အခန်း (၁၁-၁၂)
Vol. 1 Ch. 11-12
အခန်း (၁၁)
ဆေးပညာဟူသည် ကျယ်ပြန့်နက်ရှိုင်းလှရာ အနည်းငယ်မျှ ပေါ့ဆ၍မရပေ။ ဦးစွာ ဆေးဖက်ဝင်အပင်များကို ခွဲခြားသိရှိခြင်းမှ စတင်ရမည်ဖြစ်သည်။ နင်စစ်သည် ချန်ရွှင်အား ဆေးပင်မှတ်တမ်းစာအုပ်တစ်အုပ် ပေးအပ်လိုက်ပြီး နောက်ဖေးခြံဝင်းရှိ ဆေးပင်များနှင့် တစ်ပင်ချင်း တိုက်ဆိုင်စစ်ဆေးကာ အလွတ်မှတ်သားစေသည်။
အကယ်၍ ဤအဆင့်ကိုမျှ မကျော်ဖြတ်နိုင်ပါက ချန်ရွှင်အနေဖြင့် ဆေးခန်းတွင် အလုပ်ကြမ်းလုပ်ရန်ပင် အရည်အချင်းမမီဟု ဆိုရပေမည်။ သို့သော် သူသည် မိမိကိုယ်ကို ဦးနှောက်ပြေးသည်ဟု ယူဆထားသူဖြစ်ရာ တစ်ဖက်တွင် နွားနက်ကြီးကို ဆေးပင်များ ခွဲခြားတတ်အောင် သင်ကြားပေးရင်း တစ်ဖက်တွင် မိမိဘာသာ ပြန်လည်လေ့လာမှတ်သားလေသည်။ သို့ရာတွင် အရှိတရား၏ ရက်စက်မှုက ချန်ရွှင်ကို ကောင်းစွာ ပညာပေးလိုက်လေသည်။ ဆေးပင်အမျိုးအစားပေါင်း များစွာရှိရာ တိကျစွာ ခွဲခြားနိုင်ရေးမှာ ကြက်တူရွေးနှုတ်တိုက် အလွတ်ကျက်ရုံဖြင့် မရနိုင်ပေ။
ညဉ့်နက်သန်းခေါင်အချိန်...
နောက်ဖေးခြံဝင်းအတွင်း ဖယောင်းတိုင်မီးတစ်တိုင် ထွန်းညှိထားပြီး လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ မီးရောင်အောက်တွင် စာကျက်နေကြသည်။
"နွားကြီး... မင်းဦးနှောက်ကလည်း သိပ်မပြေးပါလား" ချန်ရွှင်က တဟားဟားရယ်မောလိုက်သည်။ သူ့စိတ်ထဲတွင်မူ ချက်ချင်းပင် ဘက်ညီ ခံစားလိုက်ရ၏။ သူတို့နှစ်ဦး၏ အခြေအနေမှာ သရေကျနေပြီ ဖြစ်သည်။ ချန်ရွှင်အတွက် လောကတွင် အနာကျင်ရဆုံးကိစ္စမှာ သူစာမရခြင်းမဟုတ်၊ နွားကြီးစာရသွားပြီး သူက မရသေးဘဲ ကျန်ရစ်နေမည့် အဖြစ်ဆိုးပင် ဖြစ်သည်။
"မွန်း မွန်း" နွားနက်ကြီးမှာ ဒေါသထွက်သွားပြီး မျက်လုံးအဝိုင်းသားဖြင့် ချန်ရွှင်ကို ခေါင်းဖြင့်ဝှေ့လေသည်။ အချို့သော စာလုံးများကို သူနားမလည်သဖြင့် ချန်ရွှင် ဘာသာပြန်ပေးမှသာ ရနိုင်မည် မဟုတ်ပါလား။
သို့သော် သူ့စိတ်ထဲတွင် အကြံတစ်ခုရှိနေပြီ ဖြစ်သည်။ ချန်ရွှင် အိမ်သာသွားတက်သည့်အချိန်ကို အခွင့်ကောင်းယူကာ စာများများခိုးကျက်ပြီး ထိုကောင်၏ မောက်မာနေသော မာနကို ရိုက်ချိုးပစ်ရမည်။ ထိုသို့ဖြင့် ဆေးပင်များကို ခွဲခြားလေ့လာရင်း အချိန်များ ကုန်လွန်သွားခဲ့ရာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ချန်ရွှင်သည်လည်း ဖိန်ထိုက်ဆေးခန်း၏ ဝန်ထမ်းဝတ်စုံကို တရားဝင် ဝတ်ဆင်ခွင့် ရရှိသွားခဲ့သည်။
သူ လမ်းလျှောက်သည့်ပုံစံပင် အလွန်သွက်လက်နေပြီး နှုတ်ခမ်းထောင့်စွန်းတွင် အလွန် "မိုက်" သည့် အပြုံးတစ်ခုကို အမြဲချိတ်ဆွဲထားတတ်သည်။
သည်တစ်နှစ်အတွင်း ဆေးပင်အများစုကို သူမှတ်မိခဲ့ပြီ ဖြစ်သည်။ သို့သော် ဆရာနင်စစ်က သူ့ကို ဉာဏ်ကောင်းသည်ဟု မချီးကျူးဘဲ အပင်ပန်းခံနိုင်ပြီး သည်းခံနိုင်သည်ဟုသာ ဆိုသည်။ ချန်ရွှင်သည် ရရှိလာသော 'သက်တမ်းအမှတ်' များကို 'အမြန်နှုန်း' ကဏ္ဍတွင်သာ ထပ်ပေါင်းထည့်လိုက်သည်။ သိုင်းလောကတွင် အမြန်နှုန်းသာ ပဓာနဖြစ်သည်။ ပြေးတာမြန်နေသရွေ့ ဘေးဒုက္ခဟူသရွေ့က သူ့နောက်တွင်သာ ကျန်ရစ်နေပေလိမ့်မည်။
