အခန်း (၁၃-၁၄)
Vol. 1 Ch. 13-14
အခန်း (၁၃)
နောက်တစ်နေ့ မိုးမလင်းမီအချိန်...
ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခရီးနှင်ခဲ့ကြသည်။ အနောက်ဘက်သို့ ဦးတည်သွားရင်း လမ်းမကြီး၏ အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ မြို့သူမြို့သားများ နိုးထလာသောအခါ ချန်ရွှင် ထွက်သွားပြီဖြစ်ကြောင်း ကြားသိရသည်။ အချို့က အကြောင်းအရင်းမရှိဘဲ ဝမ်းသာနေကြသည်။ လူဆိုးတစ်ယောက်ကို မောင်းထုတ်လိုက်နိုင်သလို ခံစားနေကြသည်။ အချို့ကမူ နှမြောတသ ဖြစ်ကျန်ရစ်သည်။ ချန်ရွှင်သည် သမားတော်ကောင်းတစ်ယောက် ဖြစ်ပြီး ဘာမကောင်းမှုမှ မလုပ်ခဲ့ကြောင်း တွေးမိကြသည်။
သို့သော် ရက်အနည်းငယ်ကြာသောအခါ အားလုံးက မေ့ပျောက်သွားကြသည်။ ချန်ရွှင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့အိမ်တွင် ကြေးပြားတစ်ပြားမှ ပိုလာမည်မဟုတ်။ သည်ခေတ်ကြီးထဲတွင် သူစိမ်းတစ်ယောက်ကို ဂရုစိုက်ဖို့အထိ ဘယ်သူမှ အားမနေကြပေ။
......
နင်ယွင်တောင်တန်း...
ကောင်းကင်နှင့် မြေကြီးကြားတွင် မားမားမတ်မတ် တည်ရှိနေပြီး ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သော တောင်တန်းကြီး ဖြစ်သည်။ မည်းမှောင်ပြီး အဆုံးအစမရှိသော တောင်ကမ်းပါးယံများသည် ဓားဖြင့်ခုတ်ထစ်ထားသကဲ့သို့ မတ်စောက်နေသည်။ ကွေ့ကောက်နေသော တောင်တန်းများသည် နဂါးကြီးတစ်ကောင် အိပ်မောကျနေသကဲ့သို့ ရှိသည်။ အောက်သို့ ငုံ့ကြည့်လိုက်လျှင် တိမ်ပင်လယ်ကြီး လွှမ်းမိုးနေပြီး တောင်ထိပ်များကို တိမ်ခိုးများကရစ်ပတ်ထားသည်။
တောင်ပေါ်လမ်းကလေးတွင် ဝါးပလိုင်းလွယ်ထားသော လူငယ်တစ်ယောက် ဆေးမြစ်ရှာဖွေနေသည်။ သူ့နောက်တွင် နွားနက်ကြီးတစ်ကောင် ပါလာသည်။ သည်သုံးနှစ်အတွင်း ချန်ရွှင်သည် သူ့သက်တမ်းအမှတ်များကို 'အမြန်နှုန်း' ၌သာ ပုံအောထည့်ခဲ့သည်။ အမှတ် ၂၀ ပြည့်လျှင် ဆက်ထည့်လို့ရမရ သူစမ်းချင်နေသည်။ ယခု သူတို့၏ အခြေအနေမှာ - ခွန်အား (၂၁)၊ အမြန်နှုန်း (၁၈)။ သာမန်လူတို့ လိုက်မမီနိုင်သော အမြန်နှုန်းဖြစ်သည်။ အကယ်၍ ချန်ရွှင်သာ အားကုန်ထုတ်ပြေးလိုက်လျှင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
"နွားကြီး သေချာရှာ" ချန်ရွှင်၏ ပလိုင်းထဲတွင် ဆေးမြစ်များ ပြည့်နေပြီဖြစ်သည်။ "ရောဂါပေါင်းစုံပျောက်တဲ့ ဒဏ္ဍာရီလာ ဆေးမြစ် တွေ့ချင်တွေ့နိုင်တာပဲ"
နင်ယွင်တောင်တန်းတွင် နှစ်ပေါင်း ရာချီသက်တမ်းရှိသော ဆေးမြစ်များကို ရွာသားများ ခူးယူရရှိတတ်ပြီး မြို့ပေါ်တက်ရောင်းပါက ချက်ချင်း သူဌေးဖြစ်သွားတတ်သည်။
