အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉)
"ဖယ်ကြပါဗျို့... လမ်းဖယ်ကြပါ "
ချန်ရွှင်သည် မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်ပြီး အလွန်လျင်မြန်စွာ ပြေးလွှားသွားသည်။ လမ်းသွားလမ်းလာများ အံ့သြတကြီး ရေရွတ်မိကြလေသည်။
"ဒီကောင်လေး... ဘာဖြစ်တာလဲဟ "
ပန်းပဲဖို၏ နောက်ဖေးဝင်းထဲတွင် နွားနက်ကြီးသည် မီးဖိုကို စောင့်ကြည့်ရင်း ဆေးကျိုချက်နေသည်။ ဘကြီးစွန်း သေဆုံးသွားမည်ကို သူ အလွန်စိုးရိမ်နေသည်။ နှာမှုတ်သံ တိုးတိုးလေးများ ပြုရင်း ခေါင်းငိုက်စိုက်ကျနေ သည်။ ကုတင်ဘေးတွင်တော့ ဘကြီးစွန်းခိုင်လဲ့သည် သေခြင်းတရားနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ တခါတရံ သတိဝင်လာလိုက်၊ တခါတရံ မေ့လျော့သွားလိုက် ဖြစ်နေသည်။ သို့သော် ယနေ့တွင်မူ သူ၏ မျက်နှာမှာ ထူးခြားစွာ နီရဲရွှင်လန်းနေသည်။
သူသည် ချန်ရွှင်နှင့် နွားနက်ကြီးကို အခန်းထဲသို့ ခေါ်ယူလိုက်သည်။ နံရံကိုမှီကာ ဖြည်းညင်းစွာ ထထိုင်လိုက်သည်။ နွားနက်ကြီးက ခေါင်းကို ပြတင်းပေါက်မှ ဝင်ကာ စိုးရိမ်တကြီး ကြည့်ရှုနေသည်။
"ဟဲ ဟဲ..."
ဘကြီးစွန်းက နွားနက်ကြီးကို ပုတ်လိုက်ပြီး ကြင်နာစွာ ပြုံးပြလိုက်သည်။
"ငါ ဘာမှမဖြစ်ပါဘူးကွ လူဆိုတာ တစ်နေ့ သေရမှာပဲလေ"
"ဘကြီးစွန်း... ဘာမှမဖြစ်ပါဘူးဗျာ မြို့ထဲက သမားတော်တွေကို ကျွန်တော် မေးပြီးပြီ နေ့တိုင်း ဆေးမှန်မှန်သောက်ရင် အနည်းဆုံး ၁၀ နှစ်လောက်တော့ နေရဦးမှာတဲ့"
ချန်ရွှင်က ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးလိုက်သည်။
"ကျွန်တော့်မှာ အားတွေ အများကြီး ရှိတယ် ဆိုင်ကလည်း ရောင်းကောင်းနေတာ၊ ကျွန်တော်တို့ ပိုက်ဆံမရှားပါဘူးဗျာ"
"မင်း ဆိုင်ကို စရောက်တဲ့နေ့က အကြောင်းကို ငါ မှတ်မိသေးတယ်"
ဘကြီးစွန်းက မျက်နှာတွင် အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးရင်း ချန်ရွှင်ကို ကြည့်သည်။
"တောသားလေး တစ်ယောက်လိုပဲ... အော်ကြီးဟစ်ကျယ်နဲ့"
ချန်ရွှင် အားယူပြုံးလိုက်သော်လည်း စကားပြန်မပြောနိုင်ပေ။
"ငါ မင်းကို သင်ပေးစရာ ဘာမှမကျန်တော့ဘူး မင်း အကုန်တတ်မြောက်သွားပြီ နောက်နောင် ဒီဆိုင်ကို မင်းပဲ ဦးစီးတော့"
ဘကြီးစွန်းက ပြုံးရင်း ချန်ရွှင်လက်ကို ဆွဲယူလိုက်သည်။
"ပိုက်ဆံတွေ စုထား၊ မိန်းမယူတော့... ဆေးဖိုးတွေ လျှောက်မသုံးနဲ့တော့သား"
"ဘကြီးစွန်းရာ... ကျွန်တော့်ကို အထင်သေးလွန်းပါတယ် ဒီဆေးဖိုးလောက်က ဘာပြောစရာ ရှိလို့လဲ"
ချန်ရွှင် လက်ကာပြလိုက်သည်။
"ကျွန်တော် ပြောတာ နားမထောင်ဘူးလား ကျွန်တော် သမားတော်တွေကို..."
