← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅)

လဝက်ခန့် ကြာမြင့်သွားပြီးနောက်...

တောင်တန်းကြီးများသည် တောနက်ကြီးအတွင်း၌ ထိုးထိုးထောင်ထောင်ဖြင့် အထပ်ထပ်ကာဆီးလျက် ရှိနေကြပြီး သစ်တောကြီးမှာလည်း အဆုံးအစမထင်နိုင်အောင် ကျယ်ပြောလှပေသည်။ တောနက်အတွင်းမှ သားရဲတိရစ္ဆာန်တို့၏ ဟိန်းဟောက်သံများပင် ရံဖန်ရံခါ ထွက်ပေါ်နေတတ်သည်။

ရွှပ်

တောင်ဖြိုပုဆိန်၏ ခုတ်ချက်အောက်၌ ဝက်ဝံညိုတစ်ကောင်သည် သွေးများပန်းထွက်ကာ နေရာတွင်ပင် အသက်ပျောက်ဆုံးသွားသည်။ မီးတောက်ကြီးများ တဟုန်းဟုန်းတောက်လောင်လာပြီးနောက် ဒယ်အိုးကြီးတစ်ခုကို တည်လိုက်ကြသည်။ ရေနွေးဆူသည်နှင့်တပြိုင်နက် စားသောက်ပွဲကြီးကို ချက်ချင်းပင် ကျင်းပလေတော့သည်။

"နွားကြီး... ငါ့ရဲ့ ပြိုင်ဘက်ကင်း ပုဆိန်ကွက်က ဘယ်လိုလဲ"

ချန်ရွှင်သည် လက်ထဲမှ ပုဆိန်ကို လှုပ်ယမ်းပြရင်း မေးမြန်းလိုက်သည်။

"မွန်း..."

နွားနက်ကြီးသည် အော်မြည်လိုက်လေသည်။ ၎င်းသည် ခြေထောက်ဖြင့် မြေကြီးများကိုယက်ကာ သွေးကွက်များကို ဖုံးအုပ်နေခြင်းဖြစ်သည်။ အပြင်မှာ ဘေးကင်းရေးသည် ပထမ မဟုတ်ပါလား။

"တော်တော်ကြောက်စရာကောင်းတဲ့အားပါလား"

ချန်ရွှင်သည် လက်သီးကို ဆုပ်ကိုင်ကြည့်ရှုရင်း ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။ ဝက်ဝံညိုနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ လက်သီးတစ်ချက်တည်းဖြင့် နံရိုးများကျိုးကြေကာ သတိလစ်သွားစေခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဒယ်အိုးဘေးတွင် ထိုင်လျက် အားရပါးရ စားသောက်ကြလေသည်။ တောကောင်သားသည် အမှန်တကယ်ပင် အရသာရှိလှပေ၏။ ဝါးရသည်မှာ စီးပိုင်နေသည်။

"နွားကြီး... ငါတို့မှာ လူသားထက် သာလွန်တဲ့ အင်အား ရှိတယ်ဆိုပေမယ့် မင်းလည်း မြင်တဲ့အတိုင်းပဲ ကြောက်စရာကောင်းတဲ့... ကျင့်ကြံသူတွေကလည်းအများကြီးပဲလေ"

ချန်ရွှင်သည် ဝက်ဝံလက်ဖဝါးကို ကိုက်ဝါးရင်း ပြောဆိုလိုက်သည်။

"ဘာကိစ္စပဲကြုံကြုံ စိတ်လိုက်မာန်ပါ မလုပ်နဲ့….သာမန်ရိုးကျလို့ ထင်ရတဲ့ လူတွေက နှစ်ပေါင်းများစွာ နေလာတဲ့ ကောင်တွေ ဖြစ်နေနိုင်တယ်"

"မွန်း..."

နွားနက်ကြီးက ပြန်လည်ထူးလိုက်သည်။ သူ နားလည်ကြောင်း ပြသရင်း အရသာခံကာ စားသောက်နေလေသည်။

"ငါတို့ တောထဲမှာ ကြက်တစ်ကောင် သတ်စားရင်တောင် လက်စလက်နတွေဖျောက်ဖို့ လိုတယ်….သူများတွေ သဲလွန်စမတွေ့အောင် လုပ်ရမယ်"

"မွန်း "

"ဘာလို့လဲဆိုတော့ အဲဒီကြက်နောက်မှာ ကြက်အုပ်စုကြီး ရှိနေနိုင်တယ်…. အဲဒီအခါကျရင် အနံ့ခံပြီး ငါတို့ကို လိုက် တော့မှာ"

"မွန်း "

နွားနက်ကြီး နားမလည်နိုင် ဖြစ်သွားသည်။ ပါးစပ်ထဲမှ အသားတုံး တစ်တုံး ပြုတ်ကျသွားရာ အလျင်အမြန် ပြန်ကောက်လိုက်သည်။

"ကြက်အုပ်စု လိုက်လာတော့ရော ဘာဖြစ်လဲ၊ သတ်လိုက်ရုံပဲ မဟုတ်ဘူးလားလို့ မင်း တွေးနေတာမလား"

ချန်ရွှင်သည် ပါးစပ်ကိုသပ်လိုက်၏။ ပါးစပ်တွင် ဆီများပေကျံနေလျက်ပင် ရှိသေး၏။

"မွန်း..." နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။

"အဲဒီ ကြက်အုပ်စုကို မွေးထားတာက ကျင့်ကြံသူတွေ ဖြစ်နေရင်ရော "

ချန်ရွှင်သည် လျို့ဝှက် လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါဆို ငါတို့ကို လာပြီး ပြဿနာ ကြတော့မှာပေါ့"

"မွန်း "

"အဲဒီ ကျင့်ကြံသူတွေကို ငါတို့ နိုင်သွားပြန်ရင်ရော... သူတို့ရဲ့ သခင်တွေက ငါတို့ကို လာပြီး ပြဿနာ ကြတော့မှာ မဟုတ်ဘူးလား"

"မွန်း... မွန်း..."

