← Chapters

အခန်း (၁၇-၁၈)

Vol. 1 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 1 Ch. 17-18

အခန်း (၁၇)

နောက်တစ်နေ့တွင် ချန်ရွှင်သည် နင်စစ်အား လက်သီးဆုပ်ဦးညွှတ် နှုတ်ဆက်ကာ လမ်းခွဲခဲ့သည်။ သူတို့သည် ဖန်နင်မြို့ရှိ သူတို့၏ စစ်မှန်သော အိမ်ဖြစ်သည့် ပန်းဘဲဖိုသို့ ပြန်လာခဲ့ကြသည်။ ရက်အနည်းငယ် ကြာသောအခါ ချန်ရွှင်သည် အပြုံးတစ်ခုဖြင့် တံခါးကို တွန်းဖွင့်လိုက်ရာ ဖုန်မှုန့်များ ထောင်းကနဲ ထွက်လာသဖြင့် သီးမတတ် ဖြစ်သွားရသည်။ သူသည် ဟာလာဟင်းလင်း ဖြစ်နေသော နေရာလွတ်တစ်ခုကို ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ဘကြီးစွန်း ကျွန်တော်တို့ ပြန်ရောက်ပါပြီ"

"မွန်း မွန်း" နွားနက်ကြီးကလည်း လိုက်လံ အော်မြည်လိုက်သည်။

"နွားကြီး အလုပ်စမယ် သန့်ရှင်းရေး လုပ်ကြစို့" "မွန်း"

လူတစ်ယောက်နှင့် နွားတစ်ကောင်တို့ အလုပ်ရှုပ်သွားကြသည်။ နေရာအနှံ့အပြားကို ဆေးကြောသန့်စင်လိုက်ရာ ပန်းဘဲဖိုတစ်ခုလုံး အသစ်စက်စက်ကဲ့သို့ သပ်ရပ်သွားလေသည်။ လမ်းသွားလမ်းလာ အိမ်နီးနားချင်းများက ပန်းဘဲဖိုတံခါး ပွင့်နေသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားကြပြီး လှမ်းအော်မေးကြသည်။ "သား ချန်ရွှင် ပြန်ရောက်လာပြီလား ဒေါ်ကြီးလီပါ"

"ဒေါ်ကြီးလီ ကျွန်တော်ပါ" ပန်းဘဲဖိုထဲမှ အသံကျယ်ကြီးဖြင့် ပြန်ထူးသံ ထွက်ပေါ်လာရာ ဒေါ်ကြီးလီမှာ ပျော်ရွှင်သွားပြီး အနီးပတ်ဝန်းကျင်ကို လိုက်ပြောတော့သည်။ ချန်ရွှင် ပြန်ရောက်လာပြီတဲ့။ သည်ချန်ရွှင် ပျောက်သွားသည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သော်လည်း ပြန်ရောက်လာခဲ့သည်။ သူသည် ပန်းဘဲထုရာတွင် လက်ရာမြောက်လှသူ ဖြစ်သည်။

အိမ်နီးနားချင်းများမှာ ပျားအုံတုတ်ဖြင့် ထိုးလိုက်သကဲ့သို့ ဝိုင်းအုံလာကြသည်။ ၎င်းတို့ထဲတွင် ချန်ရွှင် သိသူများ ပါသလို မျက်နှာစိမ်းများလည်း ပါဝင်သည်။ အားလုံးက အနီးနားရှိ ပန်းဘဲဖိုများ မည်သို့ညံ့ဖျင်းကြောင်းနှင့် ချန်ရွှင်ရှိမှ ဖြစ်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

"ဟယ် သား ချန်းရွှင် မင်းက ဘာလို့ တစ်စက်မှ မပြောင်းလဲတာလဲ ပိုတောင် နုပျိုလာသလိုပဲ" ဒေါ်ကြီးလီက ချန်ရွှင်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး အံ့သြနေသည်။ သူမကတော့ အရင်ကထက် အများကြီး အိုစာသွားခဲ့ပြီ မဟုတ်ပါလား။

"ဟဲ ဟဲ ကျွန်တော်က ဆေးပညာ သွားသင်ရင်း ကျန်းမာရေး လိုက်စားခဲ့တယ်လေ" ချန်ရွှင်က ရှင်းပြလိုက်ပြီး ဒေါ်ကြီးလီကို ကြည့်လိုက်သည်။ "အဓိကက စိတ်ထားကို ပျော်ပျော်ထားဖို့ပဲ ဒါဆိုရင် ပိုနုပျိုလာလိမ့်မယ်"