"ဆိုင်ဝန်ထမ်းလေး... ဒေါနပန်း တစ်မတ်သား ပိုင်ဝေမြစ် နှစ်မတ်သား ချိုးရှီကျောက် သုံးမတ်သား ပေးပါ" "ရပြီဗျို့" ချန်ရွှင်က ထူးလိုက်ပြီး ကျွမ်းကျင်လှစွာဖြင့် ဆေးဗီဒိုအသီးသီးမှ ဆေးမြစ်များကို ထုတ်ယူကာ ထုပ်ပိုးပေးလိုက်သည်။
ညဘက် အလုပ်နားချိန်ရောက်သော် ချန်ရွှင်သည် နေကြာစေ့စားရင်း နွားနက်ကြီးနှင့်အတူ ဆေးစာအုပ်များကို ဆက်လက်လေ့လာသည်။ သို့သော် သူ့အကြည့်များက သံသယဖြင့် ပြည့်နှက်လာပြီး နွားနက်ကြီးကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
"နွားကြီး" "မွန်း" နွားနက်ကြီးမှာ တစ်ကိုယ်လုံး တုန်တက်သွားသည်။ သူ့မျက်လုံးများက လိမ်ညာ၍ မရနိုင်ပေ။
"မင်း ခိုးကျက်နေတယ်မလား ငါ စောင့်ကြည့်နေတာ ကြာပြီ" ချန်ရွှင်က မျက်ခုံးပင့်လိုက်သည်။ သည်နွားစုတ်သည် သူ့စည်းကမ်းကို ဖောက်ဖျက်ရဲသည်။ ညဘက်တွင် သူ့ရှေ့၌ ရူးချင်ယောင်ဆောင်နေပြီး နေ့ခင်းဘက် သူအလုပ်ရှုပ်နေချိန်တွင် ခိုးကျက်နေသည်ပေါ့။ သတ္တိရှိလှချည်လား။
"မွန်း မွန်း" နွားနက်ကြီးမှာ ချွေးစေးများပြန်လာပြီး ငြင်းဆန်နေသော်လည်း မျက်လုံးများက အမှန်တိုင်း ဖော်ပြနေသည်။
"ဒီည မင်း စာကြည့်ခွင့် ပိတ်တယ်" ချန်ရွှင်က ကိုယ်ကိုလှည့်ကာ နေကြာစေ့ ဆက်စားလိုက်သည်။ "ဒီလိုလုပ်ရပ်က ဘယ်လောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းလဲဆိုတာ မင်းသိမှ ငါနဲ့အတူ စာပြန်ကြည့်ခွင့်ပေးမယ်"
"မွန်း မွန်း" နွားနက်ကြီးမှာ စိတ်လှုပ်ရှားသွားပြီး ချန်ရွှင်ဘေးတွင် လှည့်ပတ်ကာ တောင်းပန်သည်။ ဖင်ဖြင့် မတော်တဆ တိုက်မိပြီး ချန်ရွှင် လဲကျသွားသေးသည်။ ချန်ရွှင်မှာ မနေသာတော့ဘဲ ခိုးကျက်ခြင်း၏ ဆိုးကျိုးများကို အကျိုးအကြောင်းသင့် ရှင်းပြရတော့သည်။
"မင်း နားလည်လား ငါမရှိတဲ့အချိန် မင်း ဆေးပင်တွေ မှားမှတ်မိသွားရင် ဘယ်လိုလုပ်မလဲ မင်းက စာလည်း အကုန်မတတ်သေးဘူး ဒါက ဆေးဝါးကွ နည်းနည်းလေး မှားတာနဲ့ လူသေနိုင်တယ်"
"မွန်း မွန်း" နွားနက်ကြီးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားလည်ကြောင်း ပြသသည်။ သူနားလည်ပါပြီ။ နောင်တွင် ဘယ်တော့မှ မခိုးကျက်တော့ပါ။
"လာ ဆက်ကြမယ် ဒီဆေးပင်ရဲ့ အာနိသင်ကို ငါပြောပြမယ်" ချန်ရွှင်က စာအုပ်ကို လက်ညှိုးထိုးပြလိုက်ရာ နွားနက်ကြီးလည်း ခေါင်းတိုးဝင်လာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ စိတ်အားထက်သန်စွာဖြင့် ပညာဆက်သင်ကြပြန်သည်။
