အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃)
"ငါတို့တွေ အေးအေးဆေးဆေးပဲ နေကြစို့ကွာ သတ်တာဖြတ်တာတွေ လိုက်မလုပ်နဲ့တော့"
ချန်ရွှင်က နွားနက်ကြီးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ နွားကြီးကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူတို့နှစ်ဦး၏ လက်ရှိဘဝလေးမှာ အလွန် သက်သောင့်သက်သာ ရှိလှသည် မဟုတ်ပါလား။
"နွားကြီးရေ... လာ သွားမယ် ရွာထဲသွားပြီး အလုပ် ကြမယ် ဒီခေတ်ကြီးမှာ အတတ်ပညာ တစ်ခုလောက်မှ မတတ်ရင် ဘယ်လိုလုပ် ရပ်တည်နိုင်မလဲ"
ချန်ရွှင် မတ်တပ်ထရပ်ကာ ပြုံးလိုက်ပြီး သူ၏ တောင်ဖြိုပုဆိန်ကို ခါးကြားထိုးလိုက်သည်။ ယခုဆိုလျှင် သူတို့၌ ဆန်ရေစပါး ပြည့်စုံနေသည်ဖြစ်၍ ထမင်းကျွေးရုံနှင့် အလုပ်လိုက်လုပ်စရာ မလိုတော့ပေ။ ထမင်းစားပေးမယ် ပြောကာမှ အမောင်းထုတ်ခံရသည့် အဖြစ်မျိုးလည်း ကြုံရတော့မည် မဟုတ်။
"မွန်း"
ထို့နောက် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ရွာထဲတွင် ဆရာတင်ပြီး ပညာသင်ယူကြတော့သည်။ အသုဘအခမ်းအနား ဝန်ဆောင်မှုမှအစ နှဲမှုတ်သည့် ပညာအထိ စုံလင်အောင် သင်ယူကြသည်။ သူတို့၏ သင်ယူမှုမှာအလွန် အရှိန်အဟုန် ကောင်းလှ၏။ အထူးသဖြင့် နွားနက်ကြီး၏ အခေါင်းထမ်းသည့် စွမ်းရည်မှာ ချန်ရွှင်ထက်ပင် သာလွန်နေသေးသည်။ ရွာသားများက မြင်လျှင် လက်မထောင်ကာ ချီးကျူးကြစမြဲပင်။ ယခုဆိုလျှင် မင်္ဂလာဆောင်ပဲဖြစ်ဖြစ်၊ နာရေးပဲဖြစ်ဖြစ် ရွာသားများက ချန်ရွှင်တို့ကို ဂူအထိ လာရောက် ပင့်ဖိတ်ကြသည်။ စကားလုံးနှစ်လုံးတည်းဖြင့် ပြောရလျှင် ပရော်ဖက်ရှင်နယ် ပီသလွန်း၍ပင်။
ချန်ရွှင်သည် မူလကပင် အကောင်းမြင်စိတ် ရှိသူဖြစ်သည်။ "အတတ်ကျုး အရူးဖြစ်ဆိုသော်လည်း "အတတ်ကျုးပါက ငွေတော့ရသေးသည်" ဟု ယူဆသူဖြစ်သည်။ ထာဝရအသက်ရှင်သူ(အင်မော်တယ်) ဖြစ်သည့်အတွက် အနာဂတ်အပေါ် မျှော်လင့်ချက်များစွာ ထားရှိပြီး နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းရပါသည်။
ဆယ်နှစ်ဟူသော အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ချန်ရွှင်၏ မျက်ဝန်းများသည် နှစ်ကာလ၏ တိုက်စားမှုများကြောင့် ရက်ကျင့်လာခဲ့ပြီဖြစ်သော်လည်းရုပ်ရည်ကမူ မပြောင်းလဲပေ။ ရွာထဲတွင်မူ ကလေးများပင် တိုးပွားလာခဲ့သည်။
"ပြိုင်ဘက်ကင်းတယ် ဆိုသည်မှာ တကယ်ကို အထီးကျန်ဆန်လှတာပါကလား..."
ချန်ရွှင်သည် တောင်ပေါ်ဂူထဲတွင် မတ်တပ်ရပ်ရင်း တဟဲဟဲ ရယ်မောလိုက်သည်။ သူ၏ ရှေ့တွင် ဧရာမ ကျောက်တုံးကြီးတစ်ခု ရှိနေပြီး သူက သိုင်းကွက်ထုတ်ကာ အသင့်ပြင်လိုက်သည်။
အုန်း
လက်သီးနှင့်ထိုးချလိုက်သည်နှင့် တပြိုင်နက် ကျောက်တုံးကြီးမှာ လေးစိတ်ကွဲအက်သွားပြီး ချက်ချင်းပင် ကျောက်ခဲအစအနများအဖြစ် ပြိုကျသွားတော့သည်။ သူ၏ လက်မှာမူ ပွန်းပဲ့ခြင်းအလျဉ်းမရှိ၊ အကောင်းပကတိပင်။ နွားနက်ကြီးမှာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ချန်ရွှင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။
"ဘယ်လိုလဲ နွားကြီး... မိုက်တယ်မလား"
"မွန်း "
"ဟား ဟား ဟား..."