"ငါ့ကို နှစ်သိမ့်မနေပါနဲ့တော့ကွာ ငါ့ခန္ဓာကိုယ်အကြောင်း ငါ သိပါတယ်"
ဘကြီးစွန်း ချောင်းတစ်ချက်ဟန့်ပြီး ချန်ရွှင်စကားကို ဖြတ်ပြောလိုက်သည်။
"မင်းကို ပေးစရာ တစ်ခုရှိတယ်"
သူ ပြောပြောဆိုဆို ခေါင်းအုံးအောက်မှ ကျမ်းစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။ အားနည်းစွာ ပြုံးရင်း ပြော သည်။
"ငါ့သားတုန်းက ဒါကို ဖတ်ပြီးမှ အင်မော်တယ် ရှာပုံတော် ဖွင့်ခဲ့တာ"
"ဘကြီးစွန်း... ကျွန်တော် ကျင့်ကြံခြင်းလမ်းစဉ်ကို စိတ်မဝင်စားပါဘူး"
ချန်ရွှင်က ထိုစာအုပ်ကို ဂရုမစိုက်ပေ။ "အသက်ရှင်ဖို့ကသာ အဓိကပါ"
"ငါ့သားသာ မင်းလို စိတ်ဓာတ်မျိုး ရှိခဲ့ရင် ကောင်းမှာပဲ..."
ဘကြီးစွန်း၏ မျက်လုံးများ မှုန်မှိုင်းသွားပြီး သက်ပြင်းချလိုက်သည်။
"ငါ့မှာ မင်းကို ပေးစရာ ဒါပဲ ရှိတယ် ယူထားလိုက်ပါကွာ"
"ဟုတ်ကဲ့"
ချန်ရွှင် ခေါင်းညိတ်လိုက်သည်။
"နွားကြီး... ဟဲ ဟဲ... ချန်ရွှင်လေးနဲ့ ကောင်းကောင်းနေနော်။"
ဘကြီးစွန်းက နွားနက်ကြီးကို ချစ်ခင်စွာ ကြည့်ရှုလိုက်သည်။
"ငါ တိရစ္ဆာန်တွေ အများကြီး တွေ့ဖူးပေမယ့် မင်းလောက် ဉာဏ်ကောင်းတာ တစ်ကောင်မှ မတွေ့ဖူးဘူး ကောင်းကင်ဘုံက သက်ရှိတွေကို ကြင်နာတတ်ပါတယ် မင်းတို့ကို ကာကွယ်ပေးမှာပါ"
"မွန်း... မွန်း..." နွားနက်ကြီး ခေါင်းညိတ်ပြသည်။
"ဘကြီးစွန်း... စိတ်ဓာတ်ကျစရာတွေ မပြောပါနဲ့ဗျာ သမားတော်တွေက ပြောတယ်... စိတ်ပျိုရင် ကိုယ်နုတယ်တဲ့"
ချန်ရွှင်က ဘကြီးစွန်း၏ လက်ကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။ အေးစက်လွန်းလှသော အထိအတွေ့က ချန်ရွှင်၏ နှလုံးသားထဲအထိ စိမ့်ဝင်သွားလေတော့သည်။
"ချန်ရွှင်..."
"ဗျာ... ဘကြီးစွန်း"
"ကျေးဇူးတင်ပါတယ်ကွာ"
ဘကြီးစွန်း နွေးထွေးစွာ ပြုံးလိုက်သည်။ ချန်ရွှင်နှင့် နွားနက်ကြီးကို စူးစိုက်ကြည့်နေသည်။ သူတို့၏ မျက်နှာများကို ဘဝဆက်တိုင်း မမေ့နိုင်အောင် မှတ်သားထားချင်သယောင် ရှိလှ၏။
"သွားကြတော့... ငါ နားချင်ပြီ"
"ဟုတ်ကဲ့... နွားကြီး လာ၊ ဆေးသွားကျိုရအောင်"
"မွန်း "
ချန်ရွှင်နှင့် နွားနက်ကြီး အခန်းထဲမှ အမြန်ထွက်လာပြီး ခြံထဲတွင် ဆေးကျိုကြသည်။ သူတို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြ သည်။
နောက်တစ်နေ့တွင်...
ဆောင်းလေအေးများ တိုက်ခတ်နေပြီး ခြံထဲမှ မက်မွန်ပင်အိုကြီးထံမှ ရွက်ဝါများ ကြွေကျနေသည်။ ဘကြီးစွန်းခိုင်လဲ့သည် သူ၏ အခန်းထဲတွင် ငြိမ်းချမ်းစွာဖြင့် လောကကြီးကို စွန့်ခွာသွားခဲ့လေပြီ။
လမ်းမပေါ်တွင်...
