← Chapters

အခန်း (၁၉-၂၀)

Vol. 1 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 1 Ch. 19-20

အခန်း (၁၉)

"မွန်း" နွားနက်ကြီးက ချန်ရွှင်ကို လှမ်းအော်လိုက်သည်။

"လာပြီ" ချန်ရွှင် လှည့်ကြည့်လိုက်ရာ ငွေတုံးကို မြင်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူ စီနီယာအစ်ကိုယွီကို ပြုံးပြလိုက်သည်။ "သခင်လေး ကျွန်တော့်နွားကြီးက ငွေတုံးတွေ မမြင်ဖူးလို့ပါ ဗွေမယူပါနဲ့"

"ရပါတယ်" စီနီယာအစ်ကိုယွီ ငွေအကြွေများ ပြန်အမ်းသည်ကို ယူလိုက်သော်လည်း မျက်နှာက ကြောင်တောင်တောင် ဖြစ်နေဆဲ။ သူ လူအုပ်အပြင်ဘက်တွင် ရပ်ရင်း နွားနက်ကြီးကို အကဲခတ်ကြည့်လိုက်သည်။ "သာမန်ခန္ဓာကိုယ်ပဲ ဘာပြဿနာမှ မရှိဘူး" ဆိုင်ရှင်ကို ကြည့်လိုက်ပြန်သည်။ "သူလည်း သာမန်ပါပဲ ငါ အတွေးလွန်နေတာ နေမှာပါ"

ချန်ရွှင် ထမင်းကြော်နေသော လက် ခဏ တန့်သွားသည်။ တစ်စုံတစ်ယောက်က သူ့ကို အာရုံခံ စစ်ဆေးနေသည်ကို ခံစားလိုက်ရသည်။ "ကျင့်ကြံသူတွေပဲ" ချန်ရွှင် သတိထားလိုက်သည်။ ဟန်မပျက် အစားအသောက်များ ဆက်လုပ်နေပြီး ပြုံးရွှင်စွာဖြင့် ဟင်းကျက်ပြီဖြစ်ကြောင်း အော်ပြောလိုက်သည်။ "ဟိုကောင်မလေးက ယွီရှစ်ရှုန်းလို့ ခေါ်လိုက်တယ် သူတို့က ကျင့်ကြံသူတွေပဲ ပြဿနာ မရှာမိစေနဲ့"

သန်းခေါင်ယံ အချိန်ရောက်လုနီးပြီ ဖြစ်သဖြင့် ချန်ရွှင်လည်း ဆိုင်သိမ်းရန် ပြင်လိုက်သည်။ "သခင်လေးတို့ မမလေးတို့ ဆိုင်သိမ်းပါတော့မယ် နောက်နေ့မှပြန်လာအားပေးကြပါလား" ချန်ရွှင် ထိတ်လန့်တကြား ပြောလိုက်သည်။ သည်လူစုက တစ်ညလုံး ထိုင်စားနေကြသည်။ သူ ပြင်ဆင်ထားသော ကုန်ကြမ်းများပင် မလောက်တော့ပေ။

"ဆိုင်ရှင် ဆက်လုပ်ပါ ကျွန်မတို့မှာ ငွေအများကြီး ရှိပါတယ်" "ဆိုင်ရှင် ခင်ဗျားလက်ရာက တကယ် မဆိုးဘူး" စီနီယာအစ်ကိုယွီ ဝင်ပြောသည်။ သူလည်း မြည်းကြည့်ရာ ရပ်မရ ဖြစ်သွားသည်။ "ကုန်ကြမ်း မရှိတော့ဘူးဗျာ" ချန်ရွှင် မျက်လုံးပြူးသွားသည်။ သည်ကျင့်ကြံသူတွေက သည်လောက် စားနိုင်သည်လား။

"ဒါနဲ့ ဆိုင်ရှင် ညတိုင်း သည်မှာ ရှိလား" ညီမလေးယဲ့က ပျော်ရွှင်စွာ မေးသည်။ "မသေချာဘူးဗျ ရွေ့လျားဆိုင်ဆိုတော့ ခြေဦးတည့်ရာ သွားတာပဲ" "ဒါဆို ကျွန်မတို့ ဂိုဏ်းမှာ စားဖိုမှူး လာလုပ်ပါလား" "ချင်းလင်" စီနီယာအစ်ကိုယွီက အေးစက်စွာ လှမ်းဟန့်လိုက်သည်။ "ပြန်ချိန်ရောက်ပြီ စကားများနေရင် မင်းကို ပြန်ပို့လိုက်မယ်"

ညီမလေးယဲ့ ကြားသည်နှင့် ကြက်သီးထသွားသည်။ "အားလုံးပဲ ဂရုစိုက် ပြန်ကြပါခင်ဗျာ" ချန်ရွှင်က ပြုံးပြီး လက်သီးဆုပ်ဦးညွှတ်လိုက်သည်။ ကိုယ်တော်ချောများကို မနည်းနှင်လွှတ်လိုက်ရသည်။ "နွားကြီး သွားကြစို့" "မွန်း" နွားနက်ကြီး အိမ်လေးထဲမှ ပြေးထွက်လာသည်။ သူတို့နှစ်ဦး အိမ်လေးကို အတူတူ တွန်းလိုက်ရာ ပေါ့ပါးစွာ ရွေ့သွားသည်။ ထို့နောက် လူသူကင်းမဲ့သော မြက်ခင်းပြင်တစ်ခုကို ရှာပြီး ရပ်နားလိုက်ကြသည်။

