အခန်း (၁၅-၁၆)
Vol. 1 Ch. 15-16
အခန်း (၁၅)
နောက်တစ်နှစ်တွင် သူတို့သည် တောင်ပေါ်တွင် ဆေးပင်ခူးခြင်း၊ ဆေးပညာလေ့လာခြင်းနှင့် ချီကျင့်စဉ် ကို ကျင့်ကြံခြင်းတို့ဖြင့် ဆက်လက် ဖြတ်သန်းခဲ့ကြသည်။ နေ့ရက်များက ပြည့်စုံလွန်းသဖြင့် အသက်ရှင်ရသည်မှာ ကောင်းလိုက်လေခြင်းဟု ချန်ရွှင် မကြာခဏ ရေရွတ်မိသည်။
တောင်ပေါ်ဂူတစ်ခုသို့ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အိမ်ပြောင်းခဲ့ကြရပြန်သည်။ တောင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် သူတို့၏ မြေအောက်ခန်းအချို့ ရေတိုက်စားခံလိုက်ရသည်။ "နွားကြီး ဟား ဟား ဟား" ချန်ရွှင် တစ်ကိုယ်လုံး စိုရွှဲနေပြီး အားရပါးရ ရယ်မောကာ နွားနက်ကြီးကို ထုလိုက်သည်။ "မင်းက တကယ် ဟုတ်တယ်ကွ" "မွန်း မွန်း မွန်း" နွားနက်ကြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ သူတို့၏ ပိုင်ဆိုင်မှုအားလုံးကို သူတစ်ကောင်တည်း ထိန်းသိမ်းထားနိုင်ခဲ့သည်။
"လာစမ်း မူလစွမ်းအင်ဆိုတာ ဘာလဲ စမ်းကြည့်ရအောင်" လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ မီးပုံဘေးတွင် အနွေးဓာတ်ယူနေကြသည်။ ချန်ရွှင်သည် သက်တမ်းအမှတ်ကို 'မူလစွမ်းအင်' ကဏ္ဍတွင် ပေါင်းထည့်လိုက်သည်။ ခဏချင်းမှာပင် ချန်ရွှင် မျက်နှာပျက်သွားပြီး ခန္ဓာကိုယ်မှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။
"မွန်း မွန်း မွန်း" နွားနက်ကြီး ထိတ်လန့်သွားပြီး ဝုန်းကနဲ ထရပ်ကာ အော်ဟစ်နေသည်။ "နွားကြီး ငါ ဘာမှမဖြစ်ဘူး" ချန်ရွှင် အသက်ပြင်းပြင်း ရှူလိုက်ပြီး နွားနက်ကြီးကို ဖက်ထားလိုက်သည်။ လက်ဖဝါးပေါ်တွင် ကျောက်စိမ်းရောင် တောက်ပနေသော အစိမ်းရောင် အရည်တစ်စက် စုစည်းလာသည်။
သူ့တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ချွေးစေးများ ပြန်လာသည်။ "ဒါက ငါ့ရဲ့ အသွေးအသားတွေကို စုပ်ယူနေတာတော့ မဟုတ်ပါဘူးနော်" "မွန်း" "နွားကြီး မင်း စမ်းကြည့်" "မွန်း" မကြာမီ နွားလက်ဖဝါးပေါ်တွင်လည်း အစိမ်းရောင် အရည်တစ်စက် စုစည်းလာသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားပြီး အမောဖြေနေရသည်။
"ထောင်ချောက်ပဲ" ချန်ရွှင် အသံတုန်နေသည်။ ဗိုက်ကြွက်သား ၁၆ မြောင်း ပိုင်ဆိုင်ထားသူသည် ယခုအခါ မလှုပ်နိုင်တော့ပေ။ နွားနက်ကြီးလည်း မျက်လုံးများ အသက်မဲ့နေသည်။ တစ်ချီတည်းနှင့် ဘိုင်းဘိုင်းလဲသွားသည်။