နွားနက်ကြီးသည် လှည်းတစ်စီးကို ဆွဲလာသည်။ လှည်းပေါ်တွင် အခေါင်းတစ်လုံး ပါရှိသည်။ ချန်ရွှင်သည် အနောက်မှ တွန်းပေးရင်း လိုက်ပါလာသည်။ သူ့၏ မျက်နှာသည် ခံစားချက်မဲ့နေ၏။ လမ်းသွားလမ်းလာများက မျက်မှောင်ကြုတ်ကာ နိမိတ်မရှိဟု ဆိုပြီး ဝေးဝေးရှောင်သွားကြသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် အခြားသူများ၏ အကြည့်များကို ဂရုမစိုက်ဘဲ မြို့ပြင်သို့ ဦးတည်သွားကြသည်။ လှည်းကို ဂရုတစိုက် ထိန်းသိမ်းမောင်းနှင်သည်။ အနည်းငယ်မျှပင် မလှုပ်ခါစေရပေ။
ချန်ရွှင်သည် မြေကောင်းရာ အရပ်တစ်ခုကို ရွေးချယ်ပြီး ဘကြီးစွန်းကို မြှုပ်နှံလိုက်သည်။ ကျောက်တိုင်တွင် ကျေးဇူးရှင် ဆရာသခင် - စွန်းခိုင်လဲ့၏ အုတ်ဂူ ဟု ရေးထိုးထားသည်။ လေအေးများ တိုက်ခတ်နေပြီး စက္ကူပန်းများ လွင့်ပျံနေသည်။ ဆွေးမြေ့ဖွယ်ရာ အငွေ့အသက်များ လွှမ်းခြုံထား၏။ ချန်ရွှင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ဦးညွှတ်လိုက်သည်။ ထို့နောက် တိတ်ဆိတ်စွာဖြင့် မြို့ထဲသို့ ပြန်လာခဲ့ကြသည်။ သူတို့၏ ကျောပြင်များသည် တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွားလေတော့သည်။
ပန်းပဲဆိုင်သို့ ပြန်ရောက်သောအခါ သူတို့ အကြာကြီး ငေးငိုင်နေမိကြသည်။ ကုလားထိုင်လေးမှာ လွတ်နေပြီ ဖြစ်သည်။
"ကိစ္စမရှိပါဘူး နွားကြီးရာ... ငါတို့ ဝမ်းသာသင့်ပါတယ်"
"မွန်း "
"ငါတို့သာ မရှိရင် ဘကြီးစွန်း ဘယ်လိုလုပ်မလဲ သူ့အလောင်းကို မြေမြှုပ်ပေးမယ့်သူတောင် ရှိမှာ မဟုတ်ဘူး"
"မွန်း "
"ငါတို့ ဒီနှစ်တွေမှာ ပန်းပဲဆိုင်ကို ကောင်းကောင်း လည်ပတ်နိုင်ခဲ့တယ် ဘကြီးစွန်းလည်း ပျော်ရွှင်ခဲ့ရတယ် မဟုတ်လား"
"မွန်း "
"အဲဒါ ပြောတာပေါ့ ငါတို့ ကုသိုလ်တွေ အများကြီး လုပ်ခဲ့တာပဲ လာ... ပျော်ပျော်နေကြစို့ ဟား ဟား ဟား။"
"မွန်း... မွန်း... မွန်း... "
သူတို့၏ ရယ်သံများက စို့နင့်နေသယောင်ယောင်ပင်။ ဆိုင်ခန်းလေးထဲကို တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးသွားပြန်၏။ ချန်ရွှင်၏ စကားများသည် နွားနက်ကြီးကို နှစ်သိမ့်နေခြင်းလော၊ သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းလော မဝေခွဲတတ်တော့ပေ။
"ဟိုက် "
ချန်ရွှင် ရုတ်တရက် ခေါင်းကို ပုတ်လိုက်သည်။ တစ်ခုခု မှားနေပြီ။
"မွန်း " နွားနက်ကြီးက ဘာဖြစ်တာလဲဟူသော အကြည့်ဖြင့် ကြည့်သည်။
"နွားကြီး... ငါတို့ အလိမ်ခံလိုက်ရပြီ"
ချန်ရွှင် အံကြိတ်ကာ ပြောသည်။
"အဲဒီ သမားတော်က ငါတို့ စိတ်ပူနေတာကို အခွင့်ကောင်းယူပြီး ဆေးဖိုးတွေ လျှောက်တောင်းလိုက်တာ သေချာတယ်"
သူ ရင်ထုမနာ ဖြစ်နေသည်။ အတတ်ပညာတွေ အကုန်သင်ပြီးမှ ဆေးပညာကို အဘယ်ကြောင့်မသင်ခဲ့ရသနည်း။ တောင်ပေါ်ရွာလေးမှာတုန်းက သမားတော်မရှိဘဲ တိုင်းရင်းဆေးနည်းလောက်သာ ရှိခဲ့သဖြင့် ယခုလိုအခြေအနေမျိုး ကြုံရလိမ့်မည်ဟု မထင်ခဲ့မိ။
မှားယွင်းခဲ့လေပြီ။
နွားနက်ကြီး လန့်ဖျပ်သွားပြီး ချန်ရွှင်ကို တွန်းလိုက်သည်။
"အရင်ဆုံး ပိုက်ဆံရအောင် ပန်းပဲထုကြတာပေါ့ ဒီနှစ်ထဲမှာ အကြွေးတွေ အများကြီး တင်နေပြီ"