"နွားကြီး သည်နေ့ ဘယ်လောက်မြတ်လဲ" ချန်ရွှင် ချွေးသုတ်ပြီး ရယ်လိုက်သည်။ "ပိုက်ဆံ များများစုထားရမယ် သည်နှစ်ပိုင်းရသမျှ ပိုက်ဆံတွေ သူငယ်ချင်းတွေရဲ့ နာရေးအတွက် ကုန်သွားပြီ" "မွန်း" နွားနက်ကြီး ခေါင်းညိတ်လိုက်သည်။ သူ့မိတ်ဆွေတွေက တကယ်တော့ အများကြီး ရှိသည်။ အိမ်နီးနားချင်းတွေက သူ့ကို လာရှာပြီး စကားစမြည် ပြောတတ်ကြသည်။

"နွားကြီး" ချန်ရွှင်က နွားခေါင်းကို ရိုက်ထည့်လိုက်သည်။ "ပျော်ပျော်နေစမ်းပါကွာ ဘာလို့ မှိုင်တွေချနေတာလဲ" "မွန်း" နွားနက်ကြီး ဝမ်းနည်းစွာဖြင့် ခြေထောက်ကို လျှာဖြင့် ရက်လိုက်သည်။ အသိ သူငယ်ချင်းများအကြောင်းကို သူ ပြန်အမှတ်ရနေမိသည်။

"ငါတို့ လုပ်သမျှက ကုသိုလ်တွေချည်းပဲ မင်း စိတ်ထဲကနေ ဆုတောင်းပြီး မင်းသူငယ်ချင်းတွေကို ကုသိုလ်အမျှပေးလိုက် သူတို့နောက်ဘဝကျရင် သူဌေးကြီးတွေ ဖြစ်ပြီး ကောင်းကောင်းမွန်မွန် နေရမှာ" ချန်ရွှင်က လေးနက်စွာ ပြောလိုက်သည်။ "ကောင်းကင်က သူတို့ကို စောင့်ရှောက်မှာပါ"

"မွန်း" နွားနက်ကြီး မျက်လုံးများ အရောင်တောက်လာသည်။ ကုသိုလ်အကြောင်းပြောရင် သူက စိတ်ပါလာတတ်သည်ျ။ "မွန်း မွန်း မွန်း မွန်း" နွားနက်ကြီး ချက်ချင်း ထပြီး တင်ပျဉ်ခွေ ထိုင်ကာ တမွန်းမွန်း ရွတ်နေတော့သည်။

ချန်ရွှင် ပြုံးလိုက်သည်။ သူ့စိတ်နေစိတ်ထား တဖြည်းဖြည်း ပြောင်းလဲလာသည်။ သည်ရွေ့လျားအိမ်လေးက သူ့ပထမဆုံး ခြေလှမ်းပင်။ တစ်နေရာတည်းတွင် ကြာကြာနေလေ သံယောဇဉ်များလေ ဖြစ်တတ်သည်။ "မွန်း" "ပြီးပြီလား" "မွန်း" နွားနက်ကြီး ရယ်လိုက်သည်။ သူ ကုသိုလ်တွေ အကုန် အမျှဝေလိုက်ပြီ။

"ဟား ဟား ဟား" ချန်ရွှင်က စိတ်လှုပ်ရှားစွာဖြင့် နွားနက်ကြီးကို ပုတ်လိုက်ပြီး နှစ်ယောက်သား မှီကာ အိပ်ပျော်သွားကြသည်။

တစ်နှစ်ကြာသောအခါ ချန်ရွှင်၏ ရွေ့လျားအိမ်လေးသည် ဖန်နင်မြို့တွင် နာမည်ကြီးလာသည်။ တစ်နေ့တွင် နေသာသော မနက်ခင်းတစ်ခု၌... သူတို့ ဈေးဝယ်ထွက်နေစဉ်... ရွေ့လျားအိမ်လေး အခိုးခံလိုက်ရသည်။

ချန်ရွှင် ပခုံးပေါ်မှ အသားနှစ်အိတ် ဘုတ်ကနဲ ပြုတ်ကျသွားသည်။ သူတို့ ရင်ထဲသို့လည်း ဘုန်းကနဲ ကျသွားသကဲ့သို့ပင်။ "ငါတို့ အိမ်လေး ဘယ်ရောက်သွားလဲ"

"မွန်း မွန်း မွန်း" နွားနက်ကြီး စိုးရိမ်တကြီး အော်ဟစ်ပြီး လိုက်ရှာသော်လည်း အရိပ်အယောင်မျှ မတွေ့ရပေ။ လူတစ်ယောက်နှင့် နွားတစ်ကောင် မြက်ခင်းပြင်ရှေ့တွင် ဒူးထောက်ကျသွားသည်။ အိမ်... မရှိတော့ပြန်ဘူး။

"တောက် သည်လောက်ကြီးတဲ့ အိမ်ကိုတောင် ခိုးကြသလားကွ" ချန်ရွှင် ဒေါသထွက်လွန်းသဖြင့် မျက်နှာကြီး နီရဲလာသည်။ နွားနက်ကြီးလည်း ဒေါသထွက်လွန်းသဖြင့် မြေကြီးပေါ်သို့ နှာမှုတ်လိုက်ရာ မြက်ခင်းများ လွင့်စင်ကုန်သည်။

