← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇)

"စိတ်မကောင်းမဖြစ်ပါနဲ့ နွားကြီးရာ နောက်ကျ ငါတို့ ပိုက်ဆံရှိလာရင် မင်းအတွက် နွားပျိုမလေး သစ်သားရုပ် ဝယ်ပေးမယ်"

"မွန်း... မွန်း..."

နွားနက်ကြီး၏ စိတ်ထဲ ချက်ချင်း ကြည်လင်သွားပြီး ပျော်ရွှင်စွာ အော်မြည်လိုက်လေသည်။ ယနေ့သည် နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်ပြီး မြစ်ကမ်းနားတစ်လျှောက်တွင် မီးပုံးပျံ (ကွန်မင်မီးပုံး) များ ကောင်းကင်သို့ တဖြည်းဖြည်း တက်ရောက်နေကြသည်။ ပြည်သူများက လာမည့်နှစ်သစ်အတွက် ဆုတောင်းမေတ္တာများ ပို့သကြသဖြင့် ဖန်းနင်မြို့တော်ကြီး တစ်ခုလုံး လင်းထိန်နေပေသည်။

ယင်းက ဖန်းနင်မြို့၏ ရိုးရာဓလေ့ဖြစ်ပြီး ဒေသခံများက ဆုတောင်းမီးပုံး ဟု ခေါ်ဆိုကြသည်။

ချန်ရွှင်သည် ကောင်းကင်ကို မော့ကြည့်ရင်း နှုတ်ခမ်းထောင့်များ ကွေးညွှတ်ကာ အလိုလို ပြုံးမိသွားသည်။

"နွားကြီး... ငါတို့ရော လွှတ်ကြမလား ဒီတစ်ခါတော့ ပိုက်ဆံ အကုန်ခံလိုက်ကြစို့"

"မွန်း... မွန်း..."

နွားနက်ကြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူ့ရင်ထဲမှာ ဆုတောင်းချင်တာတွေ အများကြီး ရှိနေသည်။မြစ်ကမ်းနားတွင် လူများ ပြည့်ကျပ်နေသည်။ ထိုအထဲတွင် ကျင့်ကြံသူများလည်း ပါဝင်ကောင်း ပါဝင်နိုင်သဖြင့် ချန်ရွှင်သည် လူရှင်းသော ထောင့်တစ်နေရာတွင် မီးပုံးနှစ်လုံး ဝယ်ကာ နေရာယူလိုက်သည်။ သူတို့နှစ်ဦး လူအုပ်ထဲ မတိုးဝံ့ပေ။

"နွားကြီး... ဘာဆုတောင်းမလဲ စာရေးပြီး လွှတ်ရင် ပိုစွမ်းတယ်တဲ့"

ချန်ရွှင်က မီးသွေးခဲတစ်တုံးကို ကိုင်ရင်း နွားနက်ကြီးကို ကြည့်လိုက်သည်။ "မင်းပါးစပ်နဲ့ ကိုက်ပြီး ရေးလိုက် ငါ မင်းကို စာသင်ပေးထားတယ် မဟုတ်လား"

"မွန်း "

နွားနက်ကြီးက မီးသွေးခဲကို ချက်ချင်း လုယူလိုက်သည်။ မျက်လုံးထဲတွင် စဉ်းစားခန်း ဝင်နေပြီး မီးပုံးပေါ်တွင် စာ စရေးတော့သည်။

"ဟီး ဟီး... နွားပျိုမလေးအကြောင်းတော့ မဟုတ်ပါဘူးနော်" ချန်ရွှင်က ပြုံးလိုက်သည်။

"ထာဝရ... ဘာတဲ့"

ချန်ရွှင် မျက်မှောင်ကြုတ်လိုက်သည်။ နွားနက်ကြီး၏ လက်ရေးက စောင်းရွဲ့နေသည်။ "ချန်... ရွှင်... နဲ့... အ... တူ... တူ"

ချန်ရွှင်၏ ရင်ထဲတွင် နွေးခနဲဖြစ်သွားပြီး နွားနက်ကြီးကို လေးလေးနက်နက် ကြည့်လိုက်မိသည်။ မီးပုံးနှစ်လုံးသည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားပြီး ထောင်ပေါင်းများစွာသော မီးပုံးများကြားတွင် ပျောက်ကွယ်သွားလေသည်။

"မွန်း " နွားနက်ကြီးက ချန်ရွှင်ကို တွန်းလိုက်သည်။

"ဆုတောင်းဆိုတာ ထုတ်ပြောလိုက်ရင် မပြည့်တော့ဘူးကွ နားလည်လား"

ချန်ရွှင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ နွားနက်ကြီး လန့်သွားပြီး ချက်ချင်း ယုံကြည်သွားသည်။ ချန်ရွှင်ကို ဆက်မတွန်းတော့ပေ။ ထို့နောက် သူတို့သည် ဖန်းနင်မြို့ထဲတွင် ညဘက် လျှောက်လည်ကြရင်း အလုပ်လိုက်ရှာ ကြသည်။ ချန်ရွှင်က ယခုဆိုလျှင် အတတ်ပညာ စုံလင်နေသည်လေ။ အမြန်နှုန်း ၏ ကောင်းကျိုးကို သိရှိပြီးနောက် ချန်ရွှင်သည် ယခုနှစ် စွမ်းရည်မှတ်ကိုလည်း အမြန်နှုန်းတွင် ပေါင်းထည့်လိုက်သည်။ နွားနက်ကြီးကိုလည်း ထို့အတူပင်။