"ချန်ရွှင် တကယ်လား" "ဒါပေါ့ ခင်ဗျားယောက်ျား စောင်ပုံထဲ ဝင်ကြည့်လိုက်ရင် သိမှာပေါ့" "ဟား ဟား ဟား"

ဘေးမှ လူများက တဟားဟား ရယ်မောကြသည်။ ဒေါ်ကြီးလီ မျက်နှာရဲသွားပြီး "ပေါက်ကရတွေ" ဟု ဆိုကာ ထွက်ပြေးလေသည်။

"ကဲပါ အားလုံးပဲ မနက်ဖြန်မှ ပြန်လာခဲ့ကြပါ ကျွန်တော်လည်း ပြင်ဆင်စရာ ရှိသေးလို့ပါ" "ကောင်းပြီလေ ညီလေးချန်ရွှင် လုပ်ငန်းတွေ အဆင်ပြေပါစေ"

အိမ်နီးနားချင်းများက အလွန်ဖော်ရွေကြသည်။ ချန်ရွှင်က လက်သီးဆုပ်ဦးညွှတ်ကာ ပြုံးပြလိုက်သည်။ ယခု သူ၏ စိတ်နေစိတ်ထားသည် ယခင်နှင့် လုံးဝ မတူတော့ပေ။ အနီးနားလမ်းမှ ပန်းဘဲဖိုပိုင်ရှင်များကမူ ချန်ရွှင်ပြန်ရောက်လာကြောင်း ကြားသောအခါ ကျိန်ဆဲကြတော့သည်။ သို့သော် နောက်ပိုင်းတွင် ချန်ရွှင်သည် နေ့တစ်ဝက်သာ ဆိုင်ဖွင့်တော့သည်။ ယခုအချိန်တွင် သူတို့သည် နောက်ဖေးခြံဝင်းထဲ၌ ဆေးပင်များကို စမ်းသပ်နေကြသည်။ 'မူလစွမ်းအင်' သည် ဆေးပင်ကို မြေကြီးမှ နုတ်လိုက်လျှင်ပင် သက်တမ်းရင့်အောင် လုပ်ပေးနိုင်သည်မှာ အလွန် အံ့သြဖွယ် ကောင်းလှသည်။

"နွားကြီး ငါ အခြေခံကျတဲ့ ပြဿနာတစ်ခုကို တွေ့ထားတယ်" ချန်ရွှင်က လေးနက်စွာ ပြောလိုက်သည်။ သည်ပြဿနာကို သူ စဉ်းစားနေသည်မှာ ကြာပြီဖြစ်သည်။

"မွန်း" "ငါတို့ ချီစုစည်းခြင်း ဒုတိယအဆင့် ရောက်တော့ တစ်မျိုးကြီး ဖြစ်မနေဘူးလား ကောင်းကင်မြေကြီးကြားက ဝိညာဉ်စွမ်းအင်ကို စုပ်ယူရတာ အားမရသလိုပဲ အချိန်ယူပြီး ဖြည်းဖြည်းချင်း ချေဖျက်မှ ရမလို ဖြစ်နေတယ်" "မွန်း" "အချိန်သာ လုံလောက်ရင် ကျင့်ကြံမှုအဆင့်က တက်လာမယ်လို့ မင်း ထင်နေတာမလား ချေဖျက်ရင် ရမယ်လို့ ထင်နေတာမလား" "မွန်း"

"ဟဲ ဟဲ နွားကြီး မင်းကတော့စဉ်းစားတတ်မှာမဟုတ်ဘူး" ချန်ရွှင်က လှောင်ပြုံး ပြုံးလိုက်သည်။ " ဝိညာဉ်အမြစ်ဆိုတာ ပါရမီပဲကွ ချီစုစည်းခြင်းအဆင့်မှာတော့ အချိန်ယူပြီး တက်လို့ ရချင်ရမယ် ဒါပေမယ့် အခြေတည်အဆင့် ရောက်ရင်တော့ မသေချာတော့ဘူး အကယ်၍ အပြင်ပံ့ပိုးမှု ဒါမှမဟုတ် ကံကောင်းမှု မရှိရင် ငါတို့ အဆင့်တစ်ခုမှာတင် တစ်သက်လုံး တန့်နေပြီး ဘယ်တော့မှ အဆင့်မတက်နိုင်တာမျိုး ဖြစ်သွားနိုင်တယ် အဲ့ဒါ ပါရမီပဲ အချိန်ယူလည်း မရဘူး"