တစ်နာရီခန့် ကြာသောအခါမှ သူတို့ ပြန်လည် သက်သာလာကြသည်။ "နွားကြီး သည်အဆီအနှစ်ကို လျှောက်မသုံးနဲ့နော် အနည်းဆုံး ငါတို့ ခွဲပြီး သုံးမှရမယ်" "မွန်း မွန်း"
ချန်ရွှင် အစိမ်းရောင် အရည်စက်ကို ပစ္စည်းအမျိုးမျိုးပေါ် တင်ကြည့်သော်လည်း ဘာမှမဖြစ်။ နောက်ဆုံးတွင် နွားနက်ကြီး ကြည့်နေသော တောမြက်ပင်လေးပေါ်သို့ တင်လိုက်သည်။ ချက်ချင်းပင် မြက်ပင်နှင့် ပေါင်းစပ်သွားပြီး သိသာထင်ရှားသော ကြီးထွားမှုများ ဖြစ်ပေါ်လာသည်။
"တော်တော်ကောင်းတယ်ဟ" "မွန်း" "နွားကြီး ဒါ မဟာ တွေ့ရှိမှုကြီးပဲ သည်အရည်စက်က အပင်တွေကို ကြီးထွားနှုန်း မြန်စေတာကွ" ချန်ရွှင် က အလွန်ဝမ်းသာစွာပြောသည်။ "ဒါပေမယ့် ထပ်ပြီး စောင့်ကြည့်ရဦးမယ် တကယ်သာဆိုရင် ငါတို့ ဘဝပြောင်းပြီ"
နောက်ထပ် တစ်နှစ် ကုန်ဆုံးသွားပြန်သည်။ နင်ယွင်တောင်တန်း၏ အပြင်ဘက်ပိုင်းတွင် လူအရိုးစားသော လူရိုင်းတစ်ယောက်အကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ရွာသားအများအပြား ကြောက်လန့်နေကြသည်။
တောင်ကုန်းတစ်ခု၏ ခြေရင်းတွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့ လူအရိုးများ ကောက်နေကြသည်။ "နွားကြီး ငါတို့ သူတို့ကို မသိပေမယ့် ငါတို့အလုပ်မှာလည်း စည်းမျဉ်းရှိတယ်လေ" ချန်ရွှင် မြက်ပုံကြားမှ အရိုးတစ်ခုကို ကောက်ယူလိုက်သည်။ "သူတို့အတွက် ဂူသင်္ချိုင်းလေး လုပ်ပေးလိုက်တာ ကုသိုလ်ရတာပေါ့"
"မွန်း မွန်း" နွားနက်ကြီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ သူတို့ ကုသိုလ်တွေ အများကြီး စုမိနေပြီ။ "မင်း ကြည့်စမ်း မင်း တက်နင်းမိပြီ ဆယ်နှစ်စာ ကုသိုလ်တော့ ပါသွားပြီ"
"မွန်း မွန်း မွန်း" နွားနက်ကြီး ခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး အော်ဟစ်လိုက်သည်။ "သည်လိုလုပ် သည်နေ့ ငါကအသားဟင်းစားမယ် မင်းကဟင်းရည်ပဲသောက် မိုးနတ်မင်းကြီးက မင်းကို ခွင့်လွှတ်ပါလိမ့်မယ်"
"မွန်း မွန်း" နွားနက်ကြီး မျက်နှာတွင် တွန့်ဆုတ်နေသော်လည်း ကုသိုလ်အတွက် ခေါင်းညိတ်လိုက်သည်။ သူတို့ အနီးနားတွင် တွင်းတူးပြီး အရိုးများကို မြှုပ်နှံကာ ဆုတောင်း ပေးလိုက်ကြသည်။