"မွန်း မွန်း" နွားနက်ကြီးမှာ ပျော်ရွှင်မြူးစွာဖြင့် ဟိုပြေးသည်ပြေး လုပ်နေသည်။ ဆေးပင်အများစုကို သူသိနေပြီဖြစ်ရာ ပညာတတ်ခြင်း၏ အကျိုးကျေးဇူးကို လေးစားမိသည်။ သူ့ဦးနှောက်ပင် ပိုကြည်လင်လာသလို ခံစားရသည်။
"ဒါပေမယ့် အတွင်းပိုင်းထဲထိ သိပ်မဝင်နဲ့ဦး မိစ္ဆာကောင်တွေ ရှိတယ်လို့ ကြားတယ် သာမန် သားရဲတွေနဲ့ မတူဘူးနော်" ချန်ရွှင်က ကြောက်လန့်တကြား ပြောသည်။ "တော်ကြာ ကျင့်ကြံသူတွေနဲ့ တွေ့ပြီး ငါတို့ကို ကြည့်မရလို့ သတ်သွားရင် ဘယ်လိုလုပ်မလဲ"
"မွန်း" နွားနက်ကြီးက ပြန်ထူးသည်။ သဘောပေါက်ပြီ။
"အား" ထိုစဉ် တောအုပ်ထဲမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ငှက်များ တဖျပ်ဖျပ်လန့်ပျံကုန်ကြသည်။ ချန်ရွှင်သည် ချက်ချင်း ဓားပြခေါင်းစည်းပုဝါကို ထုတ်စည်းလိုက်သည်။ နွားနက်ကြီးလည်း ခြေလှမ်းတန့်သွားပြီး နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားကြသည်။
"မိစ္ဆာကောင်ကြီး ကယ်ကြပါဦး" အဝေးမှ ရွာသားအချို့ ထိတ်လန့်တကြား ပြေးလာကြသည်။ ချန်ရွှင်၏ ခေါင်းစည်းပုဝါကို မြင်ပြီး ကြောင်သွားကြသော်လည်း ချက်ချင်းပင် အော်ဟစ်ကြပြန်သည်။ "ပြေး ပြေးကြ မိစ္ဆာကောင်ကြီး လာနေပြီ"
"နွားကြီး ပြေး" ချန်ရွှင် ထိတ်လန့်သွားပြီး ရင်ထဲ ဒိန်းကနဲဖြစ်သွားသည်။ နွားနက်ကြီးကို ခေါ်ပြီး ခေါင်းငုံ့ကာ ဝီခေါ်နေအောင်ပြေးသည်။ နောက်မှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ ဝံပုလွေနှင့် ကျား ပေါင်းစပ်ထားသကဲ့သို့ သဏ္ဍာန်ရှိသော မိစ္ဆာကောင်ကြီး တစ်ကောင် အတင်း ပြေးလိုက်လာသည်။ ကိုယ်ခန္ဓာကြီးမှာ ကျားတစ်ကောင်ထက်ပင် ကြီးမားပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေသည်။
"ဟာ ဘာကောင်ကြီးလဲဟ ကြောက်စရာကြီး" "မွန်း မွန်း" ချန်ရွှင်နှင့် နွားနက်ကြီးမှာ ကြောက်လန့်ပြီး အော်ဟစ်နေကြသည်။ သည်လောက်နှစ်များစွာတွင် သည်လိုအကောင်မျိုး တစ်ခါမှ မမြင်ဖူးပေ။
လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ ခြေကုန်သုတ် ပြေးကြရာ သစ်ကိုင်းခြောက်များ ကျိုးပဲ့ကုန်ပြီး လေမုန်တိုင်း နှစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။ အနောက်မှ ရွာသားများမှာ မျက်လုံးပြူးကုန်ကြသည်။ "သောက်ကျိုးနည်း ပြေးတာ မြန်လိုက်ကြတာ"
မိစ္ဆာကောင်ကြီး ဒေါသထွက်သွားသည်။ မျက်လုံးများ ပိုမိုနီရဲလာပြီး သွားရည်များ စီးကျလာသည်။ သူက အပြေးမြန်သော သားကောင်များကို အကြိုက်ဆုံးဖြစ်သည်။