ဒုတိယနှစ်သို့ ရောက်လေပြီ။ ချန်ရွှင်သည် ဆေးခန်းရှိ သာမန်ဆေးပင်အားလုံးကို အလွတ်ရနေပြီဖြစ်သည်။ သူနှင့် နွားနက်ကြီးတို့သည် ညစဉ်ညတိုင်း စာမေးပွဲစစ်ကြသည်။ တစ်ဖက်က ဆေးပင်ကို ထုတ်ပြလျှင် တစ်ဖက်က နာမည်ပြောရသည်။ ဆရာနင်စစ်ကမူ "မဆိုးဘူး" ဟုသာ ပြောပြီး ထွေထွေထူးထူး တုံ့ပြန်ခြင်း မရှိပေ။ လုပ်စရာ အလုပ်မရှိပါက ချန်ရွှင်သည် သမားတော်ကြီး များဘေးသို့ သွားကာ သူတို့ လူနာစမ်းသပ်ပုံကို အသေအချာ လေ့လာတတ်သည်။ တစ်ခုခု တတ်သွားလျှင်ပင် အမြတ်မလား။ သူ့မှာက အချိန်တွေ ပေါနေသည်ပဲလေ။
ထိုညတွင် ဆရာနင်စစ်က ချန်ရွှင်အား ဆေးသဘောတရား စာအုပ်တစ်အုပ် ပေးလိုက်သည်။ မည်သည့်ဆေးနှင့် မည်သည့်ဆေး ပေါင်းစပ်လျှင် မည်သည့်ရောဂါပျောက်သည်၊ မည်သည့်ဆေးများ ဓာတ်မတည့် စသည်တို့ ပါဝင်သည်။
"တကယ့်ကို နက်ရှိုင်းကျယ်ပြန့်တာပဲ" ချန်ရွှင်၏ မျက်လုံးများ အရောင်တောက်လာသည်။ ကမ္ဘာသစ်တစ်ခု၏ တံခါးပေါက်ကို ဖွင့်လိုက်ရသကဲ့သို့ပင်။ "နွားကြီး ငါတို့က အခုမှ လမ်းစနင်းရုံ ရှိသေးတာကွ"
"မွန်း မွန်း" နွားနက်ကြီးမှာလည်း စာအုပ်ထဲ ဈာန်ဝင်စားနေပြီဖြစ်ရာ မျက်လုံးများ ပြူးကျယ်နေသည်။ အလွန် အံ့သြဖို့ကောင်းပါလား။ ချန်ရွှင်သည် ရလာသော သက်တမ်းအမှတ်များကို အမြန်နှုန်း၌သာ ဆက်ထည့်ပြီး ဆက်လက် လေ့လာကြသည်။
......
ဆောင်းကုန်၍ နွေကူးခဲ့သည်မှာ ငါးနှစ်ပင် ရှိခဲ့ပြီ။ ချန်ရွှင်သည်လည်း အဆင့်မြင့် ဝန်ထမ်းဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားလေပြီ။ သူတို့ ဖိန်ထိုက်ဆေးခန်းသို့ ရောက်ရှိသည်မှာ ခုနစ်နှစ် ရှိခဲ့ပြီဖြစ်သည်။ ချန်ရွှင်သည် နာကျင်မှု၊ ဝမ်းနည်းမှုနှင့် ငိုကြွေးသံပေါင်းများစွာကို မြင်တွေ့ခဲ့ရသည်။ သို့သော် သူ့၏ အကောင်းမြင်တတ်သော စိတ်ဓာတ်ကြောင့် လာရောက်ကုသသော လူနာများအတွက် စိတ်သက်သာရာ ရစေခဲ့သည်။ ဆေးခန်းဝန်ထမ်းများမှာ နှစ်စဉ် ပြောင်းလဲနေသော်လည်း ခါးကြားတွင် ပုဆိန်တစ်လက် အမြဲချိတ်ဆွဲထားပြီး အမြဲပြုံးရွှင်နေတတ်သော လူငယ်လေးကိုတော့ လူတိုင်း မှတ်မိနေကြသည်။
ဆေးခန်း၏ ခန်းမဆောင်ကြီးတစ်ခုတွင် နင်စစ်သည် တည်ငြိမ်သော မျက်နှာဖြင့် ထိုင်နေသည်။ ပထမအကြိမ် တွေ့ဆုံမှုတွင် လူတစ်ယောက်ကို အကဲခတ်မှားနိုင်သော်လည်း ဤခုနစ်နှစ်တာ ကာလအတွင်း သူ အကဲခတ်မမှားခဲ့ပေ။ ချန်ရွှင်သည် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားပြီး ဂိုဏ်းဆရာကြီးများကို ကန်တော့နေသည်။ ထို့နောက် နင်စစ်နှင့် ဆရာကတော်ကို လက်ဖက်ရည် ကမ်းပေးလိုက်သည်။
"ဆရာ ဆရာကတော်" ချန်ရွှင်က ခေါင်းငုံ့ အရိုအသေပြုလိုက်သည်။ မျက်ဝန်းထဲတွင် လေးစားမှုတို့ အပြည့်ရှိနေသည်။
"ချန်ရွှင် သမားတော်ဆိုတာ ဘာလဲသိလား….ရောဂါကုသပြီး လူတွေကို ကယ်တင်တာက ကိုယ့်တာဝန်ပေမယ့်…. ကိုယ်ကျင့်တရားက ပိုအရေးကြီးတယ်" နင်စစ်က မျက်လုံးကို မှေးစင်းကာ ချန်ရွှင်ကို ကြည့်လိုက်သည်။ "အကယ်၍ လမ်းမှာ ဓားပြတစ်ယောက် ဒဏ်ရာအပြင်းအထန် ရနေတာကို မင်းတွေ့တယ်ဆိုပါစို့ အဲဒီလူက အိမ်တွေကို ဖောက်ထွင်းလုယက် မကောင်းမှု ဒုစရိုက်တွေ လုပ်ထားတဲ့လူပဲ သူက မင်းကို အကူအညီတောင်းရင် မင်း ဘယ်လိုလုပ်မလဲ"
