အခန်း (၁-၂)
Vol. 1 Ch. 1-2
မူရင်းအမည်။ ။ Eternal Tale
မြန်မာလို ၀ထ္ထုအမည် ။ ။ အမတခရီးသည်
ဇာတ်လမ်းအကျဉ်း။ ။ ဘဝဟာ သံပရာသီးတစ်လုံးပေးလာရင် သံပရာရည်ဖျော်သောက်လိုက်ပါ ဆိုတဲ့ မိုတီဗေးရှင်း စကားမျိုးကို ကျနော် ဟိုဘက်ကမ္ဘာမှာတုန်းက ခဏခဏ ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် စနစ်တစ်ခုနဲ့ အင်မော်တယ် ကမ္ဘာကို ရောက်လာခဲ့တဲ့အချိန်မှာ စနစ်က ကျနော့်ကို အနက်ရောင် အူကြောင်ကြောင် နွားကြီးတစ်ကောင်ကိုပေးခဲ့တယ်။ ဒါက နွားတစ်ကောင် နဲ့ ကျနော် လောကကိုစိုးမိုဖို ပလန်စချခဲ့ခြင်းရဲ့ အစပါပဲ။ ဒါကို ခင်ဗျားတိုက ရယ်ချင်စရာကောင်းတယ်လို ထင်မယ် ကျနော်ကတော့မထင်ပါဘူး ဘာဖြစ်လိုလဲဆိုတော့ ကျနော်နဲ့ အူကြောင်ကြောင်နွားကြီးက တစ်ကယ်လောကကြီးကို စိုးမိုးမှာဖြစ်လိုပါပဲ။
အခန်း (၁)
"ထာဝရအသက်ရှင်နေထိုင်ရခြင်းက အေးစက်ပြီး အထီးကျန်ဆန်လှပါလား..."
တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် လူငယ်လေးတစ်ယောက် လှဲလျောင်းနေလေသည်။ သူ၏ နှုတ်ခမ်းတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားရင်း အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုနေ၏။ လေပြည်အဝှေ့တွင် သစ်ပင်ပန်းမန်အပေါင်းတို့သည် ယိမ်းနွဲ့ကာလှုပ်ရှားနေကြသည်။
သို့သော် သူ၏ လေယူလေသိမ်းကိုနားထောင်ကြည့်လျှင် ဘဝကို ညည်းတွားနေခြင်း မဟုတ်ဘဲ တစ်စုံတစ်ခုကို ကြိတ်၍ ဝမ်းသာနေသည့် ပုံစံမျိုး ဖြစ်နေသည်။
"မွန်း... မွန်း..."
သူ့ဘေးတွင်တော့ ဦးချိုကျိုးနေသည့် နွားနက်ကြီးတစ်ကောင် ထိုင်နေသည်။ မှန်သည်။ ထိုနွားကြီးမှာ မတ်တပ်ရပ်နေခြင်း မဟုတ်ဘဲ လူတစ်ယောက်ကဲ့သို့ ကျောကို မတ်မတ်ထားလျက် ဖင်ချထိုင်နေခြင်းဖြစ်သည်။ လူငယ်လေး၏ အမည်မှာ ချန်ရွှင် ဖြစ်သည်။ သူသည် လွန်ခဲ့သော တစ်နှစ်ခန့်က ဤကမ္ဘာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးကား အဆုံးအစမဲ့ ကျယ်ပြောလှပြီး တောင်များကို ရွှေ့ကာ ပင်လယ်များကို မှောက်လှန်နိုင်စွမ်းရှိသည့် ကျင့်ကြံသူ အင်မော်တယ်များစွာ ရှိကြသည်။
ချန်ရွှင် ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် ထူးဆန်းသော စနစ် တစ်ခု ပါလာခဲ့သည်။ ထိုအချိန်က ချန်ရွှင်တစ်ယောက် ဝတ္ထုများထဲမှ ဇာတ်လိုက်ကျော်များ၏ အဖြစ်အပျက်များကို ပြန်တွေးမိပြီး အတိုင်းမသိ ဝမ်းသာခဲ့ဖူးသည်။
သို့သော်...
ချန်ရွှင်၏ စနစ်မှာ အခြားဇာတ်လိုက်များကဲ့သို့ တန်ခိုးသိဒ္ဓိပြီးစီးသောခန္ဓာ၊ ပြိုင်ဘက်ကင်း သိုင်းကျမ်း စသည့် အရာများကို ပေးစွမ်းသည့် စနစ်မျိုး မဟုတ်ပေ။ သူ ရရှိလိုက်သည်မှာ ထာဝရအသက်ရှင်ခြင်း ဖြစ်သည်။ ကောင်းကင်နှင့် မြေပြင်၏ သဘာဝတရားများက သူ၏ သက်တမ်းကို ကန့်သတ်နိုင်ခြင်း မရှိတော့ပေ။ သို့သော် တစ်နှစ်လျှင် သူ၏ စွမ်းရည် တစ်ခုခုအတွက် အမှတ် တစ်မှတ်သာ တိုးမြှင့်နိုင်လေသည်။
ခွန်အား၊ အမြန်နှုန်း၊ သက်လုံ၊ ဝိညာဉ်စွမ်းအား နှင့် မူလစွမ်းအင် ဟူ၍ ရှိသည်။
ခွန်အား၊ အမြန်နှုန်း၊ သက်လုံနှင့် ဝိညာဉ်စွမ်းအားတို့ကို သူ နားလည်သော်လည်း မူလစွမ်းအင် ဆိုသည်ကိုမူ ချန်ရွှင်တစ်ယောက် သဘောမပေါက်နိုင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ထိုအရာကို ခေါင်းထဲမှ ထုတ်လိုက်ပြီး အသက်ရှင်သန်ရေးကိုသာ အဓိကထားခဲ့သည်။
ဤစနစ်ကြီးက အတော်လေး သဘောကောင်းသည်ဟု ဆိုရမည်။ အဆုံးမရှိ ရှည်လျားလှသည့် သက်တမ်းတစ်လျှောက် အဖော်မဲ့မည်စိုး၍ သူ့အား အင်မော်တယ် နွားနက်ကြီးတစ်ကောင်ကို လက်ဆောင်အဖြစ် ပေးသနားထားသေးသည်။ ထိုနွားကြီးမှာ စကားမပြောနိုင်သော်လည်း သူပြောသမျှကို နားလည်သည်။ ထို့အပြင် နွားကြီးအတွက်ပါ နှစ်စဉ် စွမ်းရည်မှတ် တစ်မှတ် ပေါင်းထည့်ပေးနိုင်ပြီး ချန်ရွှင်၏ ကိုယ်ပိုင်အမှတ်များ လျော့သွားခြင်းလည်း မရှိပေ။
"ငါတို့တွေက အသက်ရှည်တယ် ဆိုပေမယ့် အသတ်ခံရရင် သေနိုင်တယ်ကွ….. နောက်ဆို သိုသိုသိပ်သိပ်နဲ့ အန္တရာယ်ကင်းအောင် နေကြရအောင်..."