ချန်ရွှင်၏ မျက်လုံးများသည်စိတ်အားထက်သန်မှုဖြင့် တောက်ပလာကြသည်။ သမားတော်ဆိုသည်မှာ ဝင်ငွေကောင်းသော အလုပ်ပင်။ ပြီးတော့ နေရာအနှံ့ လှည့်လည်သွားလာတဲ့အခါ ထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်တာမို့ ဆေးပညာ တတ်ထားရင် မမှားပေ။ သူ ပန်းတိုင်သစ် တစ်ခု တွေ့သွားလေပြီ။
"မွန်း "
နွားနက်ကြီးမှာလည်း မျက်လုံး အရောင်တောက်သွားသည်။ ချန်ရွှင်သာ ဆေးပညာ တတ်ရင် ကိုယ့်ဘာသာ ကုလို့သည်။ လူတွေ အလကားနေရင်း သေစရာ မလိုတော့ပေ။ နွားနက်ကြီး၏ ထောက်ခံသော အကြည့်ကို မြင်သောအခါ ချန်ရွှင် ပြုံးလိုက်မိသည်။ စောစောက ဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီ။ ဘဝဆိုသည်မှာ မရေရာမှုတွေ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမှ စိတ်ဝင်စားဖို့ ကောင်းသည်မဟုတ်လား။
"နွားကြီး... အလုပ်စမယ်"
"မွန်း "
ပန်းပဲဆိုင်လေးထဲမှ တူထုသံများ ပြန်လည် ထွက်ပေါ်လာသည်။ ယခုအခါ ချန်ရွှင်၏ အင်အားထိန်းချုပ်မှုမှာ အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပုရွက်ဆိတ်တစ်ကောင်ကို လက်ညှိုးဖြင့် ထောက်လိုက်လျှင် ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ခေါင်းကိုသာ ဖြုတ်ပစ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေသည်။
ဆိုင်ထဲမှ ပုရွက်ဆိတ်အုံများ ကပ်ဆိုက်ကုန်ကြသည်။ ခေါင်းပြတ်အကောင်များ ထားရစ်ခဲ့ကာ အုံလိုက်ကျင်းလိုက် ပြောင်းရွှေ့ကုန်ကြရ သည်။
ချန်ရွှင်၏ ပန်းပဲဆိုင်သည် ရပ်ကွက်ထဲတွင် နာမည်ကြီးလာသည်။ ဈေးနှုန်းမှန်ကန်ပြီး လက်ရာကောင်းသဖြင့် လူတိုင်း သဘောကျကြသည်။
အောင်သွယ်တော်များပင် ရောက်လာကြသည်။ ချန်ရွှင်၏ ဗိုက်ကြွက်သား ၁၆ မြောင်းကို မြင်ပြီး သူတို့တောင် ရင်ခုန်ချင်ချင် ဖြစ်သွားကြသည်။ ချန်ရွှင်ကမူ အေးစက်စွာ ပြုံးပြီး ပြောလေ့ရှိသည်။
"နှစ်ပေါင်းများစွာ ပန်းပဲထုလာတဲ့ ကျွန်တော့်ရဲ့ နှလုံးသားဟာ လက်ထဲက သံတူလိုပဲ အေးစက်မာကျောနေပါပြီ မိန်းမဆိုတာ အလုပ်ကို နှေးစေတဲ့ အရာသက်သက်ပါပဲ"
ဤစကားကြောင့် ပျိုမဒီလေးများစွာ ကြေကွဲခဲ့သည်။ သို့သော်လည်း သူတို့စိတ်ထဲတွင်တော့ ကိုကြီးချန်ရွှင်က တကယ့်ယောက်ျားပီသတာပဲ... စကားပြောတာတောင် မိုက်နေတုန်း ဟု တွေးနေကြဆဲပင်။ တစ်နှစ်ကြာသောအခါ ချန်ရွှင် အကြွေးအားလုံး ကျေသွားပြီး ပိုက်ဆံအနည်းငယ် စုမိလာသည်။ ဤနှစ်လည်း စွမ်းရည်မှတ်ကို အမြန်နှုန်း မှာပင် ပေါင်းထည့်လိုက်သည်။
မိုးလင်းစ အချိန်တွင် လမ်းမပေါ်၌ လူသူကင်းမဲ့နေ၏။
သူတို့သည် ဆိုင်ကို သန့်ရှင်းရေးလုပ်ပြီး ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များကို နွားနက်ကြီး ကိုယ်ပေါ် တင်လိုက်သည်။
"နွားကြီး... သွားကြစို့"
"မွန်း "
ဆိုင်တံခါးကို သေချာ ပိတ်လိုက်သည်။ မြေဂရန်က သူတို့ပိုင်သောကြောင့် မရောင်းမချင်း နောက်တစ်ခါ ပြန်လာကြည့်လို့ ရသေးသည်။
"သွားမယ်"
ချန်ရွှင် နောက်ဆုံးအနေဖြင့် လမ်းမကြီးကို တစ်ချက်ကြည့်ပြီး ပေါ့ပါးစွာ ပြုံးလိုက်သည်။