ချန်ရွှင်က လက်ကို နောက်ပစ်ကာ ရယ်မောလိုက်သည်။ နွားနက်ကြီးက တကယ် အဟုတ်ကြီး ထင်သွားသည်။ ချန်ရွှင်အပေါ် ကြည်ညိုလေးစားမှုများ တိုးပွားလာသည်ကို ကြည့်ပြီး ချန်ရွှင်တစ်ယောက် ကျေနပ်နေတော့သည်။ ဤဆယ်နှစ်အတွင်း ချန်ရွှင်သည် သူ၏ နှစ်ပတ်လည် စွမ်းရည်မှတ်များကို ခွန်အား၌သာ ပုံအောပြီး ပေါင်းထည့်ခဲ့သည်။ ယခုဆိုလျှင် သူ၏ ခွန်အားသည် သာမန်လူသားများ၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည် ဖြစ်သည်။
ရွာထဲက ကိုဗလနှင့် လက်သီးချင်းယှဉ်ထိုးလျှင်တောင် လက်သုံးချောင်းတည်းဖြင့် အသာလေး အနိုင်ယူနိုင်သည်။
"ကိုကြီးချန်ရွှင် " "ကိုကြီးချန်ရွှင်ရေ "
...
တောင်ပေါ်ဂူအပြင်ဘက်မှ အလောတကြီး အော်ဟစ်သံများ ကြားလိုက်သည်။ နွားနက်ကြီး ချက်ချင်း နိုးကြားတက်ကြွသွားသည်။ အလုပ်လာအပ်ခြင်းဖြစ်သည်။ သူသည် ဦးချိုတွင် တန်ဆာပလာများကို ချက်ချင်း ချိတ်ဆွဲလိုက်ပြီး ခေါင်းကို မော့ထားလိုက်သည်။ ယခုအခါ သူသည် ရွာ၏ နတ်နွားကြီး ဖြစ်နေသည်လေ။ ရွာထဲက ခွေးဝါကြီး တွေ့လျှင်တောင် သူ့ကို ကိုကြီးနွား ဟု ခေါ်ရသည်အထိ (ယင်းကတော့ သူ့စိတ်ထဲက အတွေးသက်သက်သာ ဖြစ်သည်)။
"ဘာဖြစ်ကြတာလဲဗျ"
ချန်ရွှင် ဂူအပြင်သို့ ထွက်လာသောအခါ ရွာသားဆယ်ဂဏန်းခန့် ရောက်နေသည်ကို တွေ့လိုက်သည်။ "မင်္ဂလာကိစ္စလား၊ နာရေးကိစ္စလား ကျွန်တော် ဝတ်စုံလဲရအောင်လို့"
"ရွာလူကြီး... ဆုံးသွားပြီ။" ရွာသားများက မျက်နှာငယ်လေးများဖြင့် ပြောသည်။
"ဗျာ "
ချန်ရွှင် တုန်လှုပ်သွားသည်။ ရွာလူကြီးဆိုသည်မှာ သူနှင့် နွားနက်ကြီးအပေါ် အမြဲ ကောင်းခဲ့သူ ဖြစ်သည်။ သူ့ရင်ထဲတွင် ရုတ်တရက် ဟာခနဲ ဖြစ်သွားသည်။ "သွားကြစို့"
ရွာလူကြီး၏ အိမ်ရှေ့တွင် ရွာသားများ ပြည့်နှက်နေသည်။ ဆောင်းဦးလေအဝှေ့တွင် သစ်ရွက်ကြွေများ လွင့်ပျံနေသကဲ့သို့ ချန်ရွှင်၏ နှဲမှုတ်သံက လွမ်းဆွတ်ဖွယ်ရာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများထဲတွင် သံဝေဂတရားများ လွှမ်းခြုံနေသည်။ သာမန်လူသားများသည် ရှင်ကွဲကွဲခြင်း၊ သေကွဲကွဲခြင်း တရားကို မလွန်ဆန်နိုင်ကြပေ။ နှစ်တစ်ရာဟူသော သက်တမ်းသည် တိုတောင်းလွန်းလှပြီး ခဏလေးနှင့် ကုန်ဆုံးသွားတတ်သည်။
နွားနက်ကြီး၏ ကျောပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းများက ဂလောင် ဂလောင် မြည်နေပြီး ချန်ရွှင်၏ နှဲသံနှင့်အတူ စီးချက်ညီညီ လိုက်ပါနေသည်။ ဆောင်းဦးရာသီ၏ ဈာပနတေးသွား တစ်ပုဒ်အဖြစ် ရွာသူကြီးကို တမလွန်ဘုံသို့ပို့ဆောင်ပေးနေသယောင်ပင်ရှိလေသည်။ ရွာပြင် လမ်းကလေးအတိုင်း ချန်ရွှင်သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရွာလူကြီး၏ အခေါင်းကို ကိုယ်တိုင် ထမ်းပိုးလာသည်။ သူ့နောက်တွင် လူတန်းရှည်ကြီး လိုက်ပါလာပြီး ဝါညစ်ညစ် စက္ကူများ လေထဲတွင် ဝဲပျံနေကြသည်။
"မြေမြှုပ် သင်္ဂြိုဟ်မယ်"