နွားနက်ကြီး အံ့အားသင့်သွားသည်။ ဒါလည်း ဟုတ်သည်ဟု တွေးတောမိလိုက်သည်။

"နောက်ဆုံးကျရင် ကြက်တစ်ကောင်ကြောင့် ဂိုဏ်းတွေအချင်းချင်း တိုက်ခိုက်တဲ့အထိ ဖြစ်သွားနိုင်တယ် အဲဒီအခါကျရင် ငါတို့က ဘယ်နှစ်ယောက်ကို နိုင်အောင် တိုက်နိုင်မှာလဲ"

ချန်ရွှင်သည် မျက်ခုံးပင့်လိုက်ပြီး ဝက်ဝံသားကို ဆွဲဖဲ့လိုက်သည်။

"ငါတို့ မတော်တဆ အသတ်ခံလိုက်ရရင် နွားပျိုမလေးတွေ ဘယ်လောက်တောင် နစ်နာလိုက်မလဲ"

"မွန်း..."

နွားနက်ကြီး သဘောပေါက်သွားသည်။ ကြေးခေါင်းလောင်းကဲ့သို့ မျက်လုံးကြီးများဖြင့် ချန်ရွှင်ကို ကြည်ညိုလေးစားစွာ ကြည့်ရှုနေတော့သည်။ သူ့ရင်ထဲတွင် လေးစားမှုများသည် မြစ်ရေများကဲ့သို့ တသွင်သွင်စီးဆင်းနေသည်။

"သင်ပေးရကျိုး နပ်ပါပေတယ်"

ချန်ရွှင်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ နွားနက်ကြီး၏ ယခုလို မျက်နှာပေးမျိုးကို သူ သဘောကျလှသည်။

"ဒါကြောင့် နောက်နောင် ကိစ္စတစ်ခုခု လုပ်မယ်ဆိုရင် သတိထားရမယ် နည်းနည်းလေးမှ ပေါ့လို့မရဘူး"

"မွန်း..." နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။

"ကဲ... မေးခွန်းထုတ်မယ်" ချန်ရွှင်၏ မျက်နှာထားသည် တည်ကြည်လေးနက်သွား၏။

"နွားပျိုမလေးတစ်ကောင်နဲ့ ကျင့်ကြံသူတစ်ယောက် ဆေးပင်တစ်ပင်ကို လုနေကြတယ် ဆိုပါစို့ တိုက်ပွဲက ဖြစ်တော့မယ့် အခြေအနေ မင်း ဘယ်လို လုပ်မလဲ"

"အဖြေ (၁) - သူရဲကောင်းကြီး လုပ်ပြီး ဝင်ကယ်မယ် ငါမကယ်ရင် ဘယ်သူကယ်မလဲပေါ့" "အဖြေ (၂) - ပိုအားကြီးတဲ့ဘက်မှာ ဝင်ရပ်ပြီး အားနည်းသူကို အနိုင်ကျင့်မယ် ကိုယ်လွတ်ရုံးမယ်" "အဖြေ (၃) - ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး တိတ်တဆိတ် ဖြတ်သွားမယ်" "အဖြေ (၄) - ဆေးပင်ကိုငါပဲယူမယ် အားလုံးကိုသတ်ပစ်မယ်"

"ဖြေကြည့်စမ်း"

ချန်ရွှင်က လေးနက်သောအကြည့်များဖြင့် နွားနက်ကြီးကို စိုက်ကြည့်နေသည်။ နွားကြီးခမျာ ချွေးစေးများ ပြန်လာသည်။ ခက်ခဲလိုက်သည့် မေးခွန်းပင်။

နွားနက်ကြီး၏ မျက်လုံးများတွင် ဝေခွဲမရ ဖြစ်နေသည်။ နွားပျိုမလေးတစ်ကောင် ရန်သူ့လက်ထဲ ကျရောက်နေသည်ကို ဤအတိုင်း ကြည့်နေရမည်လော။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက် ချလိုက်သည်။

"မွန်း..." (အဖြေ ၁)

"အဖြေ (၁) လား... မှားတယ် "

ချန်ရွှင်သည် အေးစက်စွာ ရယ်မောလိုက်လေသည်။

"နွားပျိုမလေးတစ်ကောင်က ကျင့်ကြံသူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မလဲ မင်းသာ ပြေးဝင်သွားရင် အမဲသားဖြစ်သွားမှာပေါ့"

"မွန်း... မွန်း..." (အဖြေ ၂)

"အဖြေ (၂) ကို ရွေးပြန်ပြီလား... လုံးဝမှားတယ်"