နောက်တစ်နေ့တွင် ချန်ရွှင်သည် မြို့ထဲရှိ ပန်းပဲဖိုတစ်ခုသို့ ရောက်ရှိသွားသည်။ ဝင်ဝင်ချင်းမှာပင် ဆရာကြီးစတိုင်ဖြင့် ဝင်သွားသဖြင့် ဆိုင်ရှင် လန့်သွားပြီး ပြဿနာရှာ မည့်သူဟု ထင်မှတ်သွားသည်။

"ညီလေး... ငါတို့ဆီမှာ နွားမဝယ်ဘူး"

"ကျွန်တော်က မွေးရာပါ ခွန်အားကြီးတယ် ခင်ဗျားဆိုင်မှာ ကျွန်တော်မရှိရင် တစ်ခုခု လိုနေသလို ဖြစ်နေမှာစိုးလို့ လာပြောတာ"

"ဘာစကားလဲဟ"

"ဆရာ ဆရာတို့... ပန်းပဲဖိုမှာ လူလိုသေးလား"

ချန်ရွှင် ရုတ်တရက် မျက်နှာပြောင်းသွားပြီး အပြုံးလေးဖြင့် ပြောသည်။ လက်မောင်းကြွက်သားများကို ညှစ်ပြလိုက်သည်။ "ကျွန်တော်က တစ်ယောက်တည်းနဲ့ နှစ်ယောက်စာ လုပ်နိုင်တယ် ပြီးတော့ အိမ်က အမွေရထားတဲ့ နွားနက်ကြီးလည်း ဝိုင်းကူပေးဦးမှာ ခင်ဗျားဆိုင် စီးပွားတက်စေရမယ်ဗျာ"

ဖုန်း

ချန်ရွှင် ကန်ထုတ်ခံလိုက်သည်။ ပန်းပဲဆရာက ထွီခနဲတံတွေးဖြင့်ထွေးသည်။ "မင်းက ငါ့ဆိုင်ကို ဘယ်ကမှန်းမသိတဲ့ ကောင်တွေ လက်ခံမယ် ထင်နေလား"

"မွန်း "

နွားနက်ကြီး ဒေါသထွက်သွားသည်။ ဤဆိုင်ရှင်က ဘာကြောင့် သူတို့ကို စော်ကားရတာလဲ။ သူကလည်း ပြန်ပြီး ထွီခနဲတံတွေးဖြင့်ထွေးလိုက်သည်။ ချန်ရွှင်က နွားနက်ကြီးကို အမြန်တားလိုက်ပြီး အေးစက်စွာ ပြောသည်။

"ဒီနေရာက လက်မခံရင် လက်ခံမယ့်နေရာ ရှိပါတယ်ကွာ"

ဆိုင်ရှင်က လက်ပိုက်လိုက်သည်။ သူ့နောက်မှ ပန်းပဲဆရာအချို့ ထွက်လာကြသည်။ ချန်ရွှင် နောက်ထပ် တစ်ခွန်းထပ်ပြောလျှင် ဝိုင်းချမည့်ပုံပင်။

ချန်ရွှင် ဘာမှဆက်မပြောတော့ဘဲ နဖားကြိုးကို ကိုင်ကာ ချက်ချင်း လှည့်ပြေးတော့သည်။

"တောက် " ဆိုင်ရှင်နှင့် လူများက လက်ကာပြလိုက်ပြီး အလုပ်ပြန်လုပ်ကြသည်။

လမ်းတွင် နွားနက်ကြီးက ချန်ရွှင်ကို တွန်းကာ စိတ်မဆိုးဖို့ ပြောသည်။

"ကိစ္စမရှိပါဘူး ငါ စုံစမ်းထားတာ ရှိတယ် ဟိုဘက်လမ်းကြားမှာ နောက်ထပ် ပန်းပဲဖိုတစ်ခု ရှိသေးတယ် ကြားတာတော့ စီးပွားရေး သိပ်မကောင်းဘူးတဲ့ အဲဒီမှာ သွားစမ်းကြည့်ရအောင်"

"မွန်း " နွားနက်ကြီး ခေါင်းညိတ်သည်။

ထိုပန်းပဲဖိုသို့ ရောက်သောအခါ ချန်ရွှင် အံ့သြသွားသည်။ ဆိုင်ပိတ်တော့မည့် အခြေအနေ ဖြစ်နေသည်။ အဘိုးကြီးတစ်ယောက် ကုလားထိုင်ပေါ်တွင် ငိုက်နေသည်ကို တွေ့ရ၏။

"ဘကြီး"

ချန်ရွှင်နှင့် နွားနက်ကြီး ဝင်လာသည်။ ဧည့်သည် တစ်ယောက်မှ မရှိ။

"ဟေ"