"အား လာပြီ" ရွာသားများ အော်ဟစ်ကြပြီး တစ်ယောက်မှာ ကြောက်လွန်းသဖြင့် မေ့လဲသွားသည်။ သို့သော် မိစ္ဆာကောင်ကြီးက သူတို့ကို ကျော်ခွကာ ရှေ့က လူနှင့်နွား နောက်သို့သာ လိုက်သွားလေသည်။
"ဟေ့ကောင် မင်း ဘာဖြစ်နေတာလဲ မင်း ရူးနေလား" ချန်ရွှင် မျက်လုံးပြူးသွားသည်။ သည်အကောင်ကြီးက သူတို့နောက် တကောက်ကောက် လိုက်နေသည်။ အရှိန်ကလည်း သာမန်သားရဲထက် ပိုမြန်သည်။
"မွန်း မွန်း" နွားနက်ကြီး ခေါင်းတွင် ချွေးများပြန်နေပြီး အသည်းအသန် ပြေးနေရသည်။ သည်အကောင်ကြီးက သိပ်ကြောက်ဖို့ ကောင်းလွန်းသည်။
"မွန်း…" ဘုန်း… နွားနက်ကြီး ပြာပြာသလဲ ပြေးရင်း သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိလေသည်။ သစ်ပင်ကြီးမှာ အက်သွားပြီး တိမ်းစောင်းသွားသည်။ အမြစ်ပါ ကျွတ်ထွက်မတတ် ဖြစ်သွား၏။
"နွားကြီး" ချန်ရွှင် ရပ်လိုက်ပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ နွားနက်ကြီး၏ ခေါင်းကို သွားစမ်းကြည့်သည်။ "မွန်း" နွားနက်ကြီး ခေါင်းနည်းနည်း မူးသွားသော်လည်း ဘာမှမဖြစ်ပေ။ ပွန်းပဲ့ရုံသာ ရှိသည်။ သူက ချန်ရွှင်ကို ပြန်ပွတ်သီးပွတ်သပ် လုပ်လိုက်သည်။
ဂါး…. မိစ္ဆာကောင်ကြီး ရောက်လာပြီ ဖြစ်သည်။ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြစ်နေသည်။ သည်လောက်ပြေးနိုင်တဲ့ သားကောင်မျိုး သူ တစ်ခါမှ မတွေ့ဖူးပေ။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အဝိုင်းခံလိုက်ရ၏။ သူတို့နှစ်ဦး ပူးကပ်နေပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေသည်။ သည်အကောင်ကြီး ရုပ်က တကယ်ဆိုးလွန်းသည်။
"သွားပြီ နွားကြီးရေ ငါတို့ သွားပြီ" ချန်ရွှင် အသံတုန်နေပြီး နွားနက်ကြီး ခေါင်းကို ဖက်ထားသည်။ နွားနက်ကြီးလည်း မျက်လုံးများ တုန်ရီနေပြီး ခြေထောက်များ တဆတ်ဆတ် တုန်နေသည်။ အင်မော်တယ် လမ်းခရီးက သည်မှာတင် အဆုံးသတ်တော့မှာလား။ မိစ္ဆာကောင်ကြီး ပါးစပ်မှ သွားရည်များ တောက်တောက်ကျနေပြီး သူတို့ အနီးတွင် လှည့်ပတ်နေသည်။ သည်သားကောင်နှစ်ကောင်က သတ္တိနည်းလွန်းသဖြင့် သူ့စိတ်ထဲတွင် သတိထားစရာ မလိုတော့ဟု တွေးလိုက်သည်။
ရုတ်တရက် မိစ္ဆာကောင်ကြီး ကိုယ်ကိုကိုင်းလိုက်ပြီး သွေးဆာနေသော မျက်လုံးများဖြင့် ကြည့်ကာ ချန်ရွှင်ဆီသို့ အားကုန် ခုန်အုပ်လိုက်သည်။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။ လက်တစ်ကမ်းအလိုသို့ ရောက်သောအခါ... ရုတ်တရက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုလူသားက ကြောက်ရွံ့မနေတော့ဘဲ ရုတ်ချည်းအလွန် တည်ငြိမ်သွားသည်။