"အဖွဲ့နဲ့ လုပ်တာ သေချာပေါက် အဖွဲ့နဲ့ လုပ်တာ" ချန်ရွှင် ဘီးရာများကို ကြည့်လိုက်သည်။ "တောက် သည်နေ့တော့ ဒီကောင်တွေအသေပဲပေါ့ကွာ….ငါတို့ရဲ့ ဒယ်အိုးခွက်ယောက်တွေ အကုန် အထဲမှာကွ"

"မွန်း" နွားနက်ကြီး မတ်တတ်ရပ်လိုက်သည်။ ကြွက်သားများ ဖောင်းကြွလာသည်။ ချန်ရွှင် ဓားပြမျက်နှာဖုံးကို ထုတ်စည်းလိုက်သည်။ အင်္ကျီကြယ်သီး ဖြုတ်လိုက်ရာ ဗိုက်ကြွက်သား ၁၆ မြောင်း ပေါ်လာသည်။ ခါးကြားမှ ပုဆိန်နှစ်လက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

"နွားကြီး လိုက်မယ်" "မွန်း" နှစ်ယောက်သား အလွန်ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုလို ဝီးခနဲ ပြေးထွက်သွားသည်။ တံတားကို ကျော်ဖြတ်လိုက်သောအခါ တွေ့လိုက်ရပြီ။ သူတို့၏ အိမ်လေးကို တွေ့လိုက်ရပြီ။ ချန်ရွှင် အော်ဟစ်ကာ ခုန်လိုက်သည်။

ဘုန်း

ချန်ရွှင် ရွေ့လျားအိမ်လေးပေါ်သို့ ငြိမ်သက်စွာ ကျရောက်သွားသည်။ ထို့နောက် သူသည် အလွန်ခက်ထန်စွာဖြင့် အေးစက်စွာ ပြောလိုက်သည်။ "နေ့ခင်းကြောင်တောင်ကြီးတောင် ငါ့အိမ်ကို ခိုးရဲတာဘယ်ကောင်တွေလဲ"

သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အိမ်ထဲတွင်ရပ်နေသူများ အားလုံးမှာ ဘုရင့် စစ်သည်ရဲမက်များဖြစ်နေကြ၏။

"မတရားခံရပါတယ်" "မွန်း မွန်း"

ချန်ရွှင်နှင့် နွားနက်ကြီးတို့ အချုပ်ထဲ ရောက်သွားကြပြန်သည်။ အကြောင်းရင်းမှာ သူတို့ဆိုင်က ကြီးလွန်းပြီး အများပြည်သူ၏ နေရာများကို ယူထားသောကြောင့် ဖြစ်သည်။ ဆယ်ရက်ကြာသောအခါ ချန်ရွှင်နှင့် နွားနက်ကြီးတို့ အချုပ်ခန်းထဲမှ ပိန်ခြောက်လိန်ကောက်ပြီး ပြန် ထွက်လာကြသည်။ သူတို့ ကောင်းကင်ကို မော့ကြည့်ပြီး ပြုံးလိုက်မိကြသည်။ လွတ်လပ်မှုက ကောင်းလိုက်တာ။

သို့သော် နယ်မြေအုပ်ချုပ်ရေးရုံးကလည်း သဘောထားကြီးပါသည်။ ဒယ်အိုးခွက်ယောက်များကို ပြန်ပေးလိုက်သည်။ သို့သော် အိမ်လေးကိုတော့ ဖျက်ဆီးလိုက်ပြီး နောက်နောင် သည်လို မလုပ်ရန် သတိပေးလိုက်သည်။ ချန်ရွှင်က ကျေးဇူးတင်လွန်းမက ကျေးဇူးတင်နေသည်။ တရားမျှတသော အရာရှိမင်းဟု အော်ဟစ်ကာ နောက်နောင် သူများကို ဒုက္ခမပေးတော့ပါဘူးဟု ကတိပေးလိုက်ရတော့သည်။

အခန်း (၂၀)

ယခုနှစ်အတွက် ရရှိလာသော သက်တမ်းအမှတ် များကို ယခင်အတိုင်းပင် 'မူလစွမ်းအင်' ကဏ္ဍတွင်သာ ပေါင်းထည့်လိုက်သည်။ ထိုအမှတ်မှရရှိသော အစိမ်းရောင်အရည်တစ်စက်သည် သက်ရှိများကို ပုံမှန်ထက် ရှစ်လကြာ ပိုမိုမြန်ဆန်စွာ ကြီးထွားရှင်သန်စေနိုင်၏။

လက်ရှိတွင် သူတို့ပိုင်ဆိုင်ထားသော စွမ်းရည်အမှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ခွန်အား - ၂၁။ အမြန်နှုန်း - ၂၁။ မူလစွမ်းအင် - ၈။

ချန်ရွှင်၏ ဆံပင်များမှာ ရှုပ်ပွနေပြီး ဝတ်ထားသော အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေနေသည်။ သူနှင့် နွားနက်ကြီးတို့သည် လေလွင့်သူတောင်းစားများကဲ့သို့ ဘဝကို စတင်ဖြတ်သန်းနေကြခြင်း ဖြစ်သည်။ သူတို့သည် လမ်းဘေးရှိ လေလွင့်ခွေးများနှင့် မကြာခဏဆိုသလို ဆော့ကစားတတ်ကြပြီး ရယ်မွန်းပျော်ရွှင်သံများဖြင့် ဆူညံနေလေ့ရှိသည်။ နှစ်လကြာပြီးနောက် သူနှင့် နွားနက်ကြီးတို့သည် မြို့တောင်ဘက်ပိုင်းသို့ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ ထိုအချိန်၌ သမားတော်ကြီးနင်း၏ ကျန်းမာရေး အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီဖြစ်ကြောင်း သတင်းအချို့ကို ချန်ရွှင် ကြားသိလိုက်ရသည်။