အဘိုးကြီးက လန့်နိုးသွားပြီး မျက်လုံးများ မှုန်ဝါးဝါးဖြင့် မေးသည်။ "ကောင်လေး... ဘာဝယ်မလို့လဲ"

"ဟီး ဟီး... ကျွန်တော်က မွေးရာပါ ခွန်အားကြီးတယ် ဆိုင်မှာ လူလိုသေးလား" ချန်ရွှင် ပြုံးပြလိုက်သည်။

"ဟား ဟား... လိုတာပေါ့ကွ"

အဘိုးကြီးက ခေါင်းညိတ်သည်။ "ဒါပေမယ့် ဒီဆိုင်က ပန်းပဲဆရာတွေ အကုန် ထွက်ကုန်ပြီ လစာပေးစရာ ပိုက်ဆံ မရှိလို့လေ"

"ကိစ္စမရှိပါဘူး ဆိုင်ရှင်က ကျွန်တော်တို့ကို နေစရာ ပေးရင် ရပါပြီ"

"ဒါဆို အဆင်ပြေတာပေါ့"

အဘိုးကြီး ဝမ်းသာသွားသည်။ "ဆိုင်နောက်ဖေးက ခြံဝင်းထဲမှာ မင်းတို့ ကြိုက်သလို နေကြ"

နှစ်ဦးသား သဘောတူညီမှု ရသွားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် ပစ္စည်းပစ္စယများကို နေရာချကြသည်။ နွားနက်ကြီးက ဆန်အိတ်ဝှက်ရန် နေရာ နေသည်။

"ဒီလောကကြီးက အကြီးကြီးပါ"

ချန်ရွှင် ရေရွတ်လိုက်သည်။ ဆိုင်ခန်းက အတော်ကျယ်ဝန်းသဖြင့် နွားနက်ကြီး သွားလာရသည်မှာ အဆင်ပြေလှသည်။

တစ်နာရီခန့် ကြာသောအခါ သူတို့ စတင် အလုပ်လုပ်ကြသည်။ ပန်းပဲဖိုထဲမှ ဒုန်းဒုန်းဒိုင်းဒိုင်း အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။ အဘိုးကြီး ကြည့်ရင်း မျက်ခွံများ လှုပ်လာသည်။ တော်တော် အားသန်သည့် ကောင်လေးပါလား။

"ကောင်လေး... ဒီလက်ရာကို ကြည့်ရတာ အရင်က ပန်းပဲလုပ်ဖူးပုံရတယ်"

အဘိုးကြီးက လက်နောက်ပစ်ကာ မျက်လုံးအရောင်လက်လျက် ပြောသည်။ "သို့သော် နည်းစနစ်က နည်းနည်း ကြမ်းတမ်းနေသေးတယ်"

"ဒါပေါ့ ဘကြီးရဲ့ အမှန်တိုင်း ဝန်ခံရရင် ကျွန်တော့်မှာ လုပ်သက် ၅ နှစ် ရှိတယ် ကျွန်တော့်ကို ခန့်လိုက်တာ ဘကြီး အတွက် အမြတ်ကြီးပဲ"

ချန်ရွှင်က ကြွားလုံးထုတ်လိုက်သည်။ သူက ပန်းပဲထုရတာကို ကြိုက်သည်။ ယင်းက အင်အားကို ထိန်းချုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ သို့သော် ယခုထိ သိမ်မွေ့သော အဆင့်ကို မရောက်သေးပေ။

"မင်း အခုလို ထုနေရင် မဖြစ်ဘူး"

အဘိုးကြီး ခေါင်းခါလိုက်သည်။ အားတွေ အရမ်းဖြုန်းတီးရာ ရောက်သည်။ "ငါ မင်းကို ပြမယ်"

ဟိုက်….။ ချန်ရွှင် ကြည့်လိုက်တော့ အဘိုးကြီး၏ နည်းစနစ်က ရွာက ပန်းပဲဆရာများနှင့် လုံးဝ မတူပေ။ သို့သော် ခဏကြာတော့ အဘိုးကြီး မောပန်းလာသည်။

"အိုပြီကွာ... အိုပြီ ကောင်လေးပဲ ဆက်လုပ်တော့"

အဘိုးကြီးက လက်ကာပြပြီး နွားနက်ကြီးကို ကြည့်လိုက်သည်။

"ဟုတ်ကဲ့ပါဗျာ"

ချန်ရွှင်သည် အဘိုးကြီး၏ နည်းစနစ်ကို လိုက်လံတုပသည်။ မဆိုးဘူး... တကယ် အလုပ်ဖြစ်တယ်။ သူ့ခန္ဓာကိုယ် အင်အားကို ထိန်းချုပ်နိုင်စွမ်း တဖြည်းဖြည်း တိုးတက်လာသည်။ နောက်တစ်နှစ်လုံး ချန်ရွှင်နှင့် နွားနက်ကြီးသည် နေ့စဉ် ပန်းပဲထုကြသည်။ အဘိုးကြီးက ဘေးမှ သင်ကြားပေးပြီး နွားနက်ကြီးကိုပါ အကြံဉာဏ် ပေးသေးသည်။ ကျင့်ကြံသူဖြစ်စေ၊ သာမန်လူဖြစ်စေ လူတိုင်းမှာ ကိုယ်ပိုင် ဉာဏ်ပညာနှင့် အားသာသော အချက်များ ရှိကြစမြဲပင်။ ချန်ရွှင် ဤဆိုင်မှာ ပညာ အများကြီး ရလိုက်သည်။