ချန်ရွှင်နှင့် လူငယ်အချို့ အခေါင်းကို မြေကျင်းထဲသို့ ဂရုတစိုက် ချလိုက်ကြသည်။ ရွာသားများ အားလုံး နောက်ဆုံးနှုတ်ဆက်ကြသည်ကို သူ ဘေးမှ ရပ်ကြည့်နေမိသည်။ တချို့က ဘေးအန္တရာယ်ကင်းဖို့ ဆုတောင်းကြသည်၊ တချို့က စီးပွားတက်ဖို့ ဆုတောင်းကြသည်၊ တချို့က အင်မော်တယ်ဖြစ်ဖို့ ဆုတောင်းကြသည်။
လူအားလုံး ပြန်သွားကြသောအခါ ချန်ရွှင်သည် တိတ်ဆိတ်စွာဖြင့် သုံးကြိမ် ဦးညွှတ်လိုက်သည်။ "ရွာလူကြီး... ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးတွေကို အမြဲအောက်မေ့နေမှာပါ ကောင်းမွန်ရာဘုံဘဝ ရောက်ပါစေ"
"မွန်း" နွားနက်ကြီးလည်း ဝမ်းနည်းပက်လက်ဖြင့် ချန်ရွှင်ကဲ့သို့ပင် ခေါင်းကို သုံးကြိမ် နှိမ့်ချလိုက်သည်။
ရွာထဲသို့ ပြန်ရောက်သောအခါ ငမဲက ချန်ရွှင်ကို တွေ့ပြီး ပြောသည်။ ငမဲသည် ယခုအခါ လူပျိုကြီး ဖြစ်နေပြီဖြစ်သည်။ "ကိုကြီးချန်ရွှင်... ကိုကြီးချန်ရွှင်က နုမြဲနုဆဲပါလား…. နည်းနည်းလေးတောင် အသက်ကြီးမလာပါလား"
"အဓိကက စိတ်ပျိုကိုယ်နု တာကြောင့်ပါကွာ"
ချန်ရွှင်က ရယ်မောကာ ငမဲ၏ ပခုံးကို ပုတ်လိုက်သည်။ "မင်းလည်း မဆိုးပါဘူးကွ နွားတစ်ကောင်လို သန်မာနေတာပဲ ငါ့ရဲ့ ဟိုးအရင်တုန်းက စွမ်းအား သုံးပုံတစ်ပုံလောက်တောင် ရှိနေတယ်"
"ဟီး ဟီး"
ငမဲက ရှက်ကိုးရှက်ကန်း ရယ်သည်။ "အဖေ တောထဲက တူးလာတဲ့ ဆေးပင်တွေ ကျွန်တော် စားထားလို့ နေမှာပါ"
"တောထဲဝင်ပြီး အမဲလိုက်ရင် ဂရုစိုက်ဦးနော် မင်းမိဘတွေလည်း အိုကျပြီ"
"ဟုတ်ကဲ့ပါ ကိုကြီးချန်ရွှင် ကျွန်တော့်အိမ် လိုက်ပြီး ထမင်းစားပါလား"
"မလိုက်တော့ပါဘူးကွာ ငါ အလုပ်ရှိသေးလို့"
ချန်ရွှင် ခေါင်းခါလိုက်သည်။ ယခု သူ့စားသော ထမင်းပမာဏနှင့်ဆိုလျှင် ငမဲတို့ မိသားစု မွဲသွားလိမ့်မည်။
"ဒါဆို ကျွန်တော် သွားတော့မယ်နော်" ငမဲက လက်ထဲတွင် တောကြက်တစ်ကောင်ကို ကိုင်လျက် နှုတ်ဆက်ထွက်ခွာသွားသည်။
"အေးအေး"
ရွာကလေး၏ အိမ်ခြေတိုင်းမှ မီးခိုးတန်းများ ထွက်ပေါ်နေပြီး ညစာစားရန် ပြင်ဆင်နေကြသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် ထိုမီးရောင်စုံများကို ဖြတ်သန်းကာ ရွာပြင်မှ တောင်ပေါ်ဂူဆီသို့ ပြန်လာခဲ့ကြသည်။ အထီးကျန်ဆန်သော ကျောပြင်များနှင့် ခါးကြားမှ ပုဆိန်သွား၏ အေးစက်သော အရောင်သာ ကျန်ရစ်ခဲ့လေသည်။
နွေမိုးဆောင်းပြောင်း၊ နောက်ထပ် ဆယ်နှစ် ထပ်မံ ကုန်ဆုံးသွားပြန်သည်။ ငမဲတွင်ပင် ကလေးနှစ်ယောက်ပင် ရနေပြီဖြစ်သည်။ သားယောက်ျားလေးကို ချန်ရွှင်က ငမဲလေး ဟု နာမည်ပေးလိုက်ပြီး မကြာခဏ စနောက်ကာ ငိုအောင် လုပ်တတ်သည်။ ဘေးနားမှ နွားနက်ကြီးကတော့ ထိုမြင်ကွင်းကို ကြည့်ပြီး သဘောကျစွာ ရယ်မောနေတတ်၏။ ယခုအခါ ချန်ရွှင်သည် ရွာထဲတွင် ဩဇာတိက္ကမ ရှိသော လူကြီးတစ်ယောက် ဖြစ်နေသော်လည်း သူ၏ ရုပ်ရည်မှာ အိုမင်းသွားခြင်း အလျဉ်းမရှိပေ။
ရွာသားအချို့က သူ့ကို ထူးဆန်းသလို ကြည့်လာကြသည်။ သူက မိန်းမမယူ၊ တစ်ကိုယ်တည်းသမား ဖြစ်နေသဖြင့် အတင်းအဖျင်း ပြောဆိုသံများ ထွက်ပေါ်လာသည်မှာ သူသည်ပန်းသေနေသည်ဟုဖြစ်သည်။