ချန်ရွှင် မျက်လုံးများ မှေးစင်းသွားသည်။

"ဆေးပင်လုနေတာကို မင်း သိသွားပြီ သိတဲ့လူ များလေ အန္တရာယ်များလေပဲ ကျင့်ကြံသူက ရန်သူကို ရှင်းပြီးတာနဲ့ မင်းကိုပါ အရှင်ထားမှာ မဟုတ်ဘူး"

နွားနက်ကြီး၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး ချွေးများ ရွှဲနစ်လာသည်။ သူ နှစ်ခါ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"မွန်း... မွန်း... မွန်း..." (အဖြေ ၃)

"ဟား ဟား ဟား... (၃) ကို ရွေးတာလား ပိုတောင် မှားသေးတယ်"

ချန်ရွှင်သည် အရူးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်ပြီးနောက် မျက်လုံးများ အေးစက်သွားလေသည်။

"ဒီလောကမှာ ဥပဒေဆိုတာ မရှိဘူး အင်အားမရှိရင် မင်းကို သူတို့တွေ့မတွေ့ ဆိုတာ မင်း ဘယ်တော့မှ မသေချာနိုင်ဘူး သူတို့က မင်းကိုပါ တစ်ခါတည်း သတ်ပစ်လိမ့်မယ်"

နွားနက်ကြီး ခြေလက်များ ပျော့ခွေသွားပြီး တုန်ရီလာသည်။ နှာမှုတ်သံကြီး ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။

"မွန်း... မွန်း... မွန်း... မွန်း..." (အဖြေ ၄)

"မထင်မှတ်ထားဘူးကွာ... မင်းက အဖြေ (၄) ကို ရွေးလိမ့်မယ်လို့"

ချန်ရွှင်သည် ဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်သည်။ အရိပ်မည်းကြီးတစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွားသဖြင့် နွားနက်ကြီးမှာ မိမိကိုယ်မိမိ အလွန် သေးငယ်သွားသကဲ့သို့ ခံစားလိုက်သည်။ ကြောက်လန့်လွန်း၍ ခွေကျသွားရသည်။ သူ ထပ်မံသေဆုံးပြန်ပြီလော...

"ဂုဏ်ယူပါတယ်..."

"မွန်း "

နွားနက်ကြီး ရုတ်တရက် အားအင်များပြန်ပြည့်လာသကဲ့သို့ ခံစားလိုက်ရပြီး ခြေထောက်လေးချောင်း ပြန်လည်ထောင်မတ်လာသည်။ မျက်လုံးထဲတွင် မျှော်လင့်ချက်မီးလျှံများ တောက်လောင်လာသည်။ ငါ နောက်ဆုံးတော့ မှန်ကန်သွားပြီလား။ ငါ ပြန်ရှင်လာပြီလား။

ချန်ရွှင်၏ မျက်လုံးများ ပြူးကျယ်လာပြီး နွားနက်ကြီးကို ငုံ့ကြည့်ကာ အသံနက်ကြီးဖြင့် ရယ်မောလိုက်လေသည်။

"မင်း အဆိုးရွားဆုံး သေနည်းကို ရွေးလိုက်တာပဲ နွားကြီးရေ…."

"မွန်း... "

နွားနက်ကြီး မျက်လုံးများ ပြာဝေသွားပြီး ဘုန်း ခနဲ မြေပြင်ပေါ် လဲကျသွားသည်။ ငါ အကုန်မှားယွင်းနေတာလား...

ခဏကြာသော် နွားနက်ကြီး စဉ်းစားမိသည်။ တစ်ခုခုတော့ လွဲချော်နေပြီ။ မည်သို့ဖြစ်၍ အဖြေအားလုံး မှားယွင်းနေရသနည်း။ သူ စဉ်းစားလေ သံသယ ဝင်လေ ဖြစ်လာသည်။ ဝက်ဝံလက်ဖဝါးကို ကိုက်ဝါးနေသော ချန်ရွှင်ကို ကြည့်ရှုပြီးနောက် သဘောပေါက်သွားလေသည်။ နှပ်ချခံရခြင်းဖြစ်သည်။

"မွန်း "

"အားးး..."

ချန်ရွှင် လေပေါ်သို့ ဖုန်းခနဲမြောက်တက်သွား၏။ လက်ထဲတွင်တော့ ဝက်ဝံလက်ဖဝါးကို မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။ လေ၏ အရသာကို ခံစားလိုက်ရပြီး... အဝေးတစ်နေရာတွင် လူတစ်စု တိုက်ခိုက်နေကြသည်ကို လှမ်းမြင်လိုက်ရလေသည်။

သူ၏ မျက်လုံးများ စူးရှသွားပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာကြောင်ကျ ပြန်ကျလာသည်။ မြေပြင်တွင် တွင်းကြီးနှစ်တွင်း ဖြစ်ပေါ်သွား၏။ နွားနက်ကြီးမှာမူ ဝက်ဝံသားများကို အငမ်းမရ စားသောက်နေပြီး ဟင်းရည်ကိုပါ တရူးရူး သောက်နေသည်။

"နွားကြီး... မြန်မြန်သိမ်း အဝေးမှာ လူတွေ ချနေကြတယ်"

ချန်ရွှင်သည် လေးနက်စွာပြောလိုက်ပြီး နွားကြီးကို ပုတ်လိုက်သည်။

"မွန်း "