မြေပြင်ပေါ်တွင် လေပြင်းကြီးတစ်ခုဖြတ်တိုက်သွားပြီး ချန်ရွှင်သည် အရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ မြန်လွန်းလှသောာ အလျင်ကြောင့် မိစ္ဆာကောင်ကြီး၏ မျက်လုံးများပင် လိုက်မမီတော့ပေ။ သူ အလွန်ထိတ်လန့်သွားသည်။
"မင်းက သန်မာပေမယ့် ငါ့ရဲ့ ဒုတိယမြောက် ပုဆိန်ကို ထုတ်သုံးရလောက်တဲ့အထိတော့ မဟုတ်သေးဘူး" ချန်ရွှင်သည် မိစ္ဆာကောင်ကြီး၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျောခိုင်းရပ်နေသည်။ လက်ထဲတွင် သွေးစွန်းနေသော ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသည်။ ခေါင်းစည်းပုဝါကြားမှ အေးစက်သော မျက်လုံးတစ်စုံက တစွန်းတစထွက်ပေါ်နေသည်။
မိစ္ဆာကောင်ကြီး၏ ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။ သူသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး နာကျင်စွာ အော်မြည်နေသည်။ သွေးများ မြေပြင်အနှံ့ စီးကျလာသည်။ နွားနက်ကြီးက ရုတ်တရက် ခုန်လိုက်သည်။ "နွားပျံ ဇာတ်သိမ်းကွက်" ဘုန်း မြေပြင်တွင် ကြီးမားသော တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ မိစ္ဆာကောင်ကြီး၏ အူများပင် ထွက်ကျလာပြီး ပွဲချင်းပြီး သေဆုံးသွားသည်။
ချန်ရွှင်၏ တိုက်ခိုက်မှုက ရက်စက်လှသည်။ ပွက်… သွေးများ ထပ်မံ ပန်းထွက်လာသည်။
"ဒါလောက်ပဲလား ဟမ် ဒါလောက်ပဲလားလို့" "မွန်း မွန်း" "မင်း အဖေတွေကို လာခြောက်နေတာလား အခုကျ ဘာလို့ ခွေးလို မဟောင်တော့တာလဲ" "မွန်း မွန်း" လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ အလောင်းကောင်ကို မမောနိုင်မပန်းနိုင် ရိုက်နှက်နေကြသည်။ တံတွေးများ တဖီဖီလွင့်စင်နေသည်။
ခဏ အကြာတွင် ဒယ်အိုး တည်လိုက်သည်။ ရေနွေး ဆူလာသည်။ "စားကြစို့ဟေ့"
"နွားကြီး ဒီတစ်ခါ ငါတို့ ကံကောင်းသွားတာ ဒီမိစ္ဆာကောင်တွေက မိစ္ဆာစွမ်းအင်တွေ သုံးတတ်တယ်တဲ့ ရေခဲတို့ မီးတို့ မှုတ်တာလေ" ချန်ရွှင် စဉ်းစားရင်း ပြောလိုက်သည်။ မြို့ထဲတွင် ကောလာဟလများ ကြားဖူးသည်။ "ဒါမျိုးက ကျင့်ကြံသူတွေမှ သတ်နိုင်တာ ဒါပေမယ့် ဒီအသားက တော်တော်မွှေးတာပဲကွ"
"မွန်း မွန်း" နွားနက်ကြီး ပါးစပ်မှ ပျော်ရွှင်သော အသံများ ထွက်လာသည်။ အလွန် စားလို့ကောင်းသည်။ သည်လောက်မွှေးတဲ့ အသားမျိုး တစ်ခါမှ မစားဖူးပေ။
စားသောက်ပြီးနောက် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ခြေရာလက်ရာ ဖျောက်ကြသည်။ မကုန်သော အသားများကို ထုပ်ပိုးသည်။ တွင်းကို ပြန်ဖို့သည်။ ချန်ရွှင်သည် အလွန်စေ့စပ်သေချာသည်။ အခင်းဖြစ်ပွားရာ နေရာကို သေသေချာချာ ရှင်းလင်းသည်။ မိစ္ဆာကောင် အရိုးပြာများကို နေရာအနှံ့ ဖြန့်ကြဲပစ်လိုက်သည်။