ချန်ရွှင် ကြားသောအခါ ဒေါသထွက်လွန်း၍ ဂူနံရံကိုလက်သီးဖြင့်ထိုးလိုက်မိသည်။ သူလို ယောက်ျားပီသပြီး ကျန်းမာကြံ့ခိုင်သည့် သူရဲကောင်းကိုများ မစွမ်းဆောင်နိုင်ဘူး ဟု ပြောရက်ကြသည်။ သူသည် ရွာထဲမှ အတင်းလည်ပြောတတ်သည့် ထိုမိန်းမကြီး၏ အိမ်ရှေ့သို့ သွားကာ နှုတ်ခမ်းတလန်ပန်းတလန်အော်ဟစ်ရန်တွေ့တော့သည်။ ပန်းမသေကြောင်း သက်သေပြရန် ဘောင်းဘီချွတ်ပြချင်စိတ်ပင် ပေါက်လာသည်။ သို့သော် နွားနက်ကြီးမှာ စကားမပြောတတ်သဖြင့် ဝိုင်းဝန်းကူညီမည့်သူ မရှိဘဲ ရန်ပွဲမှာ ရှုံးနိမ့်ခဲ့သည်။
တောင်ပေါ်ဂူထဲတွင် ချန်ရွှင်တစ်ယောက် ဒေါသပုန်ထနေပြီး နွားနက်ကြီးကို ဆူပူကြိမ်းမောင်းနေသည်။ ထိုစဉ်က နွားနက်ကြီးမှာ သူ့နောက်တွင် ပုန်းနေပြီး တစ်လုံးမှ ဝင်အသံမပေးခဲ့ပေ။
"ထားလိုက်ပါတော့ကွာ... သူတို့က လူများတာကိုး"
ချန်ရွှင် သက်ပြင်းချလိုက်သည်။ ယခုလို အရှက်တကွဲ အကျိုးနည်း ဖြစ်ရပ်မျိုး၊ ယခုလို မတရား စွပ်စွဲခံရမှုမျိုး ကြုံရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့။ "နွားကြီးရေ... မင်းအပြစ်တော့လည်း မဟုတ်ပါဘူး ငါတို့က အသက်ရှည်လွန်းနေတာကိုး"
"မွန်း "
နွားနက်ကြီးက ခေါင်းကို တွင်တွင်ညိတ်သည်။ ထိုစဉ်က သူလည်း သူ့အစွမ်းအစကို ထုတ်ပြခဲ့ပါသေးသည်။ သို့သော် ရွာက အဒေါ်ကြီးများက သူ့ပစ္စည်းကို ဝိုင်းကြည့်ပြီး သေးလိုက်တာ ဟု လှောင်ပြောင်ခဲ့ကြသည် မဟုတ်ပါလား။
"ဒါနဲ့... ခွန်အား က အမှတ် ၂၀ မှာ ဘာလို့ တန့်နေတာလဲ"
ချန်ရွှင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ ရမှတ်က ဆက်တက်မလာတော့။ နွားနက်ကြီးလည်း ထိုအချက်ကို သဘောတူသည်။
အမှတ် ၂၀ နှင့် ၂၁ မှာ ဘာမှ ထူးမခြားပေ။ ထို့ကြောင့် သူသည် ရရှိလာသော စွမ်းရည်မှတ်များကို အမြန်နှုန်း ဘက်သို့ ပြောင်းလဲ ပေါင်းထည့်လိုက်သည်။ နွားနက်ကြီးကိုလည်း ထို့အတူပင်။
ယခု သူတို့၏ စွမ်းရည်မှတ်များမှာ - ခွန်အား ၂၁၊ အမြန်နှုန်း ၁ ဖြစ်သည်။
အမှတ်ပေါင်းထည့်ပြီးသည်နှင့် လမ်းလျှောက်နှုန်း တစ်ဆခန့် မြန်လာသည်ကို သိသာစွာ ခံစားလိုက်သည်။ ခြေထောက်တွင် ဘီးတပ်ထားသလို ပေါ့ပါးနေပြီး ပြေးဖို့ အကောင်းဆုံး နည်းလမ်းပင်။ ချန်ရွှင်တစ်ယောက် ဉာဏ်အလင်း ပွင့်သွားသလို ခံစားလိုက်သည်။
"နွားကြီး... ငါတို့ ထွက်သွားဖို့ အချိန်တန်ပြီ"
ချန်ရွှင် သက်ပြင်းချရင်း ပြောသည်။ မျက်ဝန်းထဲတွင်တော့ ရွာကလေးကို သံယောဇဉ် အရိပ်အယောင်များ ရှိနေသေးသည်။ "ဒီရွာက ငါတို့နေဖို့ မသင့်တော်တော့ဘူး"
ဤရွာတွင် ငမဲတို့ မိသားစုမှလွဲ၍ သူရင်းနှီးသော သူများ တဖြည်းဖြည်း ပျောက်ကွယ်ကုန်သည်။ ရုပ်ရည်မအိုမင်းခြင်းမှာ သာမန်လူသားများ အမြင်တွင် ကြောက်စရာ ကောင်းလာသည်။ ဤကမ္ဘာမှာ အရေးအကြောင်းပျောက်ဆေးတို့၊ ဟော်မုန်းဆေးတို့လည်း မရှိ၊ စကင်လည်းကဲ၍မရပေ။ နွားနက်ကြီးမှာလည်း သာမန်မဟုတ်ဘဲ ထူးခြားလွန်းနေသဖြင့် ရွာသားများက မျက်စိကျလာကြသည်။ သူ့ကို ဖမ်းသတ်ပြီး ကလေးတွေကို အားဆေးအဖြစ် တကျွေးချင်နေကြသည်။