နွားနက်ကြီး ပြန်ထူးလိုက်သည်။ ချန်ရွှင် ယခုလိုမျက်နှာထားမျိုး ဖြစ်လာပြီဆိုလျှင် နောက်ပြောင်နေခြင်း မဟုတ်တော့ကြောင်း သူသိသည်။ သူတို့သည် အသားများကို ထုပ်ပိုး၊ တွင်းတူး၊ မြေဖို့ပြီး သဲလွန်စများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖျောက်ဖျက်လိုက်ကြလေသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲပြီး ရွာသားလေးတစ်ယောက်အသွင် ဟန်ဆောင်ကာ ဆန့်ကျင်ဘက် အရပ်သို့ တိတ်တဆိတ် ထွက်ခွာသွားလေသည်။ စကားတစ်ခွန်းမျှ မဆိုတော့ပေ။ ကောင်းကင်ထက်မှ စီးမိုးကြည့်လျှင် သစ်ပင်များကြားမှ လူသုံးယောက် ဖြတ်သန်းသွားသံများကို ကြားရမည် ဖြစ်ပြီး၊ သစ်ပင်အောက်တွင်မူ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဘာမျှမသိနားမလည်သော ပုံစံဖြင့် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြသည်။

ရုတ်တရက် လူရိပ်တစ်ခု ရပ်တန့်သွားသည်။ အနက်ရောင်ဆံပင်များ နောက်သို့ လွင့်ပျံနေပြီး လူငယ်လေးကို မျက်လုံးမှေးကာ ကြည့်ရှုလိုက်သည်။

"နေပါဦး"

သစ်ပင်ပေါ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်ရွှင်တစ်ကိုယ်လုံး တောင့်တင်းသွား၏။ နွားနက်ကြီး၏ အသက်ရှူသံများ တဖြည်းဖြည်း တိုးသွားပြီး ခွာများကို အသင့်ပြင်ထားလိုက်သည်။

အမျိုးသားတစ်ဦး သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ချန်ရွှင်ကို အပေါ်အောက် ဝေ့ကြည့်ကာ မေးမြန်းလေသည်။

"ရှေ့မှာ ဘာဖြစ်နေလဲ မြင်လိုက်လား"

ချန်ရွှင် လန့်ဖျပ်သွားပြီး ချွေးစေးများ ပြန်လာသည်။ လက်ကို ယှက်ကာ အရိုအသေပြုလိုက်သည်။

"မင်္ဂလာပါ အရှင်... ဘာကိစ္စများလဲခင်ဗျာ..."

ဤလူသည် ကျင့်ကြံသူလော၊ သိုင်းသမားလော သူ မခွဲခြားတတ်ပေ။ အနီးအနားမှာ လူမည်မျှ ရှိနေသနည်း ဆိုသည်ကိုလည်း မသိရှိရ။ ကြောက်ရွံ့ချင်ယောင်ဆောင်ခြင်းက အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ထိုအမျိုးသားက ချန်ရွှင်၏ လက်ကို ကြည့်လိုက်သည်။ တောင့်တင်းခြင်း မရှိချေ။ ကျင့်ကြံသူ မဟုတ်သည်မှာ သေချာသည်။ သူက ပြောလိုက်သည်။

"ကောင်းပြီ နွားကို ထားခဲ့လိုက်"

ဤနွားနက်ကြီးသည် ကြံ့ခိုင်သန်စွမ်းသဖြင့် ကျင့်ကြံသူများအတွက် အားဆေးတစ်မျိုး ဖြစ်ပေသည်။

"အရှင်... ကျွန်တော့်အိမ်မှာ နွားက တစ်ကောင်တည်း ရှိတာပါ အရှင်ကြည့်ရတာ ကျင့်ကြံသူ ဖြစ်ပုံရပါတယ်... ကျနော့်နွားလေးကိုတော့ ချမ်းသာပေးပါဗျာ”

ချန်ရွှင်၏ မျက်နှာ ပျက်ယွင်းသွားသည်။ လက်များကတဆတ်ဆတ် တုန်ရီနေသည်။ သရုပ်ဆောင် ပီပြင်လွန်းလှပေ၏။

ချလွင်

ထိုအမျိုးသားက ဓားကို ဆွဲထုတ်လိုက်သည်။ မျက်လုံးများ စူးရှနေပြီး အေးစက်စွာ ရယ်မောလိုက်သည်။

"ငါတို့လို ပိုင်ရွှမ်ဂိုဏ်း က ဒီလောက်ထိ စကားအများကြီး မပြောချင်ဘူး"

"ဟူး... ကောင်းပါပြီလေ"

ချန်ရွှင် နဖားကြိုးကို ချလိုက်သည်။ စိတ်ဓာတ်ကျသွားသော ပုံစံဖြင့် နွားနက်ကြီးကို ကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ ကျင့်ကြံသူ မဟုတ်ဘူးပဲ ဟု တွေးတောလိုက်မိသည်။ ထိုအမျိုးသားက ကြိုးကို လှမ်းယူရင်း ရုတ်တရက် ပြုံးလိုက်သည်။

"တကယ်တော့ မင်း မြင်လိုက်တယ် မဟုတ်လား ဒီနေရာက နွားကျောင်းစရာ နေရာမှ မဟုတ်တာ"

"သံသယဖြစ်စရာ ကောင်းနေမှတော့... မင်း ကံဆိုးတာပဲလို့ မှတ်လိုက်တော့"