သူသည် သမားတော်ကြီး၏ အိမ်သို့ ကိုယ်တိုင်သွားရောက်ကာ နှစ်တစ်ရာသက်တမ်းရှိ တောဂျင်ဆင်းမြစ်ကို ဆရာကတော်၏ လက်ထဲသို့ အပ်နှံခဲ့ပြီး ချက်ချင်းပင် ပြန်လှည့်ထွက်လာခဲ့သည်။

နောက်ထပ် တစ်လကြာသောအခါ သမားတော်ကြီးနင်းသည် သူချစ်သောမိသားစုကို နှုတ်ဆက်ခွဲခွာသွားခဲ့သည်။ ‘ဖိန်ထိုက်’ ဆေးခန်းသည် သာမန်ပြည်သူများအား မည်မျှကို အကျိုးပြုခဲ့သည်မသိ၊ မရေမတွက်နိုင်သော ပြည်သူများသည် မျက်ရည်စက်လက်ဖြင့် သမားတော်ကြီး၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။ နင်းမိသားစုသည် ကြီးမားသည့်အတွက် မိသားစုဝင် များပြားလှသည်။ သူတို့အားလုံးသည် ခေါင်းတွင် အဖြူရောင် ဝတ်ပုဝါများကို စည်းနှောင်ထားကြသည်။ ချန်ရွှင်သည် လူအုပ်ကြီး၏ အစွန်အဖျားတွင် တိတ်ဆိတ်စွာ ရပ်နေမိသည်။ သူကဲ့သို့ အရေးမပါသော လူတစ်ယောက် ရှိနေခြင်း၊ မရှိနေခြင်းက မည်သူ့အတွက်မျှ အရေးပါပုံမရပေ။

ဆောင်းလေပြင်းတို့ တိုက်ခတ်နေပြီး ချန်ရွှင်၏ အတိတ်အောက်မေ့ဖွယ် ထောင့်စွန်းတစ်နေရာဆီသို့ ဖြတ်သန်းသွားကာ လေထုထဲတွင် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားသော၊ နောက်တစ်ကြိမ် ပြန်ရှာမတွေ့နိုင်တော့မည့် ရနံ့သင်းသင်းလေးကိုသာ ချန်ရစ်ထားခဲ့တော့သည်။

ယခုအချိန်ထိ အသက်ရှင်လာခဲ့ရာတွင် ချန်ရွှင်၏ ဘဝ၌ အရေးအပါဆုံး လူသုံးဦး ရှိခဲ့သည်။

ပထမတစ်ဦးမှာ ကျေးရွာလူကြီး ဖြစ်သည်။ သူတို့ အကျပ်အတည်းဆုံး အချိန်များတွင် သူတို့ကို အမိုးအကာဖြစ်စေကာ ထမင်းတစ်နပ် ကျွေးမွေးခဲ့သူ ဖြစ်သည်။

ဒုတိယတစ်ဦးမှာ ဘကြီးစွန်း ဖြစ်သည်။ ‘ဖန်နင်း’ မြို့သို့ သူတို့ စတင်ရောက်ရှိချိန်၊ အားကိုးရာမဲ့နေသည့် အချိန်တွင် သူတို့အတွက် ပထမဆုံးသော နေထိုင်စရာကို ပေးအပ်ခဲ့သူ ဖြစ်သည်။ တတိယတစ်ဦးမှာ ဆရာနင်း ဖြစ်သည်။ ပညာကို သင်ကြားပြသပေးရုံသာမက သံသယများကို ဖြေရှင်းပေးကာ လောကအလယ်၌ မည်သို့ ရှင်သန်လျှောက်လှမ်းရမည် ဆိုသည့် အမှန်တရားများကို သင်ပေးခဲ့သူ ဖြစ်သည်။ ဆေးပညာသည် ဒုတိယနေရာ၌သာ ရှိတော့သည်ဟုပင် ထင်မှတ်ရလောက်သည်။

"သူတို့အားလုံး... ထွက်သွားကြပြီ ထင်ပါရဲ့"

ဤတစ်ကြိမ်တွင်တော့ ချန်ရွှင်သည် မိမိ၏ ခံစားချက်များကို မထိန်းနိုင်တော့သည့်အလား နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီလာသည်။ သူသည် ဆရာနင်းကို နောက်ဆုံးအကြိမ် ကြည့်ရှုရန်ပင် သတ္တိမရှိတော့ပေ။

နွားနက်ကြီးက ချန်ရွှင်ကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး ချန်ရွှင်က နွားကြီး၏ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဖက်ထားလေသည်။ သူတို့သည် လူအုပ်ကြီး၏ နောက်မှနေ၍ လိုက်ပါပို့ဆောင်နေကြသည်။ ခြေလှမ်းများကို နှေးကွေးစွာ လျှောက်လှမ်းလိုက်ပါက ဆရာနင်း၏ ထွက်ခွာခြင်း ခရီးစဉ်သည်လည်း ပို၍ နှေးကွေးသွားလိမ့်မည်ဟု ထင်မှတ်နေပုံရသည်။