"မွန်း မွန်း "
နွားနက်ကြီး ပျော်ရွှင်စွာ အော်မြည်လိုက်သည်။ ဤနေ့ ချန်ရွှင်က သူ့ကို သစ်သားရုပ် ဝယ်ပေးမည်ဟု ပြောထားသည်မဟုတ်ပါလား။ ပြီးတော့ ဆုတောင်းမီးပုံး လွှတ်ကြဦးမည်။ ဘဝဆိုသည်မှာ ယခုလို အမှတ်တရလေးများ ရှိမှ နေပျော်ခြင်းဖြစ်သည်။
ဂလောင် ဂလောင်
နွားနက်ကြီး လမ်းလျှောက်လိုက်တိုင်း ခေါင်းလောင်းသံလေးများ ထွက်ပေါ်နေသည်။ သူတို့နှစ်ဦး တဖြည်းဖြည်း အဝေးကိုပျောက်ကွယ်သွားကြလေတော့သည်။
နေထွက်လာချိန်တွင် လူများက ပန်းပဲဆိုင် ပိတ်ထားသည်ကို တွေ့လိုက်ကြရသည်။ ဆိုင်ရှင် ဘယ်ရောက်သွားမှန်း မသိတော့ပေ။ အားလုံးက နှမြောတသ ဖြစ်ကုန်ကြသည်။ ဒီလိုမှန်းသိရင် သံထည်ပစ္စည်းတွေ ကြိုဝယ်ထားပါတယ် ဟု ညည်းတွားကြလေသည်။ ချန်ရွှင်၏ ဆိုင်ပိတ်သွားသည်ကို သိသည်နှင့် တခြားပန်းပဲဆိုင်များမှာ ထီအကြိမ်ကြိမ်ပေါက်သလို ပျော်ရွှင်သွားကြလေသည်။
အခန်း (၁၀)
ယနေ့သည် နောက်ထပ် နှစ်တစ်နှစ်၏ နှစ်ကုန်ရက် ဖြစ်သည်။ ဖန်းနင်မြို့တော်၏ ညချမ်းသည် သူတို့ စရောက်တုန်းကလိုပင် စည်ကားသိုက်မြိုက်နေသည်။ ချန်ရွှင်သည် အသစ်အဆန်း မမြင်ဖူးသူပမာ ဟိုကြည့်ဒီကြည့် လုပ်နေပြီး နွားနက်ကြီးကို ဆွဲကာ လမ်းမပေါ် လျှောက်သွားနေသည်။ လက်ထဲတွင် မုန့်များ ကိုင်ဆောင်ထားသည်။ ပိုက်ဆံရှိလာပြီမို့ သုံးစရာရှိတာ သုံးရပေမည်။
"ရော့... မင်းတစ်ကိုက် ငါ တစ်ကိုက်"
ဘေးမှလူများက လူတစ်ယောက်နှင့် နွားတစ်ကောင် မုန့်ခွဲစားနေသည်ကို ကြည့်ပြီး သဘောကျကာ ရယ်မောနေကြသည်။
သို့သော် ဤတစ်ခါ ပြဿနာ နည်းနည်း ရှိနေသည်။ မျက်လှည့်ပြပွဲ ရောက်တော့ နွားနက်ကြီးက ဘယ်လိုဆွဲဆွဲ မပါတော့ပေ။ သူ အားရပါးရ ကြည့်ပြီးမှ ဆက်သွားလို့ သည်။ နွားနက်ကြီး စိတ်ထဲတွင်တော့ ကျင့်ကြံသူများက သူတို့ကို ဖျော်ဖြေနေသည်ဟု ထင်နေတုန်းပင်။ သဘောကျလွန်း၍ မွန်း ခနဲ အော်လိုက်သေးသည်။
"ဦးလေး... ကျွန်တော်တို့ကို မှတ်မိသေးလား"
ချန်ရွှင်က လမ်းဘေးဆိုင်လေး တစ်ဆိုင်ရှေ့ ရောက်တော့ ပြုံးပြီး မေးလိုက်သည်။ "သစ်သားရုပ် လာဝယ်တာ"
ဆိုင်ရှင်ဘေးတွင် ကလေးတစ်ယောက် ထိုင်ပြီး သစ်သားရုပ်လေးနဲ့ ဆော့နေသည်။ ဆိုင်နေရာက ပြောင်းသွားသော်လည်း ယခင်နေရာနှင့် သိပ်မဝေးချေ။
"ဟေ... ကောင်လေး ပါလား"
ဆိုင်ရှင် ခဏ ကြောင်သွားပြီးမှ သတိရသွားသည်။ ဆန်နဲ့ သစ်သားရုပ် လဲသွားတဲ့ ကောင်လေးပဲ။
"ဟား ဟား... မင်း လုံးဝ မပြောင်းလဲဘူးနော်"
"နွားရုပ် ရှိလား နှစ်ရုပ်လောက် လိုချင်လို့"
"ရှိတာပေါ့ "
ဆိုင်ရှင်က ပြုံးပြီး ပေးသည်။ အသက်ဝင်နေသော နွားရုပ်နှစ်ရုပ် ထွက်လာသည်။ အနာအဆာ မပါပေ။
"ရော့ ကောင်လေး"
ချန်ရွှင် ပိုက်ဆံရှင်းပြီးနောက် နွားရုပ်ကို နွားနက်ကြီးရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ နွားနက်ကြီး လိုချင်လွန်း၍ ခုန်စွခုန်စွ ဖြစ်နေသည်။ ချန်ရွှင်က သဘောကျစွာ ရယ်မောလိုက်လေသည် ထို့နောက် မြစ်ကမ်းနားတွင် ဆုတောင်းမီးပုံး လွှတ်ကြသည်။ ဤတစ်ခါတော့ နွားနက်ကြီးက သူ့ဆုတောင်းစာကို ချန်ရွှင် မမြင်ရအောင် ကိုယ်လုံးဖြင့် ကွယ်ဝှက်ထားလေသည်။ ချန်ရွှင်နှင့် နွားနက်ကြီးသည် ဆေးခန်းများ ပေါများရာ ဖန်းနင်မြို့ တောင်ဘက်ပိုင်းသို့ ထွက်ခွာလာခဲ့ကြသည်။ ပန်းပဲဆိုင်ရှိရာ မြောက်ဘက်ပိုင်းနှင့်ဆိုလျှင် ခြေကျင်လျှောက်ပါက ရက်အတော်ကြာ ဝေးကွာလှသည်။