အမျိုးသားက နွားနက်ကြီးကို ကျောပေးပြီး ချန်ရွှင်ကို ပြောဆိုလိုက်သည်။ အားလုံးကို သူ ရိပ်မိပြီးသားပင် ဖြစ်သည်။ ဤကောင်လေးသည် သူလျှို ဖြစ်ဖို့များပေသည်။

အခန်း (၆)

သူ့မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ဖြတ်သန်းသွားပြီး လက်ကို မြှောက်လိုက်သည်။

အုန်း

ထိုအချိန်မှာပင် နွားနက်ကြီး ရုတ်တရက် ပတပ်ရပ်ကာ နောက်ခြေနှစ်ချောင်းဖြင့် ထိုလူ၏ ကျောကုန်းကို အားကုန် ဆောင့်ကန်လိုက်လေသည်။ ဧရာမ ကျောက်တုံးကြီး ဝင်တိုက်လိုက်သကဲ့သို့ အရိုးကျိုးသံများ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားသည်။ ထိုအမျိုးသား မျက်လုံးပြူးသွားပြီး ပါးစပ်မှ သွေးများ ဝေါ့ခနဲအန်ချလိုက်သည်။ မျက်လုံးများပြာကာ ခန္ဓာကိုယ်က ရှေ့သို့ ငိုက်ဆင်းသွား သည်။

ချန်ရွှင်၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။ သို့သော် သူ၏ စိတ်ကမူ အလွန်အမင်း တည်ငြိမ်နေသည်။ ခါးကြားမှ တောင်ဖြိုပုဆိန်ကို ဆွဲထုတ်ပြီး ထိုလူ၏ လည်ပင်းကို အားကုန် ခုတ်ချလိုက်လေသည်။ အားကို ထိန်းပြီး ခုတ်လိုက်သော်လည်း အရိုးထိအောင် ပုဆိန်သွားက နစ်ဝင်သွားပြီး ပုဆိန်က အရိုးကြားတွင် ညပ်သွားသည်။ ချန်ရွှင်၏ မျက်နှာတစ်ခုလုံး သွေးများ ပေကျံသွားပြီး အသက်ကို ပြင်းပြင်းရှူနေသည်။

"နွားကြီး... အလုပ်စမယ်"

ချန်ရွှင်၏ မျက်ဝန်းများ တုန်ရီနေသည်။ မီးခတ်ကျောက်ကို ထုတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် သစ်ကိုင်းခြောက်များ ပေါများလှသည်။ နွားနက်ကြီးလည်း အချိန်ဆွဲမနေရဲဘဲ ဘေးနားတွင် ကျင်းတူးလိုက်သည်။ မီးတောက်ကြီးများ ဟုန်းခနဲ တောက်လောင်လာပြီး အလောင်းကို မီးသင်္ဂြိုဟ်လိုက်ကြသည်။ အရိုးပြာများကို လေထဲသို့ ပစ်လွှင့်လိုက်သည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် သဲလွန်စအားလုံးကို အမြန်ဆုံး ဖျောက်ဖျက်လိုက်ကြသည်။ အခင်းဖြစ်ပွားရာ နေရာကိုလည်း ဘာမျှမဖြစ်ခဲ့သလို ပြန်လည်ပြင်ဆင်ထားလိုက်သည်။ ထိုလူ့ထံမှ ပစ္စည်းတစ်ခုမျှ မယူရဲပေ။

ထို့နောက် သူတို့သည် စတင် ပြေးလွှားကြတော့သည်။ ချန်ရွှင် ကျိန်ပြောရဲသည်။ မွေးကတည်းက ဤမျှ လျင်မြန်စွာ တစ်ခါမျှ မပြေးလွှားဖူးပေ။ နွားနက်ကြီးက သူ့ထက်ပင် မြန်ဆန်နေသေးသည်။ နှစ်နာရီခန့် ကြာသောအခါ လူအချို့ အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြပြီး မျက်မှောင်ကြုတ်နေကြသည်။

"ဂိုဏ်းချုပ်... လျူထျန် က ဒီနေရာမှာ ရပ်နေခဲ့တာပ‌ေ"

"ဘာဖြစ်လို့လဲ"

"ကောင်လေးတစ်ယောက် နွားနက်ကြီးတစ်ကောင် ဆွဲပြီး လာတာတွေ့လို့၊ ဂိုဏ်းဝင်သစ်လေးတွေ အားရှိအောင် အဲဒီနွားကို ဝယ်ဖို့ ရပ်လိုက်တာ ဖြစ်ပါလိမ့်မယ်"

ဂိုဏ်းချုပ်ဆိုသူက သစ်ကိုင်းပေါ်တွင် လက်နောက်ပစ် ရပ်နေပြီး မြေပြင်အခြေအနေကို လေ့လာနေသည်။

"မီးရှို့ထားတဲ့ အရာတွေ ရှိတယ် ခြေရာတွေက ရှုပ်ပွနေပြီး ဘယ်ဘက်သွားမှန်း မသိဘူး"

"ဂိုဏ်းချုပ်... လျူထျန် အသတ်ခံလိုက်ရတာများလား..."