ချန်ရွှင်က သက်ပြင်းချရင်း ပြောလိုက်သည်။ လွန်ခဲ့သော ခြောက်လခန့်က သူနှင့် နွားနက်ကြီးသည် တောင်ပေါ်ရွာလေးတစ်ရွာတွင် စပါးစိုက်ပြီး ကြက်အနည်းငယ် မွေးမြူခဲ့ကြသည်။ သို့သော် လမိုက်ညတစ်ညတွင် ဘေးရွာမှ အဘိုးကြီးဝမ် ဆိုသူက လူတစ်စုကို ခေါ်ဆောင်လာပြီး ရှိသမျှ အကုန်ခိုးယူသွားခဲ့လေသည်။
ထိုစဉ်က ချန်ရွှင်မှာ အလွန်ဒေါသ ဖြစ်ခဲ့သည်။ ဤလောကကြီးတွင် တရားမျှတမှုဆိုသည်မှာ မရှိတော့ဘူးလား။ တရားမျှတမှုဆိုသည်မှာအယ်နည်း။ ထို့နောက် သူသည် ပုဆိန်တစ်လက်ကို ဆွဲကာ နွားနက်ကြီးနှင့်အတူ တရားမျှတမှု ပြန်ရရန် ဘေးရွာသို့ ချီတက်ခဲ့သည်။ သို့သော် တစ်ဖက်က အင်အားများလွန်းသဖြင့် ချန်ရွှင်တစ်ယောက် အကြီးအကျယ် နံပြားရိုက်သလိုရိုက်ခံရကာ နွားနက်ကြီးမှာလည်း ဦးချိုတစ်ဖက် အချိုးခံလိုက်ရလေသည်။ သူတို့နှစ်ဦးမှာ ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရပြီး ဒဏ်ရာများကို ရက်ပေါင်းများစွာ ကုသခဲ့သည်။
"မွန်း... "
နွားနက်ကြီးက မွန်းဟုအသံပြုလိုက်ပြီး မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ ထိုလူများမှာ ယုတ်မာလွန်းပေသည်။
ထိုအဖြစ်အပျက်သည် ချန်ရွှင်၏ စိတ်ထဲတွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခု ဖြစ်စေခဲ့သည်။
[ တင် …စွမ်းရည်မှတ် ပေါင်းထည့်နိုင်ပါသည် ]
ချန်ရွှင်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ အပြုံးတစ်ခု ပေါ်လာသည်။ တစ်နှစ်ပြည့်သည်။
သူသည် တွေဝေခြင်းမရှိဘဲ ခွန်အား ကို ရွေးချယ်လိုက်သည်။ ယခင်တကြိမ် သမခံရစဉ်က ခွန်အားနည်းလွန်း၍ သူ့ကို ချုပ်ထားသော လူများကို ပြန်မတိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။
"အားးးးး...."
ချန်ရွှင်၏ မျက်နှာမှာ နီမြန်းသွားပြီး ခန္ဓာကိုယ်ထဲတွင် စွမ်းအားများအလုံးအရင်းနှင့်စီးဝင်လာသည်ကိုခံစားလိုက်သည်။ လက်မောင်းများတွင် သွေးကြောစိမ်းကြီးများ ထောင်လာပြီး မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်မိသည်။ ဘေးနားမှ နွားနက်ကြီးမှာ လန့်ဖျပ်သွားပြီး ခြေနှစ်ချောင်းထောက်ကာ ခုန်လိုက်မိသည်။
"ငါ့ကံတရားကို ငါဖန်တီးမယ် ကောင်းကင်ကို အဆုံးအဖြတ် ပေးခွင့်မပြုနိုင်ဘူး"
အုန်း
နယူတန်၏ တတိယနိယာမအရ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိစမြဲပင်။ ချန်ရွှင်၏ လက်သည် ဖြောင်းခနဲ ကျိုးသွားခဲ့ပြီး နွားနက်ကြီးနှင့်အတူ ရက်ပေါင်းများစွာ ဒဏ်ရာ ထပ်ကုရပြန်သည်။ ထို့နောက် သူသည် နွားနက်ကြီးအတွက်လည်း ခွန်အားတစ်မှတ် ပေါင်းထည့်ပေးလိုက်သည်။ အပြင်ပန်းတွင် ဘာမျှ မပြောင်းလဲသော်လည်း ချန်ရွှင်၏ အဖြစ်ဆိုးကို မြင်ထားသည့် နွားနက်ကြီးသည် သူ၏ ခန္ဓာကိုယ် အင်အားကို အသာအယာသာ စမ်းသပ်ကြည့်ရာ ရလဒ်မှာ အတော်လေး ကောင်းမွန်နေသည်။
သူတို့သည် တောင်ပေါ်ရွာလေးမှ သက်ကယ်မိုးတဲအိမ်လေးတွင် နေထိုင်ကြသည်။ လောကကြီးနှင့် အဆက်အစပ်မရှိ အေးဆေးစွာ နေလိုသော်လည်း ဤကမ္ဘာ၏ သဘာဝတရားများက လူတို့၏ အရိုးထဲအထိ စွဲမြဲနေတတ်သည်။ သာမန်လူသားများသည် ကျင့်ကြံသူ အင်မော်တယ်များနှင့် တွေ့လျှင် ဦးညွှတ်အရိုအသေ ပေးရမည်။ လုံးဝ (လုံးဝ) ပြစ်မှား၍ မရပေ။ ဤသည်ကို ဤမျှ ခေါင်လှသော တောင်ပေါ်ရွာလေးမှ လူများပင် သိရှိနားလည်ကြသည်။
"ကိုကြီးချန်ရွှင်ရေ..."