နေဝင်ဆည်းဆာ အလင်းရောင်တို့သည် သွေးစက်များပမာ နီရဲနေပြီး မြို့တောင်ဘက်ပိုင်း တစ်ခုလုံးကို လွှမ်းခြုံထားသည်။ တောင်တန်းများ၏ ဟိုဘက်ခြမ်းမှ အိမ်ပြန် ဘဲငန်းများ၏ အော်မြည်သံ သဲ့သဲ့ကို ကြားနေရပြီး ကျယ်ပြောလှသော ကောင်းကင်ယံ၌ ထိုငှက်များ ဖြတ်သန်းသွားသည့် အရိပ်များသာ ကျန်ရစ်တော့သည်။ နင်းမိသားစုဝင်များသည် အလောင်းထည့်ထားသော ခေါင်းတလားကို ထမ်းလျက် ဝေးသထက် ဝေးကွာသွားကြရာ တဖြည်းဖြည်းနှင့် မြို့တံခါးဝတွင် ပျောက်ကွယ်သွားတော့သည်။ ချန်ရွှင်သည် ထိုနေရာ၌ အချိန်ကြာမြင့်စွာ ရပ်တန့်နေပြီး မျက်ရည်စီးကြောင်း နှစ်ခုသည် ပါးပြင်ထက်သို့ ဖြတ်သန်းကာ ဖြည်းညှင်းစွာ စီးဆင်းကျလာသည်။

မရေမတွက်နိုင်သော ပြည်သူများစွာသည်လည်း မြို့ပြင်သို့ လိုက်ပါပို့ဆောင်ကြသည်။ လူအုပ်ကြီးသည် ချန်ရွှင်တို့ဘေးမှ ဖြတ်သန်းသွားကြပြီး သူတို့၏ မျက်ဝန်းများတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေကြသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ထိုလူအုပ်ကြီးနှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်ကာ လျှောက်လှမ်းလာခဲ့သည်။ သူ၏ ခြေလှမ်းများသည် လေးလံနှေးကွေးနေသော်လည်း မျက်ဝန်းများထဲတွင်မူ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အလျဉ်းမရှိတော့ပေ။

သူတို့ ထွက်ခွာလာခဲ့ကြပြီ။ ဖန်နင်းမြို့မှ အပြီးအပိုင် ထွက်ခွာလာခဲ့ကြပြီ ဖြစ်သည်...

...

အချိန်များကား လျင်မြန်စွာ ကုန်ဆုံးသွားပြန်ရာ နောက်ထပ် တစ်နှစ် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ဖန်နင်းမြို့ထဲ၌ မရေမတွက်နိုင်သော ဆုတောင်းမီးပုံးပျံများ ကောင်းကင်ထက်သို့ ပျံတက်နေကြသည်။ တောင်ပေါ်လေပြည်များ တိုက်ခတ်နေချိန်တွင် ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် တောင်ထိပ်တစ်ခုပေါ်၌ ထိုင်ကာ မြို့ကို အဝေးမှ လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းနေကြသည်။

ယခုနှစ်အတွက် ရရှိသော သက်တမ်းအမှတ်များကိုလည်း မူလစွမ်းအင် ကဏ္ဍတွင်ပင် ထပ်ပေါင်းထည့်လိုက်သည်။ ဤအရာသည် သူတို့အတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။

"နွားကြီးရေ သွားကြစို့"

ချန်ရွှင်က အနည်းငယ် ပြုံးလိုက်သည်။ ယခုအခါ သူသည် အတော်လေး ရင့်ကျက်တည်ငြိမ်လာပြီး သူ၏ အမူအရာများတွင် လောကဓံကို ကျွမ်းကျင်လိမ္မာစွာ ဖြတ်သန်းနိုင်သည့် ပုံစံများ ပေါ်လွင်နေသည်။

"အစ်ကိုဖက်တီး ငါတို့ကို စောင့်နေလောက်ပြီ"

"မွန်း"

နွားနက်ကြီးက ခေါင်းညိတ်လိုက်ပြီး အဝေးတစ်နေရာ ကောင်းကင်ယံရှိ ဆုတောင်းမီးပုံးပျံများကို နှမြောတသစွာ ငေးကြည့်နေသည်။ ယခင်ကဆိုလျှင် သူတို့သည် နှစ်တိုင်း မြို့ထဲ၌ မီးပုံးပျံ လွှတ်လေ့ရှိသည်။ နင်းယွင် တောင်တန်းတွင် နေထိုင်စဉ်ကပင် နှစ်ကုန်လျှင် မြို့သို့ တစ်ခေါက် ပြန်သွားလေ့ ရှိသည်။ လူတစ်ယောက်နှင့် နွားတစ်ကောင်သည် တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာကြသည်။ သူတို့၏ မျက်ဝန်းများတွင် ဖော်ပြရခက်သော အဓိပ္ပာယ်များ ပါဝင်နေသည်။

တောင်အောက်တွင်မူ ပါးနပ်ပုံရသော ဝဝတုတ်တုတ် လူငယ်တစ်ယောက် ရှိနေသည်။ သူသည် တန်ဖိုးကြီးမားသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံ ရသည်။

"အစ်ကိုဖက်တီး"