ထိုလူ ထိတ်လန့်သွားသည်။ လျူထျန်ဆိုသည်မှာ ပိုင်ရွှမ်ဂိုဏ်း ၏ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့လျှင်တောင် ဘာသံမျှမကြားရဘဲ ဖြစ်သွားစရာ အကြောင်းမရှိပေ။

"လုပ်သွားတဲ့သူက တော်တော် စေ့စပ်သေချာတယ် သဲလွန်စ သိပ်မကျန်ခဲ့ဘူး အဲဒီကောင်လေးက အဓိကပဲ"

ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

"သူ့ပုံပန်းသဏ္ဌာန်ကို မှတ်မိလိုက်လား"

"ဂိုဏ်းချုပ်ကို လျှောက်တင်ပါတယ်... မမှတ်မိပါဘူး"

ထိုလူက ခေါင်းငုံ့ကာ ပြောလိုက်သည်။ တာဝန်ထမ်းဆောင်နေချိန် နွားကျောင်းသားလေး တစ်ယောက်၏ မျက်နှာကို မည်သူက လိုက်လံမှတ်သားထားမည်နည်း။

"အသုံးမကျတဲ့ကောင်"

"စိတ်လျော့ပါ ဂိုဏ်းချုပ်"

ဘေးမှ လူများ ခေါင်းငုံ့နေကြသည်။ လျူထျန် သေဆုံးမှုက အမှန်တကယ် ထူးဆန်းလွန်းနေသည်။

"သွားကြစို့ ဒီနေရာမှာ ဘာသဲလွန်စမှရမှာ မဟုတ်ဘူး သူ့မိသားစုကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်ပါ အလောင်းမတွေ့သေးသရွေ့ သူ သေပြီလို့ ပြောလို့မရသေးဘူး"

ဂိုဏ်းချုပ် သက်ပြင်းချလိုက်သည်။ မြေပြင်ပေါ်တွင် မီးရှို့ထားသည့် အရာများ ရှိသော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်း လူသတ်ပြီး အလောင်းဖျောက်သည့်ကိစ္စမျိုး လုပ်ဆောင်နိုင်မည် ဆိုသည်ကို သူ မယုံကြည်ပေ။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

သူတို့သည် လေဟုန်ကိုစီးကာ ငှက်များကဲ့သို့ သစ်ပင်များကြား ပျံသန်းသွားကြတော့သည်။

...

မြစ်ကမ်းနားတစ်နေရာတွင်...

ချန်ရွှင်သည် မြစ်ထဲတွင် ပက်လက်လှန်ကာ ကိုယ်ပေါ်မှ သွေးစများကို ဆေးကြောနေသည်။ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူငေးငိုင်နေမိသည်။ နွားနက်ကြီးလည်း ဘေးနားတွင် ရေဆော့ကစားနေပြီး ရုတ်တရက် ချန်ရွှင် မျက်နှာကို ရေဖြင့် ပက်လိုက်သည်။ ချန်ရွှင် လန့်ဖျပ်သွားပြီး သတိပြန်ဝင်လာသည်။

"နွားကြီး... ဒီတစ်ခါ မင်းလုပ်တာ မိုက်တယ် မှတ်ထား... လူတစ်ယောက်ကို လုပ်ကြံတော့မယ်ဆိုရင် ဘာစကားမှ အပိုမပြောနဲ့"

ချန်ရွှင်က အေးစက်စွာ ပြောဆိုလိုက်သည်။

"ငါတို့က ဘယ်သူ့ကိုမှ အရင်မစဘူး ဒါပေမယ့် ငါတို့ကို သတ်ချင်တဲ့သူ ရှိလာရင်တော့... အရိုးပါမကျန်အောင် ဖျောက်ဖျက်ပစ်မယ်"

"မွန်း... မွန်း..."

နွားနက်ကြီးက နှာမှုတ်သံ ပြင်းပြင်းတစ်ချက် ပြုလိုက်သည်။ ချန်ရွှင်ကို ထိရဲသည့်ကောင် မည်သည့်ကောင်မဆို သူသတ်ပစ်မည်။ သူတို့သည် မြစ်ကမ်းနားတွင် အဝတ်အစားများကို မီးရှို့ဖျက်ဆီးလိုက်ပြီး ချန်ရွှင်က အဝတ်အစားသစ် လဲလှယ်လိုက်သည်။ ထိုညကို မြစ်ကမ်းနားတွင် ကုန်ဆုံးလိုက်ကြသည်။

တစ်ညလုံး ဘာမျှမဖြစ်ဘဲ မိုးလင်းသွားသည်။ သူတို့ ရှေ့သို့ခရီးဆက်လာကြသည်။ မြို့ကြီးတစ်မြို့သို့ သွားကြမည်။ ထိုမြို့တွင် ကျင့်ကြံသူများ နေထိုင်ကြသဖြင့် တောထက်စာလျှင် ပိုပြီး လုံခြုံသည်ဟု ကြားသိရသောကြောင့်ပင် ဖြစ်သည်။

...

လဝက်ခန့် ကြာသောအခါ...