"ဘကြီးစွန်း ... ကျွန်တော်တို့ဆိုင် စီးပွားရေး တော်တော် ကောင်းလာပြီနော်"

ချန်ရွှင်က အင်္ကျီဗလာဖြင့် ပြုံးကာ ပြောလိုက်သည်။ ယခုအခါ ဆိုင်က ဝင်ငွေကောင်းလာသဖြင့် သူနှင့် နွားနက်ကြီးတွင် စုငွေအနည်းငယ် ရှိလာသည်။ ထိုငွေများကို နွားကြီးက နောက်ဖေးခြံထဲတွင် မြှုပ်ထားသည်။ အဘိုးကြီး နာမည်က စွန်းခိုင်လဲ့။ အရင်က သားတစ်ယောက် ရှိဖူးသော်လည်း နင်ယွင်တောင်တန်းတွင် အင်မော်တယ် ရှာ ပုံတော် ဖွင့်ရင်း သေဆုံးသွားခဲ့သည်။ ဤနှစ်တွေမှာ သူ တစ်ယောက်တည်း ဖြတ်သန်းလာခဲ့ရခြင်း ဖြစ်သည်။

"ဟေ... ကောင်းတာပေါ့ကွာ"

ဘကြီးစွန်း ပြုံးလိုက်သည်။ ချန်ရွှင် ရောက်လာပြီးနောက်ပိုင်း သူ့မျက်နှာတွင် အပြုံးများ ပိုများလာသည်။

ချန်ရွှင်၏ ပန်းပဲစွမ်းရည်နှင့် အရည်အသွေးက အခြားဆိုင်များထက် သာလွန်သဖြင့် လူအများ တိုးဝှေ့လာရောက် အပ်နှံကြသည်။ ပြန်သွားသူတိုင်း ကျေနပ်ကြသည်။

"ချန်ရွှင်ရေ"

လမ်းမပေါ်မှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။ လူကောင်ကြီးကြီး တစ်ယောက်က လူနှစ်ယောက်ကို ခေါ်ပြီး လျှောက်လာသည်။ လက်ထဲတွင် ဓားရှည်တစ်လက် ကိုင်ထားသည်။

"အကိုကျန်း လာပြီဟေ့"

ချန်ရွှင်က လှမ်းနှုတ်ဆက်လိုက်သည်။ "ဘာလိုချင်လဲ ပြော အကိုကျန်းအတွက် အားလုံး စီစဉ်ပေးမယ်"

သူ့နာမည်က ကျန်းကျင်း။ သိုင်းဂိုဏ်းတစ်ခု၏ စီနီယာအစ်ကိုကြီး ဖြစ်သည်။ သဘောထားကြီးပြီး ရက်ရောသည်။ ဆိုင်ကို မကြာခဏ လာအားပေးလေ့ရှိပြီး သူ့ဂိုဏ်းသားများကိုလည်း ခေါ်လာတတ်သည်။

ကျန်းကျင်းက ရှေ့တိုးလာပြီး အော်ပြောသည်။ "ဓားရှည် အလက် ၁၀၀ လိုချင်တယ် လက်ခံမလား"

အော်ဒါကတော်တော်များသည်။ ချန်ရွှင် မျက်လုံး အရောင်တောက်သွားသည်။ လက်ကတော့ ပန်းပဲထုနေတုန်းပင်။ "လက်ခံတာပေါ့ အကိုကျန်း ဘယ်တော့ လိုချင်လဲ"

"နှစ်လအတွင်း တကယ်လို့ တစ်လအတွင်း ပြီးရင် ပိုက်ဆံပိုပေးမယ်" ကျန်းကျင်းက ရယ်သည်။

"ပိုက်ဆံပိုပေးစရာ မလိုပါဘူး အကိုကျန်းရာ လူရင်းတွေပဲ တစ်လအတွင်း အပြီးလုပ်ပေးမယ်"

ချန်ရွှင်က အပြစ်တင်သလို ကြည့်လိုက်သည်။ "နောက်လ ဒီအချိန် လာယူလိုက်"

"ကြိုက်ပြီ မင်းတို့ ကြည့်ထား... ဒီညီလေး ချန်ရွှင်က စီးပွားရေးလုပ်တတ်တယ်"

ကျန်းကျင်းက နောက်ပါနှစ်ယောက်ကို လှည့်ပြောလိုက်သည်။ ကျင့်ကြံခြင်းလောကသားများက ချန်ရွှင်လို လူစားမျိုးကို သဘောကျသည်။

"ညီလေး ချန်ရွှင်... နောက်က နွားနက်ကြီးကိုတော့ သတ်မစားနဲ့နော် ဒီလောက် ဉာဏ်ကောင်းတဲ့ နွားမျိုး ရှာရခက်တယ်"

"သူက ကျွန်တော်တို့အိမ်က အမွေအနှစ် နွားပါ စားလို့မရပါဘူး" ချန်ရွှင် လက်ကာပြလိုက်သည်။

"ကောင်းပြီ ငါသွားတော့မယ် ဆိုင်မှာ ပြဿနာလာ တဲ့ကောင်ရှိရင် ငါ့ကို ပြော"

ကျန်းကျင်း ရယ်မောလိုက်ပြီး နွားနက်ကြီးကို ကြည့်သည်။ "နွားကြီး... သွားမယ် ကိုကြီးကျန်းကို နှုတ်ဆက်လိုက်ပါဦး"

"မွန်း " နွားနက်ကြီး လှည့်ကြည့်ပြီး အော်မြည်လိုက်သည်။

"ဟား ဟား ဟား..."