တဲအိမ်အပြင်မှ ကောင်လေးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ ရွာထဲမှ ငမဲ ဟု ခေါ်သည့် ကလေးဖြစ်သည်။ မွေးလာကတည်းက အသားမည်းလွန်း၍ ထိုနာမည်ပြောင် ပေးထားခြင်းဖြစ်သည်။
"ဘာကိစ္စလဲ ငမဲရဲ့" ချန်ရွှင်က ဒဏ်ရာသက်သာစ ပြုနေသည်ဖြစ်၍ ဖြည်းညင်းစွာ တံခါးဖွင့်ပေးလိုက်သည်။
"ရွာလူကြီးက ကိုကြီးချန်ရွှင်အတွက် ဆန်ပို့ခိုင်းလိုက်လို့ပါ" ငမဲက ဆန်အိတ်တစ်အိတ်ကို ပိုက်ထားရင်း ရိုးသားဖြူစင်သော အပြုံးဖြင့် ပြောသည်။
"ကျေးဇူးပါကွာ ရွာလူကြီးကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး"
ချန်ရွှင် ဆန်အိတ်ကို လှမ်းယူလိုက်ချိန်တွင် ရင်ထဲ၌ လှိုက်ခနဲ ခံစားလိုက်သည်။ သူနှင့် နွားနက်ကြီးမှာ တောထဲမှဟင်းရွက်များ ခူးဆွတ်စားနေရသည်မှာ ရက်အတော်ကြာသည် ဖြစ်သည်။
ထာဝရအသက်ရှင်သူ(အင်မော်တယ်) ဖြစ်ပါလျက် ငတ်သေလုနီးပါး ဖြစ်နေရသည်မှာ အလွန်ရယ်ရသော ဟာသကြီးကဲ့သို့ဖြစ်နေသည်။ အင်မော်တယ်ကြီးငတ်သေသည်ဆိုလျှင် လူကြားမကောင်းလွန်းသဖြင့် အခြားတန်ခိုးသိဒ္ဓိကြီးမားသောအင်မော်တယ်ကြီးများသာကြားလျှင်ကိုယ့်ကိုယ်ကိုယ် ဆယ်ခါပြန် ဆူဆိုက်လုပ်သွားနိုင်သည်။
ဤအကြောင်းကို တွေးမိတိုင်း ချန်ရွှင်၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်လာသည်။
(ပညာရှိတွေရဲ့ ကလဲ့စားဟာ ဆယ်နှစ်ကြာလည်း မနောက်ကျဘူး ဆိုသလိုပဲ... မင်းတို့ဘိုးဘေးတွေရဲ့ အုတ်ဂူကိုငါလာဖောက်မယ့်နေ့စောင့်နေကြစမ်း)
စိတ်ထဲက သူ တိတ်တဆိတ်ကြုံးဝါးလိုက်မိသည်။
"ကိုကြီးချန်ရွှင် ကျွန်တော် သွားတော့မယ်နော် အမေက ထမင်းစားဖို့ ခေါ်နေလို့"
"အေးအေး... ကောင်းကောင်းပြန်နော်"
ချန်ရွှင် ပြုံးပြလိုက်ပြီး လက်ထဲမှ ဆန်အိတ်ကို ကြည့်ကာ မျက်ရည်များပင် ဝဲလာသည်။ ပါးစပ်ထောင့်မှ တံတွေးများ စီးကျလာ၏။ ဤလောကကြီးမှာ လူကောင်းများလည်းရှိသေးသည်။
"မွန်း "
နွားနက်ကြီးက တဲအိမ်ထဲမှ စိတ်မရှည်သံဖြင့် လှမ်းအော်သည်။ သူသည် မြက်မစားချင်၊ သူလည်း ထမင်းစားချင်သည်။
မကြာမီ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မွှေးကြိုင်လှသော ထမင်းဖြူဖြူလေးများ ကျက်သွားလေသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် အငမ်းမရ စားသောက်ကြရင်း အနာဂတ်အတွက် စိတ်ကူးယဉ်နေကြသည်။
"နွားကြီးရေ... ငါတို့ ကောင်းကောင်း အသက်ရှင်ကြရအောင် နောက်ဆို စိတ်လိုက်မာန်ပါ မလုပ်ကြနဲ့တော့"
ချန်ရွှင်က ထမင်းလုပ်ကို ဝါးရင်း ပြောလိုက်သည်။ "လောကကြီးက ကျယ်ပြန့်လွန်းတယ် ငါတို့ ကြီးပွားလာတဲ့တစ်နေ့ကျရင် မင်းအတွက် နွားပျိုမ(နွားမဒန်း)လေးတွေ ပေးမယ်"
"မွန်း"
နွားကြီးက အထင်သေးသော မျက်လုံးများဖြင့် ကြည့်သည်။ လွန်ခဲ့သည့် တစ်ခေါက်က ပုဆိန်ဆွဲပြီး ဘေးရွာကို သွားတိုက်ခိုက်သူက သူမဟုတ်ဘူးလား ဟု ပြောနေသယောင်ပင်။
"ဟိုဘက်က လူများတယ် သူတို့လို လူစားမျိုးကို ဉာဏ်ဆင်ပြီး တိုက်မှရမယ်" ချန်ရွှင်ကလေးနက်သော လေသံဖြင့် ပြောသည်။
နွားနက်ကြီး၏ မျက်လုံးများ အရောင်တောက်သွားပြီး ချန်ရွှင်နားသို့ တိုးကပ်လာသည်။
"သူတို့ အိုသွားတဲ့အချိန်ကျမှ သွားတွေ အကုန်ရိုက်ချိုးပြီး သူတို့ဘိုးဘွားတွေရဲ့ အုတ်ဂူတွေကို ဖောက်ပစ်မယ် ငါ့လို့... ထာဝရအသက်ရှင်သူ(အင်မော်တယ်)ကိုများ လာစော်ကားရဲတယ်ပေါ့"
ချန်ရွှင်က ခံ့ညားထည်ဝါသော လေသံဖြင့် ပြောနေပြီး မျက်ဝန်းများသည်စူးရှတောက်ပနေသည်။
"မွန်း မွန်း "
နွားနက်ကြီးက ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးကြီးများကို ပြူးကာ ခေါင်းကို တဆက်ဆက် ညိတ်နေသည်။
"ဒါနဲ့... ဘာလို့ တူးနံ့ ရနေတာပါလိမ့်"
ချန်ရွှင် နှုတ်ခေါင်းကိုရှုံ့ကာ မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။ "ငါတို့ အိမ် "
"မွန်း" နွားနက်ကြီးလည်း လန့်ဖျပ်သွားသည်။
"မီးလောင်နေပြီ " "ချန်ရွှင်တို့အိမ် မီးလောင်နေပြီဟေ့ မီးသွားငြှိမ်းကြ "
...