နှစ်ကုန်ချိန်သို့ ရောက်ရှိလာသည်။ နေဝင်ချိန် ဆည်းဆာရောင်က သွေးရောင်ကဲ့သို့ နီရဲနေ၏။ မိုးကုတ်စက်ဝိုင်း၏အလွန်တွင် လူငယ်တစ်ဦးနှင့် နွားနက်တစ်ကောင် ပေါ်လာသည်။ အဝေးတစ်နေရာတွင် ဧရာမ မြို့ကြီးတစ်မြို့သည် သားရဲကြီးတစ်ကောင် ဝပ်နေသကဲ့သို့ ခန့်ထည်စွာ တည်ရှိနေပေသည်။

ဖန်းနင်မြို့တော်…

နှစ်ပေါင်းများစွာ တည်ရှိခဲ့သော သမိုင်းဝင် မြို့ကြီးဖြစ်သည်။ မြို့တံခါးဝတွင် လူများ ဝင်ထွက်သွားလာနေကြပြီး စည်ကားသိုက်မြိုက်လှသည်။ မြို့ထဲတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသဖြင့် အလွန် စည်းစနစ်ကျသော မြို့ကြီးဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးပြီး နင်ယွင် တောင်တန်း ကို ကျောထောက်နောက်ခံ ပြုထားသည်။ မြို့သူမြို့သားများသည် တောင်ပေါ်တက်ကာ ဆေးပင်များ ဖွေပြီး ကျင့်ကြံသူများကို ရောင်းချလေ့ရှိကြသည်။ နင်ယွင် တောင်တန်းကြီးမှာ အဆုံးအစ မမြင်နိုင်အောင် ကြီးမားကျယ်ပြန့်သည်။ တောင်တန်းများကြားတွင် အင်မော်တယ်ဂိုဏ်း များ တည်ရှိပြီး တိမ်များကြားတွင် လျို့ဝှက်စွာနေထိုင်ကြသည်ဟု ဆိုကြသည်။

"ဟာ... ဒီလောက် ခမ်းနားထည်ဝါတဲ့ မြို့ရိုးကြီးမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"

ချန်ရွှင် အံ့သြတကြီး ရေရွတ်လိုက်သည်။ အနည်းငယ် ဟောင်းနွမ်းနေသည်ဖြစ်သော ဧရာမ မြို့ကြီးကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"နွားကြီးရေ... ငါတို့ရဲ့ ဘဝသစ် စတင်တော့မယ်ကွ"

"မွန်း "

နွားနက်ကြီး ခုန်ပေါက်မြူးထူးနေသည်။ သူလည်း ဤမြို့ကြီးကို ကြည့်ပြီး အံ့သြနေခြင်း ဖြစ်သည်။ ရွာက ခြံစည်းရိုးများနှင့် ယှဉ်လိုက်လျှင် မိုးနှင့်မြေလို ကွာခြားလွန်းလှသည်။

"ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာလောကကြီးမှာ... တောင်ရေမြေတောတွေကို လှည့်လည်ကြည့်ရှုမယ်၊ လောကစည်းစိမ်ကို ခံစားမယ် ဒါမှ ထာဝရအသက်ရှင်ရတဲ့ အရသာလေကွာ"

ချန်ရွှင်၏ မျက်လုံးများတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပနေသည်။

"နွားကြီး... ချမယ် "

"မွန်း "

လူတစ်ယောက်နှင့် နွားတစ်ကောင်သည် ဖုန်တလုံးလုံးထအောင် ပြေးလွှားသွားကြလေသည်။ ချန်ရွှင်က နဖားကြိုးကို ကိုင်ရင်း တဟားဟား ရယ်မောနေပြီး နွားနက်ကြီးကလည်း မွန်းခနဲ မွန်းခနဲ အော်မြည်နေသည်။ လမ်းဘေးမှ လူများက ခေါင်းခါရင်း ပြုံးလိုက်ကြသည်။ လူငယ်ဘ၀ကား လွတ်လပ်ပေါ့ပါးလွန်းပါ၏။

ဖန်းနင်မြို့တံခါးကြီးမှာ အလွန်ကြီးမားလှသည်။ မြင်းလှည်းများ၊ နွားအုပ် ဆိတ်အုပ်များနှင့် လူများ ဝင်ထွက်နေကြသော်လည်း ကျပ်သွားခြင်း မရှိပေ။ ချန်ရွှင်သည် မျက်လုံးအဝိုင်းသားဖြင့် ဟိုကြည့်ဒီကြည့် လုပ်နေသည်။ သူ့ကို ကြည့်မိသူတိုင်း ပြန်လည် ပြုံးပြကြသဖြင့် ရင်းနှီးနွေးထွေးမှုကို ခံစားရသည်။ မြို့တံခါးစောင့် စစ်သည်များကို ကြည့်ပြီး သူအံ့သြနေပြန်သည်။ ရှေးခေတ် စစ်သည်တော်များကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အမှန်တကယ်ပင် ခန့်ညားထည်ဝါပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။

စစ်သည်တော်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။ ကောင်လေးတစ်ယောက်က သူတို့ကို စိုက်ကြည့်နေပါလား။ သူ ရှေ့တိုးပြီး မေးရန် လုပ်စဉ်...