"မွန်း မွန်း" နွားနက်ကြီး လန့်ကာအော်လိုက်သည်။ စဉ်းစားလေလေ ဟုတ်လေလေ ဖြစ်နေသည်။

ချန်ရွှင်သည် ယခင်ဘဝမှ ကမ္ဘာကျော်ပုဂ္ဂိုလ်များကို သတိရသွားသည်။ အချို့အရာများသည် အချိန်ပေးရုံဖြင့် မီအောင် လိုက်၍မရပေ။ ပါရမီရှင်များ၏ အမြင့်ဆုံးနေရာကို သာမန်လူက ဘယ်တော့မှ လှမ်းမီနိုင်မည် မဟုတ်ပေ။ ကံဆိုးသည်မှာ ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ထိုကဲ့သို့သော အသက်ရှည်သည့် သာမန်လူများ ဖြစ်နေကြသည်။ သူတို့ နှစ်ယောက်သား အကြည့်ချင်း ဆုံလိုက်ကြပြီး ရုတ်တရက် ဖက်လိုက်ကြသည်။

"မင်းလည်း ငါ့လို အသုံးမကျတဲ့ကောင် ဖြစ်နေတာကိုး"

"ဒါပေမယ့် ငါတို့ သတိထားရမယ် မင်း ကြည့်လေ ငါတို့ တောင်ပေါ်မှာ ဘာမှမလုပ်ဘဲနဲ့တောင် သူများနဲ့ ရန်ငြိုးဖွဲ့မိသေးတာပဲ အခြေအနေ မဟန်ရင် စပ်စုမနေနဲ့ အခုလိုပဲ ဘေးကနေ ကြည့်နေလိုက်" "မွန်း မွန်း"

နွားနက်ကြီးက အားကျသော မျက်လုံးများဖြင့် ချန်ရွှင်ကို ကြည့်လိုက်သည်။ သူတို့ ရွာတွင်ရှိစဉ်က ရွာသားများက အဘိုးလီကို အသက်ရှည်သည့် လျှို့ဝှက်ချက် မေးဖူးသည်။ အဘိုးအိုက "ငါက သူများကိစ္စ ဘယ်တော့မှ ဝင်မပါဘူး" ဟု ဖြေခဲ့သည်။ ယခုမှ ကိုယ်တွေ့ ကြုံရတော့သည်။

"စောစောက စကားအတိုင်းပဲ ဟိုနင်ယွင်တောင်တန်းထဲမှာ နှစ်သောင်းချီ သက်တမ်းရှိတဲ့ ဆေးပင်ရှိရင်တောင် ငါတို့ မသွားဘူး အသက်နဲ့ရင်းပြီး ကံစမ်းစရာ မလိုဘူး စိတ်ကို ငြိမ်ငြိမ်ထား" "မွန်း မွန်း"

ချန်ရွှင်က ပြုံးလိုက်ပြီး နွားခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "ငါတို့မှာ မူလစွမ်းအင် ရှိတာပဲ အင်အားကို ဖြည်းဖြည်းချင်း မြှင့်ယူကြတာပေါ့ ငါတို့က ဘယ်သူ့ကိုမှ လက်စားချေစရာ မရှိဘူး ငါတို့ရဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို အထိခိုက် မခံနိုင်ဘူး"

"နွားကြီး အဓိကနဲ့ သာမည မမှားစေနဲ့ ကျင့်ကြံခြင်း အမြင့်ဆုံးရောက်ပြီး အင်မော်တယ်ဖြစ်သွားရင်တောင် ကမ္ဘာကြီးပျက်သွားရင်တောင် နေ့စဉ်ဘဝကိုတော့ ဖြတ်သန်းရမှာပဲ ငါတို့ ဖြတ်သန်းနေတဲ့ ဖြစ်စဉ်ကမှ အရေးကြီးဆုံးပဲ ဟို အဆင့်တွေ ဘာတွေက အရေးမကြီးဘူး"

"မွန်း မွန်း မွန်း မွန်း" နွားနက်ကြီးက ခေါင်းကိုမော်တာတပ်ထားသလို တဆတ်ဆတ် ညိတ်လိုက်သည်။ သဘောပေါက်ပါပြီ။