တစ်နာရီခန့် ကြာသောအခါ မီးညွန့်ကျိုးသွားသော်လည်း တဲအိမ်တစ်ခုလုံးမှာ ပြာကျလုနီးပါး ဖြစ်သွားခဲ့သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်မှာ မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် တဲအိမ်ရှေ့တွင် ဒူးထောက်ကာ ဘဝကို စိတ်ကုန်နေမိကြသည်။ ချန်ရွှင်သည် မိဘမဲ့တစ်ဦးဖြစ်ပြီး ယခုလို ကံဆိုးမိုးမှောင်ကျမှုများ ဆက်တိုက်ကြုံတွေ့နေရသည်မှာ သနားစရာ ကောင်းလှသည်။ ရွာသားများက ဟိုတစ်စ သည်တစ်စ နှစ်သိမ့်စကား ပြောဆိုပြီး လူစုခွဲသွားကြသည်။
"ပြီးပြီ... အိမ် မရှိတော့ဘူး"
ချန်ရွှင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူက အိမ်လည်း မဆောက်တတ်။ မုဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုဖြစ်နေသည်။ ဘဝဆိုသည်မှာ ဆင်းရဲဒုက္ခချည်းပါလား။ သို့သော် နွားနက်ကြီးက ဆန်များကို သိမ်းဆည်းထားနိုင်ခဲ့သဖြင့် ရက်အနည်းငယ်စာတော့ စားစရာ ကျန်ပါသေးသည်။
"နွားကြီးရေ... အရှေ့ဘက် တောင်ကုန်းအောက်မှာ ဂူတချို့ ရှိတာ ငါတွေ့ထားတယ် အင်း... ငါတို့ အဲ့မှာပဲ သွားနေကြတာပေါ့ကွာ"
ချန်ရွှင်က ခေါင်းခါရင်း ပြောလိုက်သည်။ ရွာထဲမှာ လက်မှုပညာ တစ်ခုခုတော့ သင်မှ ဖြစ်မည်။ ဤသို့ရောက်လာကတည်းက စိုက်ပျိုးရေးပဲ လုပ်နေခဲ့တော့ ဘာမှ မတတ်ပေ။
"မွန်း " နွားနက်ကြီးကတော့ ကိစ္စမရှိပေ။ ချန်ရွှင် ရှိသည့်နေရာသည်သာ သူ၏ အိမ်ဖြစ်သည်။
တောင်ပေါ်ရွာလေး၏ အပြင်ဘက်တွင် နွားနက်ကြီးသည် ကျောပေါ်၌ မြက်ခြောက်များ သယ်ဆောင်လာပြီး ချန်ရွှင်ကလည်း ထင်းခြောက်များကို ကောက်ယူကာ တောင်ပေါ်ကဂူထဲသို့ ရွှေ့ပြောင်းနေထိုင်ကြတော့သည်။ နောက်တစ်နှစ်အတွင်း ချန်ရွှင်သည် ရွာထဲမှ လက်သမားဆရာထံတွင် အလုပ်သင်အဖြစ် ဝင်လုပ်ခဲ့သည်။ နွားနက်ကြီးကလည်း ပစ္စည်းသယ်ရာတွင် ကူညီပေးသည်။ နွားကြီးသည် ဉာဏ်ရည်မြင့်လွန်းသဖြင့် ရွာသားများက ချန်ရွှင်အား ထိုနွားကို သတ်မစားရန် ဝိုင်းပြောကြသည်။
ချန်ရွှင်က ထိုစကားများကို ကြားသောအခါ ပြုံးလိုက်မိသည်။ သူ ငတ်သေချင် သေပါစေ၊ တောင်ပေါ်က ခုန်ချချင် ခုန်ချလိုက်မည်၊ သူ့သူငယ်ချင်းကို သစ္စာဖောက်သည့်အလုပ်ကိုတော့ လုံးဝ လုပ်မည်မဟုတ်။
"မွှေးနေတာပဲကွာ..."