ကျန်းကျင်းတို့ လူစု ထွက်ခွာသွားကြသည်။ ချန်ရွှင်က လက်ပြနှုတ်ဆက် ကျန်ရစ်ခဲ့သည်။

အခန်း (၈)

"ချန်ရွှင်... ပန်းပဲထုတာ အချိန်အရမ်းမကြာစေနဲ့"

ဘကြီးစွန်း မျက်မှောင်ကြုတ်လိုက်သည်။ ဤကောင်လေးသည် အားသန်ရုံမက၊ သက်လုံကလည်း ကောင်းလွန်းနေသည် မဟုတ်ပါလား။

"ခန္ဓာကိုယ် ထိခိုက်လိမ့်မယ် အသက်ကြီးလာရင် ငါ့လို ဖြစ်နေဦးမယ်"

"ဘကြီးစွန်းရာ... ကိစ္စမရှိပါဘူး ကျွန်တော်က မွေးရာပါ အားသန်တာ"

ချန်ရွှင်သည် ဂရုမစိုက်ပေ။ သူသည် ယခုအချိန်ထိ အားကုန် မသုံးရသေးသကဲ့သို့ ပင်ပန်းသည်ဟုပင် မခံစားရပေ။

သူသည် ယခုအခါ အင်အားကို တိုးမြှင့်ထိန်းချုပ်နေခြင်း ဖြစ်သည်။ ယခင်အချိန်က အားကုန်သုံးလိုက်ပါက သံထည်များ ပျက်စီးသွားနိုင်သော်လည်း၊ ယခုအခါ အင်အားနှင့် နည်းစနစ်ကို ပေါင်းစပ်လိုက်သည့်အခါ တစ်ချက်ထုလိုက်သည်နှင့် ယခင်က အချက်ပေါင်းများစွာ ထုရသည်နှင့် ညီမျှသွားလေသည်။ သံထည်များမှာ မပျက်စီးတော့ပေ။ လူအများအမြင်၌ သူသည် ပန်းပဲထုနေခြင်း ဖြစ်သော်လည်း၊ တကယ်တမ်းကျတော့ ချန်ရွှင်သည် ကျင့်ကြံနေခြင်း ဖြစ်သည်။ အတတ်ပညာ များပိုများများတတ်ထားလေ ကောင်းလေပင် ဖြစ်သည်။ သူ့တွင် အချိန်တွေ အများကြီး ရှိနေသည် မဟုတ်ပါလား။

"အင်းပါလေ... ပြီးရော"

ဘကြီးစွန်းသည် ခေါင်းခါပြီး ပြုံးလိုက်လေသည်။ ဤနှစ်အတွင်း ချန်ရွှင်၏ အကောင်းမြင်စိတ်ကြောင့် သူပါ နုပျိုလာသကဲ့သို့ ခံစားလိုက်သည်။ ညချမ်းအချိန်သို့ ရောက်ရှိသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ခြံဝင်းထဲသို့ ရောက်ရှိလာကြသည်။ ဤနှစ် စွမ်းရည်မှတ်များကိုလည်း အမြန်နှုန်း တွင် ပေါင်းထည့်လိုက်လေသည်။ ထို့နောက် လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တိုးတိုးတိတ်တိတ် စုဝေးလိုက်ကြသည်။

"နွားကြီး... တူးစမ်း "

"မွန်း..."

မြေကြီးများ လွင့်စင်သွားပြီးနောက် မြေအိုးတစ်လုံး ပေါ်ထွက်လာသည်။ အတွင်းတွင် ကြေးပြားများနှင့် ငွေတုံးတစ်တုံး ပါရှိလေသည်။ ချန်ရွှင် သက်ပြင်းချလိုက်မိသည်။ ပိုက်ဆံရှိလေပြီ။

"မွန်း... မွန်း..."

နွားနက်ကြီးသည် မျှော်လင့်ချက် မျက်လုံးများဖြင့် ချန်ရွှင်ကို ကြည့်ရှုနေ သည်။

"အကိုကျန်းရဲ့ အော်ဒါ ပြီးတာနဲ့ သစ်သားရုပ် သွားဝယ်မယ် စိတ်ချ၊ ငါ မှတ်မိတယ်"

"မွန်း... "

နွားနက်ကြီး ပျော်လွန်း၍ ခုန်ပေါက်နေလေသည်။ သူ့ပျော်ရွှင်မှုက ရိုးရှင်းလှပေသည်။

ချန်ရွှင်သည် မြေအိုးကို နေရာပြောင်းရွှေ့ပြီး ပြန်လည်မြှုပ်နှံလိုက်သည်။ သတိဟူသည်ပိုသည် ဟူ၍မရှိ။