"ငါတို့ကို ကျင့်ကြံသူ တစ်ယောက်ယောက်က ကြည့်မရလို့ တစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်ရင်လည်း အတူတူ သေရုံပေါ့ နောက်ဘဝကျရင်လည်း အတူတူ ပြန်ဆုံမှာပါကွ" ချန်ရွှင်က ပေါ့ပါးစွာ ပြောလိုက်သည်။ သူ့စိတ်ဓာတ်က သည်လိုပင်။ သေရင်လည်း ပြီးတာပဲ။

ခြောက်လခန့် ကြာသောအခါ... နင်ယွင်တောင်တန်းဘက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ဖန်နင်မြို့၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ကောင်းကင်ယံတွင် ကျင့်ကြံသူများစွာ ရပ်နေကြသည်ကို မြို့ထဲမှပင် လှမ်းမြင်နေရသည်။

"ဟား နွားကြီး ထွက်ကြည့်စမ်း လူပျံတွေဟေ့" ချန်ရွှင် အော်ဟစ်လိုက်ပြီး စားပွဲပေါ်မှ နေကြာစေ့ တစ်ဆုပ်ကို နှိုက်ယူကာ ထိုင်ခုံပုလေးတစ်လုံး ဆွဲလျက် အပြင်ထွက်လာသည်။ "မွန်း မွန်း" နွားနက်ကြီးလည်း ပြေးထွက်လာပြီး နေကြာစေ့ စားရင်း ကောင်းကင်ကို မော့ကြည့်သည်။

"နွားကြီး ဘယ်လိုလဲ ဟိုမှာ ချနေကြတာလား ဘာလို့ အကုန်လုံး တစ်နေရာတည်း စုနေကြတာလဲ စစ်တပ်လို တန်းစီကြတာ မဟုတ်ဘူးလား" "မွန်း" နွားနက်ကြီးလည်း ဘာဖြစ်နေမှန်း နားမလည်သဖြင့် မြေကြီးပေါ် ဝပ်ရင်း နေကြာစေ့သာ ဆက်စားနေသည်။

ကောင်းကင်တွင် သက်တံရောင် အလင်းတန်းများ ဖြတ်ပြေးသွားပြီး ပြင်းထန်သော ပေါက်ကွဲသံများ ကောင်းကင်အနှံ့ မြည်ဟည်းသွားသည်။ "တကယ်မိုက်တာပဲ အနည်းဆုံးတော့ အခြေတည်အဆင့်လောက် ရှိမှာပဲ" ချန်ရွှင် အံ့သြတကြီး ပြောလိုက်သည်။ "နွားကြီး နောက်ကျရင် ငါတို့ ပျံလို့ရရင် မိုးပေါ်မှာ ကျွမ်းထိုးလို့ရပြီပေါ့"

"မွန်း မွန်း" နွားနက်ကြီး ဒေါသထွက်သွားသည်။ သူ့ကို လှောင်နေခြင်း ဖြစ်သည်ကို သိသဖြင့် ချန်ရွှင်လက်ထဲမှ နေကြာစေ့များကို လုယူလိုက်သည်။

တိုက်ပွဲမှာ နေ့ဝက်ခန့် ကြာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ "သည်လောက် မြန်မြန် ပြီးသွားတာလား ကြည့်လို့တောင် မဝသေးဘူး ဟာကွာ" "မွန်း" ဘဝကတော့ ဆက်သွားနေရဦးမည်။ သည်တိုက်ပွဲက သူတို့နှင့် ဘာမှမဆိုင်။

အခန်း (၁၈)

နောက်ဖေးခြံဝင်းထဲတွင်... ချန်ရွှင်နှင့် နွားနက်ကြီးတို့ မျက်လုံးပြူးကာ နှစ်တစ်ရာသက်တမ်းရှိ တောဂျင်ဆင်းတစ်ပင်ကို ကြည့်နေကြသည်။ အဆီအနှစ်များ ခန်းခြောက်မတတ် ထုတ်ယူခဲ့ရသော ညများစွာသည် ယခုအခါ ဘာမှမပြောပလောက်တော့ပေ။

"နွားကြီး ချမ်းသာပြီ" ချန်ရွှင် မျက်လုံးများ ပြူးကျယ်နေသည်။ "ဒါက ရွှေပဲ သေချာတယ် နွားကြီး ရောင်းမလား"

"မွန်း မွန်း" နွားနက်ကြီးက တွန့်ဆုတ်နေပြီးမှ ခေါင်းခါလိုက်သည်။ သူတို့ ပိုက်ဆံမလိုပေ။ နေ့စဉ်သုံးဖို့ လောက်ငှသည်။