ချန်ရွှင်က အမဲသားတစ်ကိုက်ကို အားပါးတရ ကိုက်ဝါးရင်း ပြောလိုက်သည်။ နှစ်ကုန်ချိန်တွင်မင်္ဂလာရှိစေရန် ရွာသားများက နွားအချို့ကို သတ်ကာ တစ်ရွာလုံးကို ကျွေးမွေးဧည့်ခံခြင်း ဖြစ်သည်။ ယခုလို ကောင်းမွန်တဲ့ အခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။ သို့သော် နွားနက်ကြီးမှာတော့ မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး ချန်ရွှင်ပေးသော အမဲသားတုံးများကို မစားနိုင် ဖြစ်နေသည်။
ပွဲပြီးသည့်နောက် အစားအစာများကို လွှင့်ပစ်၍ မဖြစ်သဖြင့် သူများမစားသည့် အရာများကို သူနှင့် နွားနက်ကြီးက ထုပ်ပိုးယူလာခဲ့သည်။ ချွေတာမှ ဖြစ်မည်လေ။ တောင်ပေါ်ဂူထဲတွင်တော့ နွားနက်ကြီးသည် (အမဲသားမဟုတ်သော အစားအစာများကို) မြိန်ရေရှက်ရေ စားသောက်နေပြီး ချန်ရွှင်ကတော့ နွားကြီး မစားသည့် အမဲသားများကိုပါ တစ်ယောက်တည်း ရှင်းလင်းလိုက်လေသည်။
အခန်း (၂)
[ တင်….စွမ်းရည်မှတ် ပေါင်းထည့်နိုင်ပါသည် ]
ခေါင်းထဲတွင် အသံတစ်ခု ပဲ့တင်ထပ်လာပြန်သည်။ သူသည် ထုံးစံအတိုင်း ခွန်အား ကို တစ်မှတ်တိုးလိုက်ပြီး နွားနက်ကြီးကိုလည်း ခွန်အား တစ်မှတ် တိုးပေးလိုက်သည်။ ခွန်အားတိုးခြင်းက အကျိုးကျေးဇူး အလွန်များကြောင်း ချန်ရွှင် တွေ့ရှိလာသည်။ အလုပ်လုပ်သည့်အခါ ခြေလက်များ သန်မာဖျတ်လတ်လာပြီး မျက်လုံးများလည်း တောက်ပလာသည်။ တစ်ယောက်တည်းနှင့် နှစ်ယောက်စာအလုပ်ကို လုပ်နိုင်သည်။
ရွာထဲမှ အသက်လေးဆယ်အရွယ် အပျိုကြီး မမ ဆိုလျှင် ချန်ရွှင်ကို မကြာခဏ မျက်စိမှိတ်ပြတတ်သေးသည်။
"ယောက်ျားပီသတယ် ဆိုတာ ဒါမျိုးနေမှာပဲ"
ချန်ရွှင်က သူ၏ ကြွက်သားများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ့ဆီမှ ဖြာထွက်နေသော ဆွဲဆောင်မှုများက ရွာထဲမှ မိန်းကလေး ဘယ်နှစ်ယောက်ကိုတောင် ဖမ်းစားထားမိလဲ မသိတော့။
"ဟေ့ကောင် နွားကြီး ဖြည်းဖြည်းစားလေကွာ"
ချန်ရွှင် လန့်ဖျပ်သွားသည်။ သူ ကိုယ့်အကြောင်းကိုယ်တွေးမိကာ ကြည်နူးနေခိုက် နွားနက်ကြီးက သူ့ဝေစု ညစာပါ ဝါးလိုက်ခြင်း ဖြစ်သည်။
"မွန်း "
နွားနက်ကြီးက လျှင်မြန်စွာဖြင့် တရှိန်ထိုး မျိုချလိုက်သည်။ ချန်ရွှင်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ဆွံ့အ ကျန်ရစ်ခဲ့တော့သည်။ ဒုတိယနှစ်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ပန်းပဲဆရာထံတွင် အလုပ်သင် ဝင်လုပ်ကြသည်။ သူတို့၏ ခွန်အားကိုကြည့်ပြီး ပန်းပဲဆရာက အံ့အားသင့်ကာ ချန်ရွှင်အား ပန်းပဲဆရာဖြစ်မည့် ပါရမီရှိသည်ဟု ချီးမွမ်းမဆုံး ဖြစ်နေသည်။
ချန်ရွှင်က လုပ်အားခ မယူဘဲ သူနှင့် နွားကြီးအတွက် ထမင်းကျွေးလျှင် ရသည်ဟု ဆိုသဖြင့် ပန်းပဲဆရာက ဝမ်းသာအားရ သဘောတူခဲ့သည်။ သို့သော် နောက်တစ်လတွင် ချန်ရွှင်သည် ပန်းပဲဖိုထဲသို့ ဘယ်ခြေထောက်ဖြင့် စတင်ဝင်ရောက်မိသဖြင့် ဓလေ့ထုံးစံ ကို ချိုးဖောက်သည်ဟု ဆိုကာ သူတို့နှစ်ဦး မောင်းထုတ်ခံလိုက်သည်။ (ဘယ်ခြေဖြင့် လုပ်ငန်းခွင်ထဲဝင်ပါက လာဘ်ပိတ်တတ်သည်ဟုအယူရှိ၏၊ မြန်မာများ၏ ထိုင်ခုံပေါ်လက်ထောက်လျှင် လာဘ်ပိတ်သည်ဟုသော အယူအဆမျိုးဖြစ်ပါသည်)
ချန်ရွှင် သက်ပြင်းချမိသည်။ ဒါက အင်မော်တယ်များ ခံစားရတဲ့ ဒုက္ခမျိုး ဖြစ်မည်။
သူတို့သည် လယ်ကွက်ကောင်းကောင်း တစ်ကွက် ပြီး စပါးပြန်စိုက်ကြသည်။ နွားနက်ကြီးက ထွန်ယက်ပြီး လူနှင့် နွား အချိတ်အဆက်မိမိဖြင့် ကြိုးစားလုပ်ကိုင်ကြသည်။
"ဒါ ငါတို့ရဲ့ အင်ပါယာပဲ"