ချန်ရွှင် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "ဆရာနင် ကျွန်တော် အမှန်အတိုင်း ဖြေပါရစေ" "ဖြေပါ" "သူ ဒဏ်ရာပြင်းထန်နေပြီဆိုမှတော့ ကျွန်တော်က သူ့ကို အရင်တွေ့မှာ သေချာပါတယ် ဒါပေမယ့် ကျွန်တော် သူ့ကို မကယ်ပါဘူး" ချန်ရွှင် စကားကို ခဏရပ်လိုက်ပြီး မျက်နှာတွင် ဝေခွဲမရဖြစ်မှုတို့ ပေါ်လာသည်။ "နောင်တစ်ချိန် ဒုက္ခမရောက်အောင် ကျွန်တော် ရုပ်ဖျက်ပြီး သူ့ဘေးကနေ ဖြတ်သွားလိုက်ပါမယ်"
နင်စစ်နှင့် ဆရာကတော်မှာ ကြောင်သွားကြသည်။ သည်ကောင်လေးက နောက်ဆက်တွဲ ပြဿနာတွေအထိပါ ထည့်တွက်ထားတာပဲ။
"ကောင်းတယ် ကောင်းတယ်" နင်စစ်က လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ပြုံးလိုက်သည်။ "သမားတော်ဆိုတာ မကောင်းမှု မပြုဘဲ ကိုယ့်မူလစိတ်ရင်း မပျောက်ပျက်ရင် ရပြီ ဆရာက မင်းရဲ့ ရင်ထဲက စကားကို ကြားချင်ရုံပါ"
"ဒီကလေးက တကယ်မဆိုးဘူး အကျင့်စာရိတ္တ ကောင်းပြီး စိတ်သဘောထား ပြည့်ဝတယ်" ဆရာကတော်က ဘေးမှ ဝင်ထောက်ခံသည်။ အကယ်၍ ချန်ရွှင်သာ သူတို့ သဘောကျအောင် ထိုလူဆိုးကို ကယ်ပါမည်ဟု ဖြေခဲ့လျှင် ဟန်ဆောင်လွန်းသူဟု သတ်မှတ်ကာ အထင်သေးမိကြလိမ့်မည်။
"ကောင်းပြီ ဒါဆို မင်းကို တပည့်ရင်းအဖြစ် တရားဝင် လက်ခံလိုက်ပြီ ဆရာ့တစ်သက်မှာ တပည့် နှစ်ယောက်ပဲ လက်ခံခဲ့ဖူးတယ် မင်းက တတိယမြောက်ပဲ" နင်စစ်၏ မျက်နှာက တည်ကြည်လေးနက်သွားသည်။ သူ ချန်ရွှင်ကို စောင့်ကြည့်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ "မင်းက ဉာဏ်အကောင်းဆုံး လူတစ်ယောက် မဟုတ်ပေမယ့် ဆေးပညာအတော်ဆုံး လူတစ်ယောက် ဖြစ်လာမယ်ဆိုတာ ဆရာ ယုံကြည်တယ်"
ဆရာကတော် မျက်လုံးထဲတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။ နင်စစ်က လူတစ်ယောက်ကို ဤမျှ ချီးကျူးသည်ကို သူပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ သမီးဖြစ်သူကိုပင် ဤသို့ မချီးကျူးခဲ့ဖူးပေ။
"ဆရာ မြှောက်ပင့်လွန်းပါပြီ" ချန်ရွှင် မျက်လုံးများက တည်ငြိမ်နေပြီး ခေါင်းငုံ့ကာ အရိုအသေပြုလိုက်သည်။ သို့သော် သူ့နှုတ်ခမ်းထောင့်စွန်းများက ကွေးညွတ်တက်လာပြီး "ငါကွ" ဟူသော အပြုံးမျိုး ပေါ်လာသည်။
ဆရာတင်ပွဲ ပြီးဆုံးပြီးနောက် ချန်ရွှင်သည် နောက်ဖေးခြံဝင်းသို့ ပြန်ရောက်လာသည်။ သူသည် နေကြာစေ့ စားရင်း ခုနက ဖြစ်ပျက်ခဲ့သမျှကို နွားနက်ကြီးအား လေလုံးထွားတော့သည်။ သူ့မျက်လုံးထဲတွင် "ငါအရမ်းမိုက်တယ်" ဆိုသည့် အမူအရာတစ်ခုသာ ရှိတော့သည်။ ဆရာက သူ့ကို ဆေးဧကရာဇ် ဖြစ်မယ့် ဟန်ပန်ရှိကြောင်း၊ ခရမ်းရောင်အရှိန်အဝါျများ မိုင်သုံးသောင်းအထိ လွှမ်းခြုံသွားကြောင်း၊ ကောင်းကင်ဘုံမှ သူတော်စင်များ ဆင်းသက်လာပြီး ဧကရာဇ်ချန် ပြန်လည်ရောက်ရှိလာခြင်းကို ဂုဏ်ပြုကြကြောင်း စသဖြင့် တံတွေးများ တဖီဖီစင်နေအောင် ပြောတော့သည်။