ထိုကောင်လေးက လက်မထောင်ပြပြီး အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ စစ်သည်တော် ခြေလှမ်းတန့်သွားပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ မြို့ထဲသို့ ဝင်လိုက်သည်နှင့် ရင်သပ်ရှုမောဖွယ် မြင်ကွင်းကြီး ပေါ်လာသည်။ ကြီးကျယ်ခမ်းနားသော ခေတ်သစ်ပန်းချီကား တစ်ချပ်ကဲ့သို့ပင်။ လမ်းမကြီးများမှာ အလွန်ကျယ်ဝန်းလှသည်။ လမ်းဘေးဈေးသည်များ၏ အော်ဟစ်ရောင်းချသံများ၊ မျက်လှည့်ပြပွဲများ၊ ဘေးမှ ဝိုင်းအော်အားပေးသံများ၊ ကြေးပြားပစ်ချသံများဖြင့် ဆူညံနေသည်။

လမ်းမပေါ်တွင် ပိုးထည်များ၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူများ သွားလာနေကြပြီး ရှေးခေတ် အငွေ့အသက်များ လွှမ်းခြုံနေ၏။ မော့ကြည့်လိုက်လျှင် လှပသော အဆောက်အအုံများ၊ မီးပုံးများ ချိတ်ဆွဲထားသည်ကို တွေ့သည်။ စာဆိုတော်များနှင့် အလှပဂေးကလေးများက လသာဆောင်ပေါ်တွင် ကဗျာရွတ်ဆိုနေကြသည်။ ပန်းခင်းထဲတွင် လမ်းပျောက်နေသကဲ့သို့ ချန်ရွှင်နှင့် နွားနက်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြ သည်။

"ကောင်းတယ်ဟေ့ "

"မွန်း "

ချန်ရွှင်နှင့် နွားနက်ကြီးတို့ မျက်လှည့်ဝိုင်း ဘေးတွင် ရပ်ကြည့်ရင်း အားပေးနေကြသည်။ ရုတ်တရက် ချန်ရွှင် တွေဝေသွားသည်။ သူတစ်ပါး ဖျော်ဖြေမှုကို အလကားနင်းဖြဲ အားပေးရသည်ကတော့ မကောင်းပေ။ သူ ခါးကြားကို နှိုက်ပြီး ကြေးပြားတစ်ပြားကို ကြေးဖလားထဲသို့ ပစ်ထည့်လိုက်သည်။ မျက်လှည့်ဆရာက အသံကြားသည်နှင့် ချန်ရွှင်ဘက်သို့ လှည့်ကာ မီးမှုတ်ပြလိုက်ရာ အလွန်ကြည့်ကောင်းသွားလေသည်။

"ရှယ်ပဲ "

ချန်ရွှင် ပျော်ရွှင်စွာ ရယ်မောပြီး လက်ခုပ်တီးလိုက်သည်။ နွားနက်ကြီးကတော့ လန့်သွားသည်။ ဤလူက ကျင့်ကြံသူများလား။ သူတို့ကို ဖျော်ဖြေပြနေတာလား။ မြို့ကြီးက တကယ် မိုက်တာပဲ။

ခဏကြာတော့ သူတို့ လူအုပ်ထဲမှ ထွက်လာပြီး တောဆီးသီးယို တုတ်ထိုး နှစ်ချောင်း ဝယ်စားကြသည်။ ချန်ရွှင် တစ်ကိုက်၊ နွားကြီး တစ်ကိုက် စားနေကြသည်ကို လမ်းသွားလမ်းလာ အမျိုးသမီးလေးများက သဘောကျစွာ ရယ်မော ကြည့်ရှုနေကြသည်။

"လက်ရာတွေက သေသပ်လိုက်တာကွာ"

ချန်ရွှင် မျက်စိပွင့်သွားသည်။ လမ်းဘေးဆိုင်လေးများကို လိုက်ကြည့်ရင်း ပြောလိုက်မိသည်။

"ညီလေး... ကြိုက်တာရှိရင် ကြည့်လေ" ဈေးသည်က ဖော်ရွေစွာ နှုတ်ဆက်သည်။

"ကျွန်တော် ကြည့်ရုံပဲ ကြည့်တာပါဗျာ နောက်ကျ ပိုက်ဆံရှိမှ လာဝယ်ပါ့မယ်"

ချန်ရွှင် အားနာပါးနာ ပြုံးပြလိုက်သည် သူ ပြောသည်မှာ အမှန်တကယ်ပင်။

"ရပါတယ်ကွာ ဒီမှာ ထွင်းရင်း ပျက်သွားတဲ့ သစ်သားရုပ်လေး တစ်ရုပ် ရှိတယ် မင်း ကြိုက်ရင် ယူသွားလိုက်"

ဈေးသည်က ကျားရုပ်တစ်ခုကို ထုတ်ပေးသည်။ သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိသော်လည်း အမြီးပိုင်းတွင် အနည်းငယ် ပျက်စီးနေသည်။

"ဦးလေး... ကျွန်တော် ဆန်နည်းနည်းနဲ့ လဲပေးမယ်လေ ဒီအရုပ်လေးကို တကယ် ကြိုက်လို့ပါ"

"ပြီးတာပဲ"

ဈေးသည်က အရုပ်ကို ချန်ရွှင်လက်ထဲ ထည့်ပေးလိုက်သည်။ ချန်ရွှင်ကလည်း ဆန်အနည်းငယ် ထုတ်ပေးလိုက်သည်။

လမ်းမပေါ်သို့ ပြန်ရောက်သောအခါ ချန်ရွှင်သည် ကျားရုပ်လေးကို ကိုင်လျက် သဘောကျနေသည်။ နွားနက်ကြီးမှာ မနာလို ဖြစ်နေသည်။ ဘာကြောင့် သူ့ကိုကျတော့ မည်သူမျှ အရုပ်မပေးကြတာလဲ။

All Chapters