သည်တစ်နှစ်အတွင်း မူလစွမ်းအင် အာနိသင်ကို သူတို့ သိလိုက်ရပြီ။ နေ့စဉ် တစ်စက်သာ ထုတ်ယူနိုင်ပြီး အဆင့် ၁ ဆိုလျှင် အပင်ကို တစ်လစာ ကြီးထွားနှုန်း မြန်စေသည်။ ယခု အဆင့် ၂ သို့ ရောက်ရှိနေပြီ ဖြစ်ရာ တစ်စက်လျှင် နှစ်လစာ ကြီးထွားနှုန်း မြန်စေသည်။ သူတို့ ချီစုစည်းခြင်း ဒုတိယအဆင့်သို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။
"ကဲ သွားကြစို့ နွားကြီး" ချန်ရွှင် ပြုံးလိုက်သည်။ ဒါက သူတို့၏ ထမင်းစားပြီး လမ်းလျှောက်သည့် လေ့ကျင့်ခန်း တစ်ခုပင်။ လမ်းတွင် တောအုပ်တစ်ခုကို ဖြတ်သန်းစဉ် ချန်ရွှင်နှင့် နွားနက်ကြီးတို့ ချက်ချင်း လူခွဲလိုက်ပြီး ဘေးသို့ ရှောင်လိုက်ကြသည်။
ရွှီ ရွှီ ရွှီ မြှားသုံးစင်း ပျံသန်းလာပြီး မြေကြီးထဲသို့ တစ်ဝက်ခန့် စိုက်ဝင်သွားသည်။
အခန်း (၁၆)
"ဒီလူရိုင်းနဲ့ နွားရိုင်းက သွက်လက်လှချည်လား" သစ်ပင်ပေါ်မှ တည်ငြိမ်ခန့်ညားသော လူတစ်ယောက်က ပြုံးလိုက်သည်။ "စီနီယာအစ်ကိုစူး ဒျီလို လူရိုင်းတွေကို ညီမလေးကိုပဲ ရှင်းခွင့်ပြုပါ" မိန်းကလေးတစ်ယောက်က ချွဲနွဲ့စွာ ပြောလိုက်သည်။ "ဂျူနီယာညီမလေးဝမ် မင်းက ဟိုနွားရိုင်းကို သွားရှင်းလိုက် လူရိုင်းကို ငါရှင်းမယ် အထိအခိုက် မရှိစေနဲ့နော်" ဓားရာအမာရွတ်နှင့် လူတစ်ယောက်က ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးရင်း ပြောလိုက်သည်။
"ရောက်တာနဲ့ သတ်ဖို့လုပ်နေကြတာ လူမှားမှာ မကြောက်ဘူးလား" သစ်ပင်အောက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ စီနီယာအစ်ကိုစူးက ချန်ရွှင်ကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ "မင်းက လူအရိုးစားတဲ့ လူရိုင်းပဲ ငါတို့ မမှားဘူး" "ငါတို့ လူအရိုး မစားဖူးဘူး အဲ့ဒါက သူတို့ကို ဂူသင်္ချိုင်း လုပ်ပေးနေတာ မယုံရင် ကိုယ့်ဘာသာ သွားကြည့်လို့ရတယ်" ချန်ရွှင် ပြတ်သားစွာ ပြောလိုက်သည်။ "ငါနဲ့ နွားကြီးက မင်းတို့ကို ဘာမှ မလုပ်ဖူးဘူး"
"ဟား ဟား" သူတို့သုံးဦး ရယ်မောလိုက်ကြသည်။ "အခုချိန်မှာ မင်းပြောတာ အရာရောက်မယ် ထင်နေလား" "ငါ ထပ်ပြောလိုက်မယ် ငါတို့ မင်းတို့ကို ဘာမှ မလုပ်ဖူးဘူး" "လူရိုင်း အမှန်တရားက အရေးမကြီးတော့ဘူး"
ဓားရာနှင့်လူက ဓားကိုထုတ်ပြီး ခုန်ဆင်းလာသည်။ အတင်း ပြေးဝင်လာပြီး ဓားချက်များက ချန်ရွှင်၏ ခေါင်းကို ဦးတည် ထားသည်။ "နှေးလိုက်တာ" ချန်ရွှင် မျက်လုံးကို မှေးလိုက်ပြီး ဘေးသို့ ရှောင်ကာ ပုဆိန်ဖြင့် ခုခံလိုက်သည်။