"မွန်း မွန်း မွန်း" နွားနက်ကြီးမှာ ယုံကြည်ချက် အပြည့်ဖြင့် မျက်လုံးများ ပြူးကျယ်ကာ စိတ်လှုပ်ရှားလွန်းသဖြင့် ဟိုပြေးဒီပြေး လုပ်နေသည်။ ရံဖန်ရံခါ ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့သေးသည်။ သူသည် ချန်ရွှင်အတွက် ရိုးသားစွာ ဝမ်းသာနေရှာသည်။
"ဟား ဟား ဟား" ခြံဝင်းထဲတွင် ချန်ရွှင်၏ တဟားဟားရယ်မောသံနှင့် နွားနက်ကြီး၏ ပျော်ရွှင်စွာ အော်မြည်သံများ ပျံ့လွင့်နေသည်။ သက်တမ်းအမှတ်များကတော့ အမြန်နှုန်း ကဏ္ဍထဲသို့သာ ဆက်လက် ရောက်ရှိသွားလေသည်။
အခန်း (၁၂)
နောက်သုံးနှစ်ကြာသောအခါ... ချန်ရွှင်သည် နင်စစ်နောက်သို့ လိုက်ပါကာ လူနာများကို လိုက်လံကုသပေးနေပြီ ဖြစ်သည်။ အရပ်ဒေသအနှံ့ သွားရောက်ကာ ရောဂါဆန်းများကို ကုသပေးရင်း တစ်ခါတစ်ရံ ပြဿနာအသေးအဖွဲလေးများ ကြုံရသည့်အခါ သူ့ဗိုက်မှ ကြွက်သား ၁၆ မြောင်းကို မတော်တဆ ထုတ်ပြလိုက်ရသည်များလည်း ရှိသည်။
ချန်ရွှင်သည် မှတ်စုစာအုပ်ငယ်ကို အမြဲဆောင်ထားပြီး မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးတတ်သည်။ နင်စစ်ကလည်း စိတ်ရှည်လက်ရှည်ပင် အမြဲဖြေကြားပေးသည်။ ဤမျှ သင်ယူလိုစိတ်ပြင်းပြသည့် တပည့်မျိုးမှာ ရှားပါးလှသည် မဟုတ်ပါလား။ သို့သော် တစ်ခါက သူဌေးတစ်ဦးအိမ်သို့ သွားရောက်ကုသရာတွင် ချန်ရွှင် ခါးကြားမှ ပုဆိန်တစ်လက် မတော်တဆ ပြုတ်ကျသွားခဲ့သည်။ ရှိသမျှလူအားလုံး မျက်နှာပျက်သွားကြပြီး ဒါ သမားတော် ဟုတ်ရဲ့လားဟ ဟု ထိတ်လန့်သွားကြသည်။
ထိုစဉ်က ချန်ရွှင်သည် အားနာပါးနာ ပြုံးပြလိုက်ပြီး "ခရီးသွားတယ်ဆိုတာ ပုဆိန်တစ်လက်လောက် ဆောင်ထားတာ ပုံမှန်ပါပဲဗျာ" ဟု ပြောခဲ့သည်။ သူသည် ပုံပျက်ပန်းပျက် မဖြစ်စေရန် အင်္ကျီစဖြင့် ပုဆိန်ကို အသာအယာ ဖုံးအုပ်လိုက်ရာ ကျန်ရစ်နေသော နောက်ထပ် ပုဆိန်နှစ်လက်က ဘွားကနဲ ပေါ်လာပြန်သည်။ အိမ်တော်ထိန်းနှင့် အစောင့်များမှာ ရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ တုတ်များကိုယ်စီ ဆွဲကိုင်ကာ အသင့်ပြင်လိုက်ကြသည်။
ချန်ရွှင်မှာ ဖော်ရွေသော အပြုံးဖြင့် "သိုင်းလောကထဲ သွားလာနေတာ လက်နက်နှစ်ခုလောက် ပိုဆောင်ထားတာ သဘာဝကျပါတယ်ဗျာ" ဟု ရှင်းပြနေရသည်။ နင်စစ်သာ ဘေးတွင် မရှိလျှင် တိုက်ပွဲကြီး ဖြစ်သွားလောက်သည်။
နင်စစ် လူနာစစ်ဆေးနေစဉ် ထိုသူဌေးအိမ်သားများမှာ ချွေးစေးများ ပြန်နေကြသည်။ အကယ်၍ ကုမရသည့် ရောဂါဖြစ်နေလျှင် သည်ကောင်လေးက လူနာကို ပုဆိန်နဲ့ ပေါက်သတ်ပြီး ရောဂါပျောက်အောင် ကုပေးလိုက်မှာလားဟု တွေးပူနေကြသည်။
ချန်ရွှင်က သူတို့မျက်နှာများကို ကြည့်ပြီး နားမလည်နိုင် ဖြစ်နေသည်။ စိတ်အေးအေးထားရန် ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။ ထိုလူများကလည်း ကြက်ကလေးများ ဆန်ကောက်သလို ခေါင်းကိုမွှတ်နေအောင်တဆတ်ဆတ်ညိတ်ကာ အပြုံးတုကြီးများဖြင့် တုံ့ပြန်ကြသည်။ ချွေးစေးများကား တတောက်တောက် ကျလို့နေ၏။
......