သူတို့ အဝေးသို့ ပြေးထွက်လာပြီး တောအုပ်တစ်ခုကို ရှာတွေ့လိုက်သည်။ သည်နားတွင် သားရဲကောင် နည်းပါးသည်။
"နွားကြီး ယုန်တစ်ကောင်တောင် တွင်းလောက်တော့ တူးတတ်သေးတာပဲ ငါတို့က ယုန်လောက်တော့ မညံ့သင့်ဘူး တူးကြစို့" "မွန်း" ခွန်အားကြီးတော့ အဆင်ပြေသည်။ ချန်ရွှင်သည် တောတွင်း တွင်းတူးနည်းအမျိုးမျိုးကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် သူ ဘယ်တော့မှ မအိပ်ပေ။
နောက်ဆုံးတွင် ချန်ရွှင်သည် ကျောက်တုံးကြီးတစ်ခုကို သယ်လာပြီး အမိုးလုပ်လိုက်သည်။ လေဝင်ပေါက်လေး နည်းနည်းချန်ထားပြီး အပေါ်မှ မြက်ခင်းများ သစ်ရွက်များဖြင့် ဖုံးအုပ်လိုက်သည်။ ဘယ်သူမှ သည်အောက်တွင် မြေအောက်ခန်းရှိမှန်း သိမည်မဟုတ်။
မြေအောက်ခန်းထဲတွင် ဖယောင်းတိုင်မီး အရောင်ကထိန်ထိန်လင်းနေ၏။ တလောကလုံး လုံခြုံသွားသလို ခံစားလိုက်ရသည်။
"ဇိမ်ပဲကွာ" "မွန်း မွန်း" ချန်ရွှင်သည် နွားနက်ကြီးကို မှီရင်း အတွေးနက်သွားသည်။ သည်ကမ္ဘာကြီးက အန္တရာယ်များလွန်းသည်။ အထူးသဖြင့် သည်နေ့တွေ့လိုက်ရသော မိစ္ဆာကောင်ကြီး... သူတို့ကို ကြောက်သေးပါမတတ် ကြောက်လန့်စေခဲ့သည်။
သူ အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက်... ဘကြီးစွန်း ပေးခဲ့သော စာအုပ်ကို ထုတ်လိုက်လေသည်။
အခန်း (၁၄)
"မိုးနှင့်မြေကြားတွင် ဝိညာဉ်စွမ်းအင်များ တည်ရှိသည် ထိုစွမ်းအင်ကို အသုံးပြု၍ မိုး၊မြေ နှင့် ဆက်သွယ်ကာ ကိုယ်ခန္ဓာအတွင်းသို့ စီးဝင်စေရမည်"
ချန်ရွှင် စာဖတ်ရင်း ပါးစပ် တဖြည်းဖြည်း ဟလာသည်။ သူသည် တစ်ခုခုကို အော်ပြောချင်သော်လည်း နောက်တစ်ကြောင်းက ပို၍ အရှိန်တက်နေသဖြင့် ပြောမထွက် ဖြစ်နေသည်။ သူ တံတွေးကို ဂလုကနဲ မြိုချလိုက်ပြီး မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်သည်။ "တော်တော်ကောင်းတာပဲ"
"မွန်း မွန်း" နွားနက်ကြီး လန့်ဖျပ်ပြီး ထထိုင်ကာ ချီကျင့်စဉ် စာအုပ်ကို လှမ်းကြည့်သည်။
"နွားကြီး ဒါ အင်မော်တယ်ကျင့်စဉ်ကွ" ချန်ရွှင် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "အင်မော်တယ်ကျင့်စဉ်ကွ ကောင်းကင်ပေါ် ပျံသန်းနိုင်တဲ့ အရာမျိုးလေ ဂိုဏ်းတွေမှာသွားပြီး ကျွဲလိုနွားလို အခိုင်းခံစရာ မလိုတော့ဘူး" "မွန်း" နွားနက်ကြီးလည်း စိတ်လှုပ်ရှားသွားသည်။ ကောင်းကင်ပေါ်တွင် ဓားစီးပြီး ပျံသန်းသွားကြသော ကျင့်ကြံသူများကို သူတို့ အားကျခဲ့ဖူးသည် မဟုတ်ပါလား။
"ချီစုစည်းခြင်းအဆင့်တွင် အဆင့်ဆယ်ဆင့် ရှိသည် ဒသမအဆင့်သို့ ရောက်ရှိပါက အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ပြီး သက်တမ်း ကန့်သတ်ချက်ကို ကျော်လွန်ကာ နှစ် ၄၀၀ အထိ နေနိုင်သည်"