"မွန်း "
ချန်ရွှင်သည် စိမ်းစိုနေသော လယ်ကွက်များကို ကြည့်ရင်း ဝမ်းသာပီတိ ဖြစ်နေသည်။ သူ၏ လက်ထဲတွင် တောင်ဖြိုပုဆိန်တစ်လက်ကို ကိုင်ထားပြီး ခါးတွင်လည်း ပုဆိန်နှစ်လက် ထိုးထားသည်။ နွားနက်ကြီးလည်း ပျော်ရွှင်နေသည်။ သို့သော် သူ၏ ခြေထောက်လေးချောင်းလုံးတွင် ဓားများ တပ်ဆင်ထားပြီး ဦးချိုတွင်လည်း ပုဆိန်တစ်လက် ချည်နှောင်ထားသည်။
"ဟိုလူယုတ်မာတွေ လာခိုးရဲရင် ခိုးကြည့်စမ်း "
ချန်ရွှင်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အငွေ့များ လွှမ်းခြုံနေပြီး နွားနက်ကြီးကို လှမ်းကြည့်လိုက်သည်။ နွားကြီးကလည်း ချန်ရွှင်ကို ကြည့်ကာ ခေါင်းကို လေးလေးနက်နက် ညိတ်ပြသည်။
"တွေ့တာနဲ့ ပြေးမယ်…. ငါတို့ လုံး၀ထိပ်တိုက်မတွေ့ဘူး"
"မွန်း မွန်း "
ဤနှစ်တော့ အခြေအနေ ကောင်းသည်ဟု ဆိုရမည်။ ဘေးရွာတွင် အရေးကြီးကိစ္စတစ်ခု ဖြစ်ပျက်နေ၍ လူအားလုံး ထိုနေရာတွင် စုဝေးနေကြသဖြင့် ချန်ရွှင်၏ လယ်ကွက်ကို မည်သူမှ စိတ်မဝင်စားကြပေ။ သူသည် မိမိနှင့် နွားနက်ကြီးအား ခွန်အားတစ်မှတ်စီ ထပ်ပေါင်းလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် စပါးရိတ်သိမ်းလိုက်ကြသည်။
နွားနက်ကြီးက တောင်ပေါ်ဂူထဲတွင် ကျင်းတစ်ခု တူးထားသည်။ ချန်ရွှင်က သဘောပေါက်စွာဖြင့် ဆန်အိတ်မြောက်မြားစွာကို ထိုကျင်းထဲသို့ ထည့်လိုက်သည်။ သို့သော် ရွာလူကြီးကို ပြန်ပေးရန်အတွက် ယခင်ပေးခဲ့သော ပမာဏထက် အဆများစွာ ပို၍ ချန်ထားလိုက်သေးသည်။
ဒေါင် …. ဒေါင်
ရွာထဲမှ ကြေးမောင်းခေါက်သံများ ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားသည်။ တောင်ပေါ်ဂူထဲအထိပင် သဲ့သဲ့ကြားနေသည်။ ဒါက ရွာထဲမှာ အရေးကြီးကိစ္စ တစ်ခုခုရှိလျှင် လူစုသည့် အချက်ပေးသံ ဖြစ်သည်။ ချန်ရွှင် မျက်လုံးကို မှေးကျဉ်းလိုက်ပြီး တောင်ပေါ်ဂူထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။ ရွာအချင်းချင်း ရန်ဖြစ်တာများလား။ ယခု သူ၏ ခွန်အားနှင့်ဆိုလျှင် ဗလကြီးကြီး တစ်ယောက်လောက်ကိုတော့ ကောင်းကောင်းကြီး မှောက်သိပ်ပစ်နိုင်သည့် အနေအထား ရှိသည်။
သူတို့သည် တောင်ကုန်းပေါ်တွင် ဝပ်ကာ အခြေအနေကို လှမ်းကြည့်လိုက်သည်။ သို့သော် ထင်ထားသည်နှင့် တခြားစီပင်။ ရွာထဲတွင် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေသည့်အလား ရွာလူကြီးအိမ်ရှေ့တွင် လူများ စုဝေးနေကြသည်။
"သွားမယ် နွားကြီး... သွားကြည့်ရအောင်"
"မွန်း "
ရွာထဲတွင် လူပေါင်းထောင်ချီ ရောက်ရှိနေကြပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လက်ထဲတွင် ကြက်၊ ဘဲ၊ ငါး၊ အမဲသားများကို ကိုင်ဆောင်ထားကြပြီး အလယ်တွင် ရပ်နေသော လူနှစ်ယောက်ကို ဦးညွှတ် ဂါရဝပြုနေကြသည်။
"တိမ်ကောင်းကင်ဂိုဏ်း က တပည့်သစ် လက်ခံနေတာတဲ့ ဝိညာဉ်အမြစ် ရှိတဲ့သူတိုင်း အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းခွင့် ရှိတယ်တဲ့ဟေ့"
လူအုပ်အလယ်တွင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ရွာလူကြီးအိမ်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လျက် မောက်မာသော အမူအရာဖြင့် ကြည့်နေသည်။
"အရှင် အင်မော်တယ်ကြီးခင်ဗျား... ဝိညာဉ်အမြစ် ရှိမရှိ ဘယ်လို သိနိုင်မလဲခင်ဗျာ"
"ဟုတ်ပါတယ် ကျွန်တော့်သား ငမဲက ငယ်ငယ်ကတည်းက နွားတစ်ကောင်လို သန်မာတာ၊ ဗေဒင်ဆရာက ပြောဖူးတယ် သူကအင်မော်တယ် လူဝင်စားတဲ့..."
ရွာသားများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မေးခွန်းများကို စက်သေနတ်ပစ်သလို တရစပ် မေးမြန်းနေကြရာ ကျင့်ကြံသူ နှစ်ယောက်မှာ မျက်မှောင်ကြုတ်လာကြသည်။
"တိတ်စမ်း "
ကျင့်ကြံသူတစ်ဦးက ဒေါသထွက်သွားပုံသည်။ လက်ထဲမှ အစီအရင် တစ်ခုကို ထုတ်သုံးလိုက်ရာ လေထဲတွင် ကြီးမားသော မီးလုံးကြီးတစ်လုံး ရုတ်တရက် တောက်လောင်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အပူဓာတ်များပျံ့နှံ့သွား၏။ ရွာသားများ ချက်ချင်း ငြိမ်ကျသွားပြီး အပ်ကျသံပင် မကြားရတော့ပေ။ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာသည်။
"တကယ့်ကို နွားတစ်ကောင်ခွေးဆွဲခံရသလိုပဲ... အစကနေ အဆုံးထိ ဆွဲခေါ်သွားတာပဲ"
ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ လူအုပ်၏ အစွန်အဖျားသို့ ရောက်လာပြီး ချီးကျူးလိုက်သည်။ ဤကမ္ဘာမှာ တကယ်ပဲ ကျင့်ကြံသူတွေ ရှိတာကိုး။
နွားနက်ကြီးက နားမလည်သော မျက်လုံးဖြင့် ကြည့်သည်။ သူ ဘယ်တုန်းက ရွာထဲမှာခွေးဆွဲခံရဖူးသနည်း။
"ဝိညာဉ်အမြစ်ကို ငါးမျိုးစပ်၊ လေးမျိုးစပ် (အောက်အဆင့်)၊ သုံးမျိုးစပ် (အလယ်အဆင့်)၊ နှစ်မျိုးစပ် (အထက်အဆင့်) နဲ့ တစ်မျိုးတည်းသန့်စင်တဲ့ ကောင်းကင် ဝိညာဉ်အမြစ် ဆိုပြီး ခွဲခြားထားတယ်"
ကျင့်ကြံသူက လက်ကို နောက်ပစ်ကာ ရှင်းပြလိုက်ပြီး အမိန့်ပြားတစ်ခုကို ထုတ်လိုက်သည်။ "မကြောက်ကြနဲ့... အသက်နှစ်ဆယ်အောက် လူငယ်တွေ ဝိညာဉ်အမြစ် စတင် စစ်ဆေးမယ်"
မြေပြင်ပေါ်တွင် ရောင်စုံအလင်းတန်းများ တောက်ပနေသော အလင်းတန်းကြီးတစ်ခု ပေါ်လာသည်။ ရွာသားများ ဆူညံပွက်လောရိုက်သွားပြီး အဘိုးကြီး အဘွားကြီးများပါ ဝင်ရောက် စမ်းသပ်ချင်နေကြသည်။ ရွာထဲမှ ကလေးများနှင့် လူငယ်များမှာ စိတ်အားထက်သန်စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက် စမ်းသပ်ကြသော်လည်း အလင်းတန်းမှာ တုန့်ပြန်မှု မရှိပေ။
"ဒါ မဖြစ်နိုင်ဘူး... ငါ အိပ်မက်မက်ဖူးတယ်၊ ငါက အင်မော်တယ် ဖြစ်လာမှာလို့ မက်ဖူးတယ် "
ရွာသားတစ်ယောက်က တဖွဖွ ရေရွတ်ရင်း ရုတ်တရက် လှည့်ကာ ဒူးထောက်အော်ဟစ်လိုက်သည်။ "အရှင် အင်မော်တယ်... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါခင်ဗျာ"
"ထွက်သွား သုံးအထိ ရေတွက်မယ်" အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"အရှင် အင်မော်တယ်... တောင်းပန်ပါတယ်ခင်ဗျာ"
ရွာသားက ငိုယိုအော်ဟစ်နေပြီး အလင်းတန်းထဲမှ ထွက်မသွားပေ။ "ကျွန်တော် အိပ်မက် မက်ဖူးလို့ပါဗျာ "
ရွှပ်…..
ဓားအလင်းတန်းတစ်ခု လက်ခနဲ ဖြတ်သန်းသွားပြီးနောက် သွေးများ ပန်းထွက်လာသည်။ ထိုရွာသားသည် ယုံကြည်နိုင်ခြင်း မရှိသော မျက်လုံးများဖြင့် ဖြည်းညင်းစွာ လဲကျသွားသည်။ ဘုတ်ခနဲ ဒူးထောက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ရွာသားများမှာ တဆတ်ဆတ် တုန်ရီနေကြပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ချန်ရွှင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်မိသည်။ နဖူးကနေ ချွေးများစီးကျလာ၏။ နွားနက်ကြီးလည်း တိတ်ဆိတ်စွာဖြင့် ဝပ်လိုက်သည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် တစ်ယောက်ကြည့်မိကြပြီး ရင်ထဲမှ လှပသော စိတ်ကူးယဉ် အိပ်မက်အချို့ တိတ်တဆိတ် ပျက်စီးသွားကြသည်။
"ဆက်လုပ်မယ်" ကျင့်ကြံသူက ကြက်များ၊ဝက်များကို ကြည့်သကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။
ဤတစ်ခါတွင်တော့ မည်သူမျှ ရုန်းရင်းဆန်ခတ် မလုပ်ရဲကြတော့ပေ။ ရွာသားများသည် စည်းကမ်းတကျဖြင့် အလင်းတန်းထဲသို့ ဝင်ရောက်ကြသော်လည်း မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ရှိနေဆဲပင်။ ချန်ရွှင်လည်း ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဝင်ရောက်စမ်းသပ်ကြည့်ရာ ငါးမျိုးစပ် ဝိညာဉ်အမြစ် သာ ဖြစ်နေသဖြင့် ကျင့်ကြံသူများ၏စိတ်ဝင်စားမှုကို မရရှိခဲ့ပေ။