နှစ်ရက်အကြာတွင် ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာသည်။ ဆိုင်းဘုတ်တွင် ဖိန်ထိုက် ဆေးခန်း ဟု ရေးထားသည်။ ဘေးနှစ်ဖက်တွင် စာကပ်ထားသည်။
သတ္တဝါအပေါင်းကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဆေးခန်းကိုမည်သူမျှရောက်မလာကြပါစေနဲ့။
ဆေးခန်းတွင် လူများ ဝင်ထွက်သွားလာနေကြသည်။ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ဖိန်ထိုက်ဆေးခန်းမှ သမားတော်များသည် နာမည်ကြီးပြီး ဇီဝက များဟု တင်စားခေါ်ဝေါ်ခြင်း ခံသည်။ ဆိုင်ထဲတွင် အလုပ်သမားများ ဆေးထုပ်ရန် အလုပ်ရှုပ်နေကြသည်။ သမားတော်များက လူနာများကို ကုသပေးနေကြပြီး နာကျင်စွာ အော်ဟစ်သံများ ရံဖန်ရံခါ ကြားနေသည်။
"နွားကြီး... ငါ အခြေအနေ သွားကြည့်လိုက်ဦးမယ် မင်းကို အပြင်မှာ ခဏ ချည်ထားခဲ့မယ်နော် မင်းက အကောင်ကြီးနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရမယ်"
ချန်ရွှင် လေးလေးနက်နက် မှာကြားလိုက်သည်။
"တကယ်လို့ လူစိမ်းတစ်ယောက်ယောက်က မင်းကို လာဆွဲရင် ကျယ်ကျယ် အော်လိုက် ပြီးရင် ခြေထောက်နဲ့ ကန်ပစ်လိုက် သို့သော် အရမ်းကြီး အားမထည့်နဲ့နော်"
"မွန်း "
နွားနက်ကြီး ခေါင်းညိတ်သည်။ စိတ်ချပါ... ငါ ဒီလောက်မတုံးပါဘူး ဆိုသည့် အကြည့်ဖြင့် ကြည့်သည်။
"ညီလေး... ဘာဝယ်မလို့လဲ" ဆိုင်ဝန်ထမ်းတစ်ဦးက မေးသည်။
"ဆရာနင်... နင်ဆစ် ကိုရှာ ချင်လို့ပါ"
ချန်ရွှင် လက်သီးဆုပ်ကာ ပြောလိုက်သည်။ နင်ဆစ်က ဤဆေးခန်း၏ ပိုင်ရှင်ဖြစ်ပြီး သဘောထား ပြည့်ဝသူ၊ စေတနာရှင် တစ်ဦးဖြစ်ကြောင်း သူ စုံစမ်းထားသည်။
"ညီလေးက ကျုပ်ကိုလာရှာတာလား"
နင်ဆစ်က တခြားအခန်းကနေ ထွက်လာသည်။ အနက်ရောင်ဆံပင်များကို စုစည်းထားပြီး နှုတ်ခမ်းမွေး ကားကားဖြင့် တည်ကြည်ခန့်ညားသည်။ မျက်လုံးများက ရီဝေဝေ ၊ ကရုဏာမျက်ဝန်းမျိုးဖြစ်သည်။ ချန်ရွှင်အမြင်အရတော့ ဤလူက ကျန်းမာရေး လိုက်စားသူဖြစ်ပြီး ရှိရင်းစွဲအသက်ထက်ပိုကြီးပုံသည်။
"ဆရာနင်... ကျွန်တော် ဆေးပညာ လာသင်တာပါ"
ချန်ရွှင် လက်သီးဆုပ်လိုက်ချိန်တွင် အင်္ကျီလက်စ အနည်းငယ် လန်တက်သွားပြီး ကျစ်လျစ်သော ကြွက်သားများ ပေါ်လာသည်။ နင်ဆစ် မျက်ခုံးလှုပ်သွားသည်။ တော်တော် တောင့်တင်းတဲ့ ခန္ဓာကိုယ်ပဲ။
"ဟဲ ဟဲ... ကျုပ်က လောလောဆယ် တပည့်လက်မခံသေးဘူး ညီလေး တခြားဆိုင်မှာ သွားစုံစမ်းကြည့်ပါလား"
နင်ဆစ်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။
"ဆရာနင်... ကျွန်တော်က တကယ် စိတ်ပါလက်ပါ သင်ချင်တာပါ ပင်ပန်းတာလည်း ခံနိုင်ပါတယ်"
ချန်ရွှင် မျက်လုံးထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
"ကျွန်တော့်ကို အောက်ခြေသိမ်း အလုပ်သမားအဖြစ် လက်ခံရင်လည်း ရပါတယ် ပညာသင်ရရင် ပြီးတာပါပဲ"
"ဟူး..."