ချန်ရွှင် ဖတ်ပြီးသောအခါ သူနှင့် နွားနက်ကြီး တို့ အကြည့်ချင်းဆုံကာ ကြောက်မက်ဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ရယ်မောလိုက်ကြသည်။
"နွားကြီး အတူတူ စမ်းကြည့်ရအောင် စာအုပ်ထဲက လမ်းစဉ်အတိုင်း လိုက်လုပ်ပြီး ဝိညာဉ်စွမ်းအင်ကို အာရုံခံကြည့် သည်လောကကြီးမှာ ဝိညာဉ်အမြစ် ရှိတဲ့ ဘယ်သူမဆို ဝိညာဉ်စွမ်းအင်ကို အာရုံခံနိုင်တယ်" "မွန်း" "စိတ်ချ မင်းမှာ သေချာပေါက် ရှိတယ် မင်းက ဝိညာဉ်သားရဲလေ" "မွန်း" နွားနက်ကြီး ရယ်လိုက်သည်။
လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ ဝိညာဉ်စွမ်းအင်ကို စတင် စုယူကြသည်။ မျက်လုံးများ မှိတ်ပြီး စိတ်ငြိမ်အောင် ထားလိုက်ကြသည်။ တစ်နာရီ... နှစ်နာရီ... သုံးနာရီ ကုန်ဆုံးသွားသည်။
"မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး" ချန်ရွှင် မျက်လုံးဖွင့်လိုက်ပြီး နွားနက်ကြီးကို မေးလိုက်သည်။ "အတုကြီးလား" "မွန်း မွန်း" နွားနက်ကြီး တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။ ဘာမှ မခံစားရပေ။
"တောက်" ချန်ရွှင် နာကျင်စွာဖြင့် မြေကြီးကို လက်နှင့် ရိုက်လိုက်သည်။ "ဆရာစွန်းရဲ့ သားလည်း အတုကြီးနဲ့ အလိမ်ခံလိုက်ရတာပဲ ဖြစ်မယ် သူ့သားက ကျင့်ကြံကြည့်ပြီး အဆင်မပြေလို့ သည်စာအုပ်ကို ချန်ထားခဲ့တာ နေမှာ" "မွန်း မွန်း" နွားနက်ကြီး ခေါင်းညိတ်သည်။ ချန်ရွှင် ပြောသည့်စကားက အမြဲမှန်သည်။
"ဒါပေမယ့် ကျင့်ကြံပြီးတော့ ဗိုက်ထဲမှာ တစ်မျိုးကြီးပဲ" "မွန်း" "မိစ္ဆာကောင်အသား စားတာ များသွားလို့ နေမှာ ငါ အိမ်သာ ခဏသွားဦးမယ်"
ချန်ရွှင် အပြင်ထွက်ပြီး တွင်းတူးကာ ထိုင်ရင်း စဉ်းစားခန်း ဖွင့်လိုက်သည်။ "ငါ့ရဲ့ ဝိညာဉ်အမြစ်က သိပ်ညံ့နေလို့များလား" သူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီးမှ ပြန်စဉ်းစားကြည့်လိုက်သည်။ "မဖြစ်နိုင်တာ နွားနက်ကြီးက ဝိညာဉ်သားရဲလေ သူက ငါနဲ့တန်းတူ ညံ့စရာ အကြောင်းမရှိဘူး"
ချန်ရွှင် တွေးရင်း ကျေနပ်စွာ ပြုံးလိုက်မိသည်။ ရုတ်တရက် မျက်နှာပျက်သွားပြီး ခြေထောက်ကို ငုံ့ကြည့်လိုက်သည်။ "ဟာ သောက်ကျိုးနည်း"
မြေအောက်ခန်းထဲ ပြန်ရောက်သောအခါ ချန်ရွှင်က ပြောလိုက်သည်။ "နွားကြီး တကယ်တော့ နောက်ထပ် ဖြစ်နိုင်ချေတစ်ခု ရှိသေးတယ် ငါတို့ရဲ့ ဝိညာဉ်အမြစ်တွေက သိပ်ညံ့နေတာလည်း ဖြစ်နိုင်တယ်"
နွားနက်ကြီး ပြန်မဖြေဘဲ နှာခေါင်းကို ရှုံ့လိုက်သည်။ ချန်ရွှင်ဆီက အနံ့ဆိုးတွေ ရနေသည်။