ဖိန်ထိုက်ဆေးခန်း...
ယနေ့ကား နေသာသော နေ့တစ်နေ့ဖြစ်ပြီး နွေဦး၏ အလင်ရောင်များ တောက်ပနေသည်။ ချန်ရွှင်သည် ယခုအခါ သမားတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြတ်သွားဖြတ်လာ ဝန်ထမ်းတိုင်းက "သမားတော်ချန်" ဟု လေးစားသမှုဖြင့် ခေါ်ဝေါ်ကြသည်။
"သမားတော်ချန် ကယ်ပါဦးဗျ" လူတစ်ယောက်က မျက်နှာမည်းပုပ်နေသော လူနာတစ်ဦးကို တွဲလျက် ဆေးခန်းထဲ ဝင်လာသည်။ မျက်နှာတွင် စိုးရိမ်သောကများ အပြည့်ဖြစ်နေသည်။ ချန်ရွှင် မျက်လုံးများကျဉ်းမြောင်းသွားသည်။ အဝေးက လှမ်းကြည့်လိုက်ရုံဖြင့် အဆိပ်က သွေးကြောထဲ စီးဝင်နေပြီဖြစ်ကြောင်း သိလိုက်သည်။ နောက်နည်းနည်းလောက် ကျသွားလျှင် အသုဘချရတော့မည့် လက္ခဏာပင်။
"မြွေကိုက်ခံရတာလား" ချန်ရွှင်က လူနာကို ကုတင်ပေါ် တင်ပေးလိုက်သည်။ လူနာ့လက်ပေါ်တွင် အစွယ်ရာ ဒဏ်ရာသေးသေးလေးနှစ်ခု ရှိနေသည်။ အဆိပ်ပြင်းမြွေ ကိုက်ခံရမှန်း သိသာလှသည်။
"မဟုတ်ဘူး သမားတော်ချန် မှိုအဆိပ်မိတာ" "ဟေ" ချန်ရွှင် အံ့သြသွားပြီး သွေးစမ်းကြည့်လိုက်သည်။ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားပြီး လူနာရှင်ကို ကြည့်လိုက်သည်။ "မှိုအဆိပ်မိပြီးမှ မြွေ ထပ်ကိုက်ခံရတာလား"
ဘုန်း…. လူနာရှင်က ဒူးထောက်ချလိုက်ပြီး ငိုယိုအော်ဟစ်တော့သည်။ "သမားတော်ကြီး ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဗျာ"
"ငါ ဆေးစာ ရေးပေးလိုက်မယ် အရင်သွားဝယ်လိုက် ကယ်လို့ ရလောက်ပါသေးတယ်" ချန်ရွှင်က စာရွက်တစ်ရွက်ယူကာ ဆေးစာရေးပြီး ပေးလိုက်သည်။ လူနာရှင်က ဆေးစာရွက်ကို ကြည့်ပြီး မျက်နှာပျက်သွားသည်။ ဆေးဖိုး မတတ်နိုင်ပေ။
"ရပါတယ် ငါ အရင်စိုက်ပေးထားမယ် နောက်မှ ပိုက်ဆံရှိမှ ပြန်ပေး" ချန်ရွှင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ကူညီနိုင်သလောက် ကူညီခြင်းသာ။ သည်တစ်နှစ်အတွင်း သူဌေးများကို ကုသပေးရင်း သူပိုက်ဆံ အတော်စုမိထားသည်။
"ကျေးဇူးတင်ပါတယ် သမားတော် ကျေးဇူးတင်ပါတယ်ဗျာ" လူနာရှင်မှာ မျှော်လင့်ချက်ရောင်ခြည် ပေါ်လာပြီး ဝမ်းသာအားရ ငိုကြွေးလေသည်။ ချန်ရွှင် ခေါင်းညိတ်လိုက်သည်။ သည်လောကကြီးတွင် ယောကျာ်းတစ်ယောက် လဲပြိုသွားလျှင် မိသားစုတစ်ခုလုံး ပြိုလဲသွားတတ်သည်။ တတ်နိုင်သလောက် ကူညီခြင်းက အပြစ်မရှိပေ။
သို့သော်... တဖြည်းဖြည်းနှင့် သူ့အတွေး မှားကြောင်း သိလာရသည်။ ချန်ရွှင်၏ ကြင်နာတတ်သော ဂုဏ်သတင်းက ပျံ့နှံ့သွားသည်။ ဆေးခန်းရှိ အခြားသမားတော်များမှာ မိသားစုနှင့်မို့ ချန်ရွှင်ကဲ့သို့ လူပျိုလူလွတ်တစ်ယောက်လို ကိုယ့်ပိုက်ဆံစိုက်ပြီး လူနာကုပေးရန် မဖြစ်နိုင်ပေ။ သူ့ကို လူတွေက မြှောက်ပင့်လာကြသည်။ သက်ရှိဘုရား သမားတော် ဟု တင်စားကြသည်။ သမားတော်ချန်ဆီ သွားလျှင် ပိုက်ဆံပေးစရာမလို၊ ဆေးဖိုး အကြွေးထားလို့ရသည်ဟု သတင်းဖြန့်ကြသည်။ ဂုဏ်ပြုဆုတံဆိပ် ပေးရန်သာ လိုတော့သည်။