နောက်တစ်လတွင် ကျန်းကျင်း ပေါ်မလာခဲ့ချေ။ ချန်ရွှင် စိတ်ထဲ ထင့်သွားသည်။ ယခင်ကဆိုလျှင် အကိုကျန်းသည် ချိန်းဆိုထားပါက ဘယ်သောအခါမျှ မပျက်ကွက်ဖူးပေ။ ဤနေ့ အဘယ်ကြောင့် မလာသနည်း။

"ကိစ္စရှိလို့ နေမှာပါ"

ချန်ရွှင် ဆက်လက်မတွေးတော့ဘဲ ပန်းပဲဆက်ထုနေလိုက်သည်။

နောက်တစ်လ ကြာမြင့်သောအခါ ဓားလာရောက်ယူဆောင်သူ ရောက်ရှိလာသည်။ သို့သော် ကျန်းကျင်း မဟုတ်ပေ။

"ညီမလေး... အကိုကျန်းရော လွန်ခဲ့တဲ့လက လာယူမယ် ပြောထားတာ"

ချန်ရွှင် မေးလိုက်သည်။ နွားနက်ကြီးသည် အနောက်ဘက်၌ ဓားများကို သယ်ထုတ်နေသည်။

"စီနီယာအစ်အကိုကျန်း... ပိုင်ရွှမ်ဂိုဏ်းနဲ့ တိုက်ပွဲမှာ... ဆုံးသွား ပြီ"

မိန်းကလေးက တိုးညှင်းစွာ ပြောသည်။ ဝမ်းနည်းနေပုံသည်။

"ဗျာ "

ချန်ရွှင် မျက်လုံး ပြူးသွားပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"အကိုဓားတွေသွားယူပေးမယ်နော်"

"ဟုတ်ကဲ့"

မိန်းကလေးနှင့် ဂိုဏ်းသားများ ငွေရှင်းပြီးနောက် ဓားများ ယူဆောင်သွားကြလေသည်။ ချန်ရွှင်သည် အနောက်တွင် ထိုင်လျက် ကျန်ရစ်ခဲ့ပြီး သက်ပြင်းချလိုက်သည်။

"နွားကြီးရေ... အကိုကျန်း ဆုံးပြီတဲ့"

"မွန်း... "

နွားနက်ကြီး အံ့သြသွားပြီး ချန်ရွှင်ကို တွန်းလိုက်သည်။ အကိုကျန်းမှာ ငယ်ရွယ်သူ ဖြစ်သည် မဟုတ်ပါလား။

"တိုက်ပွဲဖြစ်ရင်း သေတာတဲ့ သိုင်းလောကသားတွေ တိုက်ရင်းခိုက်ရင်း သေတာ ပုံမှန်ပါပဲ"

ချန်ရွှင် ခေါင်းခါလိုက်သည်။

"ကျင့်ကြံသူတွေတောင် တိုက်ပွဲဝင်ရင် သေနိုင်တာပဲ"

နွားနက်ကြီး ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။ သူတို့နေထိုင်ခြင်းကမှ ပို၍ ဘေးကင်းသေးသည်။

"ငါတို့ရဲ့ အင်မော်တယ်လမ်းစဉ်က ပြိုင်ဘက်ကင်း လမ်းစဉ်ပဲ ဘယ်သူ့ကိုမှ ရန်မစဘူး ဘာပြဿနာမှ ဝင်မပါဘူး ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ သူငယ်ချင်းတွေကို ကူညီမယ်"

ချန်ရွှင် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ မျက်လုံးများမှာ လေးနက်နေ၏။

"ဒီလောကမှာ မင်းနဲ့ငါ့ကို တုန်လှုပ်စေမယ့်အရာ ဘာမှမရှိတော့ဘူး စိတ်ကို တည်ငြိမ်အောင်ထား"

"မွန်း... "

နွားနက်ကြီးသည် အထင်ကြီးစွာ ကြည့်ရှုနေသည်။ ချန်ရွင်၏စကားသည် ပညာအလွန်ရှိသည်။

"ချန်ရွှင်ရေ... သံရိုင်းရောင်းတဲ့ကောင်က ငါတို့ဆိုင် ရောင်းကောင်းတာသိပြီး ဈေးတင်လိုက်ပြီကွ"

ဘကြီးစွန်း အပြင်ကနေ ပြေးဝင်လာသည်။ ဆိုင်အတွက် ကုန်ကြမ်းများကို သူ တာဝန်ယူ ဝယ်ယူပေးနေရခြင်း ဖြစ်ပေသည်။

"ဟင်"

ချန်ရွှင် ဝုန်းခနဲ ထရပ်လိုက်သည်။ ဒေါသ မီးဟုန်းဟုန်းတောက်သွားသည်။ ယခုမှ ပိုက်ဆံ နည်းနည်းလေး မြင်ရကာရှိသေးသည်။

"ရိုးသားတဲ့လူကို လာအနိုင်ကျင့်တာပဲ "

"နွားကြီး... လက်နက်ယူခဲ့ ဒီခွေးကောင် တွေ့ကြသေးတာပေါ့"