"ကောင်းပြီ ဒါဆို သိမ်းထားလိုက်မယ် အရေးကြုံမှ သုံးမယ်" ချန်ရွှင် ခေါင်းညိတ်လိုက်သည်။ "နွားကြီး ငါတို့ တခြားဆေးပင်တွေ စိုက်ကြရအောင် ဆယ်ဂဏန်းလောက် သက်တမ်းရှိရင် ရပြီ မဟုတ်ရင် မျက်စိကျခံရပြီး ပြဿနာ တက်လိမ့်မယ်" "မွန်း"

ကောင်းကင် တိုက်ပွဲအပြီးတွင် လူအများအပြား နင်ယွင်တောင်တန်းသို့ တက်ရောက်ကာ ကံစမ်းကြသည်။ လူလိမ်များ၊ ဓားပြများ ပေါလာပြီး လူရိုင်းအကြောင်းကို မေ့ပျောက်သွားကြသည်။ အချိန်ဟူသည် အရာအားလုံးကို ဖြေဖျောက်ပေးနိုင်ပုံ ရသည်။ ငါးနှစ်တာ ကာလက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြန်သည်။ သည်ငါးနှစ်အတွင်း ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ချီစုစည်းခြင်း တတိယအဆင့်သို့ ကြိတ်မှိတ်၍ တက်လှမ်းနိုင်ခဲ့ကြသည်။ ယခင်က သူနှင့် ညီအစ်ကိုလို ခင်မင်ခဲ့သော အိမ်နီးနားချင်းများမှာ အိုမင်းသွားကြပြီ ဖြစ်သလို အချို့လည်း ဆုံးပါးသွားကြပြီ ဖြစ်သည်။

ဆောင်းဦးညချမ်း...

ကောင်းကင်ထက်က နှင်းများတဖွဲဖွဲတသဲသဲ ကျဆင်းနေသည်။ မသိလိုက်မဘာသာနှင့် ဆောင်းဦးညဉ့်များ ရှည်ကြာလာသည်။ လေပြည်အဝှေ့တွင် ဆွေးမြေ့ဖွယ်ရာများ ပါဝင်နေသည်။ ချန်ရွှင်သည် နာရေးအိမ်အပြင်ဘက်တွင် ရပ်လျက် နှဲကိုမှုတ်နေသည်။ သစ်ရွက်များ တိတ်တဆိတ် ကြွေကျနေသည်။ သူ့ရင်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ရင်းနှီးခဲ့သော အပြုံးပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်ပျောက်ကွယ်သွားကြသည်။ "ညီလေးချန်ရွှင် ကျေးဇူးတင်ပါတယ်ကွာ" "စိတ်လျှော့ကြပါဗျာ" ချန်ရွှင်က ထရပ်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ကျွန်တော်တို့ ဝိညာဉ်ပို့(အသုဘချ)ပေးပြီးပါပြီ အားလုံးဟာ နောက်ဆုံးတစ်နေ့မှာ ပြီးဆုံးသွားကြရတာချည်းပါပဲ"

"မွန်း မွန်း" နွားနက်ကြီးက အိမ်အပြင်ဘက်တွင် တိုးတိုးလေး အော်လိုက်သည်။ သူ့ကိုယ်ပေါ်မှ ခေါင်းလောင်းသံများက တဒေါင်ဒေါင်မြည်နေသည်။ ကွယ်လွန်သူများကို စောင့်ရှောက်နေခြင်း ဖြစ်သည်။ သည်လမ်းကြားလေးတွင် ဆက်နေ၍ မဖြစ်တော့ပေ။ လူအများအပြားက သံထည်ပစ္စည်းအတွက် မဟုတ်ဘဲ သူတို့ကို လာကြည့်ကြသဖြင့် ပန်းဘဲဖိုကို အာရုံမစိုက်နိုင်ကြတော့ပေ။

နောက်တစ်နေ့ မနက်ခင်း...

ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေသည်။ တံခါးပိတ်သံ သဲ့သဲ့လေး ထွက်ပေါ်လာသည်။ ချန်ရွှင်နှင့် နွားနက်ကြီးတို့ ထွက်ခွာသွားကြပြီ ဖြစ်သည်။ သူတို့သည် အချိန်ခရီးသည်များ ဖြစ်ကြသည်။ ဧည့်သည်များကဲ့သို့ ဖြတ်သန်းသွားကြသည်။ သူတို့ ဘယ်ရောက်သွားသည်ကို ဘယ်သူမှ မသိကြပေ။

တစ်လကြာသောအခါ...