နင်ဆစ် တွေဝေသွားသည်။ ရုတ်တရက် အပြင်ဘက်မှ "မွန်း မွန်း " ဟု အော်သံကြီး ကြားလိုက်သည်။ အားလုံး လန့်ဖြန့်သွားကြသည်။ ချန်ရွှင်လှစ်ခနဲ အပြင်သို့ ပြေးထွက်သွားသည်။
ဖျတ်လတ်လိုက်တာ... နင်ဆစ် ချီးကျူးလိုက်မိသည်။ သူလည်း ဘာဖြစ်တာလဲ သိချင်သဖြင့် အပြင်သို့ ထွက်ကြည့်လိုက်သည်။
"ငါ့နွားက ခေါင်းမာလိုက်တာကွာ ဘယ်လိုဆွဲဆွဲ မပါဘူး"
လူမိုက်တစ်ယောက်က ရယ်ကျဲကျဲ လုပ်ကာ ဘေးမှ လူများကို ရှင်းပြနေသည်။ သူ မျက်နှာပျက်နေသည်။ နွားတစ်ကောင်က ဤမျှလောက် အားသန်မည်ဟု မထင်ထားခဲ့။
"မွန်း မွန်း "
နွားနက်ကြီး ဒေါသတကြီး အော်ဟစ်နေသည်။ ခြေထောက်နှင့်ကန်ရန် လုပ်နေစဉ် ချန်ရွှင် ထွက်လာသည်ကို တွေ့လိုက်ရသဖြင့် အားကိုးတကြီး အော်လိုက်သည်။
"ဘာလုပ်တာလဲ ဒါ ငါ့နွား "
ချန်ရွှင် မျက်လုံးပြူးကာ အော်ဟစ်လိုက်သည်။ "လွှတ်စမ်း "
"မင်းနွားလို့ ပြောတာနဲ့ မင်းနွား ဖြစ်ရောလား"
လူမိုက်က မထီမဲ့မြင် ပြုံးလိုက်ပြီး ချန်ရွှင်ကို ခြေဆုံး၊ ခေါင်းဆုံး ကြည့်လိုက်သည်။ ချာတိတ်ကလေးပါလား။
"ဒါဆို ခင်ဗျားက လူပါးဝချင်တာပေါ့လေ"
"ဟက် ရယ်ရတယ်ကွာ... ဒါ ငါ့အိမ်က နွားနက်ကြီးကွ မင်းက ငါ့ကို ပြန်ချချင်သေးတာလား"
လူမိုက်က တံတွေးကိုထွီခနဲထွေးသည်။ ထို့နောက်သူက နဖားကြိုးကို လွှတ်လိုက်ပြီး အင်္ကျီလက်မောင်းကို ပင့်တင်လိုက်သည်။ ဓားမြှောင်တစ်ချောင်းကို လှစ်ခနဲထွက်ပေါ်လာ၏။ ဤနေရာမှာ သူ ဗိုလ်ကျလာသည်မှာ ကြာပြီ။ ယခုလို ကောင်စုတ်လေးလောက်ကတော့ ပါးပါးလေးပင်။
"ခင်ဗျားတို့ အားလုံး ကြားတယ်နော်... ဒီလူက လူပါးဝနေတာ"
ချန်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အော်ပြောလိုက်သည်။ ခါးကြားမှ တောင်ဖြိုပုဆိန် ၃ လက်ကို မတော်တဆလိုလို လှစ်ပြလိုက်သည်။ လူမိုက် ခြေလှမ်းတုံ့သွားသည်။ မျက်လုံးများ မှေးကျဉ်းသွား၏။ ဘာကြီးပါလိမ့်။
ချန်ရွှင် ရှေ့တစ်လှမ်းတိုးပြီး အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သည်။ ဗိုက်ကြွက်သား ၁၆ မြောင်း ပေါ်လာသည်။ သံမဏိဖြင့် ပုံသွင်းထားသကဲ့သို့ မာကျောကြံ့ခိုင်လှသည်။
ဘေးမှ လူများ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
"နေ... နေပါဦး ညီလေး ငါ သေချာ ပြန်ကြည့်လိုက်တော့ ငါ့နွား မဟုတ်ဘူးပဲ ဟဲ ဟဲ..."
လူမိုက် တဆတ်ဆတ်တုန်သွားသည်။
"သွား... သွားလိုက်ပါဦးမယ်"
"နေပါဦး မသွားပါနဲ့ဦး..."