ဆင်းရဲသားလူနာများ ဒီရေအလား တိုးဝင်လာကြသည်။ ချန်ရွှင်၏ ငွေအိတ်လည်း တဖြည်းဖြည်း ပါးလာသည်။ သို့သော် သူသည် အခြားသူများကို ဒုက္ခမပေးလိုသဖြင့် သူ့ကဲ့သို့ လိုက်လုပ်ရန် မတိုက်တွန်းပေ။ အကြွေးယူသွားသော လူနာများထဲမှ ပြန်ဆပ်သူမှာ လက်ချိုးရေ၍ ရသည်။ နောက်ဆုံးတွင် သူ ဒေဝါလီခံလိုက်ရသည်။ ထိုအခါ အချို့လူနာများက သေမတတ်ဖြစ်နေတာကို မကယ်ဘူး၊ ဟန်ဆောင်ကောင်းတဲ့ကောင် ဟု ဆဲဆိုလာကြသည်။ သူကူညီဖူးသူအချို့ကပင် သူ့ကို ရွံရှာသော မျက်လုံးများဖြင့် ကြည့်လာကြသည်။
ချန်ရွှင် အကြွေးမပေးတော့ဘူး ကြားသည်နှင့် အဝေးကြီးက တကူးတက လာကြသော လူနာအချို့က ဆေးခန်းရှေ့တွင် အော်ဟစ်ကာ အချိန်ကုန်ခံပြီး လာရကျိုးမနပ်ဘူး ဟု ပြောဆိုကြသည်။ မကောင်းသတင်းက လေထက်မြန်သည်။ ဖိန်ထိုက်ဆေးခန်းက သမားတော်တစ်ယောက် အကျင့်စာရိတ္တ မကောင်းဘူး၊ ကိုယ်မှာလည်း ပုဆိန်သုံးလက် အမြဲဆောင်ထားတယ်၊ ကြည့်ရတာ လူကောင်းမဟုတ်ဘူးဟု ပြောစမှတ် ပြုလာကြသည်။
ဖိန်ထိုက်ဆေးခန်း၊ နောက်ဖေးခြံဝင်း...
ချန်ရွှင် ရှေ့ခန်းမသို့ ထွက်ပြီး လူနာမကြည့်ရဲတော့ပေ။
"ဟား ဟား ငါက တော်တော်ရယ်စရာကောင်းတဲ့ကောင်ပါလား" ချန်ရွှင် တဟားဟားရယ်မောလိုက်သော်လည်း ရယ်သံက ခြောက်ကပ်ပြီး ဆွေးမြေ့ဖွယ် ကောင်းနေသည်။ ဝန်ထမ်းများနှင့် အခြားသမားတော်များ၏ အကြည့်များပင် ပြောင်းလဲကုန်ပြီ။ အရင်ကလို သူတော်ကောင်းကြီးလုပ်ပါဦး... အခုတော့ ဘယ်လိုနေလဲ ကောင်းလား ဟု ပြောနေသယောင်ယောင်။ အရင်က ချန်ရွှင် အောင်မြင်စဉ်က သူတို့ မနာလိုဖြစ်ခဲ့ကြသည် မဟုတ်လား။ ယခု ချန်ရွှင် ကျဆုံးချိန်တွင် တိတ်တဆိတ် ဝမ်းသာနေကြသည်။
"မွန်း မွန်း မွန်း" နွားနက်ကြီးက သူ့ခေါင်းကို ချန်ရွှင်ပါးနှင့် ကပ်ကာ ပွတ်သပ်ပေးသည်။ သူလည်း သည်ကိစ္စများကို သိပြီးဖြစ်သည်။
"နွားကြီး တွေ့လား ငါ အစက ပြောခဲ့သားပဲ ကိုယ့်ဘေးနားက မိတ်ဆွေလောက်ကိုပဲ ကူညီသင့်တာ အခု ငါ့သဘောကို နားလည်ပြီမလား" "မွန်း မွန်း" နွားနက်ကြီးက နာကျင်စွာဖြင့် ချန်ရွှင်ကို ကြည့်သည်။ သူ့မျက်လုံးထဲတွင် ချန်ရွှင်သည် အမြဲတမ်း ပျော်ပျော်နေတတ်သူ ဖြစ်သည်။ ယခုလို စိတ်ဓာတ်ကျနေသော မျက်နှာမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။
"မင်း ငါ့ကို လျှော့တွက်တာပဲ ဒါတွေအားလုံး ငါ့တွက်ကိန်းထဲ ရှိပြီးသား ဒီစကားရဲ့ အဓိပ္ပာယ်ကို မင်းနားလည်အောင် လက်တွေ့ပြချင်လို့ လုပ်လိုက်တာ" ချန်ရွှင်က အားယူပြုံးလိုက်ပြီး နွားနက်ကြီး၏ ခေါင်းကို ဖက်ထားလိုက်သည်။ "မွန်း" နွားနက်ကြီးက ချန်ရွှင်ကို ပြန်ပွတ်သီးပွတ်သပ် လုပ်နေသော်လည်း ရင်ထဲတွင်မူ ဒေါသအကြီးအကျယ် ထွက်နေသည်။
"နွားကြီး ငါတို့ သွားကြစို့ ဒီနေရာက ငါတို့နဲ့ မကိုက်ညီဘူး ဆရာနင်ကို သွားနှုတ်ဆက်လိုက်ဦးမယ်" ချန်ရွှင်က နွားနက်ကြီးကို ပုတ်လိုက်သည်။ သူ သည်မှာဆက်နေလျှင် ဆေးခန်း၏ စီးပွားရေးကို ထိခိုက်စေလိမ့်မည်။ သူ ဘယ်သူ့ကိုမှ ဒုက္ခမပေးလိုပေ။
"မွန်း" နွားနက်ကြီးက ခုန်ပေါက်လိုက်သည်။ သူလည်း သည်မှာ မနေချင်တော့ပေ။ သူတို့၏ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရန် ပြေးတော့သည်။ ချန်ရွှင်က အလုပ်ရှုပ်နေသော နွားနက်ကြီး၏ ကျောပြင်ကိုကြည့်ရင်း ရင်ထဲနွေးထွေးသွားကာ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။
နင်စစ်၏ နေအိမ်...
