောင်းချက်…
ရှန်ထျန်း… ရှင် တကယ်ကိုမှားသွားပြီ…
ကျွန်မလိုမျိုး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မက အခုလိုမျိုး ဘယ်တုန်းကများ အရှက်ရဖူးခဲ့လို့လဲ…
ထိုအချိန်မှာ အပြင်ဘက်မှ ကျယ်လောင်သော အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ဆရာနတ်မင်း မစိုးရိမ်ပါနဲ့။ အဆုံးမဲ့ ဝိညာဉ်ဥယျာဉ်ရဲ့ စည်းကမ်းကိုင်အဖွဲ့ ရောက်လာပါပြီ။ ဘယ်သူက ဆရာနတ်မင်းကို မလေးမစား ပြုမူရဲတာလဲ”
ရှန်ထျန်းက ကွေ့ကုန်းကုန်းကြောင့် ကွဲသွားသော ပြတင်းပေါက်ကနေ အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ စည်းကမ်းကိုင်အဖွဲ့ဟာ ဓားပျံများဖြင့် ပျံသန်းလာနေကြသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ပုံသဏ္ဌာန်က တစ်ခါတစ်လေ တည့်တည့် ပျံသန်းနေသလို တစ်ခါတစ်လေ ဗွီပုံသဏ္ဌာန် ပျံသန်းနေကြသည်။
ရှေ့ဆုံးက ခေါင်းဆောင်သုံးယောက်ကိုတော့ ရင်းနှီးပြီးသား ဖြစ်၏။
ရွှေအမြုတေအဆင့် စည်းကမ်းကိုင် ခေါင်းဆောင်တွေက အတော်လေး စိတ်လှုပ်ရှားနေကြသည်။
ဒီရက်ပိုင်းအတွင်း ဆရာနတ်မင်း သဘောကျစေမယ့် အရာကိုလုပ်ပေးဖို့ အခွင့်အရေး ထပ်ရလာမယ်လို့ ဘယ်သူထင်ထားမှာလဲ…
ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကို ခံရသည်ဟုပင် ပြောနိုင်သည်။ ထို့ကြောင့်လည်း သူတို့ရဲ့ အရည်အချင်း အကုန်လုံးကို ထုတ်သုံးရင်း ဒီနေရာသို့ အမြန်ဆုံးလာခဲ့ခြင်း ဖြစ်သည်။
“ဒီမိစ္ဆာကျင့်ကြံသူက ဘယ်ကနေ လာတာလဲကွ။ ဘယ်လိုလုပ်ပြီးတော့ ဆရာနတ်မင်းကို တိုက်ခိုက်ရဲရတာလဲ”
“အတူစုပြီး မိစ္ဆာသုတ်သင် ဓားဝင်္ကပါ တိုက်ကွက်ကို ထုတ်ပြီး တိုက်…”
သူတို့ ဓားတွေ၏ ရွှေရောင်အလင်းတန်းတွေ စုပေါင်းလိုက်သည့်အခါ စည်းကမ်းကိုင် အဖွဲ့ဝင် ဆယ်ယောက်လုံး တစ်သားတည်း ဖြစ်သွားကြသည်။
ဆယ်မီတာ ရှည်လျားသော ဓားအငွေ့အသက်က ကျန်းယွင်ရှီးထံ ဦးတည်သွားလေတော့၏။