အဝေးမှ လှမ်းအော်လိုက်သံ တစ်ခု ပေါ်ထွက်လာသည်။ ချန်ရွှင်သည် နွားနက်ကြီးကို ဆွဲလျက် ရောက်ရှိလာခြင်း ဖြစ်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေပြီး အန္တရာယ်ကင်းမည့် ပုံမျိုးကို ဖော်ဆောင်ထားသည်။

"ညီလေးရွှင်ပါလား"

ဝဝတုတ်တုတ် လူငယ်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုရင်း ပြုံးလိုက်သည်။ သူ၏ အမူအရာမှာ လူကြီးတစ်ယောက်ပမာ ရင့်ကျက်နေသည်။

"ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ ရှည်လျားလွန်းပါတယ် သာမန်လူတွေရဲ့ လောကီစည်းစိမ်ကို သိပ်ပြီး တွယ်တာမနေပါနဲ့"

ထိုလူငယ်သည် ချီစုစည်းမှုအဆင့် (၃) သို့ ရောက်ရှိနေသူ ဖြစ်သည်။ သူသည် နင်းယွင် တောင်တန်း တစ်ဝိုက်တွင် နာမည်ကြီးသော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ 'ပွဲစား' တစ်ဦး ဖြစ်သည်။ နှစ်စဉ် ကျင်းပလေ့ရှိသော အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ သွားရောက်မည့် တစ်ကိုယ်တော် ကျင့်ကြံသူများကို လိုက်လံပို့ဆောင်ပေးပြီး ငွေကြေး အမြောက်အမြား ရှာဖွေသူ ဖြစ်သည်။ လူမှုဆက်ဆံရေး အလွန်ကောင်းမွန်သူလည်း ဖြစ်သည်။

"အစ်ကိုဖက်တီး ပြောတာ အင်မတန် မှန်ပါတယ်"

ချန်ရွှင်က စပ်ဖြဲဖြဲဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သော်လည်း စိတ်ထဲ၌မူ ကျိတ်ဆဲနေမိသည်။ သို့သော်လည်း သူ နားလည်ပါသည်။ ပွဲစားကသာ ထိုသို့ မပြောလျှင် မည်သူက အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ သွားချင်တော့မည်နည်း။

"ညီလေးရွှင်၊ မင်းက ဒီနွားကြီးကိုပါ ခေါ်သွားမလို့လား"

ဝဝတုတ်တုတ် လူငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဒါက သီးသန့် ဈေးနှုန်း သက်မှတ်ရမည့် ကိစ္စဖြစ်သည်။

"ဂိုဏ်းထဲ ဝင်ခွင့်ရခဲ့ရင် ဒီနွားနက်ကြီးကို ကြိုတင် ရှင်းထုတ်ထားတာ ပိုကောင်းလိမ့်မယ်"

"အစ်ကိုဖက်တီးကလဲ နောက်နေပြန်ပါပြီ၊ ကျွန်တော့် အရည်အချင်းနဲ့က ဝင်ချင်တိုင်း ဝင်လို့ ရပါ့မလား၊ ဗဟုသုတ တိုးအောင် လိုက်ကြည့်ရုံ သက်သက်ပါဗျာ"

"ညီလေးရွှင်ရဲ့ စိတ်နေသဘောထားက မဆိုးဘူးပဲ၊ ဒီလောက် ငယ်ငယ်လေးနဲ့ ချီစုစည်းမှုအဆင့် (၂) ကို ကိုယ့်ဘာသာ ကျင့်ကြံရောက်ရှိလာတာ မဆန်းပါဘူး"

"ကျွန်တော်က ဆေးမြစ်ရှာသူ ဆိုတာ အစ်ကိုဖက်တီး မသိဘူးလား၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝိညာဉ်ဆေးပင် တစ်ပင် ရှာတွေ့ခဲ့ပြီး မတော်တဆ စားမိလိုက်လို့ပါ"

ချန်ရွှင်က ဘာမှ နားမလည်သည့် ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ကြည့်ရသည်မှာ လောကအတွေ့အကြုံ နည်းပါးသည့် တောသားလေး တစ်ယောက်ကဲ့သို့ရှိသည်။

ယခုအခါတွင် သူတို့သည် စွမ်းအားများကို ဖုံးကွယ်ထားရန်အတွက် 'မူလစွမ်းအင်' ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။ ပြင်ပလူများ အနေဖြင့် သူတို့၏ စစ်မှန်သော အင်အားကို အနည်းငယ်မျှပင် ထောက်လှမ်းနိုင်မည် မဟုတ်ပေ။ ဤသည်ကား ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် လူအများ၏ အာရုံစိုက်ခြင်းအားမခံရရေးအတွက် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်သည်။

"ဪ... အဲဒီလိုကိုး"

ဝဝတုတ်တုတ် လူငယ်၏ မျက်ဝန်းထဲတွင် နားလည်သွားသည့် အရိပ်အယောင်များ ဖြတ်သန်းသွားပြီး သံသယအချို့ ပျောက်ကွယ်သွားသည်။

"ဂိုဏ်းကြီးတွေက ဘာလို့ ဒီလို ညီလာခံမျိုး ကျင်းပလဲဆိုတာ ညီလေးရွှင် သိလား"