အခန်း (၄)
ချန်ရွှင်သည် တောတွင်းရှင်သန်နည်း ပညာရပ်မျိုးစုံကိုလည်း ဟိုစပ်စပ် သည်စပ်စပ် သင်ယူထားသည်။ ဆရာတစ်ဆူ မဟုတ်သော်လည်း အကုန်လုံးတော့ လုပ်တတ်သည်။
"မွန်း"
နွားနက်ကြီးက လယ်ကွက်ဘက်ကို လှမ်းကြည့်ရင်း စိတ်ပူစွာ အော်သည်။ ဤလယ်ကွက်ကို သူ ပင်ပင်ပန်းပန်း ထွန်ယက်ထားရခြင်းဖြစ်သည်။
"ကိစ္စမရှိပါဘူးကွာ… နောက်ကျရင် ငါတို့ ဒါထက် အဆပေါင်းများစွာ ပိုကြီးတဲ့ လယ်ကွက်ကောင်းကောင်း ကြတာပေါ့"
"မွန်း မွန်း"
နွားနက်ကြီးက ခေါင်းကို အဆက်မပြတ် ညိတ်သည်။ ချန်ရွှင်ကတော့ စိတ်ကူးယဉ် အိပ်မက်များ ပေးပြီး မြှောက်ပြောလိုက်ရာ နွားကြီးခမျာ ယုံကြည်သွား သည်။
"ဒါပေမယ့်... ငါတို့မှာ ကမ္ဘာမကြေ ရန်ငြိုးကြီး ကျန်နေသေးတယ် ဒီအတိုင်း ထွက်သွားရင် သွေးကြောင်ရာရောက်လိမ့်မယ်"
ချန်ရွှင် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ပြီး လက်ထဲမှ တောင်ဖြိုပုဆိန်ကို လှည့်ကစားလိုက်သည်။ "အဲ့လူတွေ အခုဆို အိုမင်းမစွမ်း ဖြစ်နေလောက်ပြီ နွားကြီး... သူတို့ နေမကောင်းဖြစ်တုန်း ငါတို့သွားတိုက်မယ်… ငါတို့ ဆန်တွေကို ပြန်ယူမယ် "
"မွန်း "
မြေပြင်သည် တုန်ဟီးသွားပြီး ကျောက်ခဲများ လွင့်စင်ကုန်သည်။ နွားနက်ကြီး ဒေါသထွက်နေသည်။ သူ့ဦးချို ကျိုးသွားသည်မှာ အခုထိ ပြန်မရှည်လာသေးပေ။ ရွာထဲက နွားပျိုမ(နွားမဒန်း)လေးတွေက သူ့ကိုဆို လှည့်တောင်မကြည့်ကြ။ တောင်ပေါ်ဂူထဲတွင် သူတို့ ပစ္စည်းများသိမ်းဆည်းကြသည်။ နှဲ ကဲ့သို့သော ပစ္စည်းများမှာ လောကကြီးထဲ လှည့်လည်သွားလာရာတွင် မရှိမဖြစ် လိုအပ်သဖြင့် နွားနက်ကြီး၏ ကိုယ်ပေါ်တွင် တင်လိုက်သည်။
ယခု သူတို့၏ ခွန်အားနှင့်ဆိုလျှင် ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များကို သယ်ဆောင်ရသည်မှာ ကလေးကစားသလို ပေါ့ပါးလှသည်။ မသယ်နိုင်သည့် ပစ္စည်းများကိုတော့ ငမဲတို့ မိသားစုအတွက် ထားခဲ့လိုက်သည်။ ထိုအထဲတွင် သူတို့၏ လယ်ကွက်လည်း ပါဝင်သည်။ နောက်တစ်နေ့တွင် ငမဲအိမ်၊ ပန်းပဲဆရာအိမ်၊ လက်သမားအိမ် စသည်ဖြင့် ချန်ရွှင်အား ကူညီခဲ့ဖူးသူများ၏ အိမ်ရှေ့တွင် ဆန်အိတ်များစွာ ရောက်ရှိနေသည်။ သူတို့အားလုံး ဝမ်းသာအားရ ဖြစ်ကုန်ကြပြီး ဘုရားမတာပဲဟု ရေရွတ်ကုန်ကြသည်။
ငမဲ၏ ဇနီးသည်မှာ ပစ္စည်းများကို စစ်ဆေးရင်း ပြုံးပျော်နေသည်။ အိမ်ထဲတွင်တော့ လူလတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်သော ငမဲသည် စာတစ်စောင်ကို ကိုင်လျက် ဖတ်ရှုနေသည်။ ချန်ရွှင်က သူ့ကို စာသင်ပေးဖူးသဖြင့် သူ စာဖတ်တတ်သည်။
"ငမဲရေ... တောင်ပေါ်ဂူအပြင်ဘက်က လယ်ကွက်ကို မင်းတို့မိသားစု ယူလိုက်တော့ ငါ့တူ ငမဲလေးကိုလည်း သေချာ ဂရုစိုက်နော်…ဒီခရီးက အပြန်လမ်း မရှိနိုင်လောက်ဘူး ဒီဘဝမှာ ပြန်တွေ့ဖို့ ခက်ခဲလိမ့်မယ် လောကကြီးက ကျယ်ဝန်းပြီး လှပလွန်းတော့ ငါတို့ သွားရောက် လေ့လာကြည့်ဦးမယ် စိတ်ကို အမြဲတမ်း ပျော်ရွှင်အောင် ထားပါ…. မင်းရဲ့ အမြဲတမ်း လွတ်လပ်ပေါ့ပါးနေတဲ့ အစ်ကိုကြီး ချန်ရွှင်"