"ဒေါင်" မီးပွားများ လွင့်စင်သွားသည်။ ဓားရာနှင့်လူ၏ လက်သည် စူးအောင့်သွားသည်။ သည်လူရိုင်းက ခွန်အားသန်လှချည်လား။ ချန်ရွှင်က နွားနက်ကြီးကို အချက်ပြလိုက်ရာ နှစ်ယောက်သား လျင်မြန်စွာ တိုက်ခိုက်ကြသည်။ ညီမလေးဝမ်က အနောက်မှ ထွက်လာပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း နွားနက်ကြီးက ဟိုပြေးသည်ပြေး လုပ်နေသဖြင့် အရာမရောက်ဖြစ်နေ၏။ "နွားစုတ်" ညီမလေးဝမ် မျက်လုံးပြူးသွားသည်။
စီနီယာအစ်ကိုစူး မျက်မှောင်ကြုတ်လိုက်သည်။ "ညီလေးထျန် ငါ လာကူမယ်" "အစ်ကိုစူး မြန်မြန်လာပြီး ဒီကောင်ကို သတ်ပေးပါ" ဓားရာနှင့်လူက စိတ်လောနေပြီး ချွေးစေးများ ပြန်နေသည်။ ပုဆိန်နှင့် ရိုက်ခတ်မိတိုင်း သူ့တစ်ကိုယ်လုံး တုန်ခါနေရသည်။
စီနီယာအစ်ကိုစူး လေပေါ်သို့ ခုန်တက်လိုက်ပြီး ဓားဖြင့် ချန်ရွှင်၏ ဘေးဘက်မှ ခုတ်ပိုင်းလိုက်သည်။ "နောက်ဆုံးတော့ လာပြီပေါ့" ချန်ရွှင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားသည်။ ဘယ်ဘက်လက်က ခါးကြားမှ ပုဆိန်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ခုခံလိုက်သည်။
"ေဒါင်" နားကွဲမတတ် ရိုက်ခတ်သံ ထွက်ပေါ်လာသည်။ စီနီယာအစ်ကိုစူး လန့်သွားသည်။ ပုဆိန်နှစ်လက် ကိုင်ထားတာလား။ ချန်ရွှင်က နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ "ညီလေးထျန် သတိထား" သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ ပုဆိန်ချက် နှစ်ချက် လက်ကနဲ ဖြစ်သွားပြီး ဓားရာနှင့်လူ ခေါင်းပြတ်ကာ လဲကျသွားသည်။
ချန်ရွှင်က ခြေကိုစောင့်နင်းပြီး ဘေးမှ ခုန်ဝင်လိုက်သည်။ ပုဆိန်နှစ်လက်ဖြင့် ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။ "အား" စီနီယာအစ်ကိုစူး ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဓားက အပိုင်းပိုင်း ကျိုးသွားပြီး ပုဆိန်နှစ်လက်က ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သွေးများ ပန်းထွက်လာသည်။
"မင်း" "ငါက ကိုယ်ဖော့ပညာ မတတ်ဘူး မင်း ထွက်ပြေးသွားရင် နှမြောစရာကြီး ဖြစ်နေမှာပေါ့" ချန်ရွှင် အေးစက်စွာ ပြောလိုက်ပြီး ပုဆိန်နှစ်လက်ကို ဆွဲထုတ်လိုက်သည်။ "မင်းတို့ မှာသတ်ချင်စိတ်ဖြစ်လာကတည်းက မင်းတို့ ဇာတ်သိမ်းက သေချာနေပြီ"