"မဆိုးဘူး... သုံးမျိုးစပ် ဝိညာဉ်အမြစ် တစ်ယောက် ပါလာတာပဲ"
ကျင့်ကြံသူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး မိန်းမငယ်လေးတစ်ဦးကို ကြည့်လိုက်သည်။ "အိမ်ကလူတွေကို နှုတ်ဆက်လိုက်တော့"
"ဟုတ်ကဲ့ပါ"
ထိုမိန်းကလေးမှာ ဝမ်းနည်းဝမ်းသာဖြင့် မိသားစုကို နှုတ်ဆက်သည်။ ကျင့်ကြံသူက သူမ၏ မိသားစုကို ငွေတုံးအချို့ ပေးလိုက်သည်။
"ငါးမျိုးစပ် ဝိညာဉ်အမြစ် ရှိသူတွေက ဂိုဏ်းမှာ အောက်ခြေသိမ်း အလုပ်ကြမ်း လုပ်ဖို့ လိုက်ခဲ့နိုင်တယ် အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ အခွင့်အရေးတော့ ရှိဦးမှာပါ"
ကျင့်ကြံသူက လူအချို့ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"... ကျွန်တော် လိုက်မယ် "
ငါးမျိုးစပ် ဝိညာဉ်အမြစ်ပိုင်ရှင်များမှာ ဝမ်းသာအားရဖြင့် ချက်ချင်း ဒူးထောက်ချလိုက်ကြသည်။
ကျင့်ကြံသူက ချန်ရွှင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ချန်ရွှင်မှာ ပါးစပ်မှ အမြှုပ်များထွက်နေပြီး တစ်ကိုယ်လုံး ချွေးများရွှဲကာ တက်နေလေသည်။ ဘေးနားမှ နွားနက်ကြီးမှာလည်း သေလုမျောပါး ဖြစ်နေသည်။ သူတို့သည် စောစောက လူသတ်လိုက်သည့် မြင်ကွင်းကြောင့် ကြောက်လန့်သွားပုံသည်။
"စိတ်ဓာတ် မခိုင်မာဘူး အင်မော်တယ် ဖြစ်လာဖို့ မျှော်လင့်ချက် မရှိဘူး သွားကြစို့"
ကျင့်ကြံသူက ခေါင်းခါလိုက်ပြီး သိုလှောင်အိတ်ထဲမှ ဓားပျံတစ်ခုကို ထုတ်ကာ ရွေးချယ်ခံရသူများကို ခေါ်ဆောင်၍ လေထဲသို့ ပျံတက်သွားလေသည်။ ရွာသားများမှာ ကျန်ရစ်ခဲ့သော အင်မော်တယ်များ၏ ကျောပြင်ကို ငေးကြည့်ရင်း အားကျစိတ်များ ဖြစ်ပေါ်နေကြ၏။
"မြေနိုး နွား ငါ့ကို ဟန်ဆောင်ပြီး ခြေထောက်လေးနဲ့ ဖွဖွကန်ခိုင်းတာ မင်းကြီးဒေါ်ကြီးမို့လို့ လအုကိုတက်နင်းချလိုက်တာလား"
ချန်ရွှင်သည် မြေပြင်ပေါ်တွင် လဲရင်း သူ့၏ ရင်ဘတ်သည် ဖားဖိုကြီးလို နိမ့်ချဉ်မြင့်ချည်ဖြစ်နေသည်။ စောစောက နွားကန်ချက်က သူ့ကို သေရန် နည်းနည်းသာလိုသွားသည်။
"မွန်း"
နွားနက်ကြီးက ချန်ရွှင်ကို နှုတ်သီးဖြင့် တွန်းလိုက်သည်။ သူလည်း သူ့အင်အား ဤမျှလောက်ကြီးသွားမှန်း မသိခဲ့ပေ။
နွားကြီးက ချန်ရွှင်ကို ကျောပေါ်တင်ပြီး တောင်ပေါ်ဂူသို့ ပြန်လာခဲ့သည်။ ချန်ရွှင်မှာ ဂူထဲတွင် ရက်ပေါင်းများစွာ အနားယူပြီးမှ ထနိုင်၊ ထိုင်နိုင်တော့သည်။
"ငါတို့တော့ အဲ့ဒီဂိုဏ်းတွေကို သွားလို့ မဖြစ်ဘူး"
ချန်ရွှင်က နွားနက်ကြီး၏ သံသယဖြစ်နေသော မျက်လုံးများကို ကြည့်ပြီး ရှင်းပြလိုက်သည်။ "ဂိုဏ်းတွေက အရမ်း အန္တရာယ်များတယ် လူသတ်ရင် အပြစ်မရှိဘူးတဲ့၊ ပြီးတော့ အမဲသားစားရုံတင် မကဘူး... နွားထီး(နထီး)ဆို ဂွေးပါဖြတ်စားကြတာတဲ့"
နွားနက်ကြီး၏ကိုယ်သည် တုန်ခနဲဖြစ်သွားပြီး ခေါင်းကို တွင်တွင်ခါလိုက်သည်။ လူသတ်ရင် အပြစ်မရှိဘူး ဆိုသည်မှာကို သူ နားမလည်သော်လည်း အမဲသားစားတယ် ဆိုသည်မှာကိုတော့ သူ ကောင်းကောင်းကြီး နားလည်လိုက်သည်။ထိုနေ့က ကျင့်ကြံသူများ၏ လုပ်ရပ်သည် ချန်ရွှင်အား အားကျစိတ် ဖြစ်မလာစေဘဲ အလွန်အမင်း မလုံခြုံမှုကိုသာ ခံစားရစေခဲ့သည်။
သူတို့နှင့် ဘေးရွာမှ အဘိုးကြီးဝမ်တို့ ရန်ငြိုးဆိုသည်မှာ ရန်ဖြစ်ရုံသာ ရှိသည်။ ဤကျင့်ကြံသူတွေကတော့ စကားမပြောချင်သည်နှင့် သတ်ပစ်တတ်ကြသည်။ ကြက်ကလေးတစ်ကောင်ကို သတ်ဖြတ်သကဲ့သို့ ကြည့်လိုက်သည့် ထိုကျင့်ကြံသူ၏ အကြည့်ကို ချန်ရွှင် တစ်သက်လုံး မှတ်မိနေတော့မည် ဖြစ်သည်။ သူကြက်သားဟင်း စားချင်တုန်းက ကြက်ကိုလက်စတုန်းကာနီးတွင် ထိုသို့ပင်ကြည့်ခဲ့သည်မဟုတ်ပါလား။