ချန်ရွှင် ခါးကြားမှ တောင်ဖြိုပုဆိန် နှစ်လက်ကို ဆွဲထုတ်လိုက်သည်။ အင်္ကျီမပါဘဲ ဗိုက်ကြွက်သား ၁၆ မြောင်း ပေါ်နေသည်။

"သူတို့ကို သွားပြီး ဆုံးမကြစို့ "

"မွန်း မွန်း "

နွားနက်ကြီး ဒေါသထွက်ပြီး ဦးချိုဖြင့် ဝှေ့ယမ်းလိုက်သည်။ သူ့ကိုယ်ပေါ်တွင် ချပ်ကာကိုဝတ်စုံပြည့် ဝတ်ဆင် လိုက်လေသည်။ သံရိုင်းဆိုင်သည် လမ်းမအနည်းငယ်သာ ခြားနားသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ဒေါသတကြီး ရောက်ရှိသွားကြသည်။ သူတို့ပုံစံသည် လူသတ်တော့မည့် ပုံစံဖြစ်နေသည်။

သံရိုင်းဆိုင်ရှင် လန့်ဖျပ်သွားသည်။

"လူ... လူကြီးမင်းတို့... ဘာလုပ်ကြမလို့လဲဗျာ"

"ဘာလုပ်ရမှာလဲ... ခင်ဗျားတို့နဲ့ ညှိနှိုင်းဖို့လာတာ….သံရိုင်းကို ငါတို့ကိုကျမှ ဘာလို့ ဈေးတင်ရတာလဲ"

ချန်ရွှင် ပုဆိန်နှစ်လက်ကို ကိုင်ပြီး အော်ဟစ်လိုက်သည်။

"ဒါ မတရားဘူးကွ… သိရဲ့လား"

"မွန်း မွန်း "

နွားနက်ကြီးလည်း အနောက်ကနေ ဝင်ရောက်အော်ဟစ်လေသည်။ အသံက အလွန်ကျယ်သည်။

သံရိုင်းဆိုင်ရှင် ချွေးပြန်လာသည်။ မျက်နှာက ဓားပြရုပ်၊ ဗိုက်ကြွက်သား ၁၆ မြောင်း၊ အနောက်မှာက ဓားတွေတပ်ထားတဲ့ နွားနက်ကြီး... ဒါကိုများ ညှိနှိုင်းသည် ပြောနေသေးသည်။

"ဟီး ဟီး... လူကြီးမင်းတို့ စိတ်လျော့ပါ ဘကြီးစွန်းဆိုင်က မဟုတ်လား"

"ဟုတ်တယ် ဖြေ ပေးစမ်းပါ အဲဒီ ပန်းပဲဆိုင်ကို အကိုကျန်း... ကျန်းကျင်း ကာကွယ်ပေးထားတာ သိလား"

ချန်ရွှင် တစ်လုံးချင်း ပြောဆိုလိုက်သည်။ ဤကဲ့သို့လူများကို အရှိန်အဝါ နည်းနည်းလောက် ထုတ်မပြလျှင် သဘောကောင်းသည်ဟုဆိုကာ အနိုင်ကျင့်ခံရတတ်သည်။ မည်သည့်ကမ္ဘာမှာမဆို အတူတူပင်။

"ကောင်းပါပြီ ခဏလေး စောင့်ပါ ထိုင်ကြပါဦး။"

ဆိုင်ရှင်က ပြုံးပြီး ပြောသည်။

"ကောင်းပြီလေ ငါတို့ကလည်း အကျိုးအကြောင်း သိတဲ့လူတွေပါ ပြဿနာ လာ တာ မဟုတ်ဘူး"

ချန်ရွှင် လေသံလျှော့လိုက်ပြီး ထိုင်လိုက်သည်။ ပုဆိန်ကို စားပွဲပေါ် အုန်း ခနဲ တင်လိုက်လေသည်။

ခဏကြာသော် ဆိုင်ရှင် ပြန်ထွက်လာသည်။ မျက်နှာက ပြုံးဖြဲနေသည်။

"အစိုးရပိုင် နယ်မြေမှာ လာပြီး သောင်းကျန်းနေတဲ့ လူတစ်ယောက်နဲ့ နွားတစ်ကောင် ရှိတယ်ဆိုတာ ဒါပဲ"

"ဖမ်းလိုက်ကြ"

စစ်သားအုပ်စုတစ်စု ဝင်ရောက်လာပြီး ချန်ရွှင်ကို ချက်ချင်း ဖမ်းချုပ်လိုက်သည်။ နွားနက်ကြီးလည်း ပါသည်။

"ကျွန်တော်တို့က လာရောက်ညှိနှိုင်းတာပါ….. မတရားပါဘူး "

ချန်ရွှင် အော်ဟစ်ပြီး ရုန်းကန်နေသည်။

"ကျွန်တော် တကယ် လာညှိနှိုင်းတာပါဆို "

"မရှည်နဲ့ မင်းတို့က ဒီမှာ ရမ်းကားပြီး မြို့တော် အေးချမ်းရေးကို ထိပါးနေတာ ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ "

စစ်သားက အေးစက်စွာ အော်ဟစ်လိုက်ပြီး ရာဇဝတ်ကောင် နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားလေတော့သည်။ ချန်ရွှင်ကတော့ မတရားဘူးဟု အော်ဟစ်လျက် ပါသွားရ သည်။ ငါးရက်ကြာသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထောင်မှ ပြန်လွတ်လာကြသည်။ သို့သော် သူတို့၏ တောင်ဖြိုပုဆိန်နှင့် ဓားများ အသိမ်းခံလိုက်ရသဖြင့် ပြန်လုပ်ရဦးမည်။ ပန်းပဲဆိုင်သို့ ပြန်ရောက်သောအခါ ဘကြီးစွန်းက မီးဖိုတစ်ခု ပြင်ဆင်ထားသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် မီးဖိုကို ကျော်ဖြတ်ကာ (ကံဆိုးမှုများ ပျောက်စေရန်) ခုန်ပေါက်ဝင်ရောက်လာကြသည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို ရယ်မောနေကြလေသည်။

သို့သော် ချန်ရွှင် ထိုသို့ သောင်းကျန်းခဲ့ပြီးနောက် သံရိုင်းဆိုင်ရှင်က ဈေးမတင်တော့ပေ။ ဒါလည်း အမြတ်တစ်ခုပင် ဖြစ်သည်။

...

အချိန်များ ကုန်ဆုံးသွားသည်မှာ နောက်ထပ် ၅ နှစ် ရှိခဲ့ပြီ။

ပန်းပဲဆိုင် စီးပွားရေး အလွန်ကောင်းမွန်လာပြီး ဘေးဆိုင်မှ ဖောက်သည်များကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။ ဘေးဆိုင်ရှင်က ချန်ရွှင်ကို မြင်သောအခါ အလွန်နောင်တရသည်။ သူ လူမွေးမှားခဲ့လေခြင်းဟု နောင်တအလွန်ရခြင်းဖြစ်သည်။ ထိုဆိုင်ရှင်က ချန်ရွှင်ကို စားသောက်ဆိုင်တွင် ဖိတ်ကျွေးကာ မိတ်ဖွဲ့ခဲ့သည်။ သူတို့ကြားမှ ရန်ငြိုးများကို သင်ပုန်းချေပစ်ကြသည်။ သို့သော် ချန်ရွှင်၏ စားနိုင်စွမ်းကို မြင်ပြီး ဆိုင်ရှင် လန့်ဖျပ်သွားသည်။ စားရုံတင်မက ပါဆယ်ပါ ထုပ်ပိုးသွားသေးသည်။ ဆိုင်ရှင် သောက်သောက်လဲ ပိုက်ဆံကုန်သွားသည်။

ယခုအခါ သူတို့နှစ်ဦး ညီအစ်ကိုလို ဖြစ်နေကြပြီ။ လူမှုဆက်ဆံရေးအပိုင်းတွင် ချန်ရွှင်က ဆရာကြီးပင်။

သို့သော် ယနေ့တွင် ချန်ရွှင်သည် လမ်းမပေါ်တွင် အသည်းအသန် ပြေးလွှားနေသည်။ သူ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ လွန်ခဲ့သော ၅ နှစ်အတွင်း သူသည် အင်အားထိန်းချုပ်မှုတွင် ဆရာတစ်ဆူ ဖြစ်လာခဲ့ပြီး စွမ်းရည်မှတ် ၅ မှတ်လုံးကို အမြန်နှုန်းတွင် ပေါင်းထည့်ခဲ့လေသည်။

ယခု ချန်ရွှင်နှင့် နွားနက်ကြီး၏ စွမ်းရည်မှတ်များ - ခွန်အား ၂၁၊ အမြန်နှုန်း ၈ ဖြစ်သည်။

ချန်ရွှင်၏ လက်ထဲတွင် ဆေးထုတ်များ ကိုင်ဆောင်ထားသည်။ ဘကြီးစွန်း၏ ကျန်းမာရေး အခြေအနေ မကောင်းတော့ပေ။ လွန်ခဲ့သည့် တစ်နှစ်လုံးလုံး ဆေးဝါးများဖြင့် အသက်ဆက်ထားရပြီး သူတို့၏ စုဆောင်းငွေအားလုံး ကုန်ခမ်းသွားခဲ့ရပြီ။ သို့သော် ဘာဖြစ်သနည်း။ ချန်ရွှင်အတွက် ငွေကြေးဆိုသည်မှာ အရေးမကြီး။ သူ့ဘေးနားက လူများကသာ အရေးအကြီးဆုံး ဖြစ်သည်။ ပစ္စုပ္ပန်ကို တန်ဖိုးထားပြီး နေပျော်အောင် နေရမည်။ ချန်ရွှင် အမြဲတမ်း လက်ကိုင်ထားသော စည်းမျဉ်းတစ်ခု ရှိသည်။

"မိမိတတ်နိုင်တဲ့ အတိုင်းအတာအတွင်း မိမိတန်ဖိုးထားရသော မိတ်ဆွေတွေကို ကူညီရမည်၊ မတတ်နိုင်လျှင်တော့ ဝန်ပိစေသည်အထိမလုပ်" ဟူ၍ ဖြစ်ပါသည်။

All Chapters