ညီမလေးဝမ် ရှိရာဘက်မှလည်း အော်ဟစ်သံ ထွက်ပေါ်လာသည်။ နွားနက်ကြီးက ခြေထောက်ဖြင့် ကန်လိုက်ရာ သူမ သေအံ့မူးမူး ဖြစ်သွားသည်။ ထို့နောက် နွားကြီးက ၎င်းကို ဇာတ်သိမ်းပေးလိုက်၏။
"နွားကြီး အလုပ်စမယ်" "မွန်း" လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ အလွန် ဒေါသထွက်နေကြသည်။ အလောင်းဖျောက် အရိုးပြာမျှောကာ အခင်းဖြစ်ပွားရာ နေရာကို အစအနမကျန် ရှင်းလင်းလိုက်သည်။
လူရိပ်နှစ်ခု တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သို့သော် ချန်ရွှင်အတွက် သင်ခန်းစာကောင်း တစ်ခု ရလိုက်သည်။ လူ့စိတ်သည် ယုတ်မာကောက်ကျစ်သည်။ နောက်တစ်နေ့တွင် ချန်ရွှင်သည် နွားနက်ကြီးနှင့် သူ့ကိုယ်ခန္ဓာကို ပြောင်စင်အောင် ဆေးကြောပြီး တောင်အောက်သို့ ဆင်းလာသည်။ အပြစ်ကင်းစင်ဟန်များလည်းဖမ်းထားကြသည် ။ တောင်အောက်တွင် လူအများအပြားက လူရိုင်းကို ဘယ်လို ဝိုင်းဖမ်းကြမည်အကြောင်း ပြောဆိုနေကြသည်။
"အစ်ကိုကြီး တောင်ပေါ်မှာ ဘာဖြစ်လို့လဲ သည်လောက်တောင် အုတ်အော်သောင်းတင်း ဖြစ်နေတာ" ချန်ရွှင်က နွားနက်ကြီးကို ဆွဲပြီး မေးလိုက်သည်။ "ညီလေး မင်း မသိသေးဘူးလား တောင်ပေါ်မှာ လူရိုင်း တစ်ယောက်ပေါ်နေတယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက အလောတကြီး ပြောလိုက်သည်။ "လူသတ်ပြီး အရိုးပါ စားတယ်တဲ့ကွ တောင်ပေါ် လုံးဝ မတက်နဲ့တော့"
"ဟာ" ချန်ရွှင် အံ့သြသွားသည်။ ဒါ သူတို့ကို ပြောနေသည်လား။ "ကျေးဇူးပါ အစ်ကိုကြီး ဒါဆို ကျွန်တော် တောင်ပေါ် မတက်တော့ဘူး" ချန်ရွှင်က လက်သီးဆုပ်ဦးညွှတ်လိုက်ပြီး မြို့ထဲသို့ ဝင်လာခဲ့သည်။ တစ်စုံတစ်ခုကို သဘောပေါက်သလိုလို ရှိသော်လည်း ပြောမပြတတ်ပေ။ ကိစ္စသေးသေးလေး တစ်ခုကို လူအချို့က တမင် ပုံကြီးချဲ့နေသည်။
"နွားကြီး ထားလိုက်တော့ သည်ကိစ္စတွေထဲ ဝင်မပါနဲ့တော့" ချန်ရွှင် ပေါ့ပါးစွာ ပြောလိုက်သည်။ "လူကြီးလူကောင်းတွေ စီစဉ်ထားတဲ့ ကိစ္စတစ်ခုခု ဖြစ်ချင်ဖြစ်မှာပေါ့" "မွန်း"
ချန်ရွှင် မြို့ထဲသို့ ပြန်ရောက်ပြီး နင်မိသားစုထံ သွားရောက်ကြည့်ရှုရာ အားလုံး အဆင်ပြေနေသည်ကို တွေ့ရသည်။ နင်စစ်က တပည့်ကောင်းတစ်ယောက် ရထားကြောင်း တဖွဖွ ပြောပြီး စိတ်သဘောထား ကောင်းလွန်းသဖြင့် အနိုင်ကျင့်ခံရမည်ကို စိုးရိမ်ကာ တစ်ညလုံး ဆုံးမစကား ပြောနေလေသည်။