ငမဲ စာကို တစ်လုံးချင်း ဖတ်ပြီးနောက် မျက်ရည်များ ဝဲလာသည်။ ငယ်ငယ်ကတည်းက ကိုကြီးချန်ရွှင် နောက်ကနေ တကောက်ကောက် လိုက်ခဲ့သည့် ပုံရိပ်များတရိပ်ရိပ်ပြန်ပေါ်လာသည်။ သူ့စိတ်ထဲမှာတော့ သူသည် ကိုကြီးချန်၇ွှင်ကို အစ်ကိုအရင်းတစ်ယောက်လို ချစ်ခင်ခဲ့ခြင်းဖြစ်သည်။
အတိတ်က ပုံရိပ်များ ခေါင်းထဲတွင် ပြန်လည် ပေါ်လာသည်။ ဆန်အခိုးခံရခြင်းများ၊ တဲအိမ် မီးလောင်မှု၊ အလုပ်သွားလုပ်တိုင်း အမောင်းထုတ်ခံရခြင်းများ... ဒုက္ခများ ကြုံခဲ့ရသော်လည်း ကိုကြီးချန်ရွှင်ကတော့ ဘဝကို အမြဲတမ်း အပြုံးမပျက် ရင်ဆိုင်ခဲ့သည်။
"ကိုကြီးချန်ရွှင်... လမ်းခရီး ဖြောင့်ဖြူးပါစေ"
ငမဲ နွေးထွေးစွာ ပြုံးလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်ကြီးက ပြာလဲ့နေသည်။ ခရီးထွက်ဖို့ ကောင်းသော နေ့ကောင်းရက်မြတ်ပင်။
သုံးလကြာပြီးနောက်။ ရွာနီးချုပ်စပ်၏ အပြင်ဘက်၊ မြေကျင်းတစ်ခုထဲတွင်။
လေဒဏ်မိုးဒဏ်ကြောင့် ညစ်ပေနေသော အဝတ်အစားများဖြင့် လူတစ်ယောက်နှင့် နွားတစ်ကောင် ရောက်ရှိနေသည်။ ချန်ရွှင်က လက်ထဲမှ မုန့်ပြားကြီးကို အားရပါးရ ကိုက်ဝါးလိုက်ပြီး နွားနက်ကြီးကိုလည်း တစ်ကိုက် ကျွေးလိုက်သည်။
"ငါ တွက်ထားတဲ့အတိုင်းပဲ….ဒီရွာအကြောင်း ငါတို့ အကုန် စုံစမ်းပြီးပြီ… အဘိုးကြီးဝမ်ရဲ့ မိသားစုကနေ စမယ်"
ချန်ရွှင်၏ မျက်လုံးများ စူးရှတောက်ပနေသည်။ သူ့မှာ အချိန်တွေ အများကြီး ပိုနေတာမို့ စိတ်ရှည်လက်ရှည် စုံစမ်းခဲ့ခြင်း ဖြစ်သည်။ ဝမ်မိသားစု၏ ဘိုးဘွားအုတ်ဂူ၊ လယ်ကွက်၊ သူတို့ကို ဝိုင်းရိုက်ခဲ့ဖူးသူများ... အားလုံးကို စာရင်းလုပ်ထားပြီးဖြစ်သည်။
"နွားကြီး... စမယ် "
ချန်ရွှင်က ဓားပြခေါင်းစည်းပုဝါကို စည်းလိုက်သည်။ မျက်လုံးနှစ်လုံး၊ နှာခေါင်းနှင့် ပါးစပ်တစ်ပေါက်ကိုသာ ဖော်ထားသည်။ နွားနက်ကြီးအတွက်လည်း အလားတူ ဝတ်စုံ ပြင်ဆင်ပေးထားသည်။ လမိုက်ညတစ်ညတွင် မြေကတုတ်ပေါ်၌ ရပ်နေသော လူတစ်ယောက်နှင့် နွားတစ်ကောင်မှာ လေပြင်းများတိုက်ခတ်နေသော်လည်း မတုန်မလှုပ် ရှိနေကြသည်။ တကယ့် ဓားပြကြီးများ ပုံစံပင်။
သူတို့ တောင်ပေါ်သို့ တက်လာကြသည်။ လရောင်အောက်တွင် အေးစက်သော လေများ တိုက်ခတ်နေပြီး သင်္ချိုင်းမြေမှာ ခြောက်ခြားဖွယ် ကောင်းလှသည်။ သို့သော် သူတို့ ခံစားခဲ့ရသော မတရားမှုများနှင့် ယှဉ်လျှင် ယင်းက ဘာမှ မဟုတ်ပေ။
"ဝမ်တယ်ဖ ၏ အုတ်ဂူ"
ချန်ရွှင် မျက်လုံး အရောင်လက်သွားသည်။ ဒါပဲ... တွေ့ပြီ။ သူ အသံနက်ကြီးဖြင့် အော်လိုက်သည်။ "နွားကြီး... တူးစမ်း "
"မွန်း "