ဖန်နင်မြို့ အနောက်ပိုင်း။

သည်နေရာသည် မြို့ထဲတွင် အစည်ကားဆုံး နေရာဖြစ်သည်။ လူတစ်စု လမ်းမပေါ်တွင် လျှောက်လာကြသည်။ သူတို့မျက်လုံးထဲတွင် အံ့သြမှုများ ရှိနေသော်လည်း အမူအရာများက သာမာန်လူသားများနှင့် မတူဘဲ ကြည်စင်နေသည်။

"သာမန်လောကကြီးက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာပဲ" ထိုအထဲမှ မိန်းကလေးတစ်ယောက်က ရယ်မောလိုက်သည်။ "ဂျူနီယာညီမလေးယဲ့ မင်း ထင်တာ မှားနေပြီ အစ်ကို ပြောပြမယ်" မျက်နှာထား တင်းမာသော အမျိုးသားတစ်ဦးက ခေါင်းခါလိုက်သည်။ "ဖန်နင်မြို့ဆိုတာ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိတယ် ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်ကျယ်ပြောလဲဆိုတာ မင်း စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး"

"စီနီယာအစ်ကိုယွီက ရောက်ဖူးလို့လား" စီနီယာအစ်ကိုယွီ မျက်နှာက တည်ကြည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ငါ…. မရောက်ဖူးဘူး" အားလုံး ဆွံ့အကုန်ကြသည်။

"ဟယ် ဟိုမှာ ဘာကြီးလဲ" ညီမလေးယဲ့က ထူးဆန်းသော အရာတစ်ခုကို တွေ့လိုက်သည်။ ထိုအရာမှာ 'အိမ်' အသေးစားလေး တစ်လုံးဖြစ်သည်။ အောက်တွင် သံဘီးလေးလုံး တပ်ထားသည်။ အိမ်လေးပေါ်တွင် 'ချန်ရွှင် စားတော်ဆက်' ဟု ရေးထားသော ဆိုင်းဘုတ် ကိုချိတ်ဆွဲထားသည်။

ဆိုင်ရှင်သည် ချွေးများ တဒီးဒီး ကျလျက် ဒယ်အိုးကြီးကို ကိုင်ကာ ချက်ပြုတ်နေသည်ကို တွေ့ရသည်။ အိမ်လေးတွင် ပြတင်းပေါက်တစ်ခု ပါရှိပြီး ထိုအထဲမှ နွားဦးခေါင်းကြီး တစ်ခု ထွက်နေကာ လက်မည်းမည်းကြီးဖြင့် ငွေများအမ်းပေးနေသည်။ အလွန် ရောင်းကောင်းသော ဈေးဆိုင်ဖြစ်ရာ မနာလိုသူများ ရှိစမြဲပင်။ သို့သော် ဆိုင်ရှင်က ခါးတွင် ပုဆိန်သုံးလက် ချိတ်ထားပြီး ကုန်းလိုက်သည့်အခါ မတော်တဆ ပေါ်လာသော ဗိုက်ကြွက်သား ၁၆ မြောင်းကြောင့် အားလုံးက ညီအစ်ကိုများ ဖြစ်ကုန်ကြသည်။

"ဆိုင်ရှင် ဒါစားမယ်" ညီမလေးယဲ့က ပျော်ရွှင်စွာ ပြောလိုက်သည်။ "ဦးသူယူစနစ်လေ ပိုက်ဆံအရင်ရှင်းပါ" ဆိုင်ရှင်က တဲ့တိုးပင် ပြောလိုက်သည်။

"စီနီယာအစ်ကိုယွီ မြန်မြန်လာ ပိုက်ဆံရှင်းပေး" စီနီယာအစ်ကိုယွီ နေရခက်စွာဖြင့် ပြတင်းပေါက်နားသို့ ရောက်လာသည်။ ငွေစတစ်တုံး ထုတ်လိုက်ပြီး နွားနက်ကြီးနှင့် မျက်လုံးချင်း ဆုံသွားသည်။ စီနီယာအစ်ကိုယွီ ကြောင်သွားပြီး ပါးစပ်အနည်းငယ် ဟသွားသည်။ ဘာလို့ နွားကြီး ဖြစ်နေတာတုန်း။ နွားနက်ကြီးလည်း ကြောင်သွားပြီး နှာမှုတ်သံတစ်ချက်ပြုလိုက်သည်။ အဘယ့်ကြောင့် သည်လောက်များသည့်ငွေများကိုပေးနေရသနည်း။

All Chapters