"တောင်တွေကို ပြောင်းပြန်လှန်ပစ်မယ့် ခွန်အား" "မွန်း" ချန်ရွှင် ဒေါသထွက်စွာ အော်လိုက်သည်။ "နွားကြီး ငါ မင်းကို စကားပြောနေတယ်လေ" "မွန်း မွန်း" နွားနက်ကြီး ငြိမ်သွားပြီး မြေသားနံရံကို မှီကာ ဝေးဝေးတွင်နေလိုက်သည်။ မျက်လုံးထဲတွင် လှောင်ပြောင်သလိုလို အရိပ်အယောင်များ ပါနေသည်။
"ငါတို့ နေ့တိုင်း တစ်နာရီလောက်တော့ ကြိုးစားပြီး ကျင့်ကြံကြမယ် မရရင်လည်း ထားလိုက်တော့" "မွန်း"
အချိန်များ ကုန်ဆုံးသွားသည်မှာ မြန်ဆန်လှသည်။ သူတို့ နင်ယွင်တောင်တန်းတွင် နေထိုင်သည်မှာ သုံးနှစ် ရှိခဲ့ပြီ။ သေဆုံးနေသော ရွာသားအများအပြား၏ အရိုးစုများကို တွေ့ရတတ်သဖြင့် အားလပ်ချိန်များတွင် ဝိညာဉ်ပို့(အသုဘချ)ပေးကြသည်။ ယခုအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် သားရေဝတ်စုံများ၊ ပုဆိန်များ၊ လေးနှင့်မြှားများဖြင့် တကယ့် လူရိုင်းများသဖွယ် ဖြစ်နေကြသည်။ တောဝက်တစ်ကောင် အသည်းအသန် ပြေးလွှားနေသည်။ ထို လူရိုင်းနှင့် နွားရိုင်းကြီး ရောက်နေပြီ ဖြစ်သည်။
"ဟဲ ဟဲ" ချန်ရွှင် တဟဲဟဲရယ်ကာ သွေးဆာသော အပြုံးဖြင့် လမ်းကိုပိတ်ထားလိုက်သည်။ "မွန်း မွန်း" နွားနက်ကြီးက နောက်လမ်းကို ပိတ်ထားသည်။
"ဝက်ကလေးရေ နေကောင်းလား မတွေ့တာတောင်ကြာပြီ" ချန်ရွှင် ကိုယ်ကို လှစ်ကနဲ လှုပ်ရှားလိုက်ရာ တောဝက်ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။ နွားနက်ကြီးကလည်း ချက်ချင်းပင် ဝင်ဆောင့်လိုက်ရာ အချိတ်အဆက် မိသွားကြသည်။ တောဝက်ခေါင်း ကွဲအက်ကာ လဲကျသွားသည်။
"သွားမယ် နွားကြီး" "မွန်း" ချန်ရွှင် တောဝက်အသေကောင်ကို ထမ်းလိုက်သည်။ "နွားကြီး ဟိုကျင့်စဉ်က အစစ်ဖြစ်မယ်လို့ မထင်ထားမိဘူး အခုဆို ငါ့နားတွေ ပိုပါးလာတယ်"
"မွန်း မွန်း မွန်း" နွားနက်ကြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်သည်။ ညဉ့်နက်သန်းခေါင်အချိန်များတွင် သူမြင်ရသည့် မြင်ကွင်းများက ယခင်ကထက် ပိုမို ရှင်းလင်းနေသည်။ ဤအရာက သာမာန်လူများ၏ အဆင့်အတန်း တစ်ဆင့် မြင့်တက်သွားခြင်းပင်။
"ဒါပေမယ့် ငါတို့ရဲ့ အမြန်နှုန်းက ထပ်ပြီး တန့်နေပြန်ပြီ" ချန်ရွှင် ခေါင်းခါလိုက်သည်။ ခွန်အားကဲ့သို့ပင် အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရသကဲ့သို့ ရုပ်ခန္ဓာ၏ စွမ်းဆောင်ရည်ကို ထပ်မံမြှင့်တင်၍ မရတော့ပေ။
"နောက်နှစ်ကျရင် ငါတို့ စွမ်းအင်ကို စမ်းကြည့်ကြမလား" "မွန်း မွန်း" နွားနက်ကြီး ခေါင်းခါလိုက်ပြီး ချန်ရွှင်ကို ခေါင်းဖြင့် ဝှေ့လိုက်သည်။ "မူလစွမ်းအင်" "မွန်း" "ကောင်းပြီ မင်းသဘောအတိုင်းပဲ"