နွားနက်ကြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ပြီး ခြေလေးချောင်းဖြင့် ယက်ကာ မြေကြီးများကို အငမ်းမရ တူးဆွတော့သည်။ ချန်ရွှင်က ခြေတစ်ချက်ကန်ပြီး ကျောက်တိုင်ကို ရိုက်ချိုးလိုက်သည်။ မြေကြီးများ လွင့်စင်ကုန်ပြီး အခေါင်း ပေါ်လာသည်။ အခေါင်းကို ဆွဲဖွင့်လိုက်ရာ အရိုးစုတစ်ခု ပေါ်လာသည်။ သူတို့နှစ်ဦး လုပ်ချင်တာ လုပ်ပြီးသည်နှင့် ချက်ချင်း ခြေကုန်သုတ် ပြေးကြတော့သည်။ အရိပ်အယောင်ပင် မမြင်ရတော့ပေ။
ဝမ်မိသားစု လယ်ကွက်ထဲတွင်တော့ နွားနက်ကြီးသည် ဒေါသတကြီး ထွန်ယက်နေသည်။ မြေပြင်များ ဖရိုဖရဲ လွင့်စင်ကုန်သည်။ သူ့ဒေါသများကို လယ်ကွက်ထဲတွင် ပုံချနေခြင်း ဖြစ်သည်။ ချန်ရွှင်ကြည့်ရင်း မျက်ခုံးများ လှုပ်လာသည်။ နွားက သူ့ထက်ပင်အငြိုးကြီးနေသေးသည်။ လယ်ကွက်တစ်ခုလုံး စိစိညက်ညက် ကြေမွသွားပြီး ရစရာမရှိအောင် ပျက်စီးသွားမှ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ကျေနပ်သွားကြသည်။ ရင်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်သည်။
နောက်တစ်နေ့တွင် ချန်ရွှင်သည် နွားနက်ကြီးနှင့်အတူ အဘိုးကြီးဝမ်၏ အိမ်ထဲသို့ ဝင်ရောက် စီးနင်းလေသည်။
"ဘယ်သူလဲ "
အသက် ၅၀ ကျော် အရွယ် အဘိုးကြီးတစ်ဦး တုတ်ကောက်ကို ထောက်ရင်း လှမ်းအော်သည်။ ခေါင်းစည်းပုဝါ စည်းထားသော လူပုံစံမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
"ငါလား ငါက မင်းရဲ့ ပျောက်နေတဲ့ မင်းဖေဖေလေ "
ချန်ရွှင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤလူကို သူ မှတ်မိသည်။ ဝမ်ထျန်းမင်။ ဟိုတုန်းက သူ့ကို အနာကျင်ဆုံး ရိုက်နှက်ခဲ့သူ ဖြစ်သည်။ ချန်ရွှင် ခြေဖြင့်ကန်လိုက်ရာ တုတ်ကောက် ကျိုးပဲ့သွားသည်။ သူ ရှေ့သို့ တိုးသွားပြီး အားကို ထိန်းလျက် ပါးတစ်ချက် ရိုက်ချလိုက်သည်။ ကျန်ရှိနေသေးသော သွားအနည်းငယ်မှာ တာ့တာပြသွားသည်။
"သူရဲကောင်းကြီး... အသက်ချမ်းသာပေးပါ တောင်းပန်ပါတယ် "
ဝမ်ထျန်းမင် သွေးတစ်ပွက် အန်ရင်း အော်ဟစ်လိုက်သည်။ သူ ဓားပြတိုက် ခံနေသည်။
"လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက မင်းတို့လူစု ငါ့ဆန်တွေကို ခိုးခဲ့တဲ့ အကြွေး... ဒီနေ့ လာပြန်တောင်းတာကွ "
"ဟင်"
ဝမ်ထျန်းမင် မျက်လုံး ပြူးသွားသည်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က ကိစ္စကို သူ မေ့တောင်မေ့နေသည်။ အိမ်ပေါက်ဝက နွားနက်ကြီးကို လှမ်းကြည့်လိုက်မှ တစုံတရာကို ရိပ်မိသွားသည်။
"မွန်း "
ထိုစဉ် ခွေးဝါကြီးတစ်ကောင် ဝမ်မိသားစုအိမ်ဘေးမှ ဖြတ်သွားသည်။ နွားနက်ကြီး ဒေါသတကြီး ဝင်ခွေ့လိုက်ရာ ခွေးဝါကြီး လွင့်ထွက်သွားပြီး အော်ဟစ်ကာ ထွက်ပြေးသွားသည်။ ချန်ရွှင်က ဝမ်မိသားစုကို လွှတ်မပေးပေ။ ကြက်ဥအနှစ်များကို မွှေနှောက်ထားခဲ့ပြီး မြေကြီးထဲက တီကောင်များကိုပင် ပုဆိန်နဲ့ ၈ ပိုင်းလောက် ပြတ်အောင် ခုတ်ပစ်ခဲ့သည်။
ဝမ်ထျန်းမင်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ငိုယိုအော်ဟစ်ကာ ကယ်ပါဟု အော်နေသည်။
"အဖေ ဘယ်က ကောင်တွေလဲ…..မိုက်ရိုင်းလှချည်လား ဝမ်မိသားစုအိမ်ထဲထိ ဝင်ပြီး သောင်းကျန်းရဲတယ်ပေါ့ "
...