ဝဝတုတ်တုတ် လူငယ်သည် ချန်ရွှင်နှင့် နွားနက်ကြီးကို ခေါ်ဆောင်ကာ တောင်တန်းများ၏ နက်ရှိုင်းရာသို့ တဖြည်းဖြည်း လျှောက်ဝင်သွားသည်။ လမ်းတွင် အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူ အချို့နှင့် ဆုံတွေ့ရသေးရာ ချန်ရွှင်မှာ လန့်ဖျပ်သွားရသည်။ သို့သော် ထိုသူများ၏ အမူအရာမှာ အလွန်အမင်း အေးစက်နေသည်။ ဝဝတုတ်တုတ် လူငယ်ကို သိပုံရသော်လည်း ချန်ရွှင်ကို တစ်ချက်နှစ်ချက်သာ အကဲခတ်ကြည့်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြသည်။

"အစ်ကိုဖက်တီးပဲ ရှင်းပြပေးပါဦး"

ချန်ရွှင်က မိမိကိုယ်ကို အောက်စီးမှ ဆက်ဆံပြီး ပြောလိုက်ရာ ဝဝတုတ်တုတ် လူငယ်မှာ အလွန် သဘောကျသွားသည်။

"ဂိုဏ်းအသီးသီးက တပည့်သစ် လက်ခံဖို့ နေရာအနှံ့ လူလွှတ်တာအပြင် အပြင်လောကမှာ ရောက်နေတဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတွေ အများကြီး ရှိသေးတယ်လေ"

ဝဝတုတ်တုတ် လူငယ်က လေတစ်လုံး မိုးတစ်လုံးဖြင့် ရှင်းပြနေသည်။

"အဲဒီလူတွေက မထင်မှတ်ထားတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့် ကျင့်ကြံခြင်း လမ်းစဉ်ပေါ် ရောက်လာကြသူတွေချည်းပဲ၊ အဲဒီအထဲမှာ ပါရမီရှင်တွေလည်း ပါနိုင်တာပေါ့"

"အစ်ကိုဖက်တီး ပြောတာ အဓိပ္ပာယ် ရှိလိုက်တာ၊ ပါရမီရှင်တွေ တိမ်မြုပ်နေရင် ဂိုဏ်းကြီးတွေအတွက်လည်း နစ်နာတာပေါ့နော်"

"အေးလေ၊ ဟုတ်တာပေါ့၊ ငါ ဒီအလုပ် လုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီ၊ တစ်ကိုယ်တော် ကျင့်ကြံသူ အရေအတွက်က နှစ်တိုင်း မြစ်ထဲက ငါးတွေလိုပဲ တိုးပွားနေတာ"

ဝဝတုတ်တုတ် လူငယ်က ညည်းတွားရင်း ဆက်ပြောသည်။

"ဒါကလည်း ဂိုဏ်းကြီးတွေ သူတို့ရဲ့ အင်အားကို ချဲ့ထွင်ဖို့ အခွင့်ကောင်း တစ်ခုပဲလေ၊ ဘယ်သူကများ ပိုပြီး မတိုးတက်ချင်ဘဲ နေမှာလဲ"

"အဓိကကတော့ အစ်ကိုဖက်တီးလို လူမျိုး ရှိနေလို့သာပေါ့၊ မဟုတ်ရင် ကျွန်တော်တို့လို တစ်ကိုယ်တော် ကျင့်ကြံသူတွေက ဘယ်ကနေ အခွင့်အရေး ရနိုင်မှာလဲ"

ချန်ရွှင်၏ ဤစကားမှာမူ ရင်ထဲက လာသော စစ်မှန်သည့် စကားဖြစ်ပြီး ခံစားချက် အပြည့်ပါဝင်သည်။

ဝဝတုတ်တုတ် လူငယ်က ရုတ်တရက် ချန်ရွှင်၏ ပခုံးကို ပုတ်လိုက်သည်။ သူ့မျက်လုံးများထဲတွင် သဘောကျ နှစ်သက်သည့် အရိပ်အယောင်များ ယှက်သန်းနေသည်။ မူလက နောက်ထပ် ပိုက်ဆံ ထပ်တောင်းမလို့ စိတ်ကူးထားသော်လည်း မတောင်းတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် တစ်ကိုယ်တော် ကျင့်ကြံသူ အများအပြား ဘာမှ မဖြစ်လာဘဲ ဇာတ်သိမ်းသွားရသည်ကို မြင်ဖူးလွန်းလှပြီ ဖြစ်သည်။ ထို့ကြောင့် သူက ထိုသူများထက် ပိုပြီး သဘောပေါက် နားလည်ထားသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် သို့ ရောက်ရန် မျှော်လင့်ချက် မရှိမှတော့ သာမန်လောက စည်းစိမ်ကို ခံစားလိုက်တာကမှ ပိုကောင်းသေးသည်။

"ညီလေးရွှင်၊ ငါ စကားတစ်ခွန်း ထပ်ပြောမယ်ကွာ"

"အစ်ကိုဖက်တီး ဆုံးမပါဦး"

"ဒီဂိုဏ်းကြီးတွေက ကျင့်ကြံခြင်း ပါရမီ အရည်အချင်းကို တောင်းဆိုတာ အရမ်းမြင့်တယ်ကွ၊ တကယ်လို့ အခွင့်အရေး မရခဲ့ရင်တောင် စိတ်ဖြေနိုင်ဖို့ ကြိုးစားပါ၊ စိတ်မကောင်းဖြစ်ပြီး ကိုယ်တွင်းမိစ္ဆာဖြစ်လာမှာကို ငါ စိုးရိမ်တယ်"