ချန်ရွှင်သည် သမားတော်ဝတ်စုံကို ချွတ်ပြီး မူလက ဝတ်ဆင်ခဲ့သော အပြာရောင် ဝတ်စုံကို ပြန်လည်ဝတ်ဆင်ထားသည်။
"ဆရာ အားလုံးသိပြီးပါပြီ မင်းရဲ့ အခက်အခဲကိုလည်း နားလည်ပါတယ်" နင်စစ်က ခုံတွင်ထိုင်ရင်း အိုမင်းရင့်ရော်သော မျက်လုံးများဖြင့် ကြည့်ကာ ဖြည်းညှင်းစွာ ပြောသည်။ "လူ့သဘောသဘာဝဆိုတာ မကောင်းမှုဘက်ကို ယိမ်းယိုင်တတ်တယ် ဒါ ဆရာ နှစ်ပေါင်းများစွာ ဆေးကုရင်း သဘောပေါက်လာတဲ့ စကားတစ်ခွန်းပဲ မင်းရဲ့ ရှေ့ဆက်မယ့်လမ်းမှာ အထောက်အကူ ဖြစ်ပါစေ"
"ဆရာ့ ဆုံးမစကားကို ချန်ရွှင် ဘယ်တော့မှ မမေ့ပါဘူး" ချန်ရွှင် လေးနက်စွာ ဂါရဝပြုလိုက်သည်။ သည်ဆယ်နှစ်အတွင်း သူ အများကြီး သင်ယူခဲ့ရသည်။
နင်စစ်က စားပွဲပေါ်မှ ဘာမျှမရေးထားသော စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ "ဒါ ဆရာ့ရဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေကို ရေးထားတာ မင်းကို ပေးလိုက်မယ်"
"ဗျာ" ချန်ရွှင် အံ့သြသွားပြီး ခြေလှမ်းကျဲကြီးဖြင့် လှမ်းကာ စာအုပ်ကို လှမ်းဆွဲယူလိုက်သည်။ "ဆရာ အားနာစရာကြီးဗျာ"
နင်စစ်က စာအုပ်ကို ပြန်ဆွဲယူရန် ကြိုးစားလိုက်ရာ မျက်နှာပျက်သွားသည်။ ပြန်ဆွဲမရပေ။ သူ့စာအုပ်ကို ပြုတ်တူကြီးဖြင့် ညှပ်ထားသကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။
"ဟေ ဟေ ရပါတယ်ကွာ ယူသွားပါ"
"ကျေးဇူးတင်ပါတယ် ဆရာ" ချန်ရွှင် လက်က လျှပ်စီးလို အလွန်မြန်ကာ စာအုပ်က ခါးကြားသို့ ရောက်သွားသည်။ မြန်လွန်းလှသဖြင့် နင်စစ် မျက်လုံးပြူးသွားသည်။
"သွားပေတော့ အချိန်ရရင် ပြန်လာလည်ဦး"
"ဆရာ လက်ခံစောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးကို တင်ပါတယ် နင်မိသားစုမှာ ကိစ္စရှိရင် မိုင်ထောင်ချီ ဝေးနေပါစေ ကျွန်တော် မရရအောင် ပြန်လာခဲ့ပါမယ်" ချန်ရွှင် လေးနက်စွာဖြင့် ဦးညွှတ် ကန်တော့လိုက်သည်။
နင်စစ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ "ဒီနှစ်တွေတစ်လျှောက်လုံး ဆရာ မင်းကို စောင့်ကြည့်ခဲ့တယ် မင်းက ရိုးအတဲ့ပုံ ပေါက်ပေမယ့် ဉာဏ်ပညာကြီးမားတယ် သာမာန်လူတစ်ယောက် မဟုတ်ဘူး မင်းရဲ့ မူလစိတ်ရင်းကိုသာ မြဲမြံအောင် ထားပါ"
ချန်ရွှင် ခေါင်းမော့လာပြီး နင်စစ်ကို နောက်ဆုံးတစ်ခေါက် ကြည့်ကာ လှည့်ထွက်သွားသည်။ ချန်ရွှင်၏ ကျောပြင်ကို ကြည့်ရင်း နင်စစ် ပြုံးလိုက်မိသည်။ "ကောင်လေး မင်းရဲ့ ရှေ့ခရီးလမ်း ဖြောင့်ဖြူးသာယာပြီး အနာဂတ်မှာ တောက်ပပါစေကွာ"