အပြင်ဘက်မှ အော်ဟစ်သံများ ကြားလိုက်ရပြီး လူရွယ်များစွာ ပေါက်ပြား၊ ဓားမများကို ကိုင်ဆောင်လျက် ပြေးဝင်လာကြသည်။
"နွားကြီး... ပြေးမယ် "
ချန်ရွှင် အော်လိုက်ပြီး နွားနက်ကြီးနှင့်အတူ ခြံစည်းရိုးကို ကျော်ကာ ထွက်ပြေးကြသည်။ ချန်ရွှင်က နွားကြီး၏ ဖင်ကိုပါ ကူတွန်းပေးလိုက်သေးသည်။
"သူခိုး... မပြေးနဲ့ " "သတ္တိရှိရင် ရပ်လိုက်စမ်း တစ်ယောက်ချင်း ချမယ် " "ငါတို့လက်ထဲ မိလို့ကတော့ အသေပဲ "
...
ရွာသား ရာပေါင်းများစွာသည် လက်နက်များကိုယ်စီဖြင့် ဖုန်တလုံးလုံးထကာ လိုက်လံ ဖမ်းဆီးကြသည်။
"ဟား ဟား ဟား... မီအောင် လိုက်လေကွာ"
ချန်ရွှင်က နောက်လှည့်ကြည့်ပြီး အားရပါးရ ရယ်မောလိုက်သည်။ နွားနက်ကြီးနှင့်အတူ ဒုန်းစိုင်းပြေးရင်း နောက်မှ ဖုန်လုံးကြီးကို ကြည့်ကာ သူလှောင်လိုက်၏။ "ဒီလောက်ပဲလား"
ရွာသားများ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ကာ လုံးနေအောင် လိုက်ကြသည်။ သို့သော် မည်သို့မျှ မမီတော့ပေ။ သူတို့မျက်စိရှေ့မှာတင် တဖြည်းဖြည်း ဝေးကွာသွားသည်။
အဆိုးဆုံးကတော့ နွားတစ်ကောင်မှာ လူများထက် ပိုမြန်နေခြင်းပင်။
ဘူ ဘူ
ရက်ပေါင်းများစွာ အောင့်ထားသကဲ့သို့ ပြင်းထန်လှသော အီးသံကြီး ထွက်ပေါ်လာပြီး ပုပ်ဟောင်ဟောင်အနံ့သည် လှိုင်ခနဲ ထွက်လာသည်။ အသက်ရှူကျပ်မတတ် နံစော်လွန်းသဖြင့် ချန်ရွှင်ပင် မျက်နှာကြီးပြာသွားသလိုခံစားလိုက်သည်။
"အားးး နံလိုက်တာ " "ထဝီ "
အော့….
နောက်က လိုက်လာသော ရွာသားများ ခွေခနဲဖြစ်ကုန်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ပျို့အန်ကုန်ကြသည်။ ဤမျှပုပ်ဟောင်သော အီးမျိုး သူတို့သည်တစ်ခါသာရူဖူးသေးသည်။ ဝမ်ထျန်းမင် နောက်မှ ရောက်လာပြီး ဒေါသထွက်လွန်း၍ ဆွေ့ဆွေ့ခုန်နေသည်။ နောက်ထပ် အသက် ၂၀ လောက်သာ ငယ်လိုက်လျှင် သည်သကောင့်သားကို စိစိညက်ညက်ချေပစ်မိပေမည်။
"ဦးလေးဝမ် ဦးလေးတို့ ဘိုးဘေးတွေရဲ့အုတ်ဂူ ဖောက်ခံရပြီး အခေါင်းပွင့်နေတယ် "
"ဟေ"
"ဦးလေးဝမ် ခင်ဗျားတို့ လယ်ကွက်ကို သွားကြည့်ပါဦး... ဝက်တွေ ဝင်မွှေထားသလို ဖြစ်နေပြီ"
"ဟင်"
ဝမ်ထျန်းမင် တစ်ယောက် ကြားလိုက်ရသော သတင်းများကြောင့် ခေါင်းများ မူးဝေလာပြီး နေရာတွင်ပင် ဖုန်းခနဲလဲကျ သတိလစ်သွားတော့သည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်ကတော့ အဝေးသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူတို့၏ ကျောပြင်များကို မမြင်ရတော့သော်လည်း ထိုရွာလေးတွင်တော့ ကြေက်မက်ဖွယ်ကောင်းသော ဓားပြကြီးများအကြောင်းကတော့ဖြင့် ပုံပြင်တစ်ပုဒ်သဖွယ်ကျန်ရစ်ခဲ့လေတော့သည်။