ဝဝတုတ်တုတ် လူငယ်က ရင်းနှီးစွာ သတိပေးလိုက်သည်။ သူသည် ဤမျှ သဘောပေါက်လွယ်သော တစ်ကိုယ်တော် ကျင့်ကြံသူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ယခင်က တွေ့ဖူးသော တစ်ကိုယ်တော် ကျင့်ကြံသူများသည် မိမိကိုယ်ကို နတ်ဘုရားများဟု ထင်မှတ်ကာ မိုးမမြင် လေမမြင် ဖြစ်နေတတ်ကြသည်။ သူတို့အားလုံး အင်မော်တယ်အဆင့် တက်လှမ်းခြင်း ညီလာခံသို့ ဝင်ရောက်သွားပြီးနောက် အရှိတရား၏ ရက်စက်မှုကို သိရှိသွားကြသောအခါ ရူးသွပ်သွားတတ်ကြပြီး မမျှော်လင့်နိုင်သော ကိစ္စရပ်များကို လုပ်ဆောင်တတ်ကြသည်။

"အစ်ကိုဖက်တီးရဲ့ စကားကို သေချာ မှတ်သားထားပါ့မယ်"

ချန်ရွှင်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး လေးစားစွာဖြင့် လက်နှစ်ဖက်ယှက်ကာ ဂါရဝပြုလိုက်သည်။

"ကောင်းပြီ၊ သွားကြစို့"

ဝဝတုတ်တုတ် လူငယ်က ပြုံးလျက် ဆက်လက် လမ်းပြလေသည်။ တဖြည်းဖြည်းနှင့် သူတို့သည် တောင်ကြားတစ်ခု အတွင်းသို့ ရောက်ရှိလုနီးပါး ဖြစ်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ထူထဲသော မြူခိုးများ ဖုံးလွှမ်းနေပြီး လက်တစ်ကမ်း အကွာအဝေးကိုပင် မမြင်ရတော့ပေ။

"ညီလေးရွှင်၊ ဒါပဲကွ... ကြယ်ကိုးလုံး တောင်ကြား ဆိုတာ"

ဝဝတုတ်တုတ် လူငယ်က လက်ကို နောက်ပစ်လျက် မြူခိုးများကို လှမ်းကြည့်လိုက်သည်။

"ဒါက ဂိုဏ်းအသီးသီး ပူးပေါင်းပြီး တည်ဆောက်ထားတဲ့ မဟာအစီအရင်ပဲ၊ တကယ်လို့ သာမန်လူတွေ မှားယွင်း ဝင်ရောက်မိရင် ဒီထဲမှာ လမ်းပျောက်သွားပြီး နောက်ဆုံးကျရင် အပြင်ကို ပြန်အပို့ခံရလိမ့်မယ်"

"တန်းပြီး ဝင်သွားလိုက်ရုံပဲလား"

ချန်ရွှင်က မသိလိုက်ဘာသာဖြင့် မေးလိုက်မိသည်။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်အံ့သြမှုများ ပါဝင်နေသည်။ ဤမျှ ထူထဲသော မြူခိုးများသည် သဘာဝ မဟုတ်ဘဲ အစီအရင်ဖြင့် ဖန်တီးထားသည်တဲ့လား။ ရာသီဥတုကိုပင် ပြောင်းလဲပစ်နိုင်သည်ပေါ့။

"ဒါပေါ့၊ အစီအရင်က ကျင့်ကြံသူတွေရဲ့ ကိုယ်ထဲက စွမ်းအားကို ခွဲခြားနိုင်တယ်"

ဝဝတုတ်တုတ် လူငယ်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ကဲ... ညီလေးရွှင်၊ ဒီမှာတင် လမ်းခွဲကြတာပေါ့၊ ငါ တခြား တစ်ကိုယ်တော် ကျင့်ကြံသူတွေကို သွားခေါ်ရဦးမယ်"

"ဟုတ်ကဲ့ပါ၊ ကျေးဇူးအများကြီး တင်ပါတယ် အစ်ကိုဖက်တီး"

ချန်ရွှင်က လက်နှစ်ဖက် ယှက်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုများ ပါဝင်နေသည်။

ဝဝတုတ်တုတ် လူငယ်က ခေါင်းညိတ်ပြပြီး လှည့်ထွက်သွားလေသည်။ ပေါ့ပါးလွတ်လပ်သော ကျောခိုင်းသွားသည့်ပုံစံ ဖြစ်သည်။

"နွားကြီး... ငါတို့ ရောက်လာခဲ့ပြီပဲ... ကျင့်ကြံသူတွေရဲ့ ကမ္ဘာကို ငါတို့ရောက်လာခဲ့ပြီ"

"မွန်း... မွန်း..."

ချန်ရွှင်နှင့် နွားနက်ကြီးတို့သည် ဖန်နင်းမြို့သို့ စတင်ရောက်ရှိခဲ့သော နေ့ရက်ကကဲ့သို့ပင် အပြင်ဘက်တွင် ရပ်တန့်နေမိသည်။ သူတို့ တစ်ကိုယ်လုံး တုန်ရီနေကြပြီး ရင်ထဲတွင် ထိုစဉ်ကထက်ပင် ပိုမို၍ စိတ်လှုပ်ရှားနေကြတော့သည်။

All Chapters