ချန်ရွှင် ရုတ်တရက် အော်ဟစ်လိုက်ပြီး ဒုံးစိုင်းပြေးဝင်သွားသည်။ အရိပ်တစ်ခု ဖြတ်သွားသလို မြန်ဆန်လွန်းလှသည်။ သဲအိတ်လောက်ရှိသော လက်သီးကြီးက လူမိုက်မျက်နှာတည့်တည့်သို့ ဝင်သွားလေသည်။
"အားးး ကြောက်ပါပြီ…..ကယ်ကြပါဦး….တော်ပါတော့ဗျ "
လမ်းမပေါ်တွင် လူမိုက်၏ အော်ဟစ်သံများ လွှမ်းမိုးသွားသည်။ မြေပြင်ပေါ် လူးလိမ့်နေပြီး တောင်းပန်နေသည်။ နွားနက်ကြီးက ဘေးကနေ တံတွေးကိုထွီခနဲထွေးလိုက်၊ ချန်ရွှင်က ကန်လိုက်နှင့် အတော် ၀ရုန်းသုန်းကားဖြစ်နေသည်။ လူမိုက် စိတ်အနာကြီးနာသွားသည်။ တစ်ကိုယ်လုံး ကြေမွမတတ် နာကျင်နေသည်။ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်နေပြီး တကိုယ်လုံး တံတွေးနံ့များ နံစော်နေသည်။ ဤကောင်လေးကို သူ့လူများနှင့်ရင်ဆိုင်လျှင်ပင်နိုင်မည်ပုံမရပေ။ အင်အားက ကြောက်ခမန်းလိလိကြီးလွန်းသည်။
"ကောင်းတယ် ကောင်းတယ် " "ဒီကောင် အကန်ခံရတာ နည်းတောင် နည်းသေး " "တနေ့တနေ့ အလုပ်မလုပ်ဘဲ အားနည်းသူတွေကိုအနိုင်လိုက်ကျင့်နေတာ…"
...
ပတ်ဝန်းကျင်မှ လူများ လက်ခုပ်တီး အားပေးကြသည်။ သူတို့ မလုပ်ရဲတာကို ဤလူငယ်လေးက ဝင်လုပ်ပေးလိုက်ခြင်းပင်။
"မွန်း မွန်း " နွားနက်ကြီးက ချန်ရွှင်ကို လာခွေ့သည်။ ချန်ရွှင်ရှိမှ သူ စိတ်လုံခြုံမှု ရရှိသည်။
"ကိစ္စမရှိပါဘူး နွားကြီးရာ... ငါ ရှိပါတယ်"
ချန်ရွှင် နွားနက်ကြီး၏ ခေါင်းကို ဖက်ထားရင်း လူမိုက် ပြေးသွားရာ လမ်းကို အေးစက်စွာ လှမ်းကြည့်နေသည်။ ရုတ်တရက် သူ နင်ဆစ်ဘက်ကို လှည့်ကြည့်လိုက်သည်။ နင်ဆစ် ကြက်သီးမွေးညှင်းများ ထသွား သည်။ ဤကောင်လေးက ပုဆိန် ၃ လက်၊ ကြွက်သား ၁၆ မြောင်းနဲ့... တကယ်ရော ဆေးပညာ လာသင်တာ ဟုတ်ပါရဲ့လား။
"ဆရာနင်... ကျွန်တော့်ကို လက်ခံပေးပါ ဖိန်ထိုက်ဆေးခန်းမှာ အောက်ခြေသိမ်း လုပ်ရလည်း ရပါတယ် ကျွန်တော့်အိမ်က နွားနက်ကြီးလည်း ကူလုပ်ပေးပါလိမ့်မယ်"
ချန်ရွှင် ခေါင်းငုံ့ကာ ရိုကျိုးစွာ ပြောလိုက်သည်။
"မွန်း မွန်း " နွားနက်ကြီးလည်း ဝင်ပြီး တောင်းဆိုသည်။
"ဆရာနင်... လက်ခံလိုက်ပါဗျာ ဒီလောက် ရိုးဖြောင့်တဲ့ လူငယ်လေးမျိုးကရှားပါတယ်"
"ဟုတ်တယ် ဆရာနင် ကောင်လေးက သနားစရာပါ နွားတစ်ကောင်တည်းနဲ့ မြို့တက်လာပြီး အလုပ်လိုက်ရှာနေတာ"
...
ဘေးနားက လူများကလည်း ချန်ရွှင်ဘက်ကနေ ဝိုင်းဝန်းပြောဆိုပေးကြသည်။
"ကောင်းပြီလေ... ကျုပ် မင်းကို လက်ခံလိုက်မယ်"
နင်ဆစ် ခေါင်းညိတ်လိုက်သည်။ ဤကောင်လေးက သနားဖို့ ကောင်းသည်။ အပြင်မှာဆိုလျှင် ဟိုလူမိုက်များ ပြန်လာရန်ရှာ မှာစိုးရသည်။ ဆေးခန်းထဲမှာဆိုရင်တော့ မည်သူမျှထိဝံ့မည်မဟုတ်။
"ကျေးဇူးတင်ပါတယ် ဆရာနင်"
ချန်ရွှင် ဝမ်းသာအားရ ပြောလိုက်ပြီး ဝိုင်းပြောပေးသူများကိုလည်း ကျေးဇူးတင်စကား ပြောလိုက်သည်။
"လာ... သွားကြစို့"
နင်ဆစ်က ပြုံးကာ လက်နောက်ပစ်ပြီး ဆေးခန်း နောက်ဖေးဝင်းထဲသို့ ခေါ်ဆောင်သွားလေတော့သည်။